ဘယ်သူ့ကိုမှ ဖိတ်မထားဘူး စိတ်ဝင်စားရင် လက်ရည်တူ ကစားနိုင်တယ် PDF Print E-mail
Written by ဟန်ဇော်   
Friday, 05 March 2010 15:54
Share |

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ဘားကမ့်ရန်ကုန် ၂၀၁၀ (Barcamp Yangon 2010) ကို ဇန်န၀ါရီလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ပွဲမှာ ကောက်ယူတဲ့ စစ်တမ်းအရ ပွဲကို တက်ရောက်တဲ့ လူဦးရေဟာ နှစ်ရက်ပေါင်း ၂၅၀၈ ဦး ရှိတယ်လို့ သိရတယ်။ အဆိုပါပွဲကို ရန်ကုန်မြို့က တက်ရောက်သူတွေ သာမက နယ်ကနေ တက်ရောက် ကြသူများကိုလည်း တွေ့ရပါတယ်။ ဘားကမ့်ရန်ကုန် ၂၀၁၀ ကို လူငယ် အများစု တက်ရောက်တာကို တွေ့ရတယ်။ စိတ်ဝင်တစားလည်း ရှိကြတယ်။ ဒါကြောင့် ဘားကမ့်ရန်ကုန် ၂၀၁၀ ဖြစ်မြောက်ရေး အတွက် ပါဝင်ကြိုးစားခဲ့ ကြတဲ့ မထိုက်ထိုက်အောင် (မဘာညာ)၊ ကိုဇော်ဇော်မျိုးလွင်(ဇော်ဇော်)၊ ကိုဘုန်းမြင့်ခိုင် (မင်းယွန်းသစ်)နဲ့ မခိုင်ဦးလွင် (နန်းညီ) တို့နဲ့ ဘားကမ့် အကြောင်း၊ Social Networking အကြောင်း၊ ဘားကမ့်ရန်ကုန် အကြောင်းတွေကို ပြောဖြစ်ခဲ့ကြ ပါတယ်။

ထိုက်ထိုက်အောင်။ ။ ဘားကမ့် အစကတော့Foo Bar ဆီကနေ လာတယ်။ Foo Bar ကတော့ Silicon Valley မှာ ဖိတ်ထားတဲ့ သူတွေပဲ တက်နိုင်တယ်။ Foo ကလည်း ဘယ်ကလာသလဲ ဆိုတော့ Friend of O' Reilly ဆီကနေ လာတယ်။ Frined of O' Reilly Bar ပေါ့။ အဲဒီကို ဖိတ်တဲ့ လူတွေပဲ သွားရတယ်။ Silicon Valley မှာက နည်းပညာ အရမ်းကို ကျွမ်းကျင်သူတွေပဲ ဖိတ်တာ။ အဲဒီကို တက်ချင်တဲ့ လူတွေကျတော့ အဖိတ် မခံရဘူး။ ဒါကြောင့် Foo Bar ကို ဆန့်ကျင်ပြီး Barcamp ကို လုပ်ကြတာ။Barcamp က သူနဲ့ပြောင်းပြန် ဖိတ်ဖိတ်၊ မဖိတ်ဖိတ် ကြိုက်တဲ့လူ တက်လို့ ရတယ်။ လာချင်တဲ့လူလာ သွားချင်တဲ့ လူသွား ပုံစံပါ။ ဘားကမ့်ကတော့ အဲဒီကနေ စလာတာပါ။

ဇော်ဇော်မျိုးလွင်။ ။ ဘားကမ့်ကို အတတ်နိုင်ဆုံး လူတိုင်းနားလည်အောင် ပြောပြပါဆိုရင် ဘားကို သွားရသလိုပဲ။ ဘားဆိုတာ ဘယ်သူမှ ဖိတ်ထားတာ မဟုတ်ဘူးလေ။ ဒီလိုပဲ လာကြတယ်။ လာရင်းနဲ့မှ ပြောဆိုနေတဲ့ စကားကို ၀င်လာသူက မိတ်ဖွဲ့ပြီးတော့ ပြောတယ်။ ကျန်တဲ့လူကလည်း လက်ခံတယ်။ အဲလိုပြောကြရင်းနဲ့ မိတ်ဆွေတွေ ဘာတွေ ရလာတယ်။ ဒါကအပြင်မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံစံပေါ့နော်။ အဲဒီပုံစံမျိုးပဲ ပွင့်လင်းတယ်။ ဘားကမ့် ဆိုတော့ နည်းပညာနဲ့ ပတ်သက်တဲ့လူတွေ လာကြတယ်။ သူတို့ စိတ်ဝင်စားတဲ့ နေရာကို စုလာတဲ့ သဘောပဲ။ ၀ါသနာတူတယ် ဆိုရင် သူငယ်ချင်း ဖြစ်ဖို့ လွယ်သလို၊ အချင်းချင်းမျှဝေဖို့ ဆိုတာလည်း လွယ်တယ်လေ။

ထိုက်ထိုက်အောင်။ ။ သူ့ပုံစံလေးက Unconfrence သဘောမျိုးသွားတယ်။ သူ့ရဲ့ Learning ပုံစံကလည်း ပရစ်မစ်ပုံစံမျိုးတွေ မသွားဘဲနဲ့ Many to Many ပုံစံမျိုးသွားတယ်။ One to Many မဟုတ်ဘဲနဲ့Many to Many ပုံစံ သွားတယ်။ တစ်ယောက်ချင်းဆီမှာ သူအရမ်းကို တတ်ကျွမ်းတဲ့ မျှဝေချင်တဲ့ အကြောင်းအရာတွေ ရှိတယ်။ လူတိုင်းဆီမှာ ရှိတဲ့ အကြောင်းအရာကို စုစည်း လိုက်တဲ့ သဘောမျိုးပါ။ Confrence က တစ်ယောက်ကနေအများ (One to Many) သွားတယ်လေ။ Unconfrence ကျတော့ တစ်ယောက်တည်းကနေ အများကိုပြောတာ မဟုတ်ဘဲနဲ့ အများကနေ အများသွားတဲ့ပုံစံပါ။ Confrence မဟုတ်တဲ့ ပုံစံမျိုးပါ။ ပရစ်မစ်ပုံစံက တတ်ကျွမ်းသူက အပေါ်ဆုံးမှာ။ တတ်ကျွမ်းသူက အပေါ်ကနေ ဖြန့်ချတယ်။

ဇော်ဇော်မျိုးလွင်။ ။Information Technology ခေတ်ရဲ့ ပုံစံက အွန်လိုင်းပေါ် မှာတင် မဟုတ်ဘဲနဲ့ အောက်ကို ခဏဆင်းလိုက်တဲ့ ပုံစံမျိုးပဲ။ Information တော့ဖြစ်နေတယ်။ မနက်ဖြန်ကို ခန့်မှန်းလို့ မရနိုင်ဘူး။ အဲဒီအတိုင်းပဲ ဘားကမ့်မှာ မနက်ဖြန်မှာ ဘာတွေပြောမယ် ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။ နားထောင်တဲ့ လူတွေလည်း မသိသလို စီစဉ်တဲ့ လူတွေလည်း မသိဘူး။ ဥပမာ - ၀က်ဘ်ဆိုက် တစ်ခုဆိုရင် အဲဒီ ၀က်ဘ်ဆိုက်မှာ ဘာတင်ထားမလဲ မသိဘူး။ အဲဒီကို သွားကြည့်မှပဲရမယ်။ ၀က်ဘ်ဆိုက် လိပ်စာကိုတော့ သိတယ်။ အဲဒီရောက်တော့မှ သူတင်ထားတဲ့ သတင်းက ကိုယ်ကြိုက်တာ ရှိမယ်။ ကိုယ့်အတွက် အသုံးမလိုတာ ရှိတယ်။ ထိုနည်းလည်းကောင်းပဲ အဲဒီကို လာလိုက်တော့မှ သာလျှင် အဲဒီမှာ ဘာတွေ လုပ်မယ်ဆိုတာ သိတယ်။ ဘားကမ့်ကSocial Networking နဲ့ အများကြီး ဆက်စပ်တယ်။ အွန်လိုင်းပေါ်မှာ စက္ကန့်နဲ့ မလပ်ဖြစ်နေတဲ့ အကြောင်းအရာကို Off Line ဆွဲချပြီး ရက်ပိုင်းလေးထုတ်ပြတဲ့ သဘောပဲ။ ဘားကမ့်ရဲ့သဘာဝက အဲလိုဖြစ်သွားတယ်။

