ငဆစ်ကလေး ပြုံးနေသည် PDF Print E-mail
Written by ဘုဏ်းသိုက်   
Wednesday, 30 May 2012 15:28
Share |

ငဆစ်လို လူငယ်တွေ နောက်မှာ ဒုနှင့်ဒေး။ အများကြီး ကျန်သေးသည်။ ငဆစ်သာ တန်ခိုးရှင် တစ်ယောက်ဆိုလျှင် ထိုလူငယ်တွေကို အဆိပ်ခတ်၍ သတ်ပစ် လိုက်ချင်သည်။

cialis 20mgcialis medication buy viagra over the counter canadian cialis
argaiv1355

မှားယွင်းသော လမ်းကြောင်းကို အစအဆုံး အရှည်ကြီး လျှောက်နေမည့် အစား ချက်ချင်း ဂငယ်ကွေ့ ကွေ့ပြီး အစကနေ ပြန်စလိုက်စေချင်သည်။ အခုတော့ ငဆစ် မရတော့။ ဘယ်လိုမှ မရတော့။ ဖြစ်ချင်သလို တန်ခိုးရှင်လည်း ဖြစ်မှာ မဟုတ်တော့။ ဖြစ်ခြင်းဖြစ်လျှင် မှင်စာလေးပဲ ဖြစ်တော့မှာ။

ဟုတ်သည်။ အခုပဲ ငဆစ် လက်ဖျံလေးတွေ လက်မောင်းကလေးတွေက ပိန်လှီနေပြီ။ ရင်ဘတ်မှာလည်း နံပြင် ငေါငေါကြီးနှင့် ပြူးကျယ်နေသော မျက်လုံးများက ချိုင့်ခွက်နှစ်ခုလို မျက်တွင်းထဲမှာ။ ဦးခေါင်းခွံကြီးက ပုံမှန်ထက် ပိုကြီး နေသယောင်။ တစ်ခါတစ်ရံ ရင်တွေ တုန်လာရင် ဒူးခေါင်း နှစ်ခုကို လက်ဖျံ ရိုးကလေးနှင့် ပွေ့ထားရင်းက အတိုင်းသား ပေါ်နေသော ဂုံညင်းဒိုး နှစ်ခုက ခြင်ဆီ ခန်းခြောက်နေ၍ ထင်သည်။ အရိုးတွင် ကပ်နေသည်။

ဂုံညင်းဒိုးပေါ်တွင် တစ်ခါက ဘုရားပွဲဈေးတွင် သူငယ်ချင်းတွေနှင့် ထိုးထားသော ဘီလူးခေါင်းက ရှုံ့တွကာ ပြူးထားသည့် ဘီလူး၏ မျက်လုံးများမှာလည်း ပိတ်သယောင် ဖြစ်နေပြီ။ ဖြဲထားသော ဘီလူး၏ ပါးစပ်မှာလည်း ပိတ်နေပြီ။ ငဆစ် မှတ်မိနေသေးသည်။ အဲဒီနှစ်က သူတို့မြို့တွင် ဘုရားပွဲ အရမ်းစည်ကားသည်။ ငဆစ်တို့ သူငယ်ချင်းတွေ အရက်ကိုအကြိုက်သောက်ပြီး ဘုရားပွဲဈေး သွားသည်။ စည်ကားလှသော ပွဲဈေးတန်း ထဲတွင် အော်ကြီးဟစ်ကျယ် စကားပြော၍ တဟေးဟေး တဟားဟားလုပ်၊ ဘေးလူတွေက ၀ိုင်းကြည့်၊ အဲဒီလိုဝိုင်း ကြည့်လျှင် ငဆစ်တို့ ကြိုက် သည်။ ပျော်သည်။ ထိုပွဲဈေး တွင်ပင် သူတို့ သူငယ်ချင်း တစ်စု ဆေးမင်ကြောင် ထိုးကြ သည်။

