(May-2012)ဆင်စွယ်နန်းတော်ပေါ်က မင်းသမီး(သို့မဟုတ်) အင်ဂျလီနားဂျိုလီ PDF Print E-mail
Written by ၀င်းငြိမ်း   
Friday, 04 May 2012 12:47
Share |

(ယခင်လမှအဆက်)
အခန်း (၁၁)
အရင်တုန်းကတော့ ဂျိုလီရဲ့ မိုးကောင်ကင်မှာ သူဟာ နေလည်း ဟုတ်တယ်၊ လလည်း ဟုတ်တယ်၊ ကြယ်ဆိုရင်လည်း မမှားဘူး။

argaiv1604

ဒါပေမဲ့ အခုတော့ ဂျိုလီရဲ့ စကြ၀ဠာထဲမှာ သူ မရှိတော့ဘူး။ သူ့ဘ၀ရဲ့ ဗဟိုချက် အသစ်က မက်ဒေါ့စ် ဖြစ်သွားပြီ။

အင်းဂရစ်အားလ်
ဘီလီရဲ့မိတ်ဆွေတစ်ဦး ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ နှောင်းပိုင်းမှာ Lara Croft ရိုက်ကူးရေး အဖွဲ့က ပိုင်းဝုဒ်စတူဒီရိုများထဲက ထွက်ခဲ့ကြပြီး အပူချိန် ၉၀ ဒီဂရီကျော်ရှိတဲ့ ရိုက်ကူးရေး ဒေသသစ် ဆီကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဒီဒေသက ကမ္ဘာမှာ အရင်က လူသိ မများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒီဒေသမှာ ရိုက်ကူးခဲ့ခြင်းကြောင့်ပဲ ဂျိုလီရဲ့ဘ၀ ထာဝရ ပြောင်းလဲသွားခဲ့ခြင်းပါ။ တကယ်တော့ ဒီဇာတ်ဝင်ခန်းများကို မူလက တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ မဟာတံတိုင်းကြီးမှာ ဖြစ်စေ၊ စကော့တလန် နိုင်ငံရဲ့ တစ်နေရာမှာ ဖြစ်စေ ရိုက်ကူးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ကုန်ကျစရိတ်ရယ်၊ နိုင်ငံရေး အခြေအနေရယ်ကြောင့် မူလ အစီအစဉ်ကို ဖျက်သိမ်းပြီး ကုန်ကျစရိတ် နည်းမယ့် အန်ကောဝပ် ဘုရားကျောင်းဆီကို ရွှေ့ပြောင်းခဲ့တာပါ။ ဒီနေရာက ကမ္ဘောဒီးယား နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဖနွမ်ပင်မြို့တော်ရဲ့  အနောက် မြောက်ဘက် ကီလိုမီတာ ၂၂၀ (၁၃၅ မိုင်)မှာ တည်ရှိပါတယ်။

အန်ကောဝပ် ဘုရားကျောင်းကြီးက ကမ္ဘာ့ အံ့ဖွယ်များ ထဲမှာ တစ်ခုအပါ အ၀င်ဖြစ်ပြီး သဲကျောက်များနဲ့ တည်ဆောက်ထားတာ ဖြစ်ခြင်းကြောင့် ခမာ တို့ရဲ့ ရှေးဟောင်း ယဉ်ကျေးမှု လက်ရာများကို တွေ့မြင်နိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီနေရာကို ရောက်ကတည်းက ဂျိုလီရဲ့ စိတ်နေစိတ်ထားတွေ နူးညံ့ ပျော့ပျောင်း လာခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်တုန်းက ရုပ်ရှင်မင်းသား ပီတာအို တူးလ် Lord Jim ဇာတ်ကား ရိုက်ပြီးတဲ့ နောက် ဂျိုလီဟာ ပထမဆုံး အကြိမ် ဒီ နယ်မြေထဲ ၀င်ခွင့်ရခဲ့တဲ့ ဟောလိဝုဒ် သရုပ်ဆောင်လည်း ဖြစ်ပါတယ်။

ဒီနယ်မြေကို ရောက်ဖို့ရာ ဂျိုလီနဲ့ အဖွဲ့သားများဟာ အိမ်နီးချင်း နိုင်ငံဖြစ် တဲ့ ထိုင်းနိုင်ငံက တစ်ဆင့် ၀င်ရတာပါ။ မကြာသေးမီကမှ ခမာ သူပုန်များ လက်ထဲကနေ ကမ္ဘောဒီးယား တပ်မတော်က သိမ်းပိုက်နိုင်ခဲ့တဲ့ နေရာဖြစ်တာကြောင့် ဒီနယ်မြေ အနှံ့မှာ မြေမြှုပ်မိုင်းများက ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ စက်အဖွဲ့ အပါအ၀င် ထရပ်ကားပေါင်း ၃၀ တို့ ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ သွားတဲ့ လမ်းတစ်လျှောက်မှာ မကြာခဏ ဆိုသလို ရပ်တန့်ကြရပြီး ပျက်စီးနေတဲ့ တံတားတွေကို ပြင်ဆင်ရတာ ရှိသလို မြေမြှုပ်မိုင်းတွေကိုလည်း ရှာဖွေရှင်း လင်းကြရပါတယ်။

ဘေးမသီ ရန်မခဘဲ အန်ကောဝပ်ကို ရောက်ပြီဆိုတော့မှ သူတို့ လုပ်ငန်း စကြရပါတော့တယ်။ ဂျိုလီက အန်ကောဝပ် ဘုရားကျောင်းကြီးရဲ့ ပေ ၂၀ လောက်မြင့်တဲ့ မျက်နှာကြက်ကနေ တွဲလောင်းခိုပြီး ခုန်ကူးရတဲ့ အခန်းတွေ၊ သစ်သားလုံး ထွင်းလှေကလေးကို လှော်ပြေးရတာတွေ၊ လူဆိုးတွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရတာတွေ ရိုက်ကူးရပါတယ်။ တစ်နေ့လုံး ရိုက်ကွင်းပေါ်မှာ ရှိနေပြီး ညဘက်မှာ ခင်ပွန်းသည်ထံကို ဖုန်း ဆက်သွယ်ကာ နာသွားတဲ့ သူ့ခြေထောက်အကြောင်း၊ ဘုထွက်ခဲ့တဲ့ သူ့ ခေါင်းအကြောင်း၊ ပွန်းပဲ့ နာကျင်နေတဲ့ သူ့ကြွက်သားတွေ အကြောင်းပြောဖို့ ကြိုးစားပေမဲ့ အချည်းနှီးပါပဲ။ “အန်ကော ၀ပ်ကနေ တယ်လီဖုန်း ဆက်ရတာ တကယ့်ကို အိပ်မက်ဆိုး တစ်ခု မက်နေသလိုပါပဲ။ ဆက်သွယ်လို့ ရပြန်တော့လည်း ချစ်ကြောင်း၊ လွမ်းကြောင်း ကလေးတွေတောင် မပြောနိုင်ခင် တယ်လီဖုန်းက ဘာမှ မကြားရတော့ဘူး။ ဘာ ပြောနေတာလဲ... မကြားရဘူး၊ အဲဒါ တွေပဲပြောပြီး နှစ်ဖက်စလုံး လိုင်းကျ သွားရော။ အန်ကောဝပ်ကနေ လွမ်း ကြောင်း၊ ဆွေးကြောင်းတွေပြောဖို့ လုံးဝ မဖြစ်နိုင်ပါဘူး”လို့ ဂျိုလီက ဆို ခဲ့ဖူးပါတယ်။

ခင်ပွန်းသည်ကို ချစ်ကြောင်း လွမ်းကြောင်းတွေ မပြောနိုင်ပေမဲ့ ဒီရိုက်ကွင်းပေါ်ကို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ရောက်လာတဲ့ သတင်းထောက် တစ်ဦး ကိုတော့ ပြောဖြစ်အောင် ပြောခဲ့ပါသေးတယ်။ “ကျွန်မလေ သူ့ကို မမြင်ရရင် မနေနိုင်အောင် စွဲလမ်းမိတယ်။ သူ့ကို ချစ်လို့ မ၀ဘူး။ ဘယ်တော့မှလည်း ၀ မယ်မထင်ဘူး”လို့ ဆိုခဲ့တာပါ။ သတင်းယူတဲ့ သတင်းထောက်က ဂျိုလီရဲ့ နောက်တွဲယာဉ် လှေကားထစ်မှာ ထိုင်ပြီး သတင်းယူခဲ့တာ ဖြစ်ပြီး ဂျိုလီက အ၀တ်မပါ ကိုယ်လုံး ဗလာနဲ့ စောင်ခြုံအောက် ကနေ ပြောခဲ့တာလို့လည်း ဆိုပါတယ်။  ရုတ်တရက် ထလိုက်ပြီး ရေချိုးခန်း ၀င်သွားခဲ့ပါသတဲ့။ ဂျိုလီဘ၀မှာ ခင်ပွန်း သည်နဲ့ အလှမ်း ကွာနေတာကလွဲရင် ဒီကားရိုက်ကူး စဉ်ကာလဟာ ဘယ်တုန်းကနဲ့မှ မတူအောင် ကျန်းမာ ကြံ့ခိုင်နေပြီး ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ အဆက်မပြတ် ရွတ်ဆိုနေကြတဲ့ မန္တာန် များကြောင့်လည်း စိတ်နှလုံး နူးညံ့နေပုံ ရပါတယ်။

ဂျိုလီသာမက အဖွဲ့သား အားလုံး အတွက် စီစဉ် ပေးထားတဲ့ နောက်တွဲ ယာဉ်များပေါ်မှာ လေအေးစက်တွေ တပ်ဆင် ပေးထားသလို ရေပူရေအေး ကြိုက်သလို ချိုးနိုင်အောင် စီစဉ်ထားတဲ့ ရေချိုးခန်းများလည်း ပါဝင်ပါတယ်။ သူတို့အားလုံး ရောက်ရှိနေတဲ့ ပတ်ဝန်းကျင်နဲ့ လုံးဝ မသက်ဆိုင်ဘဲ သီးခြား ကမ္ဘာထဲ ရောက်နေသလို ဖြစ်နေတာကြောင့် ဂျိုလီက ပတ်ဝန်းကျင်ကို အားတုံ့အားနာ ဖြစ်မိခဲ့ပါတယ်။ “အဲဒီလို ခံစားမိတာကြောင့်လည်း ကျွန်မ စိတ် တွေ ပြောင်းလဲသွားခဲ့ရတယ်”လို့ ဆိုပါ တယ်။ သူ့ရင်ထဲမှာ ကမ္ဘောဒီးယား ဆိုတဲ့ စကား တစ်လုံးက စူးနစ် ၀င်ရောက်ခဲ့ပါပြီ။ “ကမ္ဘာကြီးက ကျွန်မ ထင်တာထက် ပိုကြီးတယ်။ ဒါကြောင့် ကျွန်မ လေ့လာ သင်ယူစရာတွေ အများကြီး ကျန်သေးတယ် ဆိုတာ သိလိုက်ရတယ်” လို့လည်း ဆိုပါတယ်။ ရိုက်ကွင်းပြီးလို့ ကမ္ဘောဒီးယား နိုင်ငံကနေ ပြန်လည် ထွက်ခွာကြတဲ့ အခါ ဂျိုလီရဲ့ ရင်ထဲမှာ ကမ္ဘောဒီးယား ပြည်သူတွေကို စွဲလမ်း ခဲ့ပါပြီ။ ၃ ရက်လုံးလုံး မျက်ရည် တတွေတွေ ကျခဲ့ရတဲ့အထိ ခံစားခဲ့ရပါ တယ်။ “ဒီလိုနိုင်ငံမျိုး ရှိတယ်ဆိုတာ ကျွန်မ လုံးဝ မသိခဲ့ဘူး။ သမိုင်းထဲမှာလည်း မဖတ်ခဲ့ရဖူးဘူး။ ဒီနိုင်ငံရဲ့ ပြည် သူတွေက နွေးထွေးတယ်။ နိုင်ငံကလည်း လှတယ်။ ပြည်သူတွေက ရိုးသား သန့်စင်ပြီး အင်မတန် ချစ်စရာ ကောင်းတယ်။ ဒါကြောင့် ဒီနိုင်ငံကို ကျွန်မ ချစ်မိသွားတာ ဖြစ်မယ် ထင်ပါတယ်”လို့လည်း ဆိုပါတယ်။

