အိပ်မက်သို့ ပျံသန်းခြင်း PDF Print E-mail
Written by ဖြူပန်းနုခင်   
Tuesday, 21 February 2012 11:13
Share |

ဒီမြို့လေးက ကျွန်မ အိပ်မက်တွေ ထဲမှာ မြင်ဖူးနေကျ ပုံစံမျိုး။      ရေခဲ တောင်ထွတ်တွေကြား ထွေးပွေ့ ခံထားရတဲ့၊ ကြီးမားတဲ့ တိမ်တိုက်အောက် ပန်းချီ ဆရာ တစ်ယောက်က လှပစွာ နေရာ ချထား သလိုမျိုး လှပလွန်းတဲ့ မြို့လေး တစ်မြို့ပါ။

tore Zelboraf at room temperature clear of moisture and warm discounted cialis. This may let your doctor to discover if the medicine is working properly and analyse if you should preserve to consider itMany drugs can communicate with carvedilol generic cialis.
argaiv1337

ကျွန်မ ပညာသင်ဖို့ ရောက်သွားတဲ့ ဒီမြို့ကလေးက ရုပ်ရှင်တွေထဲမှာ မကြာခဏ ဆိုသလို မြင်နေကျ အတိုင်း ရှုပ်ထွေး ထူထပ်လှတဲ့ နယူးယောက်ရဲ့ လမ်းမကြီးတွေလို မဟုတ်ဘဲ နှင်းတဖွေးဖွေးနဲ့ လက်ညှိုး ထိုးရာမှာ တောင်စွယ် တောင်တန်းကြီးများ မလွဲလောက်အောင် အေးချမ်း သာယာတဲ့  မြို့သေးသေးလေး ဖြစ်ပါတယ်။

အဲ-ကျွန်မ အိပ်မက်ထဲနှင့် တစ်ထပ်တည်း တူညီတဲ့ အချက်ကတော့ ကြီးမားခံ့ထည် လွန်းလှတဲ့ တက္ကသိုလ်ပရ၀ဏ်ကြီးများ၊ တစ်ရာကျော် ဘာသာရပ်ဆိုင်ရာ ပညာဂုဏ် တ၀င့်ဝင့် ထည်နေတဲ့ သင်ကြားရေး ဌာန (Departments)များနဲ့ စာသင်ခန်းထဲရှိ အသွေး အရောင်အမျိုးမျိုးသော နိုင်ငံတကာ ကျောင်းသားများနဲ့ အတူ စာသင်ရခြင်းပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံကို ပညာသင်ဆု ရရှိကြောင်း သတင်းကြား ၀မ်းမြောက်ခဲ့ရတဲ့ တစ်ချိန်တည်းမှာပဲ မွန်ထားနား တက္ကသိုလ်ရှိရာ ဒီ“ဘို့စ်မင်း” မြို့လေးမှာ မြန်မာလူမျိုး ဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိလိမ့်မယ်လို့ တစ်ဆင့်စကား ကြားသိရကတည်းက ဒီမြို့ကလေးကို ကျွန်မ စိတ်ဝင်စား မိခဲ့တာပါ။ သူတို့ တက္ကသိုလ်မှာ ပထမဆုံး မြန်မာတစ်ယောက် အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး မြန်မာ့ဂုဏ် ဆောင်ဖို့ ပြင်ဆင်ရင်း အတွေ့အကြုံသစ်တွေကို ရင်ခုန် မျှော်လင့်ခဲ့ မိတာပေါ့လေ။ ကျွန်မမေမေကတော့ အသက် ၁၇ နှစ်အရွယ် ကျွန်မကို မိသားစုနဲ့ကော၊ အမိနိုင်ငံနဲ့ပါ မိုင်ပေါင်းသောင်းချီ ဝေးကွာတဲ့ အမေရိကန် ပြည်ထောင်စု မွန်ထားနား ပြည်နယ်ကို တစ်ယောက်တည်း ပညာသင် သွားရ မယ်ဆိုတော့ စိတ်မချနိုင်ဘဲ ရင်တမမ ဖြစ်နေခဲ့ရှာတယ်။

