(Feb-2012)ဖတ်ကြည့်ပါ PDF Print E-mail
Written by မင်းကိုဥာဏ်   
Friday, 17 February 2012 16:11
Share |

သိပံ္ပမောင်ဝ
ဝတ္ထု ဆောင်းပါးများ
ဆရာကြီး သိပံ္ပ မာင်ဝဟာ ဆရာကြီး ဇော်ဂျီ၊ ဆရာကြီး မင်းသုဝဏ် တို့နဲ့ အတူ ခေတ်စမ်းစာပေ လှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

cialis online cheapbuy generic cialis online buy viagra jelly cialis online here
argaiv1167

၁၉၃၀ ၀န်းကျင်လောက်က တက္ကသိုလ် အသိုင်းအ၀ိုင်းမှ လူငယ်စာရေး ဆရာ တစ်စုက စတင် ဖန်တီးခဲ့တဲ့ စာပေ ပုံသဏ္ဌာန် တစ်ခုပါ။

အဲဒီမတိုင်ခင်က မြန်မာ စာပေမှာ ရှေးဂန္ထ၀င်ဟန်က သြဇာ လွှမ်းမိုးနေပါတယ်။ စာပေဆိုတာ “ပညာရှိတို့ ကျက်စားရာ လောက”၊ ကဗျာဆိုတာ“က၀ိတို့၏ ပစ္စည်း”လို့ ယူဆကြတယ်။ စာပေက လူထုရဲ့ အထက်မှာ ရောက်နေတယ်။ ဒါကိုခေတ်စမ်းသမား လူငယ်တွေက တော်လှန် ပြောင်းလဲပစ်ဖို့ ကြိုးစား လာကြတယ်။

လူတိုင်း နားလည်နိုင်အောင် ရိုးရိုးရှင်းရှင်း ရေးတယ်။ အရပ်သုံး စကားလုံးတွေ သုံးတယ်။ လူတွေ နေ့စဉ်ထိတွေ့ နေရတဲ့ အကြောင်းအရာတွေကို ဖွဲ့တယ်။ ဒီမှာတွင်ပဲ ရှေးရိုးဆန်တဲ့ လူကြီး တွေက ခေတ်စမ်း သမားတွေဟာ မြန်မာစာပေရဲ့ ထည်ဝါ ခံ့ညားမှုကို ဖျက်ဆီးတယ်။ အပေါစား ဖြစ်အောင် လုပ်ပစ်တယ်လို့ ဆူကြပူကြတော့တာ ပါပဲ။ ဆရာကြီး ဦးဖေမောင်တင် တို့လို၊ ဆရာကြီး ပီမိုးနင်း တို့လို ခေတ်မီတဲ့ ပုဂိ္ဂုလ်တွေ ကတော့ ၀မ်းသာအားရ ထောက်ခံ ကြိုဆိုကြပါတယ်။ နောက်ပိုင်းမှာတော့ ခေတ်စမ်း စာပေဟာ အရှိန် အဟုန်ကောင်းကောင်းနဲ့ ပိုမို ကျယ်ပြန့်လာခဲ့ပါတယ်။

ခေတ်စမ်းစာပေသမားတွေထဲမှာ ဆရာကြီး သိပ္ပံမောင်ဝက တစ်မူ ထူးခြားပါတယ်။ ၀ါကျ အရှည်ကြီးတွေနဲ့ ခံ့ခံ့ညားညား ရေးနေကြတဲ့ အချိန်မှာ ၀ါကျ တိုလေးတွေနဲ့ ဆင့်ကာ ဆင့်ကာ ရေးတတ်တဲ့ သူ့ရဲ့ စကားပြေဟာ အဲဒီခေတ်ကတော့ အထူးအဆန်း ဖြစ်နေမှာပါပဲ။ နေ့စဉ်သုံး နေကြတဲ့ စကားပြောတွေ ညှပ်ရေးတတ်တာ ကလည်း ခေတ်ရှေ့ပြေးနေတယ်လို့ ဆိုရပါလိမ့်မယ်။