လန်ဒန်ကို ပြန်ရောက်တော့ အဝေး မှာရှိနေတဲ့ ခင်ပွန်းသည်နဲ့ အိမ်ထောင် သည်ဘ၀ကို ပြန်လည် ရောက်ရှိရပါတယ်။ လန်ဒန်မှာ ကားရိုက်ရင်း သောကြာနေ့တိုင်း ကားရိုက်နားကာ ခင်ပွန်း သည်ရှိရာ လော့စ်အိန်ဂျလိစ်ကို ပြန်လေ့ ရှိပါတယ်။ “သူ့ဆီကို ရောက်ဖို့ လန်ဒန်ကနေ ကျွန်မ ၁၂ နာရီကြာအောင် လေ ယာဉ်စီးရတယ်။ သူနဲ့ ၁၀ နာရီကြာ အောင်နေပြီးရင် လေဆိပ်ကို ပြန်ပြေးရ တာပဲ”လို့ သူ့အခြေအနေကို ရှင်းပြခဲ့ပါ တယ်။ တစ်ဖက်မှာလည်း ဘီလီက ခရစ္စမတ်အမီ ရုံတင်ပြသမယ့် All the Pretty Horses ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကို ဒေါ်လာ ၄၅ သန်း အကုန်အကျခံ ပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက် ကူးနေတာပါ။

All the Pretty Horses ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များထဲက မက်ဒါမွန်ကလည်း  ဘီလီလိုပဲ လေယာဉ်ပျံစီးရမှာ ကြောက် သူဖြစ်ပါတယ်။ သူတို့နှစ်ယောက် ချီ ကာဂိုမှာ ရိုက်ကူးတဲ့ The Oprah Winfrey Show မှာ ပါဝင်ကြပြီးတဲ့ နောက် လော့အိန်ဂျလိစ်ကို အတူပြန်ကြပါတယ်။ ပျံသန်းချိန်က ၅ နာရီ ကြာ မှာပါ။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မက် ဒါမွန်က ပြောကြားရာမှာ “ဘီလီ့စကားနဲ့ ပြောရရင် လေယာဉ်ပျံစီးရတဲ့အကြိမ် တိုင်း စွန့်စားမှုကို လုပ်ရတာနဲ့ အတူတူပဲ။ ကားရှေ့ကို ပြေးပြီး မှောက်လိုက်ချင်သေးတယ်။ လေယာဉ်ပျံကို မစီးချင် ဘူး”လို့ ဆိုပါတယ်။ ဒါကြောင့် ဘီလီ အနေနဲ့ ဇနီးသည်ရှိရာ လန်ဒန်ကို လိုက်သွားပြီး အကောင်းစား ဟိုတယ်မှာ တည်းခိုနေထိုင်ဖို့ ဆိုတာက စဉ်းတောင် မစဉ်းစားရဲတဲ့ ကိစ္စဖြစ်ပါတယ်။ ဘီလီရဲ့ ငယ်ဘ၀က ချို့ချို့တဲ့တဲ့ ရုန်းကန်ခဲ့ရ တာမို့ အကောင်းစား ဟိုတယ်ကြီးများမှာ နေထိုင်ပြီး အကောင်းစား ပရိဘောဂ များ၊ ရှေးဟောင်းပစ္စည်းများ သုံးစွဲရမှာ ကို အင်မတန် ၀န်လေးပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘီလီရဲ့ မိတ်ဆွေတစ် ယောက်က “သူ့ဘ၀က ဆင်းရဲနွမ်းပါး ခဲ့ပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာ ကြောင့် ဒီလို စိတ်ဝင် နေတာပါ”လို့ သုံး သပ်ပါတယ်။

လန်ဒန်မှာ ရုပ်ရှင် ရိုက်နေတဲ့ ဂျိုလီက ခင်ပွန်းဖြစ်သူရဲ့ ရုပ်ရှင်ကား ရုံတင် ပြသမယ်ဆိုတော့ နယူးယောက်ကို သွား ရောက်ပြီး ခင်ပွန်းသည်ကို အားပေး ခဲ့ပါတယ်။ သူတို့နှစ်ယောက်က အခုလို အရေးကြီးတဲ့ ပွဲလမ်းသဘင် ရှိမှသာ အတူတကွ တွေ့ရတာဖြစ်တာကြောင့် စာနယ်ဇင်းသမားများက သံသယ ရှိကြပါတယ်။ အခုလည်း ဘီလီ ရှိနေတဲ့ နယူးယောက်ကို ဂျိုလီ ရောက်လာတာ က Gone in Sixty Seconds ဇာတ်ကား ရုံတင်ပြသရေး အတွက်ပါ။သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ ဘီလီက “ကျွန်တော်က ဘ၀ရှေ့ရေး ဆိုတာတွေ ကို သိပ် ဂရုစိုက်တာ မဟုတ်ပါဘူး။ ဂျိုလီကလည်း ထိုနည်းတူပါပဲ။ အခု တော့ နှစ်ယောက်စလုံးက ဘ၀ရှေ့ရေး ကို ဂရုစိုက်မိကြပြီ။ ပြောရမယ်ဆိုရင် ကျွန်တော်က ဘ၀အတွက် အချစ်ကို ရှာဖွေ တွေ့ရှိခဲ့ပြီလို့ ဆိုရပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။ အဲဒီ အင်တာဗျူးကို ဖြေ အပြီးမှာ ဘီလီက ခပ်လှမ်းလှမ်းမှာ ရပ်ပြီး ရယ်နေတဲ့ ဇနီးသည်ရှိရာကို အပြေး သွားလိုက်ပြီး လက်နှစ်ဖက်နဲ့ သိမ်း ကျုံးဖက်ရင်း သတင်းထောက်များရှေ့ မှာပဲ နမ်းကာ သက်သေ ထူခဲ့ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ သာ အရေးကြီးတယ်လို့ ခံယူချက်နဲ့ ဘယ်သူ့ကိုမှ မဖိတ်ကြားဘဲ လက်ထပ် ဖြစ်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ရင်ထဲမှာ မိသားစုခွင့်ပြုချက်နဲ့ ပြန်လက်ထပ်ကြဖို့ လိုလိမ့်မယ်လို့ ခံယူလာကြပါတယ်။ ဂျိုလီ ကိုယ်တိုင်ကလည်း ဘီလီနဲ့ ပေါင်းသင်း နေထိုင်ရတာဟာ သူမဘ၀အတွက် နွေးထွေး လုံခြုံမှုရှိပြီး နေရတဲ့ နေရာဟာ သူမအတွက် “အိမ်”အစစ်ဖြစ်တယ်လို့ ခံယူခဲ့ပါတယ်။ ဘီလီက သူတို့ နှစ်ယောက်စလုံး ရုပ်ရှင် လုပ်ငန်းခွင်ကနေ အနားယူကြတဲ့ အခါ မွေးမြူရေး စခန်း တစ်ခု ထူထောင်ပြီး နေကြမယ်လို့ စိတ်ကူး ထားပါတယ်။ ဒါကို သဘောတူတဲ့ ဂျိုလီက ဘီလီရဲ့သားနှစ်ယောက် အပေါ်မှာလည်း နွေးထွေးမှု ရှိပါတယ်။ အားလပ်တဲ့ အခါများမှာ သားတွေအတွက် သူကိုယ်တိုင် ကိတ်မုန့်ဖုတ်ပြီး ကျွေး တတ်ပါတယ်။ ၀ီလျံနဲ့ ဟယ်ရီတို့က သူတို့ကို ဂိမ်းထဲက Lara Croft က  ကိတ်မုန့် ဖုတ်ကျွေးနေတယ်လို့ အောက်မေ့ပြီး သဘော ကျနေကြပါတယ်။ မုန့် တကယ် ကောင်းသလား ဆိုတော့လည်း ဘီလီကတော့ ချိုလွန်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အရေး မကြီးပါဘူး။ ဂျိုလီကိုယ်တိုင် ဖုတ်တဲ့ မုန့်ဆိုတာ စားဖို့ထက် သူတို့အပေါ်မှာ မေတ္တာပြခြင်း ဖြစ်တာကြောင့် ကျေနပ်ကြပါတယ်။

မိခင်ဖြစ်သူ မာချီလိုပါပဲ။ ဂျိုလီကလည်း မီးဖိုချောင် လုပ်ငန်းတွေကို မကျွမ်းကျင်ပါဘူး။ အနား ပတ်ဝန်းကျင် မှာ ရှိတဲ့ စားသောက်ဆိုင်တွေကနေ ၀ယ်စားလိုက်တာပါပဲ။ အစားအသောက်နဲ့ ပတ်သက်ပြီး ဂျိုလီ ပြောဖူးတာကတော့  “ကျွန်မတို့ များသောအားဖြင့် ရေခဲမုန့်တွေ အများကြီး စားကြတယ်။ ကျွန်မက ချက်မယ်ပြုတ်မယ်လို့ အေပရွန်ဝတ်ပြီး  မီးဖိုခန်းဝင်ရင် ဘီလီက ရယ်တော့ တာပဲ”လို့ ပြောဖူးပါတယ်။ တကယ် တော့ ဂျိုလီဟာ ခင်ပွန်းသည်ကို ခရစ္စမတ် လက်ဆောင်ပေးခဲ့ဖူးတဲ့ နော်မန် ရော့ဝဲလ်ရဲ့ ပန်းချီကားထဲကလိုတော့ ဖြစ်မလာခဲ့ပါဘူး။ ဒီပန်းချီကားအောက်မှာ ဂျိုလီက သူမရဲ့သွေးနဲ့ ရေးထားတဲ့ စာတန်းတစ်ခု ပါဝင်ပါတယ်။ “အဆုံး ကမ္ဘာတိုင်အောင်”ပါတဲ့။ ဒီပန်းချီကားကို သူတို့နှစ်ယောက် အိပ်တဲ့ ခုတင် ခေါင်းရင်းဘက်မှာ ချိတ်ဆွဲ ထားပါတယ်။