အိမ်က ထွက်မလာမီ အချိန်တုန်းကတော့ အမေနဲ့ အဖေ စိတ်ချရလေ အောင် ကျွန်မ မကြောက်ဟန်၊ စိတ်မပူဟန် အပြည့်နှင့် “သမီးကို စိတ်ချပါ”လို့ ဝေနေအောင် အထပ်ထပ် ပြောခဲ့ပေမဲ့ လေယာဉ်ပျံကြီး စထွက် လာကတည်းက အိမ်နဲ့ဝေးပြီ ဆိုတဲ့ ခံစားချက်က ကျွန်မ ရင်ထဲမှာ တနင့်နင့်။ ကျွန်မ သွားတက်မယ့် မွန်ထားနား တက္ကသိုလ် ရှိရာမြို့သို့ မြန်မာပြည်ကနေ အသွားလေယာဉ် ၅ ခါ ပြောင်းစီးပြီးတဲ့ အခါမှာတော့ ကျွန်မ ကိုယ်ကျွန်မ ပိုယုံကြည်မှု ရှိလာပါတယ်။

တစ်ရက်ကျော်ကြာ နာရီပေါင်း ၃၀ ကျော်လောက် လေယာဉ်ပျံတွေ ပေါ်မှာ တမေ့တမြော တစ်ယောက်တည်း ခရီး ထွက်ခဲ့ပြီး ကျွန်မ မြို့လေးကို ရောက်တဲ့ အချိန်မှာတော့ ညသန်းခေါင် ၂ နာရီ ထိုးနေပါပြီ။ သွေးခဲမတတ် အေးစက်နေတဲ့ လေသွေးလေးနဲ့ မြို့လေးက ကျွန်မကို တောင်တန်းတွေ ကြားက ပြုံးပြ နှုတ်ဆက်နေလေရဲ့။ ကျွန်မနဲ့ လေယာဉ်ပေါ်မှာတွေ့လာ (နောင် ပညာသင်ဖက် အဖြစ် ခင်လာ)တဲ့ လာအိုက ကျောင်းသူလေး တစ်ယောက် နဲ့အတူ ကျောင်းက လွှတ်လိုက်တဲ့ Escort အကြိုကားနဲ့ လိုက်ပါလာရာမှ ကျောင်းဝင်းထဲအရောက် ကြီးမားလှတဲ့ အုတ်နီရောင် ကျောင်းဆောင်ကြီး များကို အရုဏ်ဦး အလင်းရောင် အောက်မှာ ရင်သပ် ရှုမောရင်း နှစ်ယောက် ပြိုင်တူ အော်မိတာ “၀ိုး-ဒါငါတို့ တက်ရမယ့် ကျောင်းပါလား”ဆိုပြီးတော့ ပေါ့။

ကျွန်မတို့ နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ပဲ အဆောင် တစ်ခုတည်း မှာ နေရာချထား ခံရပြီးတော့ ကျွန်မတို့နေရမယ့် အခန်းက ၉ ထပ်မြောက်မှာတဲ့။ ဒီလိုနဲ့ပဲ ကိုယ့် အခန်းကိုယ်ရောက် အထုပ်တွေ ချပြီး ခြေကုန် လက် ပန်းကျကာ အိပ်မယ်ဟန်ပြင်တော့မှ ကျွန်မ ရင်ထဲမှာ အိမ်နဲ့ အဝေးဆုံး ကမ္ဘာ တစ်ဖက်ခြမ်းမှာ အထီးကျန် အိပ်ရာဝင်ရမယ့် ကိုယ့်အဖြစ်ကိုယ် ပြန်တွေးရင်း အိမ်လွမ်းစိတ်တွေက ဆို့နင့်လာ လေရဲ့။ နှင်းတဖွဲဖွဲကြား မှန်လုံ အခန်းကြီးထဲက မွေ့ရာ အထူကြီးပေါ်မှာ ကျွန်မ ခရီးပန်းလာတာ ကြောင့် ချက်ချင်း အိပ်ပျော်သင့်ပေမဲ့ ဘုရားစင် ရှေ့မှာ ကျွန်မအတွက် မေတ္တာပို့ ဆုတောင်းပေး နေမယ့် အဖေနဲ့ အမေ့ မျက်နှာကို မြင်ယောင်ကာ မျက်ရည်မစဲ နိုင်တော့ပါ။ “အသက် ၁၇ နှစ် အရွယ် ပထမဆုံး ခရီးထွက်တာ။ ညည်းနှယ် တစ်ယောက်တည်း ဝေးဝေးလံလံအမေရိက တောင် သွားမလို့တဲ့။ မန္တလေးတောင် ညည်း တစ်ယောက်တည်း သွားဖူးလို့လား”လို့ မေးတဲ့ ကျွန်မရဲ့အထက်တန်း ကျောင်းက ဆရာမရဲ့ ကရုဏာ စကားသံကိုလည်း အဖော်မဲ့ငှက် ကလေးတစ်ကောင် ကျွန်မ ထပ်ခါ ထပ်ခါ ကြား ယောင်နေမိပါတယ်။

