အဖြေမဲ့ ပုစ္ဆာတစ်ပုဒ် PDF Print E-mail
Written by ကေကလေး   
Monday, 07 December 2009 16:12
Share |

ငါတို့ ဘိုးဘွားစဉ်ဆက်က ရေလုပ်ငန်း လုပ်ကြတယ်။ ငါ့အဖေနဲ့ အမေက လုပ်ငန်း အခြေချရာ ဇာတိ ဖျာပုံကို ရန်ကုန်ကနေ မကြာခဏ သွားကြတယ်။

 ဟိုမှာ အဘိုးအဘွားနဲ့ အန်တီနွယ် ဆိုတဲ့ အဒေါ် အပျိုကြီး ရှိတယ်လေ။ အန်တီနွယ်က ဖျာပုံက ငါတို့ လုပ်ငန်းတွေကို ပင်တိုင်ဦးစီး လုပ်ပေးနေပြီး ရှိသမျှတူ၊ တူမတွေထဲမှာ ငါ့ကို အချစ်ဆုံး ဖြစ်သလို ငါကလည်း အန်တီနွယ်ကို ငါ့မိဘတွေနဲ့ တန်းတူချစ်တယ်။ ငါ့ရင်ထဲက အုံနဲ့ကျင်းနဲ့ ရှိနေတဲ့ခံစားမှုတွေကို အန်တီနွယ်ကိုပဲ ငါက ခရေစေ့ တွင်းကျ ရင်ဖွင့်နေကျပေါ့။ အန်တီနွယ်က ငါ့ခံစားချက်တိုင်းကို ရင်ချင်းကူး ခံစား ပေးတတ်ပြီး ငါ့အပေါ်မှာ နားလည်မှု အရှိဆုံး အဒေါ်ပဲ ပြောပါတော့။ ငါတို့ ကျူရှင်သင်တဲ့ ခြံနဲ့ ဟန်နီတို့ ခြံက ကပ်နေပြီး ငါထိုင်ရတဲ့ ခုံနဲ့ ဟန်နီ့ အခန်း ပြတင်းပေါက်နဲ့က နီးနီးလေးဆိုတော့ ငါစာသင်နေတဲ့ အချိန်တွေမှာ ပြတင်းက တစ်ဆင့် ဟန်နီ ငါ့ကို လှမ်းကြည့် တတ်တာကိုလည်း ငါသိနေတယ်။

အဲဒီ အကြည့်တွေက ငါ့နှလုံးသားကို တိုက်စားသွားမှန်း ငါချက်ချင်း မသိလိုက်ပေမယ့်လို့ ကြာတော့ ငါ့ရင်ခုန်သံတွေဟာ အရိုင်းဆန်စွာ လူးလွန့် လှုပ်ရှားလာတယ် ဆိုတာ ငါ သတိထားမိတယ်။ တွက်နေတဲ့ ပုစ္ဆာတွေ လွဲမှား၊ ရွတ်နေတဲ့ စာသားတွေ ကွဲလွဲ၊ ရေးနေတဲ့ စာကြောင်းတွေ ကမောက် ကမဖြစ်နဲ့ ငါ့နှလုံးသားက အချစ်မှာ ပထမဆုံး စတင်ပါဝင် ကပြလာတာကို သိလိုက်တယ်။

ကျောင်းကားက ဆင်းချိန်တွေနဲ့ ကျောင်းဝင်းထဲမှာ တွေ့တိုင်း ဟန်နီ ဘာလို့ ငါ့ကိုပြုံးပြ ရတာလဲ။ ဟန်နီ့ အပြုံးက ငါ့နှလုံးသား နံရံတွေကို ပြင်းထန်တဲ့ ငလျင် တစ်ခုက မြေကြီးကို ဖြိုချသလို ဖြိုချပြီး ငါ့အတွေးထဲမှာ ဟန်နီဆိုတဲ့ လူတစ်ယောက် ဖြည့်စွက် ပေးနေသလို ခံစားရတယ်။ တွေ့သရသမျှ ဟန်နီရဲ့အပြုံးတွေကို ညပေါင်းများစွာက အိပ်မက်တွေထဲထိ တမ်းတ စွဲလမ်းစွာ သယ်ဆောင်သွားမိတယ်။ ဆရာမက ငါတို့ကို စာသင်ချိန်မှာ ၀ရန်တာက ဟန်နီ့ စာကျက်သံ ၀ိုးတ၀ါး ကြားတိုင်း၊ ဟန်နီ့ လှုပ်ရှားမှုတွေကို လျှပ်တစ်ပြက် မြင်တိုင်း ငါ့အာရုံတွေကို စာထဲမှာ အတင်းအဓမ္မ နှစ်ထားရတယ်။ သူလေး ဆိုတဲ့ ဇော်ဝင်းထွဋ်ရဲ့ သီချင်းကို ရွေးကြိုက်တဲ့ ဟန်နီရဲ့သီချင်းသံ သဲ့သဲ့လေးက ငါ့ရင်ခုန်သံတွေကို အကြီးအကျယ် မှားယွင်း စေခဲ့တယ်။

ဆရာမ မရောက်ခင် ကျူရှင် ခြံထဲက ခုံတန်းလျားလေးမှာ ထိုင်နေတုန်း ဟန်နီက လက်ထဲက ဘောလုံးကို ငါရှိရာ တမင်သက်သက် လှမ်းပစ်ခဲ့တယ်။ ငါ့ခြေရင်းက ဘောလုံးလေးကို ဟန်နီ့ကိုပဲ ပြန်ပေးရမလား၊ ဒီအတိုင်းပဲ ထားရမလား ငါတွေဝေနေချိန်မှာ ဟန်နီက ဘောလုံးလေးကို တောင်းလာတယ်။ လက်ထဲကို ဘောလုံးလေး ရောက်သွားချိန်မှာ ဟန်နီက တီးတိုး ဆိုလိုက်တယ်။I Love you at every seconds တဲ့။ ဟန်နီ့ စကားကို မမျှော်လင့်ဘဲ ကြားရတော့ ငါ့ရဲ့လက်တွေဟာ တုန်ရီ အေးစက်လို့။ သိမ်မွေ့လှတဲ့ ဟန်နီ့ မျက်ဝန်းက ဖြာဆင်းလာတဲ့ အကြည့်ကို ရင်မဆိုင်ဝံ့တာနဲ့ ငါပြေးထွက်ခဲ့မိတယ်။ ဟန်နီက ငါ့ကို စက္ကန့်နဲ့ အမျှ ချစ်နေပြီ ဆိုတာ သိနေပြီလေ။ တတိယနှစ် ကျောင်းသား ဖြစ်တဲ့ ဟန်နီ့ကို ပထမနှစ် ကျောင်းသူက ဟန်နီလို့ ခေါ်တာ ရိုင်းချင်လည်း ရိုင်းမယ်။ ငါ့ အတွက်တော့ (ကို) ဆိုတဲ့ ၀ိသေသမပါ အဓိပ္ပာယ် များစွာ သက်ဝင်နေလို့ ဟန်နီလို့ပဲ ခေါ်လိုက် မိတယ်။

