|
ပါးပြင်ထက် ပူနွေးဆဲမျက်ရည် |
|
|
|
|
Written by စောနဒီ၊မြစ်ကြီးနား၊
|
|
Thursday, 15 March 2012 13:17 |
၁။ အသားမာ
“စုန်းမတွေ ပြန်လာကြပြီ” အဲဒီ သတင်းကို အထိတ်တလန့် သယ်ဆောင် လာခဲ့တာ အမေပါ။
argaiv1293
အမေဟာ ကျွန်တော့်ကို ပြောနေတာလား၊ သူ့ကိုယ်သူ ပြောနေတာလား။ ကျွန်တော်ဟာ အသွား ခပ်တုံးတုံး ဓားတစ်ချောင်းလို အမေ့ မျက်နှာကို မဝေခွဲ၊ မပိုင်းခြားတတ်သူ ဖြစ်နေတုန်းပါ။
ကွန်တိုမျဉ်းတွေ တပ်ဆင် ကပ်ငြိနေပုံ aပါက်တဲ့ စဉ်းတီတုံး တစ်တုံးပေါ်မှာ အသားစတွေကို တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ခုတ်ထစ်လို့။ အမေဟာ အသား စဉ်းကောပြုလုပ်နေပုံနဲ့ မတူဘဲ အသားစတွေကို ရန်သူကြီး တစ်ယောက်လို ခုတ်ထစ်နေပါတယ်။
ပြည်ကြီးဖြစ် အသားလှီးဓား အရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ အမေ့လက်မှာ အကြောမျှင် ညိုစိမ်းစိမ်းလေးတွေဟာ မြစ်အစင်းစင်းလို ထောင်းလ မောင်းထလို့။ အမေ့ လက်ဖ၀ါးအစုံဟာ သဲတရှပ်ရှပ်နဲ့ ယောက်ျား ရင့်မာကြီး တစ်ယောက်ရဲ့ အထုသား အပေသားခံ လက်ဝါးမျိုး။ အဲဒီ လက်ဖ၀ါးအစုံနဲ့ ကျွန်တော့်ကျောပြင်တွေ၊ ကျွန်တော့် ပါးပြင်တွေ၊ ကျွန်တော့် ဦးခေါင်းထက်က ဆံနွယ်သားတွေထဲ ထိုးဆွခဲ့ဖူးတယ်။ ကြမ်းရှရှ နွေးနွေးလေးနဲ့ အမေ့လက်တွေဟာ အမေ့ရာဇ၀င်ပေါ့။ အဲဒီလက်တွေဟာ ခုတော့ စာမျက်နှာဟောင်းတွေရဲ့ ရနံ့နဲ့ အရိုင်းဆန်ပြန်လေပြီလား။
ဟော ကျွန်တော် မမြင်အောင် ပုတ်ခတ် ပုတ်ခတ်နဲ့ ဘယ်သူမှ မသိအောင် အမေ့မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ်နဲ့။ အမေ့ခံစားချက်ကို မသိလိုက် မသိဘာသာ နေရင်း အခန်းလေးထဲကနေ အမေ့ကို ခိုးကြည့်နေမိတယ်။
“......“ အမေ ကျိန်ဆဲနေတယ်။ အမေ့ နှုတ်တွေ၊ လျှာတွေ၊ အမေ့စိတ်ဓာတ် အရည်အသွေးကအစ မာထင်နေကြပြီ။ ဒါပေမဲ့ ဒီနေ့မှ အမေ့ အမူအရာတွေဟာ ထူးခြားကဲလွန်နေပါတယ်။ ၀မ်းသာရင် မဖုံးဖိနိုင်တဲ့ အမေ။ အပျော်ကို သိုသိပ် မထားတတ်သေးတဲ့ အမေဟာ လောဘ၊ ဒေါသ၊ မောဟ အရောင်တွေနဲ့ ရင်ဆိုင် တိုးရတဲ့ အခါတိုင်းမှာလည်း ခံစားမှု အထားအသို ဖရိုဖရဲ ရှိနေတုန်းပါ။
အေမဟာ မလိမ္ဘူး။ အညာ မတတ္ဘူး။ ရိုးတယ်။ အေးတယ်။ အတယ်။ ယုံလွယ်တယ်။ ဉာဏ်ပညာနည်းတယ်။ အတန်းပညာ နည်းတယ်။ အဲဒီဝိသေသ တွေနဲ့ အမေ့ရဲ့ နေ့စဉ်နေထိုင်မှုနဲ့ အမေ့စရိုက်တွေဟာ မာကျောကြွပ်ဆတ်နေတယ် လို့ ကျွန်တော် ထင်ပါတယ်။ ဘယ်သူနဲ့ စကားပြောပြော တိုးတိုးသက်သာ စကား မပြောတတ်ခဲ့ပါဘူး။ ၀မ်းသာစရာ ဖြစ်ဖြစ်၊ ၀မ်းနည်းစရာဖြစ်ဖြစ် ခုနစ်အိမ်ကြား ရှစ်အိမ်ကြားဖြစ်အောင် ပြောတတ်တဲ့ အမေလေ။
“ကိုယ်ပြောတတ်သလို ပြောတာ ဘယ်သူ့ ဂရုစိုက် နေရဦးမှာလဲ။ ကိုယ့်ပါးစပ်နဲ့ ကိုယ်ပြောတာ ဘယ်သူ့မှ ထည့်တွက် မနေဘူး”