မှတ်မိသေးသည်။ ငဆစ်က ဒူးခေါင်း နှစ်ဖက်တွင် ဘီလူးခေါင်းထိုးသည်။ ဘီလူးခေါင်း တစ်ခေါင်းကို နှစ်ထောင်ကျပ်။ ငဆစ်ဈေး ဆစ်သည်။ ထောင့်ခုနစ်ရာ ကျပ်နှင့်ရသည်။ နှစ်ခေါင်း ဆိုတော့ သုံးထောင့် လေးရာကျပ်။ လေးထောင် ပေးလိုက်ပြီး ပြန်မအမ်းနဲ့တော့ ပိုတဲ့ ခြောက်ရာဖိုးကို ထပ်ထိုးပေး ဟုဆိုကာ ရင်ဘတ်တွင်“နွယ့်ကို ချစ်တယ်” ဟုရေးခိုင်းသည်။ (နွယ် ဆိုသည်မှာ သူသောက် နေကျဆိုင်မှ အမြည်းရောင်းသည့် ကောင်မလေး။) ဘယ်ဘက် လက်မောင်းအိုးတွင် မေမေ၊ ညာဘက်လက်မောင်း အိုးတွင် ဖေဖေဟု ရေးခိုင်းသည်။ ဘာရယ်ညာရယ် တော့ မဟုတ်။ ထိုးလက်စ နှင့်မို့ တစ်ခါတည်းထိုးလာခဲ့ တာ။ ဖေဖေ မေမေဟု ဆိုသဖြင့် ငဆစ်၏ စိတ်တို့ ဂနာမငြိမ် ဖြစ်သွားသည်။ မေ့ထား သည့်ကြားမှ အဖေနှင့်အမေ ကို ပြင်းပြင်းပြပြ သတိရသွားသည်။ အရိုးနှင့် အသား ကပ်နေသည့် သူ့လက်မောင်း နှစ်ဖက်မှ ဖေဖေမေမေ ဟူ သော စကားလုံးများကို လှီးထုတ် ပစ်လိုက်ချင်သည်။ အရေပြားပေါ်မှ အမှတ်အသား တချို့ကို လှီးထုတ် ရနိုင်သလို သာ ဘ၀ထဲရှိ အမှားတစ်စုံ တစ်ရာကို လှီးထုတ်လို့ရ ကြေးဆို ငဆစ်လှီးထုတ်ပစ် လိုက်သည်မှာကြာပြီ။ သို့ သော် ငဆစ်ကောင်းကောင်း သိနေပြီ။ ဘ၀ထဲတွင် တချို့ အရာများသည် လှီးထုတ်ပစ် လိုက်ရုံနှင့် မပြီးပြတ်သေး သည့်ကိစ္စများ။

အဖေနှင့်အမေသည် ငဆစ်ကို ကျောင်းရော ကျူရှင်ပါ ထားပေးသည်။ သို့သော် ငဆစ်က ကျောင်းစာအုပ်ထဲ မှရသော အသိပညာထက် အပြင်မှ ရသော ဗဟုသုတ များကို ပိုမက်မောသည်။ အဖေနှင့် အမေမှာ ကျောင်းမုန့် ဈေးတန်းထဲတွင် မုန့်ရောင်းသည်။ ထို့ကြောင့် မုန့်စား ကျောင်းဆင်းလျှင် ငဆစ်က မုန့်ဈေးတန်းသို့ မသွား။ ကျောင်းအိမ်သာသို့ သွားသည်။ ဆေးလိပ်ခိုး သောက်သည်။ သူ့ထက်ကြီးသည့် လူများနှင့် ပေါင်းသည်။ ထို အကြောင်းကို အဖေတို့အမေ တို့သိတော့ ဆူသည်။ အတန်း ကျောင်းမနေခဲ့ရသော အဖေက ရှိစုမဲ့စုဖြင့် ကျောင်းထား ရသော သူ့သား ငဆစ် စာ မကြိုးစားဘဲ အခုလို လေနေ တာတွေ့တော့ “မင်း လူစင် စစ်က ခွေးဖြစ်ချင်ပြီထင်တယ်” ဟု တစ်ခွန်းသာပြောသည်။

