|
သုညတွေကို တန်ဖိုးရှိအောင် ကြိုးစားခဲ့တဲ့ ရဲလေး |
|
|
|
|
Written by ခင်လေးမြင့်
|
|
Saturday, 25 February 2012 17:07 |
အသက် ၁၀ နှစ်ကျော် ၁၁ နှစ်ဆိုတဲ့ အရွယ်မှာ စိတ်ညစ် စရာတွေ မရှိဘဲ ကျောင်းစာကိုပဲ အာရုံစိုက် ဖြစ်သူက ရဲလေးပါ။
argaiv1660
အဆင့် ၁ ကနေ ၁၀ အတွင်းဝင်အောင် စာကိုကြိုးစားတဲ့ ရဲလေးက အ.ထ.က (၆) ဗိုလ်တထောင်(စိန်ပေါလ်)မှာ သူငယ်တန်းကနေ ဒသမတန်းအထိ ပညာ သင်ခဲ့ပါတယ်။ ဒသမတန်း ရောက်တဲ့ အချိန်မှာတာ့ ရဲလေး ဘ၀မှာ အပြောင်းအလဲ ကြုံခဲ့ရပါတယ်။ အဲဒီအချိန် ပြောင်းလဲမှုက ရဲလေးအတွက် ပထမအဆင့် ပြောင်းလဲမှုပါ။ ၁၀ တန်း အချိန်မှာ ရဲလေး မိဘတွေရဲ့ စီးပွားရေးကျ ဆင်းလာခဲ့ ပါတယ်။ အလုပ်အကိုင်များ အဆင်မပြေ ဖြစ်ကာ အကြွေးတွေ တင်လာပြီး ဖခင်ကလည်း အလုပ်ကနေ ထွက်လိုက် ရပါတယ်။
“အဲဒီအချိန်မှာ တော်တော်လေးကို စိတ်ညစ်ခဲ့ရတယ်၊ ဂွတ္တလစ် မြလမ်းဘက်မှာ နေတဲ့အချိန် အဲဒီအခက်အခဲတွေ ကြုံရတာပါ။ ဂွတ္တလစ်၊ မြလမ်းက အိမ်ကိုရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ကျောက်မြောင်းကို ပြောင်းလာတယ်”လို့ ရဲလေးက ဆယ်ကျော်သက်ဘ၀ကြုံတွေ့ရတဲ့ မိဘများရဲ့ စီးပွားရေး အကြောင်း ပြောပြပါတယ်။ +)၁၀တန်းကို ရဲလေးက ၂ နှစ်ဆက်တိုက် ဖြေဆိုခဲ့တာပါ။ ပထမ ၁၀ တန်းနှစ်မှာ ဆိုကြမယ်၊ ပျော်ကြမယ်မှာ ၀င်ပြိုင်တာ၊ club တက်တာ၊ကျောင်းပြေးတာတွေကြောင့် မအောင်မြင်ခဲ့တာပါ။“လူငယ် ဆိုတာကတော့ အားလုံး သဘောတူပြီး လုပ်ခဲ့ကြတာပါ။ သူငယ်ချင်းတွေ စုပြီး ကျောင်းပြေး၊ ကျူရှင်ပြေး လုပ်တယ်။ လူပေါင်း မှားတယ်လို့ ကျွန်တော် မပြောပါဘူး။ သူငယ်ချင်းတွေလည်း ကောင်းပါတယ်” လို့ ၁၀ တန်းစာမေးပွဲ ပထမ အကြိမ် ဖြေဆိုမှု အကြောင်း ရဲလေးက ပြောပြပါတယ်။ ၁၀ တန်း စာမေးပွဲ ကို ဒုတိယ အကြိမ် ဖြေဆိုမှ မိဘတွေရဲ့ စီးပွားရေး အဆင် မပြေခဲ့တာပါ။