အဲဒီနှစ် ခရစ္စမတ်မှာ ဘီလီ ရိုက်ကူးခဲ့တဲ့ All the Pretty Horses ရုပ်ရှင်ဇာတ်ကား ရုံတင်တော့ ဝေဖန်ရေး ဆရာတွေက အမြင် မတူကြသလို ပရိသတ်ကလည်း ကြိုက်သူ၊ မကြိုက်သူ ကွဲပြားခဲ့ပါတယ်။ အောင်မြင်လိမ့်မယ်လို့ ဘီလီ ကိုယ်တိုင်က မျှော်လင့်ခဲ့ပေမဲ့ သူ မျှော်လင့်သလို ဖြစ်မလာတာကြောင့် ဘီလီ ခံစား လိုက်ရပါတယ်။ ဒါကြောင့် မြေအောက်ခန်းက စတူဒီယိုထဲမှာပဲ တံခါးပိတ်ပြီး သီးခြားကမ္ဘာ တစ်ခု တည်ဆောက်ကာ နောက်ကို ဘယ်တော့မှ ရုပ်ရှင်ဒါရိုက်တာ မလုပ်တော့ဘူးလို့လည်း ဆုံးဖြတ် လိုက်ပါတယ်။ ကျောခိုင်းထားတဲ့ ဂီတဘက်ကို ဦးပြန်လှည့်ပြီး လက်စမသတ်သေးတဲ့ Private Radio အယ်လ်ဘမ်ကို အဆုံး သတ်ဖို့ ကြိုးစားပါတော့တယ်။

ဘီလီက အဲဒီလို သူ့ကမ္ဘာကို အကျဉ်းချုပ် ချလိုက်ချိန်မှာ ဂျိုလီက ပိုမို ကျယ်ပြန့်တဲ့ ကမ္ဘာကြီးထဲကို ၀င် ရောက်ခဲ့ပါပြီ။ နောက်ထပ် ရိုက်ကူးဖို့ လက်ခံထားတဲ့ Beyond Borddrs ဇာတ်ကားအတွက် ဇာတ်ကောင် စရိုက်ကို လေ့လာ နေပါပြီ။ ဒီကား ရိုက်ကူးရေး ကိစ္စမှာ အဓိက သရုပ်ဆောင်ပိုင်းက ပြ ဿနာရှိနေပါတယ်။ ရုပ်ရှင်မင်းသား ကီဗင်ကော့စ်နာကို ဂျိုလီရဲ့ချစ်သူ ဖောက်ခွဲရေး သမားနေရာက ထားဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူ့နေရာကို ရပ်ဖ်ဖင်းစ်နဲ့ အစား ထိုးလိုက်ပါတယ်။ ဒီလို အစားထိုးလိုက်ရခြင်းက အဓိက မင်းသမီး အဖြစ် သရုပ်ဆောင်မယ့် ဂျိုလီက အသက် ၄၅ နှစ်ရှိပြီ ဖြစ်တဲ့ ကီဗင်ကော့စ်နာက သူ့ချစ်သူအဖြစ် သရုပ်ဆောင်မယ် ဆိုရင် အသက်အရွယ် ကွာလွန်းတယ်လို့ ကန့်ကွက်ခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ကော့စ်နာရဲ့အသက်က ဂျိုလီရဲ့ခင်ပွန်းသည်နဲ့ ရွယ်တူဖြစ်တဲ့ အပြင် ကော့စ်နာရဲ့ချစ်သူကလည်း ဂျိုလီနဲ့ ရွယ်တူဖြစ်ပါတယ်။

ဖင်းစ်က အလုပ်သမားများ သပိတ်မှောက် ဆန္ဒပြနေရာများကို သွားရောက်ပြီး ဒုက္ခသည် စခန်းများမှာ အကူအညီပေးနေချိန် ဒါရိုက်တာအဖြစ် ဆောင်ရွက်မယ့် အော်လီဗာစတုန်းကလည်း ဒုက္ခသည် စခန်းများ ရှိရာ ဆူဒန်နဲ့ ကင်ညာမှာ သွားရောက် လေ့လာနေပါတယ်။ ဂျိုလီကလည်း ကုလသမဂ္ဂဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မရှင်နာနဲ့ တွေ့ဆုံပြီး ဒုက္ခသည်များနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေ၊ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ ကို တောင်းယူကာ အပူတပြင်း လေ့လာ နေခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ရမယ့် ဆာရာဂျော်ဒန် ဆိုတဲ့ မိန်းကလေး စရိုက်က ဂျိုလီအတွက် Lara Croft ပြီးရင် အကောင်းဆုံး ဇာတ်ကောင် စရိုက်ပါပဲ။ Lara အဖြစ် သရုပ်ဆောင်စဉ်က သူ့ဘ၀နဲ့ ဟပ်မိတာတွေ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း ဒုက္ခရောက် နေသူများကို ကူညီတာတွေ၊ ကမ္ဘာကြီး ကို နေချင်စဖွယ်ဖြစ်လာအောင် စောင့် ရှောက်တာတွေကို ရိုက်ကူးရာမှာ ဂျိုလီ က သရုပ်ဆောင်နေတာနဲ့ မတူဘဲ Lara ကိုယ်တိုင် ဆောင်ရွက်နေသလို ခံစားစေ ပါတယ်။ ဒါကြောင့်လည်း ဒါရိုက်တာ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆိုင်မွန်ဝက်စ်က “ဂျိုလီက ဒီကား ရိုက်ကူးနေစဉ်မှာ သူ့ ကိုယ်သူ Lara Croft လို့ပဲ စိတ်သွင်းပြီး လုပ်ဆောင်သွားခဲ့တာပါ”လို့ ဆိုခဲ့တာပါ။ နောက်ရိုက်ရမယ့် ဆာရာ ဇာတ်ကောင်စရိုက်မှာလည်း ဂျိုလီက ကာ တွန်းဇာတ်ကောင်လို အသက်မပါ သရုပ်ဆောင်ရတာမျိုး မဟုတ်ဘဲ အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ချင်တာပါ။

ဇန်န၀ါရီလနှောင်းပိုင်းမှာ အော်လီ ဗာစတုန်းက ဒီဇာတ်ကားဟာ ကုန်ကျစရိတ် များလွန်းမှာ ဖြစ်တာကြောင့်တစ် ကြောင်း၊ ပြင်ဆင်ရမယ့် အချိန်ကာလ ယူရဦးမှာကြောင့် တစ်ကြောင်း မရိုက် ဖြစ်တော့ဘူးလို့ ဆိုလာပါတယ်။ ဒီကြားထဲမှာ ဟောလိဝုဒ်ရုပ်ရှင်လောကတစ် ခုလုံး သရုပ်ဆောင်များက ထုတ်လုပ် သူများအပေါ် သပိတ်မှောက် တောင်းဆို မှုတွေကလည်း ပေါ်ပေါက်နေပါတယ်။ တကယ်တော့ ဒါရိုက်တာ အော်လီဗာ စတုန်းက ဂျိုလီ့အပေါ်မှာ မွေးစားအဖေ တစ်ယောက်လို စေတနာအပြည့်အ၀ရှိ တဲ့သူ တစ်ဦးပါ။ ဒါကြောင့်လည်း ဂျိုလီ အနေနဲ့ မပြောသာခဲ့ပါဘူး။ ဒါပေမဲ့ ဒီ ဇာတ်ကောင်စရိုက်ကို သူ သိပ်သဘော ကျပါတယ်။ ဒါကြောင့်လည်း UNHCR က တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့တွေ့ဆုံပြီး ဒုက္ခ သည်စခန်းများကို နှစ်ပတ်လောက်သွား ပြီး လေ့လာချင်ပါတယ်လို့ တောင်းဆို ပါတယ်။ သူ့ကြိုးပမ်းသမျှဟာ နောက် ဆုံးမှာတော့ သဲထဲရေသွန် ဖြစ်ခဲ့ရပါ တော့တယ်။

ရုပ်ရှင်မရိုက်ဖြစ်တော့ဘူးလို့ ဆိုတဲ့ အချိန်မှာ သူမဘ၀မှာ တစ်ခါမှ မစဉ်း စားဖူးတဲ့ အတွေးတစ်ခု ၀င်လာခဲ့ပါ တယ်။ မင်းသမီးဆိုတာ သူများ ခိုင်း တာကိုပဲ လုပ်နေရတယ်ဆိုတာကို သဘောပေါက်လာခြင်းပါ။ တကယ်တော့ သူမဘ၀မှာ ညွှန်ကြားမယ့်သူ အော်လီ ဗာစတုန်းပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ် ဖြစ် လုပ်ချင်တာကို လုပ်မယ်ဆိုရင် ဘယ်သူမှ မလိုဘူးဆိုတာ တွေးမိလာပါတယ်။ “ရုတ်တရက် အသိဉာဏ်ပွင့် လင်းသွားတယ်။ ကျွန်မက သရုပ်ဆောင် တစ်ယောက်ပဲ။ ကျွန်မ ရိုက်ချင်တဲ့ ကားကို ရိုက်ကူးပေးမယ့်သူပဲ လို တာပါ။ လုပ်ချင်တာကို ဖြစ်အောင်လုပ် မယ်”လို့ တွေးခဲ့မိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နယူးယောက်မှာ ရှိတဲ့ UNHCR ကို ဆက်သွယ်ပြီး ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံများ ဖြစ်တဲ့ ဆိုင်ရာ လီယိုနီနဲ့ တန်ဇန်နီယား နိုင်ငံများသို့ သွားရောက် လည်ပတ်နိုင်ဖို့ ဆွေးနွေးပါ တော့တယ်။ ကုလသမဂ္ဂ အရာရှိများကို ပြောကြားရာမှာ “ရှင်တို့အနေနဲ့ ကျွန်မ ရူးနေသလားလို့ တွေးကောင်း တွေးမှာပါ။ ကျွန်မက ရုပ်ရှင် မင်းသမီးပဲ။ ဒီ ခရီးကို စာနယ်ဇင်းသမားတွေနဲ့တော့ မသွားချင်ဘူး။ ရှင်တို့ရဲ့အရိပ်အောက်က နေ သွားချင်တယ်။ သွားချင်တယ်ဆို တာကလည်း ဒုက္ခသည်စခန်းတွေမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာ လေ့လာ ချင်လို့ပဲ”လို့ ဆိုခဲ့တာပါ။ ဒါပေမဲ့ ဒီခရီး အတွက် ဂျိုလီက အချက်နှစ်ချက်ကို တော့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအချက် တွေကတော့ သူ့အတွက် ကုန်ကျမယ့် စရိတ်ကို သူ့ပိုက်ဆံနဲ့ပဲ ပေးမယ်။ ခရီး စဉ်တစ်လျှောက်လုံးမှာ သူ့ကို အထူးဦး စားပေးတာမျိုး မဟုတ်ဘဲ အများသူငါ လို တန်းတူရည်တူပဲ ဆက်ဆံရမယ် ဆိုတဲ့ အချက်များပါပဲ။

