လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ အနုပညာ စာပေ ဆွေးနွေးပွဲ PDF Print E-mail
Written by ဂျွန်မိုး   
Tuesday, 21 February 2012 16:59
Share |

နိုင်ငံ တကာနှင့် ရင်ပေါင်တန်းရန် ဆန္ဒ ပြင်းပြနေတဲ့ ဖူးငုံမဂ္ဂဇင်း teen Magazine မှ လူငယ် စာရေး ဆရာများရဲ့ အမြင်၊ ခံယူချက်၊ ယုံကြည်မှု များကို အခြေခံတဲ့ စာပေ ဆွေးနွေးပွဲ တစ်ခုကို ဇန်န၀ါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာ ရှိတဲ့ တော်ဝင် နှင်းဆီခြံမှာ နေ့လယ် ၂ နာရီမှ ညနေ၅နာရီ အထိ အောင်မြင်စွာ ကျင်းပ တင်ဆက် သွားခဲ့ပါတယ်။

cialis no prescription non genericgeneric tadalafil buy viagra online online generic cialis without a perscription
argaiv1340

တိုင်းပြည်ရဲ့ ဒီမိုကရေစီ စနစ် အသွင် ကူးပြောင်းကာလ ဖြစ်တာနှင့် အညီ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး သမားများကို နိုင်ငံတော် အစိုးရကနေ ပြန်လွှတ် ပေးပြီးတဲ့ အချိန်ကာလနှင့် အမှတ်မထင် တိုက်ဆိုင်နေခဲ့တဲ့ ဒီပွဲမှာ စာရေးဆရာများ၊ စာပေ ၀ါသနာရှင်များ၊ ဖူးငုံမဂ္ဂဇင်း ပရိသတ်များ၊ ဖူးငုံချစ်သူ အဖွဲ့ဝင်များ၊ အခြား စိတ်ပါဝင်စားကြသူများသာမက မကြာသေးမီက နိုင်ငံရေးဖြင့် အကျဉ်းကျခံရခြင်းမှ လွတ်မြောက်လာတဲ့ ကိုဂျင်မီ၊ ဇော်သက်ထွေး၊ မနီလာသိန်းတို့နဲ့ အတူ ဘလော့်ဂါ နေဘုန်းလတ်ပါ တက်ရောက် ပါဝင်ခဲ့ပါတယ်။

အစီအစဉ် စတင်ခါနီးမှာတော့ ခန်းမ တစ်ခုလုံး ပရိသတ်များနဲ့ အပြည့် ဖြစ်နေပါပြီ။ လူငယ် အများစုဟာ စိတ်အား ထက်သန်မှု ကိုယ်စီနဲ့ ဒီပွဲက ပေးမယ့်ရသတစ်ခုခုကို အမိအရ ဆုပ်ကိုင်နိုင်ဖို့၊ ဒီပွဲလေးကနေ တစ်ခုခုအရယူမယ်ဆိုတဲ့ ခံယူချက်၊ ဒီပွဲလေးကနေတစ်ခုခု ပြန်ရစေရမယ် ဆိုတဲ့ ယုံကြည်ချက်များနဲ့ ကိုယ်စီတက်ရောက်လာ ကြတယ်ဆိုတာ သူတို့ရဲ့ မျက်နှာများပေါ်မှာ အတိုင်းသား မြင်နေရပါတယ်။ လူငယ်များ အတွက် ဒီလို အခွင့်အရေးမျိုးတွေ ရှားပါးနေချိန်မှာ ဖူးငုံ မဂ္ဂဇင်းကနေ လူငယ်တွေ အတွက် တလေးတစား နေရာပေးဖို့ အခွင့်အလမ်းကို ခေတ်နဲ့မျက်ခြည်မပြတ်စေရဘဲ ဖန်တီးပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။ ဖူးငုံ မဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် တစ်ဦးဖြစ်တဲ့ ဆရာ မျိုးမြင့်ညိမ်းက ဒီပွဲလေး စီစဉ်ဖြစ်ခဲ့ပုံနဲ့ ဒီပွဲဖြစ်မြောက်ဖို့ အစစ၀ိုင်းဝန်းပံ့ပိုးပေးခဲ့သူများကို ကျေးဇူးစကားဦးစွာ ပြောကြားပြီးနောက် စာရေးဆရာများရဲ့ ဆွေးနွေးပွဲ အစီအစဉ် မစတင်ခင်မှာ၊  နိုင်ငံရေး ပုဒ်မနဲ့ အကျဉ်းချထား ခံရခြင်းမှ လွတ်ငြိမ်းခွင့်နဲ့ မကြာမီ ရက်ပိုင်းကမှ ပြန်လည် လွတ်မြောက်လာတဲ့ ကိုဂျင်မီကို“လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ”ဆိုတဲ့ ခေါင်းစဉ်အပေါ် ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။


ကိုဂျင်မီမှ “လွတ်မြောက်ပြီးချိန် ပထမဦးဆုံး ရောက်ဖြစ်တဲ့ စကားပြောစင်မြင့်ဟာ ဒီစင်မြင့်ဖြစ်ပါတယ်၊ ပထမဦးဆုံး စပြောရမယ့် အကြောင်းအရာကလည်း လွတ်လပ်မှု ဆိုတာကို ထိပ်ဆုံးမှာ ပါနေတဲ့အတွက် မကြာခင်ကမှ လွတ်လပ်လာသူ တစ်ယောက် အနေနဲ့ လွတ်လပ်မှု ဆိုတာ အင်မတန်မှ သင့်လျော်တဲ့ စကားလုံးနဲ့ ခေါင်းစဉ်ဖြစ်ပါတယ်”လို့ အစချီပြီးတော့ “ငြိမ်းချမ်းရေး ဆိုတာကလည်း လွတ်လပ်မှုနဲ့ ဆက်နွယ်နေပါတယ်။ ငြိမ်းချမ်းရေး အတွက် ကြိုးစားရင်း လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒီနောက် လွတ်လပ်မှုတွေ တစ်ခါ ပြန်ရလာပြန်တယ်။ လွတ်လပ်မှု ပြန်ရလာပြန်တော့ ငြိမ်းချမ်းရေးတွေ ကြိုးစား၊ အဲ့ဒီလိုနဲ့ နှစ်ပေါင်း၂၀ကျော်ကြာခဲ့တယ်။ ဒါပေမဲ့ စိတ်မပျက်ပါဘူး။ လွတ်လပ်မှု တစ်ကြိမ် ဆုံးရှုံးတိုင်းမှာ ခွန်အား တစ်ခါ ပြန်ရ လာပါတယ်။ လွတ်လပ်မှု တစ်ခါပြန်ရလာတိုင်းမှာ အင်အားတစ်ခုဖြစ်လာရပါတယ်။ ပြည်သူများ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး အတွက် အခြေအနေသစ်တွေကို ဖန်တီးပေးသွား မှာပါ”လို့ ပြောသွားခဲ့ပါတယ်။

