အခွင့်အရေး ရချိန်မှာ ကြိုးစားသင့်တယ် PDF Print E-mail
Written by ခင်လေးမြင့်   
Wednesday, 07 April 2010 15:22
Share |

သရုပ်ဆောင်၊ ဂီတ၊ မော်ဒယ်လ် အလုပ်ကို ၀ါသနာပါတဲ့ လူငယ်များစွာ ရှိလာပြီး အနုပညာ လောကထဲ ၀င်လာတဲ့ လူငယ်တွေလည်း ရှိပါတယ်။ အနုပညာ ၀ါသနာ ပါတဲ့ လူငယ်များ အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အတွေ့အကြုံ များကို သိရှိစေဖို့ အနုပညာများနဲ့ တိုက်ရိုက် တွေ့ဆုံနိုင်တဲ့ teens & stars ကဏ္ဍကို စီစဉ် ထားတာပါ။ teens & stars ကဏ္ဍမှာ ပါဝင်လာကြတဲ့ လူငယ်များက သရုပ်ဆောင် အနုပညာကို ၀ါသနာ ပါသူများ ဖြစ်ပါတယ်။ ဒီလမှာတော့ သရုပ်ဆောင် အနုပညာကို ၀ါသနာပါတဲ့ နှင်းပွင့်ဧကရီ က ချစ်စနိုးဦးဆီက သိလိုသမျှ အနုပညာ အကြောင်းအရာများကို မေးမြန်း ထားတာပါ။ နှင်းပွင့်ဧကရီက ၂၀၀၉ 2009 Miss People ပြိုင်ပွဲမှာ ဆယ်ယောက် ဆန်ခါတင် စာရင်းဝင်ခဲ့သူ ဖြစ်ပါတယ်။ စကားဝါ သရုပ်ဆောင် သင်တန်းမှာ တက်ခဲ့သူ ဖြစ်ပြီး လောလောဆယ်မှာ ဒါရိုက်တာမောင် မောင်မြင့်လွင့် ရိုက်ကူးတဲ့ မချော၁၀ယောက် ကိုယ်တစ်ယောက် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ ကြိုးကြာ တောင်ပံခတ်သံ ဇာတ်ကားမှာ ဆေးကျောင်းသူ တစ်ယောက် အဖြစ် သရုပ်ဆောင် ထားတာကြောင့် ချစ်စနိုးဦး ဆီက အနုပညာ သရုပ်ဆောင်နဲ့ ပတ်သက်ပြီး မေးမြန်းခြင်း ဖြစ်ပါတယ်။

ဗီဒီယိုနဲ့ ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ဖူးထားတဲ့သူ တစ်ယောက် အနေနဲ့  ရုပ်ရှင်နဲ့ ဗီဒီယို ကွာခြားမှုတွေ ရှိရင် ပြောပြပေးပါလား။

ဗီဒီယိုက မှားရင် ပြန်ရိုက်လို့ ရတယ်၊ ရုပ်ရှင်က ရီဟာဇယ် အကြိမ်ကြိမ် လုပ်ပြီးမှ ရိုက်ရတယ်။ ခဏခဏ မှားရင် ဖလင်ကုန်တယ်၊ အဲဒါလေးတွေတော့ ကွာတယ်။

ရုပ်ရှင်ကားတွေမှာ ဟာသက တော်တော်လေး လွှမ်းမိုးလာတော့ ဟာသနဲ့ ဒရာမာမှာ သရုပ်ဆောင်ရတဲ့ ကွာခြားချက် ရှိရင် ပြောပြပေးပါ။
လူကို ရယ်အောင် လုပ်ရတာ ခက်သလို၊ ငိုအောင် လုပ်ရတာလည်း ခက်တယ်။ ရယ်အောင် လုပ်ပြနေပေမယ့် ပရိသတ်က ဘာတွေ လုပ်နေမှန်း မသိဘူး၊ မရယ်ရဘူး အပြောခံရမှာ စိုးတော့ ဟာသကလည်း ခက်တယ်၊ ဒရာမာကလည်း ခက်တာလည်း ရှိတာပဲ။

အစ်မ သရုပ်ဆောင်တဲ့ အခါ ဘယ်လို ဇာတ်ကောင် စရိုက်မျိုးကို သရုပ်ဆောင်တာ ပိုစိတ်ဝင်စားလဲ။
ဇာတ်ကား တစ်ကားမှာ ဘယ်လိုနေရာ၊ ဘယ်လို ဇာတ်ကောင် စရိုက်ထက် ကိုယ့်ကို လာငှားတဲ့ အပေါ် အကောင်းဆုံး သရုပ်ဆောင်ချင်တယ်။