ဒီအစီအစဉ်တွေကြားရတော့ အော်လီဗာစတုန်းကတော့ ဂျိုလီကို အလေး ပြုပါတယ်။ ဖခင်ဖြစ်တဲ့ ဂျွန်ဗွိုက်က သမီးအတွက် စိတ်ပူပါတယ်။ ဆိုင်ရာ လီယိုနီဆိုတဲ့ နိုင်ငံငယ်ကလေးက ပြည် တွင်းစစ်တွေ ဖြစ်ပွားနေပြီး အန္တရာယ် အရမ်းများပါတယ်။ ဒါကြောင့် ဂျွန်ဗွိုက်က ကုလသမဂ္ဂမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို ဆက်သွယ်ပြီး ဒီခရီးစဉ်ကို ပယ် ဖျက်ပေးဖို့ မေတ္တာ ရပ်ခံပါသေးတယ်။ တာဝန်ရှိပုဂ္ဂိုလ်များက ဂျိုလီဟာ ကလေးတစ်ယောက် မဟုတ်တော့ဘဲ အရွယ်ရောက်ပြီး မိန်းမတစ်ယောက် ဖြစ်တဲ့အပြင် ကုလသမဂ္ဂရဲ့ စောင့်ရှောက်မှုနဲ့ သွားခြင်းဖြစ်တာကြောင့် စိတ်မပူဖို့ နှစ်သိမ့်ပေးခဲ့ပါတယ်။ မိခင် ဖြစ်သူ မာချီကတော့ သမီး ဆုံးဖြတ် သမျှကို ဘယ်တော့မှ ကန့်ကွက်လေ့ မရှိတဲ့အတိုင်း ပြုံးနေခဲ့ပေမဲ့ မျက်ရည် တော့ ၀ဲနေပါတယ်။ ဂျိုလီ သွားခါနီးမှာ မာချီက သားကြီး ဂျိမ်းစ် ရေးပေးလိုက်တဲ့ စာတစ်စောင်ကို ဂျိုလီ့လက် ပေးခဲ့ ပါတယ်။

အဲဒီစာပါ အကြောင်းအရာက တော့ “အစ်ကို မင်းကို ချစ်ပါတယ်။ တကယ်လို့ ညီမလေး တစ်ချိန်ချိန်မှာ ကြောက်စိတ် ၀င်တာပဲ ဖြစ်ဖြစ်၊ ၀မ်းနည်းတာပဲ ဖြစ်ဖြစ်၊ ဒေါသ ထွက်တာပဲ ဖြစ်ဖြစ် ခံစားလာရတဲ့ အခါ မိုးကောင် ကင်ကြီးကို မော့ကြည့်လိုက်စမ်းပါ။ ညာဘက်မှာ ရှိတဲ့ ဒုတိယကြယ်ကို တွေ့အောင်ရှာပါ ညီမလေး။ အဲဒီ ကြယ်ကလေးကို မနက်မိုးလင်းတဲ့ အထိ မမှိတ်မသုန် ကြည့်နေမယ်ဆိုရင် ညီမလေးရဲ့ စိတ်ခံစားမှုတွေ ပျောက်ကွယ် သွားပါလိမ့်မယ်”တဲ့။ ဒီကျင့်စဉ်က ဂျိုလီ ငယ်ငယ်တုန်းက အင်မတန် နှစ်သက်ခဲ့တဲ့ ဇာတ်ကောင် ပီတာပဲန်ရဲ့ စရိုက်လည်း ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်တဲ့ ဘီလီကတော့ ဖခင် ဂျွန်ဗွိုက်နဲ့ အမြင်ချင်း တူပါတယ်။ ဒါပေမဲ့ စွန့်စားချင်တဲ့ ဂျိုလီကို သူ ခွင့် ပြုခဲ့ပါတယ်။ “သူက ကျွန်မ သွားမယ့် ခရီးဟာ လုံခြုံမှု မရှိဘူးလို့ ထင်တယ်။ ဒါပေမဲ့ သူ လိုက်မယ်လို့လည်း မပြော တော့ ကျွန်မ တစ်ယောက်တည်းပဲ ထွက်လာခဲ့တာပါ”လို့ နောင်မှာ ပြောပြ ပါတယ်။

စစ်မက် ဖြစ်ပွားနေတဲ့ ဒေသထဲကို ဂျိုလီ ၀င်လာတော့ သူ့လက်ထဲမှာ ရေးမှတ်စရာ စာရွက်များနဲ့ ကလောင်တံ များပဲ ပါပါတယ်။ ခင်ပွန်းသည် ဖြစ်သူကတော့ သူငယ်ချင်း ဖြစ်တဲ့ ရန်ဒီနဲ့ အတူ မြေအောက် စတူဒီယိုထဲကို ၀င်ပြီး ဇနီးသည်ကို တမ်းတတဲ့ အချစ်သီချင်း  တစ်ပုဒ် ရေးသားခဲ့ပါတယ်။ “ဒီသီချင်း က ကျွန်တော်တို့နှစ်ယောက် စတွေ့ခဲ့ကြပုံကို အခြေခံပြီး ရေးထားတာပါ”လို့ ဘီလီက ဆိုပါတယ်။ မိနစ်ပိုင်းအတွင်း မှာပဲ “အင်ဂျလီနား”လို့ အမည်ပေးထား တဲ့သီချင်း ရေးပြီးသွားခဲ့ပါတယ်။

အဲဒီ အချိန်မှာ ဂျိုလီကတော့ ခင်ပွန်းသည်နဲ့ မတူတဲ့ လမ်းကြောင်းပေါ်ကို လျှောက် လှမ်းနေပါတယ်။ Côte d’ Ivoire ရဲ့ မြို့တော်ဖြစ်တဲ့ Adibjan ကို ရောက်လာ ချိန်မှာ ကုလသမဂ္ဂ အရာရှိများက ဒီနိုင်ငံရဲ့ ဗျူရိုကရက်များရဲ့ အကျင့် စရိုက်ဆိုးများ၊ ဒုက္ခသည်စခန်းများမှာ တွေ့ကြုံနေ ရတဲ့ပြဿနာများကို ရှင်းလင်းပြော ကြားကြပါတယ်။ အချိန်ကာလအားဖြင့်တော့ ဖေဖော်ဝါရီလကို ရောက်ခဲ့ပါပြီ။  ပျက်စီးယိုယွင်း စုတ်ပြတ်သတ်မှုကို ခံစားနေရတဲ့ ဒီနိုင်ငံသားများရဲ့ မျက်ဝန်းများမှာ လှုပ်ရှား ရုန်းကန်မှု၊ စွန့်လွှတ်  စွန့်စားမှုများကိုသာ တွေ့နိုင်ပြီး အချစ်ဆိုတဲ့ စိတ် သူတို့ရင်ထဲမှာ ရှိပါရဲ့လား လို့ သံသယ ဖြစ်လောက်အောင် ခံစား ရပါတယ်။

သူတို့ကို မြင်လိုက်ရတော့ ဂျိုလီ ရဲ့ စိတ်ထဲမှာ တိရစ္ဆာန်ရုံထဲကို အလည် အပတ်ရောက်နေတဲ့ သူတစ်ယောက်လို ခံစားလိုက်ရပါတယ်။ ဆိုင်ရာလီယိုနီရဲ့ မြို့တော် ဖရီးတောင်းကို ရောက်တော့ ဒုက္ခသည်စခန်းတစ်ခုကို သွားကြည့်ပါ တယ်။ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ ဒုက္ခ သည်ကလေးတစ်ယောက်ကို သူ့ရင်ခွင် မှာ ပွေ့ချီလိုက်မိတဲ့အထိ ခံစားလိုက်ရ ပါတယ်။ တကယ်တော့ ဂျိုလီရဲ့စိတ် ခံစားမှုက နာကြည်းမှုတွေ အပြည့်အ၀ ရှိတဲ့သူဖြစ်တာကြောင့် ငယ်ငယ်က တည်းက ကစားရင်တောင် အရုပ်က လေးများနဲ့ မကစားတတ်ပါဘူး။ သူ့ကို တစ်စုံတစ်ယောက်က ပွေ့ချီတာကို မကြိုက်ပါဘူး။

ပွေ့ဖက်နှုတ်ဆက်တာ ကိုလည်း ဘယ်တော့မှ မခံယူလိုသူ ဖြစ် ပါတယ်။ ကလေးငယ်ကို တွေ့လိုက်ရာ မှာ ရုတ်တရက် ကောက်ချီမိသွားတဲ့ အဖြစ်အပျက်ကတော့ သူ့ဘ၀မှာ ထူး ခြားလှပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဂျိုလီက “အဲဒီအချိန်မှာ ကျွန်မ ရင်ထဲ ခံစားလိုက်ရတဲ့ ခံစားချက်ကို စာနဲ့ ဘယ်လိုမှ ရေးမပြနိုင်လောက်အောင်ပါ ပဲ”လို့ ဆိုခဲ့ပါတယ်။ နောက်ဒုက္ခသည် စခန်း တစ်ခုကို သူ ၀င်လိုက်ချိန်မှာ ကလေးငယ်များ ပြေးလာကြပြီး ၀ိုင်းဖက် ထားကြပါတယ်။ “သူတို့လက်က လေးတွေက ကျွန်မ လက်ချောင်းတွေ ကို လာဆုပ်ထားကြတယ်။ ကျွန်မ ရင် ထဲမှာ သူတို့လေးတွေ အားလုံးကို အိမ် အပြန်မှာ ခေါ်သွားချင်စိတ်တွေ ပြင်း ပြင်းထန်ထန် ပေါ်ပေါက်ခဲ့ပါတယ်”လို့ ဂျိုလီက ဆိုပါတယ်။