အမေဟာ အဲဒီလိုမျိုးပါ။ သူ့ဝသီ အတိုင်း ဟောဟောဒိုင်းဒိုင်း ပြောတတ်တာကို ဘယ်သူမှ ပြုပြင်မပေး နိုင်ခဲ့ကြပါဘူး။ အမေ့အကြောင်း အမေ့စိတ်ရင်းသိ သူတွေ အဖို့တော့ အကြောင်း မဟုတ်ပါ။အမေအကြောင်း မသိသူတွေ အဖို့တော့ အမေဟာ အပေါက်ဆိုးဆိုး မိန်းမကြီးပေါ့။ ဒါပေမဲ့ အမေဟာ ကျွန်တော်တို့ မိသားစုအပေါ်မှာ နေမင်းတစ်ရာ၊ လမင်း တစ်ရာလို မဟာစကြ၀ဠာကြီး ဖြစ်နေဆဲဆိုတာကိုတော့ အကြွင်းမဲ့ ယုံကြည်ပါတယ်။ အထူးသဖြင့် အစ်ကိုကြီးရယ်၊ အစ်မကြီးရယ်၊ ညီလေး ရယ်၊ ကျွန်တော်ရယ် အဲဒီ သက်တံပေါ်မှာ အမေ့မေတ္တာတွေ တစ်ဘ၀လုံးစာ မက စီးဆင်း နေစေခဲ့ပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ကျွန်တော်တို့က သီးကင်း အခက်အလက်လေးတွေ၊ အမေက ကြယ်တွေ ပန်ဆင်ထားတဲ့ ပင်စည်၊ ဒုက်္ခတွေ ရစ်သိုင်းထနေတဲ့ ရေသောက်မြစ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ လေကာ မိုးကာ။ အဖေကတော့ ကျွန်တော်တို့ ကောင်းကင်မှာ အောင်မြင်စွာ ကျဆုံးသွားတဲ့ ဒဏ္ဍာရီထဲက သူရဲကောင်း စစ်သည်တော်ပေါ့။
၂။ စုန်းမများ အေးမေတို့ မိသားစု ပြန်လာကြပြီ။ စုန်းမတို့ မိသားစု ပြန်လာကြပြီ။ သူတို့ပြန်လာကြပြီဆိုကတည်းက သူတို့ အိမ်ရှေ့မဖြတ်မိအောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်။ အေးမေ မျက်နှာကို ကျွန်တော် မတွေ့ချင်ဘူး။ မမြင်ချင်ဘူး။ အရင်တုန်းကဆိုရင်တော့ မမြင်ရဲဘူး။ မတွေ့ရဲဘူး။
အေးမေကို တွေ့လိုက်တာနဲ့ ကျွန်တော့် တစ်ကိုယ်လုံး စိမ့်ခနဲ၊ စိမ့်ခနဲ။ အဲဒီခံစားမှုဟာ လက်ဖျံသားတွေဆီကနေ နှလုံးသားထိတိုင် တဖျစ်ဖျစ်ရှတ နာကျင်စေမြဲ။ ငယ်ငယ်တုန်းက ပါးနှစ်ဖက်မှာမည်းခြောက်ခြောက် နှပ်ချေးဖတ်တွေနဲ့ ကောင်မလေး။ စုန်းမလေး။ အဲဒီစုန်းမလေးဟာ မနာလိုချင်စရာ ကောင်းအောင် လှလာတယ်။ မျက်တောင်လေးတွေ ပိုပြီးကော့စင်းလာကြတယ်။ သူ့ အရပ်က ပိုရှည်ထွက်လာတယ်။ မျက်လုံးတွေ ပိုတောက်လာတယ်။ အရင်ကလို ကျစ်ဆံမြီးနဲ့ ကောင်မလေး မဟုတ်တော့ဘူး။ ဆံပင်က ကုပ်အထက်မှာ ၀ဲလို့။ ဂျင်းဘောင်းဘီပြာလေးပေါ်မှာ ဂါဝန်အနားသားလေး ၀ဲပျံနေအောင် ၀တ်လို့ စားလို့။ သူ့ကိုယ်သူတော့ အ၀ါရောင် Dancing Lady သစ်ခွပန်းလေး လို့ ထင်ချင် ထင်နေမှာပေါ့။ ကျွန်တော့်အတွက်တော့ အေးမေရဲ့ အလှတရား တွေဟာ သူမရဲ့ အဇ္ဈတ်္တအလွှာကို ဖုံးအုပ်ထားတဲ့ ဆူးတောင်တွေပါ။ ဟုတ်တယ်။ အေးမေရဲ့နှလုံးသား အစုံဟာ မီးအလွှာလွှာနဲ့ ဓားအစင်းစင်း အတိ ပြီးတယ်။ သဲတရှပ်ရှပ်နဲ့ အတိပြီးတယ်။ အေးမေသာ မဟုတ်ဘူး။ အေးမေရဲ့ အမေ မကျင်ငွေရဲ့ နှလုံးသားဟာလည်း အံ့သြလောက်အောင် ညိုမည်းပုပ်ပွနေ လိမ့်မယ်။ သူတို့အကြောင်း ကျွန်တော် သိတယ်။ သူတို့ဟာ စုန်းမတွေပဲ။
