|
အပြုံးချင်းတော့ တူပါရဲ့ မေ |
|
|
|
|
Written by န၀ရတ်၊ဂုဏ်-ရူပ၊
|
|
Saturday, 31 March 2012 15:54 |
“ကိုဆွေ၊ ခင်ဗျား လမ်းထိပ် ကွမ်းယာဆိုင်က ကောင်မလေးကို ခြေအေး ၀မ်းရောင် လုပ်နေတယ်ဆို”
argaiv1860
အငယ်ကောင် ကျော်မောင့် အသံကြောင့် အပြင် ထွက်လုလု ခြေလှမ်းများက တုံ့သွားသည်။ ပက်လက် ကုလားထိုင် ပေါ်မှာ သတင်းစာ ဖတ်နေသည့် အဖေက မျက်မှန်ကို ကျော်ကာ လှမ်းကြည့် လာသည်။ ကျော်မောင်ကို ခပ်ဟန့်ဟန့် တစ်ချက် ကျိတ်ကာ လှမ်းကြည့်ပေမဲ့ အကြောင်း သိနေသော သူကောင်းသားက လုံးဝ ပြန်မကြည့်ပေ။ ချုပ်လက်စ စာအုပ်ကိုပင် အကြီးအကျယ် စိတ်ဝင်စား နေဟန်နှင့် ဆက်ချုပ်နေသည်။
“ဘယ်ကွမ်းယာဆိုင်က ကောင်မလေးလဲ။ တစ်သက်လုံး လူပျိုကြီး ဘ၀နဲ့ အေးအေး နေလာပြီးမှ အသက် ၄၀ နား ကပ်တော့မှ ရှုပ်ရှုပ်ယှက်ယှက်တွေ မကြား ချင်ဘူးနော် သားကြီး။ ကိုယ့် ရာထူး၊ ကိုယ့်သိက္ခာနဲ့ မိန်းမ ယူမယ် ဆိုရင်လည်း မိကောင်း ဖခင် သားသမီးတွေထဲက လိမ်လိမ်မာမာ မိန်းကလေး မျိုးကို ရွေးယူ။ သူများ ပြော သံဆိုသံတွေ ဘာမှ မကြား ချင်ဘူးနော်။
နောက်ဖေး ထမင်း ချက်နေရာမှ လက်နှီးစုတ် ကိုင်ကာထွက်လာသည့် အမေ့ စကားသံကြောင့် ရင်ထဲမှာ ကတုန်ကယင်ကြီး ဖြစ်သွားရသည်။ တန်တော့ ဒီကိစ္စ ကျော်မောင် အမေ့ကို ကုန်းချောတာပဲ ဖြစ်ရမည်။ ဒေါသစိတ်က ကျော်မောင့် ခေါင်းပေါ်ကို စုပြုံကျလာသည်။ ဒီနေ့ ရုံးပိတ်ရက်မို့ အိမ်မှာ လူစုံ နေသည်ကကို ပြဿနာပင်။ တော်ကြာ မမကြီး ၀င်ပါလာကာမှ ကျောင်းဆရာမပီပီ လေပြေ၊ လေရှည်တွေ ထိုးလာတော့ မှာမို့ ကိုဆွေ ခပ်မြန်မြန်ပင် လှေကားမှ ဆင်းခဲ့ရသည်။ လမ်းတစ်လျှောက်လုံး အမေ့ စကားက ခေါင်းထဲရောက် လာသည်။ အခုမှ သူ့အသက် က ၃၇ နှစ်ပဲ ရှိသေးတာ၊ အမေပြောသလောက်လည်း မကြီးသေးပါဘူးဟု ဖြေတွေး ကာ ရည်ရွယ်ချက် အတိုင်း ကွမ်းယာဆိုင်သို့ လှမ်းလာ လိုက်၏။
“ကွမ်းယာ တစ်ရာဖိုး”
“ဟယ် ကိုကြီး ဒီနေ့ နောက်ကျတယ်နော်။ ရုံးပိတ် ရက်မို့ စောစောလာမလားလို့ မျှော်နေသေးတယ်”