တစစ်စစ် ခေါင်းထဲက ကိုက်ခဲမှုနဲ့ အိပ်ရာက ထထိုင်မိရင်း “ငါ အမေရိကားမှာပါလား” ဆိုတဲ့ အတွေးက ပထမ ၀င်လာကာ စိတ်လှုပ်ရှားလို့မှ မဆုံးခင်မှာပဲ အခန်းကပ်လျက် လာအို ကျောင်းသူ ရဲ့ တံခါးခေါက်သံ ကြားရပါတယ်။ သူက ကျွန်မ ကို အဲဒီနေ့ တက္ကသိုလ်ရောက် နိုင်ငံတကာ ကျောင်းသား အားလုံးကို ကြိုဆိုမယ့် International Student Oriebtatio အတွက် ၀တ်စားပြင် ဆင်ဖို့ လာသတိပေးကြောင်း ပြောပြပါတယ်။ အဲဒီတော့မှ ဖေဖေ သပ်သပ်ရပ်ရပ် ထုတ်ပေးလိုက်တဲ့ ကျွန်မရဲ့အထုပ်တွေထဲမှ သင့်တော်ရာ အ၀တ် အစားတွေ၊ ရေချိုး သန့်စင်ဖို့ လိုအပ်တဲ့ ဆပ်ပြာ သွားတိုက်ဆေးစတဲ့ ပစ္စည်းတွေကို တန်းစီရှာ ဖွေရင်းကျွန်မရဲ့ မနက်ခင်း စတင်ပါတော့တယ်။

ကျွန်မနဲ့ လာအိုကျောင်းသူ Chanhom ဓာတ်လှေကား စောင့်နေချိန်မှာပဲ ကျွန်မတို့နဲ့ Program တူ မလေးရှားမှ Kialeh ဆိုတဲ့ ကျောင်း သူနဲ့ ထပ်မံတွေ့ဆုံရပါတယ်။ ကျွန်မတို့သုံး ယောက် ကိုယ်စီကိုယ်စီ အဆောင် အောက်ထပ်က ကွန်ပျူတာ ခန်းမကြီးများထဲမှ သွားရမယ့် အဆောက်အအုံကိုGoogle မြေပုံမှ တစ်ဆင့် Print ထုတ်ကာ တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ စတင်ကြပါတယ်။ အဲဒီ Student Hnion အဆောက်အအုံ ကြီးဆီ ရောက်တော့မှ ကျွန်မတို့ နောက်ထပ် တွေ့ ဆုံရတာကတော့ ထိုင်းမှကျောင်းသား Poom pong ပါပဲ။ ကျွန်မတို့ အာရှ သူငယ်ချင်းလေးယောက် ကိုယ့်အတွေ့အကြုံ ကိုယ့်အိမ်ဇာတ်လမ်း များ ပြောရင်း မဆုံးခင်မှာပဲ နိုင်ငံတကာ ကျောင်းသားများ ဆုံတွေ့ရာ အခန်းထဲ ရောက် လာကြပါ တယ်။