ဒီထက် ပိုပြီးတော့လည်း စီကာပတ်ကုံး မဆုံး မတတ်။ ငဆစ်သိပ်တရား လွန်လာလျှင် အဖေရိုက်လေ့ ရှိသည့် ညာဘက် လက်ဖ၀ါး တွေကိုတော့ တစ်ခါတစ်ရံ လန့်သည်။ ဒါကလည်း အဖေသိသွားသောအခါမှသာ လန့်ခြင်းဖြစ်သည်။ များသော အားဖြင့် ငဆစ်အောက်မှာ မောင်နှမလေးယောက် ရှိသေးသည် ဆိုတော့ အဖေ့မှာ အလုပ်နှင့် လက် ပြတ်သည်ဟူ၍ မရှိ။ မနက်ပိုင်း ကျောင်းဈေးမှာ မုန့်ရောင်း၊ ညနေကျတော့ ဈေးကြို ဆိုက္ကားနင်း။ ဆိုက္ကား နင်းပြီးအပြန် အကြောအခြင် တွေတက်နေသော အဖေ့ကို ငဆစ်နင်းနှိပ်ပေးရကောင်း မှန်းမသိခဲ့။ လှဲနေသော အဖေ့ကို ကျောပေး၍ စာကျက် ချင်ယောင်ပင် ဆောင်နေလိုက် သေးသည်။

အခုနေများ အဖေရှိသေးလို့ အကြော အခြင်တွေ တက်လိုက်တာ ကွာဟု မပြောခင်ကတည်းက ပင် ပိန်လှီနေသော ဤလက် ဖျံရိုးကလေး နှစ်ချောင်းမှ ရှိသမျှသော အားတွေနှင့် နှိပ်ပေးလိုက်ချင်သည်။ သို့ သော် အခွင့်အရေးပေါင်း များ စွာ အခါခါ ပေးခဲ့ဖူးသော ကံကြမ္မာသည် အခွင့်အရေးအား အခွင့်အရေး တစ်ခုပါ လားဟုပင် မသိသော ငဆစ် တို့လို လူတွေအတွက် ဘယ်တုန်းကမျှ ငဲ့ညှာလိမ့်မည် မဟုတ်။ ငဆစ် ထင်ခဲ့ဖူး သော အခွင့်အရေးသည် အဖေလစ်လျှင် ဆေးလိပ် ခိုးသောက်ခြင်း၊ သူ့သူငယ်ချင်း များနှင့် တွေ့ကရာနေရာမှာ ဆေးမင်ကြောင် ရုပ်များထိုး ခြင်း၊ ရံဖန်ရံခါ ပိုက်ဆံစု၍ မိန်းကလေးတစ်ယောက်ကို သူငယ်ချင်းတွေအများကြီး နှင့် တစ်လှည့်စီ အိပ်ကြ၊ အရက်တွေ သောက်ကြ။