“အနုပညာဆိုတာ ဘာလဲ။ လွတ်လပ်မှု ကိုယ်တိုင်သည်ပင်လျှင် အနုပညာဖြစ်နေပြီ။ ငြိမ်း ချမ်းရေး ကိုယ်တိုင်သည်ပင်လျှင် အနုပညာ ဖြစ်နေပြီ။ ငြိမ်းချမ်းမှု ရှိမှသာ ပြောင်မြောက်တဲ့ အနုပညာကို ဖန်တီးနိုင်မယ်။ လွတ်လပ်မှုသည် အချုပ်အနှောင် မရှိဘူး။ လွတ်လပ်မှုကို ချူပ်နှောင်၊ လွတ်လပ်မှုကိုပိတ်ဆို့၊  လူ့အခွင့်အရေးတွေ ဆုံးရှုံးရတယ်။ဘာတွေနဲ့ ချုပ်နှောင်တာလဲ ဆိုတော့ သောက၊ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုဆိုတာကို သောကဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ချုပ်နှောင်ထားတယ်။ မွေးကတည်းက ဘ၀ကပေး ထားပြီးသားဖြစ်တဲ့ ငြိမ်းချမ်းမှုတွေ၊ လွတ်လပ်မှုတွေကို ကျွန်တော်တို့ဘာလို့များ ဆုံးရှုံးနေရတာ လဲ။ ဘာလို့များ ဘ၀နဲ့ရင်းပြီးယူနေရတာလဲ၊ အဲ့ဒီ နှစ်ခုမရှိဘဲ အနုပညာ မဖန်တီးနိုင်ပါဘူး။ လူ့ဘ၀ ဆိုတာ လွတ်လပ်မှုရှိမှ။ ငြိမ်းချမ်းမှု ရှိမှလူ့ဘ၀ ပီသမယ်။ အဲ့ဒါမှသာ အနုပညာ ဖြစ်တယ်။ လွတ် လပ်မှုကို ဘယ်သူရုပ်သိမ်းမလဲ။ ငြိမ်းချမ်းမှု တွေကို ကျွန်တော်ကိုယ်တိုင် အရပြန်ယူမယ်”လို့ လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ အနုပညာ အပေါ် သူ့ရဲ့ခံယူချက်ကို ပြောသွားခဲ့တဲ့ ကိုဂျင်မီဟာ ဘုန်းသုခ၊ ဗဟုနာမည်များနဲ့ teen Magazine မှာ ပညာရေး ဆောင်းပါးများ၊ အင်တာဗျူးများ ရေးခဲ့ ပြီး၊ အခြားမဂ္ဂဇင်းများမှာလည်း ကဗျာများ၊ ဆောင်းပါးများ ရေးသားခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ 

ဆရာ ဘုန်းသုခ ဆွေးနွေးအပြီးမှာ လက်ခုပ် သံများခန်းလုံးပြည့်လျှံ ညံသွားပြီး တဖြည်းဖြည်း ပြန်စဲသွားချိန်မှာတော့ ဘလော့်ဂါ နေဘုန်းလတ်ကို “လွတ်လပ်မှု၊ ငြိမ်းချမ်း ရေးနှင့် အနုပညာ” အပေါ်ဆွေးနွေးဖို့ စင်ပေါ်ဖိတ်ခဲ့ပါတယ်။ စာတွေကို ရင်ထဲရှိသမျှ၊ အမြင်မတော်သမျှ လွတ်လွတ် လပ်လပ်၊ ထိထိမိမိရေးတတ်တဲ့ ဘလော့်ဂါ နေဘုန်းလတ်က သူဘလော့ဂ်ရေးဖြစ်ခဲ့ပုံကို အခုလို ပါဝင်ဆွေး နွေးသွားခဲ့ပါတယ်။

“ကျွန်တော် ဘလော့်ဂါဖြစ်လာရတာက နည်းနည်းဆန်းတယ်။ မဂ္ဂဇင်း အယ်ဒီတာတွေဆီက ကျွန်တော် စာတွေ ကံအားလျော်စွာ ဖြတ်သန်းလာခဲ့ပြီး တော့၊ စိစစ်ရေးက သွေးသံတရဲရဲနဲ့ ခုတ်ထစ်တာ ခံရပြန်တယ်။ ကျွန်တော် ရေးထားတဲ့ စာတွေဟာ ကျွန်တော်ရဲ့ရင်ထဲ အသည်းနှလုံးထဲက ရင်သွေးတွေ၊ ကျွန်တော့်ရဲ့သားသမီးတွေပါ။ ခုတ်ထစ်တယ်ဆိုတာ ဓားနဲ့တော့ မဟုတ်ဘူး ပေါ့ဗျာ။ မင်နီတွေနဲ့ ခုတ်ထစ်တာပေါ့။ ကျွန်တော့် သားသမီးတွေဟာ သွေးသံ တရဲရဲနဲ့၊ ဘယ်မိဘက ကြည့်ရက်မလဲ။ အဲ့ဒီလို ခုတ်ထစ်ဖြတ်တောက်တာ မခံနိုင်တော့ ကျွန်တော် အွန်လိုင်းပေါ်တက် ရေးတယ်။ ဘယ်သူ ဖြတ်တောက် ဦးမလဲ။ လွတ်လပ်မှု ဆိုတာ ဘယ်သူကမှ မပေးပါဘူး။ ကျွန်တော့်ဟာ ကျွန်တော် ဖန်တီးရယူရတာ။ လွတ်လပ်ခြင်းက သူများဆီကတောင်းယူရတာ မဟုတ်ပါဘူး။ သူများမပေးလည်း ကိုယ့်ဘာသာကိုယ် ရအောင်ယူနိုင်ရမယ်။ အဲ့ဒီစိတ်မျိုးမွေးခဲ့လို့ ကျွန်တော် ဘလော့ဂ်ဂါ ဖြစ်လာရတာပါ။ နေဘုန်းလတ် ဆိုတဲ့ နာမည်နဲ့ “ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်”ဆိုပြီး ကျွန်တော် ဘလော့ဂ်ရေးပါတယ်” အဲ့ဒီနောက် နေဘုန်းလတ်က “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်”နဲ့ နေဘုန်းလတ်တစ်ဖြစ်လဲ “ဘုန်းဦးမော်”  ဖြစ်လာခဲ့ပုံကို အခု လို ဆက်ပြီး ပြောပြခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ စာရေးဆရာဖြစ်ချင်တဲ့ အခွင့်အရေးကို လက်လွှတ်ခဲ့ လိုက်ရတဲ့အတွက် ကျွန်တော့်ဘလော့်ကို ဒီနာမည်ပေးဖြစ်ခဲ့တာပါ။ ကံဆိုး တာလား ကံကောင်းတာလားမသိ။ ကျွန်တော် ထောင်ကျတယ်။ အဆိုးထဲမှာ ကျွန်တော် ကောင်းတာတွေရှာနိုင်ခဲ့တယ်။ ကျွန်တော့်ကို ထောင်အနှစ် ၂၀နဲ့ ၆ လ အချခံရတယ်။ ကျွန်တော် ထိုင်ငိုနေရမှာလား။ ကျွန်တော် ဒေါသ ထွက်နေရမှာလား။ အဲ့ဒီလို လုပ်ဖို့ မဖြစ်နိုင်ဘူး။ ဆိုးဝါးလှတဲ့ အကန့်အသတ် တွေနဲ့ အခြေအနေ တစ်ခုမှာပဲ ဘာလုပ်နိုင်မလဲဆိုတာကို နည်းလမ်းရှာရင်းနဲ့ ဘုန်းဦးမော် ဖြစ်လာခဲ့ပြန်တယ်။ နေဘုန်းလတ်ကိုအထဲထည့်တော့ ဘုန်းဦးမော် ထပ်ဖြစ် လာရတာပေါ့၊ လူကိုပဲအကျဉ်းချလို့ရမယ် အနုပညာရှင်တစ်ယောက် ရဲ့ နှလုံးသား၊ သူ့ခေါင်းထဲက အတွေး၊ သူ့ရင်ထဲက ခံစားမှုတွေကို ဘာနဲ့ လာပြီး တားလို့ရမှာလဲ။ ကျွန်တော့်ကို တားလို့မရဘူး။ ရပ်တန့်လို့မရဘူး။ ကျွန်တော့်ကို တံခါးပိတ်ထားရင် အဲ့ဒီတံခါးကို ကျွန်တော် တစ်နည်းနည်းနဲ့ ဖောက်ထွက်မှာပဲ။ ကျွန်တော် မရပ်ခဲ့ဘူး။ ကျွန်တော် ဆက်သွားနေမှာပဲ။ ကျွန်တော်IT သမား၊ Speed နဲ့သွားနေတာ။