ဒုက္ခသည်တွေကို တွေ့ရလေ ဒီ လူတွေအကြောင်းကို ပိုသိချင်လေ ဖြစ်လာသူက ဂျိုလီပါပဲ။ ဒါကြောင့် ဆိုင် ရာလီယိုနီရဲ့ သံတမန်ဟောင်း တစ်ဦး ဖြစ်တဲ့ ဂျွန်မဲလ်ရို့စ်နဲ့ တွေ့ဆုံပြီး သိချင် တာများကို မေးမြန်း ပါတော့တယ်။ ၂၀၀၁ ခုနှစ် မတ်လ ၁ ရက်နေ့က သံအမတ်ရဲ့အိမ်မှာ တခြား လူမှုရေးဝန် ထမ်းများနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ညစာ စားပွဲ မစခင်မှာ ဂျိုလီက အာဖရိကမှာ ဖြစ်ပျက်နေတဲ့ အငတ်ဘေး ဒုက္ခတွေကို သူမ လုံးဝ မသိခဲ့ကြောင်း၊ အခုအတွေ့ အကြုံများက သူမရဲ့ မျက်လုံးများကို ဖွင့်ပေးလိုက်ကြောင်း ပြောကြားခဲ့ပါ တယ်။ ဂျွန်မဲလ်ရို့စ်က သူ တွေ့ခဲ့ဖူးတဲ့ အနောက်နိုင်ငံသား တခြား ပုဂ္ဂိုလ်များ နဲ့ မတူဘဲ ဂျိုလီဟာ တစ်မူထူးခြား ကြောင်း၊ တစ်နေ့လုံး ဒုက္ခသည် စခန်း များမှာ အစားအသောက်၊ ကုန်ပစ္စည်း တွေ ဝေငှပေးခဲ့ပြီးမှ ညစာစားပွဲကို တက်ရောက်လာခြင်း ဖြစ်ကြောင်း နောင်မှာ ပြန်လည်ပြောပြခဲ့ပါတယ်။ “ဒီမိန်းကလေးက ပြည်တွင်းစစ် ဒုက္ခတွေ အငတ်ဘေး ဒုက္ခတွေ အကြောင်းကို လုံးဝ မသိတဲ့သူပါ။ ဒီလို ဘာမှ မသိတဲ့သူ တစ်ယောက်က အလွန်အမင်း ဒုက္ခရောက်နေတဲ့ သူတွေကို မျက်ဝါး ထင်ထင်မြင်လိုက်ရတဲ့ အခါမှာတော့ တော်တော် တုန်လှုပ်သွားမှာပါပဲ။ စိတ် ဓာတ်ကျလောက်အောင်လည်း ဖြစ်မှာ ပဲ။ သူ့ဘ၀မှာတော့ မတောင့်မတ မကြောင့်မကြ အရိပ်ထဲမှာ ကြီးပြင်းခဲ့ရ တာကိုး။ အခုလို ဒုက္ခသည်တွေကို တွေ့လိုက်ရတဲ့ အခါ ရင်ထဲမှာ ခံစား လိုက်ရတယ်ဆိုတာ အမှန်ပါပဲ”လို့ မဲလ် က ဆိုပါတယ်။

အဲဒီညစာ စားပွဲအပြီးနောက် ရက် သတ္တပတ် အနည်းငယ်အကြာမှာ မဲလ် ရို့စ်ကို ဂျိုလီရဲ့လက်ထောက် တစ်ယောက်က တယ်လီဖုန်း ဆက်သွယ်ပြီး စစ်ပြန်များ၊ ဆယ်ကျော်သက် အရွယ် ယောက်ျား ကလေးများကို စာရေး၊ စာဖတ်တတ်အောင် သင်ကြားပေးဖို့ သင်တန်းတစ်ခု စီစဉ်ပါတယ်။ ဒီသင်တန်း အတွက် ကုန်ကျစရိတ်အားလုံးကို ဂျိုလီ က ကျခံတာပါ။ အဲဒါအပြင် မဲလ်ရို့စ် က “စစ်သတို့သမီးများ”လို့ ကင်ပွန်း တပ်ခံရတဲ့ သူပုန်များ အတင်းအကျပ် သိမ်းပိုက်ခံရပြီး လိင်ကျေးကျွန်၊ ထမင်း ချက်၊ လူသားဒိုင်း အဖြစ် သရုပ် ချခံခဲ့ရတဲ့ မိန်းကလေးများ အတွက်လည်း သင်တန်းများ ဖွင့်လှစ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် ဒီမိန်းကလေး များကို နှစ်သိမ့် ဆွေးနွေးပေးခြင်း၊ အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတစ်ခုခု တတ်မြောက်အောင် သင်ကြားပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီသင်တန်းတွေ အတွက် ဂျိုလီက ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး ဒီအလှူနဲ့ ပတ်သက်လို့ အမည်မသိ အလှူရှင် တစ်ဦးလို့သာ ကြေညာစေခဲ့ပါတယ်။

ဒုက္ခသည် စခန်းများမှာ မြင်တွေ့ ခဲ့ရတဲ့ ကလေးငယ်များရဲ့မြင်ကွင်း၊ ကလေးငယ်များရဲ့အသံတို့က ဂျိုလီရဲ့ သဒ္ဓါတရားကို ပိုမိုထက်သန်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျိုလီက ဒုက္ခသည်စခန်းများကို သွားရောက်လည် ပတ်ခွင့်ရခဲ့ခြင်းဟာ သူမအတွက် တစ်သက်တာအမှတ်တရဖြစ်စေတယ်လို့ ဆို ပါတယ်။ “ဒုက္ခသည်စခန်းတွေမှာ နှစ် ပတ်လောက်နေပြီး ကျွန်မ အမေရိကားကို ပြန်ရောက်တော့ မသွားခင်တုန်းက နဲ့ ဘာမှ မဆိုင်တော့ဘဲ လူသစ်စိတ်သစ် ဖြစ်သွားတယ်”လို့လည်း ဆိုပါတယ်။

အမေရိကားကို ပြန်ရောက် လာချိန်မှာ ဟာသအချစ် ရောပြွမ်းထားတဲ့ Life or Something Like It ဆိုတဲ့ ရုပ်မြင်သံကြား ဇာတ်လမ်းကို သရုပ်ဆောင် အက်ဒ်ဘန်းစ်နဲ့ တွဲဖက် သရုပ်ဆောင်ဖို့ လက်ခံခဲ့ပါတယ်။ သူ အင်မတန် ရိုက် ချင်နေတဲ့ Beyond Borders ဇာတ် ကားရိုက်ကူးရေးက ဘယ်ဆီရောက်နေ မှန်းမသိသေးတဲ့ အတွက် ကြားဖြတ်အစီ အစဉ်အနေနဲ့ လက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။ အဲဒီ အချိန်အတွင်းမှာပဲ သူမ ရိုက်ကူးခဲ့တဲ့ Lara Croft ရုပ်ရှင် ဇာတ်ကားနဲ့ ဆက်နွယ်တဲ့ အမှတ်တရ ကုန်ပစ္စည်းတချို့ ထုတ်လုပ်ရောင်းချ ရေးကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုက Lara Croft အရုပ်က လေးများ ထုတ်လုပ်ရောင်းချဖို့ ပုံစံ ထုတ်ပြရာမှာတောင် ဂျိုလီက အရုပ်ရဲ့ ရင်သားတွေက ကြီးလွန်းတယ်လို့ မှတ် ချက်ပေးခဲ့ပါတယ်။ တကယ်တော့ ဂျိုလီဟာ ဒုက္ခသည်များစခန်းက ပြန် ရောက်လာပြီးတဲ့နောက် လူ့လောက အစစ်အမှန်ထဲကို ရောက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဟာသဇာတ်လမ်း ရိုက်ကူးဖို့ အတွက် ဆီရေတယ်လ်ကို သွားရပြီး အဲဒီကတစ်ဆင့် ဗင်ကူးဗားကို သွားရ ပါတယ်။ ဒီအတောအတွင်းမှာ သူမနဲ့ ဘီလီတို့က ဒုတိယ အကြိမ် လက်ထပ်ကြဖို့ စိုင်းပြင်းခဲ့ကြပါတယ်။ လက်ထပ်ပွဲကို ဧပြီလအတွင်း သူတို့နေတဲ့ အိမ်ရဲ့ မီးဖိုဆောင် အတွင်းမှာပဲ ကျင်းပခဲ့ပါတယ်။ ဧည့်သည်အဖြစ် ဘုရားကျောင်းမှ အမျိုးသမီးတစ်ယောက်သာ ရှိပြီး အသိသက်သေ အဖြစ် သူတို့ မွေးထားတဲ့ ကြွက်ဖြူကလေး ဟယ်ရီနဲ့ ဘီလီရဲ့ ငှက်ကလေး အဲလစ္စတို့သာ ရှိပါတယ်။ လက်ထပ်ပွဲ ထုံးစံအတိုင်း တစ်ယောက် နဲ့တစ်ယောက် လက်စွပ်လဲတာ မလုပ်တော့ဘဲ ကိုယ့်လက်ကိုယ် လှီးကာ တစ်ယောက်သွေးကို တစ်ယောက် စုပ်ယူ သောက်သုံးခဲ့ကြပါတယ်။ တစ်နည်းပြောရရင် သူတို့နှစ်ယောက်ဟာ သွေးသောက်ရဲဘော်များ ဖြစ်သွားကြပြီ ပေါ့။ ဒါတင်မကသေးပါဘူး။ ဂျိုလီက  ဆရာဝန် တစ်ယောက်ကို ခေါ်ပြီး သူ့ သွေးကို ထုတ်စေကာ ပုလင်းတစ်လုံး ထဲ ထည့်ပြီး ခင်ပွန်းသည်အတွက် မင်္ဂလာ လက်ဆောင် ပေးဖို့လည်း စီစဉ်ခဲ့ ပါသေးတယ်။

မေလမှာ ကျရောက်တဲ့ သူတို့ဇနီး မောင်နှံရဲ့ နှစ်ပတ်လည်မင်္ဂလာနေ့ ဆင်နွှဲဖို့ ဂျိုလီက ခင်ပွန်းသည် ဘီလီ ရုပ်ရှင်ရိုက်ကူးနေတဲ့ Baton Rouge ကို လိုက်လာခဲ့ပါတယ်။ အဲဒီမှာ ဘီလီက Monster’s Ball  ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေတာ ဖြစ်ပြီး ဒီကားမှာ ဘီလီ က အကျဉ်းထောင်လုံခြုံရေးနဲ့ သေဒဏ်ကျသူများကို သတ်ဖြတ်ရတဲ့သူ အဖြစ် ပါဝင် သရုပ်ဆောင်နေတာပါ။ ခင်ပွန်း သည် ရှိရာကိုရောက်လာချိန်မှာ သူ့သွေး ပုလင်းကို ပေးပြီး ခင်ပွန်းသည်ရဲ့သွေး နဲ့ သူကိုယ်တိုင် ပန်းချီကား တစ်ချပ် ရေးဆွဲကာ လက်ဆောင် ပေးခဲ့ပါသေးတယ်။ သက်ဆုံးတိုင် ချစ်ကြမယ်လို့ ရည်ရွယ်ချက်တွေ ရှိတာကြောင့် သူတို့နှစ် ယောက် ကွယ်လွန် သွားရင်တောင် သချူင်္ိင်း တစ်ခုထဲမှာ အတူယှဉ်တွဲ မြှုပ်နှံနိုင်အောင်လို့ မြေကွက် ၀ယ်ထားလိုက်  ပါသေးတယ်။ ဒါက သူတို့နှစ်ယောက် အတွက် အနာဂတ်အိမ်လို့လည်း တင် စားကြပါတယ်။ ချစ်သက်သေ ပြဖို့ နောက်ထပ် ဆောင်ရွက်ချက် တစ်ခုကတော့ သူတို့ကိုယ်ပေါ်မှာ မင်ကြောင် ထပ်ထိုး ကြခြင်းပါပဲ။

