|
Written by ပုသိမ်မောင်ရွှေမူ
|
|
Friday, 27 April 2012 16:20 |
ပထမတော့ သူ တိုင်ကလေးကို မှီပြီး ရပ်နေသည်ပင်။ ရပ်နေရင်းက သူ့စိတ်ကူး စိတ်သန်းတွေ ကစဥ့် ကလျားနှင့် ပြေးပြေးလွှားလွှား ဖြစ်နေမည် ထင်၏။
argaiv1608
တိုင်ကလေးကို ကျောကုန်းနှင့် တစ်ပတ်လည် ပွတ်သပ်ပြီးမှ ဖျတ်ခနဲ သူ သတိ ရသွားသည်။ ဒီတိုင်ကလေးမှာပင် မနှစ်က အဖေထုံးနှင့် မှတ်ခဲ့သော ရက်စွဲကို ပျာပျာသလဲ ကြည့်သည်။ အစက ထုံးဖြူဖြူနှင့် အဖေ ရေးခဲ့သော်လည်း ခုတော့ ထုံးရောင်က ၀ါကျင်ကျင် ဖြစ်ကာ ခပ်ပါးပါးပင် ရှိတော့သည်။ သည့်ထက် ဆိုးသည်က ရက်စွဲ ဂဏန်းကို ဖတ်မရအောင် ခြစားထားသဖြင့် သုညလား တစ်လား သူ မသိတော့။
ထုံးသွားရာ လမ်းကြောင်းကို လက်ညှိုးလေး ထောက်ထောက်ပြီး လိုက်သော်လည်း နောက်ဆုံး လက်လျှော့ လိုက်ရသည်ချည်း။ အမေ့ကို မေးဖို့ကျတော့လည်း အမေက ခုတစ်လော ဖောက်နေသဖြင့် သူထင်ရာ စွတ်ပြောပြီး စကားရှည်နေလျှင် သူများတွေ သိကုန်မှာလည်း စိုးရ။ အမေ့အကြောင်းကို သူ သိသည်။ အမေ့ ဦးနှောက်ထဲမှာ အဖေက လွဲပြီး ဘယ်အရာမှ မရှိနိုင်မှန်း သူ အသိဆုံး။ ဒါကြောင့် မေး မနေပါဘူးလေဟု ဆုံးဖြတ်ကာ တစ်ကိုယ်ရည် တိတ်တိတ်ဆိတ်ဆိတ် တွေးနေလိုက်သည်။ အဖေကလည်း အဲသည်နေ့ကို ပါးစပ်ကလေး နှင့်တောင်မှ သူ့ကို ပြောမသွား တာအံ့ပါရဲ့။ ဘာလိုလိုနှင့် အဖေ ဆုံးတာတောင် နှစ်တစ် ပတ်လည်ပါရောလား။
“ဟဲ့ ငဆုပ် နေသာတာ ၃ ရက်ရှိပြီ၊ အရှာအဖွေလေး ဘာလေး ထွက်ပါလား။ တယ်နေနိုင်တဲ့ ကလေးတွေ ပဲ”
ရွာမှာက ဒီလိုပင်။ အမြင်မတော်သည်ကိုတွေ့လျှင် တစ်မိသားနှင့် တစ်မိသားပေမဲ့ အကြံပေးရ ပြောရဆိုရနှင့် နေကြသည်မဟုတ်လား။ အိမ်ရှေ့မှ ဖွားဆိတ်၏ ကွဲရှရှ အသံကြောင့် သူ့ကိုယ်ကလေး သိမ့်ခနဲတုန်သွားသည်။ ဟုတ်ပါ့။ ခုရက်ထဲမှာ နေသာ ရက်ချည်းဖြစ်နေ၏။ နေမသာခင်က ရွာထားသောမိုးက လည်း နည်းနည်းနောနော မှတ်လို့။ ဒါဆို သူတို့ထွက်ဖို့ ပြူတစ်ပြူတစ်ဖြစ်နေရောပေါ့။
“မှတ်ထား မိုးအပြိုက် နေအလိုက်တဲ့၊ တစ်ခုတော့ ရှိတယ်။ ရက်မစေ့ခင်တော့ အငုံအကျစ် ကလေးတွေပဲ ရမယ်။ တစ်ရက်လောက် တိုးစောင့်လိုက်ရင် အထွက် လည်းစုံ၊ အငုံလည်းလှ၊ အဲဒီ တော့မှ နုတ်။ မြေကြီးကို ဘယ်တော့မှ တူးဆွမနုတ်နဲ့ ကြားလား”
