အားမလျှော့နဲ့ ရောက်တော့မည် ကြိုးစားတက်ပါမည် ကုသိုလ်ရေးဟာ အရေးကြီးသည်...ဘိုးဘိုးကြီးမမည် PDF Print E-mail
Written by လင်းသိုက်ညွန့်   
Sunday, 04 April 2010 16:06
Share |

၁။
ဒီတစ်လတော့... မရေးဖြစ်တာ ကြာပြီဖြစ်တဲ့ ကိုယ်တွေ့ခရီး ကဏ္ဍ အတွက် လက်စွမ်းပြ လိုက်ရပါတယ်။ အဲ့သလို လက်စွမ်းပြဖို့လည်း အကြောင်းက ဖန်လာပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က မေမေက ဆိုင်းမဆင့် ဗုံမဆင့်ဘဲ မနက်ဖြန် ကျိုက်ထီးရိုး သွားမယ်။ ကားလက်မှတ် ကလည်း ၀ယ်ပြီးပြီ။ ကျိုက်ထို ဟိုတယ်မှာလည်း Booking လုပ်ပြီးပြီလို့ ပြောပါတယ်။ စနေနေ့ ည ၉ နာရီကားနဲ့ သွားမယ်တဲ့။ ဒီတော့လည်း မောင်လင်းသိုက်ညွန့်တို့ ကျိုက်ထီးရိုးကို ချီတက်ဖို့ ပြင်ရ ဆင်ရ တာပေါ့။ စနေနေ့ညမှာ ကန်ကြမယ့် ပရီးမီးယား လိဂ်ပွဲတွေနဲ့ လွတ်သွားတာတော့ နှမြောမိပါ သေးတယ်။ ဒါပေမယ့်လည်း အခု ဖေဖော်ဝါရီ လကုန်ရင် ထွက်မယ့် စာရေးသူရဲ့ တို့မြန်မာတွေ အာရှကျားဖြစ်စေဖို့ ဆိုတဲ့ ဆောင်းပါး ပေါင်းချုပ် စာအုပ်လေး အတွက် အဓိဋ္ဌာန်ဝင် ပွဲပေးချင်နေတာနဲ့ အတော်ပဲ ဖြစ်သွားပါတယ်။

၂။
စာရေးသူတို့ မိသားစု သုံးယောက်ရယ်၊ စာရေးသူရဲ့ အစ်ကို ၀မ်းကွဲတစ်ယောက်ရယ်၊ စုစုပေါင်းလေးယောက်သား Golden Star အမေယာဉ် လိုင်းကားနဲ့ ရန်ကုန်ကနေ ည ၉ နာရီထွက်ခဲ့ ကြပါတယ်။ လမ်းမှာ ည ၁၁ နာရီလောက် ပဲခူးမှာ ညလယ်စာ စားတာက လွဲပြီး ကျိုက်ထိုကို တိုက်ရိုက် မောင်းခဲ့ကြတာပါ။ ဒီနေရာမှာ အလျဉ်းသင့်လို့ စာရေးသူတို့ဆီက အလွဲလေး တစ်ခုကို တင်ပြချင်ပါတယ်။ သေသေချာချာSpecified လုပ်ရရင်တော့ အင်္ဂလိပ်စာ အသုံးအနှုန်း (English Usage) အလွဲလေးပါ။ အဲဒါကတော့ ဟိုတယ်၊ မိုတယ် အသေးစားလို့ စာရေးသူတို့ သိထားတဲ့ အင်း(Inn) ဆိုတဲ့ ဝေါဟာရလေးပါ။ တကယ်တော့ (Inn) ဆိုတာက သူတို့ဆီက ဟိုင်းဝေး လမ်းမကြီးတွေ ပေါ်မှာ ခရီးသည်တွေ ခရီး တစ်ထောက်နားပြီး စားသောက်ခ တည်းခိုနိုင်အောင် ဖွင့်လှစ်ပေးထားတဲ့ တည်းခိုခန်း၊ စားသောက်ဆိုင် အသေးစားကလေးတွေပါ။ စာရေးသူတို့ ဆီမှာတော့ အဲဒီ Inn တွေကို ရန်ကုန်မြို့လို မြို့လယ်ခေါင်တွေမှာတောင် တွေ့တွေ့နေရလို့ ပြုံးချင်စရာပါပဲ။