နောက်တစ်ခုကတော့ သူ့ရဲ့စာတွေဟာ ၀တ္ထုလား၊ ဆောင်းပါးလား၊ အက်ဆေးလား ခွဲခြားရခက်တဲ့ ကိစ္စပါပဲ။ သူ့ဟာသူတော့ ခေတ်စမ်း ပုံပြင်များလို့ ကင်ပွန်း တပ်ထားပါတယ်။ တချို့ကလည်း သိပံ္ပမောင်ဝရဲ့ စာ လို့ပဲ ယေဘုယျ ဆန်ဆန်သုံးနှုန်းကြပါတယ်။ ခုနောက်ဆုံး ထုတ်တဲ့ စာအုပ်ကို တော့ ၀တ္ထု ဆောင်းပါးများ လို့ ပေါင်းစည်းဖော်ပြထားပါတယ်။ ဆရာကြီး ဟာ ၀တ္ထု ဆောင်းပါးတွေသာ မကဘူး။ ပေးစာတွေ၊ နေ့စဉ်မှတ်တမ်းတွေ၊ စာပေဝေဖန်ရေးတွေလည်း ရေးခဲ့ပါတယ်။ အောက်စဖို့ တက္ကသိုလ်သွား မှတ်တမ်းနဲ့ စစ်အတွင်းနေ့စဉ် မှတ်တမ်းတွေဟာ ထင်ရှားပါတယ်။

ဆရာကြီးရဲ့စာတွေဟာ ခေတ်စမ်းပုံပြင်များ၊ သိပံ္ပမောင်ဝရဲ့စာ စသဖြင့် ထွက်ရှိခဲ့ဖူးပေမဲ့ မပြည့်စုံပါဘူး။ အခုညွှန်းတဲ့ စာအုပ်ကတော့ ၂၀၀၄ ခုနှစ်ကမှ ပြန်လည်စုစည်း ထုတ်ဝေတာပါ။ ၀တ္ထုဆောင်းပါး ၁၃၁ ပုဒ်ပါရှိပြီး ပေါင်း ချုပ်လို့ ဆိုနိုင်ပါတယ်။

ဒီစာအုပ်ထဲမှာ မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်စတဲ့ ရာထူး အဆင့်ဆင့်နဲ့ မြို့တွေ၊ ရွာတွေအနှံ့ တာဝန် ထမ်းဆောင် ခဲ့စဉ်က မြင်တွေ့ကြားသိခဲ့ရသမျှ တွေကို ၀တ္ထုဆောင်းပါး အသွင် ရေးသားထားပါတယ်။ တချို့ အပုဒ်တွေက ခရီးသွား ဆောင်းပါးနဲ့ တူပါတယ်။ တချို့က ၀တ္ထုတိုလေးတွေလိုပါပဲ။ တချို့ ကတော့ အက်ဆေးဆန်ပါတယ်။ တစ်ခါတစ်ရံ ရယ်ရမလို ပြုံးရမလို မြူးမြူး သွက်သွက်ရှိပြီး တစ်ခါတစ်ခါလည်း ရင်နင့်စရာဖြစ်ရပါတယ်။ သရော် တော်တော် ရေးဟန်လေးတွေကလည်း ထိမိလှပါတယ်။

တစ်ဖက်သတ် အယူအဆ ရှိတဲ့ ဝေဖန်သူ တချို့ကတော့ သိပ္ပံ မောင်ဝမှာ ဗျူရိုကရက်ဉာဉ် ရှိတယ်။ ဆင်းရဲသားအောက်ခြေ လူတန်းစားတို့ကို အထက်စီးကနေ ကြည့်ပြီး ချိုးချိုးနှိမ်နှိမ် ရေးတယ်လို့ စွပ်စွဲချင်ကြပါတယ်။