“အဲဒီ အချိန်မှာ ကျွန်တော်က မိဘတွေကို ဘာမှ မပံ့ပိုးပေးနိုင်ဘူး၊ ကျောင်းသား ဘ၀လည်း ဖြစ်တော့ ကျွန်တော့်အစ်ကို company မှာ လုပ်တဲ့ လစာလေးနဲ့ မိသားစုငါးယောက် ဖြစ်အောင်၊ လောက်အောင် စားခဲ့ရတာ။ ပြန်တွေး ကြည့်ရင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသလို ၀မ်းနည်းဖို့လည်း ကောင်းတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ အခက်အခဲ ဖြစ်ချိန်မှာ အစ်ကို့ရဲ့ ကျေးဇူးကြောင့် မိသားစုတွေ လည်ပတ် နိုင်တယ်။ ကျွန်တော်လည်း ၀င်ငွေမရှိတဲ့ အချိန်ပါ။ လူတစ်လုံး သူတစ်လုံးဖြစ်လာတာ အစ်ကို့ရဲ့ ကျေးဇူးတွေ ပါပါတယ်။ လကုန်ပြီ ဆိုရင် ကျွန်တော်ရော၊ ဂျိုကာရော မုန့်ဖိုးလေးတွေ ရတယ်။ အဲဒီလို နေလာရင်းနဲ့ ကျောက်မြောင်းကို ရောက်လာတယ်” လို့ စီးပွားရေး အဆင်မပြေချိန် မှာ အစ်ကိုဖြစ်သူရဲ့ ပံ့ပိုးပေးခဲ့မှု အကြောင်း ပြောပြ ပါတယ်။
ရဲလေးက အခု အချိန်မှာတော့ အောင်မြင်မှုရ နေတဲ့ အဆိုတော် တစ်ယောက်ပါ။ ဒီလိုဖြစ်လာဖို့ လည်း ငွေကြေးမရှိမှု၊ ချို့တဲ့မှုတွေကို ဖြတ်သန်း ခဲ့ရတာ ဖြစ်ပါတယ်။ “တချို့တွေက ပိုက်ဆံမရှိမှာ အရမ်း ကြောက်ကြတယ်။ကိုယ့်ရဲ့ဘ၀ ဆုံးရှုံးသွား မှာတွေရော၊ ဒါပေမဲ့ ကျွန်တော်တို့က မကြောက် တော့ဘူး။ ကျွန်တော်တို့က ဘာမှ မရှိတဲ့ ဘ၀ကနေ လာတယ်။ သုညတွေကနေ လာတာ။ အဲဒီ သုညတွေကို တန်ဖိုးရှိတဲ့ သုညတွေ ဖြစ်အောင်၊ ဂဏန်းတွေ တိုးလာအောင် ကြိုးစားတယ်”လို့ ပိုက်ဆံ ချို့တဲ့ခဲ့ရမှုကြောင့် အခု အချိန်မှာ ဖြစ်ပေါ်တဲ့ စိတ်ခံစားမှု အကြောင်း ရဲလေးက ပြောပြတာပါ။
တချို့သော သူတွေက ဘယ်လို ပစ္စည်းမျိုးတွေ ရှိမှ၊ ဘယ်လိုနေထိုင် ရမှ ဆိုတာတွေ ရှိပါတယ်။ ရဲလေးကတော့ ဒီလို ဘ၀မျိုးကို ဖြတ်သန်းလာရသူ ဖြစ်တာကြောင့် ဘာရှိမှ၊ ညာရှိမှ မဟုတ်ဘဲ အတတ်နိုင်ဆုံးနေတတ်သူပါ။ ပိုက်ဆံ ရှိမှနေတတ်တဲ့ အမျိုးအစားထဲမှာ မပါဘဲ၊ မရှိလည်း ရှိအောင် ရှာတတ်သွား ပြီလို့ ရဲလေးက ဆိုပါတယ်။ ရဲလေးက ငွေကြေး ရရှိမယ့် အချိန်တွေကိုတော့ ဒီအချိန်မှာ များစွာ လိုအပ်နေတာပါ။ဘ၀မှာအခက်အခဲတွေနဲ့ ကြုံရမယ်လို့ ဘယ်သူကမှ မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ ရဲလေးအနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရချိန်က ဆယ်ကျော်သက်ဘ၀၊ သူများတွေလို ၀တ်ချင်၊ စားချင်၊ သွားချင်၊ လာချင်တဲ့ အရွယ် လေးပါ။