အေးမေတို့ သားအမိ စုန်းတတ်တယ်လို့ မသိရခင်အထိတော့ အေးမေနဲ့ ကျွန်တော်ဟာ အခင်ဆုံး၊ အရင်းနှီးဆုံး ငယ်သူငယ်ချင်းတွေပေါ့။ ကျောင်းက ဆရာ၊ ဆရာမတွေကတောင် ကျွန်တော်တို့ နှစ်ယောက်ကို မောင်နှမတွေလား လို့ မကြာခဏမေးခဲ့ရတဲ့အထိ သူနဲ့ကျွန်တော်ဟာ စားအတူ၊ သွားအတူ ရှိ ခဲ့တယ်။ အေးမေနဲ့ ကျွန်တော်ဟာ မျက်ခုံးမွေး ထူထူထဲထဲ ပိုင်ဆိုင်ထားကြ ချင်းတူနေတော့ မောင်နှမတွေ ထင်ခဲ့ကြတာလို့ ကျွန်တော် ထင်ပါတယ်။
ကျွန်တော်တို့အိမ်က အေးမေတို့နဲ့ တစ်လမ်းကျော်မှာရှိပြီး အေးမေတို့ အိမ်ဟာ စာသင်ကျောင်းနဲ့ နီးပါတယ်။ အေးမေဟာ ကျောင်းသွားခါနီးတိုင်း သူတို့အိမ်ရှေ့မှာ ရှိတဲ့ အုတ်ခုံလေးပေါ်မှာ ထိုင်ပြီး ကျွန်တော့်ကို စောင့်နေ တတ်ပါတယ်။ အဲဒီ အုတ်ခုံလေးပေါ်မှာ အေးမေနဲ့အတူထိုင်ပြီး လမ်းသွား လမ်းလာတွေကို ငေးရီဖူးတယ်။ အဲဒီ အုတ်ခုံလေး ပေါ်ကနေပြီး ရေ နုတ်မြောင်းထဲက ဖားလောင်း လေးတွေ၊ ခရုလေးတွေ၊ ပုစဉ်းလေးတွေ ကြည့်ခဲ့ ဖူးတယ်။ အဲဒီ အုတ်ခုံလေးပေါ်မှာ အေးမေနဲ့ ကျွန်တော် ပုံပြင်တွေ ပြောခဲ့ကြတယ်။ စကားထာ တွေ ၀ှက်ခဲ့ကြတယ်။
ဟိုအရင်တုန်းကတော့ ကလေးဘ၀နေ့စွဲ တွေဟာ မိုးတိမ်တွေလို ပေါ့ပါးပြီး ပျော်စရာ ကောင်းခဲ့ပါတယ်။ အေးမေတို့ အမေ မကျင်ငွေကတော့ ကျွန်တော့် အမေလို မဟုတ်ဘူး။ ထက်တယ်။ သွက်တယ်။ အရည်ပျော်အောင် စကားပြောတတ် ပုံပါပဲ။ ကျွန်တော့် အမေလို ပိန်ကပ်ကပ် မဟုတ် ဘဲ မင်းသမီးကြီး စိုးမြတ်သူဇာလို ခန့်ချောကြီးပါ။ လည်ပင်း အရစ်ရစ်တွေပေါ်မှာ သနပ်ခါးဖတ်ကြီး တွေနဲ့အတူ ရွှေဆွဲကြိုး တုတ်တုတ်ကြီးက သူတို့ ဂုဏ်ဒြပ်ကို မီးမောင်း ထိုးပြနေတဲ့ အမှတ်အသား တစ်ခုပေါ့။
အေးမေတို့ အမေဟာ အပြုံးတွေကို အမြဲ တမ်း ဖန်ဆင်းတတ်တဲ့သူပါ။ မျက်ခုံးမွေးတွေကို ခဲသားရောင် မြင်နိုင်တဲ့ အထိ ဆွဲထားတတ်ပါသေး တယ်။ ပြီးတော့ အေးမေ အနားမှာ ရှိနေတတ်တဲ့ ကျွန်တော့်ကို ငါးကျပ်မျိုး၊ တစ်ဆယ်မျိုး မုန့်ဖိုး ပေးတတ်ပါသေးတယ်။ ကျွန်တော်တို့ နှစ်ယောက်ကို ရန်မဖြစ်ဖို့၊ လမ်းသွားရင် လမ်းဘေးက ကပ် သွားဖို့၊ စာကြိုးစားကြဖို့ ပြောပြောနေတတ်တဲ့ မိန်းမကြီးပေါ့။
၃။ မီးစမီးငုတ် အဲဒီ တစ်နေ့ကို ကောင်းကောင်းကြီး မှတ်မိ နေပါသေးတယ်။ အဲဒီနေ့က အမေဟာ ကုန်စုံဆိုင်တစ်ဆိုင်ဆီ ဈေးဝယ်သွားရင်း လမ်းကြုံတာနဲ့ ကျွန်တော့်ကို တစ်ခါတည်း ကျောင်းလိုက်ပို့ပေးပါတယ်။ အေး မေတို့ အိမ်ရှေ့ရောက်တော့ အုတ်ခုံလေးမှာ ကျွန်တော့်ကို ထိုင်စောင့်နေတာ တွေ့ရတယ်။ အေးမေတို့ အမေကတော့ တံစက်မြိတ်အောက်က နှင်းဆီပင်လေး တစ်ပင်ကို ရေလောင်းပေါင်းသင် နေပါတယ်။
ကျွန်တော့်ကို မြင်တော့ အေးမေက ပြုံးပြ တယ်။ “သူက ဘယ်သူလဲသား”
အမေ့ အမေးကို ကျွန်တော်ကလည်း နှုတ် သွက်လျှာသွက်နဲ့ ပြန်ဖြေခဲ့ပါတယ်။ “အဲဒါ သားသူငယ်ချင်း အေးမေလေ၊ အန်တီ မကျင်ငွေရဲ့ သမီး” “ဘာရယ်”