တကယ်တော့ သိပံ္ပမောင်ဝဟာ သူမြင်တာကို မြင်တဲ့အတိုင်း၊ သူကြားတာကို ကြားတဲ့အတိုင်း သူ ထင်တာကို ထင်တဲ့အတိုင်း အပိုအလို မပါ အရင်းအတိုင်း တင်ပြခဲ့တာပါ။ အခြေခံလူတန်းစားတွေကို တမင်ဟန် ဆောင်ပြီး ချစ်ပြနေတာမျိုးလည်း မဟုတ်ပါဘူး။ ဆရာကြီးရဲ့ စာတွေကို သေသေချာချာ ဖတ်ကြည့်ရင် အင်္ဂလိပ်အစိုးရရဲ့ အထက်ကနေ အောက်ခြေ အထိ အဆင့်ဆင့်ဖိနှိပ်ချုပ်ချယ်တဲ့ ဗျူရိုကရေစီ ယန်္တရားရဲ့ လက်အောက်မှာ ဆင်းရဲသားတွေလည်း မစားသာ၊ အမှုထမ်းတွေ အရာထမ်းတွေလည်း ကြား မှာညပ်ပြီး မသက်သာတဲ့ အခြေအနေကို ပီပီပြင်ပြင် မီးမောင်းထိုးပြနိုင် ကြောင်း တွေ့ရမှာပါ။

ဘာပဲဖြစ်ဖြစ် ဆရာကြီးဟာ မြန်မာစာပေမှာ အလွန်အရှိန်အ၀ါကြီး ခဲ့ပါတယ်။ ခေတ်အဆက်ဆက် သူ့ရဲ့ စကားပြေဟန်ကို စံထားတုပပြီး ရေးခဲ့ ကြရတာ ဒီနေ့ခေတ်လူငယ် စာရေးဆရာတချို့တောင် ပါပါသေးတယ်။ နှစ်ပေါင်း ၈၀ ကျော်ပါပြီ။ ရွှေဆွဲကြိုးကြီး တစ်ကုံးလုံး မြင်နေပါလျက် ဆယ့်ငါးပဲရည်ကို မကြည့်ဘဲ ကြေးတစ်ပဲသား ပါတာကိုမှ ကွက်ပြီး လက် ညှိုးထိုးချင်တဲ့ လူတချို့တလေက လွဲရင် သိပံ်္ပမောင်ဝ သြဇာနဲ့ ကင်းတဲ့ စာရေးဆရာရယ်လို့ ခပ်ရှားရှားပါပဲ။


ဦးမောင်မောင်(စိုးရှိန်)
ဗိုလ်ချုပ်အောင်ဆန်းစာစု စာရင်း

ခုချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ အများ အပြားထွက်ရှိနေပါတယ်။ အဲဒီထဲကမှ ဒီစာအုပ်ဟာ တစ်မျိုး ထူးခြား နေပါတယ်။ ဒီနေရာမှာ “စာစုစာရင်း” ဆိုတဲ့ ဝေါဟာရကို နည်းနည်း ရှင်းပြဖို့လို လိမ့်မယ်ထင်ပါတယ်။

စာစုစာရင်းဆိုတာ အကြောင်းအရာ တစ်ခုနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ စာအုပ်စာတမ်းတွေကို တတ်နိုင်သမျှ စုံလင်အောင် စာရင်းပြုစုထားခြင်း ဖြစ်ပါတယ်။ စာစုစာရင်း အမျိုးမျိုး ရှိပါတယ်။

ပထမ တစ်မျိုးက လူပုဂိ္ဂုလ်နဲ့ ဆိုင်ပါတယ်။ အထူးသဖြင့် စာရေးဆရာ တစ်ယောက် ရေးခဲ့သမျှစာတွေကို စာရင်းပြုစုတာပါ။ အဲဒီစာတွေရဲ့ အကြောင်းအရာ အကျဉ်းချုပ်၊ သူနဲ့ ပတ်သက်လို့ တခြားစာရေးဆရာတွေ ရေးခဲ့တဲ့ စာတွေ၊ သူ့ရဲ့အတ္ထုပ္ပတိ္တ၊ ဘ၀ဖြစ်စဉ်ရက်စွဲ၊ အခြားထူးခြားချက်၊ လက်ရေးမူ၊ ဓာတ်ပုံ၊ ရုပ်ပုံစသည်တို့ ပါဝင်ပါတယ်။