သူ့ရှေ့မှာ အဖေ ငုတ်တုတ်ထိုင်ပြီး ပြောနေသလို သူ့နားထဲ ပီပီသသ ကြားနေရ ၏။ သူမနေနိုင်တော့။ ဒီရာသီ ရောက်ရင် ဒီပိုးက ကြွစမြဲလေ။ အမေ့ကို ဘာမှ မပြောခဲ့ဘဲ စိန်ကုန်းဘက် တက်လာခဲ့သည်။ အလျင်စလိုမို့ လိုလို မည်မည် ဓားတောင်မယူခဲ့မိ သည့်အဖြစ်ကို ဂျုံးဂျုံးကျ ရောက်မှ သတိရသည်။ စိန် ကုန်းရောက်တော့ ချွေးပြန်နေ ၏။ စူဖောင်းဖောင်းချက် ကလေး ဖုံးရုံလောက်ပင်ရှိ သော စွပ်ကျယ်အနားစနှင့် ချွေးသုတ်လိုက်သည်။ ရေက လည်း ဆာသည်။ ဟိုဘက် ကုန်းစောင်းမှာ စမ်းရှိမှန်း သူ သိသည်။ ကျွတ်ရန်ကြောက် သဖြင့် သူမသွားတော့။ ခဏ နားရင်း သူ့ခြေထောက်ကို ကြည့်မိသည်။ ခြေခွကြားမှာ သွေးတွေ။ ဘယ်အချိန် ကျွတ်ငနာ ၀င်နှိပ်သွားသည်ကို သူမသိလိုက်။ ကျွတ်ကိစ္စ စဉ်းစား နေခိုက်မှာပဲ သူ့နောက် နားဆီက တောတိုးသံတရှဲရှဲ ကြားရသည်။ သူနီးရာ ကြွက် နွယ်ချုံဘေး ပြေးကပ်လိုက် ၏။
အသားနက်မတို့ အုပ်စုပါလား။ ဟုတ်ပြီ။ သည်ဟာ မတွေ သူတို့ကျင်းသွားကြည့် တာပဲဖြစ်မယ်ဟု သူ ကျိန်း သေတွက်ပြီး ပျော်သွားသည်။ ပျော်ပေမပေါ့။ သူက အကြံ သမားကိုး။ အသားနက်မတို့ နောက်ခပ်ကွာကွာကနေ သူ ချောင်းလိုက်သွားသည်။ မှန်တာပေါ့။ သူထင်သည့် အတိုင်းပင် အသားနက်မနှင့် မိကော် ကားရားချုံအောက် တိုးဝင်သွားတာ တွေ့လိုက် ၏။ ဖျံမက အပြင်မှာ ရပ်ပြီး လူရိပ်လူခြည်ကြည့်သည်။ ခဏကြာတော့ အသားနက်မ နှင့် မိကော်ချုံထဲက ထွက်လာ ပြီး... “လိုသေးတယ်ဟဲ့ မနက်ဖြန်မှ”
ဖျံမကို လေသံဖြင့် ပြော သည်။ “ဒါဆို ထင်းခွေပြီး ပြန် ကြမယ်အေ”
ဖျံမအသံက နည်းနည်း ကျယ်သွားသဖြင့် အသား နက်မ စိတ်တိုသွားသည်။ ဖျံမပါးကို လက်ညှိုးနှင့် လှမ်းထိုးလိုက်၏။ ဘယ့်နှယ် ဒီလိုအချိန်မျိုးမှာ အသံလုံလုံ ခြေလုံလုံရှိမှဆိုတာကို ဖျံမ မသိရော့လေသလားပေါ့။ မျက်စောင်းထိုးလိုက်သည့် အသားနက်မပုံစံကို သူ သဘောကျကာ ပြုံးမိသည်။ သည်လို ဆိုတော့လည်း အသားနက်မက ချစ်စရာ လေး။ သူ သည်နေရာမှာ ပေ ရှည်နေလို့ မဖြစ်။ အသား နက်မတို့ မရိပ်မိအောင် ခြေသံလုံလုံနှင့် ရှောင်ထွက် ခဲ့၏။ ဘယ်ရမလဲ။ ဒင်း (သင်း)တို့ထက် ဦးအောင် မနက်ဖြန် ငါစောစောတက် မှာပေါ့။ သူများ ကျင်းခိုး နုတ်ဖို့ ကြံတော့မှ ကိုယ့်ကျင်း သွားကြည့်ဖို့ သတိရကာ ခရေပင်ချောင်ဘက် လှည့် ထွက်ခဲ့သည်။ အိမ်ပြန်ရောက် ရောက်ချင်း အမေ့ကို သူ့ အတွေ့အကြုံပြောပြတော့ အမေလည်း နဂိုကမှ ရှုပ်နေ သည့်ဦးနှောက်ကို အတော်လေး အလုပ် ပေးလိုက်ရသည် ထင်ပါရဲ့။
“အဲ အခုမှ ငါသတိရ တယ် ငဆုပ်ရေ။ ဆယ်ရက် ဟဲ့ ဆယ်ရက်။ တော်သလင်း လဆန်း ၁၀ ရက်တဲ့။ နင့် အဖေ ငါ့ကို ပြောသွားတာလေ”
ဟုတ်ပြီ။ ဒါဆိုရင် မနက်ဖြန် အသားနက်မတို့ ကျင်း။ သန်ဘက်ခါ ငါ့ ကျင်း။ သူပျော်သွားသည်။ အိမ်အောက်ဆင်းပြီး မနှစ်က ပီနံအိတ်စုတ်ကို ရှာသည်။ ပြီး တော့ ဓား။ ရပြီ။ မနက်ဖြန် အတွက် အဆင်သင့်။ “အမေ ထမင်းရှိသေးလား”
“အေး”
“ဟင်းရော...”
ကိုယ့်အကြောင်းကိုယ် မသိဘဲ မေးမိတော့ အမေက သူ့ထုံးစံအတိုင်း ထမီအောက် နားစကို ခါပြသည်။ ဒါဆို သူ သဘောပေါက်သည်။ အမေ၏ မရှိဆိုသည့် နိမိတ်ပုံ က သူ့ဘ၀မှာ ရိုးနေပြီမဟုတ် လားလေ။ ဗိုက်က ဆာနေ သဖြင့် မီးဖိုချောင်ထဲ ကမန်း ကတန်း ပြေးဝင်ကာ အေးစက်နေသော ထမင်းကို ဖဲ့ယူ ပြီး ပန်းကန်ပြား အပဲ့ထဲ ထည့်ဝါးတော့၏။ ထမင်းစားရင်းနှင့် မနက်ဖြန် အစီအစဉ်ကို တွေးမိပြီး မှိုစားချင်စိတ် ပေါ်လာပြန်၏။ မနှစ်တုန်းက ရလိုက်သည့်မှို။ နည်းပါရော လား။ အဖေ သူများကျင်းခိုး နုတ်တာတင် ခြောက်ပိဿာ။ ကိုယ့်ကျင်းက လေးပိဿာ။ ဒါတောင်မှ မှိုဟင်းတစ်ခွက် မစားလိုက်ရတာ အံ့ရော။ အမေတို့များ ဘယ်လိုလုပ် တယ်မသိ။ ဒီနှစ်တော့ စားပစ်လိုက်မယ် မှိုတ၀တချိ။
စိန်ကုန်း အတက်ကို ရောက်တော့ ဒိုးဆန်းကုန်းဘက်မှ ငါးနာရီ တုံးမောင်းသံ ကြားရသည်။ ကောင်းကင် အလင်း ရှိသဖြင့် ခြေလမ်း ကြောင်းကို ကောင်းစွာမြင်ရ သည်။ ကမ်းပါးကြီးချောင် ဘက်ဆီမှ ဟိုကောင်(ခဲဝါ) တွေ၏ ဆွဲဆွဲငင်ငင် အူသံကို အတိုင်းသား ကြားရ၏။ မိုး မလင်းတလင်း သည်လို အချိန်တွင် ခဲဝါတွေ မြူးတတ်ကြောင်း အတွေ့အကြုံ အရ သိနေသည်မို့ ပါးစပ်ထဲ တွေ့ရာသီချင်းကို အော်ဆို လိုက်သည်။