ထိုက်ထိုက်အောင်။ ။ ရန်ကုန်ဘားကမ့်ကတော့ ကျွန်မတို့ ရုံးက ကိုရဲက အမေရိကား တစ်ခါသွားတယ်။ ၂၀၀၆ ခုနှစ်လောက်က။ အဲဒီကနေ ဘား ကမ့်ဆိုတဲ့ အကြောင်းကို သိလာတယ်။ ကျွန်မတို့ကို ပြောပြတယ်။ အခြေအနေ မပေးတာနဲ့ မလုပ်ဖြစ်ဘူး။ ၂၀၀၉ ခုနှစ်လောက်ကမှ အွန်လိုင်းမှာ နည်းနည်း ရှာကြည့်ရင်းနဲ့ ဘားကမ့်ကို တွေ့သွား တယ်။ ဘန်ကောက်မှာ မိတ်ဆွေ တစ်ယောက်ရှိ တယ်။ သူက အာရှမှာရှိတဲ့ ဘားကမ့်တွေ တော်တော်များများကို ကူညီပြီးတော့ လုပ်ပေးတယ်။ ဘားကမ့်အကြောင်းတို့၊ ဘားကမ့်ကို ဘယ်လို လုပ်ရတယ်ဆိုတဲ့ အကြောင်းကို ဦးစားပေးပြီး ရေးတဲ့ သူကို တွေ့တယ်။ သူ့ကို အကူအညီတောင်း ကြည့်တယ်။ သူကလည်း ကူညီမယ်။ တိုက်ဆိုင် သွားတာက အဲဒီအချိန်မှာ ကိုညီလင်းဆက်တို့ကို အဲဒီဘက်ကနေ လာပြီးတော့ တွေ့တယ်။ တိုက် တိုက်ဆိုင်ဆိုင် တိုက်သွားတယ်။

ဇော်ဇော်မျိုးလွင်။ ။ ကျွန်တော်တို့ ဘားကမ့် အတွက် တိုင်ပင်ကြတာ သုံးလလောက်ကြာတယ်။

နန်းညီ။ ။ ဘားကမ့် စပြီးတော့ လုပ်တဲ့ အချိန်က တည်းက တစ်ခုခုတော့ ဖြစ်အောင်ပြောမယ်လို့ စိတ်ကူးထားတယ်။ ဘားကမ့်မှာက အိုင်စီတီ တစ်ခုတည်း မဟုတ်ဘဲ အိုင်တီနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ ပြောလို့ရတယ် ဆိုတော့ ကိုယ်ကျွမ်းကျင်တဲ့ အရောင်အကြောင်း၊ ပန်းချီ အကြောင်း ပြောတယ်။ အင်တာနက် စာမျက်နှာတွေမှာ သုံးတဲ့ အရောင်တွေ အကြောင်းကို ပြောဖို့ ရွေးဖြစ်သွားတယ်။ ပါဝါပွိုင့် လုပ်တာတို့၊ အရောင်အကြောင်း စာဖတ်တာတို့ လုပ်တယ်။ ဘားကမ့်မှာကျတော့ သူ့သဘာဝအတိုင်း ကိုယ့်ဆွေးနွေး ခန်းကို လာဖို့ မဲဆွယ်တာပေါ့။ လက်ကမ်း စာစောင်လေးကို လက်နဲ့ပဲ ဒီဇိုင်း ဆွဲတယ်။ မိတ္တူကူးတယ်။ ဘားကမ့်က အစ်ကိုတွေ၊ အစ်မတွေက လက်ကမ်း စာစောင်လေးကို ၀ိုင်းပြီးတော့ ဝေပေးတယ်။ လာနားထောင်ရင် သကြားလုံး ရမယ်။ တကယ်တမ်း ပြောဖြစ်တဲ့ အချိန်ကျတော့ အခန်းထဲမှာ လူတွေက အများကြီးပဲ။ သကြားလုံးက မလောက်ဘူး။ မေးခွန်းမေးမှ သကြားလုံးပေးမယ်လို့ ပြောင်းလိုက်ရတယ်။ Presentation က ပထမဆုံး စလုပ်ဖူးတာ ဆို တော့ သိပ်တော့ အားမရဘူး။ ဒါပေမယ့် စိတ်ဝင်တစားနဲ့ မေးခွန်းမေးတဲ့ လူတွေ အများကြီးပဲ။ တော်တော် မေးကြတယ်။ လာနားထောင်သူတွေ ဘက်က ပြန်ဆွေးနွေးတဲ့ အခါကျတော့ ကိုယ်လည်း အိုင်ဒီယာ အသစ်တွေ ရလာတယ်။

ဇော်ဇော်မျိုးလွင်။ ။ ဘားကမ့်မှာ လူစိတ်ဝင်စားအောင် လုပ်ဖို့တော့ လိုတယ်။
စီးပွားရေးသဘော အရပြောရရင် ကြော်ငြာ အားကောင်းဖို့ လို့တယ်။ ကိုယ်ဆွေးနွေးမယ့် အကြောင်းအရာကို လာရောက် ဆွေးနွေးဖို့ အခုလို စည်းရုံးရတာမျိုးက ပုံမှန် Confrence တွေမှာ မရှိဘူး။ ကိုယ်နဲ့တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ လူတွေက ဘားကမ့်မှာ ပြောနေကြတာပဲ။ အဲဒီကြားထဲက ကိုယ့်ဆီ လာတယ်ဆိုရင် ဘာကြောင့်လဲ။ ဘယ်လိုပဲဖြစ် ဖြစ် ကိုယ့်ဆီ လူလာတယ်ဆိုရင် ပထမအဆင့် အောင်မြင်တယ်လို့ ပြောနိုင်တယ်။ တရားသဖြင့် ယှဉ်ပြိုင်ကြတာလေ။ အတင်း ဆွဲခေါ်တာလည်း မဟုတ်ဘူး။ လူတွေအနေနဲ့ကလည်း ဘယ်ကို နားထောင်မလဲဆိုတာ စဉ်းစားမှာပဲ။