နောက်တစ်မျိုးကတော့ စာနယ်ဇင်းတစ်မျိုးမျိုးနဲ့ ပတ်သက်ပြီး စာရင်း ပြုစုတာပါ။ ဥပမာ ဒဂုန်မဂ်္ဂဇင်းဆိုပါတော့။ ထွက်ရှိခဲ့တဲ့ ဒဂုန်မဂ်္ဂဇင်းအတွဲတွေ ထဲမှာ ပါဝင်ခဲ့တဲ့ စာတွေကို ၀တ္ထု၊ ဆောင်းပါး၊ ကဗျာစသဖြင့် အမျိုး အစား ခွဲပြီးစာရင်းပြုစုတာပါ။နောက်တစ်မျိုးကတော့ နှစ်ကာလကန့်သတ်ချက်နဲ့ ဆိုင်ပါတယ်။ ဥပမာ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်စာတမ်းတွေကို စာစုစာရင်း ပြု လုပ်တာမျိုးပေါ့။

နောက်တစ်မျိုးကတော့ ဘာသာရပ်တစ်ခု သတ်မှတ်ပြီး ပြုလုပ်ရတာ ပါ။ မြန်မာစာပေ စာစုစာရင်း၊ သမိုင်းစာပေ စာစုစာရင်း၊ သိပံ်္ပစာပေ စာစု စာရင်း စသဖြင့်။စာစုစာရင်းတွေဟာ အလွန်အသုံးဝင်ပါတယ်။ စာရေးဆရာတွေရဲ့ စာစု စာရင်းဆိုရင် သူ ရေးခဲ့သမျှ စာအားလုံးကို အကျဉ်းချုပ်လေ့လာကြည့်နိုင်ပါ တယ်။ ပြန်လည်ပေါင်းစည်း ထုတ်ဝေချင်တဲ့ အခါမှာလည်း စာနယ်ဇင်း အမည်၊ ခုနှစ်၊ လ၊ အတွဲအမှတ်ကအစ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ သုတေသန ပြုလုပ်လိုသူတွေ အတွက် လည်း များစွာအထောက်အကူ ပြုပါတယ်။ (ဆရာကြီး သိပံ်္ပမောင်ဝရဲ့ ၀တ္ထုဆောင်းပါးများ စာအုပ်ကို ထုတ်ဝေရာမှာလည်း သိပံ္ပမောင်ဝ စာစု စာရင်း ရှိထားလို့ ခုလောက်ပြည့်ပြည့်စုံစုံ စုစည်း နိုင်ခဲ့တာလို့ ကြားဖူးပါတယ်။)

စာစုစာရင်းတွေဟာ များသောအားဖြင့် စာကြည့်တိုက်နှင့် သုတပညာ ဒီပလိုမာ ဘွဲ့ယူ ကျမ်းအဖြစ် တင်သွင်းကြတာပါ။ ခုချိန်အထိ ဆိုရင် စာစုစာရင်းပေါင်း တစ်ထောင်ဝန်းကျင်လောက် ရှိလောက်ပါပြီ။ အဲဒီထဲက သင့်လျော်ရာတွေကို စာအုပ်အဖြစ် ထုတ်ဝေရင် ကောင်းမှာပဲ။

ဗိုလ်ချုပ်အောင်ဆန်း စာစု စာရင်းကတော့ အင်္ဂလိပ် ဘာသာနဲ့ ရေးခဲ့တာတွေကို ဆရာ ဦးသော်ကောင်း(ဒေါက်တာသော်ကောင်း)က ပြုစုခဲ့ပြီး ဆရာ ဦးမောင်မောင်(စိုးရှိန်)က မြန်မာ ဘာသာနဲ့ ရေးခဲ့တာ တွေကို ပြုစုခဲ့ပါတယ်။ အခု စာအုပ်က မြန်မာ ဘာသာနဲ့ ရေးခဲ့တာတွေပါ။ ဆရာ ဦးသော်ကောင်းရဲ့ စာစု စာရင်းကိုလည်း စာအုပ်အဖြစ် ထုတ်ဝေ သင့်ပါတယ်။