အမေ့အသံဟာ ဂူထဲကအသံနဲ့ တူပြီး မာ ကျောပြတ်တောင်းလှပါတယ်။ “အဲဒီဟာမတွေနဲ့ မပေါင်းနဲ့”
အမေဟာ ကျွန်တော့်လက်ကို ဆတ်ခနဲဆွဲပြီး ခြေလှမ်းကျဲကျဲကြီးနဲ့ ကျောင်းလမ်းဆီ ဦးတည် လိုက်ပါတယ်။ အမေ ဆွဲခေါ်ရာနောက် လွယ် အိတ်ကလေး တကားကားနဲ့ ပါသွားခဲ့တာ ကျွန်တော်ပေါ့။ ကျွန်တော် နောက်ပြန်လှည့်ကြည့် တော့ အေးမေဟာ ကျွန်တော်တို့ကို နားမလည်နိုင် တဲ့မျက်လုံးလေးတွေနဲ့ ရပ်ကြည့် ကျန်နေခဲ့ပါတယ်။
“ဘာဖြစ်လို့လဲ အမေရ၊ အေးမေကို ကျွန်တော် စောင့်ရဦးမယ်လေ”
“နင် ဘာသိလို့လဲ။ သူတို့က စုန်းမျိုးတွေ ဟဲ့ သိရဲ့လား။ စုန်းမတွေ။ နောက် သူတို့နဲ့ဘယ် တော့မှသွားပြီး မပတ်သက်နဲ့။ ကင်းအောင်နေ ကြားလား”
ကျွန်တော် ခေါင်းညိတ်မိတာက လွဲလို့ အမေ့ကို ဘာစကားမှ မပြောမိလောက်အောင် ဆွံ့အ သွားခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် ဟာ ဘာမှန်းမသိတသိနဲ့ တစ်စုံတစ်ရာကို ကြောက်လန့် နေခဲ့မိပါတယ်။
ကျွန်တော်တို့ မိသားစုမှာ အမေဟာ ကျွန်တော်တို့အတွက် ဦးကင်းသရဖူပါ။ ဘ၀ရဲ့ ခါးသီးတဲ့ စားမြိန်တွေ၊ အဆင်မပြေတဲ့၊ လုံးချာ ပတ်ချာ ရိုက်နေတဲ့ ဒုက်္ခကြိုးစတွေရဲ့ စည်းနှောင် မှုကို ခါးစည်းခံခဲ့ပြီး သေတစ်ပန်သက်တဆုံး ခံတပ်ကြီးဖြစ်ပေးခဲ့တဲ့ အမေဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ရာ ဘူမိနက်သန်ပါ။ မြေမွန်မြေမြတ်ပါ။ အဲဒီကျောက်သားထက်က ယုံကြည်မှုမျိုးနဲ့ အမေ့ စကားကို ကျွန်တော် နားထောင်ခဲ့ပါတယ်။
အေးမေဟာ စုန်းမတစ်ကောင်လို့ သိခဲ့ရတဲ့ အချိန်ကစပြီး အေးမေကို ကျွန်တော် မခေါ်ရဲတော့ ဘူး။ အေးမေဟာ သူ့ရဲ့မှော်အတတ်တွေနဲ့ သူ့ မျက်နှာကို ချစ်စရာကောင်းအောင် ဖန်ဆင်း ထားခဲ့လေသလား။ သူမရဲ့ သွားတက်ကလေး တွေဟာ အစွယ်တွေလို့ မြင်မိတယ်။ ကျွန်တော့်ကို မျက်လှည့်ပြမယ် ဆိုပြီး ပူစီဖောင်းလေးတွေကို မပေါက်အောင် အပ်နဲ့ထိုးပြခဲ့တာ ကျွန်တော် အလှည့်စားခံလိုက်ရတာ ဖြစ်မှာပါပဲ။
အေးမေဟာ တစ်နေ့တခြားသွေးတအေး အေးနဲ့ ရက်စက်တတ်တဲ့ စုန်းမကြီးဖြစ်ဖြစ်လာ ပါတယ်။ အိပ်မက်တွေထဲထိ အေးမေဟာ ကျွန်တော့်ကို ပြုစားနေခဲ့တာပါ။ ဒီလိုနဲ့ အေးမေနဲ့ ကျွန်တော်ဟာ ဝေးဝေး လာတယ်။ အေးမေကတော့ ကျွန်တော့်ကို ခေါ် ချင်ပြောချင်စိတ် ရှိသေးပုံပါပဲ။ အစပိုင်းတော့ မုန့်စားကျောင်းဆင်းချိန်တွေမှာ ကျွန်တော့်ကို လာ လာခေါ်သေးတယ်။ စကားလာလာပြောတယ်။ မုန့်လာလာကျွေးတယ်။ အေးမေကို ကျွန်တော် ကြောက်ပါတယ်။ အေးမေဟာ ၀မ်းတွင်းစုန်း တတ်ပေလိမ့်မယ်။ ဒါကြောင့် သူနဲ့ဝေးဝေး ကျွန်တော် နေခဲ့ပါတယ်။
သူပေးတာ ကျွေးတာ ကျွန်တော် မစားဘဲ နေတဲ့အခါ အေးမေဟာ ကျွန်တော့်ကို စိန်းစိန်းကြီး ကြည့်တတ်တယ်။ စူးရဲနေတဲ့ သူ့မျက်လုံးတွေ ဟာ မီးစတွေနဲ့ အရည်လဲ့နေတယ်။ သူ့မျက်လုံး တွေဟာ ကျွန်တော် ထင်ထားသလို ၀ိုင်းစက်နေ တာ မဟုတ်ပါဘူး။ ကြောက်စရာ ကောင်းအောင် ပြူးကျယ်နေတာပါ။
