|
Written by စိုးညွှန့်ဝေ(လွိုင်ကော်)
|
|
Monday, 31 August 2009 06:30 |
“အစ်ကို ကဗျာစာအုပ် အားပေးပါဦး”
ကြည့်လိုက်တော့ ကောင်မလေး နှစ်ယောက်။ ကျောပိုးအိတ် ကိုယ်စီ လွယ်ကာ လက်တစ်ဝါး သာသာ စာအုပ်လေး များကို အထပ်လိုက် ကိုင်ထားသည်။ ပထမနှစ် ကျောင်းသူ ကဗျာ ရူးမလေးများ ဖြစ်ဟန်တူသည်။
“အစ်ကိုက စာရေးဆရာ မဟုတ်လား။ အားပေးတဲ့ အနေနဲ့ တစ်အုပ်လောက်တော့ ၀ယ်ပါ” ခပ်ပိန်ပိန် ကောင်မလေးက ထပ်မံ လောဆော် သည်။
“ပြစမ်းပါဦး။ တစ်အုပ် ဘယ်လောက်လဲ”
“လေးရာတည်းပါ”
“ဟ ဈေးကြီးလှချည်လား”
“မများပါဘူး အစ်ကိုရာ။ အရင်းအတိုင်းပါ”
“ဒါနဲ့ နင်တို့ရေးတဲ့ ကဗျာတွေလား”
“မဟုတ်ပါဘူး။ သူငယ်ချင်း ရေးတာကို လိုက်ရောင်းပေးတာ” ခေါင်းတခါခါဖြင့် ငြင်းဆန်နေကြသော ကောင်မလေး နှစ်ယောက်ကို ကြည့်ကာ သူပြုံးလိုက်သည်။
“ဘာပြုံးတာလဲ”
“ဘာမှ မဟုတ်ပါဘူး။ ကဲ တစ်အုပ်ယူသွားမယ်”
“ဟယ် ကျေးဇူးပဲနော်”
ဝမ်းသာအားရ ဖြစ်သွားပုံက အတိုင်းသား။ နှစ်ရာတန် နှစ်ရွက် ပေးလိုက်တော့ ကောင်မလေး နှစ်ယောက်၏ အပျော်တွေပါ သူ့ဆီ ကူးစက်လာခဲ့သည်။
လမ်းလျှောက်လာရင်း ကဗျာစာအုပ် မျက်နှာဖုံးကို ကြည့်လိုက်တော့ အသည်းနှလုံး ပေါ်မှာထိုင်၍ တယောထိုး နေသော မြားနတ်မောင်ပုံကို တွေ့ရသည်။ ကြံကြံဖန်ဖန် မြားနတ်မောင်က မြားမကိုင်ဘဲ တယော ကိုင်နေရတယ်လို့။ အ၀ါရောင် စာလုံးများဖြင့် ရေးထားသော စာအုပ်အမည်က ချစ်ဖူးသူများ အတွက် ရေးသူက “ကြယ်စင်သစ်” တဲ့။ မည်သို့ဆိုစေ။ ထိုကဗျာ စာအုပ်ကို သူသေသေချာချာဖတ်ပြီး သိမ်းထား လိုက်ပါသည်။ ဆက်ဖတ်မိသည်က မကြာသေးမီ ကာလများဆီက အတိတ်စာမျက်နှာ။
“ကဗျာစာအုပ် လိုက်ရောင်းရတာ ကိုယ်ချစ်တဲ့ ကောင်မလေးကို ရည်းစားစာ လိုက်ပေး ရတာထက် ရင်ခုန်ဖို့ ကောင်းသေးတယ်” ဟု စာရေးဆရာ မင်းလူရေးတာ ဖတ်ဖူးသည်။ ကဗျာကို အပြင်းအထန် တိမ်းမူးနေသော သူ့အတွက် ထိုစာတစ်ကြောင်းက ပို၍ အင်အား ဖြစ်စေခဲ့သည်။ စားရာ ကဗျာ၊ သွားရာ ကဗျာ၊ တွေးရာ ကဗျာ၊ အိပ်ရာ ကဗျာ ဖြစ်နေသော သူ့အဖို့ ထိုစာ တစ်ကြောင်း ကြောင့်ပင် လက်ကမ်းကဗျာ စာအုပ်လေး တစ်အုပ် ဖြစ်လာခဲ့လေသည်။
လွယ်လှသည်တော့ မဟုတ်။ ကွန်ပျူတာ စာစီစာရိုက်ဖို့က အနည်းဆုံး တစ်သောင်း ကုန်သည်။ ဖြစ်လိုရာဖြစ်ဆိုကာ ငွေတစ်သောင်းကို နီးစပ်ရာမှ အတိုးနှင့် ချေးရသည်။ မှတ်မှတ်ရရ ငွေတစ်ရာကို ငါးကျပ်တိုး။ ဘီလူးချောင်း၏ ဆည်းလည်းသံ ဟူသော ကဗျာ စာအုပ်လေး ဖြစ်လာသည်။ ကာလာ ရောင်စုံတွေ မထည့်နိုင်။ အဖြူအမည်း သက်သက်။ “ရင်သွေး ဟူက၊ ချစ်မ၀သည်” ဆိုသလိုမျိုး စာအုပ်လေးတွေကို ကြည့်မ၀၊ ရှုမ၀။ အထပ်ထပ် ပြန်ဖတ်ရင်းက တစ်ဦးတည်း ရင်ခုန်သံတွေ ညံနေသည်။