အခုညွှန်းတဲ့ စာအုပ်ထဲမှာ ဗိုလ်ချုပ်အောင် ဆန်းရဲ့ အတ္ထုပ္ပတိ္တအကျဉ်း၊ အရေးကြီးတဲ့ ဘ၀ဖြစ်စဉ်ရပ်စွဲများ၊ ဗိုလ်ချုပ်ကိုယ်တိုင် ရေးခဲ့တဲ့ ဆောင်းပါး။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ၊ ဗိုလ်ချုပ်အကြောင်း တခြား စာရေးသူတွေ ရေးခဲ့တဲ့ ဆောင်းပါးများ၊ သတင်းစာတွေမှာ ပါခဲ့တဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ သတင်းများကို အကြောင်းအရာ အကျဉ်းချုပ်နဲ့တကွ စာရင်းပြုစု ထားပါတယ်။

ဒီစာစုစာရင်းကို ပြုစုရာမှာ ဆရာ ဦးမောင် မောင်(စိုးရှိန်)ဟာအချိန်လေးနှစ် ကျော်ကြာအောင် အပင်ပန်းခံ စုဆောင်း ခဲ့ရပါတယ်။ ပိုမိုမှန်ကန် တိကျစေဖို့  ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပါ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဒီထဲမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း  ကျော်ဇောလည်းပါဝင်တယ်လို့ သိရပါတယ်။တချို့အချက်အလက်တွေနဲ့ ပတ်သက်လို့သုတေသီတစ်ဦးက ဝေဖန်ထောက်ပြလာတဲ့ အခါမှာလည်း အကိုးအကား အထောက်အထား ခိုင်လုံ စွာနဲ့ ပြန်လည်ရှင်းလင်း ချေပနိုင်တာတွေ့ရ ပါတယ်။ ဝေဖန်သူဘက်က မှန်ကန်တဲ့ အချက်တွေကိုလည်း ပညာရှိ ပီသစွာ ဟုတ်မှန်ကြောင်း ရိုးသားစွာ ၀န်ခံခဲ့ပါတယ်။ (အငြင်းသန်သူတွေ အတုယူသင့်ပါတယ်)

ဒီစာအုပ်ထဲမှာပါတဲ့ ဗိုလ်ချုပ်မိန့်ခွန်း အကျဉ်းချုပ်တွေထဲက တချို့ဟာ မှတ်သားစရာ ကောင်းလှပါတယ်။ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ်တွေ မသင့် မတင့် ဖြစ်ကြတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်က-
“နှစ်ဖက်လုံး၌ လူရှော် လူညံ့များ ရှိကြသည် ဖြစ်ရာ တစ်ဦးနှင့် တစ်ဦး အပြစ်တင်ခြင်း မပြုလုပ်သင့်ကြကြောင်း၊ တူးတူးခါးခါးမိုက်ကြမည် ဆိုလျှင် အားလုံး ဖင်စုတ်ကုန်မည်ဖြစ်ကြောင်း” ခပ်ပြတ်ပြတ် ပြောခဲ့ပါတယ်။

မန္တလေးမှာ ကျင်းပတဲ့ လူထုအစည်းအဝေးပွဲမှာတော့-
“နိုင်ငံရေးတွင် မေတ္တာပို့နေရုံနှင့် မလုံ လောက်ကြောင်း၊ ပိုလွယ်သည့်နည်းနှင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး အမတ်များများ ရပါက တစ်နှစ်အတွင်း လွတ်လပ်ရေး ရစေမည်ဟု
ကတိပြုကြောင်း”ပြောကြားခဲ့ပါတယ်။

ဒီစာအုပ်ဟာ ထူထူထဲထဲကြီး မဟုတ်ပါ ဘူး။ စာမျက်နှာ ၁၇၀ ကျော်လောက်ပဲ
ရှိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်တော်တော် များများကို ခြုံငုံလေ့လာနိုင်ပါလိမ့်မယ်။

မျက်နှာဖုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူကို ပန်းချီကျော်ဆရာမောင်ဒီက ရေးဆွဲပေးထားပါတယ်။ အဲဒီပုံကလည်း တော်တော်ပဲ လက်ရာ မြောက်ပါတယ်။ အထူးသဖြင့် ပုံထဲမှာ ဗိုလ်ချုပ် ရဲ့ မျက်လုံးတွေဟာ အသက်ဝင်နေပြီး တစ်ခုခုကို ပြောချင်နေသလိုပဲလို့ ခံစားရစေပါတယ်။

မင်းကိုဉာဏ်
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)