တစ်ခါတုန်းကတော့ အေးမေကျွေးတဲ့ ကောက်ညှင်းပေါင်းနဲ့ အကြော်စုံ ကျွန်တော် စားဖူး တယ်။ ကောက်ညှင်းပေါင်းထဲမှာ ဆံပင်အရှည် ကြီးပါလာလို့ ဖယ်ထုတ်ပြီး စားခဲ့ရတယ်။ စုန်းမ တွေဟာ အစားအစာထဲမှာ အပင်းထည့်ပြီး ပြုစား တတ်တယ်လို့ အမေ ပြောဖူးတယ်။ ချစ်လို့ပြုစား တတ်သလို မုန်းလို့လည်း ပြုစားတတ်သတဲ့ လေ။ အဲဒီအချိန်တုန်းက အဲဒီဆံပင်ရှည်ကြီးသာ ၀မ်းဗိုက်ထဲ ပါသွားခဲ့ရင် ကျွန်တော့်အူတွေ အပိုင်း ပိုင်း အပြတ်ပြတ် ဖြစ်သွားလေမလား။ ကျွန်တော် ကံကောင်းထောက်မစွာ လူအဖြစ်ကို ဆက်လက် ရရှိခဲ့တာ ဖြစ်ပါလိမ့်မယ်။
တစ်ရက်မှာတော့ ကျွန်တော် နေမကောင်း ဖြစ်ခဲ့ပါတယ်။ ကိုယ်တွေလည်း ခြစ်ခြစ်တောက် ပူလာတယ်။ နှာစေး၊ ချောင်းဆိုး ဘာမှမဖြစ် ပေမဲ့ အဖူးနီနီလေးတွေ ကျွန်တော့်တစ်ကိုယ်လုံး ပေါက်လာပါတယ်။ ရေထိလို့လည်း မရ၊ ရေချိုး လို့လည်း မရပါဘူး။ အေးမေ၊ ကျွန်တော့်ကို ပြုစားခဲ့တာ နေမှာပါ။
ကျွန်တော် နေကောင်းလာတော့ အမေ့ကို မေးမိတယ်။ “အမေ ကျွန်တော့်ကိုယ်ပေါ်မှာ အနီစက်တွေ ဖြစ်လာအောင် အေးမေ ပြုစားလိုက်တာလား”
အဲဒီအခါ အမေက ကျွန်တော့် ယုံကြည်မှုကို ပိုမိုလေးနက်စေတဲ့ စကားကို ပြန်ပြောခဲ့ပါတယ်။ “ဟုတ်တယ်သား။ သူတို့က သားကို ပြုစားလိုက်တာ။ နောက်ဆို သူနဲ့အခေါ်အပြောမလုပ်ရဘူး။ သူ့အမေ စုန်းမကြီးက သားကို ပြုစားလိမ့်မယ်”
အဲဒီနောက်တော့ အေးမေအနားနေဖို့ မပြောနဲ့။ အေးမေကိုတောင် မမြင်အောင် ကျွန်တော် နေတတ်ထိုင်တတ်လာပါတယ်။ အခြား သူငယ်ချင်းတွေကိုလည်း အေးမေဟာ စုန်းမတစ်ကောင် ဖြစ်ကြောင်း အသိပေးဖို့ စိတ်ကူးမိပါ သေးတယ်။ ဒါပေမဲ့ ကျွန်တော် ပြောပြတာကို အေးမေ သိမှာစိုးလို့ ဘယ်သူ့ကို မှ ကျွန်တော် မပြောမိအောင် နေခဲ့ရပါတယ်။
အေးမေကို ကျွန်တော် တကယ်ကြောက်တယ်။
၎။ မာရ်နတ်၏ သမီးပျို မူလတန်း ကျောင်းသားဘ၀ အထိတော့ အေးမေကို ကျွန်တော် အကြောက်ကြီး ကြောက်ခဲ့ရတာ အမှန်ပါ။ မူလတန်းကို လွန်မြောက်လာတော့ အေးမေတို့ သားအမိ ကျွန်တော်တို့ မြို့လေးမှာ မရှိတော့ဘူး။ အေးမေတို့ အမေက အေးမေကို ရန်ကုန်မှာ ရှိတဲ့ သူတို့အမျိုးတွေ အိမ်မှာ နေစေပြီး ကျောင်း တက်စေခဲ့တယ်လို့ သိရပါတယ်။ အေးမေတို့ ဒီမြို့လေးကနေဝေးကွာသွားတာ ကျွန်တော် သိပ်ပျော်တာပဲ။ အေးမေတို့ အရိပ်မမြင်ခဲ့ရတဲ့ နေ့ရက်တွေဟာ ကျွန်တော့်စိတ်အသားစိုင်တွေ လွတ်လပ်စွာ ကခုန်ခဲ့ရတဲ့ နေ့ကောင်းရက်သာ တွေပါ။
