|
Written by ညီငယ်လေး
|
|
Tuesday, 03 July 2012 15:26 |
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း ခြေလှမ်းရှစ်လှမ်း မြောက်မှာ တုံ့ခနဲ ရပ်ပစ်လိုက်တယ်။ ငါဘာကြောင့် လှမ်းနေရတာလဲ။
argaiv1514
ဒီခြေလှမ်းတွေဆီက ဘာကို မျှော်လင့်လို့ရမှာမို့ ပင်ပင်ပန်းပန်း လှမ်းနေရတာလဲ။ ကိုယ့်အတွက်လား။ သူများ အတွက်လား။ ဘယ်သူ့ အတွက်လဲ။ “အဖေ မောလို့လား။ သား ပွေ့တင်ပေးမယ်လေ” ကျုပ်က လက်ကာပြလိုက်တယ်။
“နေပါ ငါရပ်ချင်လို့ ရပ်တာ”
နောက်ဆုံး အချိန်တွေမှာ ကာယကံရှင်ရဲ့ ဆန္ဒကို လျစ်လျူ အရှုခံရတာလောက် မကောင်းတာ မရှိဘူး။ သေတော့မယ့် သူအတွက် နောက်ဆုံး စာမျက်နှာတွေကို ကိုယ်တိုင် ရေးပါရစေလား။ ပတ်ဝန်းကျင် အလိုကျ ကြည့်ကောင်းအောင် နေထိုင်ပြောဆို လုပ်ကိုင်ခဲ့ရတာတွေ များလှပေါ့။ နေတတ်သလို နေခွင့် မရခဲ့တဲ့ ဘ၀မှာသေတတ်သလို သေခွင့်ကိုတောင် မမျှော်လင့် ရတော့ဘူးလား။ ခုပဲကြည့်။ ဒုက္ခသက်ရှည်အောင် ဆွဲဆန့်နေတဲ့ ဆေးဝါးတွေရဲ့ ဒဏ်ကို မခံနိုင်တော့လို့ ကိုယ့်အိမ်မှာပဲ ကိုယ် ခေါင်းချပါရစေ ဆိုတာကို မိသားစု ခွင့်မပြုနိုင်ဘူး။ သူတို့အလိုကို လိုက်ပြီး ဆေးရုံ တက်ခဲ့ရတာ ဘယ်နှကြိမ် ရှိပြီလဲ။ မပြောချင် တော့ဘူး။ ပိုက်ဆံတွေ ဒီလောက်ရှိရဲ့နဲ့ အဖေကြီး ဒီလောက် ဖြစ်နေတာကို မကု ကြဘူးလို့ ပတ်ဝန်းကျင်က ပြောမှာကို သူတို့ ကြောက်ကြ တော့ ကျုပ်က ကြားထဲက ဒုက္ခ ခံရတော့တာပဲ။
ဘယ်တော့မှ မပြောင်း လဲနိုင်တဲ့ အဖြေတစ်ခု အပေါ် တွက်နည်း အသစ်တွေ ဘာကြောင့် တီထွင်ချင်နေ သေးတာပါလိမ့်။ ကျုပ်ရော ဂါအဖြေက ကင်ဆာတဲ့။ သေ ဖို့ထက် သေချာတာ ဘာရှိ ဦးမှာလဲ။ နည်းနည်းလေးမှ ပြောင်းစရာ မရှိတာကတော့ တစ်နာရီ ပိုနေရရင် တစ်နာရီ ပိုခံနေရတာ ကျုပ် ကိုယ် တွေ့။ မဟုတ်တဲ့ နေရာမှာ ဇွဲတင်းပြီး အတင်းလုပ်နေ ကြတော့ ကျုပ်ရဲ့ ဒုက္ခဆိုး တွေက သူတို့ကို ဂုဏ်တင့် စေမှာတဲ့လား။
ထားတော့။ ခုချိန်မှာ ကျုပ်အနှစ်ငါးဆယ်လုံးလုံး အရိပ် ခိုနေထိုင်ခဲ့တဲ့ အိမ်ကြီး ကို နောက်ဆုံး ကြည့်ခြင်းနဲ့ ကြည့်ချင်သေးတယ်။ ကျေး ဇူးရှင်ကြီးကတော့ အိုပေမဲ့ ဆိုနေဆဲ။ ခန္ဓာအိမ်ကိုတောင် စွန့်ရတော့မယ့် ကျုပ် အတွက်တော့ နေအိမ်ကို စွန့် တယ်ဆိုတာလောက်က သွေးပူလေ့ကျင့်ခန်း ဆင်း သလောက်ရှိတာပါ။
“အဖေကြီး အိမ်ကို ပူမ နေပါနဲ့။ ကိုယ့်ရောဂါပျောက် အောင်သာ ဂရုစိုက်ပါ”
ညံ့လိုက်တဲ့ မိန်းမ။ ကြည့်တိုင်းစွဲတယ် ထင်နေ တယ်။ အသုံးအစွဲ ဆိုတာကို ကောင်းကောင်း နားမလည်ဘဲ ကျုပ်ကို ဆရာလာလုပ်နေ တယ်။ ဟုတ်တယ်လေ။ ကျုပ်က အိမ်ကို သုံးရုံသုံးခဲ့ တာ။ စွဲခဲ့တာမှ မဟုတ်ဘဲနဲ့။ အသုံးနဲ့ အစွဲကို ပိုင်းခြား သိခဲ့ပြီပဲဟာ။ ငှားထားတဲ့ ပစ္စည်းတစ်ခုကို သုံးချင်သ လောက် သုံးပြီး အချိန်တန် ပြန်ပေးလိုက်သလိုပေါ့။ လွမ်းစရာမရှိပါဘူး။ သုံး တိုင်းလည်း စွဲတာမှ မဟုတ်တာ။