ထိုက်ထိုက်အောင်။ ။ ကျွန်မဆိုရင် ဘားကမ့်မှာ ဒီဗီဒီတွေ ဝေတယ်။

မင်းယွန်းသစ်။ ။ ကျွန်တော်လည်း အင်တာနက် အကောင့်တွေပေးမယ် ဆိုပြီး မဲဆွယ်တယ်။

ဇော်ဇော်မျိုးလွင်။ ။ ကိုယ့်ဆီ လာနားထောင်တဲ့ သူကို လက်ဆောင်လေး ပြန်ပေးတယ်ဆိုတာ ဘားကမ့်ရဲ့ စတိုင်လေး တစ်ခုပါ။ အပျော်လည်း ဖြစ်တယ်။ လာတဲ့လူကလည်း စိတ်ဝင်စားတယ်။ ပြောတဲ့ အခါမှာလည်း သူပြောတဲ့ဟာမှ အမှန် ဆိုတာမျိုး မဟုတ်ဘူး။ အပြန်အလှန် ပြောကြ တာ။ ပွင့်လင်းတာပေါ့နော်။ အရင်တုန်းကဆို လာနားထောင်ပြီး တိတ်တိတ်လေး ပြန်သွားကြတာ များတယ်။

မင်းယွန်းသစ်။ ။ ကျွန်တော်က ပြင်သစ် စီအမ် အက်စ် (Contect Management System) တစ်ခု အကြောင်း ပြောတယ်။ ကျွန်တော် အဲဒီနေ့ အထိကို မပြင်ဆင်ရသေးဘူး။ ဟိုပြေးဒီပြေး လုပ်နေတာ။ ဒုတိယနေ့ ပြောတော့လည်း သူငယ်ချင်းတွေ အခန်းလိုက်နားထောင်လို့ရအောင် အချိန်ရွှေ့ ရင်းရွှေ့ရင်း၊ နောက်ဆုံးညနေ လေးနာရီကနေ ငါးနာရီ အချိန်ကျမှ ကျွန်တော်ရတယ်။ Domain နဲ့ Hosting တွေ အလကားရနိုင်တယ်ဆိုပြီး ကြော်ငြာဘုတ်မှာ ကပ်လိုက်တယ်။ အဲဒီမှာ အားလုံးက စကားဝိုင်း ပုံစံမျိုးဖြစ်သွားတယ်။ ကျွန်တော်ပြောတဲ့ စီအမ်အစ်နဲ့ တခြား စီအမ်အစ် အကြောင်းတွေကို အားနည်းချက်၊ အားသာချက်တွေ ပြောဖြစ်တယ်။

ထိုက်ထိုက်အောင်။ ။ ကျွန်မ Presentation လုပ်တော့ သူငယ်ချင်းတွေနဲ့ မတိုက်အောင် လုပ်လိုက်ရတယ်။ သူတို့အချိန်တွေ သွားအားပေးချင်တော့ သူတို့နဲ့ မတိုက်တဲ့ အချိန်တွေ ရွေးတယ်။ ဒီဗီဒီတွေလည်း ဝေတော့ လာနားထောင်ကြတယ်။ ဒီဗီဒီ လိုချင်လို့ လာကြတယ် ထင်တယ်။(ရယ်လျက်)
ဘားကမ့် ပထမနေ့မှာ ပြောတဲ့လူ သိပ်မရှိဘူး။ အခြေအနေ စောင့်ကြည့်နေသေးတယ်။ ပထမနေ့တုန်းက အမြဲတမ်း ပြောလေ့ပြောထ ရှိသူတွေ ပြောတယ်။ ဒုတိယနေ့မှာ ကျတော့ လူငယ်တွေ တော်တော်များများ ပါလာပြီ။ ဥပမာ - ရန်ကုန်အစ်စီဖန် ကလပ်က လူငယ်တွေ ဆိုရင် ပထမနေ့ကိုကြည့်ပြီး ပြင်ဆင်လာကြ တယ်။

မင်းယွန်းသစ်။ ။ ဆိုရှယ်နက်ဝက်ကင်း(Social Networking) အကြောင်းတွေ ဘာတွေ ကြုံလို့ ၀င်ပြောသွားတာမျိုးတွေ ရှိတယ်။

ထိုက်ထိုက်အောင်။ ။ ဘားကမ့်မှာ ကျွန်မအချိန် တုန်းကဆိုရင် အွန်လိုင်း လုံခြုံရေး အကြောင်းပြော တယ်။ ပြောရင်း ပြောရင်းနဲ့ တက်တဲ့ လူတွေထဲက အွန်လိုင်းလုံခြုံရေး အကြောင်း နားလည်သူတွေ ပါလာတယ်။ ပါလာတော့ ဆွေးနွေးပွဲလေးလို ဖြစ်သွားတာပေါ့။

မင်းယွန်းသစ်။ ။ ဘားကမ့်က အိုင်တီနဲ့ ပတ်သက်တယ်ဆိုတော့ အိုင်တီသမားတွေ လာတယ်လေ။ အနည်းဆုံးLaptop လောက်တော့ ပါလာ မယ်။ သူတို့ကဘားကမ့် အကြောင်းကို Facebook မှာ Live တင်ချင်တယ်။ အဲဒါကြောင့် အင်တာနက် ကောင်းဖို့ လိုတယ်။

နန်းညီ။ ။ ဘားကမ့် ရန်ကုန် ၀က်ဘ်ဆိုက် ပင်မ စာမျက်နှာမှာ ဘားကမ့် အကြောင်းတွေ တက်နေတယ်။ ကိုယ့်အကြောင်းလည်း ပြန်တွေ့ရတယ်။၂၀၁ ကိုသွားကြမယ်။ သကြားလုံး ရမှာတဲ့။ အခန်းထဲမှာ သကြားလုံး မပေးနိုင်တော့။Where is Lolly Pot, Where is Lolly Pot ဆိုပြီးတက် နေတာတွေ့ ရတယ်။ ပြီးတော့ အရောင်အကြောင်း တွေ ပြောတယ်။ အဲဒီမှာ နောက်ဆုံးတော့လည်း ခရမ်းရောင်ဟာ သစ္စာရှိတဲ့ အရောင်ဖြစ်သွားပါ လား။ အဲလိုမျိုးတွေ ချက်ချင်း ပြန်ပြီးတော့ အင်တာနက်ပေါ်မှာ တွေ့ရတယ်။ အခန်းတိုင်းမှာ အင်တာနက် ရနေတော့ အခန်းထဲမှာ ရှိတဲ့သူတိုင်းက ဒီအကြောင်းကို ပြောနေကြတာဆိုတော့ ဘား ကမ့်ပြင်ပမှာ ရှိနေတဲ့ လူတွေက ဘားကမ့်ဝက်ဘ် ဆိုက်ရဲ့ ပင်မစာမျက်နှာ (Main Page) ကို စောင့် ဖတ်နေရုံနဲ့ ဘယ်အခန်းမှာ ဘာတွေပြောနေတယ်။
အခန်းထဲက ဟာသတွေ အခက်အခဲတွေကို ပွဲ မလာနိုင်သူတွေ သိနေနိုင်တယ်ပေါ့။

ထိုက်ထိုက်အောင်။ ။ ဘားကမ့်က လူငယ်ရယ်၊ လူကြီးရယ်တော့ မဟုတ်ပါဘူး။ အကုန်လုံးပါပဲ။ နည်းပညာကို စိတ်ဝင်စားတာက လူငယ်တွေက များတယ်။