နောက်နေ့မှာတော့ လမ်းတွင် တွေ့သည့် ခင်မင်ရင်းနှီးသူတွေရော၊ အနည်း ငယ်သာ မျက်မှန်းတန်းမိသူများရော ကံဆိုးကြတော့သည်။ မ၀ယ် မနေရ ဇွတ်အတင်းထိုး ရောင်းတန် ရောင်းရသည်။ အသနားခံ၍ ရောင်းတန် ရောင်းရသည်။ တစ်ချို့က ပြုံး၍ ၀ယ်သည်။ တစ်ချို့က မဲ့၍ ၀ယ်သည်။ ဘာပဲဖြစ်ဖြစ် ရောင်းရဖို့သာ အဓိက။ ဒါတောင် မ၀ယ်ဘဲ လွတ်ထွက် သွားသူတွေက အများကြီး။
စာရင်း ချုပ်လိုက်တော့ အုပ်ရေ တစ်ရာမှာ လက်ကျန် ငါးဆယ်ခန့် ကျန်သည်။ ကျန်ငါးဆယ်ကလည်း အကုန်လုံး ရောင်းရသည် မဟုတ်။ လူနိုင်တွေ ကို လက်ဆောင်ပေးရတာက ၁၀ အုပ် ကျော်သည်။ အမြတ်ရဖို့ နေနေသာသာ အတိုးနှင့် ချေးထားသော အရင်းပင် မကျေသည်မို့ ကဗျာဆရာကြီး မျက်လုံး ပြူးရပြီ။ ရင်ခုန်သံတွေ ပျောက်ကုန်ရပြီ။
“တက္ကသိုလ်ထဲ သွားရောင်းကြည့်ပါလား” သူငယ်ချင်း တစ်ယောက် အကြံပေးမှ ခေါင်းထဲ လက်ခနဲ ဖြစ်သွားသည်။ ဟုတ်သည်။ တက္ကသိုလ် ဆိုတာ ကဗျာနယ်မြေပဲ။ သူက ဆယ်တန်း ဖြေထားပြီးစ အချိန်ဆိုတော့ လွိုင်ကော် တက္ကသိုလ်ထဲ မရောက်ဖူးသေး။ ဒါကြောင့် အကြံပေးသူ သူငယ်ချင်းကိုပင် အဖော်ညှိရသည်
“ဟာ မင်းဟာကလည်း ဒီအတိုင်း လိုက်ရောင်းရမှာ ရှက်စရာကြီး”
“မရှက်ပါနဲ့ကွာ။ ရောင်းမှာက ငါရောင်းမှာပါ။ မင်းက အဖော်လိုက် ပေးရုံ သက်သက်ပါ”
ဤသို့ဖြင့် မလိုက်ချင်၊ လိုက်ချင် သူငယ်ချင်းကို ဇွတ်အတင်း ဆွဲခေါ်ကာ နှစ်ယောက်သား စက်ဘီး ကိုယ်စီဖြင့် တက္ကသိုလ်ဝင်းထဲ လာခဲ့ကြသည်။ ငွေတစ်သောင်းသာ မဆပ်နိုင်ခဲ့ရင် ဟူသော ပူပန်စိတ်က ကြီးစိုးနေ၍ ရှက်ရ၊ ကြောက်ရမည်မှန်း မသိခဲ့။ ထေးငှားလျားကန် ဘေးထိုင်နေသော အတွဲများကိုလည်း အလွတ်မပေး။ ကန်တင်းတွင် ၀ိုင်းဖွဲ့၍ ကျားထိုးနေသော ကျောင်းသားများကိုလည်း မရှောင်။ စိန်ပန်းပင်အောက် ခုံတန်းလျားများတွင် ထိုင်နေကြသည့် ကျောင်းသူများကိုလည်း ချမ်းသာမပေးဘဲ ရောင်းခဲ့ရသည်။
“ဒီကဗျာ မောင်လေးတို့ ရေးတာလား” ကျောင်းသူမမ တစ်ဦးက မေးသည်။
“ဟုတ်ကဲ့။ အဲ မဟုတ်ဘူးဗျ။ သူငယ်ချင်း တစ်ယောက်ရေးတာ လိုက်ရောင်းပေးတာပါ” ဘာရယ်မဟုတ်။ မိမိကိုယ်ကို ကဗျာဆရာ အဖြစ် ပြောရ မည်ကို ရှက်ရွံ့စိတ်ဖြင့် မုသား သုံးရသည်။ ဘာပဲပြောပြော လက်ကျန်စာအုပ် အတော် များများကို တက္ကသိုလ်ဝင်းထဲမှာ ရောင်းလိုက်နိုင်သည်။ ငွေတစ် သောင်းကို အတိုးနှင့်တကွ ဆပ်နိုင်ခဲ့သည်။
ဤသို့ဖြင့် လွိုင်ကော်တက္ကသိုလ် နယ်မြေသည် မိမိ၏ ကဗျာ အနုပညာကို ဆက်လက် ရှင်သန်ခွင့်ရရန် အားပေး ကူညီခဲ့ဖူးသည်။ သူ့ကဗျာ စာအုပ်လေးကို အားပေးကြသူများ၏ နှလုံးသားကို ကဗျာပန်းများ ဖူးပွင့်စေခဲ့သည်ဟု တွေးမိတိုင်း ယနေ့တိုင် ကြည်နူးမဆုံး ဖြစ်နေရပါသည်။