၃။
စာရေးသူတို့ တစ်တွေ ကျိုက်ထီးရိုး တောင်ခြေ ကင်မွန်းစခန်းကို ရောက်တော့ မနက် ၂ နာရီခွဲပဲ ရှိပါသေးတယ်။ အေးစက်နေတဲ့ မဟူရာ ညကမ္ဗလာကြီးက နှင်းမှုန်နှင်းစက်ကလေးတွေကို တဖွားဖွား ခါထုတ်ရင်း ရာမညတိုင်းကနေ စာရေးသူတို့ကို ဆီးကြိုနေပါတယ်။ မင်္ဂလာပါ မွန်တို့ဌာနေ ရာမညပြည်ရေ။ ခဏနေတော့ ကားသမားတွေက စာရေးသူတို့ကို ခေတ္တတည်းခိုရ မယ့် “ရွှေမြိုင်စိန်” စားသောက်ဆိုင်မှာ ချပေးခဲ့ပါတယ်။ ခုမှ မနက် ၂ နာရီခွဲပဲရှိသေးလို့ အဖေ နှင့်အမေက စားသောက်ဆိုင် အပေါ်ထပ်က အထူးခန်းလေး တစ်ခန်းကို ငါးထောင်ပေးပြီး သွားအိပ် ကြပါတယ်။ ကျွန်တော်တို့ကိုလည်း အိပ်ဖို့ ခေါ်ပေမယ့် ကျွန်တော်နဲ့ အစ်ကိုဝမ်းကွဲ တစ်ယောက် တို့က အိပ်ချင်စိတ်မရှိတော့တာမို့ အောက်ဘက်က စားသောက်ဆိုင်မှာပဲ ကော်ဖီ တစ်ခွက်စီနဲ့ မိုးလင်း အောင် ထိုင်စောင့်ဖြစ်ခဲ့ ပါတယ်။ တောင်ပေါ်တက်တဲ့ ကားတွေက မနက် ၆ နာရီထိုးမှ တက်ကြမှာ ဆိုတော့ မနက် ၆ နာရီထိုးအောင် စောင့်ကြ ရမှာပေါ့။ မနက် ၆ နာရီထိုးတော့ ကျွန်တော်တို့ တစ်တွေ မနက်စာစားပြီး တောင်ပေါ်တက်ခဲ့ကြ ပါတယ်။ ကင်မွန်းစခန်းကနေတောင်ပေါ် အရောက် ကားခက တစ်ယောက်ကို သုံးထောင်ပါ။ အသက် အာမခံကြေးပါ ပါပြီးပြီလို့ ဆိုပါတယ်။

၎။
စာရေးသူတို့ တောင်ပေါ်ကို ရောက်တော့ မနက် ၇ နာရီကျော်ကျော် လောက်ရှိနေပါပြီ။ မနက်ခင်းရဲ့ တိမ်ငွေ့တွေကြားမှာ ရာမညတိုင်းရဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီကို ဖူးတွေ့ရတာဟာ သပ္ပာယ်ကြည်နူးစရာပါ။ ရွှေရောင်တွေ ၀င်းလျှံနေတဲ့Golden Rock ပေါ်မှာ တည်ငြိမ်စွာ တည်ရှိနေတဲ့ ဂေါတမဗုဒ္ဓရဲ့ဆံတော်ရှင်ဟာ ကျွန်တော်တို့ အပေါ်ကို မေတ္တာဓာတ်တွေ သွန်းလောင်း နေသလိုပါ။ ကျိုက်ထီးရိုး စေတီတော်ဟာ ကမ္ဘာမှာတော့Golden Rock လို့ ထင်ရှားပါတယ်။ ကျိုက်ထိုဟိုတယ်Reception ကို ရောက်တော့ ရှေ့က ယိုးဒယား လူမျိုး နိုင်ငံခြားသား အဖွဲ့တွေ Check-Out မလုပ်သေးလို့ ခဏ ထိုင်စောင့်နေရပါသေးတယ်။ နာရီဝက်လောက်ကြာမှ အခန်းရလို့ ရေမိုးချိုး အနားယူကြရပါတယ်။ Hotel Facilities ထဲမှာ ရေပူရေအေးရတယ် ဆိုပေမယ့် ရေပူက ပေါ်မလာဇာတ်ခင်းနေလို့ မောင်လင်း သိုက်ညွန့်တို့ မနက်ခင်း ချမ်းချမ်းစီးစီးထဲမှာ ရေအေးနဲ့ပဲ နှစ်ပါးသွားခဲ့ ရပါတယ်။