အဲဒီလို လုပ်ခွင့်ရသည့် အချိန်များကို အခွင့်အရေး တစ်ရပ်ဟု ထင်နေခဲ့သည်။ သြော် အဖေနှင့် အမေကတော့ အခွင့်အရေးတွေ ပေးခဲ့သည်။ ကျူရှင်လခကို သူများတွေထက် နောက်မကျအောင် အဖေ ရှာပေးခဲ့သည်။ လိုအပ်သည့် အထူးထုတ်များ၊ စာရေးကိရိယာများ အတွက် အမေ ပေးခဲ့ဖူးသည့် ပိုက်ဆံ လေးများသည် ညပိုင်း ဂစ်တာဝိုင်းတွင် မှီဝဲလေ့ ရှိသည့် သစ်ရွက်ခြောက်ဖိုးတွေ ဖြစ်ကုန်သည်။ သစ်ရွက်ခြောက်တွေ အကြောင်း ငဆစ် စဉ်းစားမိတော့ ငေါထွက်နေသော နံပြင်၏ တစ်နေရာမှ အခုပင် အောင့်လာသလို ခံစားရသည်။ သူနှင့်အတူ ပျော်ခဲ့ရွှင်ခဲ့ဖူးသော အပေါင်း အဖော်တို့သည်လည်း ဘယ်ဆီဘယ်ဝယ် ရောက်နေပြီမှန်း မသိနိုင်။ ငဆစ်လိုပင် ယခုလို ဝေဒနာ ဆိုးကြီးကို ခံစားနေရ သလား။ ဒါမှမဟုတ် မသိမှု ပင်လယ်နက်ထဲတွင် တက် ကုန်ရွက်ကုန် ဖွင့်ရင်း ဘယ် သောင်ဘယ်ကမ်း ဆိုက်ကုန် ကြပြီလဲ မသိချင်တော့။ ဘယ်အရာကိုမှ ငဆစ်မသိ ချင်တော့။ ဖြစ်နိုင်လျှင် ငဆစ် ဆိုသည့် ကိုယ့်ကိုယ်ကိုပင် မြူ မှုန်လေးတစ်ခုလို ပျောက် ကွယ်သွားလိုက်ချင်သည်။ မြက်ပင်လေးတစ်ပင်၏ ထိပ် ဖျားမှ တွဲလွဲခိုနေသော ကျလု လုရေစက်ကလေး၏ တွယ်ငြိ မှုမျိုးဖြင့် ဒီဘ၀ ဒီခန္ဓာကို တွယ်ကပ်မနေချင်တော့။

အတွေးပေါင်းများစွာဖြင့် ယောက်ယက် ခတ်နေသော ငဆစ်၏ ရင်အစုံသည် မောပန်းနွမ်း ခွေနေသည်။ တဂွီဂွီဖြင့် သူ့အသက်ရှူသံ သူပြန်ကြားနေရသော ခန္ဓာကိုယ်လေးတွင် ကိုယ်ခံအား တို့သည် တစ်စတစ်စ နည်း လာနေပြီ ထင်သည်။ နည်းမည်ဆိုလည်း နည်းလောက် ရောပေါ့လေ။ တစ်ခါက အဖေ ပြောခဲ့ဖူးသည့် လူစင်စစ်က ခွေးဖြစ်လိမ့်မယ် ဆိုတာ။ ခွေးတောင်မှ ခွေးပိန် ခွေးလိန်တစ်ကောင်ပေါ့ အဖေရယ်၊ ထမင်းကျန်ဟင်း ကျန်တွေ အဖေကျွေးလေ့ ရှိတဲ့ အိမ်ရှေ့ကို လာတတ်တဲ့ ခွေး ပိန်ခွေးလိန်လေးလေ။ အဖေ တို့အမေတို့သာ အခုနေ ငဆစ်ကို မြင်လျှင် မှတ်မိလိမ့်မည် မထင်။ အရင်က မည်းနက် ထူထဲသော ဆံပင်တို့သည် အခုအခါ ကျွတ်ပါများ၍ ကျိုးတိုးကျဲတဲ။ သန်မာသော လက်မောင်းများ ရင်အုပ်များ သည် အခုအခါ အရိုးစု တစ်စု အပေါ် အရေခွံပါးပါးလေး တစ်ခု ကပ်ထားသည်ဆိုရုံ။  ငဆစ်ခုတင်ဘေးက လူနာ ကိုအောင်ကြီး ပြောသလိုဆို “လင်းတ တစ်ကောင်နဲ့ ငါတို့ နဲ့ အပြင်မှာ တစ်ကောင်ချင်း သာ ထိပ်တိုက်တွေ့ရင် ငါတို့ ကို ထိုးသုတ်မှာ သေချာ တယ်။ အလောင်းကောင်တွေ ထင်ပြီးတော့လေ”။