ပြန်ပြောရရင် အရင်က တော့ စွဲအားကြီးခဲ့ဖူးတာ ပေါ့ဗျာ။ ဘယ်ရမလဲ။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာနဲ့ ကို အပြင်းစား စွဲခဲ့ဖူးတာ။ ရီ(ရယ်) စရာကောင်းတာက အစွဲကြီးတုန်းကတော့ အား လုံးနဲ့ တည့်လို့။ မစွဲတော့တဲ့ အခါမှ အလွဲဖြစ်တော့တာပဲ။
လူတွေကလည်း တစ်မျိုးရယ်။ ချစ်တယ်လို့ ပြောရင် နားဝင်ချိုသလောက် မချစ်ဘူးလို့ ပြောလိုက်တာနဲ့ မုန်းတယ်လို့ ဘာသာပြန် လိုက်တော့တာကိုး။ မချစ် ဘူးဆိုတာ မမုန်းဘူးဆိုတာနဲ့ အတူတူလို့ မတွေးတတ်ကြ ဘူး။
ဒီတစ်ခေါက် ဆေးရုံ တက်တာဟာ နောက်ဆုံးပဲလို့ အားလုံး နားလည် နေကြတာ ပဲ။ ကျုပ်လည်း သိနေတယ် လို့ မတွက်မိတာ သူတို့ရဲ့ အမှားပဲ။ သိသမှ သိပ်သိ ပေါ့ဗျာ။ ကျုပ်ကျင်လည်ခဲ့ တဲ့ ယဉ်ကျေးမှုရဲ့ နိမိတ်ပုံ တွေ မသိဘဲ နေပါ့မလား။ သာမန် အာဂန္တုက ရောဂါမျိုး ဖြစ်ရင် အရင်းနှီးဆုံး မိတ်ဆွေ တွေ လူနာလာမေးလေ့ရှိ တယ်။ ရောဂါကြီးရင် လုပ်ဖော်ကိုင်ဖက်၊ စီးပွားဖက် မိတ်ဆွေတွေ လူနာလာမေး တတ်တယ်။ မေးထူးခေါ် ပြောအဆင့် မိတ်ဆွေမျိုးတွေ လူနာလာမေးရင်တော့ သေတော့မယ်လို့သာ မှတ်လိုက် ပေတော့။ ဒီထက်သေချာစေတဲ့ နိမိတ်ပုံ တစ်ခုရှိသေး။ လူနာ လာမေးတဲ့ သူက “ငါ့ကို မှတ်မိလား”လို့ အမေးခံရရင် ရက်ပိုင်းလို့သာ ယုံလိုက်ပေ တော့။
ကဲပါလေ။ ဒါတွေ ပြောနေလို့ ပြီးမှာမှ မဟုတ် တာ။ ကားရှိရာကို ခြေဦး လှည့်လိုက်ပြီး ကားနောက် ခန်းဝင်ထိုင်လိုက်တယ်ဆို တရားသံတွေ ပျံ့လွင့်လာတာ ကြားလိုက်ရတယ်။ ဒါ လည်း ကျုပ်ကို တစ်နည်း တစ်ဖုံနဲ့ သေတော့မယ်လို့ ပြောနေတာပါပဲ။ သေသေ ပေါ့။ သေတာ ကိုယ့်အလုပ် မှ မဟုတ်တာ။ ကမ္ဘာမှာ နေ့ တိုင်းသေနေတာတွေ အများ ကြီး။ ကိုယ့်ကိစ္စ မဟုတ်တော့ ဘယ်သူသေသေ ပူပါဘူး။ ခုလည်း ဘာပူရမှာတုံး။ သေ မျိုးမို့သေတာ ဆန်းသလား။ ကားစထွက်တော့ လမ်း ထဲက လူတွေ ကျုပ်ကို ကြည့် နေကြတာ နှုတ်ဆက်နေသလို ပါပဲလား။ “အဖေ ဘာတရားနာ ချင်လဲ”
ချွေးမလုပ်သူက မေး တော့ ပြုံးပြလိုက်ပြီး- “တရား မှန်သမျှ ကောင်းပါတယ်”
လို့ ဖြေလိုက်တယ်။ သားကြီးနဲ့ ချွေးမက ကျုပ်နဲ့ ဝေးပါတယ်။ သူတို့ ကျုပ်ကို မတွေ့သေးပါဘူး။ သူတို့က ကိန်းဂဏန်းတွေကို ပေါင်း နေ၊ မြှောက်နေရတာနဲ့ ကျေ နပ်နေတဲ့ လူမျိုးဆိုတော့ ကျုပ်ကိုတောင် သင်္ချာပုစ္ဆာ ဆန်ဆန် အဖြေထုတ်တတ် ကြတယ်။ သူတို့တစ်ခါတွက် တိုင်း အဖြေတစ်မျိုး ထွက် နေတော့လည်း ကြာလာတော့ ပစ်ထားလိုက်တဲ့ ပုစ္ဆာထဲ ကျုပ်ပါသွားပါလေရော။ သူတို့က ပေတံတစ်ခုရလာ တိုင်း ကျုပ်ကို လာတိုင်းလေ့ ရှိကြတယ်။ ကျုပ်က သူတို့ မထင်မှတ်တဲ့အပေါက်က ထွက်ထွက်သွားတတ်တော့ ထုံးစံအတိုင်း လူ့ခွစာကြီးလို့ သတ်မှတ်လိုက်ပုံရတယ်။ ပေတံဟာ အတိုင်းအတာတစ် ခုဆိုတာကို သူတို့ မသိလို့ ကျုပ်က သနားနေတာ။