ဒီနေရာမှာ ကျိုက်ထီးရိုးတောင်ပေါ်မှာ ရှိတHotel တွေမှာ စာရေးသူ ထူးထူးခြားခြား သတိပြုမိတာကService Quality လိုအပ်ချက်ပါ။ ဟို တယ်ထဲ ၀င်ဝင်သွားချင်း အခြေခံ ဆောင်ရွက်ရမယ့် ကြိုဆိုအပြုံး (Welcome Smile) ကိုတောင် မတွေ့ရသလောက်ပါပဲ။ ဒါဟာ ကိုယ့်မြန်မာ လူမျိုး အချင်းချင်းမှာ သိပ်ကိစ္စ မရှိလှပေမယ့် နိုင်ငံခြားသားတွေ အမြင်မှာတော့ များစွာImpression အောက်စေပါတယ်။ ကျိုက်ထီးရိုး ဆံတော်ရှင်နဲ့ ကျိုက်ထီးရိုး ဒေသဟာ နိုင်ငံတော်နဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် ၀င်ငွေ များစွာ ရှာဖွေပေးနေတဲ့ ဒေသတစ်ခုဖြစ်တာမို့ ကမ္ဘာ့အဆင့်အတန်းမီ Hotel တွေနဲ့ Serviceတွေကို အဆင့်အတန်း မီမီ ဆောင်ရွက်ပေးနိုင်ရင် နိုင်ငံတော် အတွက်လည်း နိုင်ငံခြားငွေတွေ ပိုမိုတိုးတက် ရရှိလာနိုင်တယ်လို့ သုံးသပ်မိပါတယ်။

၅။
အနားယူပြီးကြတော့ စာရေးသူ တို့တစ်တွေ ဆံတော်ရှင်ကို သွားပြီး ဦးခိုက်ကြပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးဟာ ဘီစီ ၅၇၅ ခုနှစ် (မဟာသက္ကရာဇ် ၁၁၈ ခု)မှာ တိဿ ရသေ့ကြီးက သိကြားမင်းရဲ့ အကူအညီနဲ့ ဂေါတမဗုဒ္ဓရဲ့ဆံတော်ရှင် သုံးဆူကို ဌာပနာပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့် (၃၆၁၅) ပေမြင့်တဲ့ ပေါင်းလောင်းတောင် ချောက်ကမ်းပါး ခြမ်းမှာ ယခုလို အံ့ဖွယ် တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။ ကျိုက်ထီးရိုးရဲ့ မူလ မွန်ဘာသာ အမည်ကတော့ ကျိုက်ဣသိယို၊ မြန်မာဘာသာနဲ့ ရသေ့ရွက်သော ဘုရားလို့ အဓိပ္ပာယ် ရပါတယ်။ ကျိုက်ထီးရိုး ဘုရားသမိုင်းဟာ ခေတ်ဦးသမိုင်း အစဉ်အလာများ အတိုင်း နဂါး၊ ၀ိဇ္ဇာ၊ ဇော်ဂျီ စတာတွေနဲ့ များစွာ ဒဏ္ဍာရီ ဆန်နေပေမယ့် ကျိုက်ထီးရိုး စေတီတော်ကြီးရဲ့ ထူးခြားစွာ တည်ရှိနေမှုကိုတော့ ယနေ့ သိပ္ပံပညာက တိတိပပ အဖြေ ထုတ်မပေးနိုင်သေး ပါဘူး။ ကျောက်လုံးတော်ကြီးနဲ့ အောက်ခံကျောက် တောင်တို့ရဲ့ထိစပ်ဧရိယာ (Contact Area) ဟာ ကျောက်လုံးတော်ကြီးရဲ့ စုစုပေါင်း Plan Areaရဲ့ ၁.၄% သာ တည်ရှိပြီး အလွန်သေးငယ်တဲ့ Area ပေါ်မှာ ယခုလို အံ့ဖွယ် ရပ်တည်နေတာ ဖြစ်ပါတယ်။