ကိုအောင်ကြီး၏ ပြက်လုံးကို ငဆစ် မရယ်ပါ။ ကိုအောင်ကြီး ကိုယ်တိုင်လည်း မရယ်ပါ။ ဒီအေအိုင်ဒီအက်စ် ရောဂါသည်တွေ စုထားသည့် ဒီဆေးရုံမှာ ရှိသမျှသော လူနာတိုင်းလည်း ရယ်မည် မထင်ပါ။ အချို့ဟာသများ သည် ကိုယ့်ကိုယ်ကို ဆိုလျှင် မရယ်ရတော့။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကျော်လောက် ကဆိုလျှင်တော့ ဒီလို ဟာသမျိုး ငဆစ် ရယ်ချင်ရယ်မိ မည်။ ဒီလို ရောဂါမျိုးသည် ကိုယ်နှင့် အဝေးကြီး၊ ဘာမှ မဆိုင်ဟု အတွေးတွေ ရှိစဉ်တုန်းက ဆိုလျှင်ပေါ့။ ဖြစ်ခါစက ငဆစ် ခဏခဏ ဖျားသည်။ နှာရည်တရွှဲရွှဲ၊ ရင်တုန် ပန်းတုန်ဖြစ်၊ အရေပြားတွေ လန်ကာ အနာတွေ ပေါက်။ ဒါလည်း မဆင်ခြင် သေး။ သူငယ်ချင်းတွေနဲ့ နောက်များတောင် နောက် လိုက်သေးသည်။ “ငဆစ် မင်းရုပ်က အေအိုင်ဒီအက်စ် ရုပ်ပေါက်နေပြီ” တဲ့။ ငဆစ် ခွက်ထိုးခွက်လန်ကို အော် ရယ်ပစ်ခဲ့သည်။ သို့သော် ကြာလေဆိုးလာလေ၊ ဆက် ပေလေ ပိုဆိုးလာလေ။ တစ်ရက် အပြင်းဖျားရာမှ ဆေးခန်းသွားရင်း သွေးစစ် ကြည့်ခဲ့သည်။ ဆေးစစ်သည့် အဖြေနှင့် ဆရာဝန် ပြောစကား များ ကြားသော အခါ ငဆစ် ဆောက်တည်ရာ မရတော့။ သွေးရူးသွေးတန်းနှင့် မှောင် ကြီးမည်းကြီးထဲ ထွက်ပြေးလာခဲ့မိသည်။

ထိုင်နေကျ အုတ်ခုံပေါ်တွင် တစ်ယောက်တည်း ရှိုက်ကြီးတငင် ငိုကြွေး မိသည်။ အရာရာကို ကိုယ် တိုင်စနစ်တကျကို မှားယွင်း စေခဲ့တာပါလား။ ဒီနေ့ ဒီအချိန်မှာ ဒီလို အဖြစ်အပျက်တွေကို ဖြစ်ဖို့ လွန်ခဲ့သောနှစ် များစွာကတည်းက လေပြည်လေး တစ်စသည် သူ့ဆီသို့ ဖြည်းဖြည်း မှန်မှန်လေး တိုက် ခတ်ခဲ့သည်။ ထိုလေပြည်ကို မှောင်မိုက်အောင် အရောင်ဆိုး သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ ဆရာဝန်မေးခဲ့သည့် ဒီအရာတွေဖြစ်ခဲ့ လုပ်ခဲ့ဖူး သလားဟု မေးသည့်အရာ တွေသည် ငဆစ်ကြိမ်ဖန်များ စွာ၊ တချို့ တစ်ခါ တစ်ရံလုပ် ခဲ့ဖူးသည့် အရာတွေသာ ဖြစ်သည်။ ဤအရာတွေ လုပ်လျှင် ဤသို့ဖြစ်ရမည်ဟူ သော အမှန်တရား တစ်ခု အပေါ် ငဆစ်ဘာကြောင့် မသိခဲ့ရတာလဲ။ သိတဲ့အရာ တွေကိုလည်း ကိုယ်နဲ့ မဆိုင်ဟု ဘာကြောင့် သဘောထား နိုင်ခဲ့ရတာလဲ။ ထိုညက ငဆစ်အဖို့ သူ့အကြောင်းသူ တော်တော်လေး အချိန်ပေး၍ တွေးခဲ့ဖူးသည့်ည၊ ဘ၀တွင် တစ်ခါမှ အဲဒီလိုတွေးရ ကောင်းမှန်းမသိခဲ့။ တချို့ အမှန်တရားများသည် အမှန် ကို အမှန်ဟု ယုံကြည်ရန် သံသယ မထားသင့်။ ဘ၀နှင့် ရင်းမှ ယုံကြည်ရမည်ဆိုလျှင် မတန်တော့။ အဲဒီညကပင် ငဆစ်အိမ်က ထွက်လာခဲ့ တော့သည်။ အိပ်မောကျနေ ရှာသည့် အဖေနှင့် အမေကို ကန်တော့သည်။ တန်းစီပြီး အိပ်ပျော်နေသည့် ညီလေး၊ ညီမလေးများကို တစ်ချက် လှမ်းကြည့်ပြီး ငဆစ် ထွက်လာခဲ့မိသည်။ အိမ်က ထွက် လာခဲ့ပြီးမှ အခုလို လူနာများ စုစည်းထားသည့် ဆေးရုံလေးပေါ်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။