“အဖေ ပုတီးစိပ်ပါ လား”
လာပြန်ပြီ တစ် ယောက်။ သမီးလုပ်သူက ဆလင်းဘက်အိတ်ထဲက ပုတီးလေး ထုတ်ပေးပြန် တယ်။ ခုချိန်မှာ သူတို့ စိတ် ချမ်းသာဖို့ အရေးကြီးတာ ပဲလို့ နှလုံးသွင်းပြီး ယူထား လိုက်တယ်။ ကျုပ်က ကား နောက်ခန်းက ထိုင်လိုက်ရင်း လမ်းဘေးဝဲယာကြည့်နေတာ ကို သမီးလုပ်သူက ဘာထင် နေလဲ မသိပါဘူး။ ခေါင်း ငိုက်စိုက်ချထားတာကိုမှ ဣနြေ္ဒလို့ ထင်ရင်တော့ ရန်ကုန်မြို့ကြီးမှာ ကားတိုက် ခံရဖို့ပဲ ရှိတယ်။ စိတ်ကို ဆုံး မတတ်တဲ့သူဆိုရင် ကြည့် စရာ ရှိတာကို ရဲရဲကြည့်ပြီး သဘာဝ အကြည့်မှာ အာသ ၀ မငြိရင် ဣနြေ္ဒ လုံပြီးသား ပါလို့ ပြောတော့ရော သူတို့ နားလည်မှာမို့လား။ မျက်စိ ကို မှိတ်လိုက်တယ်။ ရောက် ရင် ရပ်မှာပဲ။ ရပ်ရင်ဆင်း ပြီးတော့... ဆေးရုံပေါ်မှာ နှစ်ရက် မြောက်တဲ့နေ့။ ပထမဆုံးလူ နာလာမေးသူက ခြေရင်းအိမ် က ဒေါ်ခင်မုန်း။ ဒေါ်ခင်မုန်း ဆိုတာ ဈေးဝယ်သွားရင် သူ ပိုင်အလေး သူပိုင်ချိန်ခွင်နဲ့ ဈေးဝယ်ထွက်တတ်လို့ တစ် ဈေးလုံးရဲ့ အော့ကြောလန်။ ဆေးခန်းသွားလည်း သူထိုး ခိုင်းတဲ့ဆေးကို ဆရာဝန်က ထိုးပေးမှ အကောင်းပြောခံရ တာ။ ခရီးရောက်မဆိုက် ကျုပ်ကို ပြောလိုက်ပုံကို လည်း ကြည့်ဦး။
“ငါ့တူရယ် ဘာမှ စိတ် ထဲစွဲမနေနဲ့။ ၀င်လေ ထွက်လေကိုသာ များများမှတ်။ ငါ့တူရဲ့ ဝေဒနာတွေ ယူပစ်သ လို ပျောက်သွားလိမ့်မယ်။ အာနာပါနလောက် ကောင်းတာ ဘာမှမရှိဘူး။ အချိန်ရှိတိုင်း မှတ်ပါ။ ရောဂါတွေ ပျောက်သွားလိမ့်မယ်။ မင်း ရောဂါက ဘာမှ မဟုတ်သေး ဘူး။ ဒီထက်ဆိုးတာတွေ တောင်အမှတ်နဲ့ ပျောက်ခဲ့ တာ။ နာနာလေးသာ မှတ်ပေး။ မကောင်းတာတွေ ပျောက်ပြီး ကောင်းတာတွေ ရောက်လာစေရ မယ်”
ရော် ခက်ပြီ။ ကျုပ်က လည်း အဲဒီလိုတော်၏ မတော်၏ မစဉ်းစားဘဲ ထင် ရာ လျှောက်ပြောတာတွေ မကြိုက်တာ။ အာနာပါနလုပ် လို့သာ ကင်ဆာပျောက်ကြေး ဆိုရင် ဆေးရုံတွေ ဖျက်ပစ် လိုက်ဖို့ရှိတယ်။ လူဆိုတာ ကိုယ်သိတဲ့နေရာက ကိုယ်ရပ် ပြောတာ မှန်ပေမဲ့ ကိုယ့် ဟာမှ အကောင်းဆုံးလို့ သဒ္ဓါ လွန်ပြီး အစွန်းရောက်အောင် တော့ မပြောသင့်ဘူး။ ကျုပ် ကလည်း စကားပြောနိုင်သေး တော့ သူ့ကို တစ်ခွန်းပဲ မေး လိုက်တယ်။ “ကျွန်တော် ရေ နစ်သေရင် အာနာပါနကို ဘယ်လိုရှုရမလဲ” ဆိုတော့ ပါးစပ်ပိတ်သွားတယ်။ သူက ပြန်ခါနီးမှာ သမီးကို ပြောသ လိုလိုနဲ့ မကြားတကြား ပြောသွားသေးတယ်။
