"ပုစွန်ဆိတ်ကလေး ဘယ်လို ငယ်ငယ် ပင်လယ် ကူးတတ်တယ် xxx ချစ်သမုဒ္ဒရာကြီး ဘယ်လိုကျယ် xxx ကူးတတ်ပါတယ်" ဆိုတဲ့ သီချင်းစာသားကို လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်က ကျွန်မတို့ ပါးစပ်မှာ အမြဲတမ်း ဆိုဖြစ်ခဲ့တာပါ။ သီချင်း အဓိပ္ပာယ် မသိဘဲ ဆိုလို့ ကောင်းတဲ့ သီချင်းမို့လို့ ဆိုခဲ့တဲ့ သီချင်း ဖြစ်ပေမယ့် အခု အချိန်မှာတော့ အဲဒီသီချင်းရဲ့ အဓိပ္ပာယ်ကို နားလည်လာပါပြီ။ ကျွန်မတို့ ငယ်ငယ်ကတည်းက အောင်မြင်မှု များစွာ ရရှိနေတဲ့ မေဆွိကို ရွှေအမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံ ရိုက်ချိန်မှာ ပထမဆုံး ဆုံဖြစ်ပါတယ်။ ငယ်စဉ်က နှစ်သက်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်နဲ့ ဆုံတွေ့ရသလို ပထမဆုံး အင်တာဗျူးခွင့် ရတာလည်း ဖြစ်ပါတယ်။ အရင်အချိန်တုန်းက လို အသံစူးစူးလေး ရှိနေသေးသလို သွက်သွက်လက်လက် ရှိလှတဲ့ မဆွေ(မေဆွိ)က ဓာတ်ပုံ ရိုက်ကူးချိန်မှာ ဓာတ်ပုံပီတာ လိုချင်တဲ့ အိုက်တင်များကို တစ်ကွက်ပြီး တစ်ကွက် လုပ်တော့တာပဲ။ ဒီဇိုင်နာကိုပြည်စိုးအောင် ချုပ်ပေးထားတဲ့ ၀တ်စုံများကလည်း မဆွေရဲ့ အသက်အရွယ်၊ ခန္ဓာကိုယ်နဲ့ တော်တော်လေး လိုက်ဖက်လှသလို ၀တ်စုံနဲ့ လိုက်ဖက်တဲ့ အိုက်တင်မျိုး မဆွေက တစ်မျိုးပြီး တစ်မျိုး သရုပ်ဆောင်တာပါ။ ဒါကြောင့် မေဆွိ ဆိုတဲ့ နာမည် တစ်လုံးကို အခုအချိန်ထိ ပိုင်ဆိုင် ထားနိုင်တယ်လို့ ထင်ပါတယ်။ ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်လာတဲ့ အချိန်မှာ မဆွေက ကိုင်ဇာရဲ့ သီချင်းရှင်ရဲ့ ခရီးစဉ် ၂ မှာ ပါဝင်သလို မြို့မရဲ့ ဖျော်ဖြေမှုမှာလည်း ပါဝင်ခဲ့ပါတယ်။ ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုများ ပြုလုပ် ဖြစ်ပေမယ့် သရုပ်ဆောင်နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတော့ မရှိပါဘူး။ အနုပညာ လှုပ်ရှားမှုတွေ အပြင် မေဆွိနဲ့ ပတ်သက်တဲ့ အကြောင်းများ မေးမြန်းမှုမှာ ဆရာဦးဝင်းငြိမ်းရဲ့ လမ်းညွှန် သင်ကြားပေးမှုများ ပါဝင်ပါတယ်။ ရသမျှ အချိန်လေး အတွင်း မဆွေကို မေးမြန်းဖြစ်တာများ ရွှေအမြုတေ ပရိသတ်များ ခံစား ဖတ်ရှုပေးပါဦး။
အိမ်ထောင် မကျခင် အချိန်တုန်းက အနုပညာ လောကမှာ မေဆွိ ဆိုပြီး အောင်မြင်ခဲ့တယ်။ အိမ်ထောင် ကျသွားတဲ့ အချိန်မှာ အိမ်ထောင့်တာဝန်တွေ ထမ်းရင်း ဂီတပိုင်းကိုတော့ နိုင်ငံခြားမှာ လှုပ်ရှားဖြစ်တယ်။ ၂၀၀၉ ခုနှစ် အခု မြန်မာပြည် ရောက်တဲ့ အချိန်မှာ ကိုင်ဇာရဲ့ သီချင်းရှင်ရဲ့ ခရီးစဉ် ၂ မှာ ပါဝင် သီဆိုတဲ့ အခါ မဆွေ ဘယ်လိုများ ခံစားရလဲ။ ခံစားချက် ဘယ်လိုများရှိလဲ ဆိုတာကို နည်းနည်း ရှည်ရှည်လေး ပြောရမယ် ဆိုရင် ညီညီ(ကိုင်ဇာ)က သူ့ရဲ့ သီချင်းရှင် ခရီးစဉ် နံပါတ် ၁ ကို လုပ်မယ်ဆို တော့ အကြောင်းကြားတယ်။ သူ့အနေနဲ့ကတော့ ရှင်းရှင်း ပြောရရင် ကျွန်မကို Sponsor လုပ်ပြီး ခေါ်ဖို့တော့ အင်အား မရှိဘူးပေါ့။ ရန်ကုန် ပြန်လာဖို့ တိုက်ဆိုင်တယ် ဆိုရင် သူ့ပွဲကို ဆိုဖို့ ပြောတယ်။ မဆွေက ပြန်လာဖို့ အစီအစဉ် ဘယ်လိုမှ မရှိဘူး။ အဲဒီတော့ ညီညီ့ ကို ပြန်လာဖို့ အစီအစဉ် မရှိဘူး။ ညီညီ့ပွဲ မီအောင်တော့ ပြန်လာဖို့ မီမှာ မဟုတ်ဘူး။ စိတ်လျှော့လိုက်၊ ဘာပဲပြောပြော မဆွေပွဲကို ညီညီလည်း လာဆို ပေးထားတယ်။ မဆွေ မပါလည်း ညီညီ ဒီပွဲကို တခြား အဆိုတော်တွေနဲ့ လုပ်ရင် အဆင်ပြေ နိုင်ပါလိမ့်မယ် လို့။ ဘာဖြစ်လို့လဲ ဆိုတော့ သီချင်းရေးတဲ့ ဘက်မှာလည်း အောင်မြင်တယ်။ အဆိုတော် ဘက်မှာလည်း အောင်မြင်တယ်။ ဂီတပညာရှင် တစ်ယောက်နဲ့ ပရိသတ် သိထားတော့ ဘာမှ မလုပ်နိုင်စရာ မရှိဘူးလို့ မဆွေ ကိုယ်တိုင်ပဲ အားပေး လိုက်တယ်။ သူက ပြောတယ်။ ရှင်းရှင်း ပြောရရင် အခုအချိန်မှာ လူငယ်တန်းထဲမှာလည်း မပါဘူး။ ကိုင်ဇာ ဆိုတဲ့ နာမည် တစ်လုံးကို ပြန်ပြီးဖြစ်အောင် လုပ်ရ မှာဆိုတော့ နည်းနည်းလေးတော့ ရွံ့တယ်လို့ ပြောတယ်။ ညီညီ နင် ဘာမှ ရွံ့စရာ မရှိဘူး။ မဆွေ လွန်ခဲ့တဲ့ ၆ နှစ် တုန်းက ရွှေရောင်အိပ်မက် ကို လုပ်တယ်။ အင်မတန် အောင်မြင်တယ်။ ဒီလို အရွယ်တွေကို ကြိုက်တဲ့သူတွေ ရှိသေးတယ် ဆိုတော့ ဘာမှ မလုပ်နိုင်စရာ မရှိဘူး။ မဆွေရဲ့ သီချင်းကို ပြန်ဆိုတဲ့ အခါမှာသာ အဆင်ပြေတဲ့ နောက်တက် အဆိုရှင်လေးတွေနဲ့ ဆိုလို့ မဆွေက ညီညီ့ကို အကြံဥာဏ် ပေးလိုက်တယ်။ နောက်တစ်ခု ညီညီက ဘာ စဉ်းစားပြန်လဲ ဆိုတော့ Screen ကြီးပေါ်ကနေ မဆွေက ဆိုမယ်။ သူက Live ကို ဆိုမယ် ဆိုပြီး အဲဒီလို စုံတွဲ ဆိုဖို့ သူ စဉ်းစားတယ်။ ဒါပေမယ့် ဘာဖြစ်လဲ ဆိုတော့ မဆွေရဲ့ ကင်မရာနဲ့ ရိုက်တယ် ဆိုပေမယ့် ပြန်ပြနိုင်လောက်တဲ့ Quality မကောင်းနိုင်ဘူး။ ပြီးတဲ့ အခါကျတော့ အေးတဲ့ရာသီ ဖြစ်တာကြောင့် Outdoor ဘယ်လိုမှ မရိုက်နိုင်ဘူး။ Outdoor မရိုက်နိုင်တဲ့ အတွက် Indoor ရိုက်လည်း ဘာမှ မထူးနိုင်ဘူး။ နောက်တစ်ခုက မဆွေက အလုပ် တစ်ခုနဲ့ ပတ်သက်ပြီး သင်တန်း တက်နေရတော့ မအားဘူး။ အလုပ်များနေတော့ ညီညီ မဆွေကို နားလည်ပေးပါလို့ ပြောရတယ်။ နားတဲ့ စနေ၊ တနင်္ဂနွေ ရက်မျိုးမှာ တကယ့် Professional ကင်မရာသမားနဲ့ ရိုက်နိုင်မှ ညီညီ့ အတွက် ကောင်းမယ်။ မြန်မာ တစ်ပြည်ထဲ ပြမှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးကို ပြမှာ ဖြစ်တဲ့ အတွက် အဲဒီလို ကောင်းကောင်း မရိုက်နိုင်ရင် မစဉ်းစားနဲ့တော့ ဆိုပြီး မဆွေ ဖျက်လိုက်တယ်။ ဘာပဲပြောပြော သူ့ရဲ့သီချင်းရှင်ရဲ့ ခရီး စဉ် ၁ အောင်မြင်တယ်။ အခု မဆွေရောက်တော့ နောက် တစ်ပွဲအတွက် ဖိတ်တယ်။ ဒီပွဲကလည်း ပထမ အခွေဝယ်ထားတဲ့ သူတွေအတွက် လုပ်ပေးတာ။ ဆိုပေးနိုင်မလား ပြောတယ်။ မဆွေက အဆင်ပြေတယ်။ ငါက နင်နဲ့ စုံတွဲသီချင်းတွေ ဘယ်လိုပဲ ဆိုရဆိုရ ငါ့အတွက် အပန်းမကြီးဘူး။ ဒါပေမယ့် သေသေချာချာ စီစဉ်၊ သေသေချာချာ လုပ်ရမယ် လို့တော့ ပြောလိုက်တယ်။ သီချင်းတိုက်တဲ့ နေ့ကျမှ အနမ်းပန်း ကို ရွှေရောင်အိပ်မက် မှာ ဆိုပြီးသွားပြီ ဆိုတော့ တခြားသီချင်းတွေ ရွေးစရာ ရှိတယ်။ ကြိုက်တာရွေးလို့ ပြောတော့ ပထမဆုံးနေ့ ကို သူ ရွေးတယ်။ အဲဒီတော့ ကောင်းပြီ၊ စာသားကလည်း ကျက်စရာ မလိုဘူး။ အလွတ်ရတယ်လို့။ အဲဒီမှာ မငယ်(မေခလာ)က သူငယ်ချင်း သုံးယောက် တစ်သက်လုံးပဲ သတိရနေမယ် သီချင်းကို ဆိုရင် ပိုကောင်းမယ်လို့ ပြောတယ်။ ညီညီက တစ်သက်လုံးပဲ သတိရနေမယ်၊ ပထမဆုံးနေ့ သီချင်းတွေ ဆိုတာကို ရိုက်ထားချင်တယ်လို့ ပြောတယ်။ ရတယ်။ ရိုက်ထားလို့။ စီးရီးမှာ ထည့်တာ၊ မထည့်တာက စီးပွားရေး အခြေအနေပေါ်မှာ မူတည်တယ်လေ။ စီးရီးထွက်တဲ့ အချိန်မှာ ဒီဟာလေးက ညီညီ့ အတွက် Support ဖြစ်တယ် ဆိုရင် ထည့်လိုက်ပေါ့လို့ ပြောလိုက်တယ်။ ကိုယ့်ရဲ့ Own Show အနေနဲ့ မလုပ်ရပေမယ့် ပရိသတ် အနေနဲ့ မဆွေဆိုတာ Live ကြည့်ရတာ ရှိသလို မကြည့်ရတာလည်း ရှိမယ်။ သီချင်းရှင်ရဲ့ ခရီးစဉ် ၂ ထွက်တဲ့အခါ ဒီသီချင်းလေးတွေ ပါလို့ အမှတ်တရ အနေနဲ့ သိမ်းချင်တယ် ဆိုတဲ့ သူတွေ အတွက် အမှတ်တရ ဖြစ်တယ်။ အဲဒါကြောင့် ဆိုဖြစ်တာ" မြို့မ တေးဂီတအဖွဲ့နဲ့ ဆိုဖြစ်တာကရော။ "မြို့မနဲ့ ဆိုဖြစ်တာက ကိုဇေယျာနဲ့ မောင်လွင်က အိမ်ကို လာကြတယ်။ သူတို့လည်း ခပ်လန့်လန့်နဲ့ လာကြတာပေါ့။ ဖေဖေ့ ကိစ္စနဲ့ အိမ်ပြန်လာတာ ဆိုတော့ တကယ်ပဲ သီချင်း ပြန်ဆိုမလား၊ မဆိုဘူးလားနဲ့ပေါ့။ ရတယ် ဘာလုပ်ပေးရမလဲ မေးတော့ မြို့မနဲ့ ဆိုစေချင်တယ်တဲ့။ ရှင်းရှင်း ပြောရရင် မဆွေ အနေနဲ့ ကြုံတောင့်ကြုံခဲကြီး၊ မြို့မ၀ိုင်းနဲ့ မဆွေက စိုးနှောင့်ဗျာပွေ ကို ထုတ်ထားတာ ဆိုတော့ အဲဒီဟာနဲ့ အမှတ်တရ ဖြစ်အောင် ဆိုမယ်ဆိုပြီး ဆိုလိုက်တာ။ အမှန်တကယ် ဘုတ်တလုတ်ကန် ဆိုတဲ့ သီချင်းကို ဆိုမလို့။ ဒါပေမယ့် အန်တီထားက အဲဒီသီချင်းကို တိုက်ထားတယ်။ အန်တီထားရဲ့ သီချင်း ဆိုတော့ မဆွေ ဆိုဖို့ ပယ်လိုက်တယ်။ တကယ့် ပွဲနေ့မှာ အန်တီထား နေမကောင်းလို့ မလာနိုင်ပေမယ့် မဆွေက သီချင်း မတိုက်ထားတော့ ကိုယ့်ကိုယ်ကိုယ် မယုံ ကြည်တော့ မဆိုဖြစ်ခဲ့ဘူး" မဆွေ ဆိုတဲ့ အထဲမှာ အရမ်း အောင်မြင်ခဲ့တဲ့ ဒဿလို မိန်းမ သီချင်းရှိတယ်။ အဲဒီ ဒဿလို မိန်းမ အရမ်း အောင်မြင်ချိန်မှာ အခုလို City FM ဘာညာဆိုတဲ့ ဆုမရှိဘူး။ သို့သော် ရုပ်ရှင် အောင်လံ မဂ္ဂဇင်းကနေ ပရိသတ် အကြိုက် တောင်းခံပြီး ဆုပေးတာ ရှိတယ်။ အဲဒီ ဆုပေးပွဲမှာ မဆွေက ဒဿလို မိန်းမနဲ့ အကောင်းဆုံး အမျိုး သမီး တေးသံရှင်ဆုကို ရခဲ့တယ်။ ဒဿလို မိန်းမ သီချင်းကို မြို့မနဲ့ ပြန်ဆိုတဲ့ အချိန်မှာ အဲဒီခေတ်တုန်းက အောင်မြင်မှုကို မဆွေ ဘယ်လို ပြန်ခံစားရလဲ။ "ရှင်းရှင်း ပြောရရင် အရင်တုန်းက ဒီသီချင်း ဆိုချိန်မှာ ပညာရည် သိပ်မ၀သေးဘူးပေါ့။ ဦးကြေးမုံ သင်ပေးတဲ့ အတိုင်း ဆိုခဲ့တယ်။ ဒါပေမယ့် အဲဒီ အချိန်တုန်းက ပရိသတ် ကြိုက်ခဲ့တဲ့ အတွက် ဆုကို မဆွေ ရခဲ့တယ်။ နောက်ပိုင်း ဒီသီချင်းကို ပြန်ပြန် ဆိုတိုင်းလည်း အရင်တုန်းက မပြည့်မ၀နဲ့ ဆိုခဲ့ရတာ ဒီလောက် ကောင်းတာ၊ အခု ပြန်ဆိုရင် ဒီထက် ကောင်းအောင် ပြန်ဆိုနိုင်ရမှာပေါ့ ဆိုတဲ့ စိတ်ကတော့ ရှိတယ်။ အဲဒါကြောင့်မို့ ၃၅ နှစ်ပြည့် မဆွေမွေးနေ့ အမှတ်တရ မြန်မာ့ရုပ်မြင်သံကြားမှာ လွှင့်တော့ နီနီ(နီနီဝင်းရွှေ)နဲ့ ဆိုလိုက်တယ်။ နီနီက မြန်မာသံမှာ လိုင်းတစ်လိုင်း အနေနဲ့ အောင်မြင်တဲ့သူ ဆိုတော့ သူနဲ့ တွဲဆိုဖြစ်တယ်။ ဒီသီချင်းကို ဆိုတိုင်း ဦးကြေးမုံကိုလည်း အမှတ်ရတယ်။ မြန်မာပြည်မှာ ရှိတဲ့ ဒီသီချင်းကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေကိုလည်း သတိရတယ်။ ကိုယ့် ကိုယ်ကိုယ်လည်း အရင်တုန်းက Key နဲ့ ဆိုနိုင်သေးတယ် ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ချီးကျူးတယ်။ Proud ဖြစ်တာပေါ့" မြို့မနဲ့ နားပန်ဆံ သီချင်း ဆိုတော့ ပရိသတ်က လက်ခုပ်တီး အားပေးပြီး လိုက်ဆိုကြတယ်။ အဲဒီတော့ မဆွေ အနေနဲ့ တော်တော် Feel ဖြစ်လား။ "နားပန်ဆံ သီချင်းက မြန်မာပြည်မှာတင် မဟုတ်ဘူး။ အမေရိကားနဲ့ တခြား တိုင်းပြည်တွေမှာ ဆိုတော့လည်း ဒီသီချင်းကို တောင်းတယ်။ တောင်းတော့လည်း အောက်ကနေ လိုက်ဆိုကြတယ်။ ဒီသီချင်း ဆိုတိုင်း မေမေ့ကိုလည်း သတိရတယ်။ မေမေ အမေရိကား လာတုန်း ကလည်း မေမေနဲ့ တွဲဆိုတယ်။ အဲဒီသီချင်း ဆိုတိုင်းလည်း ဒါ မေမေ ဆိုခဲ့တဲ့ သီချင်းပါလို့ ပြောတယ်။ အဲဒီနေ့ကလည်း ပြောတယ်။ ကျွန်မ မရှိလည်း မေမေက သူ့နိုင်ငံမှာ သူ့အနုပညာတွေကို ဆက်လုပ်နေတယ်။ ပရိသတ်ဆီ မေမေ့ကို အပ်ပါတယ်လို့ အဲဒီနေ့က ပြောခဲ့တယ်" အခုအချိန်မှာ မဆွေက အိမ်ထောင်ရှင် တစ်ယောက် အနေနဲ့ ရင့်ကျက်လာပြီ။ ဒီနေ့ ခေတ်ကလေးတွေက မဆွေတို့ ခေတ်က လူတွေနဲ့ မတူဘူး။ ချစ်သူ ရည်းစား ထားတယ်။ ဒီတစ်ယောက်နဲ့ တွဲပြီဆို ဒီတစ်ယောက်က သူတို့ ရည်းစားပါလို့ ပြောကြတယ်။ နောက် လေးငါး ခြောက်လ ကြာလို့ နောက် တစ်ယောက်နဲ့ တွဲလည်း ပြောဖို့ ၀န်မလေးဘူး။ မဆွေတို့ ခေတ်တုန်းက ပရိသတ် ထင်တာပဲ ရှိတယ်။ ကြေညာတယ်ဆိုတာ မရှိဘူး။ အဲဒီ ကာလတုန်းက ကွာခြားမှုနဲ့ အခုအချိန်မှာ အဲဒီလူကို ပြန်တွေ့တဲ့ အခါ ဘယ်လိုများ ခံစားရလဲ။ "မေးတဲ့ မေးခွန်းကို မဆွေ အရှင်းဆုံး နားလည်တယ်။ ကိုင်ဇာနဲ့ တွဲဆိုတဲ့ အခါကျရင် ဘယ်လိုခံစားရလဲ မေးချင်တာ မဟုတ်လား။ ပြောရရင် လူတွေကလည်း ဒီဟာကို မယုံကြဘူး။ မဆွေလည်း အသက်လေးဆယ်ကျော် နေပြီ။ ဘယ်တုန်းကမှလည်း မညာခဲ့ဘူး။ ဟိုး ငယ်ငယ်တုန်းကလည်း မဆွေ မညာခဲ့ဘူး။ ကိုင်ဇာနဲ့ မဆွေ ရည်းစား လုံးဝ မဖြစ်ခဲ့ဘူး။ အဲဒါယုံ၊ တကယ်။ ဒါပေမယ့် အောင်မြင်တဲ့ အချိန်၊ နာမည်ကြီးတဲ့ အချိန် အတူတူ ဆိုတော့ လူတွေက ဖြစ်စေ ချင်တာ။ ဘာပဲဖြစ်ဖြစ် ရည်းစား ဖြစ်နေတယ်။ ခိုးပြေးကြတယ်။ နောက်ပြီး ကလေး တစ်ယောက် ရတယ်။ ကားနဲ့ လိုက်ပြေးတာကို မေမေက သဘောမတူလို့ လိုက်ခွဲတယ်။ ဒါတွေက သူတို့ ဖြစ်စေချင်တဲ့ အပေါ် မူတည်ပြီး လိုက်ပြောကြတာ။ အဲဒီတော့ အခုအချိန်မှာ မဆွေတို့ ပြန်တွေ့လည်း သူငယ်ချင်းက လွဲလို့ ဘာမှမဖြစ်ဘူး။ Anybody ဆိုလည်း အားလုံးက အိမ်ထောင်ရှင်တွေ ဖြစ်သွားကြတော့ ရင့်ကျက်သွားပြီ။ ဒီ့ထက် ခံစားရတဲ့ Feeling ဆိုတာ ဘာမှမရှိ တော့ဘူး" မဆွေ သရုပ်ဆောင်တဲ့ ခပ်စိမ်းစိမ်း နေပါ့မယ် ဇာတ်ကားနဲ့ အကယ်ဒမီ ရမယ်လို့ မျှော်လင့်ကြပေမယ့် မရခဲ့ဘူး။ မဆွေကိုယ်တိုင်လည်း မျှော်လင့်ခဲ့ပုံ ရတယ်။ ဒီနှစ် မှာလည်း အမျိုးသမီး သရုပ်ဆောင်တွေ အကယ်ဒမီ မရတော့ မဆွေတုန်းက ခံစားခဲ့ရမှု ဘယ်လိုများ ရှိခဲ့လဲ။ "ကံတရားနဲ့လည်း ဆိုင်ပါတယ်။ အဲဒီအချိန်တုန်းက မျှော်လင့်တာကတော့ တကယ်ပဲ မျှော်လင့်ခဲ့တယ်။ မျှော်လင့်ပြီး ကြိုးကြိုးစားစားလည်း ရိုက်ခဲ့တယ်။ ပရိသတ်က ပေးတဲ့ အကယ်ဒမီ ရခဲ့ပေမယ့် ထုထည်နဲ့ အရုပ်တော့ မရခဲ့ဘူး။ မဆွေ သရုပ်ဆောင်တာ ဒီကားနဲ့ အံဝင်ခွင်ကျ ဖြစ်တယ် ဆိုတဲ့ အသံ၊ ပရိသတ်က ပေးတဲ့ အမှတ်အပြည့်တော့ ရခဲ့တယ်။ ကုသိုလ်ကံပေါ့။ အခုတော့ ရဖို့ မမျှော်လင့်ဘူး။ မေမေက ငါးခုရထားတာ ဆိုတော့ မဆွေ တစ်ခုတော့ ရမှာပေါ့။ အမွေလေး မဟုတ်ဘူးလား။ အဲဒီအချိန်တုန်းက ရသလိုပဲ ခံစားခဲ့ရပါတယ်" မဆွေ အခုတစ်ခေါက် လာတဲ့ အချိန်မှာ ကိုပြေငြိမ်းနဲ့ သရုပ်ဆောင် ခဲ့တဲ့ ဇာတ်ကားတွေ သိမ်းထားချင်လို့ ရှာနေတာ ဘယ်လိုကြောင့် သိမ်းထား ချင်တာလဲ။ "အမှတ်တရ အနေနဲ့ သိမ်းထားချင်တာပါ။ လွယ်လွယ်ကူကူနဲ့ ရှာလို့ရရင်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ မဆွေ ရိုက်ခဲ့တဲ့ ဇာတ်ကား အရေအတွက်က နည်းတယ်။ ရုပ်ရှင်က ကား ၂၀၊ ဗီဒီယိုကား ၂၅ ကားလောက်ပဲ ရှိတာဆိုတော့ တချို့ကားတွေကို မဆွေ သိမ်းထားလို့ ရပြီ။ အရူးက တစ်မူးသာ၊ ဆွိမေတ္တာ၊ မိုးညအိပ်မက်မြူ စတဲ့ အဲဒီလို ကားမျိုးတွေ သိမ်းလို့ ရပေမယ့် နေ၀င်စားတဲ့လ တို့ ရဲအောင်၊ ကိုပြေငြိမ်းတို့နဲ့ ပြင်ဦးလွင်မှာ ရိုက်တဲ့ ကား။ အဲဒီ လိုကားမျိုးတွေ မဆွေက သိမ်းထား ချင်သေးတာ။ ကိုသားသား (ပြေငြိမ်း)နဲ့ ဦးမောင်မောင်မြင့် ရိုက်ထားတဲ့ ကားတွေထဲက ဆိုရင် အမှတ်တရ ကားလေးတွေ အများကြီးပဲ။ အမှတ်တရ ဆိုတာ အဲဒီအချိန်တုန်းက ပရိသတ် ကြိုက်ခဲ့တာတွေပေါ့။ ရှာလို့ရရင် ယူသွားချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီတစ်ခေါက် အချိန်မရလို့ မရှာဖြစ်ဘူး ဆိုရင် နောက်ဆို ရှာလို့ ပိုခက်သွားလိမ့်မယ်။ အခုလည်း မဆွေ အရင်က ဆိုခဲ့တဲ့ ကက်ဆက်ခွေတွေကို စီဒီနဲ့ ပြန်ယူသွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မဆွေ ဒီကို တစ်ခေါက် တစ်ခေါက် ပြန်လာလို့ ရှိရင် သီချင်းတွေက Recording ဆိုင်တွေရှိတော့ ပြန်ယူလို့ ရပေမယ့် ဇာတ်ကား တွေက ရှာဖို့ ခက်သွားပြီ။ အရင်တုန်းက မဆွေက ဦးထွန်းထွန်းနိုင် မဆုံးခင်က အမေ့ရဲ့ အတ္ထုပ္ပတ္တိကို ရေးခိုင်းမလို့။ ဘာပဲဖြစ်ဖြစ် မေမေ ဖြတ်သန်း လာရတဲ့ အနုပညာခရီး၊ မဆွေ အဆိုတော် ဖြစ်တဲ့အချိန် မေမေ နောက်ကနေ လိုက်ပေးတာတို့၊ မေမေ ပြောခဲ့တဲ့စကားတွေကို ကက်ဆက်နဲ့ သွင်းပြီး ရေးပေးဖို့ အစီအစဉ် ကိုယ့် ဘာသာ စီစဉ်ထားဖူးတယ်။ ဦးထွန်းထွန်းနိုင်က စာရေး ကောင်းတဲ့ သူတစ်ယောက် ဆိုတော့ အဲဒီလို ရေးပေးဖို့ စဉ်းစားပေမယ့် အခြေအနေ အချိန် အခါအရ အခုလို ဖြစ်သွားတာ ဆိုတော့ နောက်တစ်ယောက်ကို ရေးခိုင်း ဖြစ်မလား မသိဘူး။ အခုအချိန်မှာတော့ မေမေ သက်ရှိထင်ရှား ရှိနေတုန်း မေမေ လုပ်ခဲ့တဲ့ အနုပညာ အသိုက်အ၀န်းက လူတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အနုပညာခရီးကို သိစေချင်တယ်။ မဆွေလည်း အမှတ် တရ အနေနဲ့ မေမေ့ အတ္ထုပ္ပတ္တိကို ရချင်တယ်။ အဲဒီလို ဆန္ဒ ရှိတော့ လုပ်ချင်တယ်။ ဘယ်သူနဲ့ ဘယ်လို ရေးဖြစ်မလဲ ဆိုတာတော့ မပြောတတ်သေးဘူး" မဆွေ သရုပ်ဆောင် ခဲ့တဲ့ ဇာတ်ကားတွေ စုပြီး နောင်တစ်ချိန်မှာ ဘာများ ပြန်လုပ်ဖို့ အစီအစဉ်ရှိလဲ။ "ကိုယ်ဖြတ်သန်းလာတဲ့ အနုပညာ လမ်းကြောင်း တစ်လျှောက်မှာ ဘာသီချင်းတွေ ဆိုခဲ့လဲ။ လေ့လာပြီး ဆိုခဲ့တဲ့ သီချင်းတွေကို အမှတ်တရ အနေနဲ့ သိမ်းချင်တယ်။ မြန်မာသံ၊ ခေတ်ဟောင်း သီချင်းတွေ လိုက်စားတဲ့ ကလေးတွေကိုလည်း ချပြလို့ ရတယ်ပေါ့။ မြန်မာသံ အဆိုတော် အန်တီကြီး ဆိုရင် သူ့ရဲ့ ဂီတ ဖောင်ဒေးရှင်း တစ်ခု လုပ်သလိုပေါ့။ မြန်မာသံတွေ လုံးဝ မတိမ်ကောအောင် လုပ်သလိုမျိုး မဆွေကလည်း မဆွေ ဖြတ်သန်းခဲ့ရတဲ့ ရေဒီယိုသီချင်းတွေ၊ မြန်မာသံတွေ ရှိတယ်။ မြန်မာသံမှာ သူများ ရေးထားတာတွေ အပြင် ဦးကြေးမုံရေးတဲ့ ကိုယ်ပိုင် သံစဉ် သီချင်းတွေ ရှိတယ်လေ။ ၀ါသနာရှင်၊ မြန်မာသံ နှစ်သက်တဲ့ မောင်ငယ်၊ ညီမငယ်တွေ လိုက်စားလို့ ရအောင်၊ လေ့လာလို့ ရအောင် Library တစ်ခု အနေနဲ့ လုပ်ချင်တာ။ ကက်ဆက်ခွေက သိမ်းထားလို့ မလွယ်ဘူး။ ဒါကြောင့် မဆွေက စီဒီနဲ့ သိမ်းတာ တို့၊ Mp-3 ထဲမှာ သိမ်းတာမျိုး လုပ်ထားတယ်။ လုပ်သင့်တယ်လို့ ထင်တယ်။ မဆွေ အခွေတစ်ခွေ ထွက်တိုင်း တစ်ခွေကို အမြဲတမ်း သိမ်းထားတယ်။ အဲဒီတုန်းက ကက်ဆက်ခွေပေါ့။ နောက်ပိုင်း များလာတဲ့ အချိန်၊ ရုပ်ရှင်ဘက် ရောက်သွားတဲ့ အချိန်မှာ အဲဒါလေးတွေ နည်းနည်း လစ်ဟင်းသွားတယ်။ အချိန် ရတဲ့ အချိန်မှာရယ်၊ တစိုက်မတ်မတ်နဲ့ မဆိုတော့တဲ့ အတွက် အမှတ်တရ အနေနဲ့ သိမ်းထားတယ်။ E-mail ကနေ တစ်ဆင့် မဆွေရေ ဒီသီချင်းတော့ နားထောင်ချင်တယ်၊ ပို့ပေးပါ ဆိုရင် ပို့ပေးလို့ရတယ်။ နောင်တစ်ခေတ် မြန်မာသံ ဆိုတဲ့ ကလေးတွေ အတွက် လုပ်ချင်တာပါ" အခုပြန်လာတဲ့ အချိန် ဇာတ်ကား အချို့ကြည့်ဖြစ်တဲ့ အခါ သရုပ်ဆောင် ပြန်လုပ်ချင်စိတ် မရှိဘူးလား။ မဆွေတို့ အရွယ် သရုပ်ဆောင်တွေ၊ ဇာတ်ကားတွေ ပြန်ရိုက် ဖြစ်နေကြတော့လေ။ "မဆွေက ရုပ်ရှင်နဲ့ ဂီတ ဆိုရင် ရုပ်ရှင်ဘက်မှာ အောင်မြင်အောင် လုပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် သီချင်းဆိုတာ ပိုပြီး ၀ါသနာပါတယ်။ ၀ါသနာပါတဲ့ အလျောက် သီချင်းက အခြေအနေ အချိန် အခါ ကြည့်နေစရာ မလိုဘူး။ ဆိုလို့ရတယ်။ သရုပ်ဆောင်ဖို့ ဈာန်သွင်းရတာ၊ ပြင်ရ ဆင်ရတာ အဲဒီကရိကထလေး တွေကို သိပ်ပြီး မခံချင်တော့ဘူး။ အရင်တုန်းက ရုပ်ရှင် ဇာတ်ကားတွေ ပြန်ကြည့်ပေမယ့် ဒီဟာတွေ ငါလုပ်ခဲ့ပါလား ဆိုတာမျိုးလောက်ပဲ ဖြစ်သွားပြီ။ အိုက်တင်လုပ်ပါလား ဆိုတာမျိုး သိပ်မသိတော့ဘူး။ သရုပ်ဆောင် လုပ်ခဲ့တာ မှန်တယ်။ အလုပ် တစ်ခုကို အောင်မြင်အောင် လုပ်မယ် ဆိုတဲ့ ဇွဲ နဂိုက တည်းက ရှိခဲ့တော့ မင်းသမီး လုပ်ရင်လည်း အောင်မြင်တဲ့ မင်းသမီး ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ် ရှိတယ်။ ပေါ့သေးသေး မင်းသမီး မဟုတ်ဘဲ မေမေ့ ခြေရာ နင်းနိုင်တဲ့သူ ဖြစ်အောင်၊ ဒါမှမဟုတ် မေမေ့ သမီးဟာ ဒီလိုပါလား ဆိုတာမျိုး ဖြစ်အောင် ကြိုးစား လုပ်ခဲ့တယ်။ အကယ်ဒမီ ရအောင် အထိ မဆွေ မှန်းပြီး လုပ်ခဲ့တာပဲ။ မရခဲ့တာ ကံတရား ပေါ့" ထပ်ပြီး ယူဖို့ ကြိုးစား လို့ ရပါသေးတယ်။ "တော်ပါပြီ။ တော်ပါပြီ ဆိုတာက မဆွေ ဒီမှာ နေပြီး လုပ်မယ် ဆိုရင် ဖြစ်နိုင်ပေမယ့် မဆွေက အချိန်ကြာကြာကြီး နေဖို့ မဖြစ်နိုင်တော့ဘူး ထင်တယ်။ မဆွေ အမျိုးသားက ဟိုမှာ နေတယ်။ မဆွေ အကြာကြီးလည်း မနေနိုင်ဘူး။ အကြာကြီး မနေနိုင်ဘူး ဆိုတာက အကြာကြီးခွဲပြီး မနေနိုင်ဘူး။ ဒီမှာ မိသားစု ရှိလို့ ပြန်လာတာ မှန်တယ်။ တချို့သူတွေလို အနုပညာမှာ အခြေချပြီး ပြန်လုပ်ဖြစ်မယ် မထင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မဆွေကို သူက ငဲ့သလို မဆွေကလည်း သူ့ကို ငဲ့တယ်။ ဒီလိုမျိုး နားလည်မှုက အိမ်ထောင်ရေးတိုင်းမှာ ရှိသင့်တယ်လို့ ထင်တယ်။ ချစ်တာက ချစ်တာပဲ။ ဒါပေမယ့် အိမ်ထောင်ပြုပြီး သွားမှ နားလည်မှုက ပိုပြီး အရေးကြီးတယ်။ မဆွေ အမျိုးသားက ပြောတယ်။ ဇာတ်ကားပြန်ပြီး ရိုက်ပါလားတဲ့။ ရုပ်ရှင်ရိုက်တာက ချက်ချင်း ထလုပ်လို့ မဖြစ်နိုင်ဘူး။ စီးရီးလုပ်တာက ဖြစ်နိုင်သေးတယ်။ မဆွေက ရုပ်ရှင်ရိုက်မယ် ဆိုရင် ဇာတ်လမ်း တစ်ခုကို သေသေ ချာချာ ဖတ်ပြီး ကိုယ်လုပ်နိုင်တဲ့ အိုက်တင်မျိုးပဲ ဖြစ်ချင်တယ်။ ရတဲ့ အချိန်မှာ ကြုံသလို လုပ်သွားတာမျိုး မဖြစ်ချင်ဘူး။ အဲဒါကြောင့် လောလောဆယ် အချိန်ပေးပြီး လုပ်ဖို့တော့ မစဉ်းစားထားဘူး" လို့ ဆိုပါတယ်။ မေးသမျှကို သွက်သွက် လက်လက် ဖြေကြား ပေးတဲ့ မေဆွိကို ကျေးဇူး တင်ရှိပါတယ်။ ဓာတ်ပုံရိုက်ကူးမှု အတွက် မိတ်ကပ်၊ ၀တ်စုံနဲ့ နေရာ အတွက် စီစဉ် ပေးတဲ့ ခင်စန်းဝင်းကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။
ခင်လေးမြင့်
and views
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...
So many girls choose to wear link:ht...