ဒီနေ့ကျမှ ငဆစ်စိတ်တွေ ကြည်လင်နေသည်။ တစ်ခုခုကို သိနေသလိုမျိုးဖြင့် ကြည်လင်နေသည်။ ကျန်းမာရေးကတော့ တော်တော်ကို ဆိုးရွားနေသည်။ သူ့ ကိုယ်သူတောင် ဒီအတွေးတွေ က အိပ်မက်လိုလို၊ တကယ် လိုလို။ သတိ ရလိုက် ပြန်ပြီး တွေးမိနေလိုက်နှင့်။ မနက်က ဆရာဝန်ကြီးတွေ လာကြည့် သွားကြသည်ကိုတော့ သတိ ရသည်။ ထို့နောက် ဘာတွေ ပြောနေကြလဲ ငဆစ်မကြား တော့။ သူ့အကြောင်းတွေက သာ အိပ်မက်လိုလို၊ အတွေး လိုလို ပြန်ပေါ်လာသည်။ တစ်ခု ထူးဆန်းသည်။ အရင် နေ့တွေက ရောဂါ ဆိုးရွားလာ ပြီဆိုလျှင် ကိုယ်ရောစိတ်ရော ခံရသည်။

ဒီနေ့ကျမှ ခန္ဓာကိုယ်ကသာ ခံစားရပြီး စိတ်တွေက တည်ငြိမ်နေသည်။ ကိုယ့်အကြောင်းကို အချိန်ပေး ၍ ထောင့်စေ့အောင် အမှားထဲ ခြေပစ်လက်ပစ် ၀န်ခံ ချလိုက်ရသလိုမျိုးပေါ့ပါးသွားသည်။ အခုဆို ငဆစ်ကောင်းကောင်း သိနေပြီ။ သိသည်က နည်းနည်းတော့ နောက်ကျနေပြီပေါ့။ ဒါပေမဲ့ လုံးဝ မသိသေး သည်ထက်စာရင်တော့ နောက်ကျမှ သိခြင်းသည် စောပြီးသိခြင်းနှင့် အတူတူ ပါပင်။ ဒီလိုပဲ တွေးရတော့ မည်ပေါ့။ ငဆစ်မျက်လုံး လေးတွေ ဖွင့်ကြည့်တော့ ဆရာဝန်ကြီး နောက်တစ်ကြိမ် သူ့ကို လာကြည့်သည်နှင့်တူ ပါသည်။ ဘေးက ငဆစ်နှင့် ရွယ်တူလောက် ရှိမည့် ဆရာဝန်ပေါက်စလေးတွေကို ခေါင်းယမ်းပြသည်။ ငဆစ် က အတည်ငြိမ်ဆုံးနှင့် အဖြူစင်ဆုံး ပြုံးပြလိုက်သည်။ ဆရာ ၀န်လေးတွေက အံ့သြပြီး ငဆစ်ကို ကြည့်နေသည်။ငဆစ် မျက်ခွံတွေ လေးလာသည်။