ကျွန်တော် ရပ်နေရင်အနှစ်၂၀ပြည့်လို့ ပြန်ထွက်လာရင် ကျွန်တော် ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့မှာ။ အခုခေတ် လူငယ်တွေကို ပြောချင်ပါတယ်။ ဘယ်တော့မှ ရပ်တန့်မနေပါနဲ့။ ကျွန်တော်လည်း ရပ်မနေဘူး။ ကျွန်တော် ကဗျာရေးထားတယ်။ ဒုတိယလူရဲ့ ပထမမြို့တော်လို့၊ နေဘုန်းလတ်က ပထမလူပေါ့၊ နေဘုန်းလတ်ကို ထောင်ထဲထည့်တော့ နည်းလမ်း ရှာရင်း ဘုန်းဦးမော် အနေနဲ့ ဒုတိယလူ ဖြစ်လာရ တာပေါ့။ ဒုတိယ လူအနေနဲ့ ပထမမြို့တော်လေး ကို ဆက်ပြီးတည်ဆောက်နေတဲ့သဘောပေါ့”လို့ ပြောပြခဲ့ပါတယ်။

Teen Magazine  အပေါ် သူ့ရဲ့အမြင်နဲ့အတူ၊ လူငယ်တွေ မတုံးဘူး၊ လူငယ်တွေအတွက် အခွင့် အရေးပေးဖို့ကို ဘလော့ဂါနေဘုန်းလတ်က အခုလို ဆက်ပြောခဲ့ပါတယ်။ “teen Magazine ကျွန်တော့်အပေါ်မှာ ကျေးဇူး အများကြီး ရှိပါတယ်။ လူငယ်တွေ အတွက် ကွင်းမရှိဘူး။ လူငယ် ခြေတက်တွေ အများကြီးပဲ။ ဘယ်နားသွား ကစားရမလဲမသိ ဘူး၊ teen လိုမဂ္ဂဇင်းမျိုး ပေါ်လာတာအရမ်းလည်း ကျေနပ်တယ်။ အရမ်းလည်းဝမ်းသာတယ်၊ လူ ငယ်တွေကစားဖို့ ကွင်းဖန်တီး ပေးထားတာပဲ။ ကျွန်တော်တို့ကစားစရာကွင်းမရှိဘဲ ဘယ်လိုခြေ စွမ်းသွားပြရမလဲ၊ လူငယ်တွေမှာ Talent ရှိသူတွေ အများကြီးရှိတယ်။ ဗမာတွေ ထက်မြက်တယ်။ငတုံးတစ်ယောက်မှ မပါဘူး။ ကန်ဖို့ကွင်း မရှိ တော့ မကန်ရဘူး။ အဲ့ဒါကို ဗမာတွေတုံးတယ် ပြောချင်ကြတယ်။ တုံးတယ်လို့ပြောရင်ကျွန်တော် က ပြန်ပြောမှာပဲ။ ခင်ဗျားတို့ အခွင့်အရေးမှမပေး ကြတာလို့၊ အခု teen Magazine က လူငယ်ခြေ တက်တွေအတွက်ကစားကွင်းပဲ။ ဒီလိုကစားရင်း မှ ခြေတက်လာမှာ။ အရည်အချင်းရှိသူတွေ ပေါ် ပေါက်လာမယ်။ teen Magazine လိုပဲ တခြား မဂ္ဂဇင်းတွေကလည်း လူငယ်တွေအတွက် အခွင့် အရေးပေးပါ။ ကစားကွင်းတွေ ဖန်တီးပေးတဲ့ မဂ္ဂဇင်းမျိုး၊ ဒီထက်များများပေါ်ပေါက် လာပါ စေလို့ ကျွန်တော် ဆုတောင်းပေးချင်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

နိဂုံးချုပ် အနေနဲ့ ဘလော့်ဂါနေဘုန်းလတ် ဆက်ပြောခဲ့တာကတော့ “လွတ်လပ်မှု၊ ငြိမ်းချမ်း ရေးနှင့် အနုပညာ”အတွက် ကျွန်တော် ဘယ်သူ ဆီကမှ တောင်းမယူဘူး။ ကိုယ့်ဟာကိုယ်ရအောင် ယူမယ်။ လွတ်လပ်ခြင်းဆိုတာကလည်း ဘယ်သူ တွေ ဘယ်လောက်ပဲ ချုပ်နှောင်ထားထား၊ ကိုယ့်စိတ်က လွတ်လပ်နေရင် လွတ်လပ်နေတာ ပဲ။ ငြိမ်းချမ်းရေးဆိုတာကလည်း သူများပေး တာကို စောင့်နေစရာမလိုဘူး။ ကိုယ့်ဟာကိုရ အောင်ယူနိုင်ရမယ်။ အနုပညာ၊ အနုပညာက လည်း ရှင်းတယ်။ ဘာတွေ ဘယ်လို အခက်အခဲတွေ တားဆီးထားပါစေ။ သူက ရင်ဘတ်ထဲကကိစ္စ၊ ဒီရင်ဘတ်ထဲက နှလုံးသား ခုန်နေသရွေ့ ဖန်တီးလို့ ရတယ်။ အဲ့ဒီနှလုံးသားကို ဓားနဲ့လာထိုးဖောက်သွားလို့ ကျွန်တော် သေသွား ရင်တော့ တစ်မျိုးပေါ့နော်၊ မဟုတ်ဘဲ ကျွန်တော့်ကို နံရံလေးဖက်ထဲ ထည့်ထား လည့် ရင်ခုန်သံ ရပ်မသွားဘူး၊ အနုပညာသွေးတွေ စီးဆင်းနေသ၍ ဖန်တီးရ ယူသွားမယ်။ ဒါကြောင့် “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနုပညာ” ဆိုတာ သူများ ပေးမှရမှာ မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် အရယူ ဖန်တီးနိုင်ရမယ့်အရာ လို့ ကျွန်တော်မြင်တယ်”

Teen Magazine မှာ ဘုန်းဦးမော်အမည်နဲ့ ကဗျာ၊ ၀တ္တုများစွာ ရေးသား ခဲ့တဲ့ ဘလော့်ဂါနေဘုန်းလတ်ရဲ့ ဆွေးနွေးမှု အပြီးမှာတော့ ခန်းမတစ်ခုလုံး လက်ခုပ်သံများ ပဲ့တင်ထပ်သွားပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေရဲ့ မျက်ဝန်းမှာ တောက်ပတဲ့ ရောင်ခြည်တွေ လင်းလက်လာကြတယ်။ ခန်္ဓာ ကိုယ်က သွေးတွေ ပူနွေးလာကြတယ်။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ အနုပညာကို ဖန်တီးဖို့ စိတ်ခွန်အားတွေ ပိုမို တိုးပွားလာကြတယ်။ ဒီသုံးခုကနေ ရရှိလာမယ့် အနှစ်သာရတွေကို မြည်းစမ်းချင်လာကြတယ်။ တစ်ချိန်တည်း မှာပဲ ယုံကြည်ချက်တွေလည်း ကိုယ်စီရှိလာကြတယ်။