“ညည်းအဖေက သေခါ နီးတောင် ခွကျတဲ့ အကျင့် မပျောက်သေးဘူး။ သေတဲ့ အထိ ခွတိုက်မယ့် ခွစာအစစ်” တဲ့။ အဲဒီလို တတ်ယောင် ကန်းသမားတွေနဲ့ ကျုပ်ဘယ် တော့မှ အကြောတည့်မှာ မဟုတ်ဘူး။ တရားအသိ တစ်ခုဆိုတာ သန်တုန်းမာ တုန်းမျှဝေပေးရမှာ။ ကျုပ် ဒေါင်ဒေါင်မြည်တုန်းက အရပ်တကာ လှည့်ပြီး ကိုရီး ယားကားတွေ ပြောနေပြီးမှ ခုချိန်မှာ ကျုပ်ကို အာနာပါန နဲ့ ပကာသနလာလုပ်တာ ခံရခက်လှတယ်။ ကျုပ်က အာနာပါနမရှုဘဲ တရားမြင် သွားသူတွေ ရေတွက်ပြလိုက် ချင်ရဲ့။ လူတွေကို သနား တယ်။ ပုံသေနည်းနောက် ကိုသာ မဲလိုက်နေပြီး ထိုးထွင်းဉဏ်ကို မေ့နေတာ လောက် သနားစရာကောင်း တာ မရှိဘူး။ ဖြစ်ပြီ ဆိုတော့မှ ခလုတ်ထိမှ အမိတဆိုသ လို ဟိုဟာကောင်းနိုးနိုး ဒီဟာကောင်းနိုးနိုးနဲ့ ထောက် ရာတည်ရာ မရှိသူများ ပါးစပ်ဖျား လမ်းဆုံးနေတာကို အဟုတ်မှတ်နေကြတယ်။
မှေးခနဲ အိပ်ပျော်မယ် လုပ်တုန်း တံခါးခေါက်သံ ကြားလို့ ကြည့်မိလိုက်တော့ သားကြီးရဲ့ သူငယ်ချင်း မောင်သူရိန်ပါလား။ သူ့ကို တွေ့တော့ အားတက်သလို တောင် ဖြစ်မိသေးတယ်။ အတွေးအခေါ်ရှိတဲ့ လူငယ် တစ်ယောက်ပဲ။ အမေရိကား က မာစတာဘွဲ့ယူခဲ့ပြီး ကုမ္ပ ဏီထောင်ထားတဲ့ ခေတ် ပညာတတ် လူငယ်တစ် ယောက်ဆိုတော့ ခေတ်အမြင် တွေနဲ့ ထုံလွှမ်းနေမှာပေါ့။ ကျုပ်မသိသေးတဲ့ သိပ္ပံပညာ ရဲ့ နောက်ဆုံးပေါ် အသီး အပွင့်တွေကို သူ့ဆီက သိနိုင် တယ်။ သားကြီးလို အူ ကြောင်ကြားထက်စာရင်တော့ မောင်သူရိန်ဆီမှာ အိပ်မက် အသစ်တွေ စုပုံနေလောက် တယ်။ သူက ခုတင်ဘေး မှာ ထိုင်လိုက်ပြီး-
“အန်ကယ် နေကောင်း ရဲ့လား”
ကျုပ်က သူနဲ့ စကား ပြောချင်နေသူဆိုတော့ ဖြောင့် ကွယ်ကွယ်လိုက်တယ်။ “မဆိုးပါဘူး”
သူက ဘရန်းဒ်ငှက် သိုက်၊ ဘရန်းဒ်ကြက်ပေါင်း ရည်၊ အင်ရှုဝါးအာဟာရမှုန့် တွေပါတဲ့ ကြွပ်ကြွပ်အိတ်ထုပ် ကို စားပွဲ ပေါ်တင်လိုက်ပြီး- “ကိုသော် အန်ကယ်ကို ဒါတွေ တိုက်ပေးပါ။ အရမ်း ကောင်းတယ်။ Volume နည်း နည်းနဲ့ Effective ဖြစ်တဲ့ အာဟာရတွေ။ Ensure ဆိုရင် အမေရိကန် Brand အစာ လုံးဝမ၀င်တဲ့ လူမမာကို သူ့ တစ်မျိုးတည်းနဲ့ နှစ်နဲ့ချီ ထိန်း ထားနိုင်တယ်”
သူက ကျုပ်ရဲ့ ဆေးကု သမှုမှတ်တမ်းကို ကြည့်ပြီး “ကီမိုသရဖီ” ဆိုတဲ့ အသံ ထွက်လာတယ်။ ဒါကင်ဆာ ရောဂါကို ကုတဲ့ ကုထုံးလေ။ ဆဲလ်တွေကို သတ်ပစ်တဲ့ ဆေးပေါ့။ ကျုပ်ရဲ့ လက်ခုံ ကနေ လက်မောင်းထိ သွေး ပြန်ကြော တစ်လျှောက် မီး လောင်ရာတွေလို ညိုမည်း နေတာ ဒီဆေးရဲ့ အစွမ်းတွေ ပေါ့။ မောင်သူရိန်က ပိုက်ဆံ အိတ်ကြီးထဲက စက္ကူလိပ်ကို ထုတ်ပြီး သားကြီးကို လှမ်း ပေးလိုက်တယ်။
“အန်ကယ့်ရောဂါနဲ့ ပတ်သက်တာတွေကို အင် တာနက်က ဒေါင်းလုပ်လုပ် ပြီး ပရင့် ထုတ်လာတာ။ဖတ်ကြည့်”