အေးမေတို့ နေခဲ့တဲ့အိမ်ကိုတော့ ဆွေမျိုးတော်စပ်သူတစ်ယောက်က ကြည့်ရှုစောင့်ရှောက် ထားပါတယ်။ ဘာပဲဖြစ်ဖြစ် အေးမေနဲ့ ဝေးပြီး နေရတာ ပျော်စရာပါ။ ကြည့်၊ ကျွန်တော်တို့ အိမ်ရှေ့က ပိတောက်ပင်အိုကြီးလည်း တစ်နွေပြီး တစ်နွေ ဖြတ်သန်းခဲ့ပြီ။ အိမ်ဦးခန်းမှာ ချိတ်ထားတဲ့နာရီကြီးလည်း သံချေး တက်လာပြီ။ ကျွန်တော်လည်း လောကကြီးရဲ့ မာယာ ကျယ်ပြောမှု အခင်း အကျင်းတချို့ကို ကြည့်မြင်တတ်လာပြီ။ ကျွန်တော့်အသံတွေလည်း အော လာပြီ။ ဆယ်တန်းလည်း တစ်နှစ်ကျခဲ့ပြီ။ ဆယ်တန်းလည်း အောင်ခဲ့ပြီ။ နောက်ဆုံးနှစ် အဝေးသင်သင်္ချာကျောင်းသားလည်း ဖြစ်ခဲ့ပြီ။ အရာရာ ပြောင်းလဲ လာခဲ့ပါပြီ။ အေးမေကို ကြောက်တဲ့စိတ်နေရာမှာ အမုန်းတရားတွေဟာ ခြေစုံပစ် ၀င်လာပြီ။ အေးမေကို ကျွန်တော် မကြောက်တော့ပြီ။ အေးမေကို ကျွန်တော် မုန်းပြီ။
အေးမေဟာ ကျွန်တော့်ဘ၀ထဲမှာ မာရ်နတ်ရဲ့ သမီးပျိုတစ်ပါးလို့ မြင် တတ်ခဲ့ပါပြီ။ တကယ်တော့ အေးမေကို မုန်းလာတဲ့အကြောင်းပြချက် လက် ဆုပ်လက်ကိုင် မည်မည်ရရမရှိပါ။ အမေ စိတ်လိုလက်ရရှိတဲ့အခါတိုင်း ပြန်ပြောပြတတ်တဲ့ မိသားစုပြက်္ခဒိန်အဟောင်းတွေက ကျွန်တော့်အမုန်းတရား တွေကို ရွှေသားမီးလျှံ ဖြစ်စေခဲ့တာနေမှာပါ။
“အဲဒီတုန်းက သား မမွေးသေးဘူး။ မင်း အဖေက သမ၀ါယမ လူကြီး၊ ကောင်စီခေတ်ပေါ့ သားရယ်”
“တစ်နေ့သင်္ကြန်အခါကြီးမှာ အေးမေတို့ အမေ မကျင်ငွေက အမေတို့ စားဖို့ဆိုပြီး မုန်လုံးရေပေါ် လာပို့တယ်လေ”
အမေက အဲဒီမိန်းမကြီးကို အစကတည်းက သင်္ကာမကင်းဖြစ်နေတာ၊ သတီလည်း မသတီဘူး။ အဲဒါနဲ့ သူ ပေးတာတွေကို အမေတို့အိမ်မှာ မွေးထားတဲ့ ခွေးပိန်မတို့ မိသားစုကို ချကျွေးလိုက်တယ်။ “အဲဒီခွေးပိန်မမှာ ခွေးကလေးတွေ ငါးကောင် ရှိတယ်သားရဲ့။ နို့သား မခွဲသေးဘူး။ သူတို့ခမျာ အမေတို့ ကိုယ်စား ကြားကနေ ဒဏ်ခံပေးသွားကြ ရှာတယ်၊ သား ရယ်”
“ဘာဖြစ်လို့လဲ အမေရ”
“ဘာဖြစ်ရမှာလဲ သားရယ်၊ သင်းတို့ ကျွေး တဲ့မုန့်လုံးရေပေါ်တွေ စားပြီး ခွေးပိန်မတို့ မိသားစု သေကုန်ကြတယ်လေ။ အမေတော့ သင်းတို့ကို သေတဲ့အထိ မကျေဘူး”
အမေဟာ အဲဒီအကြောင်းတွေကို နာကြည်း မှုနဲ့ သတိရနေဆဲ ဖြစ်မှာပါ။ ပြီးတော့ အဘွားကလည်း မကြာမကြာ ပြောပြတတ်တာ ရှိပါသေးတယ်။ “အဲဒီတုန်းက ကျော်မကောင်း ကြားမကောင်း ဟိုးလေးတကျော်ပဲ။ နင့်အမေဆို ခုနစ် သံချီပြီး မကျင်ငွေတို့ အိမ်ရှေ့ ရန်သွားထောင် တာလေ။ မကျင်ငွေဆို သူ့အမှားနဲ့သူ အိမ်ပြင် မထွက်ရဲဘူး။ နင့်အဖေလည်း အဲဒီကတည်းက နာမည်ပျက်တော့တာပဲ။
“ခေတ်တွေ၊ စနစ်တွေ ပြောင်းလာတော့ နင့်အဖေလည်း သမလူကြီး မလုပ်တော့ဘူး။ ယောင်လည်လည်နဲ့ ငါးနှစ်ကောင် ဖမ်းသလို ဖြစ်နေတော့ ဘယ်ကလာ စီးပွားဖြစ်တော့မှာလဲ။ အဲဒီ လို အဆင်မပြေ ဖြစ်လာတော့ သံချောင်းတို့ အဖွဲ့နဲ့ ဖားကန့်ဘက် ရေမဆေးကျောက်ရှာဆိုပြီး တက် သွားလိုက်တာ မင်းညီလေး မွေးတဲ့အထိ ပြန်မ လာဘူး။ ပိုက်ဆံတော့ လှမ်းလှမ်းထောက် ရှာ တယ်။ လူကြုံပါးတတ်တယ်”
“တစ်နေ့တော့...”