အဲဒီ အချိန်ကလေးကတော့ ကျွန်မ ကျောင်းတက်စဉ် ကာလတစ်လျှောက်လုံးမှာ အမှတ်တရ အဖြစ်ဆုံးနေ့များထဲမှ တစ်ရက် ဖြစ်ပါ တော့တယ်။ အစည်းအဝေး ခန်းမထဲမှာ ကမ္ဘာ အနှံ့ အပြားမှ အသားအရောင်မျိုးစုံ၊ ၀တ်ဆင်ပုံ မျိုးစုံ၊ နှုတ်ဆက်ပုံ ယဉ်ကျေးမှုမျိုးစုံကို တွေ့ရပြီး ကျွန်မ ရင်းနှီး ကျွမ်းဝင် အဖြစ်ခဲ့ဆုံး သူငယ်ချင်းများမှာ ဥရောပမှ အင်္ဂလန်၊ နယူးဇီလန်၊ ဂျာမနီ ကျောင်းသားများ၊ အာဖရိကမှ ဟေတီနိုင်ငံ၊ တူရကီ နိုင်ငံ၊ ဆော်ဒီအာရေးဘီးယား နိုင်ငံ အသီးသီးမှ ကျောင်း သားများ၊ အာရှ လူမျိုးများထဲမှ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ အိနိ္ဒယ ကျောင်းသားများတို့ ဖြစ်ပြီး သူတို့တွေနဲ့ အဲဒီ Orientation မှ အစပြုကာ ယနေ့ တိုင် (Multicultural FriendShip လေး မပြတ်ဘဲ) မိတ်မပျက် ရှိနေပါသေးတယ်။

ကမ္ဘာ့ နေရာမျိုးစုံ လူမျိုးပေါင်းစုံထဲမှ လာတက်ခွင့်ရသူများ အားလုံး တစ်ယောက်ချင်းစီ နှုတ်ဆက်ကြရာမှာ ကျွန်မလည်း မြန်မာကျောင်းသူ တစ်ဦးအနေနဲ့ နိုင်ငံကိုယ်စားပြု စကားပြောခွင့် ရခဲ့တာလည်း တန်ဖိုး မဖြတ်နိုင် တဲ့ ကျွန်မရဲ့ အမှတ်တရ တစ်ခုပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ အတန်းတွေ စဖွင့်တဲ့ နောက်တစ်နေ့မှာတော့ နိုင်ငံတကာ ကျောင်း သားတွေ အားလုံး ကိုယ့်မေဂျာကိုယ် တကွဲတပြားစီ တက်တဲ့ အခါ မှာတော့ ကျွန်မက ကျွန်မရဲ့ မေဂျBiotech nology and Neuroscience  (ဇီဝနည်း ပညာနဲ့ ဦးနှောက်အာရုံကြော)နဲ့ မိုင်နာ(Minor) ဘာသာရပ်ကိုတော့ Public Communication  (လူထုဆက်ဆံ ရေးပညာ)ကို သင်ကြားခဲ့ပါတယ်။

ကျွန်မ နှစ်သက်တဲ့ လူ့ခန္ဓာဗေဒ ဘာသာရပ်အတန်းမှာတော့ ကျောင်းသား အယောက် ၁၈၀ ကျော် ရှိပြီး ကျောင်းခန်း သီရေတာကြီးက ရုပ်ရှင်တွေ ထဲမှာသာ မြင်ဖူးတဲ့ တစ်ဆင့်တစ်ဆင့် မြင့်တက်သွားတဲ့ ခုံမြင့်ကြီးတွေမို့ သူတို့ လူမျိုးကြားထဲမှာ အရပ်တော်တော် ပုသွားတဲ့ ကျွန်မက ထိုင်ခုံတွေရဲ့ ရှေ့ဆုံးမှာ သွားထိုင်လေ့ ရှိပါတယ်။ အဲဒါကြောင့် ပရော်ဖက်ဆာ အနေနဲ့ ကျွန်မကို သတိထားမိပြီး ကျွန်မ အနေနဲ့လည်း ပရိုဂျက်တာနဲ့ ထိုးပြတဲ့ Lecture Slide တွေကို မမြင်ရတဲ့ ပြဿနာ မရှိတော့ပါဘူး။