ကြည့်စမ်း။ အားကျစ ရာကောင်းလိုက်တာ။ အိုင်တီ ယဉ်ကျေးမှုဟာ တိုးလျှို ပေါက်ဖြစ်သွားပြီ။ ကျုပ်သား ကို ဒီလိုဖြစ်စေချင်တာ။ ကမ္ဘာက နည်းပညာကို ဇောင်းပေး ပြောနေချိန်မှာ မြန် မာမှာ ငွေကိုပဲ ပြောနေတာ တော့ ရှက်စရာကောင်းလှ တယ်။ အဲဒီထဲမှာ ကျုပ်သား လိုကောင်တွေ ထိပ်ဆုံးက ပေါ့။ လူသာ ရွှေကွပ်ထား တာ ဦးနှောက်ထဲမှာ နောက် ချေး(နွားချေး) တွေပဲရှိတယ်။ ခေတ်ရေစီးကြောင်းမှာ နောက် ကျ ကျန်ခဲ့တာ လူညွန့်တုံးစေ တဲ့ ရောဂါပဲ။ လောကီလည်း မယွင်းနဲ့။ လောကုတ်လည်း မဖျင်းနဲ့တဲ့။ နောက်ကျတာ ဆိုရင် သေတာတစ်ခုကလွဲလို့ ဘာမှ မကောင်းဘူး။ မောင် သူရိန်ကိုတော့ ဘာကြောင့်မှန်း မသိဘူး။ စိတ်လိုလက် ရ စကားတွေ အများကြီး ပြောဖြစ်တယ်။ မိန်းမနဲ့ သား ကတောင် မောနေမှာစိုးလို့ တားယူရတယ်။ မောင်သူရိန် ပြန်ခါနီးတော့ နှုတ်ဆက်ရင်း ကျုပ်ဘယ်လိုမှ မျှော်လင့် မထားတဲ့ စကား တစ်ခွန်းကို ပြောချလိုက်ပါတယ်။
“ပိစပ်ရွက်ကို သောက် ပါလား။ ပိစပ်ရွက် အဆီ ဆိုပြီး ရှိတယ်။ ကျွန်တော် နောက်နေ့ ၀ယ်ပို့ ပေးလိုက်မယ်”တဲ့။
သေဟဲ့ နန္ဒိယ။ ဖွတ်ထွက်မှ တောင်ပို့မှန်း သိတော့တယ်။ အမလေးလေး မောလိုက်တာနော်။ ကျုပ်မျက် လုံးကြီးတွေ ပြူးထွက်လာပြီး သူ့ကို မယုံနိုင်အောင် ငေးကြည့်နေမိတယ်။ သိလိုက်ပါ ပြီ။ မြန်မာလူမျိုးဟာ အမေရိကန်မှာပဲ ဘွဲ့ယူယူ၊ အင်္ဂလန် မှာပဲ ဘွဲ့ယူယူ၊ အင်္ဂါဂြိုဟ် ပေါ်ပဲတက်ယူယူ နောက်ဆုံး တော့ မြန်မာလိုပဲ တွေးတတ် ကြတာကိုး။
သူလည်း ပြန်သွားရော ကျုပ်လည်း အောက်စီဂျင် ပိုက်တပ်လိုက်ရတော့တာပဲ။ ဗျာဓိဆိုတာ နာခြင်းတဲ့။ မှန်လိုက်တာနော်။ နာခြင်းဆို တဲ့အတိုင်း နာလိုက်တာမှ ပြောမနေပါနဲ့တော့။ တစ်ည လုံးလည်း ကိုက်လိုက်ခဲလိုက် တာများနှယ် နာလွန်းလို့ မွေ့ ရာကို လက်သီးနဲ့ ဆောင့်မိ တာ အကြိမ်ကြိမ်ရယ်။ ဒါပေမဲ့ ကျုပ် သတိမလွတ် ပါဘူး။ ကိုယ်သာနာပြီး စိတ် မနာအောင် နေနိုင်ခဲ့ပါတယ်။ ပြင်းထန်လှတဲ့ နာကျင်ကိုက် ခဲမှုဒဏ်ကို ငါ့မှာ ဖြစ်ရလေ ခြင်းလို့ နှလုံးမသွင်းဘဲ ဝေဒနာနဲ့ ငါနဲ့ကို ခွဲထားနိုင် ခဲ့တယ်။ လွယ်လွယ်ပြောရ ရင်တော့ သူ့သဘော (ခန္ဓာ ရဲ့ သဘော)ကို ငါ့သဘော မပါအောင် နေခဲ့တော့ အနာ ဟာ တဏှာမဖြစ်တော့ဘဲ နာတာမှာတင် ရပ်သွားတယ် ပေါ့ဗျာ။ ကြိုက် မကြိုက်တွေ ထည့်မပေးဘဲ ဒီအတိုင်းလေး နေပြီး တစ်ညတာကို ကျော် ဖြတ်ခဲ့ပါတယ်။
ဝိဝေကဓာတ်ရဲ့ ဆိတ် ငြိမ်ရာဆီက နိုးထလာတော့ ဝေဒနာပိုသည်းလာတာကို သတိပြုမိလိုက်တယ်။ အနာ ညွန့်က ဦးကင်းဆီ တက်လာ ပုံပဲ။ မိန်းမလုပ်သူရဲ့ သက် သာလားလို့ မေးတဲ့ အသံက တောင် ကျုပ်နားစည်ကို သံ ချွန်တွေနဲ့ ထိုးလိုက်သလိုရှိ တော့တယ်။ လေသံမျှကို တောင် လက်ခံနိုင်စွမ်း မရှိ တော့ပါကလား။ ယုတ်စွ အဆုံး ကြွပ်ကြွပ်အိတ်အသံ ကတောင် ကြီးစွာသော နှိပ် စက်မှုကို ပြုနေပြီဆိုတော့ ဖောက်ပြန်မှုတွေက ကမ်း ကုန်နေပြီပေါ့။ နှစ်ငါးဆယ် လုံးလုံး မောင်းနှင်လာခဲ့တဲ့ ခန္ဓာစက်ဟာ မကြာခင်မှာ အပြီးအပိုင် ဇာတ်သိမ်း တော့မယ်။ ခဏတော့ နားလိုက်ဦးမှပါ။