၂။
အဲဒီနေ့က ကော်ဖီဆိုင်က ငါထွက်လာပြီး ဟန်နီက ကော်ဖီဆိုင်ထဲ အ၀င် ဆိုတော့ လမ်းမှာ ဆုံကြတယ်။ မထင်မှတ်ဘဲ ငါ့ ညာလက်ဖ၀ါးကို ရုတ်ခြည်း ဆုပ်ကိုင်လို့ “ချစ်တယ်လို့ အဖြေ ပေးတော့” လို့ ပိုင်စိုးပိုင်နင်း ဆိုလာတယ်။ ငါ မျှော်လင့်မထားတဲ့ စကားကြားရပြီး ငါ့လက်ဖ၀ါး က ယောကျာ်း တစ်ယောက်ရဲ့ ပထမဆုံး ဆုပ်ကိုင် ခံရတော့ ငါ့တစ်ကိုယ်လုံး ရှက်စိတ်တွေ မွှန်ထူလာတယ်။ တုံ့ပြန် စကားပြောဖို့နဲ့ ငါ့လက်ကို ရုန်းထွက်ဖို့ နေနေသာသာ ခေါင်းညိတ် ခေါင်းခါတောင် ငါ့မှာ လုပ်ဖို့ အင်အား မဲ့နေတယ်။ “ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းပဲ”လို့ လိုရာ ဆွဲပြောလို့ ငါ့လက်ဖ၀ါးကို လွှတ်ပြီး ဟန်နီ ထွက်သွားတယ်။ ငါက ဟန်နီ စေစားရာ ကဖို့ အသင့် ရှိနေတဲ့ ရုပ်သေးရုပ်လေး တစ်ရုပ် ဖြစ်မှန်း မသိဖြစ်နေပြီ။

စာမေးပွဲပြီးလို့ ခင်ဝတ်မှုံတို့ ခြံထဲမှာ သူငယ်ချင်းတွေ တစ်နှစ်တာ ပြီးဆုံး လွန်မြောက်မှု အမှတ်တရ စုမိကြတော့ ခင်ဝတ်မှုံနဲ့ ၀မ်းကွဲ အစ်ကိုဖြစ်တဲ့ ဟန်နီလည်း ပါလာတယ်။ ဒါပေ မယ့် သွက်လက်ရဲတင်းတဲ့ ဟန်နီကို ငါမခေါ်ရဲဘဲ နှုတ်ဆက်ချင်ပေမယ့် လန့်နေမိတယ်။ မိုးပျံ ပူဖောင်းတွေကို ငါတို့မိန်းကလေး တစ်သိုက်က သားရေကွင်းနဲ့ ပစ်လို့ ကောင်းနေချိန် ဟန်နီတို့ ယောက်ျားလေးတွေက သီချင်းတွေ အလုအယက် ဆိုနေကြတယ်။ မကြည့်ဘဲလည်း မနေနိုင်တဲ့ ငါက သူငယ်ချင်းတွေ မသိအောင် ဟန်နီကိုခိုးခိုး ကြည့်ရင်း ငါလေ ရင်တွေ ခုန်မိတယ်။ ချစ်သူရှေ့မှာ သာမန်ထက် ရင်ခုန်နှုန်းထား မြန်တတ်တာ သဘာဝပဲ မဟုတ်လား။ ဟန်နီနဲ့ငါ အကြည့်ချင်း ဆုံတော့ ငါ့မျက်လွှာ လွှဲလိုက်ပေမယ့် နောက်ကျသွားတယ်။

ဟန်နီ့ခြေလှမ်းတွေက ငါတို့ မိန်းကလေးတွေရှိရာ ဦးတည်လာနေပြီးတော့ “ကြော်ငြာစရာရှိတယ်ဟေ့” လို့ဟန်နီက လက်ခုပ် တီးပြီး အော်လိုက်တော့ အသံတွေငြိမ်ပြီး မျက်လုံး အားလုံးရဲ့ အကြည့်တွေက ဟန်နီရှိရာ ရောက်လာတယ်။ ပြီးတော့ အပြုံးချိုမြမြနဲ့ ငါ့ခေါင်းကို ပုတ်ပြီး “သိပ်ချစ်ရတဲ့ ချစ်သူလေးပေါ့” လို့ အများရှေ့မှာ မထင်မှတ်ဘဲ ဟန်နီက ဖွင့်ချလိုက်တယ်။ သူငယ်ချင်းတွေ ကြားမှာ ငါဟာ သိပ်ရှက်တော့ မျက်နှာ မထားတတ်အောင် ဖြစ်နေတယ်။ မပြုံးနိုင်၊ မရယ်နိုင်နဲ့ ၀န်လည်း မခံမိ၊ ငြင်းလည်း မငြင်းမိနဲ့ ရောယောင်နေမိတယ်။ သူငယ်ချင်း တွေရဲ့ လက်ခုပ်သံတွေ၊ ရယ်မောသံတွေနဲ့ နောက်ပြောင်သံတွေကြားမှာ ဟန်နီက ငါ့လက်ဖမိုးလေးကို ရုတ်ခြည်း နမ်းပြီး ထွက်သွားတယ်။ ငါ ဘယ်လို ကျန်ရစ်ခဲ့မယ်ဆိုတာ ဟန်နီ မစဉ်းစားမိဘူး မဟုတ်လား။ ကြည်နူးခြင်း တစ်ဝက်၊ ရှက်ရွံ့ခြင်း တစ်စ ဖိတ်စင် ကျနေတဲ့ ငါ့ရင်ခုန်နှုန်းဟာ မြန်မြန်လာတယ်။ အများရှေ့မှာ ချစ်သူတွေ အဖြစ် တရားဝင် ကြော်ငြာပြီး ဟန်နီ့ အချစ်တွေကို ငါ့အတွက် အပိုင်စား ပေးခဲ့လို့ ငါဟန်နီကို ကျေနပ်တယ်။ ငါ့တစ်သက်တာ အတွက် ပထမဆုံး ရင်ခုန်ဖက်က ဟန်နီဖြစ်သလို ငါ့ရင်က ပထမဆုံး ဖူးငုံလာတဲ့ ချစ်ခြင်းကလည်း ဟန်နီ့ အတွက်ပါပဲလေ။

ငါတို့ရဲ့ချစ်သူ ဘ၀မှာ နှစ်ယောက်တည်း တွေ့တယ်ဆိုတာ လုံးဝ မရှိခဲ့ကြတာက ထူးခြား သလို ၀င့်ကြွား ဂုဏ်ယူစရာပဲလေ။ ဟန်နီက သာမန် ဘွဲ့တစ်ခုတည်းနဲ့ ရောင့်ရဲမှု မရှိသလို ငါကလည်း ပညာရပ်တစ်ခုကို အဆုံးတိုင် သင်ယူလိုစိတ် ပြင်းပြတယ်။ ငါနဲ့ ဟန်နီက စာသင် ခန်းရှေ့ ကော်ရစ်တာနဲ့ သူငယ်ချင်းတွေနဲ့ အတူ ကော်ဖီဆိုင်မှာပဲ တွေ့ဆုံလေ့ ရှိကြပြီး ဟန်နီ့ နှုတ်ဖျားက ထွက်လာတဲ့ ချစ်စကားလေးက ငါ့အတွက် အရာရာ ပြည့်စုံစေခဲ့တယ်။ ငါက ဟန်နီ့ကိုရော ဟန်နီ့ အချစ်ကိုပါ ယုံကြည်နေမိတယ်။ ငါ့ကို ဘယ်တော့မှ ဟန်နီ မထားသွားဘူး ဆိုတာ ကံသေကံမ ယုံစားထားတယ်။