“အဲဒီအချိန်တုန်းက စိတ်ညစ်တာပေါ့။ သူများ ၀တ်စားချိန်မှာ ၀တ်ချင်တယ်။ ကျွန်တော် အခုဝတ်တဲ့ အ၀တ်တစ်ထည် အတွက် မနည်း ရှာခဲ့ရတယ်။ ငှားပြီး ၀တ်ရတယ်။ ခူလီလို့ ခေါ်တဲ့ ခေါင်းစွပ်အင်္ကျီတစ်ထည်ကို နှစ်သောင်းကျော်ပေးရတယ်။ ကျွန်တော်တို့ ၁၀ တန်း ကာလတုန်း က အရမ်းတန်ဖိုး ရှိတယ်။ နောက်ပြီး Studio ဖိုးတောင် မနည်းရှာရတယ်။ သူများဆီက ချေးပြီး လုပ်ရတယ်။ အခုမှကိုယ့်ရဲ့ ဘ၀အခြေအနေက ပြောင်းလဲသွားတာ။ လူငယ်တွေကို ပိုက်ဆံရှာ၊ စုပြီး သီချင်းသွင်းလို့ ပြောဖြစ်တယ်”လို့ ရဲလေးက ပိုက်ဆံအခက်အခဲဖြစ်ချိန်က အခက်အခဲတချို့ ရင်ဖွင့်ပြခဲ့ပါသေးတယ်။
ရဲလေးက ၁၀တန်း ဖြေပြီးချိန်မှာ ဂီတလောကထဲဝင်ဖို့ စတင်ကြိုးစားပါတယ်။ကျောက်မြောင်းကို ပြောင်းလာတဲ့ အချိန်ကြိုးစားပြီး ဘိုလေးနဲ့ Adaptor ဆိုတဲ့ စီးရီးထွက်ဖို့ ပြင်ဆင်ခဲ့တာပါ။ စီးရီးထွက်ဖို့ အဆက်အသွယ်တွေ ရှာရင်း ရသနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်မှာလည်း ရဲလေးက စီးရီးသွင်းဖို့ ငွေကြေးစုဆောင်း ရှာဖွေပြီး ကြိုးစားခဲ့တာပါ။ တစ်ကိုယ်တော် စီးရီးထွက်ဖို့ ကြိုးစားခဲ့ရမှုကို ထိပ်ဆုံးမှာ အမေ သီချင်းမှာ ရဲလေးက ထည့်ပြီး ရေးခဲ့ပါသေးတယ်။ မိခင်က ဆွဲကြိုးပေါင်ပြီး studio စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ် ၂ နှစ်တာ ကာလ အတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။ တခြားသူတွေ အနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ။

“Adaptor စီးရီးသွင်းတုန်းက သူငယ်ချင်းတွေဆီကနေ တစ်ထောင် နှစ်ထောင် ချေးရတယ်။ အဲဒီတုန်းက Studio ကြေးက တစ်ဂျူတီကို နှစ်သောင်း ပေးရတာကိုး။ အသံ သွင်းရင်လည်း ပျော်စရာကြီး။ အသံ သွင်းတာက တစ်ယောက် နောက်ကနေလိုက်တာက ၁၀ ယောက်၊ အရမ်း ပျော်ဖို့လည်း ကောင်းတယ်။ အဲဒီတုန်းက အဆိုရှင်လည်း ရှားတာကိုး။”လို့ ရဲလေးက ပိုက်ဆံမရှိဘဲ အသံ သွင်းခဲ့ရပေမဲ့ စိတ်မညစ်ခဲ့ရမှုကို ပြောပြခဲ့ပါတယ်။ ကျွန်တော်နှင့် သက်ဆိုင်သော