ဒေါက် ဒေါက် ဒေါက် မိုးခြိမ်းသံအလား ထွက် ပေါ်လာတဲ့ တံခါးခေါက်သံ ကြောင့် ဆတ်ခနဲဖြစ်သွား တယ်။ တံခါးပေါက်ဆီကို အကြည့်ရွှေ့လိုက်ပေမဲ့ တံခါး မမြင်ရဘူး။ တစ်ခုခုတော့ မှားနေပြီ။ မနေ့ကပဲ ဒီခုတင် ပေါ်ကနေ မြင်ရတဲ့ တံခါး ပေါက်ကို ဒီနေ့ မတွေ့ရ တော့ဘူးဆိုတာ ထူးဆန်းလှ ချေလား။ စကားသံတွေသာ တ၀ုန်းဝုန်းဆူညံပေါက်ကွဲနေ ပေမဲ့ ခဏကြာမှ မြင်ကွင်း ထဲကို ပုံရိပ်တစ်ခု ရောက်လာ တယ်။ အညာသား ဖိုးဌေးနဲ့ သူ့တူတော်မောင်။ ကျုပ် ထိုင်နေကျ လက်ဖက်ရည် ဆိုင်မှာတည်းပြီး အညာ ရန်ကုန် ကုန်ကူးနေသူပေါ့။ မေးထူးခေါ်ပြော အဆင့်ထက် မပိုတဲ့ အသိတစ်ယောက်။ သူက ခုတင်ခြေရင်းက လာ ကြည့်ပြီး ကျုပ်ဘေးနားကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကပ် လာတယ်။
“ကိုလေးမောင် နေ ကောင်းလား။ ကျုပ်ကို မှတ်မိလား”
ကျုပ်က သေတော့မှာလို့ ဗလုံးဗထွေး ပြန်ပြော လိုက်တယ်ဆို ငါးပိထိတဲ့ မျောက်လို မြင်ကွင်းက ပျောက်သွားပါရောလား။ ဒီ တော့မှ ဘက်ဘက်အခြမ်းကို ရောက်သွားတဲ့ ပုံရိပ်တွေ ပျောက်သွားတာကို ရိပ်မိ တော့တယ်။ ကျုပ်ရဲ့ ဘယ် ဘက်မျက်လုံး ကွယ်ခဲ့ရပြီကိုး။ ကင်ဆာက ကျုပ်ခန္ဓာ အိမ်ကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေပါရောလား။ မကြာ ခင်မှာ သေမင်းအောင်လံကို စိုက်ထူကြဦးမယ်။
“အစ်မကြီး ကင်ဆာဆို ရင် မပွေး(မြွေပွေး) ကျွေးရ တယ်။ ကျုပ်တို့ရွာမှာ မပွေး နဲ့ ပျောက်ခဲ့တဲ့ ကင်ဆာ သမားတွေ အများကြီး။ ကျွေးကြည့်ပါ ကိုယ်တွေ့မို့ ပြောတာ”
“ဟုတ်လား။ သြော်- ဟုတ်ကဲ့။ သမီးရေ မှတ် ထားစမ်း။ လုပ်ကြည့်ရမှာ ပေါ့။ ကျေးဇူးပါပဲ ကိုဖိုးဌေး ရယ်”
ဒုက်္ခပါပဲ။ ဘုန်းကြီး ရူးနဲ့ လှေလူးတော့ တွေ့နေ ပြီ။ ဒီအရူးတွေကြောင့်တော့ သတ္တ၀ါတွေ အချောင်သေ ရဦးတော့မယ်။ ဒီအသိုင်း အ၀ိုင်းမှာ လူလာဖြစ်ရတဲ့ ကျုပ်ရဲ့ ပ၀တ္တိဝိပါက်ကိုပဲ မချင့်မရဲ ဖြစ်မိတယ်။ မဖြစ် ဘူး။ ကျုပ်ရဲ့ နောက်ဆုံးနေ့ တွေကို ဒင်းတို့နဲ့ အချိန် ဖြုန်းနေလို့ မဖြစ်တော့ဘူး။ ကျုပ် ကိုယ်စား လမ်းရှင်းပေးမယ့် လူ့ခွစာ တစ်ယောက်ကို မရ အရ ခေါ်မှဖြစ်တော့မယ်။ ခေါင်းလှည့်လိုက်တယ်ဆို မိန်းမနဲ့ သမီးအနား ရောက်လာတယ်။ သမီးကို ကိုပေါ် ဆီ ဖုန်းဆက်ခိုင်းလိုက်တယ်။ သူတို့ကတော့ မလိုလားတဲ့ ပုံပဲ။
ကိုပေါ်ဆိုတာ ကျုပ်နဲ့က ဒဿန မျက်နှာပြင် တစ်ခုပေါ်မှာ ဆုံမှတ်တူခဲ့ကြတဲ့ မြားနှစ်စင်း။ သူ့အယူအဆကို ထိပါးလာရင် ထီမထင်တဲ့ လူစား။ တော်လှန်ရေး အတွေး အခေါ်တွေရင်မှာ ပိုက်ထား တဲ့သူ။ ကျုပ် ယုံကြည်ပါ တယ်။ သူလာကိုလာမှာပါ။ သူ ကျုပ်ကို ပြောဖူးတယ်။