စာသင်ခန်းမထဲမှာ ငါရှိနေတုန်း ငါ့စားပွဲပေါ် စာရွက်ခေါက်လေး ကျလာတယ်။ ငါကြည့်လိုက်တော့ စာရွက်ခေါက်လေးကို လက်ညိုး ထိုးပြီး ဟန်နီ လှည့်ထွက်သွားတယ်။ ငါ့မှာသာ ကြောက်ကြောက်လန့်လန့်နဲ့ ဟန်နီ့ရဲ့ စာလေးကို ဖွင့်ပြီး ခိုးဖတ်လိုက်မိတယ်။ စာလေးက ရိုးရိုးလေးရယ်ပါ။
“ရည်မှန်းချက်တွေ ပြည့်တဲ့နေ့ တို့နှစ်ဦး ဆုံကြမယ်။ ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ် လျှောက်လှမ်းရအောင် ဇွဲမလျှော့ကြေး”တဲ့လေ။

ငါနှုတ်ခမ်းမှာ အပြုံးပန်းတစ်ပွင့် ပွင့်သွားတယ်။ ငါက ဆည်းပူးနေတဲ့ ပညာရပ်ကို ဆုံးခန်းတိုင်အောင် သင်ကြားလို့ ဘွဲ့တွေ အထပ်ထပ် ယူပြီးတော့ တက္ကသိုလ် တစ်ခုကနေ ဆရာမ အဖြစ် မျိုးဆက်သစ်တွေကို ပြန်လည်မျှ ဝေသင် ကြားပေးရင်း ပညာရပ်ဆိုင်ရာ သုတေသန လုပ်ငန်းတွေ၊ စာတမ်းတွေ ပြုစု၊ စာနယ်ဇင်းတွေမှာ ၀ါသနာပါရာ ၀တ္ထု၊ ကဗျာနဲ့ ဆောင်းပါးတွေ ရေးလို့ ဘ၀ကို ဖြတ်သန်းဖို့ ရည်သန်ထားတယ်။ ဟန်နီကတော့ ပညာရေးဆုံးခန်း တိုင်အောင် သင်ကြားပြီးရင် စင်ကာပူ သွားလို့ ရုပ်ရှင် ထုတ်လုပ်ရေးနှင့် ဖြန့်ချိရေး နည်းပညာရပ်ကို လေ့လာသင်ကြားပြီးတော့ မိဘ လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းကို ခေတ်နဲ့အညီ တိုးချဲ့လုပ်ဖို့ ရည်မှန်းထားတယ်။

ငါရည်သန်ရာကို လျှောက်လှမ်းနေတုန်းမှာ ရင်ထဲမှာ ဟန်နီ တစ်ယောက်တည်း နေရာ ပေးထားသလို ဟန်နီ ရည်မှန်းရာကို ဦးတည် သွားနေခိုက်မှာ ဟန်နီ့ နှလုံးသားမှာ ငါတစ်ယောက်တည်းပဲ ကျင်လည် ခွင့်ရှိမယ်ဆိုတာ အကြွင်းမဲ့ ခံယူထားတယ်။ ငါနဲ့ ဟန်နီတို့ကြားမှာ သံသယဆိုတာ မထားကောင်းတဲ့ အရာလို့ ခံယူထားသလို ခွဲခွာခြင်း ဆိုတာ မတွေးကောင်းတဲ့ ဖြစ်ရပ်လို့လည်း နားလည် ယုံကြည်ထားကြတယ်။

၃။
ခုအချိန်မှာ ဟန်နီကတော့ ရည်မှန်းရာ ပန်းတိုင်ရောက်ဖို့ တက္ကသိုလ် နယ်မြေမှာ နေ့တိုင်း သူငယ်ချင်းတွေနဲ့ ပျော်ပါးကြိုးစား လျှောက်လှမ်း နေမှာပဲ။ ပြီးတော့ ဟန်နီတစ်ယောက် ငါရှိရာ ကျောင်းကားမှတ်တိုင်၊ ငါတို့စာသင်ခန်း၊ ငါတို့ သူငယ်ချင်းတွေ ထိုင်လေ့ရှိတဲ့ ကော်ဖီဆိုင်နဲ့ ငါတို့ အိမ်ပတ်ဝန်းကျင်မှာ ငါ့ကို လိုက်ရှာနေမှာ ပဲ။ ငါနဲ့ အများဆုံးတွဲတဲ့ အိမ့်ကြာဖြူ၊ အိန္ဒြာ ၀င်းထိုက်၊ မွန်မွန်အောင်တို့ သူငယ်ချင်းတွေကို လည်း ငါ့သတင်းကို မေးနေမှာပဲ။ တွေ့နေကျ နေရာတွေမှာလည်း ရှာမရ၊ သူငယ်ချင်းတွေဆီ မှာလည်း စုံစမ်း မရရင် ဟန်နီ ငါတို့ အိမ်ကို ဖုန်းဆက်မေးပြီး၊ ဖုန်းဆက် မရရင် ငါတို့ အိမ်ကို ဟန်နီ လိုက်လာမှာပဲ။ ဟန်နီ ဖုန်းအကြိမ်ကြိမ် ဆက်ပြီး အိမ်ကို အထပ်ထပ် လိုက်လာပေမယ့် ငါ့ကို တွေ့ရမှာ မဟုတ်သလို ငါတို့မိသားစုကိုလည်း လောလောဆယ် တွေ့ရမှာ မဟုတ်ဘူး။ ဟန်နီတွေ့ရမှာက အိမ်တံခါးရော ခြံဝင်းတံခါးပါ သော့ခတ်ထားတဲ့ ငါတို့အိမ်ပဲ။ ဟုတ်တယ်။ ငါတို့ မိသားစုတစ်ခုလုံး လောလောဆယ် ငါတို့ အိမ်မှာ မရှိကြဘူး။ တစ်ချိန်မှာ ငါတို့ မိသားစု တွေ ငါတို့ အိမ်ကို ပြန်ရောက်လာကြမှာ ဖြစ် ပေမယ့် ငါတော့ ငါတို့ အိမ်ကို ပြန်ရောက်လာမှာ မဟုတ်တော့ဘူး။

ဧပြီလ သင်္ကြန် အပြီးမှာ အဘိုးကျန်းမာရေး မကောင်းလို့ ငါတို့ မိသားစုဖျာပုံကို လိုက်သွားကြတယ်။ ဖျာပုံကို ငါတို့ရောက်ပြီး နောက်နှစ်ရက် အကြာမှာ အဘိုးဆုံးတော့ ငါတို့ အိမ်ကို သော့ပိတ်ပြီး မိသားစု တစ်စုလုံး ဖျာပုံကို လိုက်လာကြတယ်။ မေလ ၂ ရက်နေ့မှာ ဆိုင်ကလုန်း မုန်တိုင်း က အောက်မြန်မာနိုင်ငံ တစ်ခွင်လုံးကို တရကြမ်း မွှေနှောက်တိုက်ခတ်သွားတော့ ရောက်တုန်း ရောက်ခိုက်မို့ ဖျာပုံနယ်က ငါတို့ လုပ်ငန်းခွင်မှာ ရှိနေကြတယ်။ မုန်တိုင်းဒဏ်ကို အလူးအလဲ ခံကြ ရတဲ့ အထဲမှာ ငါတို့ မိသားစုတွေလည်း ပါသွားတယ်။ မုန်တိုင်းဒဏ်ကြောင့် အဘိုး၊ အဘွားတွေ ရဲ့ အိမ်ဟာ ပျက်စီးသလို အဘွားရဲ့အသက်လည်း ပျောက်ခဲ့ရတယ်။ ကျန်မိသားစုဝင်တွေ မုန်တိုင်းကြောင့် ထိခိုက် ဒဏ်ရာနဲ့ အနာတရ ကြီးကြီးမားမား မဖြစ်ကြပေမယ့်လို့ မုန်တိုင်းဒဏ်ကြောင့် ငါ့ဘ၀က လှေလှော်ရင်း တက်ကျိုး ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရတယ်။