အဘွားရဲ့ ပြောပြချက်အရ အဖေဟာ ကျင်းသားဘ၀မှာ ကျင်းပိပြီး သေခဲ့ရတာတဲ့။ အဖေ့ကို ကျွန်တော် မမြင်ဖူးခဲ့ပါ။ အမေနှင့် မင်္ဂလာဆောင်စဉ်က တွဲရိုက်ထားတဲ့ အဖြူ အမည်းဓာတ်ပုံ တစ်ပုံကိုတော့ မြင်ဖူးပါတယ်။ အဖေဟာ မျက်ခုံးမျက်လုံး ကောင်းတယ်။ ကျွန်တော်နဲ့ တူတယ်လို့လည်း အဘွား ပြောဖူးတယ်။
“နင့်အဖေက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဟဲ့။ နင်လည်း နင့်အဖေ ခြေရာမနင်းနဲ့”
အသက်အရွယ်နဲ့ အတူ ရှင်သန်ဖွံ့ဖြိုးလာတဲ့ ခံစားမှုက စကားလုံးတွေရဲ့ အတိမ်အနက်ကို တိုင်းတာ နိုင်စေခဲ့ပါတယ်။ အဲဒီအတွက် အမေ့ နေရာမှာနေပြီး အမေ့ နှလုံးသား ခက်ထန်နေမှုကို နားလည် ပေးနိုင်ခဲ့ရပါတယ်။ တကယ်တော့ အမေ့နှလုံးသား အစုံဟာ ခိုးသားတွေ လက်ထဲရောက်သွားတဲ့ တောကျေး တစ်ကောင်အဖြစ်မျိုးပါ။
“နင့်အမေ အပျိုတုန်းက ဒီလိုဘယ်ဟုတ် မလဲ။ ချောပေ့၊ လှပေ၊ ယဉ်ပေ့ ထဲကပဲ၊ အဘွား အသုံးမကျလို့သာ သေစာရှင်စာလောက်တတ်ခဲ့ တာ။ နင့်အဖေနဲ့ တွေ့ပြီး နင့်အစ်ကိုကြီးမွေးပြီးတဲ့ နောက်မှာမှ အိမ်ထောင်ရေး ကတောက်ကဆတ် ဖြစ်ပြီး နင့်အမေလည်း နှုတ်ကြမ်းလျှာကြမ်း လာတာ”
အဘွားပြောပြပုံ အရဆိုရင်တော့ အမေဟာ သနားစရာ ကောင်းလွန်းလှသူကြီးပါ။ အဖေ့ ကြောင့် အမေ ရန်ဖြစ် တတ်လာတယ်။ ရုန့်ရင်း ကြမ်းတမ်းလာတယ်။ ဆူတတ်ဆဲတတ်လာ တယ်။ ကြာတော့ အမေဟာ ရန်လိုနေတဲ့ ကျားနာ တစ်ကောင်ဖြစ်မှန်းမသိ ဖြစ်လာခဲ့တာ အသေ အချာပါပဲ။
အမေ့အကြောင်း ခရေစေ့တွင်းကျ သိလာ လေ အေးမေတို့ကို ကျွန်တော် ပိုပြီးမုန်းတီးလာရ တယ်။ တကယ်တော့ အမုန်းတရားတွေဟာ အဲဒီ စုန်းမကြီး မကျင်ငွေဆီမှာ မြစ်ဖျားခံခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒါကြောင့် အဲဒီမိန်းမ ကြီးကို ပိုမုန်းတယ်။
အိုဗျာ၊ အဲဒီ မိန်းမကြီးနဲ့ ပတ်သက်တဲ့ အသိုက်အ၀န်းတစ်ခုလုံး ကျွန်တော် မုန်းတယ်။
၅။ သတ္တုတေးသွား အေးမေတို့ ပြန်ရောက်လာပြီဆိုကတည်းက အမေ သိပ်နေမကောင်းလှဘူး။ အမေ ဈေး တောင်မထွက်နိုင်ရှာဘူး။ အမေ့ကိုယ်စား အစ်မ မခင်ရီက ဈေးထွက်တယ်။ အရင်တုန်းကတော့ အမေနဲ့ အစ်မမနက်အစောကြီး ဈေးသွား၊ တစ် ဆင့် ဖောက်သည်တွေဆီကနေ ဟင်းသီးဟင်း ရွက်တွေဝယ်၊ ဈေးထဲမှာ ထိုင်ရောင်းပေါ့။ နေမြင့် ရင်တော့ အမေ ထမင်းချက်ပြန်တယ်။ ထမင်း ဟင်းချက်ပြုတ်၊ အ၀တ်လျှော်၊ ရေမိုးချိုးပြီးမှ တစ်ရေးတစ်မော အိပ်၊ ပြီးတာနဲ့ ဈေးပြန်သွား။ အဲဒီတော့မှ အစ်မ မခင်ရီက အိမ်ပြန်လာ။ ထမင်း စား၊ ရေမိုးချိုး၊ တစ်ရေးအိပ်ပေါ့။ ညနေဈေး သိမ်းခါနီးမှ အမေ့ကို ဈေးသွားကြိုပေါ့။ အဲဒီလို နေထိုင်လာခဲ့တာလည်း ကျွန်တော့်တစ်သက်ပေါ့။ အစ်ကို ကြီးကတော့ အိမ်ထောင်ရက်သားကျသွား ပြီဆိုတော့ သူ့ဘ၀ ကိုယ့်ဘ၀ တင်ဆက်ပေါ့။