တစ်ယောက်နဲ့ တစ်ယောက် ချစ်သက်သေတွေ အပြန်အလှန် ထူကြပေမဲ့ ဂျိုလီရဲ့စိတ်ထဲမှာ ခင်ပွန်းသည်ကို ရာနှုန်းပြည့် ယုံကြည် စိတ်ချမှု မရှိသေး ပါဘူး။ ရိုက်ကူးနေဆဲ ဇာတ်ကားမှာ ဂျိုလီနဲ့ ခေတ်ပြိုင် နာမည်ကြီး မင်းသမီး တစ်လက်ဖြစ်တဲ့ ဟော်လီဘယ်ရီနဲ့ တွဲဖက် သရုပ်ဆောင်နေရပြီး ဒီဇာတ်ကား မှာ အိပ်ရာပေါ်က အခန်းတွေလည်း ပါဝင်မှာမို့ နောက်ဆံ တင်းခဲ့ပါတယ်။ ဒီ ဇာတ်ကား မပြီးမချင်း သူ စိတ်မဖြောင့် နိုင်ပါဘူး။ ဒါကြောင့် သူ့ဘော်ဒီဂတ် ဖြစ်တဲ့ မစ်ကီဘရက်ကို ဘီလီ ရုပ်ရှင် ရိုက်ကူးတဲ့ နေရာမှာ ကူညီဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ထားခဲ့ပါတယ်။ အဲဒါအပြင် ဒီဇာတ်ကားမှာ အစ်ကိုဖြစ်တဲ့ ဂျိမ်းစ်ကလည်း ဇာတ်ဝင်ခန်း အနည်းငယ်မှာ ပါဝင် သရုပ်ဆောင်နေ ရသူဖြစ်လို့ တကယ်လို့များ ဘီလီ ဖောက်ပြန်တယ်ဆိုရင် သူ့ဘက်သား နှစ်ယောက်က ချက်ချင်း သတင်းပို့ကြလိမ့် မယ်လို့ယုံကြည်ထားပါတယ်။

တကယ် တော့ တစ်ခါခြံခုန်ဖူးတဲ့ နွားဟာ နောင်မှာလည်း ခြံခုန်ဖို့ ၀န်မလေးပါဘူး။  တကယ်လို့ ဘီလီက လုံးဝ ပြောင်းလဲ သွားသူဆိုရင်တော့ ဟော်လီဘယ်ရီနဲ့ ရိုက်ကူးမယ့် အိပ်ရာဝင်ခန်းများအတွက် စိတ်ပူစရာ မလိုဘူးပေါ့။ အဲဒီဇာတ်ဝင် ခန်းမရိုက်ခင် ရက်ပိုင်းအလို ဇူလိုင်လ အလယ်မှာပဲ ဂျိုလီက ကုလသမဂ္ဂမစ်ရှင် နဲ့အတူ ကမ္ဘောဒီးယားနိုင်ငံသို့ ဒုတိယ အကြိမ် ထွက်ခွာလာခဲ့ပါတော့တယ်။

နောက်ဆံတင်းတဲ့သူက ဂျိုလီ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဟော်လီ ဘယ်ရီရဲ့ခင်ပွန်းဖြစ်တဲ့ ဂီတသမား အဲရစ်ဘဲနက်ကလည်း ဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး စိတ်သောက ရောက်ရပါ တယ်။ ဒါပေမဲ့ ကားရိုက်ပြီးတဲ့နောက် သူ စိတ်မပူအောင်လို့ တစ်မိနစ်စာဖြတ် ပြီး ကြည့်ခွင့်ပေးခဲ့ပါတယ်။ ထုတ်လုပ် သူများဘက်ကလည်း အသက် ၁၇ နှစ် အောက် မကြည့်ရ ဆိုတဲ့ သတ်မှတ်ချက် မျိုး သတ်မှတ်ခံရမှာ စိုးရိမ်တဲ့ အတွက် ဖြတ်ထုတ် ပစ်ခဲ့တာပါ။ ဟော်လီက ဒီ ကားအတွက် သရုပ်ဆောင်ခ စို့စို့ပို့ပို့ ရခဲ့တာတော့ မဟုတ်ပါဘူး။ ရိုက်ကွင်း ပေါ်မှာတော့ ဂျိုလီက ဘာမှ မဖြစ်သလို နေပြနိုင်ခဲ့ပါတယ်။ “Lara Croft ကို ကမ္ဘာက ပိုင်သလို ကျွန်မကိုလည်း ဘီလီက ပိုင်ပါတယ်”လို့ စာနယ်ဇင်း များကို သူ့ခင်ပွန်းနဲ့ ပတ်သက်ပြီး ပြော ကြားခဲ့ပါတယ်။ ဘီလီကလည်း “ဂျို လီနဲ့ ကျွန်တော်က ခိုင်မာတဲ့ အချစ်တွေနဲ့ တည်ဆောက် ထားတာပါ။ ကျွန်တော်တို့ နှစ်ယောက်ဟာ ဇနီးနဲ့ ခင်ပွန်းဆိုတာ ထက် ကမ္ဘာပေါ်မှာ အကောင်းဆုံး မိတ် ဆွေများ ဆိုရင်လည်း မမှားပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဒီကာလများအတွင်းမှာ ဂျိုလီနဲ့ ဖခင်ဖြစ်သူတို့ရဲ့ ဆက်ဆံရေးကလည်း ပြေလည်စပြုလာခဲ့ပါတယ်။ နယူး ယောက်မြို့မှာ ဂျိုလီ ပါဝင်သရုပ်ဆောင် နေတဲ့ Life or Something Like It ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးနေချိန်မှာ ဖခင်ဖြစ်သူ ဂျွန်ဗွိုက် နဲ့ ခင်ပွန်းဖြစ်သူ ဘီလီတို့က တစ်ဖက် တစ်ချက်ဆီကနေ ကြည့်နေကြပါတယ်။ နယူးယောက်မြို့ရဲ့ နာမည်ကျော် Times Square မှာ ရိုက်ကူးနေကြတာပါ။ ဒါရိုက်တာ ဖြစ်တဲ့ စတီဖင်ဟာ့ခ်က“ကတ်” လို့ အော်လိုက်တဲ့အချိန်မှာ ဂျိုလီက ဖခင်ဖြစ်သူ ရှိရာဘက်ကို အပြေးသွားပြီး အားပါးတရ ဖက်ခဲ့ပါတယ်။ ပြီး တော့မှ ခင်ပွန်းသည်ဘက်ကို ပြေးပြီး အားပါးတရ နမ်းလိုက်ပြန်ပါတယ်။

ကမ္ဘောဒီးယားကို သွားမယ်ဆို တော့ ဖခင်ဖြစ်သူက လေဆိပ်ကို လိုက်ပို့ပါတယ်။ စာတစ်စောင်လည်း ပေး လိုက်ပါသေးတယ်။ အဲဒီစာမှာ ဂျိုလီ တစ်သက်လုံး တောင့်တခဲ့တဲ့ ၀န်ခံမှုတွေ ပါဝင်တာကြောင့် လေယာဉ်ပေါ်မှာ ဖတ်လိုက်စဉ် စိတ်ကျေနပ်မှု အပြည့်အ၀ ရသွားခဲ့ပါတယ်။

ဂျိုလီ သွားရတဲ့နေရာက ခမာသူ ပုန်များ သိမ်းပိုက်ခဲ့တဲ့ မြေမြှုပ်မိုင်းများ ရှိရာ နေရာဖြစ်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့နဲ့ သွားရတာပါ။ ဒီခရီးစဉ်အတွင်း မှာ ဂျိုလီက ကုလသမဂ္ဂကော်မရှင်နာ ဖြစ်တဲ့ ရုဒ်လာဗာ၊ ကုလသမဂ္ဂ အထွေ ထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်တို့ အပြင် သူမ အားကျတဲ့ စာရေးဆရာ လှုပ်ရှားမှုခေါင်းဆောင် “လောင်အန်း” တို့နဲ့လည်း တွေ့ဆုံခဲ့ရပါသေးတယ်။  လောင်အန်း ရေးခဲ့တဲ့ First They Killed My Father စာအုပ်မှာ ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း စာရေး ဆရာမ မိသားစုတို့ “ပိုပေါ့”အစိုးရအဖွဲ့ အုပ်ချုပ်မှု အောက်မှာ ခံစားခဲ့ရတာတွေ ကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ ဒီခရီး စဉ်မှာ ဂျိုလီနဲ့ လောင်အန်းတို့ ရင်းနှီး သွားခဲ့ကြပါတယ်။

မြေမြှုပ်မိုင်းတွေ ရှိရာကို သွားရောက်ရှာဖွေကြပြီး မိုင်းများရဲ့ စနက်တံကို ဖြုတ်တဲ့ လုပ်ငန်းတွေ လုပ်ကြရာ မှာတော့ ဂျိုလီက ကလေးတစ်ယောက်ကို သူ အင်မတန် ကြိုက်တဲ့ စားစရာ ဆိုင် ထဲ ခေါ်သွားသလို ဖြစ်နေပါတယ်။ အန္တရာယ်ကြီးမားလှတဲ့ စနက်တံကို သူ ကိုယ်တိုင် ဖြုတ်တာပါ။ “ဒီလိုဖြုတ်ပေး လိုက်ရတဲ့ အတွက် လူတစ်ယောက် ဒါမှ မဟုတ် လူပေါင်းများစွာ သေကျေပျက် စီးနိုင်တဲ့ ဘေးဒုက္ခကနေ ကင်းလွတ် သွားအောင် လုပ်ပေးနိုင်တာဖြစ်လို့ ကျွန်မ အရမ်းပီတိဖြစ်ရပါတယ်”လို့ စာ နယ်ဇင်းများကို ပြောပြခဲ့ပါတယ်။

လောင်အန်းကတော့ မြေမြှုပ်မိုင်းတွေ ကွဲတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူး သူ ဖြစ်လို့ အမေရိကန် ပြည်ထောင်စုကို ပထမဆုံး အကြိမ် ရောက်ရှိပြီး လွတ်လပ် ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ မီးရှူးမီးပန်းတွေ ဖောက်တဲ့အသံ ကြား တာကိုတောင် ကြောက်ရွံ့တုန်လှုပ်မိ တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ် အတွင်းမှာပဲ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ဂျိုလီ ကို ဒုက္ခသည်များ ကယ်ဆယ်ရေး လုပ်ငန်းရဲ့ ဂုဏ်ထူးဆောင် သံအမတ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ တရားဝင် ကြေညာချက်ကိုတော့ နောက်တစ်လ အကြာ ၂၀၀၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ပါကစ္စတန်နဲ့ အာဖဂန်ဒုက္ခသည် များ စခန်းကို သွားရောက်ချိန်ကြမှ ကြေညာခဲ့တာပါ။ ဒီဘွဲ့ထူးကို လက်ခံရတဲ့ အတွက် ဂျိုလီက ရင်ခုန် လှုပ်ရှားမိတယ် လို့ ဆိုပါတယ်။ UNHCR ရဲ့လက် အောက်မှာ နိုင်ငံပေါင်း ၁၂၀ ရှိတာ ကြောင့် ဂျိုလီက ဘယ်နိုင်ငံကိုပဲ သွား သွား ကိုယ့်မိသားစုတွေချည်းပဲလို့ ခံယူ ခဲ့ပါတယ်။ ဒုက္ခသည်များ စခန်းကို သွား ရောက်လေ့လာခြင်းက ဂျိုလီကို ရာ သက်ပန် လူကောင်းတစ်ယောက် ဖြစ်သွားအောင် ဖန်တီး ပေးလိုက်သလိုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က မူးယစ် ဆေးဝါး သုံးစွဲမှုကနေ ကင်းဝေးအောင်  ရုန်းကန်နေရသူ အဖြစ်ကနေ အခုတော့ ကုလသမဂ္ဂ သံတမန် ဘ၀ကို ရောက်သွားခဲ့ပါပြီ။