ဇော်ဇော်မျိုးလွင်။ ။ အမှန်တော့ အိုင်ဒီယာ ဖလိုးပါ။ အမြင့်ကနေ အနိမ့်ကို စီးတယ်။ အနိမ့် ကလည်း အမြင့်ကို ပြန်တက်တာလည်း ရှိတာပဲ။ သူက ဒီလိုလည်နေတယ်။ လူကြီးက အသက် ကြီးတယ်။ လူငယ်က ငယ်တယ်။ ဒါပေမယ့် ခေါင်းထဲမှာ ရှိတဲ့ အတွေ့အကြုံပညာတွေက မတူကြဘူး။ လူကြီးက အတွေ့အကြုံရှိတယ်။ လူငယ် တွေက နည်းပညာ ရှိတယ်။ အဲဒီအတွေ့အကြုံနဲ့ နည်းပညာပေါင်းစပ်ရင် အကျိုးအမြတ်တစ်ခု ထွက်လာမယ်။ အဓိကအားဖြင့် လူငယ်တွေ လာကြတယ်။ တရားစခန်းဆိုရင် လူကြီးတွေ လာကြတာများတယ်ပေါ့။ လူကြီးတွေပဲလာရ မယ် သတ်မှတ်ထားတာ မဟုတ်ဘူး။ လူငယ် တွေလည်း တရားစခန်း သွားကြတာပဲ။ အားလုံးနဲ့ ဆိုင်တယ်။

ဘားကမ့်မှာ တက်ရောက်သူ အရေအတွက် များတယ်ဆိုတာ အရမ်း အရေးကြီးတယ် မဟုတ်ပေမယ့် ဒီပွဲလုပ်ကတည်းက လူလာစေချင်တာကိုး။ ပွဲရှိမှ လူလာတယ်။ ပွဲကြီးတယ် မကြီးဘူး ဆိုတာက လူလာတဲ့ အပေါ်မှာ ဆုံးဖြတ်ကြတာ။ ရန်ကုန်မြို့နေတဲ့ လူတောင် မြန်မာအင်ဖိုတက်ခ် လာဖို့ အခက်အခဲရှိတယ်။ ဒါပေမယ့် ငွေကုန်ခံ၊ အချိန်ကုန်ခံ၊ လူပင်ပန်းခံပြီး ဒီပွဲကို ဘာလို့ လာကြလဲ။ ဒီပွဲက ဈေးရောင်းပွဲလည်း မဟုတ်ဘူး။ စိတ်ဝင်စားစရာ ပြခန်းတွေပြထားတဲ့ ပြခန်းတွေလည်း မရှိဘူး။ ဘာလို့လာကြလဲ။ မြန်မာပြည်မှာရှိတဲ့ လူငယ်တွေက ဒီလိုအရည် အသွေးကို မျှော်လင့်နေကြတယ်။ ဒီလိုပွဲမျိုးကို များများစားစား လုပ်ပေးဖို့ လိုတယ်။ လူကြီးတွေ အနေနဲ့လည်း နားလည်ဖို့ လိုတယ်။

ထိုက်ထိုက်အောင်။ ။ ဘားကမ့် စီစဉ်လိုက်တော့ မိတ်ဆွေသစ်တွေ တော်တော်ကို တိုးပွားသွား တယ်။ ဘားကမ့်ရဲ့ ပုံစံအတိုင်း အသိပညာ တိုးလာတယ်။ ခေါင်းဆောင်မှု အရည်အသွေးလည်း တိုးတက်လာတယ်။ ကိုယ်က ဦးဆောင် ရတဲ့ အခါကျတော့ ကိုယ်ရဲ့ကိုယ်ပိုင် အရည်အသွေးတွေက တိုးတက်လာတယ်။

မင်းယွန်းသစ်။ ။ မိတ်ဆွေ တိုးလာတယ်။ အရင်က သိပ်မရင်းနှီးတဲ့ လူတွေ ပိုပြီး ရင်းနှီးလာတယ်။ သူငယ်ချင်း တစ်ယောက်ဆိုရင် အိုင်တီနဲ့ ပတ်သက်ပြီး ပြောဖြစ်ရင်းနဲ့ အတူတူ တွဲလုပ်လို့ရမယ့် အလုပ်အကိုင်တွေ ပေါ်လာတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တွေ့လာတယ်။ အရင်တုန်းက ဒီလိုပဲ ပြောနေတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ဘာကို စိတ်ဝင်စားမှန်း မသိဘူး။ အခုဘားကမ့်မှာ နီးနီးစပ်စပ်ရှိတဲ့ အခါကျတော့ ပေါင်းပြီး အလုပ်လုပ်လို့ ရသွားတယ်။

နန်းညီ။ ။ Presentation ပြောဖူးသွားတယ်။ တကယ်လို့သာ ဟောပြော ပွဲပုံစံ ဆိုရင် ဘယ်တော့လောက်မှ ပြောဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ အခု ကျတော့ ဘယ်သူမဆို ပြောလို့ရတယ်။ သိပ်ပြီးတော့ ပူပင်တာ မရှိဘူး။ ဟောပြောပွဲဆိုရင် သူတို့ဘာမေးမေး သိအောင်လုပ်ထားရတော့မယ်။ အခု ကျတော့ ကိုယ်မသိလည်း ဟာမသိဘူး သိတဲ့လူဖြေပေးပါလို့ ပြောလို့ရတယ်။ ကိုယ့်ဟာနဲ့ကိုယ် လုပ်ရဲကိုင်ရဲ ရှိလာတယ်။ တာဝန်ယူတတ်တဲ့ စိတ်လည်းရှိလာတယ်။ အရင်တုန်းကဆိုရင် ခိုင်းတာလေးပဲ လုပ်လိုက်တယ်။ အဲဒီပွဲလည်း ရောက်ရော၊ လာတဲ့လူလည်း များတယ်။ လည်ဆွဲ အ၀ါရောင် မြင်တာနဲ့ ပွဲလာသူတွေက သူတို့လိုတာကို မေးတော့တာပဲ။ မသိဘူးလို့ ပြောလိုက်လို့မရတော့ အကုန်လုံးသိအောင်လိုက်လုပ်ရတယ်။ တာဝန်ယူ တတ်တဲ့ စိတ်တိုးတက်လာတယ်။

ဇော်ဇော်မျိုးလွင်။ ။ အများသူငါကို အခုလို လုပ်ပေးနိုင်တာ ၀မ်းလည်းသာ တယ်။ ဂုဏ်လည်း ယူတယ်။ တစ်ယောက်တည်း တစ်ဦးတည်း လုပ်လို့မရ ဘူး။ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ ဆန္ဒလည်း အောင်မြင်သွားတယ်။ အခု လက်ရှိတော့ ကိုယ်လုပ်သလောက်လည်း အရာထင်တယ်။ ပွဲဖြစ်မြောက် သွားတယ်ပေါ့လေ။ ဘားကမ့်မှာ လူကြီး လူငယ်ပုံစံမျိုးတွေ မရှိတော့ဘဲ အားလုံး နွေးနွေးထွေးထွေး ရှိတယ်။ အားလုံး တစ်သားတည်း ဖြစ်နေတယ်။

ထိုက်ထိုက်အောင်။ ။ ဘားကမ့် မလုပ်ခင်တုန်းက ခဏခဏ လာပြီးတော့ ခေါင်းစားနေတဲ့ တစ်ယောက် တွေ့တယ်။ ဘားကမ့်က ဘာလို့လုပ်ရတာလဲ အရမ်းမေးတာ။ ဘားကမ့်နေ့ကျတော့ တွေ့တယ်။ သူက Presentation လာပြတယ်။ အဲဒီကျမှ သူက လာချင်လို့ မေးတာတဲ့။

နန်းညီ။ ။ ဟုတ်တယ်။ အဲဒီကျမှ အွန်လိုင်းပေါ်မှာ ခင်နေပြီး အပြင်မှာ အခုမှ နန်းညီ မဟုတ်လားဆိုပြီး လာလာ နှုတ်ဆက်တဲ့ လူတွေများတယ်။ တချို့တွေကလည်း မှတ်မိတယ်။ တချို့ကျတော့ မမှတ်မိဘူး။