လိုရင်း ပြောရမယ် ဆိုရင်တော့ ငါ့မျက်နှာ တစ်ပြင်လုံးနဲ့ တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရတယ်။ ငါ့ ကိုယ်ငါတောင် မမှတ်မိနိုင်လောက်တဲ့ အခြေအနေမို့ ငါ့ကိုယ်ငါ မှန်မကြည့်ရဲတဲ့ အဖြစ်နဲ့ ကြုံရတယ်။ ငါ့မိဘတွေကတော့ ပလတ်စတစ် ဆာဂျရီနည်းနဲ့ စင်ကာပူနဲ့ ဘန်ကောက်တို့မှာ စုံစမ်းပြီး ကုသမယ်လို့ အားပေးကြတယ်။ ငါ့မျက်နှာ အလှအပအတွက် ငါ့မိဘက သိန်းပေါင်းများစွာ ရင်းနှီးရမယ် ဆိုတာ ၀န်ထုပ်ဝန်ပိုးကြီးမို့ ငါ့အတွက် စဉ်းစားစရာ ဖြစ်နေတယ်။

နောက်ဆုံးတော့ ငါ့မိဘတွေကိုငါ ချွေးသိပ် တောင်းပန်ပြီး ငါနဲ့ အန်တီနွယ်တို့ မအူပင် ညောင်တုန်းလမ်းပေါ်က ငါ့မိဘပိုင် ငါးမွေးမြူ ရေးကန်ဝင်းမှာ အိမ်တစ်လုံး ဆောက်ပြီး နေခဲ့ကြတယ်။ ဟန်နီ အပါအ၀င် အသိုက်အ၀န်းတစ်ခုလုံးကို အဆက်အသွယ် ဖြတ်ပြီး ငါ့ရဲ့ရည်မှန်းရာ အများအပြားကို စွန့်လွတ်ပြီး စာဖတ် စာရေးခြင်းနဲ့ ဘ၀ကို ဖြတ်သန်းခဲ့တယ်။

ဟန်နီ့ကိုငါ မမြင်ရ၊ မတွေ့ရမှန်း သိရက်နဲ့ မြင်ချင်၊ တွေ့ချင်နေမိတယ်။ ပထမနှစ် စာမေးပွဲကို ငါဖြေခွင့်မဲ့ခဲ့တဲ့ အခြေအနေမှာ ရင်ထဲမှာ သောကတွေက မုန်တိုင်းလို မွှေနေတယ်။ စာရွက်ဖြူပေါ်မှာ မင်ခြစ်ဖို့ အင်အားတောင် ငါ့မှာ မရှိဘူး။ ငါ့ရဲ့ နိုးတစ်ဝက် အိပ်မက်တွေမှာတော့ ဟန်နီ့ လက်ကို တွဲလို့ ငါတို့ ရယ်မောရွှင်မြူးလို့တဲ့။ အားငယ်စိတ်ဟာ ဘ၀ကို အရှုံးတွေ ရှိရာဆီ ခေါ်သွားတတ်တယ်။ တိုးတက်မှု ဖြစ်စဉ်တွေနဲ့ အနိုင်နဲ့ အောင်ပွဲကို အဟန့်အတား ပြုကြတဲ့ အရာတွေမှာ အားငယ်စိတ်က တစ်ခု အပါအ၀င်ပဲလေ။

ဒါကြောင့် ငါဟာ အားငယ် စိတ်တွေကို အချိန် ယူပြီး ဖယ်ရှားခဲ့ရတယ်။ ဟန်နီနဲ့ ဝေးရမယ့် အဖြစ်ကို ဥပေက္ခာ ပြုနိုင်အောင်၊ မေ့နိုင်အောင် ကြိုးစား ရတယ်။ ငါနဲ့ ဟန်နီနဲ့ ဝေးပေမယ့်လို့ ငါတစ်သက်လုံး ဟန်နီကို ချစ်နေမယ်၊ ချစ်သွားမယ် ဆိုတဲ့ အသိစိတ်ကို ရှင်သန်အောင် ပျိုးထောင်ယူတယ်၊ ပြီးတော့ ဟန်နီလည်း ငါ့ကို တစ်သက်လုံး ချစ်မနေတောင် မမုန်းဘူးဆိုတဲ့ အတွေးကိုလည်း မွေးမြူထားတယ်။

စိတ်အားငယ်နေတဲ့ ကာလမှာ ငါက ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တော့ဘူး။ ငါပထမနှစ် စာမေးပွဲလည်း ပြန်မဖြေတော့ဘူး ငါ့ဘ၀ မှာ လောကဓံ စစ်ပွဲကတော့ စခဲ့ပြီ။ ငါ့မှာ လောကဓံ စစ်ပွဲကို အံတုနိုင်တဲ့ အင်အားတွေလည်း ချည့်နဲ့လို့။ ၀င်သက် ထွက်သက်တိုင်းမှာ အနာဂတ်မဲ့ နေသလိုပဲ။ မျက်ရည်နဲ့ ငါဟာ ခွဲခြားရခက် သွားပြီ။ ငါစိတ်ထဲမှာ တစ်ကြိမ်သော အရှုံးဟာ ငါ့ဘ၀ကို အပိုင်းပိုင်း ကျိုးကြေ ပျက်စီးသွားစေ တယ်လို့လည်း ထင်နေမိတယ်။ ငါဟာ စိတ်ဓာတ် မခိုင်မာတဲ့ မိန်းမ တစ်ယောက်မို့ အရှုံးတွေကို ကြီးထွား စေခဲ့လေသလား။

ဟန်နီနဲ့ ငါလည်း ဝေးကြပြီဆိုတာ ငါနားလည်လိုက်တယ်။ သာမန် လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကို မပိုင်ဆိုင်တော့တဲ့ ငါဟာ ဟန်နီနဲ့ မထိုက်တန်တဲ့ သူတစ်ယောက် ဖြစ်သွားပြီ။ ငါ့ရဲ့ စိတ်ဓာတ်နဲ့ ရုပ်ခန္ဓာ ကျန်းမာရေး အခြေအနေကြောင့် တက္ကသိုလ် နယ်မြေကို ငါစွန့်ခွာတော့မယ်။ အနားယူရင်း စိတ်ဓာတ်တွေ ပြန်လည်မြှင့်တင်ရင်း နောင်နှစ်တွေမှာ အဝေးသင် တက္ကသိုလ် တက်ပြီး ဘွဲ့ယူနိုင်အောင် ငါကြိုးစားမယ်။ ပညာရေး ရည်မှန်းချက်နဲ့ ဘ၀ ရည်မှန်းရာကို စွန့်လွှတ် လိုက်ရပေမယ့်လို့ ၀ါသနာကိုတော့ ငါ မစွန့်လွှတ်နိုင်ဘူး။