ကုလသမဂ္ဂ ကိုယ်တိုင်ကလည်း ဂျိုလီကို သူတို့ရဲ့ သံတမန်အဖြစ် ခန့်ထားခွင့်ရတဲ့ အတွက် ကျေနပ်မိတယ်လို့ အရာရှိ တစ်ဦးဖြစ်တဲ့ ရွန်ရက်ဒ်မွန်က ဆိုပါတယ်။ “ကျွန်တော်တို့ အနေနဲ့ ဂျိုလီ သာ လုပ်မယ်ဆိုရင် ရာနှုန်းပြည့်အောင် မြင်နိုင်မယ်လို့ ယုံကြည်ထားတယ်။ မင်းသမီးက သူ့အပါးမှာ ဘယ်ကိုယ် ရံတော်မှ မပါသလို ဘယ်အေးဂျင့်မှ လည်း မရှိဘူး။ သူ့စရိတ်ကို သူ စားလိုက်တာ။ သွားရမယ့် နေရာတွေကို ကျွန်တော်တို့ ၀န်ထမ်းတွေနဲ့ အတူ ထပ် တူထပ်မျှ လိုက်နိုင်တယ်။ ဘယ်နေရာကိုပဲ သွားသွား သူ့စရိတ်ကို သူ သုံး တယ်။ ဆာရာလီယိုနီလို အန္တရာယ်များတဲ့ နေရာမျိုးကိုတောင် သူ့မိသားစု တားနေတဲ့ကြားက လိုက်ခဲ့တာပဲ။ တစ်ခါတုန်းက ဆိုရင် နေရပ်ဒေသကို စွန့်ခွာ ပြေးခဲ့ကြရတဲ့ ဒုက္ခသည်တွေ အန္တရာယ် ကင်းရှင်းပြီမို့ ကိုယ့်ဇာတိကို ကိုယ်ပြန် ကြတဲ့ အခါ သူတို့ကို လိုက်ပို့တဲ့ ကားများပေါ်မှာ ဂျိုလီ လိုက်သွားခဲ့တယ်။

တကယ်တော့ အဲဒီခရီးဟာ အန္တရာယ် များလှပါတယ်။ သူ ပါလာတယ်ဆိုတာ ဘယ်သူမှလည်း မသိကြဘူး။ သူ လုပ်နေတဲ့ အလုပ်တွေက သတင်းစာမျက်နှာ ဖုံးတွေမှာ ဖော်ပြခံရအောင်၊ နာမည်ကြီးအောင် လုပ်နေတာမျိုး မဟုတ်ဘူး၊ သူ လုပ်ချင်လို့ကို လုပ်နေတယ် ဆိုတာ ထင်ရှားပါတယ်။ ပိုပြီးကောင်းတာကတော့ ဒုက္ခသည်တွေက သူ ဘယ်သူလဲ ဆိုတာ မသိကြတဲ့ အတွက် ဖြစ်ပါတယ်” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ကုလ သမဂ္ဂနဲ့ အတူ ဒုက္ခသည်များ ကယ်ဆယ် ရေးလုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အတွင်းမှာပဲ သူ့အတွက် သတင်းကောင်း တစ်ခု ပေါ်ထွက်လာပါတယ်။ အဲဒီ သတင်းကတော့ သူ အင်မတန် ရိုက်ချင်နေတဲ့ Beyond Borders ဇာတ်ကားကို ဒါရိုက်တာ ပြောင်းပြီး စတင် ရိုက်ကူးတော့မယ်ဆိုတဲ့ သတင်း ပါပဲ။ ဒီဇင်ဘာလကစ တင်ပြီး မွန်ထရီ ရယ်လ်မှာ ရိုက်ကူးမှာလို့ ဆိုပါတယ်။

သတင်းကောင်း ထွက်လာပြီး ရက် ပိုင်းအတွင်းမှာပဲ နယူးယောက်မြို့ရဲ့ ကမ္ဘာကျော် Twin Towers ကို စက်တင် ဘာလ ၁၁ ရက်နေ့မှာ တိုက်ခိုက်ခြင်း ခံလိုက်ရတာကြောင့် နိုင်ငံရေး ရှုပ်ထွေး မှုတွေ၊ မတည်မငြိမ် ဖြစ်မှုတွေ ပေါ် ပေါက်လာခဲ့ပါတယ်။ UNHCR က ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နယ်စပ် များမှာ ကယ်တင်ရေး လုပ်ငန်းများဆောင် ရွက်နိုင်ဖို့ ဒေါ်လာ သန်း ၂၅၀ လိုအပ် တယ်လို့ဆိုချိန်မှာ ဂျိုလီက ရက်ရောစွာ နဲ့ ဒေါ်လာ ၁ သန်း ထည့်ဝင် လှူဒါန်း ခဲ့ပါတယ်။ ဒီလို လှူဒါန်းတာနဲ့ ပတ်သက်ပြီး ရန်သူအားပေးတယ်လို့ မြင်ကြ သူများက ဂျိုလီကို ခြိမ်းခြောက်တဲ့ E-mail တွေ၊ စကားသံတွေ ပို့ကြပါတယ်။

စာနယ်ဇင်းများမှာ ဂျိုလီရဲ့ ပြည်ပ လုပ်ဆောင်မှုတွေ အသားပေး ဖော်ပြ နေကြချိန်မှာ ဘီလီနဲ့ ဂျိုလီတို့က ပြည် တွင်းမှာလည်း ကူညီမှုတွေ၊ လှူဒါန်းမှု တွေကို လူမသိသူမသိ လုပ်ဆောင်နေခဲ့ ကြပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံရဲ့ မူရင်း တိုင်းရင်းသားတွေဖြစ်တဲ့  သူများရဲ့ ဒုက္ခများကို ကူညီဖြေရှင်းပေး ခဲ့ပါတယ်။ ဒီနေရာမှာ ဘီလီရဲ့ မျိုးရိုး စဉ်ဆက်က အမေရိကန် တိုင်းရင်းသားများနဲ့ ဆက်နွယ်သလို ဂျိုလီရဲ့မိခင် ဖြစ်တဲ့ မာချီကလည်း အဆက်အနွယ် ရှိသူ ဖြစ်ပါတယ်။ ပိုပြီးရင်းနှီးစေတာကတော့ အမေရိကန် တိုင်းရင်းသား ကဗျာ ဆရာလည်းဖြစ်၊ လူမျိုးစုများ အရေး ဦးဆောင် လှုပ်ရှားသူလည်း ဖြစ်တဲ့ ဂျွန် ထရူးဒဲလ်နဲ့ မာချီက ရင်းနှီး ပတ်သက် ခဲ့ခြင်းပါပဲ။

ထရူးဒဲလ်နဲ့ တွေ့ခါစမှာ သူ့ကို မြင်တိုင်း မာချီက ခင်ပွန်းဟောင်း ဂျွန် ဗွိုက်ကို သတိရတတ်ပါတယ်။ ဒါကို ထရူးဒဲလ်က မကြိုက်ပါဘူး။ တစ်ဖက် မှာ ဂျွန်ဗွိုက်က အနုပညာဟာ သူတို့ လုပ်ဆောင်ချင်တဲ့ လှုပ်ရှားမှုများအတွက် လက်နက်ကောင်းတစ်ခုဖြစ်တယ်လို့ ခံယူပါတယ်။ ထရူးဒဲလ်ကို အာဏာပိုင် အဖွဲ့အစည်းများက သိပ်သဘောမတွေ့ လှပါဘူး။ သူနဲ့ ပတ်သက်ပြီး FBI မှာ စာမျက်နှာ ၁၇၀၀၀ လောက် မှတ်တမ်း မှတ်ရာတွေ ရှိပါတယ်။ သူက မူရင်း အမေရိကန် နိုင်ငံသားများရဲ့ အခွင့်အရေး များကို တောင်းဆိုရယူဖို့ ၁၉၆၀ ခုနှစ် များအတွင်းက လှုံ့ဆော် ခဲ့ဖူးတာကြောင့် သူ့ကို အယ်လ်ကာထရပ်ဇ်ကျွန်းပေါ်က အကျဉ်းထောင်မှာ ၂၁ လ ထားခဲ့ကြဖူး ပါတယ်။ သူ့ကို အဲဒီလို ထားလိုက်တဲ့ အတွက် ကမ္ဘာက လူနည်းစုများအခွင့် အရေးနဲ့ ပတ်သက်ပြီး သတိထားမိလာ ကြပါတယ်။ ၁၉၇၉ ခုနှစ်မှာ ၀ါရှင်တန် ရှိ FBI ရုံးရှေ့သွားပြီး အမေရိကန်အလံ ကို မီးရှို့ဆန္ဒ ပြခဲ့ပြန်ပါတယ်။ နီဗားဒါး မှာရှိတဲ့ ထရူးဒဲလ်ရဲ့အိမ် မီးလောင်ခံရ ပါတယ်။ ရှို့မီးလို့ ယူဆရတဲ့ အဲဒီမီးလောင်မှုကြောင့် ကိုယ်ဝန်ဆောင် ဇနီးသည်၊ ရင်သွေး ၃ ဦးနဲ့ ယောက္ခမတို့ မီးလောင်သေဆုံးခဲ့ကြရပါတယ်။ အစိုး ရဌာနများက တစ်ယောက်ကိုတစ် ယောက် လက်ညှိုးထိုး၊ အပြစ်ဖို့ခြင်း နဲ့သာ အဆုံးသတ်သွားပေမဲ့ ထရူး ဒဲလ်ရင်ထဲမှာတော့ ဘယ်တော့မှ ပြေ ပျောက်သွားမှာ မဟုတ်တော့ဘဲ နက် နက်ရှိုင်းရှိုင်း ဒဏ်ရာရရှိခဲ့ပါတယ်။ စိတ်ထဲမှာ ခံစားရတိုင်း ကဗျာတွေ၊ သီချင်း တွေ သီဖွဲ့ခြင်းနဲ့သာ ဘ၀ကို ဖြတ်သန်း နေသူ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ  ထရူးဒဲလ်ရဲ့ အယ်လ်ဘမ်ဖြစ်တဲ့ Bone Days ထွက်ရှိလာပါတယ်။ ဒီအယ်လ် ဘမ်က လော့စ်အိန်ဂျလိစ် စတူဒီယိုမှာ  ရက်သတ္တပတ် ၂ ပတ်အတွင်း သွင်း ယူခဲ့တာဖြစ်ပြီး တာဝန်ခံ ထုတ်လုပ်သူ နေရာမှာ ဂျိုလီရဲ့အမည်ကို ဖော်ပြထား ခဲ့ပါတယ်။ အုပ်စုလိုက် နောက်ခံသီဆို ကြသူများထဲမှာ ဘီလီလည်း ပါဝင်ပြီး ကျေးဇူး မှတ်တမ်းမှာ ဘီလီရဲ့အမည်ကို ဖော်ပြထားပါတယ်။ ထရူးဒဲလ်ရဲ့ အယ်လ်ဘမ်က နောက်မှလုပ်ပြီး ထွက် လာပေမဲ့ ဘီလီရဲ့ အယ်လ်ဘမ်ကတော့ ထွက်မလာသေးပါဘူး။ သူတို့နှစ်ဦး စလုံး ခံယူချက်ကတော့ ဂီတမှ တစ်ဆင့် ပြည်သူလူထုကို ပေးချင်တဲ့သတင်း စကားတွေ ပေးနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိကြပါတယ်။ များမကြာမီ အချိန် အတွင်းမှာပဲ ဘီလီရဲ့ Private Radio အယ်လ်ဘမ်ထွက်လာခဲ့ပါတယ်။