မင်းယွန်းသစ်။ ။ ကျွန်တော်လည်း ဒီလိုပဲ မေးခံရတာပေါ့နော်။ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆိုရင် အပြင်မှာ မကြုံဖြစ်ဘူး။ သူတို့ဆုံတဲ့ အချိန် ဆို ကျွန်တော် မအားတာနဲ့ မဆုံဖြစ်ဘူး။

ထိုက်ထိုက်အောင်။ ။ ဟုတ်လား။ တကယ် မဆုံဖြစ်ဘူးလား။

မင်းယွန်းသစ်။ ။ မတွေ့ဖူးဘူး။ အွန်လိုင်းမှာပဲ အရမ်းခင်တယ်။ အဲဒီနေ့ကျမှ တွေ့တယ်။ကျွန်တော် ဘယ်သူပါဆိုပြီး တွေ့တယ်။ အွန်လိုင်းမှာ ခင်နေတာ နှစ်နဲ့ ချီကြာနေပြီ။

ထိုက်ထိုက်အောင်။ ။ ဘားကမ့်ဆိုတဲ့ နာမည်ကိုတော့ အကုန်လုံးယူကြတယ်။ ဘားကမ့်ကို ခေါင်းစဉ်ကြည့်လိုက်တာနဲ့ ဘယ်တုန်းက ဘယ်မှာ လုပ်သွား တယ်ဆိုတာ သိရတာပေါ့။ ဥပမာ ဘန်ကောက်မှာဆို ဘားကမ့် ဘန်ကောက် ၁၊ ဘားကမ့်ဘန်ကောက် ၂၊ ဘားကမ့်ဘန်ကောက် ၃ အဲဒီလို မျိုးလုပ်ကြ တယ်။ အခုနောက်ဆုံး ဘားကမ့် ဘန်ကောက် ၄ ဆိုပြီးလုပ်တယ်။ အခု ကျွန်မတို့ဆီမှာတော့ ဘားကမ့်ရန်ကုန် ၂၀၁၀။ ဒါတွေက သူ့ရဲ့ခေါင်းစဉ် အနေနဲ့ ဖြစ်သွားတာ ပေါ့။

ဇော်ဇော်မျိုးလွင်။ ။ ဒေသအလိုက် လုပ်တယ် ဆိုတာက ပြောမယ်ဆို လွတ်လပ်တယ်လို့ သဘောရပါတယ်။ ဥပမာ ဘားကမ့်မြန်မာရယ် လို့ လုပ်လိုက်ရင် တခြားမြို့တွေမှာလုပ်ဖို့ အခက်အခဲဖြစ်သွားတယ်။ ဘားကမ့်မြန်မာဆိုပြီး ရန်ကုန်မှာလုပ်ပြီး မန္တလေးမှာ ဘားကမ့်မြန်မာ ဆိုပြီး ထပ်လုပ်ဖို့ သူ့အတွက်က ကိုယ်စားပြုလို့ မရတော့ဘူး။ ဒေသခံတွေရဲ့ အခွင့်အလမ်း၊ နည်းပညာပိုင်းဆိုင်ရာ၊ အသိပညာအားလုံး တိုးတက်ဖို့အတွက် သူ့တို့ရှိတဲ့ နေရာအတွက် သူတို့ကိုပေးတဲ့ သဘောပဲ။ ဘားကမ့်မြန်မာဆို အားလုံး အကျုံးဝင်သွားပြီ။ တကယ်တမ်း လုပ်တော့ ရန်ကုန်မှာ လုပ်တာ ဘားကမ့်မြန်မာလို့ ယူသုံးလိုက်ရင် တခြားဒေသတွေ အတွက် အခွင့် အလမ်း အရမ်းနည်းသွားမယ်။ နယ်ကနေ ဘားကမ့်ရန်ကုန်ကို လာတယ်။ ပြီးတော့ နယ်မှာ ပြန်ဖြန့်တယ်ဆိုတာ အရမ်းကိုကောင်းတဲ့ အကျိုး အမြတ်ပဲ။ ကျွန်တော်တို့က လိုက်လုပ်မှာ မဟုတ်ဘူး။ လိုအပ်လို့ အကူအညီ တောင်းလာရင် ကူညီမယ်။ ငါတို့ ရန်ကုန်မှာလုပ်ထားလို့ နယ်မှာ လည်း ငါတို့ပဲ လုပ်မယ် ဆိုတာမျိုး မဟုတ်ဘူး။ သူတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီအတွက်ကို ကြိုတင်ပြီးတော့ ပြင်ဆင်ပေးထားတဲ့ သဘောပဲ။ အကုန်လုံးအတွက် အခွင့်အလမ်း ရှိတယ်။ ထိုင်းမှာဆို ဘားကမ့်ချင်းမိုင် ရှိတယ်။ နယ်မြို့တွေ ကလည်း မြို့သေးသည် ကြီးသည်ဖြစ်စေ လုပ်လို့ ရတယ်။ မြို့သေးသေးတွေမှာ လုပ်တာသည် ကိုယ်မြို့မှာရှိတဲ့ လူဦးရေတစ်ရာလောက်ဖြစ်ရင် ဖြစ်နေမယ်၊

ဆယ်ယောက်လောက်လည်း ဖြစ်ရင် ဖြစ်နေမယ်။ အဲလိုလူတွေက စုလိုက်ပြီး ဥပမာ မွန်ပြည်နယ်မှာရှိနေတဲ့ လူတွေစုလိုက်ပြီး မော်လမြိုင်မှာလုပ်မယ်ဆိုရင် ပိုပြီးတော့ကောင်း ပါတယ်။ အသေးလေးတွေ အရမ်း ကွဲနေတော့လည်း ကြည့်ရမြင်ရတာ မကောင်းဘူး။ အရမ်း ပွထသွားပြီးတော့ ဖောင်းပွ သွားတာပဲရှိမယ်။ ကျွန်တော်တို့က ဒီနာမည်ကို မူပိုင်ခွင့်ယူပြီး သိမ်းထားတာ မဟုတ်ဘူး။ လူတိုင်းက သုံးလို့ ရတယ်။ နယ်ကလူတွေ လုပ်မယ်ဆို လုပ်ပါ။ လိုအပ်တဲ့အကူအညီလိုရင် ကျွန်တော်တို့ အွန်လိုင်းမှာ ရှိနေပါတယ်။ လိုအပ်တဲ့ အကူအညီ ဆိုတာ နည်းပညာပိုင်းကို ပြောတာပါ။