ကျောက်လုံးတော်ကြီးရဲ့တည်နေ ပုံကလည်း ဟန်ချက်တည့်တည့်မှာ မရှိတဲ့အပြင် ကျိုက်ထီးရိုးစေတီ တည်ရှိရာ ဒေသကလည်းGorshkoy ရဲ့ မြန်မာပြည် ငလျင်လှုပ်အားတူ ရပ်ဝန်းပြ မြေပုံအရ ပြင်းထန်တဲ့ ငလျင်ဒဏ်များကို မကြာခဏ ခံနေရသော်လည်း စေတီတော်ကြီးမှာ ယခုကဲ့သို့ နှစ်ပေါင်း ၂၄၀၀ ကျော်ကြာ ဘူမိဗေဒ ပညာအရ မဖြစ်နိုင်တဲ့ အခြေအနေမှာ တည်ရှိနေတာဟာ များစွာ အံ့သြကြည်ညို ဖွယ်ကောင်းလှပါတယ်။

၆။
ဆံတော်ရှင်ကို ဦးခိုက်ပြီးနောက် စာရေးသူတို့တစ်တွေ ကျီးကန်းပါးစပ် ဘက်ကို ချီတက်ခဲ့ကြတယ်။ ကျီးကန်းပါးစပ်သို့သွားရာလမ်းမှာ တန်ခိုးကြီး ဘုရားစေတီများ များစွာရှိတဲ့ အပြင် ရှုခင်းရှုကွက်တို့ကလည်း ကောင်းလှတယ်။ ကျိုက်ထီးရိုး ဒေသဟာ တကယ့်တကယ် စနစ်တကျ ပြင်ဆင်ဆောင် ရွက်နိုင်ပါက ကမ္ဘာလှည့် ခရီးသည်တို့ကို ယခုထက် ပိုမိုဆွဲဆောင်နိုင်တဲ့ တောင်ပေါ် Resort တစ်ခု အသွင် Tourists Attraction တစ်ခုဖြစ်လာနိုင်ပါတယ်။

ကျီးကန်းပါးစပ်ဂူကို သွားရာလမ်းမှာ “နတ်ရေတွင်း”ကိုတွေ့လို့ စာရေး သူလည်း တစ်ခွက်ဝင်သောက်ခဲ့သေးတယ်။ ကျီးကန်းပါးစပ်ဂူဟာ ကျိုက် ထီးရိုးစေတီရင်ပြင် မြောက်ဘက် နှစ်ဖာလုံခန့်အကွာမှာတည်ရှိပြီး လမ်းတစ် လျှောက်မှာ တောင်တက်တောင်ဆင်း ကျောက်လှေကားကလေးများ၊ လမ်း ဘေးဝဲယာမှာ ပရဆေးဆိုင်ကလေးများ ရှိပါတယ်။ ကျီးကန်းပါးစပ်ပုံစံ ကျောက်လွှာကြီးနှစ်ချပ် ကွာဟနေတဲ့ဂူဖြစ်ပြီး ကျိုက်ထီးရိုးဘုရားသမိုင်းပါ ဇော်ဂျီနှင့်နဂါးမတို့ တွေ့ဆုံပေါင်းဖက်ရာဂူလို့လည်း ဆိုကြပါတယ်။