ရွှေအမြုတေ၊ ဖူးငုံ၊ မဟေသီ၊ ကလျာ၊ နွယ်နီ၊ ရုပ်ရှင်အမြုတေ၊ ရုပ်ရှင်တေးကဗျာ၊ အတွေးအမြင်စတဲ့ မဂ္ဂဇင်း တွေကို လစဉ် ငါဖတ်တယ်။ ငါကြိုက်တဲ့ စာရေး ဆရာတွေရဲ့ စာအုပ်တွေကိုလည်း လက်မလွတ် စေရဘူး။ ၀တ္တုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ ငါကြိုးစားပမ်းစား ရေးရင်း တစ်ဦးတည်းသော အချစ်ဦး ချစ်သူ ဟန်နီကို နေ့စဉ် သတိရနေဆဲ။

ဟန်နီဟာ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ကြီး ချစ်မိသူမို့ ငါ့ကို မေ့ခဲ့ဦးတော့ ဟန်နီကို ဗွေမယူရက်ပါဘူး။ ချိပ်ဟာ မီးနဲ့နီးရင် အရည် ပျော်တတ်သလို ချိပ်ဟာ မီးနဲ့ဝေးရင် ပုံမှန် အစိုင်အခဲပဲလေ။ ချစ်သူနှစ်ဦးဟာ မမြင်ရ၊ မတွေ့ရ၊ မကြားရတော့ဘဲ အဆက်အသွယ်မရှိတော့ရင် မချစ်တော့တာ မေ့သွားတာ နိယာမပဲ မဟုတ် လား။ ငါလေ ဟန်နီ့ကို နားလည်မှုတွေ ပေးနိုင်ပါတယ်။ ဟန်နီ့ဘက်က မချစ်တော့ပေမယ့် မေ့သွားချင် မေ့ပါ မမုန်းရင်ပဲ ငါကျေနပ်ပါတယ်။

ငါက ပြန်မရနိုင်တဲ့ အရှုံးကို ပိုင်ဆိုင်ခဲ့ရသူ ပေမယ့်လို့ ငါ့ဆီမှာ ဆယ်ကျော်သက်ဆီက ဖူးသစ်မှုတွေလည်း မရှိတော့ဘူး။ စိတ်ပျိုမှ ကိုယ်နုဆိုတဲ့ စကားလိုပဲ စိတ်အိုနေတဲ့ ငါ့ဆီမှာ ပျိုမျစ်နုနယ်မှုတွေဟာလည်း အလိုလို ကွာကျ သွားတာ မဆန်းပါဘူး။ ဒီအချိန်မှာ ဟန်နီ့အတွက် သဇင်၊ သစ်ခွ၊ နှင်းဆီ၊ ပိတောက် စတဲ့ တော်ဝင် ပန်းမဟုတ်တော့ဘဲ တောထဲက မြက်ရိုင်းပန်းလေး ဖြစ်နေပါပြီ။ ဟန်နီ့ အတွက်တော့ ပညာရပ် မျိုးစုံ သင်ကြားခွင့်၊ Coffee Shop မျိုးစုံ၊ Restraunt မျိုးစုံ၊ Cinima Hall မျိုးစုံ Shopping Center မျိုးစုံ လည်ပတ်ခွင့်၊ သူငယ်ချင်းများစွာနဲ့ လှပတဲ့ ချစ်စရာ ကောင်းတဲ့ သွက်လက် ချက်ချာတဲ့ မင်းသမီးလေးတွေ ၀န်းရံနေတဲ့ ရုပ်ရှင် ဗီဒီယို ထုတ်လုပ်ရေး ၀န်းကျင်မှာ ပျော်ရွှင်ခွင့်တွေက ငါ့ကို မေ့နိုင်စွမ်းစေတဲ့ အရာတွေပဲ မဟုတ်လား။ ငါ့အတွက် ဟန်နီ့ရဲ့အရိပ်၊ အသံကို ဖမ်းဆုပ်ရ ယူဖို့ ဆိုတာ ဓူဝံကြယ်ကို ရယူလို့ မရသလို ခက်ခဲ လှပါတယ်။

ပတ်ဝန်းကျင် အသိုက်အ၀န်းနဲ့ တမင်သက်သက် အဆက်ဖြတ်ထားတဲ့၊ ဘာထူးခြားမှုမှ မရှိတဲ့ ငါ့သတင်းတွေကို ဟန်နီ သိနိုင်မှာ မဟုတ်ဘူး။ ဒီလိုပဲ ငါ့ပတ်ဝန်းကျင် အသိုက်အ၀န်းက ဟန်နီတို့ တစ်တွေရဲ့ အကြောင်းကိုလည်း ငါဘာမှ မသိတော့ဘူး။ သိအောင်လည်း ငါမကြိုးစားတော့ဘူး။ ငါ့ဝန်းကျင်သစ်မှာ အန်တီနွယ်ရယ်၊ စာအုပ်တွေရယ်၊ ရုပ်မြင်သံကြား အစီအစဉ်တွေရယ်၊ ဗီဒီယို ရုပ်ရှင်ကားတွေရယ်ပဲ အနီးကပ် ရှိကြတယ်။ ငါးမွေးမြူရေး အလုပ်သမားတွေကိုလည်း ခပ်ဝေးဝေးမှာ ထားပြီး မတတ်သာမှ သူတို့ အကူအညီ ယူတယ်။ သူတို့တစ်တွေ ငါ့ကို ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးဝင်းမောင်၊ ဒေါ်သီတာတို့ရဲ့သမီးဆိုတာပဲ အလွန်ဆုံး သိကြမယ် ထင်တယ်။

၎။
ဟန်နီကို အဆက်အသွယ် ဖြတ်ထားလိုက်ပေမယ့်လို့ ဘာဖြစ်လို့မေ့မရ တာလဲ ဆိုတာ ငါကိုယ်တိုင် နားမလည်နိုင်ဘူး။ ငါ့နှလုံးသားရဲ့ အစွဲ အလမ်းကြီးမှုဒဏ်ကို တင်းခံရင်း မှန်းဆလို့မရနိုင်တဲ့ ဟန်နီရဲ့ ဘ၀ခရီး ပုံရိပ်တွေကို သိချင်စိတ်တွေကလည်း နေ့စဉ်ပဲ ပြင်းပြနေတယ်။ ဟန်နီလည်း ဘယ်လိုပဲဖြစ်ဖြစ် အနည်းနဲ့ အများတော့ ငါ့ရဲ့ဘ၀ ပုံရိပ်တွေကို မှန်းဆ ပုံဖော်နေမယ်လို့ ငါယုံကြည်တယ်။ ဆွတ်ပျံ့ဖွယ်ရာ အတိတ် အပိုင်းအစတွေကို ရင်မှာ မျိုသိပ်ထားပြီး ချစ်ခြင်းနဲ့ လွမ်းခြင်းတွေကို တမ်းတနေရင် အနာဂတ် ခရီးအတွက် အဟန့်အတားတွေ ဖြစ်မယ်ဆိုတာလည်း ငါတဖြည်းဖြည်း ဆင်ခြင် သိနားလည်လာတယ်။