သနပ်ခါးပါးကွက် လေးက ရီရီပြုံး ပါးပေါ်မှာ လတ်ဆတ်စွာ နေရာယူနေ သည်။ ၀ါတာတာ သင်္ကြန် ဆင် ၀မ်းဆက်လေးနှင့်မို့ သည်နေ့မှ အပြုံးက ပိုလှနေ သလိုပင်။ ဒါတွေကို မြင်တွေ့ နေရတော့လည်း အိမ်နှင့် ရင်ဆိုင်ရဲသည့် သတ္တိက ကိုဆွေ့ရင်ကို အလုံးအရင်းနှင့် ၀င်လာသည်။ ကျစ်ဆံမြီးလေး တစ်ဖက်ကို ချစ်စနိုးနှင့် လူမမြင်အောင် ခပ်ဆဆလေး လှမ်းဆွဲတော့ အပြုံးက ရှောင် တိမ်းဟန်ပြုကာပြုံးနေသည်။
ဒီနေ့ လချုပ်စာရင်း ပိတ်ရက်မို့ အိမ်ပြန် နောက်ကျနေပေပြီ။ လိုင်းကားများ ကလည်း သည်နေ့မှ ကျပ်လွန်းလှသည်။ အပြုံးကြိုက် တတ်သည့် ကြက်သားသုပ် အထုပ်လေးကို လက်မှဆွဲကာ ကားပေါ်မှ ဆင်း၍ မြေပြင်သို့ ခြေထောက် ကျတော့မှ အသက်ကို ၀၀ရှူရတော့သည်။
“ဦးလေး ကွမ်းယာ လုပ်ပါဦး။ ဒါနဲ့ ရီရီပြုံးကော မမြင်ပါလားဗျ”
ဟန်လုပ်ကာ မေးလိုက် ရသော်လည်း သူတို့ အကြောင်းကို အတန်ငယ် ရိပ်မိဟန်တူ သော ယောက္ခမလောင်းကြီး ၏ နီအစ်အစ် မျက်နှာရိပ်က သိပ်မကြည်ချင်ပေ။ “အိမ်ပြန်သွားပြီ”
တိုတုတ်တုတ်ဖြေသံ အဆုံးမှာတော့ လက်ထဲမှ ကြက်သားသုပ် အထုပ်လေး က ပိုင်ရှင်မဲ့သွားသည်။ အိမ် ပြန်ယူသွားပြန်လျှင်လည်း တစ်ခါမှ ၀ယ်မလာဖူးပါလား ဘာညာနှင့် စစ်လား၊ ဆေး လားဖြစ်လာဦးမည်။ ယောင် ချာချာနှင့် အထုပ်လေး ဆွဲကာ လျှောက်လာမိသည် မှာ အိမ်ဝပင် ရောက်လုပြီ။ မဖြစ်သေးပါဘူးဟု စဉ်းစားရင်း ပတ်ဝန်းကျင်ကို လှမ်း ကြည့်တော့ လမ်းမီးတိုင် အောက်မှာ ခပ်ငေးငေးလှမ်း ကြည့်နေသည့် ခွေးမ မိညိုတို့ မိသားစု။
“ဤသို့ပြုရ မြတ်ဒါန ကြောင့် အပြုံးလေးနှင့် အမြန် နီးစပ်ရလိုပါ၏” တိတ်တိတ်ကျိတ်ဆု တောင်းကာ အထုပ်လေးကို မိညိုရှေ့သို့ ပစ်ချလိုက်သည်။ ဘုတ်ခနဲ ကျလာသည့် အထုပ်တစ်ထုပ်ကို ဘုမသိ ဘမသိနှင့် မိညို နမ်းကြည့် သည်။ ကြက်သားနံ့ကြောင့် ထင့် အားရ၀မ်းသာနှင့် ၀ပ် နေရာမှ ဆတ်ခနဲ ထကာ သူ့ ကို အံ့သြစွာမော့ကြည့် သည်။ သူ့ ရင်ထဲမှာ ကျေနပ် စွာနှင့် လေတစ်ချက် ချွန်ကာ လှည့်ထွက်လာမိသည်။