အခု နောက်ပိုင်း ကိုရီးယားကားတွေ ကြည့်ဖြစ်လား။
အခုနောက်ပိုင်း ကိုရီးယားကားတွေ သိပ်မကြည့်ဖြစ်ဘူး။ အရင်တုန်း ကတော့ ကြည့်ဖြစ်တယ်။ သူတို့က ဇာတ်လမ်းတွဲတွေ ဖြစ်တော့ အချိန်ပေး ရတယ်။ အဲဒီတော့ နောက်ပိုင်းမှာ အင်္ဂလိပ်ကားတွေ ကြည့်ဖြစ်တာ များတယ်။

ကိုရီးယားကားတွေကို တော်တော်များများကြိုက်ကြတာ ဘာကြောင့်လို့ အစ်မထင်လဲ။
ကိုရီးယားကားတွေက ဟာသ၊ အချစ်ဇာတ်ကားတွေ တော်တော်များတယ်။ ဇာတ်လမ်းတွဲလည်း ဖြစ်တော့ တစ်ပိုင်းပြီး တစ်ပိုင်း ကြည့်ချင်နေတော့ ကြိုက်သွားကြတယ် ထင်တယ်။

မြန်မာဇာတ်ကား ဇာတ်လမ်းတွဲတွေလည်း ရှိတော့ ပရိသတ် စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရင် ကောင်းမယ်ထင်လဲ။
ကိုရီးယား ကားတွေက ဇာတ်လမ်းပေါ် မူတည်ပြီး ဒါရိုက်တာတွေက စိတ်ကြိုက်ရိုက်ခွင့် ရတယ်။ ဒီမှာက တချို့ဇာတ်ကားတွေဆို ရိုက်လို့ မရတာမျိုး တွေရှိတော့ အဲဒါမျိုးတွေ ကွာမယ် ထင်တယ်။

အင်္ဂလိပ်ကားတွေ ကြည့်ပြီး သရုပ်ဆောင်မှု အတွက် ပြန်အသုံးချလို့ရ မလား။
အင်္ဂလိပ်ကားတွေ တချို့က အိုက်တင်တွေပြန်ကြည့်လို့ ရတယ်။ အကုန် လုံးတော့ ပြန်လုပ်လို့ မရပေမယ့် တစ်စိတ်တစ်ပိုင်း လေးတွေတော့ ပြန်လုပ်လို့ ရပါတယ်။ ကိုရီးယားကားတွေကို ဟာသကားတွေ ကြည့်ဖြစ်တာ များတယ်။ ကိုရီးယားကားတွေက ဟာသကား အတွက် အသုံးဝင်တယ်။

အနုပညာသမားတိုင်းမှာ ခံစားချက် ကိုယ်စီရှိကြတယ်တဲ့။
ဟုတ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ခံစားချက်နဲ့ကိုယ် ရှိတယ်။ တစ်ခါတလေကျရင် အနုပညာ အလုပ်လုပ်တဲ့ အတွက် ဟိုမသွားရ၊ ဒီမသွားရ၊ ဟိုမှာမထိုင်ရ၊ ဒီမှာမထိုင်ရဆိုတာမျိုးတွေ ရှိတာကို မဖြစ်စေချင်ဘူး။ သူများတွေ သွားသလို သွားချင်တယ်။ သူများတွေ လမ်းဘေးမှာ ထိုင်စားသလို ထိုင်စားချင်တယ်။ အဲဒီလိုမျိုးတော့ ဖြစ်တယ်။

အနုပညာရှင်ဖြစ်တဲ့ မချစ်စနိုးဦးရဲ့ အနုပညာ အပေါ် ခံယူချက်ကို ပြောပြပေးပါလား။
ရိုးရိုးသားသားနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်။ ပရိသတ်တွေ များစွာ အားပေးတဲ့ အထိ မှန်မှန်လေးနဲ့ တက်သွားချင်တယ်။