ဒါနဲ့ပဲ ငါဟာ အဝေးသင် တက္ကသိုလ်တက်၊ စာများများဖတ်၊ စာများများရေး၊ ကျန်းမာရေး တိုးတက်အောင် လုပ်ရင်းက ရွှေအမြုတေ၊ ဖူးငုံ၊ သရဖူ၊ မဟေသီ၊ ဧကရီ၊ ရတီ၊ ရုပ်ရှင်တေးကဗျာ၊ အပျိုစင်စတဲ့ မဂ္ဂဇင်း စာမျက်နှာတွေထက်မှာ ငါရေးတဲ့ ကဗျာ၊ ဆောင်းပါးနဲ့ ၀တ္ထုတိုတွေက ခပ်စိပ်စိပ် နေရာ ယူလာကြတယ်။ ငါ့ရဲ့ဘ၀ပေး အသိက လှုံ့ဆော်လို့ ငါကြိုးစား အားထုတ် ဖန်တီးပုံဖော်မှုကို အယ်ဒီတာတွေနဲ့ စာဖတ် သူတွေက အသိအမှတ် ပြုကြလို့ ငါကြည်နူးလို့ မဆုံးဘူး။ ပညာရေးမှာ အဝေးသင် တက္ကသိုလ်က ဘွဲ့တစ်ခုနဲ့ ကျေနပ်လိုက်ရပေမယ့် ၀ါသနာပါတဲ့ စာရေးတဲ့ အလုပ်မှာ စာပေ လောကနဲ့ လုံးဝ အဆက်အသွယ် မရှိဘဲ မဂ္ဂဇင်း စာမျက်နှာတွေမှာ နေရာယူခွင့် ရတာဟာ ဒဏ်ရာတွေ အထပ်ထပ် မွှန်းထားတဲ့ ငါ့ဘ၀ကို ဖြေသာစေခဲ့တယ်။

မဂ္ဂဇင်းတွေမှာ ငါ့ရဲ့ကလောင်နာမည် ရှင်သန် ခိုင်မာအောင် ငါကြိုးစားနေပြီး မဂ္ဂဇင်း စာမျက်နှာတွေမှာ ငါ့ရဲ့ ကလောင်အမည် တည်ငြိမ် ခိုင်မာလာပြီဆိုရင် ငါ စာအုပ်ထုတ်ဝေရေး တစ်ခု ထူထောင်မယ်။ ငါရေးတဲ့ ၀တ္ထုရှည်တွေနဲ့ ၀တ္ထုတို၊ ကဗျာ၊ ဆောင်းပါးတွေကို ပေါင်းချုပ် ထုတ်ဝေသလို အခြားစာရေး ဆရာကြီးတွေရဲ့ ကောင်းနိုးရာရာ စာအုပ်တွေလည်း ထုတ်ဝေမယ်လို့ ရည်ရွယ်ထားတယ်။ ဘ၀ပေး အခြေအနေ ရ ပြောင်းလဲလိုက်ရတဲ့ ငါ့ရဲ့ရည်မှန်းရာ အသစ်ပဲ ဆိုပါတော့။

တစ်နေ့မှာ ငါတို့အိမ်ရှိရာ ငါးမွေးမြူရေး ခြံထဲကို ရင်းနှီးမှု မရှိသေးတဲ့ ဧည့်သည် ကားတစ်စီး ၀င်လာတယ်။ ကားပေါ်က အသက်သုံးဆယ်ဝန်းကျင် ချောချောလှလှ ဥပဓိရုပ် ကောင်းကောင်း အမျိုးသမီးတစ်ဦးနဲ့ အသက် လေးဆယ်ခန့် ပိန်ပိန်ပါးပါး အသားညိုညို အမျိုးသားတစ်ဦး နောက်ကပါလာ တယ်။

“ရွှေအမြုတေမဂ္ဂဇင်းကတစ်ဆင့် ဆရာမ လိပ်စာ ရခဲ့တာပါ။ ကျွန်မက နီတျာ ရုပ်ရှင်နဲ့ ဗီဒီယို ထုတ်လုပ်ရေးက ပရိုဂျူဆာ သိမ့်သိမ့်သူပါ။ ဒါက ဇာတ်ညွန်းရေးဆရာ ကြယ်သစ်ပါ”

မသိမ့်သိမ့်သူက သွက်လက်တဲ့ ဟန်ပန်နဲ့ ဖော်ရွေတဲ့အပြုံးတွေ ပေးဝေရင်း မိတ်ဆက်စကားဆိုလာတော့ ငါ့အတွက် အံသြစရာ အတွေ့အကြုံသစ် ကို စတင် ဖြတ်သန်းရင်းက ခရီးဦးကြို စကား ပြောလိုက်မိတယ်။
“တွေ့ရတာ ၀မ်းသာပါတယ်။ နီတျာ ထုတ်လုပ်ရေးက ကားကောင်း၊ ကားသန့်လေးတွေပဲ ထုတ်နေတော့ သတိထားမိတယ်။ ပြီးတော့ ဆရာကြယ်သစ်ကလည်း သမားရိုးကျ ဇာတ်လမ်း တွေအစား ဇာတ်လမ်းဆန်းဆန်း၊ အကြောင်းအရာ ဆန်းဆန်း၊ ဇာတ်ကောင်စရိုက် ဆန်းဆန်းတွေ ဖန်တီးနေတာ တွေ့ရလို့ ကြိုဆိုပါတယ် ဆရာ”

မသိမ့်သိမ့်သူ ထုတ်လုပ်တဲ့ ရုပ်ရှင်နဲ့ဗီဒီယို ကားများနှင့် ဇာတ်ညွှန်းရေးဆရာ ကြယ်သစ် ရေးတဲ့ ရုပ်ရှင် ဗီဒီယို ဇာတ်ညွှန်းများကို မမျှော်လင့်ဘဲ အသိအမှတ်ပြု စကားပြောလိုက်ရလို့ ငါ ၀မ်းသာ အားရဖြစ်မိတယ်။
“ပြီးခဲ့တဲ့လက ဖူးငုံထဲမှာ ပါတဲ့ ချစ်ခြင်းစေရာ၌ ၀တ္ထုလေးကို ဗီဒီယို ရိုက်ချင်လို့ ဆရာမ ဆီကို ခွင့်လာတောင်းတာပါ”

ချစ်ခြင်းစေရာ၌ ၀တ္ထုတိုလေးက လူငယ်နှင့် လူကြီးကြားမှာ အမြင်ခြား နားမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ပဋိပက္ခကို လူကြီးများရဲ့ အပိုင်းရော လူငယ်များရဲ့ အပိုင်းကပါ တွေးတော ဆင်ခြင်နိုင်ဖို့ ရည်ရွယ်ရေးထားတဲ့ ၀တ္ထုလေးပါ။ ငါ့ရဲ့ စာပေ လက်ရာထဲက ပထမဦးဆုံး ဗီဒီယို ရိုက်ခွင့်ရတဲ့ ၀တ္ထုလေးမို့ ငါ့အတွက်တော့ ရင်ခုန် စိတ်လှုပ်ရှားလို့မဆုံး။
“မသိမ့်သိမ့်သူတို့ ဗီဒီယို ရိုက်နိုင်ပါတယ်။ ဆရာကြယ်သစ် အနေနဲ့ ၀တ္ထုကို အသက်သွင်းတဲ့ အတွေ့အကြုံ အများကြီး ရှိလို့ အဆင်ပြေသလို မွမ်းမံပါ။ ကျွန်မ၀တ္ထုကို ဆရာကြယ်သစ် လက်အပ်ပါတယ်”