မင်းတို့ကို ငါအားကျ လိုက်တာကွာ။ နေဦး၊ အား ကျတယ်ဆိုလို့ ဆရာဝန် ဘ၀ကို ပြောတာမဟုတ် ပါဘူး။ အခုလို လူနာ တစ်ယောက်ကို မင်းတို့ ကရုဏာနဲ့ ကြည့်နေသလို (မင်းတို့နဲ့ ဒီလို အဖြစ်မျိုး ဘာမှ မဆိုင်သလို) ငါလည်း ငါ မဟုတ်တဲ့ တခြား လူနာ တစ်ယောက်ကို မင်းတို့ကြည့်တဲ့ မျက်လုံးမျိုးနဲ့ ငါကြည့်ချင် လိုက်တာ။ မင်းတို့လို ဆရာဝန် ဖြစ်မှရယ် မဟုတ်ပါဘူး။ ဥပမာ လူနာသတင်း မေးလာတဲ့ သူငယ်ချင်းနဲ့ ဆေးရုံကို အဖော် လိုက်လာရင်း လမ်းကြုံလို့ ၀င်ကြည့်သလိုမျိုးလေ။

အဲဒီလောက်ဆို ငဆစ် တို့ ကျေနပ်ပြီ။ လမ်းကြုံရင်းနဲ့ ငါက ငါမဟုတ်တဲ့ ငါ့လို အေအိုင်ဒီအက်စ်ရောဂါသည် တစ်ယောက်ကို ကြည့်မယ်။ ပထမ နည်းနည်း ရွံ့သွားမယ်။ ပြီးတော့ သနားလာမယ်။ ဒီ အဖြစ်မျိုး ငါက တစ်သက်လုံး မဖြစ်တော့မယ့် ပုံနဲ့ ဘေ က သူငယ်ချင်းကို “သနား ပါတယ်ကွာနော်” လို့ သူတော် ကောင်းစိတ်နဲ့ ပြောမယ်။ နောက်တော့ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်စေတဲ့ အကြောင်း ခြင်းရာတွေကို သိချင်လာမယ်။ သိတော့ ရှောင်နိုင်လာမယ်။ တစ်စုံတစ်ယောက်က ခိုင်းလို့ လုပ်တာမျိုးမဟုတ် ဘူးကွာ။ ငါကိုယ်တိုင်က ငါ အသိစိတ်နဲ့ ရှောင်မှာ။ အဲဒီလို အတွေးမျိုးနဲ့ တစ်နာရီ လောက်ပဲ ငါတွေးမိတော့ အရသာရှိလိုက်တာကွာ။ ဒီလို အတွေးမျိုးနဲ့ နေခွင့်ရရင် ဒီဘ၀ကိုလည်း ငါသေပျော် ပြီ။ ဒီအချိန်မှာ တန်ခိုးရှင်တစ် ယောက်က ငါ့ကို နောက်ဘ၀ မင်းဘာဖြစ် ချင်သလဲမေးရင် အခုဘ၀ကိုပြန်ပြီး သတိရနိုင် တဲ့ ဘ၀မျိုးကိုပဲ ရချင်တယ် လို့ ဖြေမယ်။ အဲဒီလိုဆို အခု ဘ၀မှာ ငါမလုပ်ခဲ့တဲ့ မိဘ စကားနားထောင်တာရယ်၊ ကိုယ့်အသိနဲ့ကိုယ် တစ်ရက် ချင်းစီကို အဓိပ္ပာယ်ရှိရှိ ဖြတ် သန်းတာရယ်၊ မကောင်းဘူး လို့ အမှန်တကယ်ယုံကြည်ရ မယ့်အရာတွေကိုလည်း သံသယ၀င် တတ်တာရယ်၊ စတာတွေကို ငါလုပ်နိုင်တော့ မယ်။ ပြီးတော့ စာသင်ခန်းရဲ့ ရှေ့နှစ်ခုံသုံးခုံလောက်က စာ သိပ်တော်တဲ့၊ ငါ့အဖေနဲ့ ငါ့ အမေက ငါ့အတွက် ဂုဏ်သိပ် ယူနေတဲ့ ကျောင်းသားလေး တစ်ယောက်အဖြစ် ဘ၀ကို ပြန်စမယ်။ သြော် တွေးမိတာ နဲ့တောင် ဘ၀က တော်တော် နေပျော်တာပဲ။