ထိုက်ထိုက်အောင်။ ။ ဘားကမ့်က မြို့အလိုက်ကို ခွဲသွားတဲ့ဟာမျိုးတင် မဟုတ်ဘဲ ပညာရပ်ပိုင်း ဆိုင်ရာမှာ ခွဲသွားတာလည်း ရှိတယ်လေ။ ဖက်ရှင်ကမ့်တို့၊ ဘလောက်ခ်ကမ့်တို့၊ ဦးဘွန်တူ ကမ့်တို့၊ စာအုပ်နဲ့ ပတ်သက်ပြီး ဘွတ်ခ့်ကမ့် တို့လည်း ရှိပါတယ်။ ဘားကမ့်ကို ဘယ်သူမှ ပိုင်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘားကမ့်တွေ အားလုံးကို စုစုစည်းစည်း မြင်ရအောင်လို့ www. barcamp.org ဆိုတဲ့ ၀က်ဘ်ဆိုက်ကို တင်ပေးထားတယ်။ အဲဒီမှာဆိုရင် ဘားကမ့်ကို ကမ္ဘာအနှံ့ ဘယ်အချိန် လုပ်မယ်ဆိုတဲ့ ပြက္ခဒိန်လေး ရှိတယ်။ ကြည့်လို့ရ တယ်။ ဘားကမ့်တစ်ခု လုပ်မယ်ဆိုတဲ့ လိုအပ်တဲ့ ဟာတွေကို အဲဒီမှာ တွေ့နိုင်တယ်။ ဘားကမ့် တစ်ခုကို စမယ်ဆိုရင် အတိအကျမဟုတ်ပေမယ့် လူတွေက ဘယ်လောက်ရှိရမယ်ပေါ့။ ဘာတွေ တာဝန်ယူရမယ်ပေါ့။ www. barcamp.org နောက် မှာ ကိုယ့်နာမည်နဲ့လည်း စာမျက်နှာ ယူထားလို့ ရတယ်။ စီစဉ်နေတဲ့ လူတွေလည်း အဲဒီ ၀က်ဘ်ဆိုက်ကို သုံးနေတယ်ဆိုတော့ ကိုယ်လိုအပ်တာ တွေကို သူတို့လည်း ကူညီနိုင်တယ်။ အဓိကကတော့ ဘားကမ့် စီစဉ်သူတွေ အတွက်ကို ကူညီဖို့ လုပ်ပေးထားတဲ့ ၀က်ဘ်ဆိုက်မျိုးပေါ့။

ဇော်ဇော်မျိုးလွင်။ ။ နယ်မြို့တွေ အနေနဲ့ လုပ်မယ်ဆိုရင်လည်း စီမံခန့်ခွဲမှု တတ်တဲ့ လူတွေက စီစဉ်သူတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့က စလုပ်တယ် ဆိုတာနဲ့ barcamp.org မှာ တင်ထားလို့ ရတယ်။ အဲဒီမှာ သိလာကြမယ်။ စိတ်ဝင်စားတဲ့လူ လာလိမ့်မယ်။ ကျွန်တော်တို့က ဖြစ်နိုင်ချေ ရှိတာလေး ပြောပြနိုင်တယ်။ ကျွန်တော်လုပ်ပေး နိုင်တာ လုပ်ပေးမယ်။ လူကိုယ်တိုင် လာနိုင်ချင် လည်း လာနိုင်မယ်။ အကြံပဲပေးနိုင်ရင်လည်း ပေးနိုင်မယ်။ ဘယ်ဟာမှ မသေချာဘူး။ ပြောရ ရင် အွန်လိုင်းပေါ်မှာ ဖြစ်နေတဲ့ အတိုင်းပဲ ဘာမှ မသေချာဘူး။ ပွဲတစ်ခု လုပ်တယ်ဆိုရင်တော့ ငွေကြေးတွေ လိုလာမယ်။ လူအင်အား လိုလာမယ်။ ခွင့်ပြုချက် လိုလာမယ်။ ဒါလေးတွေကိုတော့ စဉ်းစား ထားသင့်တယ်ပေါ့။

Social Networking ရဲ့ သဘာဝဆိုရင် သိပြီးတဲ့လူလည်း ရှိတယ်။ မသိသေးတဲ့ လူလည်း ရှိတယ်။ ကျွန်တော်ကနေ ကျွန်တော့် သူငယ်ချင်းကို မျှဝေတဲ့ သတင်း အချက်အလက် ရှိတယ်။ ကျွန်တော့် သူငယ်ချင်းတွေရဲ့ အချက်အလက်ကို ဖတ်လို့ရတဲ့ သူငယ်ချင်းတွေ ရှိတယ်။ အသေး စိတ်သာ မသိရင်နေမယ်။ အဲဒီကတစ်ဆင့် ဆင့်ပွားသွားတာပေါ့နော်။ ကျွန်တော်တို့ ခဏလေး အောက်ဖ်လိုင်းမှာ လူတွေ အများကြီး ဆိုရင် အွန်လိုင်းမှာ သိနိုင်ရှာနိုင်တဲ့ လူတွေက ဒီထက်မက များပြားရမယ်။ ဘယ်လောက်ပဲ အကောင်းဆုံးတွေ ထည့်ထား ထည့်ထား အသုံး ၀င်ဖို့က အရေးကြီးပါတယ်။ှ    Social Networking တွေ အဓိကဒီဘက်မှာ အောင်မြင်လာသလဲ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ဖလှယ်ကြ လို့ပါ။

ထိုက်ထိုက်အောင်။ ။ ပထမဆုံး    Social Networking က ဖိုရမ်တွေ ဘာတွေ သုံးတုန်းကတော့ ရည်ရွယ်ချက်လေးက သေးသေးလေး။ သူငယ် ချင်းတွေ ဘာတွေရဖို့ကနေ စတာပေါ့။ နောက် ပိုင်းလည်းကျတော့    Social Networking တွေကြောင့် အများကြီး လုပ်လို့ရတာကို သိလာတယ်လေ။ ကိုယ့်ရဲ့ စာမျက်နှာမှာ သူငယ်ချင်းတွေ များလာလေ သတင်း အချက်အလက်တွေ ရလာလေ။ ပြီးတော့ ကိုယ့်ဆီမှာ သူငယ်ချင်းများလေ ကိုယ်ပေးချင်တဲ့ သတင်း အချက်အလက်လည်း များများရောက်တယ်။ ကိုယ်နဲ့ စိတ်တူရာ လိုက် ရှာလို့ရတယ်။Facebook ဆိုရင် မီဒီယာအသစ် တစ်ခုလို ဖြစ်လာတယ်။ သူငယ်ချင်းရှာတဲ့ အဆင့်ကနေ ရည်ရွယ်ချက် ပြောင်းလာကြပါ တယ်။

နန်းညီ။ ။ ရုံးမှာဆိုရင် ကိုယ်တစ်ယောက်တည်း ထိုင်ပြီး အလုပ်လုပ်နေရတယ်။ ရုံးမှာက အလုပ် လုပ်ရတာ ကိုယ့်ကျွမ်းကျင်မှုကြောင့် တစ်ယောက် နဲ့ တစ်ယောက် ဘာသာစကား မတူဘူး။ ဒီဇိုင်း ဆွဲနေရင်းနဲ့ ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူး ဆိုရင်Facebook ပေါ်မှာ ဆွဲလက်စ အတိုင်းပဲ တင်လိုက်တယ်။ လုပ်ကြပါဦး။ ဆက်စဉ်းစားလို့ မရတော့ဘူး။ ဘယ်လိုလေး လုပ်ချင်တာလို့ ပြောလိုက်ရင် ချက်ချင်းချက်ချင်းပဲ မှတ်ချက်တွေ တက်လာတယ်။ တစ်ခါတလေ ၀င်နောက် သွားတာလည်း ရှိတယ်။ ၀င်နောက်သွားတာ ကလည်း သွားပြီးတော့ အိုင်ဒီယာ ရရင်လည်း ရနေတယ်။ ကိုယ့်ထက်တော်တဲ့ တတ်တဲ့ သူတွေကလည်း အကြံပေးတာတွေ ရှိတယ်။ ချက်ချင်း တုံ့ပြန်မှုရတာ အရမ်းကောင်းတယ်။ နည်းပညာပိုင်း ဆိုရင်လည်း ချက်ချင်းမေး ချက်ချင်းသိတယ်။ အရင်တုန်းကဆိုရင် တစ်ယောက်ယောက် အနားမှာ ရှိမှ မေးလို့ရမယ်။ အခုကျတော့ ဘယ်သူ့ဆီကမဆို မတူတဲ့ အိုင်ဒီယာတွေ အများကြီးရလာတယ်။ အလုပ်အတွက် အထောက်အကူ ဖြစ်လာတယ်။