ဆိုတဲ့ ပထမဆုံး တစ်ကိုယ်တော် စီးရီးအတွက် ပရိုဂျူဆာကို ပင်ပင်ပန်းပန်း မရှာခဲ့ရပေမဲ့ Adaptor စီးရီး ထွက်ဖို့တော့ ကြိုးစားရှာဖွေ ခဲ့ရတာပါ။ ဘိုလေးနဲ့ တွဲလုပ်ထားတဲ့ Adaptor အခွေကတော့ မထွက်ဖြစ်ခဲ့ ဘူးလို့ သိရပါတယ်။ ပထမဆုံး တစ်ကိုယ်တော် စီးရီးတုန်းက ပရိုဂျူဆာ ရအောင် ရှာခဲ့ပေမဲ့ တတိယ စီးရီး အတွက်ကိုတော့ ရဲလေးက ကိုယ်တိုင် စီစဉ် ထုတ်လုပ်နိုင်ခဲ့ပါပြီ။ ပိုက်ဆံ မရှိတဲ့ဘ၀ကို ဖြတ်သန်းခဲ့ပြီးမှ အခုလို ဘ၀ကို ပိုင်ဆိုင်ထားတဲ့ ရဲလေးက ဖြတ်သန်းခဲ့ရမှုတွေကို ပြန်ကြည့်မိတဲ့ အခါ နောက်ပိုင်းမှာ ဒီထက်လုပ်နိုင်တဲ့ အင်အား တွေ ပိုရလာတယ်လို့ ရဲလေးက ပြောပြပါတယ်။
အဆင်မပြေမှု အချိန်တွေမှာ ၀ိုင်းဝန်းကူညီ ပေးကြသူ အားလုံးရဲ့ကျေးဇူးကို ရဲလေးက ဘယ် တော့မှ မမေ့ပါဘူး။ ကျေးဇူးတရားတွေကို အမြဲတမ်း အလေးထားတဲ့ ရဲလေးက ဒီနေ့အချိန်မှာ ကိုယ်ပိုင်ပိုက်ဆံနဲ့ စီးရီးထွက်ဖို့ ကြိုးစားနေသူ၊ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ စုပြီး စီးရီးထွက်ဖို့ ကြိုး စားနေတဲ့ လူငယ်တွေကို “အချိန်တွေကို အကျိုး ရှိရှိ အသုံးချ၊ ကြိုးစားချင်စိတ် ရှိဖို့ လိုတယ်၊ ဖြစ်နိုင်တဲ့ဟာကို ဖြစ်အောင် လုပ်စေချင်တယ်။ ဖြစ်ချင်တဲ့ဟာကို ဖြစ်အောင် လုပ်ရင်နောက်ကနေ ငွေကြေးလိုက်လာလိမ့်မယ်။ ရှိတာလေးနဲ့ ကြိုး စားကြပါ။ အရင်ခေတ်တွေထက် ကြိုးစားဖို့အခွင့် အလမ်းတွေ အများကြီးရနေပါပြီ”လို့ ရဲလေးက ပြောပြပါတယ်။ အခက်အခဲတွေကို ကျော်လွှား ပြီးအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေနိုင်တဲ့ ရဲလေးက သူ့ရဲ့ဆယ်ကျော် သက်ဖြတ်သန်းမှုများကို ပွင့်ပွင့်လင်းလင်း ပြောပြ ခဲ့တာပါ။ ရဲလေးရဲ့ ဆယ်ကျော်သက်ဘ၀ ဖြတ် သန်းမှုအကြောင်းတွေ ဖတ်မိတဲ့လူငယ်များ စိတ် ခွန်အားတစ်ခု ရနိုင်ပါစေလို့ ဆုတောင်လိုက်ပါ တယ်။

ခင်လေးမြင့် (Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
|
ခင်လေးမြင့် |
| About the author: |
| | |
|
Last Updated on Saturday, 25 February 2012 18:10 |