အဲ့ဒီနောက် ဆရာမျိုးမြင့်ညိမ်းက “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနှင့် အနု ပညာ” ဆွေးနွေးပွဲမှာ ဆရာမ မသီတာ(စမ်းချောင်း)နဲ့အတူ ပါဝင် ဆွေးနွေး မယ့် teen Magazine မှ စာရေးဆရာ ၆ ယောက်ဖြစ်တဲ့ မြေမှုန်လွင်၊ လင်း သိုက်ညွန့် (မြန်မာ့မြေ)၊  ဟန်ဆန်း၊ ခင်သန္တာ၊ လင်းစက်နွယ် နဲ့ ယုယတို့ကို စင်မြင့်ထက်ကို ဖိတ်ခေါ်ပါတယ်။ ဆွေးနွေးမယ့်သူ အားလုံးနေရာယူ အပြီးမှာ တော့ လုပ်နေကျ ဆွေးနွေးပွဲတွေလို တစ်ဦးတစ်ယောက်တည်းက တင်ပြတဲ့ ဆွေးနွေးပွဲ ပုံစံမျိုးကနေ အများပူးပေါင်း ပါဝင်တဲ့ ဆွေးနွေးပွဲပုံစံမျိုးကို
ဦးတည် သွားချင်တဲ့ ဆရာမမသီတာ(စမ်းချောင်း) က ဒီနေ့ ဆွေးနွေးပွဲ လုပ်ဖြစ်ရတဲ့ အကြောင်းကို အခုလို ပြောပြပေးခဲ့ပါတယ်။

“ဒီဆွေးနွေးပွဲ လုပ်ရတဲ့ အဓိက အကြောင်းရင်းက မှန်တာပြောရင် တစ်ဖက်သတ် ပြောနေတဲ့ မိုနိုတော့ခ်တွေကို ခံစားလို့ မရတော့တာ၊ နောက်ပြီး ဆွေးနွေးပွဲတွေကို ဒိုင်ရာလော့ခ်ကနေ မာလ်တီလော့ခ် ဖြစ်စေချင်တာ၊ နောက်... နိုင်ငံတကာမှာ ဟောပြောပွဲတွေကို တစ်ဦးတစ်ယောက် တည်းကနေ အချိန်အကန့်အသတ် မရှိပြောတယ်ဆို တာမျိုး မရှိခဲ့ပါဘူး။ အဲ့ဒီ စာရေးဆရာကို အခြား တစ်ယောက်ကနေ မိတ်ဆက်ပေးပြီးမှ တက်ရောက်လာသူများမှ ၀င်ရောက်ဆွေးနွေးကြရ တယ်။ ပြောသူကပြောမယ် နားထောင်သူကလည်း ၀င်ဆွေးနွေးမယ် ဆိုတဲ့ ပြောသူကိုယ်တိုင် ပြန်နားထောင်ရတဲ့ပွဲမျိုးလေး ဖြစ်စေချင်ပါတယ်။ အဲ့ဒီ သဘောတရားလေးကို သဘောကျလို့ အခု ဆွေးနွေးပွဲလေးကို ဖန်တီးဖြစ်ခဲ့တာပါ။ အခု ဆွေးနွေးပွဲမှာ ဘယ်သူမှ စတင်မဆွေးနွေးခင်မှာ ပထမဦးစွာ စာရေးဆရာ ၆ ယောက်နဲ့ ပထမဆုံး မေးခွန်းသဘောမျိုးလေးနဲ့ ကျွန်မက ဦးဆောင် ဆွေးနွေးသွားမယ့် အချိန်တိုင်းမှာ ပရိတ်သတ် ကလည်း ၀င်ရောက်ဆွေးနွေးပေးစေချင်ပါတယ်။ ပရိသတ်သာ ၀င်ရောက်မဆွေးနွေးဘူးဆိုရင် ဒီနေ့ ဆွေးနွေးပွဲရဲ့ နာမည်ဟာ အထမြောက်မှာ မဟုတ် ပါဘူး။

အဲ့ဒါကြောင့် ကိုယ့်ရင်ထဲမှာ အဆင်ပြေ တာဖြစ်ဖြစ်၊ အဆင် မပြေတာဖြစ်ဖြစ် အပြု သဘောဆောင်ပြီး ပါဝင် ဆွေးနွေးစေချင်ပါတယ်။ ပရိသတ်က လွတ်လွတ်လပ်လပ် ၀င်ဆွေးနွေးတဲ့ အခါ ဒီတိုင်း အလွတ်သဘော ပြောတာမျိုးထက် အခု ပြောသွားမယ့် အကြောင်းအရာပေါ်မှာ အခြေ ခံပြီး ဆွေးနွေးတာမျိုး ဒါမှမဟုတ် မေးခွန်းမျိုး၊ ဒါမှမဟုတ် ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ကိုယ့်မှာ ဖန်တီးထားတဲ့ အနုပညာရှိလို့ တင်ပြချင် တယ်ဆိုရင်လည်း အဲ့ဒီအပေါ်မှာ ပြန်လည်ဆွေး နွေးကြပါမယ်။

ဆွေးနွေးပွဲ ပုံစံနဲ့ ပရိသတ်ကို မိတ်ဆက်ပေး အပြီးမှာ ဆရာမမသီတာ(စမ်းချောင်း)က ဆွေးနွေး မယ့် Teen Magazine မှ စာရေးဆရာများ အားလုံး ကို သူတို့ရဲ့ စာပေ လက်ရာများနဲ့ တကွ တက် ရောက်လာတဲ့ ပရိသတ်များနဲ့ တစ်ဦးချင်းစီ မိတ် ဆက်ပေးပါတယ်။

ပထမဆုံး ၂၀၁၀ ပြည့်နှစ်ကတည်းက  ဖူးငုံ မဂ္ဂဇင်းမှာ ပထမဆုံးပါခဲ့တဲ့ စာရေးဆရာမြေမှုန် လွင်ရဲ့“ဒါကြောင့် ကျုပ် ညတွေကို ကြိုက်တယ်” ဆိုတဲ့ ကဗျာတစ်ပုဒ်ထဲက စာပိုဒ်အချို့နဲ့ မိတ် ဆက်ပေးပါတယ်။ ဆရာမြေမှုန်လွင်ဟာ အသက်  ၁၇ နှစ်အရွယ်ကတည်းကစပြီး “ငါတို့စာပေ” ဆိုတဲ့ ကိုယ်ပိုင် စာအုပ်တိုက်ကို ထူထောင်ခဲ့ပြီး စာအုပ်ပေါင်း ၁၀၀ ကျော် ထုတ်ဝေခဲ့တဲ့ ထုတ် ဝေသူ၊ ကဗျာများ၊ မဂ္ဂဇင်း ၀တ္တုတိုများ၊ လုံးချင်း ၀တ္ထုများ ရေးသားခဲ့သူ လူငယ် စာရေးဆရာ တစ်ဦးဖြစ်တဲ့ အကြောင်း မိတ်ဆက်ပေးပါတယ်။ Teen Magazine မှာ ကဗျာ၊ ၀တ္တုများ အများဆုံး ပါဝင်ခဲ့ပြီး နောက်ဆုံး ရေးသားခဲ့တဲ့ “ခူး”၀တ္ထု က ဗီဒီယိုရိုက်ကူးရန် ၀ယ်ယူထားခြင်းခံထား ရပါတယ်။

အဲ့ဒီနောက် သောကြာမဂ္ဂဇင်း၊ ဧကရီမဂ္ဂဇင်း တို့မှာ ကဗျာတွေရေးခဲ့ပြီး၊ Teen Magazine ရဲ့ ရေးကြည့်ပါကဏ္ဍကနေ စာပေလမ်းကြောင်းပေါ် အခိုင်အမာ ရောက်ရှိလာသူ ဆရာမယုယရေးခဲ့တဲ့ Teen Magazine ရဲ့“ဒါတွေပြင်”ဆိုတဲ့ စည်းကမ်းမဲ့  အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ပြီး ရေးသားထားတဲ့ ဆောင်းပါးထဲက စာပိုဒ် တစ်ပိုဒ်ကို ဆရာမ မသီတာ (စမ်းချောင်း)က ပရိသတ်သို့ ဖတ်ပြပြီး၊  မိတ်ဆက် ပေးပါတယ်။