“xxxအို အမေ... အမေxxxမဟာပထ၀ီမြေ သားxxxကောင်းကင်ဝတိံ ဖျားxxxထိုးဖောက်သွား အောင်xxxအမေ ကြားနိုင်ပါ့ မလားလေxxx”။
“xxxကမ်းစပ်xxx တို့ဟာကမ်းစပ်xxxမင်းဟာ ရေလှိုင်းလေးပေါ့အချစ် ရယ်xxxရေလှိုင်းလေးပေါ့ အချစ်ရယ်xxxကမ်းစပ် xxx”။
အဆီအငေါ် တည့် သည် မတည့်သည် သူမသိ။ အဲသည်သီချင်း နှစ်ပုဒ်က တော့သူ့ဘ၀၏မာစတာ ပိစ်။ ဒီလို လူသံပေးမှ ဒီကောင်တွေ ပြေးကြမည် မဟုတ်လား။ ဒါတောင် တစ်ခါတလေ လူ မကြောက်သည့် အကောင်တစ် ကောင် နှစ်ကောင်လောက် သူတို့ အုပ်စုထဲပါလျှင် လူသံ ကြားသော်လည်း မပြေးဘဲ ပေကတ်ကတ် လုပ်နေတတ် ကြသေးသည်။ အဲသည်အခါ မျိုးကျတော့လည်း ကိုယ်က ၀ူးဝါး ဂူးဂွါးလုပ်၊ ခြေသံကို တဖောင်းဖောင်း မြည်အောင် နင်းပြီး သူတို့ကို ပြေးလိုက် သည့်ပုံစံမျိုး အစွမ်းပြလိုက် ရင် အေပေးတွေပြေးရော။ ဒီလောက်တော့ ငဆုပ်တို့ သတ္တိမကြောင်။
ဇောကပ်နေသဖြင့် ခြေလှမ်းက အလိုလို သွက်နေသည်။ လမ်းမှာ ဂျောင်ဂျက် ကိုင်းကုတ်မိသွားသည်ကိုပင် အမှု မထားနိုင်။ ဆူးမနုတ်နိုင် သည့်အဖြစ်။ ရေကျအိုင်အစပ် နားရောက်တော့ အလင်း ရောင်က အနေတော်ပဲ ဖြစ်သည်။ တွေ့ပြီ။ အသား နက်မတို့ ကျင်း။ သူကားရား ချုံထဲကမန်းကတန်း တိုးဝင် လိုက်သည်။
“ဟား နည်းပါသေးလား”
ပါးစပ်မှ အသံ ထွက်သွားအောင်ပင် အားရ၀မ်း သာဖြစ်သွား၏။ မှိုတွေ...မှို ဖြူတွေ။ တချို့လည်း အငုံ။ တချို့လည်း အပွ။ တချို့လည်း ပြူတစ်ပြူတစ်။ ဒါ တောင် ဖက်တွေအောက် မကြည့်ရသေးဘူး။ ဖက်တွေ မို့ကြွခုံး ထနေပုံထောက်ရင်။ ပျော်လိုက်တာ ပျော်လိုက် တာ။ သူ ကမူးရှူးထိုးနှင့် အပြုံ လိုက်နုတ်သည့်မှိုနုတ်။ တစ်ချောင်းချင်း နုတ်သည့် မှိုနုတ်နှင့် ပျာယာ ခတ်နေသည်။ သူ့လှုပ်ရှားမှုက အများနှင့် လုနေသလိုပင်။ ဇောနှင့် လောဘ အားပြိုင်နေဆဲမှာပင် တောတိုးသံသဲ့သဲ့ ကြားလိုက်ရသည်။ ဟော အသားနက်မတို့ လာကြပြီ။ ပြန့်စာပင်ကြားကနေ အပြင် အခြေအနေအသံလာရာ လမ်းကြောင်း အခြေအနေကို တွက်ဆကြည့်သည်။ အသား နက်မတို့ အုပ်စုဟုတ်တော့ ဟုတ်လောက်သည်။ ဟုတ် မှာပါ။ သို့ပေမဲ့ လှည်းလမ်း ကြောင်းဘက်က တက်လာပုံ ထောက်တော့ သူများလည်း ဖြစ်နိုင်သည်။ ဟာမတွေ ဉာဏ်များပြီး လမ်းကြောင်း