ငါ့စကားဆုံးတော့ မသိမ့်သိမ့်သူက လက်ကိုင်အိတ်ထဲက စာအိတ်တစ်အိတ်နဲ့ PARKER ဘောပင် တစ်ဘူးကို ထုတ်ပြီး “ကျွန်မတို့ နီတျာ ထုတ်လုပ်ရေးက စာရေးဆရာ အဟောင်းအသစ် နာမည်ရှိ မရှိ မခွဲခြားပါဘူး။ ၀တ္ထုအတွက် ဥာဏ် ပူဇော်ခနဲ့ အမှတ်တရ လက်ဆောင်ပါ” လို့ဆိုပြီး ကိုယ်ထိလက်ရောက် ပေးလာတယ်။

“ကျေးဇူးတင်ပါတယ်။ လောလောဆယ် ရေလုပ်ငန်း လုပ်တဲ့ မိဘကို မှီခိုပြီး ကျွန်မက စာရေးတဲ့ အလုပ် လုပ်နေသူပါ။ လိုအပ်တာကူညီ နိုင်တာ ကူညီပါမယ်၊ လမ်းကြုံရင်လည်း ၀င်ခဲ့ကြပါ”

ထွေရာလေးပါး စကားတွေ ပြောပြီးတော့ မသိမ့်သိမ့်သူနဲ့ ဆရာကြယ်သစ်က နောက်ရိုက်ကူးမယ့် ရုပ်ရှင် ဗီဒီယိုကားတွေ အတွက် အန်တီနွယ်နဲ့အတူ ငါတို့ မွေးမြူရေးကန်တွေနဲ့ ခြံဝင်းကိုကြည့်ပြီး ပြန်သွားကြတယ်။

၅။
“သိမ့်တို့ ငွေဆောင်ကအပြန် ဆရာမကို ၀င်နှုတ်ဆက်တာပါ။ ဒါက သိမ့် အမျိုးသား ကိုမိုးယံထက်ပါ။ သမီးလေးက နီတျာလေ၊ ကိုမိုး၊ ဒါက စာရေးဆရာမ ပျားရည်လေ”

ခရီးရောက်မဆိုက် မသိမ့်သိမ့်သူက သမီး လေး နီတျာနဲ့ ခင်ပွန်း ကိုမိုးယံထက်ကို မိတ်ဆက် ပေးတော့ ငါလေ အရမ်းအံ့အားသင့်သွားတယ်။ မမျှော်လင့်ဘဲ ဟန်နီ့ကို မသိမ့်သိမ့်သူရဲ့ ခင်ပွန်း အဖြစ် သိလိုက်ရတယ်။ ဟန်နီဟာ ၀လာတာက လွဲလို့ ငယ်ရုပ် ပျောက်မသွားဘူး။ ဟန်နီဟာ ငါ့အတွက် မေ့နိုင်စရာ မမှတ်မိနိုင်စရာ အကြောင်း မရှိဘူး။ ရုတ်တရက် ငါ့ရဲ့ အံ့သြခြင်းတွေကို တုန်လှုပ်မှုက ၀ါးမျိုသွားတော့ ငါဟာ ကျောက် ဆစ်ရုပ်လို ငြိမ်သက်သွားတယ်။ ဟန်နီနဲ့ မသိမ့်သိမ့်သူက သမီးလေး နီတျာကို ချစ်လွန်းလို့ ရုပ်ရှင်နဲ့ ဗီဒီယို လုပ်ငန်းလုပ်တော့ ထုတ်လုပ်ရေး နာမည်ကို နီတျာလို့ ပေးထားမှန်း နားလည်လိုက်ပါတယ်။

ငါလည်း ဟန်နီတို့ မသိမ့်သိမ့်သူတို့ လိုပဲ ငါ့ရဲ့ပထမဆုံးနဲ့ နောက်ဆုံးချစ်သူ ဟန်နီကို ချစ်လွန်းလို့ ငါ့ရဲ့ကလောင် နာမည်ကို ပျားရည်လို့ ခံယူခဲ့တာလေ။ ပြီးတော့ ငါ့ဘ၀ စာမျက်နှာတိုင်း မှာရှိခဲ့တဲ့ ဟန်နီ့ကို မသိမ့်သိမ့်သူ ခင်ပွန်းအဖြစ် တွေ့လိုက်ရပေမယ့် အသက်အရွယ် အတွေ့အကြုံ နဲ့ အသိတရားတွေက လှုပ်ခတ်မှု၊ ပေါက်ကွဲမှုနဲ့ ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်း ရှိနေတော့ ငါတည်တည်ငြိမ်ငြိမ်ပဲ ဟန်နီကို ပြုမှု ဆက်ဆံနိုင် လိုက်တယ်။ ဒီအချိန်မှာပဲ မသိမ့်သိမ့်သူဆီက မျှော်လင့်မထားတဲ့ စကား ထပ်ကြားရတယ်။


“ရွှေအမြုတေမှာပါတဲ့ အဖေ့ရွာက ဆွေမျိုးတွေ မဂ္ဂဇင်း ၀တ္ထုရှည်ကို ရုပ်ရှင်ရိုက်ခွင့်ပေးပါဦး ဆရာမ”

အဖေ့ရွာက ဆွေမျိုးတွေက ငါးမွေးမြူရေး လုပ်ငန်းခွင်က ကျေးလက်လူငယ်တွေရဲ့ ဘ၀နဲ့ စရိုက်ကို ရယ်စရာ၊ ပြုံးစရာ၊ လွမ်းစရာ၊ ကြေကွဲ စရာအဖြစ် သနစ်စုံကို သရုပ်ဖော်ထားတဲ့ ၀တ္ထု ပါပဲ။ စာပေဝေဖန်ရေးဆရာတွေက အားပေး ကြိုဆိုခဲ့ကြတဲ့ ငါ့ရဲ့ပထမဆုံး မဂ္ဂဇင်းဝတ္ထုရှည် ပဲ။ ငါလေ ဟန်နီကို တွေ့နေရတော့ တည်တည် ငြိမ်ငြိမ်ပဲ အတိတ်ကို တွေးတောမိရင်းက မသိမ့်သိမ့်သူရဲ့ သတင်းစကားက ငါ့အတွက် စာပေ မှတ်တိုင်တစ်ခုက ရုပ်ရှင်ကား အဖြစ် တွေ့ရမှာမို့ ပီတိဖြစ်မိတယ်။

ငါ့မှာကြည်နူးမှုနဲ့ ကြေကွဲခြင်းကို ရောပြွမ်း ခံစားစေတဲ့ ကံကြမ္မာ ပါလာတယ် ထင်တယ်။ ဟန်နီတို့ကို ကော်ဖီနဲ့ ဧည့်ခံဖို့ မီးဖိုခန်း ၀င်သွား ရင်း ဟန်နီတို့အတွက် အန်တီနွယ်ကို ခြံထွက် သီးနှံတွေနဲ့ ခြံထွက် ပုစွန်တုပ်တွေ လက်ဆောင်ပေးဖို့ စီစဉ်ခိုင်းလိုက်ရတယ်။။ ဟန်နီ ဖရဲသီးကြိုက တာ ငါအမှတ်ရဆဲမို့ အန်တီနွယ်ကို ဖရဲသီး ကြီးကြီး ချိုချိုတွေပါအောင် စီစဉ်ဖို့ ငါအထပ်ထပ် မှာနေမိတယ်။ ငါနဲ့ ဟန်နီတို့ရဲ့ ဟောင်းနွမ်း ဆွေးမြည့်မှု မရှိသေးတဲ့ အတိတ်ကိုပြည်ဖုံးကားချ လို့ ငါနဲ့ ဟန်နီနဲ့ မသိခဲ့ကြသလိုပဲ ငါဆက်ဆံခဲ့ တယ်။ ငါတို့ နှစ်ယောက်ကြားက အတိတ်ကို တူးဆွနေလို့လည်း ငါတို့ဘ၀တွေ ပြောင်းလဲ လာကြမှာ မဟုတ်တော့ဘူး။ ပြီးတော့ ငါတို့ နှစ်ယောက်ရဲ့ ငယ်အတိတ်လေးကြောင့် ဟန်နီနဲ့ မသိမ့်သိမ့်သူတို့ကြားမှာ အဖုအထစ် ဖြစ်သွားမှာလည်း ငါစိုးရိမ်တယ်။ ဟန်နီ့ရဲ့ ဖြော့င်ဖြူးတဲ့ ဘ၀ ခရီးလမ်းမှာ ငါဟာ ဆူးငြောင့် ခလုတ်တစ်ခု ခု မဖြစ်စေရဘူးလို့ ပိုင်းဖြတ်ထားတယ်။