အဲ့ဒီနောက် အလင်းတန်းဂျာနယ်မှာ အင်တာ နက်ဗဟုသုတ ဆောင်းပါးများ ရေးရင်းမှ စာပေ နယ်ထဲရောက်လာတဲ့၊ ဟန်ဇော်ကလောင်နာမည် နဲ့လည်း teen Magazine မှာ လူငယ်များအတွက် “အင်တာနက်သုတ” ကဏ္ဍကို လစဉ်ရေးသားတဲ့ ဆရာဟန်ဆန်းနဲ့ မိတ်ဆက်ပေးပါတယ်။ ရသ ၀တ်္ထုများကို ဟန်ဆန်းဆိုတဲ့ ကလောင်နာမည်နဲ့ teen Magazine ရဲ့ ကောလိပ်ဂျင်ကဏ္ဍကနေ စတင်ရေးသားခဲ့တဲ့ ဆရာဟန်ဆန်းရဲ့ ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ teen Magazine မှ“ကွန့်မြူးတတ်သော အစားထိုးလောကတွင် သူတို့ အိပ်မက်များ မက် နေပါစေ” ၀တ္တုတိုမှ စာပိုဒ် တစ်ပိုဒ်ကို ဆရာမ မသီတာ (စမ်းချောင်း)က ဖတ်ပြရင်း ပရိသတ်နဲ့ မိတ်ဆက်ပေးပြန်ပါတယ်။

ဆောင်းပါး ၅၀ ကျော်နဲ့ မဂ္ဂဇင်းများမှာ ရသ၀တ္ထုတိုများ ရေးသားနေတဲ့ ဆရာမ ခင်သန္တာရဲ့  teen Magazine ၂၀၁၁ခုနှစ်၊ ဇန်န၀ါ ရီလမှာ ဖော်ပြခံ ခဲ့ရတဲ့ “သက်ရှိမန်ကျည်းပင် လေးအကြောင်း”ဆောင်းပါးမှ စာပိုဒ်အချို့ကို ဆရာမ မသီတာ(စမ်းချောင်း)မှ ရွတ်ဖတ်ပြီး၊ ပရိသတ်နဲ့ ဆရာမ ခင်သန္တာကို မိတ်ဆက်ပေးပါ တယ်။

အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)မှ အသက် ၁၄နှစ်ကတည်းက စာရေးခဲ့သူ၊ လက်ရှိ လူငယ်အကျိုးပြု ကိုယ်တိုင်ရေး စာအုပ် ၁၀အုပ်  ကိုယ်တိုင် ထုတ်ဝေခဲ့သူ၊ စာပေ Talk Show တွေ မကြာခဏ ကျင်းပတတ်သူ၊ လူငယ်စာဖတ်ပရိ သတ် အခိုင်အမာရထားတဲ့ လူငယ်စာရေး ဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)ရဲ့ ၂၀၀၇ခုနှစ်၊ သြဂုတ်လ teen Magazine မှာ ပထမဦးဆုံး  ဖော်ပြခဲ့တဲ့ ဆောင်းပါးမှ ကောက်နုတ်ချက်ကို ဖတ်ပြပေးပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးပြန်ပါ တယ်။ ဆရာလင်းသိုက်ညွန့်ဟာ teen Magazine မှာ ဆောင်းပါးတွေ အများဆုံး ရေးခဲ့ပြီး၊ လက်ရှိ အခြားမဂ္ဂဇင်းများ၊ ဂျာနယ်များမှာလည်း လူငယ် များအတွက် အကျိုးပြု ဆောင်းပါးများ ရေးသား နေသူ လူငယ်စာရေးဆရာ တစ်ယောက် ဖြစ်ပါ တယ်။

ဆရာမသီတာ(စမ်းချောင်း)မှ စာရေးဆရာမ လင်းစက်နွယ်ရဲ့ ကဗျာထဲက စာပိုဒ်တစ်ပိုဒ်ရွတ် ဆိုလို့ ပရိသတ်နဲ့ မိတ်ဆက်ပေးပြန်ပါတယ်။ ဆရာမ လင်းစက်နွယ်ဟာ ဆရာဝန်စာရေး ဆရာမ တစ်ဦးဖြစ်ပြီး၊၂၀၀၉ခုနှစ် ဇူလိုင်လ၊ teen Magazine မှာ “ခါးတဲ့တမာ”၀တ္ထုနဲ့ စာပေနယ်ထဲ ခြေချခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိ teen Magazine အပြင်အခြားမဂ္ဂဇင်းများမှာလည်း ပါဝင်ရေးသား နေပါတယ်။ ဒါ့အပြင် ဒီနှစ် အတွက် ရွှေအမြုတေမဂ္ဂဇင်းရဲ့ ပရိသတ် အကြိုက်ဆုံး ရွှေဝတ္ထုတိုဆုကို ရွေးချယ်ခံထား ရသူလည်း ဖြစ်ပါတယ်။

ပရိသတ်နဲ့ စာရေးဆရာများကို မိတ်ဆက် ပေးပြီးချိန်မှာတော့ “လွတ်လပ်မှု”ဆိုတဲ့ စကားလုံး အပေါ်စာရေးဆရာတစ်ဦးချင်းစီရဲ့ ခံယူချက်များ နဲ့လွတ်လပ်မှုအပေါ်ကွဲပြားတဲ့အမြင်များ အဓိပ္ပာယ်  ဖွင့်ပြပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဆောင်းပါးနဲ့ ၀တ္တုကို ကလောင်နှစ်ခုခွဲပြီး ရေးနေတဲ့ ဆရာဟန် ဆန်းက စတင်ဆွေးနွေးရာမှာ “teen Magazine ရဲ့ ကောလိပ်ဂျင် ကဏ္ဍမှာ ပထမဆုံး ဖော်ပြခံခဲ့ရတဲ့ စာမူလေးက တက္ကသိုလ် တက်ဖို့ မျှော်လင့်တကြီး စောင့်နေတဲ့ ဆယ်တန်းအောင် ကျောင်း သားတစ်ယောက်ရဲ့ တက္ကသိုလ်တွေ ပိတ်သွားတဲ့ အချိန်၊ တက္ကသိုလ် တက်ခွင့်မရခဲ့တဲ့ ကာလတစ်ခုနဲ့ တက္ကသိုလ် ပြန်လည်တက်ရောက်ခွင့် ရခဲ့ချိန်တွေ ကို ရေးခဲ့တာပါ။ အဲ့ဒီမှာ ဖော်ပြခံခဲ့ရတယ်။ လွတ်လွတ်လပ်လပ်ရေးလိုက်တဲ့ ကျွန်တော့်စာမူ ဖော်ပြခံရချိန်မှာ ရလိုက်တဲ့ ခံစားမှုကို ကျွန်တော် တန်ဖိုးထားတယ်။ စာရေးသားရာမှာ စည်း၊ ဘောင်မထားဘဲ ကိုယ်ရေးချင်တဲ့ ပုံစံအတိုင်း လွတ်လွတ်လပ်လပ် ခံစားပြီး ရေးတယ်၊ အဲ့ဒီလိုရေးလိုက်ခြင်းက ရရှိတဲ့ ရွေးချယ်မှု၊ ရလဒ်ကို ကျေနပ်နှစ်ခြိုက်မိတယ်၊ ရသ စာပေကို ရေးချင်တဲ့စိတ် ဖြစ်ပေါ်လာချိန်တိုင်းမှာ လွတ်လွတ်လပ်လပ် ရေးတယ်။ ရေးပြီး ပါလာချိန်မှာ ကျေနပ်တယ်။ ရေးထားတာကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျေနပ်တယ်။ အဲ့ဒီလွတ်လပ်မှုအပေါ်လည်း ကျွန်တော် သာယာတယ်။”ဆိုပြီး လွတ်လပ်မှုရဲ့ အနုပညာ အပေါ် သူခံစားရ သမျှ လွတ်လွတ်လပ်လပ် ပြောပြခဲ့ပါတယ်။