အေးမေတို့ ရန်ကုန်ကနေ ပြန်လာတာ တစ်လမ ကြာသေးဘူး။ နောက်ထပ် သတင်းတစ်ခုကို ကြားရပြန်ပြီ။ အေးမေတို့ ရပ်ကွက်ဘုန်းကြီး ကျောင်းမှာ သံပန်းတံခါး လှူတယ်ဆိုတဲ့ သတင်းပါပဲ။ အမေလည်း ဘယ်လိုက ဘယ်လို သတင်း ကြားလာတယ် မသိဘူး။ ဒေါ သူပုန် ထတော့တာ။ အမေ့ဒေါသက ပန်းကန်ခွက်ယောက်တွေ ဆေးတဲ့ဆီ ရောက်သွားတယ်ထင်ပါ့။ ဂလုံဂလွမ်သံစုံ မြည်လို့။ အမေဟာ အဲလိုပဲ၊ တစ်ခုခု မကျေနပ် ဖြစ်နေရင် အသိသာကြီးရယ်။
“အရှက်ကို မရှိကြဘူး။ တကတဲ ကိုယ့်ဘာသာ လှူတာတန်းတာ အသာ မလှူဘူး။ ငါ့ ယောက်ျားကို ရည်စူးပြီး လုပ်စရာလား၊ မယားကြီး ငုတ်တုတ်ရှိနေရဲ့နဲ့”
အမေတစ်ယောက်တည်း တတွတ်တွတ် ပြောနေရှာပါတယ်။ အဘွား ကတော့ ပက်လက် ကုလားထိုင် တစ်လုံးပေါ်မှာ လှဲမှီရင်း ညပုတီး စိပ်နေလေရဲ့။ ကြာတော့လည်း အမေ့ကို ဒီအတိုင်း ကြည့်မနေနိုင်အောင် ဖြစ်ပုံရပါ တယ်။ ပုတီးကို လက်ကောက်ဝတ်မှာ နှစ်ပတ်သုံးပတ် လျှိုရင်း ၀င်ပြောတော့ တာပဲ။ “ညည်းမလဲအေ။ သူ့ဟာသူတတ်နိုင်လို့ လုပ်တာ၊ ညည်းတောင် သာဓု ခေါ်ရဦးမယ့်ဟာ ဘယ့်နှယ့် ဒေါသ ထွက်နေရတာလဲ”
“သာဓုမခေါ်နိုင်ပေါင်တော်၊ ခွေးကျင့်ခွေး ကြံကြံပြီးမှ သင်းတို့က...”
“ခက်တာပဲအေရယ်။ နင့်မလည်း အသက်က ငါးဆယ်ကျော်လာပြီ။ ခုထိတရားမရသေးဘူး။ သေတဲ့သူလည်း သေပြီးပြီပဲ။ ဖြစ်ပြီးသမျှတွေလည်း မေ့လိုက်ပါတော့။ နင့်ယောက်ျားက အရိုးဆွေးပြီး ဘယ်ဘ၀တောင် ရောက်နေမလဲ မသိဘူး။ ညည်းက ခုထိ ၀ဋ်ခံတုန်း”
အမေဟာ အဘွားကို တစ်ခုခုပြန်ပြောဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့ တုန်ရီနေတဲ့ အမေ့ နှုတ်ခမ်းသားတွေဆီက ဘာစကားတစ်ခွန်းမှ ထွက်ကျ မလာနိုင်ရှာဘူး။ အမေဟာ ပန်းကန်ဆေးနေရာကနေ လက်မောင်းသားတွေ ပင့်ပင့်ပြီး မျက်ရည်တွေ သုတ်ရှာတယ်။ ပြီးတော့ အမေဟာ အခန်းထဲ ၀င်သွားတော့တာပဲ။ အမေ ငိုတော့မယ်။ အားရပါးရ အမေ ငိုတော့မှာပဲ။ ကျွန်တော် အမေ့ကို ချော့ချင်တယ်။ အမေ့မျက်ရည်တွေကို ဖွဖွညင်သာ သုတ်ပေးချင်တယ်။ အမေ့နှလုံးသားထဲက ဒဏ်ရာကို ဘယ်လိုကုထုံးနဲ့ ကုရမယ် ကျွန်တော် မသိဘူး။ အဘွားပြောသလို ဘ၀ဆိုတာ ဘယ်အရာမှ ပုံသေကားကျချလို့ မရ။ မမက်ချင်တဲ့ အိပ်မက်တွေကို မက်နေကြရပြီး မက်ချင်တာတွေကိုလည်း မက်လို့မရ။ မဖြစ်ချင်တာတွေ ဖြစ်နေကြရပြီး ဖြစ်ချင်တာတွေကို မဖြစ်ကြရ။ ကံဇာတ်ဆရာက သူ ကပြချင်ရာတေးသွားကို ကပြသွားတာပါပဲ။
ကျွန်တော်လည်း ငိုနေတာပါပဲ။ အမေ မသိအောင် အဘွားမသိအောင် ကျွန်တော့်အခန်းလေးထဲမှာ ၀မ်းလျားမှောက် ငိုနေမိတယ်။ ကြိတ်မှိတ်ငိုရတဲ့ မျက်ရည်တွေဟာ ပိုပူလေသလား။ ဘာကို ၀မ်းနည်းလို့ ၀မ်းနည်းမိမှန်းမသိ ဘဲ မျက်ရည်ဟာ အလိုလိုစီးကျနေတုန်း။ ဘာရယ်လို့ မသိပါဘဲ အေးမေတို့ သားအမိကို မြင်တိုင်း ကျွန်တော် မုန်းမိနေတုန်း။
အဘွားကတော့ ဧည့်ခန်းဆောင်ထဲကနေ အမေ့ကို လှမ်းပြောနေတုန်း။ “ဘယ်မိန်းမမှ ဘ၀မှာ ဒုတိယ မယား၊ တတိယ မယား ဖြစ်ပါစေတော့ လို့ ဆုမတောင်းခဲ့ကြပါဘူး ငါ့သမီးရယ်”
စောနဒီ (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|