ကျိုက်ထီးရိုးဝန်းကျင်မှာ စာရေးသူ သိသိသာသာ သတိထားမိတဲ့ နောက်တစ်ခုမှာ ကျောက်တုံးကြီးငယ်များပေါ်မှာ ဘုရားဖူးများက ကော်ရရှင်ပန် (Correction Pen) များနဲ့ ရေးခြစ် သွားတတ်ကြခြင်း ဖြစ်ပါတယ်။ တကယ့် တကယ်တော့ ကျိုက်ထီးရိုးလို သဘာဝ ဒေသများမှာ ဘုရားဖူး ခရီးသည်များ များစွာ လာရောက်လေ့ ရှိကြပြီး သဘာဝဂေဟစနစ် ပျက်စီးမှုများလည်း များစွာ ရှိပါတယ်။ ဤသို့ ပျက်စီးမှုကြောင့်ပင် ယနေ့ ကမ္ဘာပေါ်တွင်လည်း ကမ္ဘာ့အံ့ဖွယ်ဒေသ တော်တော်များများမှာ လူအများ လာရောက်ခြင်းကို ကန့်သတ်လျက် ရှိကြခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုရားဖူးများ အနေဖြင့် ကျိုက်ထီးရိုးဒေသ ရေရှည်တည်တံ့ ဖွံ့ဖြိုးစည်ပင်ရေးအတွက် အထက်ပါ အပြုအမူမျိုးများကို ရှောင်ကြဉ်ကာ သဘာဝ ဂေဟစနစ်ကို အထူး သတိရှိရှိဖြင့် စောင့်ရှောက် ထိန်းသိမ်းကြရန် လိုပါသည်။


၇။
နောက်တစ်နေ့ မနက်ရောက်တော့ စာရေး သူတို့လည်း ဂေါပကအဖွဲ့မှာ အလှူငွေလှူ၊ ကျောက်လုံးတော်ကြီးကို ရွှေသင်္ကန်း ကပ်ပြုလုပ် ကြတယ်။ စာရေးသူကတော့ ယခု ဖေဖော်ဝါရီလ အကုန်တွင် ထွက်ရှိမယ့် စာရေးသူရဲ့ တို့မြန်မာတွေ အာရှကျား ဖြစ်စေဖို့ စာအုပ်အသစ် အတွက် အဓိဋ္ဌာန်ပြီး ကျိုက်ထီးရိုး ဆံတော်ရှင်ကို သာသနာ ပွဲတစ်ပွဲ ဆက်ကပ်ခဲ့ပါတယ်။ ယင်းသို့“ကန်တော့ပွဲ”ကို ငှက်ပျောသီး၊ အုန်းသီးများဖြင့် ဆက်ကပ်လှူသည့်အလေ့အထကလည်း မြန်မာလူမျိုး တို့၏ ချစ်စဖွယ် ကိုယ်ပိုင်ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်။ ဘုရား ကန်တော့ပြီးတော့ ရန်ကုန်ကို ကားက ဆယ့်နှစ်နာရီမှ ထွက်မှာဖြစ်၍ မနက် ဆယ်နာရီလောက်မှာ တောင်ပေါ်မှ ပြန်ဆင်းဖြစ်ခဲ့ ကြတယ်။

ကင်မွန်းစခန်းကိုရောက်တော့ ရန်ကုန်ပြန် လက်ဆောင်ကလေးတွေဝယ်၊ နေ့လယ်စာ စားသောက်ကြပြီး နေ့လယ် ၁၂ နာရီမှာ ရန်ကုန် သို့ပြန်ထွက်ခဲ့ကြပါတယ်။ စာရေးသူတို့ ကား ပေါ်မှာတော့ မိုးကုတ်စက်ဝိုင်းအောက်မှာ ခါဦး မိုးတို့ အကြိမ်ကြိမ်ပြို... ၀ါဆိုဝသန်မိုးသည်းရင် ငိုမိတယ်... တို့နှစ်ယောက် အတူဖူးခဲ့တဲ့ ကျိုက် ထီးရိုးဘုရားဆံတော်ရှင် စတဲ့ ဗညားဟန်ရဲ့ ၀ါဆို မိုးနဲ့ပြန်ခဲ့ပါ သီချင်းလေးက ပျံ့လွင့်နေတယ်။
အဲဒီ သီချင်းကလေးကို နားထောင်ရင်း ကျိုက်ထိုမြို့ရဲ့ ပတ်ဝန်းကျင်ကို ကြည့်ရတာ စိတ်ထဲမှာ လွမ်းသလိုလို။ သြော်... နောက်တစ်ကြိမ် ရောက်အောင် ပြန်ခဲ့ ပါဦးမယ် မွန်တို့ဌာနေ ရာမည ပြည်ကြီးရေ...။


လင်းသိုက်ညွန့်၊မြန်မာ့မြေ၊
See You At The Top
 


Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
 

စာဖတ် ပရိသတ်

We have 301 guests online

and

hit counter
views