ဆရာမ မသီတာ(စမ်းချောင်း)ကလည်း“စာရေးဆရာကြီး တစ်ယောက်က ပြောခဲ့ဖူးပါတယ်။ အနုပညာသမား တစ်ယောက်ဟာ အနုပညာ ဖန်တီးနေတဲ့ အခိုက်အတန့်က သူ့အတွက် အလွတ်လပ်ဆုံး အခိုက်အတန့်ပါပဲတဲ့။ ဒါကို ကျွန်မလည်း သဘော တူပါတယ်။”လို့ ဖြည့်စွက် ဆွေးနွေး သွားခဲ့ပါတယ်။

အဲ့ဒီနောက် ဆရာမခင်သန္တာက ဆက်လက် ဆွေးနွေးရာမှာ “လွတ်လပ် ခြင်းဆိုတာ ကိုယ်စိတ်နှစ်ပါး အနှောင်အဖွဲ့ ကင်းစွာရှိခြင်းဖြစ်ပြီး လွတ်လပ် တယ်ဆိုတာ သူတစ်ပါးအပေါ် မှီခိုမှုလည်း ကင်းရမယ်။ အထူးသဖြင့် အသိ ဉာဏ်ပညာနဲ့ ကိုယ့်ကိုယ်ကို အားကိုးတာကို ခေါ်တယ်။ စည်းကမ်းရှိစွာနဲ့ လွတ်လပ်ဖို့လည်း လိုတယ်။ လွတ်လပ်မှုရှိမှ ငြိမ်းချမ်းမှုရမယ်။ လွတ်လပ်စွာ တွေးရဲရေးရဲဖို့ လိုတယ်။ ပြုမူပြောဆိုသမျှ အပြစ်ကင်းနေရမယ်။ အတွေး အခေါ်တွေကို လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ဖို့လိုတယ်။ မတွေးရဲမလုပ် ရဲဘူးဆိုရင် ဘာမှတိုးတက်မှာ မဟုတ်ပါဘူး။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်းတွေက တစ်ခုနဲ့တစ်ခု အချိတ်အဆက်ရှိတယ်။ ခွဲခြားလို့ မရဘူး၊ ငြိမ်းချမ်းခြင်းဆိုတာကို လိုချင်ရင်မေတ္တာစိတ်၊ ကိုယ်ချင်းစာနာ စိတ်ထားတတ်ဖို့လိုတယ်။ လူအချင်းချင်း သဘောထားကိုလည်း ငြိမ်းချမ်းစွာ ကွဲလွဲသင့်ပါတယ်။”ဆိုပြီး လွတ်လပ်မှုကို အဓိပ္ပာယ်ဖွင့် ဆွေးနွေးသွားအပြီးမှာ ဆရာမြေမှုန် လွင်က ဆက်လက်ပါဝင် ဆွေးနွေးခဲ့ပါတယ်။

ဆရာမြေမှုန်လွင်က“လွတ်လပ်ခြင်းဆိုတာ ဒီလိုမျိုး စင်ပေါ်ကနေပြီးတော့ လွတ်လပ်ခွင့် ပေးပါတော့လို့ တောင်းဆိုရမယ့် အယူအဆမျိုး၊ တိုက်ပွဲဝင်ရ ယူရမယ့် ကိစ္စမျိုးမဟုတ်ပါဘူး။ လွတ်လပ်ခြင်းဆိုတာ မွေးလာကတည်းက ကိုယ်နဲ့အတူ ပါလာပြီးသားပါ၊၊ အသက်တွေ၊ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ၊ ဘာသာ ရေးတွေ ကွဲခြားပြီး၊ မင်းတို့တိုင်းပြည်လွတ်လပ် တယ်။ ငါတို့တိုင်းပြည် မလွတ်လပ်ဘူးလို့လည်း ငြင်းနေစရာမလိုပါဘူး။ တစ်စုံတစ်ရာသော ကြောက်ရွံ့မှု၊  ဖိနှိပ်ချုပ်ချယ်မှု၊ မျှော်ကိုးမှုကြောင့် မဟုတ်ဘဲ လွတ်လပ်စွာနေရဲ ပြောရဲရမယ်။ အဲ့ဒါ လွတ်လပ်မှု အစစ်ပဲ”လို့ သူ့ အမြင်ကို တင်ပြသွား ခဲ့ပါတယ်။

ဆရာမ မသီတာ(စမ်းချောင်း)က တစ်ဖန်ဝင် ရောက် ဆွေးနွေးရာမှာ “တကယ်တမ်း လွတ်လပ် မှုဆိုတာဟာ တစ်စုံတစ်ယောက်ရဲ့ ထိန်းချုပ်မှု အောက်က လွတ်လပ်တာမျိုးမဟုတ်ဘဲ ကိုယ် ကိုယ်တိုင်ရယူလိုတဲ့ မျှော်ကိုးချက်ပါတဲ့ ဆန္ဒာ ဂတိ၊ နောက်၊ ဒီလိုလုပ်လိုက်ရင် ဒီလိုအန္တရာယ် များ ဖြစ်သွားမလားဆိုတဲ့ ကြောင့်ကြနေရတဲ့ ဘ ယာဂတိ ၊ နောက်တစ်ခုကတော့ ဒါ၊ ဒီလိုမျိုး ပေါက်ကွဲလိုက်တော့မှ၊ အားအင်သုံးပြီး ကျော် ကြားအောင် လုပ်လိုက်တော့မှ ဆိုတဲ့ ဒေါသာဂတိ၊ နောက်ပြီး တကယ့်လွတ်လပ်မှု အစစ်အမှန်ဆိုတာ ဘယ်သူ့ ထိန်းချုပ်မှုကိုမှ တွန်းလှန်တာမဟုတ်ဘဲ ကိုယ့် အတွေးဟောင်းထဲမှာ ကိုယ်ပိတ်မိနေတာ ကိုပဲမခံမှ ဖြစ်မယ်ဆိုတဲ့ မသိတဲ့ မောဟာဂတိ၊ အဲဒီ့ အဂတိတွေအားလုံးကင်းမှသာ လွတ်လပ်မှု အစစ်အမှန်ဖြစ်မယ်ဆိုတာ အားလုံးသိကြမှာပါ” လို့ ၀င်ရောက်ဆွေးနွေးပြန်ပါတယ်။ အဲ့ဒီနောက် ဆရာလင်းသိုက်ညွန့်က “လွတ်လပ်မှုကို တည် ဆောက်နေတဲ့အဆင့်တစ်ခုမှာ လွတ်လပ်မှုကို မတည်ဆောက်ခင် အရင်ဆုံး အဲ့ဒီနိုင်ငံရဲ့ Man Power နဲ့ Education System ကိုအရင်တည် ဆောက်ရပါတယ်။