ဟန်နီဟာ ရည်မှန်းထားတဲ့ အတိုင်း ရုပ်ရှင် နဲ့ ဗီဒီယိုထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ကိုင်ခွင့် ရသလို လက်တွဲညီတဲ့ ချစ်ခင်စရာ ဇနီးကောင်း တစ်ယောက်နဲ့ ချစ်စရာ တီတီတာတာ ပြောတတ်တဲ့ ထက်မြက်တဲ့ သမီးလေး တစ်ယောက် ရထားပြီရယ်။ ဟန်နီ လျှောက်လှမ်းနေရဆဲ ဘ၀ခရီးဟာ ငါ့အတွက် ကျေနပ် ပီတိဖြစ်စရာ ပါပဲ။ ဒါပေမယ့်လို့ ဒီကျေနပ် ပီတိဟာ ငါ့အတွက် ဆားမပါတဲ့ဟင်းလို ဖြစ်နေတာတော့အမှန်ပဲ။
“ဆရာကြယ်သစ်ပဲ ဇာတ်ညွှန်းရေးပြီးတော့ ဒါရိုက်တာ မီးလျှံရိုက်ဖို့ စီစဉ်ထားပါတယ်”

ငါကော်ဖီတွေနဲ့ ဧည့်ခန်းထဲ ပြန်ဝင်လာတော့ မသိမ့်သိမ့်သူကပဲ ဦးဆောင်လို့ လုပ်ငန်း စကားတွေ ဆက်ပြောတယ်။ ငါနဲ့ မသိမ့်သိမ့် သူတို့စကားဝိုင်းထဲကို ဟန်နီ ပါဝင်ပြီး စွက်ဖက် ဆွေးနွေးမှု မပြုတာကို ငါ သတိထားမိတယ်။ ဟန်နီဟာ လူမှုရေး အရ ငါတို့ စကားဝိုင်းမှာ ပြောသင့်တာကိုပဲ စကားလုံး အနည်းဆုံး သုံးစွဲပြီး ပြောသွားတယ်။ ဟန်နီ့ရဲ့ ငါ့အပေါ် ဆက်ဆံပုံဟာ သိဟောင်းကျွမ်းဟောင်းတွေ ဆက်ဆံကြပုံ မျိုး မဟုတ်ဘဲ ပူပူနွေးနွေး တွေ့ဆုံစ မိတ်ဆွေ တစ်ယောက်ကို ဆက်ဆံပုံမျိုးပါပဲ။ ငါနဲ့ ဟန်နီရဲ့ ဆက်ဆံရေးဟာ နွေးထွေးမှု ကင်းမဲ့ပြီး အေးစက်မှု တွေသာ လွှမ်းခြုံနေတယ်။

ငါတို့အိမ်က ဟန်နီတို့ပြန်ဖို့ နှုတ်ဆက် ကြတုန်းမှာ ငါ့မွေးမြူရေးခြံထဲက အလုပ် သမလေးတစ်ယောက်က ဖြူဖြူကျော်သိန်းရဲ့ သီချင်းလေးတစ်ပုဒ်ကို သံနေသံထား မှန်မှန် အားမာန်အပြည့် ဆိုနေတာကို ငါကြားမိတယ်။
“ပြန်ရုပ်သိမ်းသွားခဲ့တဲ့ မင်းရဲ့ကတိတွေ အပြစ်မတင်ရက်ပါ ကြင်နာသူရေ သွားမယ် မင်းမရှိတဲ့ နေ့ရက်ထဲသွားမယ် မင်းမရှိတဲ့ လမ်းမတွေ ထက်မှာ ရင်ဆိုင်မယ်တစ်ယောက်တည်း ငါလေ နာကျင်စွာရှင်သန်မယ် တို့နှစ်ယောက်ပြန်မဆုံ တော့ဘူး...”

ဟန်နီနဲ့ ငါတို့ရဲ့ ဆယ်ကျော်သက် ဇာတ်လမ်း လေးဟာ အချိန်မီးတောက်ရဲ့ လောင်မြိုက်မှုကြား ပြာဖြစ်သွားခဲ့တာတော့အမှန်ပါပဲ။ ဟန်နီလည်း ဟန်နီရဲ့ဘ၀ခရီးကို လွတ်လပ်ပျော်ရွှင်စွာ လျှောက်နေသလိုပဲ ငါလည်း အချစ်နဲ့အလွမ်းရဲ့ အကျဉ်းသားအဖြစ်မခံဘဲ ငါ့ဘ၀ကို စာရေး စာဖတ်လုပ်ရင်းနဲ့ ဆက်လျှောက် ပျော်မွေ့နေမိ တယ်။ ဖြူဖြူကျော်သိန်းရဲ့ သီချင်းလေးထဲ ကလိုပဲ ငါနဲ့ဟန်နီလည်း လမ်းခွဲခဲ့ကြပြီ မဟုတ်လား။ ဟန်နီတို့ ငါ့ခြံထဲက ထွက်သွားချိန်မှာ ငါ့ခေါင်းထဲမှာ ပုစ္ဆာ တစ်ပုဒ်တော့ ဖြစ်နေရစ်ခဲ့ တယ်။ ဒီပုစ္ဆာက ငါ့အပြုအမူ၊ အပြောအဆိုတွေကို ရော ရုပ်ရည်ကိုပါ ဟန်နီ တကယ်ပဲ မမှတ်မိတော့ တာလား၊ ဒါမှ မဟုတ် ငါ့ရဲ့ အပြုအမူအပြော အဆိုနဲ့ ရုပ်ရည်တွေကို အားလုံးကိုဖြစ်ဖြစ် တစ်ခု ခုကိုဖြစ်ဖြစ် မှတ်မိပေမယ့်လို့ ဇနီးနဲ့ သမီးလေး ရှေ့မှာမို့လို့ မမှတ်မိဟန် ပြုသွားတာလား ဆိုတာ ပါပဲ။

ငါ့ကို ဟန်နီ မှတ်မိခြင်း မမှတ်မိခြင်း ဆိုတဲ့ အမှန်တရား တစ်ခုကို လောကမှာ သိနိုင်တာဆိုလို့ ဟန်နီနဲ့ ဘုရားသခင်ပဲ ရှိပါလိမ့်မယ်။



ကေကလေး


Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
 

စာဖတ် ပရိသတ်

We have 304 guests online

and

hit counter
views