“ကိုဆွေ ခင်ဗျား စွတ် တင်မနေနဲ့နော်။ ဘာမှ အတွေ့ အကြုံရှိတာလည်း မဟုတ်ဘဲ နဲ့ ခင်ဗျားခံနေရဦးမယ်။ ကျုပ်က ညီအစ်ကိုချင်းမို့ စေတနာနဲ့ ပြောတာ။ ခင်ဗျား ကောင်မလေးက ခပ်ရှုပ်ရှုပ် ထဲကရယ်။ သူ့အကြောင်း တစ်ရပ်ကွက်လုံး သိတယ်။ ခင်ဗျား တစ်ယောက်ပဲ မသိတာ”
ကျော်မောင်က စကား ပေါက်ဆိုးသော်လည်း ရင်ထဲ ကလာသည့် စေတနာစကား ကိုသာ ပြောတတ်သူမှန်း သူ နားလည်သည်။ ခက်သည် က အပြုံးကို ပြောလျှင် သူ မခံချင်ပေ။ “ဟိတ်ကောင် မင်း ပါး စပ်ပိတ်ထားစမ်း။ အရင်တစ် ခါတုန်းကလည်း ငါ ပြဿနာ မဖြစ်ချင်လို့ မင်းကို ဘာမှ မပြောခဲ့တာ အဟုတ်ထင်မနေ နဲ့။ ငါ့ကိစ္စ ငါနားလည်တယ်။ ပိတ်ထိုးလိုက်ရ မကောင်း ဖြစ်ရော့မယ်”
အကြီးဆိုသည့် အာဏာ ကို အပြည့်အ၀သုံးကာ ကျိတ်ဟောက်လိုက်ရသော် လည်း စိတ်တော့ မကောင်း ချေ။ ဒါတောင် ကျော်မောင် ဆိုသည့် ကောင်က အရှုံး မပေးချင်ဟန်နှင့် ခပ်စောင် စောင် လုပ်နေသေးသည်။
“ဘာဖြစ်နေကြတာလဲ နင်တို့”
အဲဒါကမှ ပြဿနာပေ။ မမကြီး ၀င်လာပါလျှင် ပွဲက တော်ရုံနှင့် ပြီးမှာ မဟုတ်ပေ။ အရေးထဲ ကျော်မောင်ကလည်း နတ်သံနှောကာ ဖြစ် ကြောင်း ကုန်စင်ကို အစ်မ ထံ တင်ပြနေပြန်သည်။
“ကဲကိုဆွေ၊ မောင်လေး က ငါ့ထက် ၃ နှစ်ငယ် တယ်ဆိုပေမဲ့ တည်တည် ကြည်ကြည်နဲ့ အမြဲနေတတ် တာမို့ ငါကိုယ်တိုင် လေးလေး စားစား ဆက်ဆံခဲ့တယ် ကွယ်။ ရုံးအုပ်ဆိုတဲ့ ရာထူးနဲ့ သင့်တော်ရာ မိန်းကလေး တစ်ယောက်ကို ခေါင်း ခေါက်ယူနိုင်ရဲ့နဲ့ ဘာလို့ ဘာမဟုတ်တဲ့ မိန်းကလေး တစ်ယောက်နဲ့ လူပြောသူ ပြောခံရတာတုံး။ မမကြီးက ကလေးတွေရဲ့ ဆရာမလည်း ဖြစ်တယ်။ မိန်းကလေးချင်း လည်း ဖြစ်နေတာမို့ နစ်နာ စရာစကားကို ပါးစပ်ဖျားပေါ် တင် မပြောလိုဘူး။ ခပ်ရှုပ် ရှုပ်ထဲက ဆိုတာကိုတော့ ပတ်ဝန်းကျင်က တိုင်းတဲ့ ပေတံပေါ်မှာ ဆေးစက်ရှိ တယ်။ ဒီတော့ ငါ့မောင် လုပ်ရပ်ကို ရပ်တန်းက ရပ်ပေ တော့။ ငါလည်း ကျောင်း သွားရတော့မှာမို့ ဒီစကား ဒီလောက်နဲ့ပဲ ရပ်မယ်”
“ဟူး တော်ပါသေးရဲ့။ ရပ်သွားပေလို့” စိတ်ထဲမှာ ကျိတ်ပြောလိုက်ရသော်လည်း အပြင်ကိုတော့ မထွက်ဝံ့ပေ။ ဘယ်သူတွေ ဘယ်လောက် ပင်နားချကြပါစေ၊ ရီပြုံးလေး ကို ချစ်သည့်အချစ်က ပျက် ပြယ်မသွားနိုင်ပေ။ နွားအို မြက်နုကြိုက်တယ် ဆိုစေ ဦးတော့၊ သူ့ထက် ဆယ်နှစ် လောက်ငယ်သည့် ကလေးမ လေးမို့ ပိုတိုး၍ ချစ်ရသည် ပင်။