သည့်နောက်တွင် သူ ဆယ်တန်းအောင်ပြီး လွိုင်ကော် ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ်မှာပင် မြန်မာစာ အဓိကဖြင့် ကျောင်းတက်ခဲ့သည်။ သည်အတော အတွင်း စာပေ လောကရှိ မဂ္ဂဇင်းအချို့မှာလည်း သူ့ကလောင်ကို အထိုက်အလျောက် နေရာယူခွင့် ရရှိခဲ့သည်။ စာရေး၊ ကဗျာရေးလိုက်။ လက်ဖက်ရည် ဆိုင်ထိုင်လိုက်။ အတန်းတက်လိုက်ဖြင့် တက္ကသိုလ် ကျောင်းသားဘ၀ကို ဖြတ်သန်းရင်း နောက်ဆုံးနှစ် ရောက်လာခဲ့သည်။ ထိုနှစ်မှာပင် ကျောင်းသူ တစ်ယောက် လာရောင်းသော ကဗျာ စာအုပ်တစ်အုပ်ကို ၀ယ်ခဲ့ရသည်။ ယခင်က သူက ရောင်းချသူ။ ယခု ၀ယ်ယူသူ။ သံသရာလည်သည်ဟု ကြီးကြီး ကျယ်ကျယ် ဆိုရမည်လားမသိ။ အတိတ်ကို ပြန်လည် လွမ်းမောမိစေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ဇာတ်လမ်းက ဤတွင် မဆုံးသေးပါ။ တစ်နေ့ “အိုအေစစ်” စာပေမှ မေလထုတ်၊ teen မဂ္ဂဇင်းကို ငှားလာခဲ့သည်။ အတွင်းစာမျက်နှာ “ရေးကြည့်ပါ” ကဏ္ဍတွင် အမှတ်မထင် ၀တ္ထုတို တစ်ပုဒ်ကို သွားဖတ်မိသည်။ ခေါင်းစဉ်က ပျားမကြိုက်တဲ့ ပန်း။ ရေးသူက ကြယ်စင်သစ်(လွိုင်ကော်)တဲ့။ ထိုဝတ္ထုကိုဖတ်ပြီး လွန်ခဲ့သည့် နှစ်နှစ်က ၀ယ်ပြီး စာအုပ်စင်ပေါ် သိမ်းထားခဲ့သည့် လက်ကမ်းကဗျာ စာအုပ်လေးကို ပြန်ထုတ်ကြည့်လိုက်မိပါသည်။
ရင်ထဲမှာတော့ မုဒိတာ စမ်းရေတွေ တသွင်သွင်စီးလို့။
လွိုင်ကော်တက္ကသိုလ်နယ်မြေတွင် ကဗျာ စာအုပ်လေးများကို ရူးရူးမိုက်မိုက် အတင်းလိုက် ရောင်းသော သူနှစ်ဦး ရှိဖူးလေသည်။ တစ်ဦးမှာ သူဖြစ်၍ တစ်ဦးက ကြယ်စင်သစ် (လွိုင်ကော်)။ သူကတော့ ကဗျာစာအုပ်လေးများ ၀ယ်ယူရန် အသင့် ရှိနေပါသေးသည်။
(လူတိုင်း ရူးသွပ်မှုတစ်ခုစီ ရှိခဲ့ကြမှာပါ။ ကျွန်တော့်ရဲ့ ရူးသွပ်မှုကို ရိုးသားစွာချရေးပါတယ်။)
စိုးညွန့်ဝေ၊လွိုင်ကော်၊
|
She was a lovely lovely girl, very liked to study the problems and take risks. In my eyes, was a versatile girl. The most important was UGG Classic Mini that they both loved. So I could not wait to propose marriage.
Another day, I went to a jewelry UGG Classic Cardy
store to buy a gift proposal.
Ugg boots are certainly not foreign to the people of fashion. As winter comes, there are so many girls choose ugg boots. There is no doubt that the ugg boots are so special and fashionable. Frankly, even men UGG Classic Tall can not resist the temptation ugg boots.
Look around, you realize that so many people wear ugg boots, even UGG Classic Crochet on the street, you see peopl...