အမေရိကန် ပညာရေးအရ သင်ကြားပုံက ကျောင်းသားဆရာ ဆွေးနွေးပြီး တတ်မြောက်စေတဲ့ စနစ်ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ ဆရာရဲ့ Lecture ကို အဓိက နားထောင်ပြီး ဖတ်စာအုပ်ထဲက စာကို ကြေညက်ရင် စာမေးပွဲ ဖြေနိုင်မှာ သေချာပေမဲ့ အမေရိကန် တက္ကသိုလ်တွေမှာတော့ ဖတ်စာအုပ် ဆိုတာ Leture ကို နားလည်ဖို့ ကိုယ့်ဘာသာ မှီငြမ်း လေ့လာစရာ စာအုပ်တစ်အုပ် ဆိုတဲ့ သဘောထက် မပိုပါဘူး။ ကျွန်မ စာသင်ခန်းထဲမှာ နားလည်လာတာက ပရော်ဖက်ဆာတွေရဲ တွေကို နားလည်အောင် မှတ်သားရင်း ကျောင်းသားကိုယ်တိုင် မှတ်စုထုတ်ရတာ ဖြစ်ပြီး အဲဒီ ပရော်ဖက်ဆာတွေက သူတို့ပြောမဲ့ သင်ခန်းစာကို ဘယ်စာအုပ်ထဲက ဆိုတာမျိုး တိုက်ရိုက်ရှင်းလင်း ပြလေ့ မရှိပါဘူး။ Self-Learning လို့ ခေါ်တဲ့ ကိုယ်တိုင် အတန်းတက် မှတ်စုထုတ်၊ ကိုယ်တိုင် နားလည်အောင် စာကြည့်တိုက်၊ အင်တာနက် အစရှိတဲ့ ပညာရေးရင်းမြစ်များမှ မိမိကိုယ်တိုင် ကျွမ်းကျင် ပိုင်နိုင်အောင် လေ့လာမှသာ စာမေးပွဲ ကောင်းစွာ ဖြေဆိုနိုင်မယ့် စနစ်မျိုးဖြစ် ပါတယ်။

အင်္ဂလိပ်စာ ဘယ်လောက်ပဲ ကျွမ်းကျင်အောင် ပြောတတ်ပေမဲ့လည်း ခက်ခဲတဲ့ သင်ခန်းစာများကို အတန်းထဲမှာ နားလည်အောင် နားထောင်တဲ့အခါ မိမိဘာသာစကား မဟုတ်တော့ အားလုံးကို ခြုံငုံရယူနိုင်ဖို့ အခက်အခဲ ကြုံရတတ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံအရ ကတော့ အတန်းထဲမှာ အကောင်းဆုံး လိုက်နိုင်ဖို့ က ကိုယ်ကိုယ်တိုင်သင်ကြားလို စိတ်အပြည့်အ၀ နဲ့ စာသင်ခန်း မ၀င်ခင်မှာ ဖတ်စရာ Assignment များကို အတတ်နိုင်ဆုံး နားလည်အောင် ကြိုးစား ဖို့ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ပရော် ဖက်ဆာကို ရှက်ရွံကြောက်လန့်မနေဘဲ မကြာ ခဏချဉ်းကပ်မေးမြန်းဖို့ ဖြစ်ပါတယ်။ အမေရိ ကန်ပရော်ဖက်ဆာများက သူတို့ကို မေးခွန်းမေးတာ သူတို့နဲ့ ငြင်းခုံတာကို အမြဲသဘောကျတဲ့ အတွက် စာသင်ခန်းထဲမှာ ကျွန်မတို့က တက် တက်ကြွကြွ ကိုယ့်အမြင်ကို ကိုယ်ရဲရဲဝံ့ဝံ့ ပြော၊ ကိုယ် နားမလည်တဲ့ စာများကို ပရော်ဖက်ဆာနဲ့ ရက်ချိန်းချိန်းပြီး အသေအချာ မေးမြန်း၊ ပြီးတော့ အတန်းထဲမှာ ဆရာနဲ့ တက်ကြွစွာ ဆွေးနွေးတတ် တဲ့ ကျောင်းသားများနဲ့ စာကျက်အုပ်စုများ ဖွဲ့ပြီး ဆွေးနွေးတာတွေက အကောင်းဆုံး သင်ယူနည်း တွေပဲ ဖြစ်ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ကျွန်မ တက်ခဲ့တဲ့ အတန်းတွေထဲက Biology 101 Course မှာ လူဆိုတာ မျောက်က ဆင်းသက်လာတယ်ဆိုတဲ့ “ချားလ်ဒါ ၀င်ရဲ့ လူသားရင်း မြစ်ဆင့်ကဲ ဖြစ်စဉ်”ကို သင်ရတဲ့အခါ ကျတော့ အတန်းထဲမှ သူငယ်ချင်းများ အတူတူ Study Group လေးဖွဲ့ပြီး ပရော်ဖက်ဆာ သင်ခန်းစာ မသင်ခင် ကိုယ်တိုင် Research လုပ်တဲ့ သဘောနဲ့ တစ်ယောက်ကို ခေါင်းစဉ် တစ်ခုခွဲပြီး“ဒါဝင်သီအိုရီရဲ့ အစ”၊“ထိုစဉ်က လက်မခံ သူတို့၏ သဘောထား”၊ “သီအိုရီကို လက်ခံလာအောင် သိပံ္ပနည်းကျ သက်သေပြချက်များ”နှင့် “ယနေ့ ခေတ် သိပံ္ပပညာရှင်တို့ရဲ့ အမြင်” အစရှိသဖြင့် ခေါင်းစဉ် တစ်ခုစီခွဲကာ Research ပြုလုပ် ဆွေးနွေးကြပါတယ်။ အဲဒီလိုနည်းနဲ့ ဘာသာရပ် အပေါ် ပိုမို နားလည်လာကာ အချင်းချင်း ဆွေးနွေးဖလှယ် ရာမှာလည်း ပိုမို နက်နဲတဲ့ သီအိုရီပိုင်းများကို လေ့လာနိုင်တဲ့ အတွက် စာမေးပွဲမှာ ကျွန်မတို့ ကောင်းစွာ ဖြေဆိုနိုင်လာကြပါတယ်။ အဲဒီလိုပဲ ခန္ဓာဗေဒ အတန်းတွေလို လူသေ  အလောင်းခွဲစိတ်တဲ့ သင်ခန်းစာမှာတောင် ဘယ်လောက်ပဲ ခက်ခဲ နက်နဲပေမဲ့ စိတ်ဓာတ် မကျဘဲ ကိုယ်တိုင်က လိုချင်စိတ် အပြည့်အ၀ ရှိမယ်ဆိုရင် ဘယ်ကျောင်းသား မဆို လိုက်နိုင်မယ်လို့ ကျွန်မအတွေ့အကြုံ အရ ယုံကြည်ပါတယ်။