ငဆစ် ပြုံးပြုံးလေးနှင့် ပြန်နိုး လာခဲ့ပြန်သည်။ ဦးခေါင်းခွံကြီး တစ်ခုလုံးလည်း ပိုပြီး လေးလံလာသလို ခံစား ရသည်။ ဘေးနားမှာ ၀ိုင်းနေသည့် ဆရာဝန်ကြီးနှင့် တပည့် တွေကလည်း ပိုက်တွေ၊ အောက် ဆီဂျင်ဘူးတွေနှင့် ငဆစ်ကို ဂရုစိုက် နေလိုက်ကတာ။ ဘ၀ ဆိုသည်မှာ တစ်ခါတစ်ရံ အဆိုး ရွားဆုံး အခြေအနေထဲမှာ ကိုပဲ စိတ်ချမ်းသာစရာလေး တွေက ရိုးတိုးရိပ်တိတ်ပေါ် လာတတ်သလိုပင်။ ဒါဟာ စိတ်ချမ်းသာစရာပါလားဟု ယုံကြည်လိုက်သည့် စိတ်ဓာတ်ကတော့ အံ့သြစရာကောင်း အောင် သံသယတွေ ကင်းနေ တတ်သည်။ မေ့ပျောက်ထား ရင်းက ဖယောင်းတိုင်မီးရောင် အောက်က အမေ့မျက်နှာကို မြင်ယောင်လာသည်။

အမေ့ ဘ၀၏ အချိန် တော်တော်များများတွင် အမေသည် ပြုံးနေခဲ့ သည်က များသည်။ အမေ့ ကို ပြုံးစေခဲ့သော အကြောင်း အရာတွေ ထဲတွင် သူ မပါဝင်ကြောင်း ငဆစ်သိသည်။ သည်လို အချိန်မျိုးတွင် အမေ့ မျက်နှာ ကြည်ကြည် လင်လင်ကို တွေးမိတော့ ငဆစ် မျက်နှာက ပြုံးလာပြန်သည်။ မျက်လုံး နှစ်လုံးကို ရှိသမျှ အားလေး ထည့်၍ဖွင့်သည်။ အားလုံးကို နောက်ဆုံး ကျန်သမျှသော ခွန်အားလေးဖြင့် ပြုံးပြလိုက်သည်။

ကမ္ဘာမြေကတောင်
လွှတ်ချထားရတဲ့
ငါ့အတွက်နဲ့
သိပ်ပြီးတော့လည်း
ပျာယာခတ် မနေကြပါနဲ့ကွယ်
ငါကလည်း
ပြီးဆုံးသွားသေးတာမှ
မဟုတ်တာ
နောင်တတွေကို
ထမ်းပိုးထားရတာ
လေးလိုက်တာ
အမေရယ်...ကျွန်တော်
ဖြေလျှော့ပစ်လိုက်ချင်ပြီ။
ကျွန်တော်
ရိုက်ချိုးပစ်ခဲ့တဲ့
လက်ဖျံရိုးနှစ်ချောင်းက
တစ်ချောင်းက
မြို့ဖြစ်နေပြီး။
တစ်ချောင်းက
မြစ်ဖြစ်နေပြီ။
ဒီမြစ်ကိုဖြတ်ဖို့
ဒီမြို့က
ကျွန်တော် ခွာတော့မှာပါ...။
ကျွန်တော့်ကမ်းက
ခွာရတော့မှာပါ။
လွင့်ခနဲပါသွားတဲ့ စိတ်မှာ
အမှောင်တစ်ခြမ်း
အလင်းတစ်ခြမ်းနဲ့
ငွေ့ငွေ့လေး
မြင်လိုက်ရတာက
ဆိုက်ရောက်နေခဲ့ပြီ
ဖြစ်သော...။

ဘုဏ်းသိုက်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)