မင်းယွန်းသစ်။ ။Social Networking ရဲ့ အားသာချက်က ဘာလဲဆိုတော့ ကျွန်တော် မသိသေးတဲ့ အိုင်တီ အခက်အခဲတွေ ကျရင် စာမျက်နှာ တစ်ခုတင် ပြီး မေးလိုက်လို့ ရတယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာတွေကို သူတို့ ဆီကနေ ပြန်ရတယ်ပေါ့နော်။ ကျွန်တော် သိထားတာလည်း ပြန်ပြီးမျှဝေ လို့ ရတယ်ပေါ့နော်။

ဇော်ဇော်မျိုးလွင်။ ။Social Networking တွေ အခုမှ ပေါ်လာတာ မဟုတ် ဘူး။ အွန်လိုင်းတွေနဲ့ တစ်ပြိုင်တည်း ပေါ်ပေါက်လာတဲ့ဟာပါ။ အွန်လိုင်း ပေါ်လာပြီး ဆိုကတည်းက ဒါနက်ဝက်ဘ်ပဲ။ နက်ဝက်ဘ်ကိုကSocial Networking ဖြစ်လာမယ့် မျိုးစေ့ပဲ။ အကောင်းနဲ့အဆိုးကတော့ အမြဲတမ်း ဒွန်တွဲနေတာ တွေ့နေရတယ်။ Social Networking မှာ ကိုယ့်အကြောင်း အမှန်တင်ပြတာ အကောင်းဆုံးဖြစ်မယ်။ အဲလိုဖြစ်လေလေ ကျွန်တော်တို့က အမှန်ရလေပဲ။ ကိုယ့်မိတ်ဆွေမှန်းသိတဲ့ အခါကျမှ ကျွန်တော်တို့က အမှန် ပြောမယ်။ မသိရင်တော့ ပြောချင်မှ ပြောမယ်။ ကိုယ်ကိုယ်တိုင်ကလည်း အမှန်တိုင်း တင်ထားမှ ကိုယ့်အပြုအမူကို ထိန်းသိမ်းမယ်။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ တင်လိုက်လို့ ရှိရင် အားလုံးက ကျွန်တော့်ကို ပြောမယ်။ မြင်မယ်။ သိမယ်။ ကျွန်တော် ကောင်းတာရေးလည်း သိမယ်။ ပိုပြီးလည်း တစ်ယောက်ကိုတစ်ယောက် ရိုးသားမယ်။ အွန်လိုင်းရဲ့ အနှစ် သာရက ကိုယ်က အမှန်ပေးရင် အမှန်ပြန်ရမယ်။

ကိုယ်က အမှားပေးရင် အမှားပြန်ရမယ်။ ကျွန်တော်တို့ ကိုယ့်အချက်အလက်ကို အမှန်ပေးထားတယ်။ ကိုယ့်ဆီလာတဲ့ ဟာကိုလည်း အရိုးသားဆုံး ပြန်လိုချင်တယ်။ ဒါကြောင့် အချက်အလက်၊ ဓာတ်ပုံအမှန် မဖော်ပြရင် ကိုယ့် Social Network ရဲ့စာမျက်နှာမှာ မိတ်ဆွေအဖြစ် လက်မခံဘူး။
မမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်၊ မမြင်ဖူးတဲ့ ယောက်ျားလေး တစ်ယောက်က သူက Friend Request လုပ်သည်ပဲဖြစ်စေ၊ ကိုယ်ကသွား လုပ်သည်ပဲဖြစ်စေ၊ ကိုယ်က အများကြီးစဉ်းစားတယ်။ အရမ်း မလုပ်တော့ ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ရဲ့အကြောင်းအရာတွေကို တစ်ဖက်က မိတ်ဆွေ ဖြစ်တာနဲ့ သိတော့မှာလေ။ ဓာတ်ပုံတွေကို ကူးယူပြီး မဟုတ်တဲ့ နေရာတွေမှာ အသုံးချကြတာတွေဟာSocial Network မှာ မကောင်းတဲ့ အချက်တွေ ပေါ့လေ။ ကောင်းတာတွေ ရှိသလို။ မကောင်းတာတွေ ရှိနေတယ်။ သူနဲ့ မိတ်ဆွေဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ တစ်ယောက်ယောက်က ယူပြီး သုံးလိုက်လို့ ရတာပဲ။ ဓာတ်ပုံမှ မဟုတ်ဘူး။ ကျွန်တော် ဖန်တီးထားတဲ့ အရာဝတ္ထုတွေကို ယူသုံးလို့ ရနေတယ်။ ဒါကSocial Network မှာဖြစ် နေတဲ့ ပြဿနာတွေပေါ့နော်။ အားနည်းချက်တွေပေါ့။

အကောင်းဆုံးကတော့ ရိုးရိုးသားသားပဲ။ ကျွန်တော့်အ ကြောင်းကိုSocial Network ကနေ အားလုံးက သိနေတယ်။ ကိုယ့်ဘ၀ တစ်ခု ဖြစ်နေတယ်။ မဟုတ်တာပြောရင် လာဆော်မယ့်လူတွေ အများကြီး။ အရိုးသားဆုံးပဲ ပေးလို့ရမယ်။ မဟုတ်ရင် မှတ်ချက်တွေ တန်းစီပြီး ၀င်လာ မယ်။ အချက်အလက်က ပျံ့နေတာပေါ့နော်။ ထိန်းထားလို့ မရဘူး။ သူများ တစ်ဖက်သားကို လေးစားရသလို ကိုယ့်လုပ်ရပ်ကိုလည်း ကိုယ်လေးစားရ မယ်။ သူများကျတော့ သွားပြော၊ ကိုယ့်လာပြောတော့ မကြိုက်။ အဲဒီလို ရှိတယ်။ သူများကိုလည်း သွားမပြောဘူး။ ကိုယ့်ကိုလည်း လာမပြောကြ ဘူး။ ဒီဟာတွေ သုံးခြင်းဟာ အပြင်မှာလိုပဲ ရိုးရိုးသားသားဖြစ်ရမယ်။

ကိုယ့်ရဲ့ပုံတွေ လုံခြုံမှု၊ ကိုယ်က အစကတည်းက စဉ်းစားပြီး ဒီပုံကို ငါတင်လိုက်မယ်။ ဒီပုံကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို ခံစားရလိမ့်မယ်။ ပုံတွေ မတင်ခင်ကတည်းကSocial Networkရဲ့ စည်းကမ်းတွေကို ဖတ်ကြည့်သင့်တယ်။ ဖြစ်လာမယ့်ဟာတွေကို ကြိုတွေးထားတာ မဟုတ်ရင် ပုံတွေကြောင့် ပြဿနာတက်လာနိုင်တယ်။ Social Networkမှာ အဓိက ပြဿနာ တက်တာ ပုံတွေပဲ။ စာတွေလည်း ရေးသင့်သလား မရေးသင့်ဘူးလား စဉ်းစား။ မိတ်ဆွေ လက်ခံတာ အရေအတွက်က အဓိက မဟုတ်ပါဘူး။ ကိုယ့်ကို တကယ် ခင်တဲ့လူ ပလဲနံပ သင့်တဲ့လူကို လက်ခံတာ ကောင်းတယ်။ မဟုတ်ရင် ဘယ်သူငယ်ချင်းကို ပေးကြည့်မယ်။ ပေးမကြည့်ဘူးဆိုတာကို လုပ်ထားသင့်တယ်။ သုံးတဲ့ လူတွေ နားလည်ဖို့ လိုတယ်။