ဒီလိုနဲ့ ရက်ပေါင်းများစွာ ကျွန်မ ကျောင်းစာနဲ့ Extra Curriculum Activities   များ ဖြစ်တဲ့ ခေါင်းဆောင်မှု သင်တန်း၊ နိုင်ငံတကာ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ၊ ကျွန်မရဲ့ ပညာတော်သင် အဖွဲ့အစည်းနဲ့ လစဉ်အွန်လိုင်း Meeting အစရှိတာတွေနဲ့ အလုပ် များနေတတ်ပါတယ်။ တစ်ဖက်မှာလည်း ကျွန်မ သူငယ်ချင်းတွေနဲ့ တောင်တက်အဖွဲ့၊ ပဲဆွတ်ပွဲတော်နဲ့ ခရစ်စမတ်တို့လို ပွဲတော်တွေမှာ လုပ်အားပေး အဖွဲ့၊ မြို့ထဲမှ ဘိုးဘွားရိပ်သာမှာ အဘိုးအဘွားတွေနဲ့ စကားပြောဖော် လုပ်အား ပေးအသင်းတွေမှာ အားလပ်တိုင်း လှုပ်ရှား ဖြစ်သလို ကျွန်မကို ချစ်တဲ့အမေရိကန် Hostmom နဲ့ Hostdad  မိသားစုနဲ့လည်း ညစာစား၊ ရုပ်ရှင် အတူကြည့်ခြင်း၊ ယဉ်ကျေးမှု ဆိုင်ရာ ဂီတပွဲတော်များ သွားရောက်ခြင်းနှင့် ရေခဲတောင်များပေါ်မှာ နှင်းလျှောစီးခြင်းများကိုလည်း အတွေ့အကြုံသစ် အနေနဲ့ ပျော်ရွှင်ခဲ့ရဖူးပါတယ်။