ပြောင်း တက်လာတာလည်း ဖြစ်နိုင်သည်။ အို မြန်မြန်နုတ် ပြီးလစ်မှ။ သူက လျင်သည်။ မှိုအိတ်ကို စုကိုင်ပြီး ထမ်းပြေး လေ၏။ သူရွာပြန်ရောက် တော့ နေပြူစပင် ရှိသေး သည်။ အမေတောင် အိပ်ရာ မသိမ်းရသေး။ အမေ ၀မ်း သာသွားသည်။ အရေးထဲ နင့် ကျင်းလား သူများကျင်းလား မေးနေသေးသည်။ လက်ညှိုး လေးပါးစပ်တေ့ပြီး ရှူးရှူး လုပ်ပြလိုက်တော့မှ အမေ အထာ ပေါက်သွားကာ ချိန် ခွင် ပြေးငှားသည်။ သိပ် မကြာ။ အမေချိန်ခွင်ဆွဲပြီး ပြန်ရောက်လာတော့... “ကဲ ငဆုပ် မှိုစည်းမနေ နဲ့တော့။ ငါ့အလုပ် ငါလုပ်မယ်။ သွားထင်းခွေဦး။ ဟို ဟာမကြီးက မနေ့ကတည်း က ပြောထားတယ်။ ထင်းပို့ ပါတဲ့”
အမောပင် မပြေသေး။ ထင်းခွေ ရဦးမည်။ စိတ်ပျက်သလို ရှိသော်လည်း သူလုပ်ရ မည့်အလုပ်မို့ ပက်လက်လှန် နေရာက အားယူ ကုန်းထ လိုက်သည်။ အဆာပြေ ထမင်းကြမ်း တစ်လုတ် နှစ် လုတ် ပါးစပ်ထဲ ထိုးထည့်ပြီး ဓားဆွဲထွက်သွားသည်။ ဖြစ်ပုံများ။ တောလမ်းမှာ အသား နက်မတို့အုပ်စုနှင့် ပက်ပင်း သွားတိုးသည်။ သူက မူမပျက်။ ခပ်တည်တည်။
“ဟော ငဆုပ်တောင် ထင်းခွေ တက်လာပြီ။ ငဆုပ် ရယ် ငါ့မှိုကျင်း ဘယ်သူ တောင်းစား ၀င်နုတ်သွားတယ် မသိဘူး။ ငါတော့ သေချင် တာပဲ ဟယ်။ မှိုလေးနုတ်ပြီး သာပေါင်းသွားမလား အောက် မေ့တယ်၊ ခုတော့ ထွီ”
အသားနက်မက ပြော ညည်းညည်းပြတော့ သူ့ ရင်ထဲ လှုပ်ရှားသွားသည်။ ခွန်အားမဲ့မျက်နှာလေးကို မြင် ရတော့ သနားစိတ်နှင့် ကြင်နာ ရိပ်က သူ့ကို စိုးမိုးနေသည်။ သို့ပေမဲ့ ဣနြေ္ဒ ကိုထိန်းကာ စိတ်မကောင်းသည့် ပုံမျိုး သရုပ်ဆောင်နေလိုက်သည်။ “စိုက်ခင်းက လူတွေ ဖြစ်မှာပေါ့ဟာ”
လူပါး။ ကိုယ့်အပြစ်ကို သိသိကြီးနှင့် သူများဆီ ပုတ် ထုတ်လိုက်သည်။ အသား နက်မခမျာလည်း “အေးလေ” ဟုသာပြောပြီး ပါးစပ်ဟကျန် ခဲ့သည်။ အမှန်တော့ ရွာမှာက သူ့ကျင်း ကိုယ့်ကျင်းသာ ပြောနေကြသော်လည်း အများ အားဖြင့်တော့ ဦးရာလူဝင် နုတ်သွားလည်း ဘာမှတတ် နိုင်တာ မဟုတ်ကြဘူးလေ။ ဒါပေမဲ့ ဒီကိစ္စမျိုးက မသိ တော့လည်း ပိုကောင်းတာ ပေါ့။ လမ်းမှာ သူ့အတွေးနှင့် သူပြုံးလာလိုက်သည်မှာ ဦးနောက်တိုး ခြံရောက်မှန်း တောင် မသိလိုက်။ ထင်းခွေ ဖို့ အခြေအနေကို လေ့လာရင်း ခဏနားသည်။ သူများ ခြံထဲ ထင်းခိုးခုတ်ရတာလည်း လျင် ဦးမှ။ ဓားသံမကြားအောင် ခုတ်တတ်ဦးမှ။ အပင်ကို ထိန်းတတ်ဦးမှ။ ကိစ္စမရှိ။ ဒီအလေ့အကျင့်က ငဆုပ်တို့ ကျွမ်းပြီးသား။ တွေဝေမနေ ဘဲ ဦးနောက်တိုးခြံထဲ အရဲ စွန့်တိုးဝင်လိုက်သည်။ အရေး ထဲ စိန်လဘော်နွယ်က လာငြိ နေသဖြင့် ဒေါပွပွနှင့် ခုတ် ဖြတ်လိုက်၏။ သွက်သွက် ကလေး ခွေလိုက်သဖြင့် ခဏ လေးတင် ထင်းတစ်လှိုင်းရ သွားသည်။ လူမိမှာစိုးသဖြင့် ကပျာကယာ ထမ်းပြန်ခဲ့ သည်။ မောရပန်းရမှန်းပင် မသိ။ မောပါစေ။
သည်မနက်အိမ်မှာ မှိုဟင်းနှင့် ထမင်းစားရမှာ တွေးပြီး အမောပြေနေသည်။ အိမ်ရောက်တော့ အမေ့ထမင်းဝိုင်းက အဆင်သင့်။ ထင်း လှိုင်းကို ၀ုန်းခနဲ ပစ်ချပြီး ထမင်းဝိုင်းထဲ တန်းဝင်လိုက် သည်။ ဟင် ထမင်းဝိုင်းကလည်း ခါတိုင်းလိုပါပဲလား။ ငါးပိခွက် ငါးပိခွက်နေရာ။ တို့စရာ တို့စရာနေရာ။ ထမင်းပွဲ ထမင်းပွဲနေရာ။ ပုံသေနည်း အတိုင်းပင်။ သူ့ စိတ်ထဲတစ်ခုခုလိုနေပုံရသည်။ “အမေ မှိုဟင်းခွက်ချ လေ အမေရဲ့”
သူမျှော်လင့်ခြင်းကြီး စွာပြောတော့ အမေသက်ပြင်း ချပုံက စိတ်ပျက်စရာ။ “ဟဲ့ မှိုကနေ ထမင်း ဖြစ်သွားတာပေါ့ ငဆုပ်ရယ်။ နင့်မှိုက ဘယ်လောက် ရလို့ လဲ။ နှစ်ပိဿာတောင် မပြည့် ချင်ဘူး။ တော်သေးတာပေါ့။ ဒေါ်ပွကြီးက နှစ်ထောင်ပေးလို့။ ဆန် ၂ ပြည် ၀ယ်လိုက်တယ်။ ကျန်တာ ရေနံဆီကြွေး ဆပ်လိုက်ရတယ်လေ။ နင့်မှိုက ဘယ်အချိန်စားစား ပါဟယ်”
မျှော်လင့်ချက် မရှိတော့။ တစ်နှစ်မှ တစ်ခါ ပိုက်ဆံ မပေးရဘဲ အလကား စားရမည့် မှိုက ဘ၀ပြောင်းပြောင်း သွားသည်မှာ ကြာခဲ့ပြီပဲ။ သူ ငိုင်သွားသည်။ ဘ၀၏ ပစ္စုပ္ပန် တည့်တည့် အမိုးအကာက လည်း မလုံတော့ ဖာဖာထေးထေး နေရသည့် အခြေအနေ အရပ်ရပ်ကို သူသဘောပေါက် သည်။ မှိုဟင်း တစ်ခွက် အတွက်နှင့်တော့ အမေ့မျက် နှာ မညိုစေလိုပါ။ တစ်ခုပဲ သူတွေးမိသည်။ အေးလေ ထမင်းနဲ့ ငါးပိသာ ထာဝရ မိတ်ဖက်ပါလား။ သစ္စာရှိတဲ့ အထဲမှာ ငါးပိလည်းပါတယ် လို့ မနက်ဖြန်ကျရင်အသား နက်မတို့ကို ပြောပြဦးမှ။
ပုသိမ်မောင်ရွှေမူ (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|