“ကိုဆွေ မောင်လေး ပြန်တာစောသားပဲ။ မောင် လေးနဲ့ မိတ်ဆက်ပေးချင်လို့။ ဒါ မမကြီး သူငယ်ချင်း ခင်ပြုံးမြင့်တဲ့။ မမကြီးလိုပဲ အထက်တန်းပြ ဆရာမလေ။ အခု ကျုံပျော်မှာ တာဝန်ကျ နေတာ။ ရန်ကုန်ကို ကိစ္စ တစ်ခုနဲ့ လာရင်း မမကြီး ကျောင်းကို လာလည်လို့ လေ။ အဲဒါနဲ့ မတွေ့ရတာ လည်း ကြာပြီဆိုတော့ အိမ် မှာတည်းရအောင် ဇွတ်ခေါ် လာရတာလေ”
မမကြီး၏အပြုံးက မီးဖန်ချောင်း၏ အလင်းရောင် မှိန်မှိန်အောက်တွင် ၀င်းပ လွန်းနေသည်။ သူ့ခေါင်းထဲ မှာ အချက်ပေး ခေါင်းလောင်း သံက မြည်လာသည်။ မမကြီး သူငယ်ချင်းဆိုတော့ သူ့ထက်တော့ အသက်ကြီး မှာ သေချာသည်။ အကဲခတ် သလို လှမ်းကြည့်တော့ အပျို ကြီး မမက မမကြီးပြောထား ပြီးသော စကားကြောင့်ထင့်၊ ရှက်စနိုးနှင့် ပြုံးမြမြလုပ်နေ ပြန်သည်။ အပြုံးဆိုသည့် အမည်ချင်းတူသော်လည်း နုနယ် ပျိုမျစ်မှုနှင့် အိုမင်းရင့် ရော်မှုက အတော်ကွာသည် ဟု သူ့ဘာသာသူစိတ်ထဲမှ ဆုံး ဖြတ်လိုက်မိ၏။ တစ်အိမ်လုံးက သမီးချင်းမိုးမွှန်အောင် ခေါ်ကာ အရေး ပေးထားကြ တာမို့ ဒေါ်ခင်ပြုံးမြင့်ကြီး ကတော့ တော်ရုံနှင့် ပြန်မည့်ပုံ မမြင်ပေ။
အင်းလျားကန်ရေပြင် က တိတ်ဆိတ်ငြိမ်သက် လွန်းနေသည်။ လေအဝှေ့မှာ ရီပြုံး၏ ဆံနွယ်လေးတွေက တလှုပ်လှုပ်။ သူ့ ရင်ထဲမှာ လည်း တဒုတ်ဒုတ်ဖြစ်နေ သည်။ အပြုံးနှင့် သူ တစ်ခါ မျှ နှစ်ယောက်ချင်း မတွေ့ ဖူးပေ။ အပြုံးကတွေ့ချင်ပါ သည် ပြောလာတော့မှ သူ့မှာ အူယားဖားယားနှင့် ခေါင်း တွေ အခါခါညိတ်ရ၏။
“ကိုကြီးကို ပြောစရာရှိ လို့။ အပြုံးပွင့်ပွင့်လင်းလင်း ပဲ ပြောမယ်နော်။ အရင်တုန်း က ရည်းစားတွေ အများကြီး ထားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုကြီးကို အဖြေပေးပြီးတဲ့ နောက်ပိုင်းမှာ အားလုံးကို အဆက်အသွယ် ဖြတ်ခဲ့ပါ တယ်။ အပြုံးကိုချစ်ရတာ ကိုကြီးအတွက် နစ်နာမှန်းသိ ပါတယ်။ မိန်းကလေးက စ ပြောရတဲ့ အခုစကားကို အပြုံးရှက်ပေမဲ့ ပြောမှ ဖြစ် မှာမို့ အားတင်းပြီး ပြောပါ ရစေ။