ဒါပေမဲ့လည်း ကျွန်မရဲ့ အမေရိကန် ပညာ သင်ခရီးလေးက ဘယ်လောက်ပဲ ပျော် စရာတွေ၊ အတွေ့အကြုံသစ်တွေနဲ့ ပြီးပြည့်စုံတယ် ထင်ရပေမဲ့ ညအိပ်ရာဝင်ပြီဆိုတာနဲ့ အထီးကျန် ခံစားချက် တွေအပြည့်နဲ့ နှင်းဖွေးဖွေး ပြတင်းပေါက်ဘေးမှာ တစ်ယောက်တည်း အိမ်လွမ်းစိတ်နဲ့ ကျိတ်မျက် ရည် ၀ဲခဲ့ရတာကို ဘယ်သူ့မှ မသိနိုင်ခဲ့ပါဘူး။ ကျွန်မ ညအိပ်ရာဝင်ခါနီးဟာ အိမ်မှာ ကျွန်မ မိသားစုလေး မနက်စာ ထမင်း စားနေမလား၊ ကိုယ်စီ အလုပ်ခွင်မှာ ဒါမှမဟုတ် ဘတ်စ်ကား မှတ်တိုင်မှာ ပင်ပန်းနေကြမလား၊ ဒါမှမဟုတ် အဝေး ရောက်နေတဲ့ သမီး ကျွန်မ အကြောင်းတွေး ပြီး စိတ်ပူနေကြမလား စတဲ့လားပေါင်းများစွာနဲ့ ကျွန်မရဲ့စိတ်တွေက မိသားစုလေးဆီ အမြဲ အလည် သွားနေလေရဲ့။

တစ်ခါတလေ အွန်လိုင်းမှာ အလွမ်းပြေ အမေနဲ့ အဖေမျက်နှာလေးမြင်ရ စကားပြောရတဲ့ အခါမှာလည်း အသံမတုန်အောင် ကြိုးစားပြောတဲ့ အခါ ပြော၊ ငယ်ငယ်ကတည်းက ချူချာတဲ့ ကျွန်မ နှင်းတောထဲမှာ ဘယ်လိုဖြစ်နေမလဲ၊ စိတ် ပူရှာနေတဲ့ မိဘနှစ်ပါးရှေ့မှာ ကျလုဆဲဆဲ မျက် ရည်တွေကို မျိုချပြီး ဟန်ဆောင် ပြုံးပြရင်း၊ နေ့စဉ် Dining Hall က အသားနီနီရဲရဲနဲ့ ပေါ့ရွှတ်ရွှတ် ပေါင်မုန့်တွေ စားရတိုင်း တလှိုက်လှိုက် လွမ်းမိတဲ့ အမေ့ရဲ့ ငါးပိချက်နဲ့ချဉ်ပေါင်ဟင်းကို ဘယ်လိုလွမ်းကြောင်း ပြောပြမယ် ကြံရွယ်ထားသမျှ တွေဟာ“သမီးလေး စားရသောက်ရ အဆင်ပြေရဲ့ လား”လို့ မေးတိုင်း ပြောမထွက်ခဲ့တဲ့ ကျွန်မရဲ့ အလွမ်း ညတွေက အခုပြန်စဉ်စားတဲ့ အခါမှာတောင် လွမ်းမောစရာ ဘ၀အတွေ့အကြုံတွေ အဖြစ် ခံစား ကျန်ရစ်နေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ရခဲလှတဲ့ ဒီအခွင့်အရေးကောင်းက ကျွန်မ ဘ၀ပညာရေးနဲ့ နောင်မိသားစု အတွက် ကြိုးစားရမယ့် အတွေ့အကြုံကောင်းတွေမို့ ပျော်စရာတွေကိုလည်း ဖေ့စ်ဘွတ်ခ်နဲ့ ဒိုင်ယာရီထဲ သိမ်းဆည်း၊ ညစဉ် တစ်ကိုယ်တည်း ကျခဲ့ရတဲ့ မျက်ရည်တွေကိုလည်း ရင်ထဲ နက်နက်ရှိုင်းရှိုင်း ထွေးပိုက်ခဲ့သမျှတွေက အခုကျောင်းပိတ်ရက် ရန် ကုန်ပြန်ရောက်တုန်း ပြန်စဉ်းစားမိတော့ နောက် ကြောင်းပြန် ဇာတ်ဝင်ခန်းတစ်ခုလို အမှတ်တရများ တလှပ်လှပ် အရိပ်ထင်လာခဲ့ပါတယ်။