“ကိုလေးမောင် လိုအပ်ရင် အချိန်မရွေး ခေါ်လိုက်ပါ။ ရောက်အောင် လာခဲ့ပါမယ်။ ဒါပေမဲ့ လူနာမေးရုံသက် သက်တော့ ဘယ်တော့မှ မလာဘူး။ ဝေဒနာရဲ့ ဒဏ်ကို အလူးအလှိမ့် ခံနေရတဲ့ လူမမာက ကိုယ့်ကို ပြန်ဧည့်ခံနေ ရတယ်ဆိုတာ မယဉ်ကျေးတဲ့ အပြုအမူလို့ ကျွန်တော် မြင်တယ်”
အခု သူ့ကို လိုအပ် နေပြီလေ။ သူလိုလူ ကျုပ် အနားမှာ ရှိနေရင် တော်ရုံလူ ပေါက်ကရတွေ လာပြောရဲမှာ မဟုတ်ဘူး။ တံခါးခေါက်သံ စူးစူးဝါးဝါး ထွက်ပေါ်လာ တယ်။ ကိုပေါ်လာပြီ ထင်ပါ ရဲ့။ ယောဂီရောင် ပုံရိပ်တစ်ခု မျက်စိရှေ့ ရောက်လာတယ်။ သက်ပြင်းပူတစ်ချက် မှုတ် ထုတ်လိုက်မိတယ်။ ၀ဋ်ကြွေး တွေက မကုန်နိုင်ဘူး။ ပွဲစား လိုလို၊ ဓာတ်လိုလို၊ နတ်လို လို၊ ဆေးဆရာလိုလိုနဲ့ ဖွဲ့စည်းပုံမရှိတဲ့ ဦးစိန်လွင်။
ဒီလူ ကျုပ်အနားကပ် လာရင်း သူ့ရဲ့ ရွှေရောင်မျက် မှန်ကိုင်းကို ဟန်ပါပါ မတင် လိုက်ပြီး ကျုပ်လက်ကို ကိုင် မယ်လုပ်တော့ ရှိသမျှအားနဲ့ ရိုက်ချလိုက်ဖို့ စဉ်းစားမိသေး တယ်။ အသိတစ်ချက် ၀င် လာတယ်။ ဒေါသ။ ခန္ဓာ ကိုယ်တောင် စွန့်ထားပြီပဲ လုပ်ချင်ရာ လုပ်ကြပါစေ တော့။ မဖြစ်သင့်တဲ့အလို တွေကို အချိန်မီ ရုပ်သိမ်းလိုက်တော့ အေးငြိမ်းသွားပါ တယ်။ မျက်စိကို မှိတ်လိုက် တယ်။
“ရိုးရာပျက်လို့ပါ။ ဆိုင် ရာရိုးရာကို တောင်းပန်လိုက် ရင် ကောင်းသွားပါလိမ့် မယ်။ ရတယ်။ ကိုယ်လုပ် ပေးမယ်။ ယတြာပါလုပ် လိုက်ရင် ပိုကောင်းတာပေါ့။ ကိုလေးမောင်တို့ကလည်း ခက်ပါတယ်။ နတ်နဲ့နဂါးမ လှည့်စားနဲ့တဲ့။ ကံမြင့်နေချိန် မှာ ဘာမှမဖြစ်ပေမဲ့ နိမ့်တာနဲ့ ခံရတော့တာပဲ။ ရှေးထုံး လည်း မပယ်နဲ့ ဈေးသုံး လည်း မလွယ်နဲ့လို့ ဆိုတာ ကိုး။ ကိုယ့် တာဝန်ထားပါ။ ဒါတွေက မခက်ပါဘူး”
“ဘာပြောတယ် ဦးစိန် လွင်။ ပြန်ပြောစမ်းပါဦးဗျ”
ကေသရာဇာခြင်္သေ့ မင်း ဟောက်သံလို ဟိန်း ထွက်လာတဲ့ အသံလာရာ ဆီကို သူ လှည့်ကြည့်လိုက် တော့ မျက်နှာကွက်ခနဲ ပျက်သွားတယ်။ လာပြီ။ ကယ်တင်ရှင် လာပြီ။ ကိုပေါ် ကျုပ်ဆီ ရောက်လာပြီ။ ၀မ်းသာလိုက်တာ မပြောပါနဲ့ တော့။
“ပြန်ပြောပါဦး ဦးစိန် လွင်။ ရိုးရာဟုတ်လား။ ယတြာဟုတ်လား။ ကောင်း ပြီ။ ခင်ဗျား ပြောသလို ရိုးရာ လည်းလုပ်မယ်။ ယတြာ လည်းလုပ်မယ်။ ကျုပ် သူငယ်ချင်း ရောဂါ မပျောက် ရင် ခင်ဗျား အသက်ပျောက် မယ်သာ မှတ်ပေတော့။ ကဲ- ဘာလုပ်ရမလဲ သာပြော”
သူက ကျုပ်မိန်းမ ဘက်လှည့်လိုက်ကာ အနှောင့် အယှက်တွေ ရှိနေတယ်လို့ ပြောပြီး ဆောင့်ကြီးအောင့် ကြီး ထွက်သွားပါတော့ တယ်။ ကျုပ် ပြုံးလိုက်မိ တယ်။ ဆေးရုံပေါ် ရောက် ကတည်းက ကျုပ်ရဲ့ ပထမ ဆုံးအပြုံး။ ကျုပ်နားကို ကပ် လာတဲ့ ကိုပေါ်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး-
“ကို..ပေါ်..၀မ်းသာ. တယ်။ တ..ရား..နဲ့.. နေချင်။ အေး..အေး..သေ.. ချင်..တယ်။ ကူညီ..ပါ။ ........................”
ကျုပ်ဖြစ်ချင်တာလေး ကို ယဲ့ယဲ့လေး ပြောလိုက်တယ်။ မောလိုက်တာနော်။ တောင်ဆယ်လုံး တက်ရတာ ထက် မောသေး။ ကျုပ် စကားအဆုံးမှာ ကိုပေါ် ငေါက်ခနဲ ထထွက်သွား တယ်။ ကျုပ် ခန္ဓာအိမ်ရဲ့ အစိတ်အပိုင်းများကတော့ အနားယူဖို့ တောင်းဆိုနေကြ ပြီ။ သွေးတွေလည်း အစွန် အဖျား အင်္ဂါတွေဆီ မလျှောက်ချင်ကြတော့ဘူး။ လက်ကျန်အားအင်ဆိုလို့ ဘာမှမရှိတော့ပါလား။ သမီး က ကျုပ်ရဲ့ နှုတ်ခမ်းကို ရေ ဆွတ်ထားတဲ့ ဂွမ်းစလေးနဲ့ လာသုတ်တော့ သမီးလက် ကို စမ်းလိုက်တယ်။ သမီးက အလိုက်တသိနဲ့ ကျုပ်ပါးစပ် နားကို သူ့ နားကပ်ပေးတယ်။
“သက်..ကယ်..ဆေး မ..ထိုး”
သဘာဝ အတိုင်း ရှင် သန်ခဲ့ပြီးပြီပဲ။ သဘာဝ အတိုင်းပဲ သေလိုက်ပါတော့ မယ်။ သေအောင်လည်း လုံ့လမစိုက်သလို၊ မသေ အောင်လည်း လုံ့လမစိုက် ချင်တော့ဘူး။ သူ့ တရားသူ စီရင်တာကို ဘေးကနေပဲ ထိုင်ကြည့်လိုက်တော့မယ်။ မိန်းမလုပ်သူက ကျုပ်ကို ဖြစ်ပျက်ရှုဖို့ သတိပေးတယ်။ ခက်လိုက်တဲ့ မိန်းမနှယ် အနှစ်သုံးဆယ်လောက်ပေါင်း လာတဲ့ ယောက်ျားကို သူ ခုထိ မရိပ်မိသေးဘူး။ ဖြစ် ပျက်ဆိုတာ “မဖြစ်မပျက်” ကို ရှာမတွေ့သေးတဲ့ သူတွေ သွားရမယ့်လမ်းဆိုတာ ဒင်း မသိတာ အဆန်းတော့ ဟုတ်ပါဘူး။
အေးပေါ့လေ။ ဆေး လိပ်သောက်တဲ့သူကိုတော့ ဆေးလိပ်သောက်တဲ့ အကျင့် ရှိတယ်လို့ လူတိုင်းသိနိုင် ပေမဲ့ မသောက်တဲ့သူကိုတော့ မသောက်တဲ့ အကျင့်ရှိပါ လားလို့ မြင်ဖို့ ခက်ပါတယ်။ မသောက်တာကို အကျင့်ပါ လားလို့ မမြင်နိုင်ကြဘူး။ မြင်ရတဲ့ အကျင့်ကိုမှ အထင် ကြီးတတ်ကြတာကိုး။ အဲဒီ ပေတံတွေနဲ့ ကျုပ် တစ်ချိန် လုံး အတိုင်းခံခဲ့ရတာ။ အသံ ကြားလိုက်လို့ မျက်လုံးဖွင့် ကြည့်လိုက်တော့ အရာရာ က မှုန်ဝါးဝါးရယ်။ ကျုပ် နားကို ကိုပေါ် ကပ်လာသလို တော့ မြင်မိတယ်။ ကိုပေါ်က စက္ကူလိပ်ဖြူဖြူကို ဖြေပြ ပေမဲ့ အမြင်အာရုံတွေ မပီ တော့ဘူး။ တကယ်ဆို စက္ကူ ပေါ်က စာတွေကို မြင်ဖို့ မလို တော့ပါဘူး။ ကျုပ်ပြောလိုက် တဲ့ စကားတွေပဲ။ လက်ကို လှုပ်ပြလိုက်တော့ ကိုပေါ်က စက္ကူရွက်ကို လက်ထဲထည့် အပေးမှာ ရှိသမျှ နောက်ဆုံး ခွန်အားနဲ့ ညှစ်ခြေပစ်လိုက် တယ်။ မလိုတော့ဘူး ဆိုတာကို ပြလိုက်တာပါ။ ကောင်း ကောင်းမမြင်ရပေမဲ့ကိုပေါ့်ကို စိုက်ကြည့်နေမိတယ်။ ကျုပ် အကြည့် တွေထဲမှာ သူ့ဆီက တရားသံကို တောင်းခံနားစွင့် နေတယ်ဆိုတာ သူသိပါစေ။
အမြင်အာရုံတွေက တဖြည်းဖြည်းဆုတ်နေပြီ။ အကြားအာရုံတွေ မချုပ်ခင် မှာ တရားတစ်လုံးလောက် တော့ နာပါရစေသား။ အဲဒီ အချိန်မှာပဲ နားထဲကို အဝေး ဆီက အသံတိုးတိုးမျှင်မျှင် လေး တစ်သံတိုးဝင်လာ တယ်။
အာရုံအန္တ စွဲကြထိုထို “မစွဲရ” လို့ တားဖို့မလို၊ “စွဲမရ”လို့ သိဖို့သာလို မဖြုတ်ဘဲပြုတ်မြဲ ပြုတ် နဂို။
ကျုပ် အနှစ်သက်ဆုံး ဓမ္မကဗျာတစ်ပုဒ်။ ကြည်နူး စွာ ပြုံးလိုက်မိတယ်။ စိတ် အာရုံကို နိမိတ်အစွန်းအစ မရှိတဲ့ဆီ ကိုင်းညွတ်လိုက် တယ်ဆို ဝေဒနာလည်း ချုပ် အာရုံတွေလည်းချုပ် အရာရာ အားလုံးရဲ့ ချုပ်ငြိမ်းရာဆီ သို့.... ကိုလေးမောင်လက်ထဲ က ကြိုးပြတ်စွန်လို လွင့်ကျ သွားတဲ့ အနားတွန့်နေတဲ့ စက္ကူရွက်ကို ကိုပေါ် ငေး ကြည့်နေမိတယ်။ စက္ကူပေါ် က စာလုံးတွေက သူ့ကို တစ်ခုခု ပြောနေသလိုပဲ။ ဆေးမြီးတိုမပေးရ ဗေဒင်ယတြာမပြောရ တရားမဟောရ
ညီငယ်လေး (ရွှေအမြုတေ မဂ္ဂဇင်း၊ဇူလိုင်လ ၂၀၁၂)
|
|
Last Updated on Tuesday, 03 July 2012 15:35 |