“ကိုကြီး အပြုံးကို လက်ထပ်နိုင်မလား” အပြုံး မေးလိုက်သော မေးခွန်းအတွက် သူ့မှာ အဖြေ မရှိသေးပေ။ အပြုံးက သူ့ကို ကြည့်ကာ ပြုံးလိုက်၏။
“အခု အပြုံးမှာ ဒုက္ခ တွေနဲ့ ရင်ဆိုင်နေရတယ်။ အမေက နာတာရှည် လူမမာ အိပ်ရာထဲ လဲနေတယ်။ အဖေက အသောက်သမား။ အပြုံး မရှက်ပါဘူး ကိုကြီး ရယ်။ အခု အပြုံးတို့မှာ စား ၀တ်နေရေး ကျပ်တည်းလှ ပါတယ်။ အပြုံးအောက်မှာ ကျောင်းတက်ဆဲ လူမမည် ကလေး ၃ ယောက်ရှိသေး တယ်။ ကျောင်းဖွင့်ချိန်မှာ သူတို့အတွက် ကုန်ကျလာ မယ့် ငွေကြေး၊ အမေ့ဆေးဖိုး၊ စားဝတ်နေရေးစရိတ်တွေကို အပြုံးရဲ့ ကွမ်းယာဆိုင်လေး က ရတဲ့ ၀င်ငွေတစ်ခုတည်း နဲ့ ရပ်တည်လို့ မရနိုင်တော့ ဘူး။ ဒါကြောင့် အပြုံးမှာ ဘေးနားက ဖေးမပြီး ကူညီ ပေးနိုင်မယ့် အကူအညီလိုလာ တယ်။ အပြုံးနဲ့ လက်တွဲပြီး အိမ်ထောင့်တာဝန်ကို ခွဲဝေ ယူနိုင်မယ့် ပခုံးတစ်ဖက်လို ကို လိုအပ်နေပြီ။ ဒီတော့ အပြုံးဘက်က စကားကုန်ပြီ။ တာဝန်ယူရမယ့် အခြေအနေကိုလည်း အပွင့်လင်းဆုံး ပြော ပြပြီးပြီဆိုတော့ ကိုကြီး စဉ်း စား ဆုံးဖြတ်ပါတော့။ ကိုကြီး အပြုံးနဲ့ အတူ လက်တွဲပြီး ရင်ဆိုင်ဖို့ သတ္တိရှိတယ်ဆိုရင် မနက်ဖြန်ညနေ အပြုံးကို လာခိုးလှည့်။ အပြုံးစောင့် နေမယ်”
အပြုံး ပြန်သွားပြီးချိန် သူ့ရင်ထဲမှာ မောလျကျန်ရစ် ခဲ့၏။ အဖေက ၀န်ထမ်း၊ အမေက အိမ်မှာ ကုန်စုံဆိုင် လေးဖွင့်ထားတာမို့ ငယ်စဉ် ကတည်းက မချမ်းသာသည့် တိုင် မဆင်းရဲခဲ့ပေ။ သူများ တကာလို ကားစီး၊ တိုက် ဆောက်မလုပ်နိုင် မနေနိုင် သော်လည်း ထမင်းတစ်လုတ်ကို တော့ အသားဟင်း တစ်ခွက်နှင့် ၀လင်အောင် စားရမြဲပင်။ ဆင်းရဲကျပ်တည်းမှု ဒဏ်ကို သူ မခံစားဖူးပေ။ သူ ရည်ရွယ်ထားသည်က နောင် ၂ နှစ်လောက်နေပြီး လျှင် အပြုံးကို သူ လက်ထပ်မည်။ သူ့အိမ်သို့ လိုက်လာ ရလျှင်လည်း အမေ့ ဈေးဆိုင် လေးမှာ အပြုံးက ကူရောင်း၊ သူက ရုံးတက်စသည့် သက်သက်သာသာ ဘ၀မျိုးကို သာ သူမှန်းထားသည်။ တစ် အိုးတစ်အိမ်ခွဲနေရစေဦးတော့ သူနှင့်အပြုံး နှစ်ယောက် အတွက် သူတာဝန် ယူနိုင်သည်။ အခုလို