လွတ်လပ်မှုက တောင်းဆိုရ မယ့် အရာမဟုတ်ဘူး။ လွတ်လပ်မှုက ကိုယ်တိုင် တည်ဆောက်ယူမှရမယ့် အရာဖြစ်တယ်။ တည် ဆောက်တဲ့အခါမှာလည်း Raw-Material ဖြစ်တဲ့ ပညာအခြေခံတွေ လိုအပ်ပါတယ်။ ပညာရေး အခြေခံမရှိတဲ့ တိုင်းပြည်ဟာ လွတ်လပ်မှု အစစ် အမှန်ကို မရရှိနိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံ ဟာ အခုအချိန်မှာ ဒီမိုကရက်တစ်စနစ်ကို သွား နေတဲ့ ကမ်္ဘာပေါ်က ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ပြည်သူလူထုက လွတ်လပ် မှုကို အခုချက်ချင်းရချင်တယ်။ အစိုးရက လွတ် လပ်မှုကို တစ်ဆင့်ပြီးတစ်ဆင့်ချပြသွားချင်တယ်။ အဲ့ဒါလက်ရှိ ပြည်သူနဲ့ အစိုးရကြားက ဖြစ်နေတဲ့ အဖြစ်အပျက်ပါ။ ဘယ်လိုပဲ တည်ဆောက်စေ ဦးတော့၊ စစ်မှန်တဲ့ လွတ်လပ်မှုတွေနဲ့ ပြည့်စုံတဲ့ ပညာအခြေခံတွေနဲ့ ဆောက်တည်ထားတဲ့ အခြေခံ အုတ်မြစ်တော့ ရှိမှ ဖြစ်ပါမယ်။ ဒါမှ အောင်မြင်ဖွံ့ ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော် သစ်တည် ဆောက်နိုင်မယ်။”လို့ ပညာရေးရှုထောင့် အမြင် ကနေ ၀င်ရောက်လို့ ဆွေးနွေးပေးသွားပါတဲ့ အခါ မှာ လက်ခုပ်သံများ ညံခဲ့ပြန်ပါတယ်။

ဆရာမယုယ အလှည့်မှာတော့ လူငယ်ပီပီ  “ဒီစင်ပေါ် တက်ထိုင်နေရကတည်းက စိတ်က မလွတ်လပ်တော့ဘူး။ အခု တိုင်းပြည်အခြေအနေ အရ နိုင်ငံခြားပဲ သွားရင်ကောင်းမလား၊ နိုင်ငံရေး ပဲ လုပ်ရင် ကောင်းမလား၊ ဒီမှာပဲ ရှာဖွေရင် ကောင်းမလားနဲ့ လွတ်လပ်လာတဲ့အပေါ်မှာ ရွေးချယ်ရ ခက်နေတယ်။ လွတ် လပ်မှုတွေ ရပြီဆိုပေမဲ့ လွတ်လပ်မှုအပေါ်မှာ မှန်ကန်တဲ့တောင်းဆိုမှုပဲ ဖြစ် သင့်တယ်။ လူကြီးတွေ ဘက်ကလည်း ပြန်ပေးတဲ့အခါ ဘယ်လိုပေးမှာလဲ၊ တကယ့်လွတ်လပ်မှုကို ပေးမှာလား။ လူငယ်တွေ အကုန်လုံးကမျှော်လင့်နေ ကြပါတယ်၊ စာပေနဲ့ပတ်သက်ပြီး ပြောချင်သေးတယ်။ အခုခေတ်က၀တ္ထုရယ်၊ ကဗျာရယ်၊ အက်ဆေးရယ်၊ ဆောင်းပါးရယ်၊ စာညွန့်ရယ်ဆို မခွဲခြားတော့ဘူး၊ အက်ဆေးဆန်တဲ့ ၀တ္တုလည်း ဖြစ်ချင်ဖြစ်မယ်။ အက်ဆေးဆန်တဲ့ကဗျာလည်း ဖြစ်ချင်ဖြစ်မယ်။ တဖြည်းဖြည်းနဲ့ကြားမှာတားထားတဲ့ စည်းတွေမှိန်လာတယ်။  ခွဲခြားမနေတော့ဘူး။

ဥပမာ“တစ်နေ့က ဆရာမြေမှုန်လွင်က ဖုန်းဆက်တယ်။ သူ့ဖုန်းက ဂွီဂွီဂွမ်ဂွမ်နဲ့၊ လွတ်ပြီ၊ လွတ်ပြီဆိုတော့၊ ပြောတာကို သိလိုက်ချိန်မှာ အရမ်းပျော်သွားတယ်။ ဒါတကယ်တော့ သတင်းပဲ။ ဒါပေမဲ့ သတင်းကနေ ပျော်ရွှင်ကြည်နူးစေတဲ့ရသကို ရလိုက်တယ်။ ဒါကြောင့် သုတမှာ ရသမပါဘူး ပြောလို့မရဘူး။ သုတဆိုတဲ့သတင်းတွေမှာလည်း ရသပါနေတယ်။ ဒါကြောင့် ရသ၊ သုတဆိုပြီးတော့ စည်းတွေ မခြားသင့်တော့ပါဘူး။ သတင်းတွေမှာ လည်း ရသတွေ ပါပါတယ်။ ဒါဟာ ရသ၊ သုတ၊ အက်ဆေးနဲ့ ကဗျာတို့ကြား က စည်းလုံး ညီညွတ်မှုပါဘဲ။ ရတုပဲရေးနေခဲ့ရင် ရကန်လည်း ပေါ်လာမှာ မဟုတ်ပါဘူး။ ဒီတော့ လူငယ်တွေ မိမိရင်ထဲက ခံစားချက် အစစ်အမှန်တစ်ခု ကိုသာ ချရေးလိုက်ကြပါ။ စာဖတ်သူက လက်ခံမယ်ဆိုရင် ဖန်တီးထားသမျှ အနုပညာ ပစ္စည်းမြောက်ပါတယ်။”လို့ စိတ်ထဲက စကားလုံးတွေကို လွတ် လွတ်လပ်လပ်ကြဲချပြသွားခဲ့တဲ့အခါ လူငယ် ပရိသတ်ရဲ့လက်ခုပ်သံတွေ ရရှိခဲ့ ပါတယ်။“ကျွန်မ နိုင်ငံတကာ စာပေဆွေးနွေးပွဲတွေ သွားတက်တုန်းက အဲ့ဒါ ကဗျာလား၊ ၀တ္ထုလား၊ စာတမ်းလားဆိုပြီး ပရိသတ်ကမေးတာခံခဲ့ရပါတယ်။

Its my writing ဆိုတဲ့ အဖြေက လွဲလို့ ကျွန်မမှာ အဖြေမရှိခဲ့ပါဘူး။ အနုပညာ လွတ်လပ်မှုမှာ ပုံသဏ္ဌာန်တောင် သတ်မှတ်လို့ မရလောက်အောင် လွတ်လပ်စွာ  ဖန်တီးနိုင်တယ်ဆိုတာ အလေးအနက် ထောက်ခံပါတယ်”လို့ ဆရာမ မသီတာ (စမ်းချောင်း)က ဆရာမယုယရဲ့ ဆွေးနွေးချက်အပေါ် ဖြည့်စွက်ဆွေးနွေး ပြန်ပါတယ်။    အဲ့ဒီနောက် ဆရာမ လင်းစက်နွယ်က “လွတ်လပ်မှုမှာကိုက အတိအကျ အဓိပ္ပာယ်ဖွင့်ဆိုလို့ မရပါဘူး။ ပြောရမယ်ဆိုရင်တော့ လွတ်လပ်မှုက အချုပ် အနှောင်ကင်းခြင်းပါ။ ခုနကိုဘုန်းဦးမော် ပြောသွားခဲ့သလို လူတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာပဲ ချုပ်နှောင်လို့ရပါမယ်။