အခုလောလောဆယ်တော့ ကျွန်မရဲ့ အမှတ် တရ အတွေ့အကြုံများကို အမေရိကန်ကို ပညာ သင် ပြန်မသွားခင် စာဖတ်သူများကို ပြန်လည် ဝေမျှရင်း တစ်ချိန်တည်းမှာပဲ ကျွန်မ ပညာတော် သင်ရရှိခဲ့ရာ American Center မှာ American Center Discussion Club (ACDC) ဆိုတဲ့ အင်္ဂလိပ် စာလေ့ကျင့်တဲ့ အဖွဲ့လေး တစ်ခု ပြန်လည် တည်ထောင်ကာ တနင်္လာနေ့တိုင်း လူငယ်များ ခေါင်း စဉ်အမျိုးမျိုးကို လေ့လာ ဆွေးနွေးဖြစ်ဖို့ ဦးစီး နေဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့ Club မှာ ဦးစီးခေါင်းဆောင်အနေနဲ့ လူကြီး လုပ်နေရပေမဲ့ ညအိပ်ချိန် ပြန်ရောက်ရင် ကလေးပြန်ဖြစ်တဲ့ ကျွန်မဟာ ကမ္ဘာ့ တစ်ဖက်စွန်းမှာ တွေ့ကြုံခဲ့ရတဲ့ အောင်မြင်မှုများ၊ သောက မျက်ရည်များနှင့် အခက်အခဲများကို ပြန်လည်ပြီး တစ်ထောင့်တစ်ည ပုံပြင်ဖွဲ့ဖြစ်တော့ အဖေနဲ့ အမေက ပီတီပြုံးနဲ့ နားထောင်နေလေရဲ့။

ဟိုဘက်ကမ္ဘာ တစ်ဖက်ခြမ်း ရေခဲတောင်တွေကြားမြို့လေးက ကျွန်မရဲ့ တက္ကသိုလ်ကြီးမှာ ပညာတွေ တစ်ကိုယ်တော် သင်ကြား ပျော်ရွင်ရတဲ့ အိပ် မက်ထဲကလို ဘ၀နဲ့ ယခုလောလောဆယ် မိဘရင်ခွင်မှာ ကျွန်မအကြိုက်ဆုံး အမေ့လက်ရာ ထမင်းဟင်းနဲ့ မိသားစုလက်ဆုံနွှဲ အတူနေရတဲ့ ကာလ ဘယ်ဟာပိုပျော်လဲလို့ မေးလာမယ်ဆိုရင်တော့ ကျွန်မနှစ်သက်တဲ့ ဆိုရိုး စကားလေးတစ်ခုနဲ့ ပြန်ဖြေပါရစေ။ အဲဒါက "Home is the best place in the entire word, but it is always good to discover what is out there"  မိသားစုအိမ် ဆိုတာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပေမဲ့ အဲဒီ အပြင်ဘက်မှာ ဘာတွေရှိလဲ ဆိုတာကို ရှာဖွေရခြင်းဟာလည်း တကယ့်ကို ကောင်းတာ ပါပဲတဲ့။

အဲဒီအဆိုအတိုင်း ကျွန်မပညာရှာရာ အမေရိကန်ပြည်ထောင်စု၊ မွန်ထားနား တက္ကသိုလ်ဟာ မိသားစုနဲ့ အတန်ကြာ ဝေးနေရပေမဲ့ အနာဂတ် အိပ်မက်တွေ မြှုပ်နှံထားရာ နေရာလေးမို့ ဘ၀ရဲ့ “ဒုတိယအိမ်ကလေး”ပဲ ဖြစ်ပါတယ်။ အဲဒီဒုတိယအိမ်လေးမှ တစ်ဆင့်ကျွန်မရဲ့ အနာဂတ်ပန်းတိုင်ဆီကို အခက်အခဲ အမျိုးမျိုးကြားမှ တစ်နေ့တော့ ရောက်ရမှာပဲလို့ ခိုင်မာစွာ ယုံကြည် ထားတယ်ဆိုရင် စာဖတ်သူများလည်း ဆယ်ကျော်သက် မြန်မာကျောင်းသူ ကျွန်မရဲ့ ယုံကြည်ချက်လေးကို မျှဝေလက်ခံပေး နိုင်မယ်မဟုတ်ပါလားရှင်။

ဖြူပန်းနုခင်
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)

 

Last Updated on Wednesday, 29 February 2012 15:19