တစ်ပြုံ တစ်မကြီး မိသားစုကြီး တစ် ခုလုံးကို တာဝန်ယူဖို့တော့ သူ စဉ်းစားမထားမိပေ။ သူရ သည့် လစာ ၀င်ငွေနှင့်လည်း ဘယ်လိုမှ ရှင်းမရနိုင်မှန်း သူ သိနေသည်။ နဂိုကမှ ခပ်အေးအေး နေတတ်သူမို့ အပြင် ၀င်ငွေရအောင် အရမ်းကြီး ရုန်းကန် လှုပ်ရှားရမှာလည်း သူ မ၀ံ့ရဲပေ။ ဘယ်လိုပဲ စဉ်းစားစေကာမူ အဖြေ မထွက်ဘဲ ခေါင်းပူ လာရသည်။ မနက် ဖြန်ရောက်မည့် အရေးကိုသာ သူရင်လေး နေမိသည်။
ညနေစောင်း ရောက်တော့ သူအိမ်မှာ ထိုင်နေ၍ မရတော့ပေ။ မှိန်ပျပျအလင်း ရောင်အောက်မှာ သက်ဝင် လှုပ်ရှားနေကြသည့် လမ်းထိပ်မှ ဘုံဆိုင်သို့ သူ ရောက် လာသည်။ ဘုံဆိုင်နှင့် အူ ရိုင်းတို့ မိတ်ဆက်ကြလေပြီ။ ပုလင်းတစ်ဝက်ကျိုးလာ သည့်တိုင် ညစ်သည့်စိတ်က မပျောက်ဘဲ ရီတီတီအမူးက သာ လူကို ပိုဆိုးလာစေ သည်။ ပြန်မှဆိုသည့် အသိ စိတ်ကြောင့် ထပြန်လာတော့ ခြေလှမ်းတို့က မမှန်ချင်ပေ။ အိမ်ပြန်ရာ လမ်းတစ်လျှောက် မှာ လူတွေ အကုန်လုံးက အပြုံး ဖြစ်နေပြန်သည်။
အိမ်တံခါး လာဖွင့်ပေး သူက အပြုံး။ သို့သော် သူ့ အပြုံးလေးတော့ မဟုတ်ပေ။ အမေတို့ အချစ်တော် အိမ် ရောက်နေသည့် ဧည်သည် အပြုံးကြီး ဖြစ်နေမှန်း သူ ခပ်ရေးရေး သိသည်။ အဖေတို့ တစ်အိမ်လုံး ဘုရားသွားကြ သည်တဲ့။ အပြုံးကြီးက ခေါင်းကိုက်နေ၍ လိုက်မ သွားတဲ့။ စကားသံတွေက လည်း မကြားတစ်ချက်၊ ကြားတစ်ချက်။ သူ့အတွက် သံပရာရည်ဖျော်ပေးနေသည့် အပြုံးကြီးကို လှမ်းကြည့်ရင်း သူ့ ဆုံးဖြတ်ချက်တွေ အခုမှ ခိုင်မြဲသွားသည်။ ဘာဖြစ်ဖြစ် အပြုံးချင်းတော့ အတူတူပါပဲ ကွာ။ သံပရာရည်ခွက်လေး ကိုင်ကာ လှမ်းလာသော အပြုံးကို လှမ်းဖက်တော့ ရင် ခွင်ထဲမှာ အပျိုဖြန်းမလေးလို ပြုံးပြနေပြန်သည်။ အနီးကပ် ကြည့်လိုက်တော့မှ မျက်ဝန်း တစ်ဝိုက်မှ အရေးအကြောင်း များက ထင်ရှားလာသည်။ စိတ်ပျက်ချင် လာသည့် စိတ်ကို ချိုးနှိမ်ကာ မျက်လုံးကို စုံမှိတ်ချလိုက်တော့မှ ရင်ခွင်ထဲက အပြုံးက ဆယ် ကျော်သက် အပြုံးစစ်စစ်လေး ဖြစ်သွားရတော့သည်။
န၀ရတ်၊ဂုဏ်-ရူပ၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|