နန်းညီ။ ။ စပြီးတော့Friend Request တွေရကတည်းက မခင်တဲ့သူ မသိတဲ့ သူကို လက်မခံဘူး။ သူ့အကြောင်း သိနေရပြီ၊ ပုံတွေ ကိုယ်ရေး အချက်အလက် တွေ မှန်ပြီဆိုရင်တော့ လက်ခံလိုက်တယ်။ အဖွဲ့လိုက်ပုံတွေ ဆိုရင်လည်း တင်မယ်ဆိုတာ ကာယကံရှင်တွေကို အသိပေးတယ်။ ကိုယ်အလှည့် ကျတော့လည်း သူတို့ဘက်က တင်လို့ ရသလား ပြန်မေးတယ်။ ကိုယ့်ပုံတွေဆို ခရီးသွားတဲ့ ပုံလေးတွေ၊ ညီအစ်ကို မောင်နှမပုံ တင်ဖြစ်တယ်။

ဇော်ဇော်မျိုးလွင်။ ။ Profile ဆိုလည်း ကျွန်တော်တို့ အမှန်ရေးတယ်။ ကျွန်တော်တို့လည်း သူများ Profile ကို ကြည့်ပြီးမှ လက်ခံတယ်။ လူငယ်တွေ တစ်ကိုယ်ရေ အရည်အသွေးတွေ မြင့်တက်လာဖို့ ဆောင်ရွက်တဲ့ သဘောပါပဲ။ တစ်ဦးချင်း တစ်ယောက်ချင်းကပဲ ဒီအိုင်တီ လောကကြီး တိုးတက်လာ မှာပါ။ ဒီအိုင်တီ လောကကြီး တိုးတက်မှ တစ်ဦးချင်း တစ်ယောက်ချင်း တိုးတက်မှာ။ ဒါက Life Cycle ဖြစ်နေတယ်။ မှီခိုနေတယ်။ လုပ်နိုင်သလောက် လုပ်နေရမှာပါ။ အဲဒီအတွက် ၀ါသနာပါတဲ့ သူပဲဖြစ်ဖြစ်။ ကူညီချင်တယ် ဖြစ်ဖြစ်။ လုပ်လို့ရတယ်။ အိုင်တီ တိုးတက်ဖို့ တစ်ထောင့် တစ်နေရာကနေ လုပ်တယ်။ နောက်နောင်လည်း အိုင်တီနဲ့ ပတ်သက်တဲ့ ပွဲတွေကို နိုင်ငံတကာက ယူလာမယ်၊ မျှဝေမယ်ဆိုတာ ဆက်လက် ရှိနေဦးမှာပါ။

အင်တာနက်ဆိုင်တွေဆို နယ်တွေမှာ အခုမှ စပြီး ဖွံ့ဖြိုးတယ်။ မာစတာ တက်နေတဲ့ လူငယ်တွေအထိတောင်မှ သူတို့ အင်တာနက်သုံးတာ ဆက်သွယ် ရေးအနေနဲ့ ဖြစ်နေတယ်။ Chattingထိုင်တဲ့ အဆင့်တင်ပြီးနေတယ်။ Google မှာ တောင် ကောင်းကောင်း မရှာတတ်ကြဘူး။ Google ဆို တာSearch Engine ပါဆိုတာ သိပ်မသိချင်ဘူး။ ဒီလိုအချိန်မှာ အင်တာနက် သင်တန်း ဆိုတာ မရှိ သင့်တော့ဘူး။ ကိုယ့်အတွေးနဲ့ ကိုယ် သုံးတတ် နေရမယ်။ ဒါတွေ သုံးတာ မဂ္ဂဇင်းတွေ၊ ဂျာနယ် တွေမှာလည်း အကုန်လုံး ရှိတယ်။ သူငယ်ချင်း အချင်းချင်း မေးရင်တောင် ရတယ်။ ခက်တာက သုံးရကောင်းမှန်း ခုထိ မသိကြတာ။ အကျိုး ရှိရှိ ဘယ်လို သုံးကြမလဲ။ အကျိုးရှိရှိ ဆိုတာ မချက်ရဘူး၊ ၀က်ဘ်ဆိုက်ပဲ ကြည့်ရမယ် မဟုတ်ဘူး။ သမ မျှတအောင် သုံးရမယ်။ ဟင်း တစ်အိုးချက်တဲ့အခါ ဆားတွေပဲ ထည့်လို့မရ ဘူး။ ကြက်သွန်၊ အချိုမှုန့် ထည့်ရမှာပဲ။ ကြက်သွန်မလိုတဲ့ ဟင်းကို ကြက်သွန်ထည့်ရင် ဟင်းပျက်သွားမှာပဲ။ စာအုပ်စာတမ်း လေ့လာတဲ့ အခါမှာ စာအုပ်တွေပဲ အားမကိုးပါနဲ့။ စာအုပ်တွေရဲ့ အားနည်းချက် ရှိပါတယ်။ ဖတ်ပါ။ အရမ်း အားမကိုးနဲ့။ ကိုယ့်ကိုယ်ကိုလည်း အားကိုးပါ။ လိုအပ်တဲ့ဟာကို အွန်လိုင်းပေါ်မှာ ရှာ။ ကိုယ်သုံးတဲ့ ဟာလေးကို သိအောင်လုပ်ရပါ မယ်။ Search Engine ဘာလဲ ဆိုတာ သိအောင် လုပ်လို့ရတယ်။ စာအုပ်ကြီးတွေ ဖတ်မှ မဟုတ်ဘူး။ အတိုအထွာလေးတွေ ဖတ်ပြီး ရနိုင်ပါ တယ်။

ဘားကမ့်ဆိုတာ ယနေ့ခေတ် လူငယ်တွေရဲ့ အရည်အသွေးဖော်ထုတ်ရာ၊ ကိုယ့်ကျွမ်းကျင်ရာ ပညာပိုင်းဆိုင်ရာကို တစ်ဦးနဲ့တစ်ဦးတရင်းတနှီး ဖေးဖေးမမ ဖလှယ်နိုင်တဲ့ နည်းပညာဆိုင်ရာ ပွဲတစ်ခုဖြစ်တယ်။ ကိုယ့်ရဲ့ အ၀န်းအ၀ိုင်း၊ ကိုယ့်ရဲ့ဝန်းကျင်မှာ ၀ါသနာတူရာ၊ စိတ်ဝင်စားမှု တူရာတွေ စုစည်းပြီး တစ်နိုင်တစ်ပိုင် လုပ်နိုင် တယ်။ တသီးတခြားကြီး အတည်အခံ့ကြီး ဖိတ်စာတွေနဲ့ ဖိတ်ကြားသူတွေသာ တက်နိုင်တဲ့ပွဲ မဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့ အသိပညာကို တစ်ပါး သူကို ပေးနိုင်သလို၊ သူတစ်ပါးဆီက အသိပညာ ကိုလည်း ပြန်လည်ရယူနိုင်တယ်။ ကိုယ်စိတ်ဝင် စားတဲ့ အကြောင်းအရာ နယ်ပယ်မှာ သာတူညီမျှ ပူးပေါင်းခရီး ဆက်နိုင်ပါတယ်။ ဒါဟာ ယနေ့ အိုင်စီတီရဲ့ အသီးအပွင့် တစ်ခုပါပဲ။

 

 

 

 


ဟန်ဇော်
 


Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
Last Updated on Friday, 05 March 2010 16:53
 

စာဖတ် ပရိသတ်

We have 160 guests online

and

hit counter
views