သူ့စိတ်တွေကိုတော့ ဘာနဲ့မှ ထိန်းချုပ် လို့  မရပါဘူး။ အတားအဆီး အပိတ်အပင်ကြားထဲမှာ အနုပညာ မရှင်သန်နိုင် ဘူး။ လူတိုင်း လူတိုင်းဟာ မွေးရာပါ အခွင့်အရေးအရ နိုင်ငံရေး လုပ်နိုင်ခွင့်ရှိ တယ်။ နောက် ကျွန်မသီချင်းဆိုတာ ၀ါသနာပါတယ်။ ဒါပေမဲ့ ကော်ပီသီချင်း တွေ ကျွန်မ အားမပေးဘူး။ မူရင်းအနုပညာရှင် ဖန်တီးထားတာကို အခုလို ကော်ပီလုပ်နေတာ ကာယကံရှင်တွေ သိမှသိရဲ့လား။ အဲ့ဒီတော့ ကျွန်မကော်ပီ အားမပေးဘူး။ ရှက်စရာလို့ မြင်တယ်။ ကိုယ်ပိုင်အနုပညာ ဖန်တီးခြင်း သည်သာ လွတ်လပ်မှု အစစ်အမှန်ဖြစ်တယ်။ အနုပညာရှင်တွေ အားလုံး လွတ်လပ်မှုရဲ့ ဘောင်ထဲမှာ ကိုယ်ပြောတဲ့ ကိုယ်ဖန်တီးတဲ့အရာတွေအတွက် တာဝန်ယူရဲတဲ့ စိတ်ရှိစေချင်ပါတယ်။”လို့ ၀င်ရောက်ဆွေးနွေးပြန်ပါတယ်။ ကြားဖြတ် အစီအစဉ်အနေနဲ့ Htoo Family International Trading CoLtd မှ Mr. Back Sam နှင့် မန်နေဂျင်းဒါရိုက်တာ ဦးကျော်ထူးမှ HIV/AIDS  ဝေဒနာရှင် များအတွက် အလှူငွေ အမေရိကန်ဒေါ်လာနှစ်သောင်းကို  HIV Sections  ဒေါ်ဖြူဖြူသင်းသို့ ပေးလှူပါတယ်။ ဒေါ်ဖြူဖြူသင်းမှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားပါတယ်။

အဲ့ဒီနောက် ဆရာမ မသီတာ(စမ်းချောင်း)မှ ၀င်ရောက်ဆွေးနွေးလိုသူ၊ ဒါမှမဟုတ် မိမိဖန်တီးထားတဲ့ အနုပညာရပ်များကို ချပြလိုသူများကို ဖိတ် ခေါ်ပါတယ်လို့ပြောချိန်မှာ၊ မြသွေးနီမှ ၁၉နှစ်အရွယ်၊ ၁၉၉၀ပြည့်နှစ် နောက်ပိုင်း စာပေ လွတ်လပ်ခွင့်တွေ တင်းကျပ်ခဲ့စဉ် ကလောင်သစ်တစ် ချောင်းအနေနဲ့ မွန်းကျပ်ခဲ့စဉ် ကာလများက ပေဖူးလွှာ မဂ္ဂဇင်းမှာ ပထမဆုံး ဖော်ပြခြင်းခံခဲ့ ရတဲ့ “ကဗျာသည်မ၏သက်ပြင်း”ဆိုတဲ့ ကဗျာလေးကို အမှတ်တရ ရွတ်ဖတ်ပါတယ်။ အဲ့ဒီနောက် ဘလော့်ဂါနေဘုန်းလတ်က “စင်ပေါ်မှာရှိတဲ့ ဆရာဆရာမ ၆ ယောက်လုံးကို မေးချင်တာရှိပါတယ်။ အားလုံးက လွတ်လပ် မှုကို လိုချင်တယ်၊ လွတ်လပ်မှုကို ရအောင်ယူမယ် ပြောသွားကြတယ်။ ကျွန်တော်မေးချင်တာက စာ ရေး ဆရာ၊ စာရေး ဆရာမတွေက စာတွေထဲမှာ စာဖတ်သူတွေကို လွတ်လပ်မှု မပေးဘဲ။ သူတို့ ပြောချင်တာတွေပဲ နားထောင်သွားရတယ်။ နောက်ဆုံး ဇာတ်သိမ်း ခန်းမှာသူတို့ ပြောချင်တာတွေနဲ့ပဲ ပြီးသွားရတယ်။ ဒီတော့ ဒီ ၆ ယောက်လုံးက စာဖတ်သူတွေကိုရော ရေးထားတဲ့ စာတွေ အပေါ် ဘယ်လိုလွတ်လပ်ခွင့် ပေးထားခဲ့လဲဆိုတာ သိချင်ပါတယ်”လို့ စင်ပေါ်က စာရေးဆရာများကို ပြန်လည်မေးခွန်းထုတ် ပါတယ်။ ဆွေးနွေးပွဲက တကယ့်ကို မြိုင်ဆိုင်ပြီး အရှိန် ရလာပါပြီ။

ပရိသတ်တွေကလည်း ဆွေးနွေး မှုများအပေါ်စိတ်ဝင်တစား နားထောင်နေကြဆဲ။ ဆရာမခင်သန္တာက ပြန်လည်ဆွေးနွေးရာမှာ “ဟုတ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မ ဆောင်းပါးပဲ ရေးရေး၊ ၀တ္တုပဲ ရေးရေး အဆုံးသတ်မှာ စာဖတ် သူ လွတ်လပ်စွာ တွေးနိုင်ဖို့ ချန်ထားခဲ့ပါတယ်၊ ဥပမာ-ဆားကို ကိုင်သူလို၊ ကျွန်မလက်မှာ ဒဏ်ရာရှိရင် စပ်မှာပေါ့၊ ဒဏ်ရာမရှိရင် မစပ်ဘူးပေါ့၊ စာဖတ်သူကို လွတ်လွတ်လပ်လပ် တွေးယူစေချင် ပါတယ်”လို့ ပြန်လည် ဆွေးနွေးသွားပါတယ်။ ဆရာဟန်ဆန်းက သူ့အမြင်ကို ၀င်ရောက် ဆွေး နွေးရာမှာ “ဆရာ မင်းလူပြောခဲ့ဘူးတဲ့စကား တစ်ခွန်းရှိပါတယ်၊ စာဖတ်သူဆိုတာ ကိုယ်က ရေးမှဖတ်ရတဲ့ သနားစရာ လူတန်းစား မဟုတ် ဘူးတဲ့၊ အဲ့ဒါကို အရမ်း သဘော တွေ့ပါတယ်၊ ကျွန်တော် ရေးသမျှ စာတွေထဲမှာ ကျွန်တော် ခံစားရသမျှ ရေးထားတာပါ၊ ပညာပေးတာတွေ မပါပါဘူး၊ စာဖတ်သူတွေက ကျွန်တော်တို့ကို အကဲဖြတ်ပေးနေသူ၊ စင်တင်ပေး နေသူတွေပါ။ ဒါကြောင့် စာဖတ်သူတွေကို လေး စားပါတယ်၊ စာဖတ်သူတွေက ပြန်ပြီးမှတ်ချက် ပေးပါ၊ အကဲဖြတ်ပေးပါ”လို့ ဆွေးနွေးသွားပါ တယ်။

ဆရာမ မသီတာ(စမ်းချောင်း)က၀င်ရောက် ဆွေးနွေးရာမှာ “ကျွန်မတို့ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းမှာ မူချမှတ်ထားပါတယ်၊ စာဖတ်သူ လူငယ်များ ကိုယ်တိုင်ပါဝင် ရေးသားနိုင်ခွင့် ဖြစ် ပါတယ်၊ မဂ္ဂဇင်းရဲ့ သုံးပုံ တစ်ပုံဟာ သူတို့တွေ အတွက် ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ စာဖတ်သူတွေရဲ့ အခွင့်အရေးကို ကာကွယ်နိုင်ဖို့ စာရေးသူတိုင်းမှာ တာဝန်ရှိပါတယ်၊  စာဖတ်သူ များရဲ့ အခွင့်အရေးအတွက် ကျွန်မတို့ စာရေးကြရ တာပါ”လို့ စာရေးသူ တစ်ယောက်အနေနဲ့ ခံယူ ချက်ကို ပြောပြသွားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

မြသွေးနီ
(Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)