ဘီလီနဲ့ ဂျိုလီတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်များဟာ အသံသွင်း စတူဒီယိုမှ သည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနှစ် အတွင်းမှာပဲ မာချီနဲ့ ထရူးဒဲလ်တို့ကလည်း တိုင်းရင်းသား ပေါင်းစုံ ဖောင်ဒေးရှင်း တစ်ခုကို ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသားများရဲ့ ယဉ် ကျေးမှုနဲ့ စီးပွားရေးကို ပံ့ပိုးကူညီဖို့ လုံးပန်းကြပါတယ်။ ဒီဖောင်ဒေးရှင်းအတွက် ဘီလီနဲ့ ဂျိုလီတို့က ဒေါ်လာ ၈ သိန်း ပံ့ပိုးကူညီပေးပြီး လူနည်းစု ဖြစ်တဲ့ တိုင်းရင်းသားများအရေးကို အင်အားတောင့်တင်းစေပါတယ်။

ဒီကာလ အတွင်းမှာပဲ ဂျိုလီက ကုလသမဂ္ဂ အစီအစဉ်နဲ့ ပါကစ္စတန်နိုင်ငံ သို့ ခရီး သွားရပါတယ်။ အဲဒီ ခရီးစဉ်မှာ ကလေး မွေးစားလိုစိတ် ပြင်းပြင်းထန် ထန် ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံ နှစ်ဦးကို လူဝင်မှု ကြီးကြပ် ရေးဌာနမှာ ပုံစံများ ဖြည့်စွက်နေတာ တွေ့ကြရခြင်းကြောင့် ဂျိုလီဟာ ပါကစ္စတန်ကနေ အပြန် အာဖဂန်ကလေး တစ်ယောက်ကို မွေးစားဖို့ ခေါ်လာလိမ့်မယ် ဆိုတဲ့ ကောလာဟလများ လွင့်ပျံ့ခဲ့ပါ တယ်။

ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ချစ်ကြည် ရေးသံတမန်အသစ်ဟာ မြေမြှုပ်မိုင်းများ အရေးကိစ္စအတွက် လုံးပန်းနေခဲ့ရပါ တယ်။ ဒီလိုပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အာဖဂန်မှဖြစ်စေ၊ မည်သည့်နိုင်ငံမှဖြစ် စေ၊ မိဘမဲ့ကလေးတစ်ယောက်ကို ကောက်ယူမွေးစားခြင်းက UNHCR ရဲ့ ဥပဒေအရ လုံးဝခွင့်မပြုပါဘူး။ ဘာ ကြောင့် ခွင့်မပြုတာလဲဆိုတော့ စစ်ပွဲ ကာလအတွင်းမှာ မိသားစုတွေ တကွဲ တပြားစီ ဖြစ်နေကြတာ မှန်ပေမဲ့ စစ် ပြီးသွားရင်တော့ မိသားစုများ ပြန်လည် ပေါင်းစည်းမှု ရရှိနိုင်တာကြောင့် ခွင့်မပြုခြင်းပါပဲ။ အဲဒါအပြင် နိုင်ငံခြားသား တစ်ယောက်က မွေးစားခွင့်ကို လုံးဝ ခွင့်မပြုပါဘူး။ ဒါကြောင့် မိဘမဲ့ ကလေးများအတွက် ကုလသမဂ္ဂအရာ ရှိများက သူတို့နိုင်ငံ အတွင်းမှာပဲ ဒီ ကလေးတွေ အတွက် မွေးစား ပေးနိုင်မယ့် မိသားစုများ ရှာဖွေကြရပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီကလေးတွေဟာ သူတို့ ယဉ်ကျေးမှုနဲ့ သူတို့ ကြီးပြင်းလာ ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်”လို့လည်း အရာရှိတစ်ဦးက ဆိုပါတယ်။

ဘယ်သူတွေ ဘာပဲပြောပြော ဂျို လီရဲ့ နှလုံးသားထဲမှာတော့ ဆင်းရဲမွဲတေမှု ဒဏ်ကို ခံနေကြရတဲ့ နိုင်ငံများ ထဲက ကလေးတစ်ယောက်ယောက်ကို မွေးစားမယ်ဆိုတဲ့ စိတ်က Lara Croft ဇာတ်ကား ကမ္ဘောဒီးယားမှာ ရိုက်ကူး စဉ်ကတည်းက ပေါ်ပေါက် နေခဲ့ပါပြီ။ လေယာဉ်ပျံ စီးရမှာကို ကြောက်ပါတယ်  ဆိုတဲ့ (အထူးသဖြင့် စက်တင်ဘာ ၁၁ နောက်ပိုင်း) ဘီလီက ၂၀၀၁ ခုနှစ် နို ၀င်ဘာလမှာ ဂျိုလီနဲ့အတူ ဖနွမ်ပင်ကို လိုက်ပါလာခဲ့ပါတယ်။ သူတို့နှစ် ယောက်ရဲ့ ရည်ရွယ်ချက်ကတော့ မိဘ မဲ့ကလေး တစ်ယောက်ယောက်ကို မွေး စားကြဖို့ပါပဲ။ ကလေး မွေးစားခြင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဂျိုလီရဲ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ဆန္ဒဖြစ်ပါတယ်။

ပထမခြေလှမ်း အနေနဲ့ Seattle International Adoption ဆိုတဲ့ အဖွဲ့ အစည်းနဲ့ ဆက်သွယ်ကြပါတယ်။ ဒီအဖွဲ့အစည်းက ညီအစ်မနှစ်ယောက် တည်ထောင်ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာတော့ အကြီးဆုံး အေဂျင်စီ တစ်ခု ဖြစ်ပါတယ်။ မိဘမဲ့ကလေးများကို စောင့်ရှောက်ပေး ထားတဲ့အပြင် သူတို့အတွက် စာသင် ကျောင်းများလည်း ဆောက်လုပ်ပေးကြ ပါတယ်။

ဘီလီနဲ့ ဂျိုလီတို့ ကမ္ဘောဒီးယား ကို မသွားခင်မှာ သူတို့နှစ်ယောက်စလုံးကို အေဂျင်စီက နည်းစနစ်နဲ့အညီ မေး မြန်းစုံစမ်းတာတွေကို ဖြေကြရပါတယ်။ ညီအစ်မနှစ်ဦးအနက် တစ်ဦးက မွေးစားလိုတဲ့ မိဘများရဲ့ အရည်အချင်းကို စိစစ်ပြီး နောက်တစ်ဦးက မွေးစားလိုတဲ့ မိဘများရဲ့ လိုအပ်ချက်နဲ့ညီတဲ့ မိဘမဲ့ ကလေးကို ရွေးချယ်ပေးပါတယ်။ သူတို့ အေဂျင်စီ အတွက် ကလေးမွေးစားလိုတဲ့ မိဘများက သူတို့ဝင်ငွေ အလိုက် သတ်မှတ်ထားတဲ့ အခကြေး ငွေကို ပေးဆောင် ကြရတာ ဖြစ်ပါတယ်။ အများအားဖြင့် ဒေါ်လာ ၉၀၀၀ လောက် ပေးရပါတယ်။ ဂျိုလီက ၉၀၀၀ မကပေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ တချို့က ဒေါ်လာ ၁ သိန်း ပေးခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ရရှိတဲ့ ရန်ပုံငွေကို ကလေးများအတွက် တချို့သုံးပြီး တချို့ ကို အစိုးရထံ ပေးဆောင်ရတာ ဖြစ်ပါ တယ်။ တည်ထောင်သူ ညီအစ်မနှစ်ဦး ကတော့ ဒါကို လာဘ်ထိုးတယ်လို့ ခေါ် တာထက် မုန့်ဖိုး ပေးတယ်လို့ ဆိုပါ တယ်။ ဂျိုလီက ကလေးမွေးစားတဲ့ကိစ္စမှာ ဘယ်လောက် ပေးခဲ့တယ်ဆိုတာ အတိအကျ မပြောပေမဲ့ နောင်မှာ ဘီလီက သူတို့ ဇနီးမောင်နှံ နှစ်ဦးတို့ ဖောင်ဒေးရှင်း တစ်ခု ထူထောင်ပြီး ကမ္ဘောဒီးယား နိုင်ငံအတွင်းမှာ ကလေး များအတွက် ကျောင်းများ ဆောက်လုပ် ပေးဖို့ လှူဒါန်းခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

မိဘမဲ့ ကလေးများ ဂေဟာကို သူတို့ ဇနီးမောင်နှံ ရောက်သွားကြတဲ့ အခါမှာ ကလေးငယ်ပေါင်း များစွာကို တွေ့ရပါတယ်။ ကလေးငယ် တစ်ဦးချင်းကို ကြည့်ကြရင်းက နောက်ဆုံး ကြည့်ဖြစ်တဲ့ သုံးလသား အရွယ် ရာ့သ် ဗိုင်ဘောလ် ဆိုတဲ့ ကလေးကို မြင်တော့ နှစ်ယောက်စလုံး သဘောကျ သွားကြပါတယ်။ ကလေး မွေးစားကြတဲ့ အနောက်တိုင်းက ဇနီး မောင်နှံတို့ဟာ မိန်းကလေးများကိုသာ မွေးစားလိုကြ တာ ဖြစ်ပေမဲ့ ဘီလီနဲ့ ဂျိုလီတို့ကတော့ ယောက်ျားကလေးကိုသာ မွေးစားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

 


ဝင်းငြိမ်း
About the author: