ကံကောင်းလို့ မင်းသားဖြစ်လာတဲ့ နိုင်းနိုင်း PDF Print E-mail
Written by ခင်လေးမြင့်   
Monday, 20 July 2009 18:02
Share |

မော်ဒယ်လ်ဇော်လတ် အနေနဲ့ ၁၉၉၇-၉၈ ၀န်းကျင်မှာ အနုပညာလုပ်ငန်းတွေ စတင် လုပ်ကိုင်လာပေမယ့် ၁၉၉၉မှာ နိုင်းနိုင်းဆိုတဲ့ အမည်ပြောင်းပြီး သရုပ်ဆောင် လောကထဲ ၀င်ရောက်ခဲ့ပါတယ်။ ခေါင်းဆောင် အနေနဲ့ ဇာတ်ကားများ စတင် ရိုက်ကူးခဲ့တာပါ။

၁၀ နှစ်ကျော် ကာလအထိ စနိုးဝှိုက် ဗီဒီယို၊ ရုပ်ရှင် ထုတ်လုပ်ရေးနဲ့ လက်တွဲလာတဲ့ နိုင်းနိုင်းက ပြင်ပ ထုတ်လုပ်ရေးများနဲ့ ရိုက်ကူးတာ မတွေ့ရပါဘူး။ ထုတ်လုပ်ရေး တစ်ခုတည်းနဲ့ ၁၀နှစ်ကျော် လက်တွဲဖို့ဆိုတာ တော်ရုံတန်ရုံ အဆင်ပြေမှုများနဲ့ အဖြစ်နိုင်ပါဘူး။ အလုပ်သဘောထက် မိသားစု ဆက်ဆံရေးပါမှ ရေရှည် လက်တွဲနိုင်မှပါ။ စနိုးဝှိုက်နဲ့ ဗီဒီယို ဇာတ်ကားများစွာ ရိုက်ကူးဖြစ်ပြီး ရုပ်ရှင် အနေနဲ့ ၉ ကားခန့် ရိုက်ထားပါတယ်။ စနိုးဝှိုက်နဲ့ စတင်လုပ်ကိုင်ချိန်မှာ ဗီဒီယိုဇာတ်ကား ၁၀ ကား ရိုက်ကူးမယ်ဆိုတဲ့ ကတိနဲ့ စတင်လုပ်ခဲ့တာပါ။

ဇာတ်ကား ၁၀ ကားရိုက်ပြီးချိန်မှာ ဘယ်လို စာချုပ်မျိုးမှ မရှိတော့ဘဲ နားလည်မှုများနဲ့ လုပ်ကိုင်လာခဲ့ပါတယ်။ ကျော်ဟိန်းနဲ့ တွဲပြီး ဗီဒီယို ဇာတ်ကား ၁၅ ကား ရိုက်ပြီးချိန်မှာ နိုင်းနိုင်းကို ခေါင်းဆောင် နေရာက ထားပြီး စနှိုးဝှိုက်က ရိုက်ကူးပေးခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဗီဒီယို၊ ရုပ်ရှင်ဈေးကွက်က မင်းသားပေါ် မူတည်တာကြောင့် ကိုယ်ပိုင်ထုတ်လုပ်ရေးရဲ့ မင်းသားများ ထားရှိကြတဲ့ အတွက် စင်တင်မင်းသားဆိုတာ ဖြစ်လာတာပါ။ ဒါကြောင့် စင်တင်မင်းသား ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ထုတ်လုပ်ရေး တစ်ခုတည်းနဲ့ နှစ်အချိန်ကြာ လက်တွဲခဲ့တဲ့ နိုင်းနိုင်းကို စတင် တွေ့ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကာလက ထုတ်လုပ်ရေး တစ်ခုတည်းရဲ့ မင်းသားဆိုတာ ဒီနေ့အချိန်လောက် မများဘူး။ ထုတ်လုပ်ရေး တစ်ခုတည်းနဲ့ ဇာတ်ကားတွေ ရိုက်ဖို့ဘယ်လို ယုံ ကြည်မှုနဲ့ လက်ခံဖြစ်ခဲ့တာလဲ။

ဘယ်လို ယုံကြည်လဲဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်တာတွေ အများကြီးပဲ။ အဲဒီတော့ ကိုယ့်ဘက်ကလည်း ကြိုးစား အားထုတ်ရတယ်။ တစ်ဖက်ကလည်း ပံ့ပိုးကူညီရတယ်။ ကြိုးစားအားထုတ်မှုနဲ့ ပံ့ပိုးကူညီမှု နှစ်ခုပေါင်းတယ်။ နောက်တစ်ခုက ဖြစ်ဖို့ကံလည်း ပါတယ်။ ပါရမီပေါ့နော်။ ရှေ့ဘ၀အတိတ် ပါရမီပါတဲ့ အခါကျတော့ အဲဒါတွေ ဆုံပြီး ကံကောင်းစွာနဲ့ ကျွန်တော် မင်းသား ဖြစ်သွားပါတယ်။

စနှိုးဝှိုက် ထုတ်လုပ်ရေး နဲ့ ၁၀ နှစ်ကျော်လက်တွဲလို့ ခေါင်းဆောင် မင်းသား နေရာမှာ အေးအေးဆေးဆေး လျှောက်လှမ်းနိုင်တယ်လို့ သုံးသပ်မိလား။

ကျွန်တော့်ရဲ့ ၁၀ နှစ်တာ ခရီးမှာတော့ သိပ်ပြီး ဦးနှောက် မစားဘူးပေါ့ဗျာ။ ကိုယ့်ဘာသာကိုယ် ဖြည်းဖြည်းနဲ့ မှန်မှန် သွားနေတဲ့ သူတစ်ယောက်ဆိုတော့ ကျွန်တော်အရမ်းကြီးလည်း မဖြစ်ပါဘူး။ အရမ်းကြီး ဖြစ်တဲ့အထဲမှာ ကျွန်တော်မပါပါဘူး။

၁၀ နှစ်တာကာလအပြီး မှာ နိုင်းနိုင်းအနေနဲ့ရှေ့ဆက် ပြီး ဘာတွေလုပ်သင့်တယ်လို့ စဉ်းစားမိတာမျိုးရှိလဲ။

၁၀ နှစ်တာ ဖြတ်သန်းတဲ့ ကာလမှာ ကျွန်တော် လုပ်ခဲ့တာတွေ၊ ၁၀ နှစ်တာ ကျော်သွားတဲ့ အချိန်မှာ တခြားအပြောင်းအလဲ တစ်ခုခု လုပ်ချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်မြင်နေကျ ပုံစံမဟုတ်ဘဲ အခြားအဆန်းလေးတွေ သမားရိုးကျမ ဟုတ်တာတွေ ပြောင်းချင်ပါတယ်။ ဒါကလည်း အကုန်လုံး ညှိညှိနှိုင်းနှိုင်း လုပ်ကြမှာပါ။ အရင် ရိုက်ပြီးသားကားတွေ ကျွန်တော့်မှာ အများကြီး ရှိတာကိုး။

ရိုက်ထားတဲ့ အချိန်နဲ့ ပရိသတ်ကိုပေးရမယ့်အချိန် ကွာဟသွားတဲ့ဇာတ်ကားမျိုး တွေကို ဘယ်လိုလုပ်ချင်လဲ။

အရမ်းကြာလို့လည်း မကောင်းဘူး။ အရင် ရိုက်ထားတဲ့ဟာနဲ့ အခု ရိုက်ထားတဲ့ဟာ မျှမှရမှာလေ။ မျှပြီးတော့ ထုတ်ပါတယ်။

စနှိုးဝှိုက်နဲ့ လက်တွဲလာတဲ့ ၅ နှစ်ကျော်ကာလမှာ ပုံစံ တစ်မျိုးမျိုး ပြောင်းဖို့ရော စဉ်းစားမိသေးလား။ ဘာဖြစ်လို့ လဲဆိုတော့ အဲဒီအချိန်ကာလ အတွင်းမှာ ဒါရိုက်တာတစ် ဦးတည်းနဲ့ ဇာတ်ကားအများ ဆုံးရိုက်ဖြစ်ခဲ့လို့လေ။

ဇာတ်လမ်းပုံစံတွေကတော့ ဒီဘောင်ထဲမှာပဲ ရှိတာလေ။ အဓိကကတော့ တခြားလူ အပြာင်းအလဲနဲ့ ဒါရိုက်တာ အပြောင်းအလဲ လုပ်ပြီးရိုက်ခဲ့တယ်။ ဒါက အားလုံးတိုင် ပင်ပြီး အပြောင်းအလဲတစ်ခု လုပ်ခဲ့တာပါ။ ပရိသတ်တွေလည်း အပြောင်းအလဲတစ်ခု ဖြစ်အောင်ပေါ့။

အပြောင်းအလဲ လုပ်တဲ့ အခါ ကိုယ့်ရဲ့ အနုပညာအပေါ် ဘယ်လို သုံးသပ်ခဲ့လဲ။

ဒါရိုက်တာ ပြောင်းသွားလည်း ကျွန်တော့်လုပ်ရပ်၊ ကြိုးစား အားထုတ်မှုက ဒီအတိုင်းပါပဲ။ ဒါရိုက်တာ ပြောင်းလို့ သေသေချာချာကြီး လုပ်မယ်ဆိုတာမျိုး မရှိပါဘူး။ ဒါပေမယ့် တွဲတဲ့ ဒါရိုက်တာတိုင်းနဲ့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် လုပ်တယ်လေ။ ငါက ဒါပဲလုပ်ချင်တာ၊ ဒါပဲဆိုတာမျိုး ကျွန်တော် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။ အကုန်လုံး ညှိညှိ နှိုင်းနှိုင်း လုပ်ခဲ့တာပါ။

ဒါရိုက်တာ တစ်ယောက်တည်းနဲ့ပဲ အရိုက်များ တဲ့အခါ ပုံစံခွက်တစ်ခုတည်း ၀င်မှာစိုးရိမ်ခဲ့သေးလား။

ဒါရိုက်တာ တစ်ယောက်တည်းနဲ့ပဲ ကျွန်တော်က ၁၀ စုနှစ် တစ်ခုကို ဖြတ်သန်းခဲ့တာပဲ။ ပုံစံခွက်ထဲ ဆိုပေမယ့် ပုံစံအမျိုးမျိုးပြောင်း ခဲ့တယ်။ အဲဒီအပေါ် ငြီးငွေ့မှု မရှိဘူး။ တွဲနေကျလူနဲ့ တွဲတော့ တစ်ယောက်အကြောင်း တစ်ယောက်သိတယ်။ သဘောပေါက်လွယ်တယ်။ တခြား ဒါရိုက်တာနဲ့ကျတော့ ကိုယ်ရဲ့အထာ မသိတာမျိုး ရှိတော့ ညှိညှိနှိုင်းနှိုင်း လုပ်ရတယ်။ အဲဒါမျိုးပဲ ရှိတာပါ။

သရုပ်ဆောင်လုပ်ခါစမှာ ထုတ်လုပ်ရေးတစ်ခု တည်းနဲ့ရိုက်တဲ့အတွက် ချုပ်နှောင်ထားတယ်လို့ ခံစားခဲ့ရဖူးလား။

အဲဒီလို အတွေးမျိုး ဟိုးအရင်ကတည်းက မရှိခဲ့ပါဘူး။ ထုတ်လုပ်ရေးပိုင် တစ်ခုရှိတဲ့ အတွက် အမာခံတစ်ခုရှိတယ်လို့ ကိုယ့်စိတ်ထဲမှာ ရှိတယ်လေ။ ဘာပဲပြောပြော ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်တဲ့ အတွက် ကာဗာတစ်ခု ဖြစ်တယ်လို့ ယူဆတယ်။

စနိုးဝှိုက်နဲ့ လက်တွဲတဲ့ တစ်လျှောက်မှာ နိုင်းနိုင်း အနေနဲ့ ပြင်ပ ထုတ်လုပ်ရေးတွေနဲ့ မရိုက်ရတဲ့သူလို့ ထင်ထားကြတယ်။


အဲဒီလို ရိုက်ခွင့်မရှိသူလို့ မဟုတ်ပါဘူး။ မရိုက်ဘူးဆိုတာမျိုးလည်း မဟုတ်ဘူး။ ကျွန်တော်ရတဲ့ ဇာတ်လမ်း ပေါ်မူတည်ပြီး ကျွန်တော့် အတွက် ကောင်းမယ်ဆိုရင် ရိုက်မှာပဲ။

ထုတ်လုပ်သူနဲ့ သရုပ်ဆောင်ရိုက်ချင်တဲ့ ဇာတ်လမ်း ပုံစံကို အတိုက်အခံလုပ်ပြီး ညှိနှိုင်းခဲ့ရတာမျိုး ရှိခဲ့သေးလား။

အဲဒီလိုမျိုး မကြုံခဲ့ပါဘူး။ ဇာတ်လမ်းတွေက ဘောင်တစ်ခုတည်းက သွားနေရတာဆိုတော့ ဟာသ၊ အက်ရှင် ဘာပဲ ရိုက်ချင်ရိုက်ချင် အဲဒီအပေါ်မူတည်ပြီး ထုတ်လုပ်သူပိုင်းက ဖြည့်ဆည်းပေးတယ်။ ကျွန်တော့် အိုင်ဒီယာတွေ ပြောပြသလို သူတို့ အိုင်ဒီယာတွေကိုလည်း ပြောတယ်။ အပြန်အလှန် ညှိနှိုင်းမှုတွေနဲ့ ချည်းပါပဲ။

စနိုးဝှိုက်နဲ့လက်တွဲတဲ့ တောက်လျှောက် ရုပ်ရှင်ကားကြီး အရိုက်နည်းတဲ့အတွက် ရုပ်ရှင်ပိုရိုက်ချင်တယ်လို့ တိုက်တွန်းမှုများရှိခဲ့သလား။

အဲဒါက ထုတ်လုပ်ရေးက စီစဉ်တဲ့ပေါ် မူတည်ပြီး လျှောက်ရတာလေ။ အဲဒါက ကုမ္ပဏီပေါ်မှာပဲ မူတည်ပါတယ်။

သရုပ်ဆောင်တစ်ယောက်က ရုပ်ရှင်ကားကြီး များများ ရိုက်ချင်တယ်။ နိုင်းနိုင်းက သူတို့ကို တွန်း အားတစ်ခု မပေးခဲ့ဘူးလား။

လောလောဆယ် တွန်းအားမပေးတာက အခြေအနေတွေက ဘာတွေမှန်းမသိဘူးလေ။ အဲဒါကြောင့်ပါ။ ရိုက်ချင်တာတွေကတော့ အများကြီးပဲ။ ဈေးကွက်အနေ အထားပေါ် မူတည်ပြီး ဘာလုပ်ချင်နေမှန်း၊ ဘာလုပ်ရမှန်းမသိ။ တွေးရင်းတွေးရင်း အဲဒီလိုတွေ ဖြစ်နေတာ။

တခြား ထုတ်လုပ်ရေးတွေက ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာရင် စနိုးဝှိုက်နဲ့ နိုင်းနိုင်း ဘယ်လိုညှိနှိုင်းမှု လုပ်ရလဲ။

တကယ်လို့လာပြော ရင် ရိုက်ချင်ရိုက်မှာပဲ။ အဓိကကတော့ ကိုယ့်အတွက် ဘာမှ မကျန်ဘဲ ဘာမှထွက် မလုပ်ချင်ဘူး။ အဲဒါမျိုးတော့ ရှိတယ်။ ဘာမှလည်း မဟုတ်ဘဲ အပြင်ထုတ်လုပ်ရေးနဲ့ ထွက်ရိုက်တယ်ဆိုတာ မျိုးတော့ ကျွန်တော် အဖြစ်မခံ နိုင်ဘူးလေ။

ဒီခေတ်မှာ ထုတ်လုပ် ရေးတစ်ခုတည်းနဲ့ ဇာတ်ကားတွေ ရိုက်ရတဲ့ အခြေအနေနဲ့ နိုင်းနိုင်းတို့တုန်းက ရိုက်ရတဲ့ အခြေအနေကွာခြားမှု ဘာ တွေများရှိမလဲ။

ကျွန်တော်တို့ခေတ်က ဆိုရင် ဖြစ်ဖို့အတွက် တော်တော် ကြိုးစားယူရတယ်။ လုပ်ယူရတယ်။ စိတ်ရော၊ လူရော၊ ပံ့ပိုးမှုအားရော ဘက်စုံပေါ့။ ဒီဘက်ခေတ်ကျ တော့ ဖြစ်တာတွေ အရမ်းမြန်သလိုပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ အရင်က ကြိုးစားလာတဲ့သူ တစ်ယောက်အနေနဲ့ ဒီအတိုင်း ပဲ ဆက်သွားနေမှာပဲ။ ကျွန်တော်က ဘေးပတ်ဝန်းကျင်ကို နားထောင်နေတယ်။ မကြည့်ဘူး။ ကိုယ့်ကိုယ်ကို ပဲကြည့်တယ်။

ထုတ်လုပ်ရေးတစ်ခုနဲ့ ခေါင်းဆောင်နေရာက ရိုက်ရပြီဆိုရင် မင်းသားတစ်ယောက် ဖြစ်ပြီလို့ သတ်မှတ် ခဲ့တာမျိုးရှိလာ။

မရှိဘူး။ ကျွန်တော်က သရုပ်ဆောင်ကောင်းတော့ မဟုတ်ဘူး။ ကြိုးစားနေဆဲ ကာလ၊ ကြိုးစားနေတဲ့ လူတစ်ယောက် အနေနဲ့ပဲ သတ်မှတ်တယ်။ ကျွန်တော်က ခုအချိန်ထိ သရုပ်ဆောင်ကောင်းလို့ မသတ်မှတ်ဘူး။ ကျွန်တော် စိတ်ထဲမှာ အခုအချိန်ထိ အဲဒီလိုပဲရှိသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သရုပ် ဆောင်ကောင်းဖြစ်အောင် အမြဲကြိုးစားနေတာပဲ။ ငါကောင်းပြီလို့ ဘယ်တော့မှ မထင်ဘူး။ ကောင်းပြီလို့ ထင်နေတဲ့နေ့က မကောင်းတဲ့ နေ့ပဲ။

ရုပ်ရှင်ဇာတ်ကားများစွာကို အမေရိကားမှာ ကြည့်ခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ဒီမှာ ရုပ်ရှင်ရိုက်တဲ့ အခါ ဘယ်လိုပုံစံတွေ လုပ်သင့်တယ်၊ ဘာတွေ ဆက်လုပ်ရမယ် ဆိုတာ တွေ သိခဲ့ရလဲ။

ဘာလုပ်ရမလဲ ဆိုတော့ အမေရိကားမှာ ဘာပဲလုပ်လုပ် ဈေးကွက်အနေနဲ့ ကြည့်ပြီး လုပ်ကြတာလေ။ ဟိုမှာလည်း ပရိသတ်ကြိုက်ပြီဆို ရုံမှာ ပြည့်နေတာပဲ။ မကြိုက်ရင်တော့ မပြည့်ဘူးပေါ့။ ဟိုမှာကလည်း ပရိသတ်အမျိုးမျိုးပဲ။ ဟိုက ပရိသတ်က များသောအားဖြင့် အက်ရှင်ကားနဲ့ ကလေးကားဆိုရင် ကားတောင် ရပ်စရာနေရာ မရှိဘူး။ အဓိကက ကလေးတွေကို လူကြီးတွေက ကျောင်းပိတ်တဲ့ရက် အားတဲ့ရက်မှာ ရုပ်ရှင်ရုံကို လိုက်ပို့ကြတာ။ အခုနောက်ဆုံး ထွက်တဲ့ UP ဆိုတဲ့ 3D ကာတွန်းကားဆိုရင် ကျွန်တော်တောင် မကြည့်ခဲ့ရဘူး။ လူများလို့။ ရုပ်ရှင်ကြည့်ဖို့ တန်းစီ စောင့်နေတဲ့ သူတွေက အများကြီးပဲ။ ဒီရက်အား တယ်ဆိုရင် ဒီရက်မှာ ကြည့်ရမှ ဖြစ်မှာမို့ စောင့်ကြတယ်။ ကျွန်တော်က အဲဒီလောက် မစောင့်နိုင်လို့။ သူတို့ဆီမှာ တန်းစီစောင့်တဲ့ စနစ်က ရိုးနေပြီလေ။ UP3D ကားကို ကလေးတွေ တော်တော် ကြိုက်ကြတယ်။

ကျောင်းပိတ်ရက်မှာ ကလေးတွေကြည့်ကြတဲ့ 3Dကာတွန်းကားကို ဘာကြောင့် ကြည့်ချင်တာလဲ။

3D ကာတွန်းဆိုတော့ ကြည့်လို့ကောင်းတာရယ် ကာတွန်းကားကို ကျွန်တော်က ကြိုက်တာကြောင့် သွားကြည့်ဖြစ်တာပါ။ အမေရိ ကားမှာ ကလေးကားရယ်လို့ မဟုတ်ဘူး။ ဖန်တီးထားတဲ့ အနုပညာကိုကြိုက်လို့ ကြည့်ကြတာ။ X-Men 3 ဆိုလည်း လူဝင်တာပဲ။ အက်ရှင်ဒရာမာ ဆိုလည်း ကောင်းရင် လူဝင် တာပဲ။ သူတို့ဆီမှာက Computer Effect တွေ များ တယ်။ အဲဒီမှာမှ Presenta-tion တွေက ပိုကောင်းတယ်။ သူတို့အတွက် အမြင်ထပ် ဆန်းတယ်ဆိုရင် ပိုကြိုက်ကြတယ်။ သူတို့ ကြည့်ပြီးသား X-MAN ကားပေါက်ခဲ့တယ်။X-MAN (1,2,3) ဆိုပြီးပေါ့။ အဲဒါကို အခုထပ်ထုတ်တယ်။ X-MAN (1,2,3) ရိုက်ပြီးမှ အစကိုပြန်ရိုက်ပြတာ။ ဖြစ်ပြီးသမျှ ရိုက်ပြီးမှ ဘယ်လိုဖြစ်လာလဲဆိုတာ ပြန်ရိုက်ပြတာ အဲဒီလိုသူတို့ Idea တွေ ကောင်းတယ်လေ။

အဲဒီလိုဇာတ်ကားတွေ ကြည့်ပြီး စန္ဒီချိုက နိုင်းနိုင်း ကို ဘာတွေလုပ်သင့်တယ်၊ လုပ်မယ်ဆိုတာပြောတာမျိုး ရှိလား။


မရှိပါဘူး။ သူကတော့ ဇာတ်ကားကြည့်ပြီး ပျော်ပြီး ပြန်သွားတာပဲရှိတယ်။ စန္ဒီက ကျွန်တော့်ကို ဝေလည်းမဝေဖန်ဘူး။ ဘာမှလည်း မပြောဘူး။ သူက သိပ်လည်း နားမလည်ဘူးလေ။ ကြည့်ရုံ သက်သက်ပဲရတယ်။ သူက မပြောတတ်ဘူး။

စန္ဒီချို့မှာ ကိုယ်ဝန်ရှိ တယ်လို့ သိလိုက်ရချိန်မှာ နိုင်းနိုင်းစိတ်ထဲ ဘယ်လိုဖြစ်မိလဲ။

ဟာ အဲဒီပီတိက ပြောလို့မရဘူး။ ပျော်တာ မဟုတ်ဘူး။ ၀မ်းသာတာ။ ဟိုးအရင်ကတည်းကလည်း ပြောထားတယ်လေ။ ဘယ်အချိန်ပဲရရ ပြောထားတာဆိုတော့ မမျှော်လင့်ဘဲရတယ် ဆိုတဲ့အချိန် အရမ်း ၀မ်းသာသွားတယ်။ အဲဒီ ဖီလင်ကို မပြောပြတတ်ဘူးဗျ။

သားသမီးရှိပြီဆိုတဲ့ အချိန် နိုင်းနိုင်းဆီမှာ ၀င်လာ တဲ့ ဘ၀ရှေ့ရေးအတွေးက..။

ရှေ့ရေးကိုတော့ သိပ်မတွေးဘူး။ စန္ဒီကို ကျန်းမာရေးကောင်းအောင် ထားမယ်။ သူကျန်းမာမှ ကလေး ကျန်းမာမယ်လေ။ အဲဒီတော့ ကျန်းမာရေး ဂရုစိုက်တယ်။ ဒီကလေးကို ဘယ်မှာမွေးမှာလဲ စဉ်းစားတယ်။ ကျွန်တော်ကတော့ ဒီမှာ မွေးစေချင်တယ်လို့ပြောတော့ သူကလည်း မွေးချင်တယ်တဲ့။ ရှင်းရှင်းပြောရရင် စန္ဒီက မြန်မာပြည်မှာ ပျော်တဲ့ သဘောရှိတယ်။

သားသမီးရှိပြီဆိုတဲ့ အချိန်မှာ အရာရာကိုလောဘကြီးသွားပြီလား။

သားသမီး၊ မိသားစု အတွက်ဆိုတဲ့စိတ်တော့ ရှိတယ်။ ဒါပေမယ့် လောဘ ကြီးတိုင်းလည်း မကောင်းဘူးလေ။  လို့ နိုင်းနိုင်းက ဆိုပါတယ်။ သားသမီးကို ဘာပဲရရ ယူချင်ပြီး သားသမီးကို မိဘက ရွေးချယ်ပိုင်ခွင့် မရှိဘူး။ ဘုရားပေးတဲ့အတိုင်း ရမှာပါလို့ နိုင်းနိုင်းက ဆိုပါ သေးတယ်။

 ခင်လေးမြင့်
 


ခင်လေးမြင့်
About the author:
Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
Last Updated on Sunday, 27 September 2009 13:20
 

စာဖတ် ပရိသတ်

We have 306 guests online

and

hit counter
views