ဇာတ်လမ်း တစ်ခုရိုက်ဖို့ ပြင်တဲ့အခါ အ၀တ်အစားကို ဇာတ်ရုပ်နဲ့ အလိုက် ပြင်ဆင်ရာမှာ ဘယ်သူတွေနဲ့ တိုင်ပင်ဖြစ်လဲ။
ဇာတ်ကား ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ အ၀တ်အစားတွေကို ပြင်ဆင်တယ်။ ဇာတ်လမ်း အခန်းစဉ်ပေးကတည်းက အ၀တ်အစား ပြင်ဆင်တယ်။ အ၀တ်အစားကို အမေနဲ့ တိုင်ပင်ပြီး ရွေးချယ်တယ်။

အရောင်ထဲမှာ ဘယ်အရောင်ကို ကြိုက်လဲ။
အဖြူနဲ့အမည်းကို ကြိုက်သလို အနီကိုလည်း ကြိုက်တယ်။

ကြိုက်တဲ့ အရောင်အ၀တ်အစားကို ဇာတ်ကားတိုင်းမှာ ၀တ်ဖြစ်လား။
ဝတ်ဖြစ်တယ်။ ကြိုက်တဲ့ အဖြူနဲ့ အမည်းကတော့ တော်တော်များများ ၀တ်ဖြစ်တယ်။ တခြားအရောင်တွေ ကြိုက်ပေမယ့် အကြိုက်ဆုံးကတော့ အဖြူအမည်းပဲ။ ခေတ်စားတဲ့ အရောင်တွေလည်း ၀တ်ဖြစ်တယ်။

ခေတ်စားနေတဲ့ အရောင်တွေ ၀တ်ဖြစ်ပေမယ့် ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်မယ့် အရောင်ကိုရော ရွေးချယ်ရသေးလား။
ရွေးချယ်ရပါတယ်။ ငိုရတယ် ဆိုရင်တော့ အရောင်တောက်တောက် မ၀တ်ဘူး။ ကိုယ်ဝတ်တဲ့ အရောင်ကြောင့် အိုက်တင်ကို နုပ်တယ်ဆိုပြီး ရှိတော့ အရောင်မှိန်မှိန်လေးတွေ ၀တ်ဖြစ်တယ်။ ရည်းစားနဲ့ ပျော်ရမယ်ဆို ပန်းရောင်တို့၊ အရောင် လွင်လွင်လေးတွေဝတ်ဖြစ်တယ်။ ကိုယ် သရုပ် ဆောင်ရမယ့် ဇာတ်ဝင်ခန်းအတွက် အရောင်ခွဲပြီး ၀တ်ပါတယ်။

အဲဒီလို ခွဲခြားဝတ်ဆင်မှုကို ရိုက်ရင်းနဲ့ သိလာတာလား။
ရိုက်ရင်းနဲ့ တဖြည်းဖြည်း သိလာတာပါ။ စရိုက်တုန်းကတော့ ဘာပဲဖြစ်ဖြစ် လှချင်တယ်လေ။ ဘာမှန်း မသိဘဲ လှတာတွေ ၀တ်တယ်။ အဲဒီမှာ ဒါရိုက်တာတွေက သွားလဲလိုက်ဆို သွားလဲလိုက်တယ်။ ဘာမှန်း မသိဘူး။ ဘာဖြစ်လို့လဲ မမေးမိဘူး။ တချို့ဒါရိုက်တာတွေက ဘာကြောင့် ဆိုတာ ရှင်းပြတယ်။ ဟိုတစ်လောက ကိုမင်းအုပ်စိုးနဲ့ ရိုက်တဲ့ ဇာတ်ကားမှာ ဆိုရင် ၀တ်တဲ့ အ၀တ်အစား အရောင်အပြင် နောက်က ပါဝင်တဲ့ ပစ္စည်းတွေကို ပါကြည့်တယ်။ အရောင်တောက်တဲ့ ပစ္စည်းတွေဆိုရင် လုပ်တဲ့ အိုက်တင်ကို နုပ်သွားတယ် ဆိုပြီး ပစ္စည်းတွေ ဖယ်တယ်။ အဲဒါကြောင့် အနုပညာနဲ့ ပတ်သက်ပြီး လေ့လာစရာက ကုန်သွားတယ်လို့ မရှိဘူးလို့ ပြောကြတယ်။ အကုန် ပြီးပြည့်စုံ တတ်သွားပြီလို့ မရှိပါဘူး။ တစ်ခုပြီးတစ်ခု သိသိလာတယ်။

ဇာတ်ဝင်ခန်းနဲ့ မလိုက်တဲ့အရောင် ၀တ်ထားမိလို့ အ၀တ်အစား လဲပါလို့ ဒါရိုက်တာက ပြောတဲ့အခါ ဘာကြောင့်ဆိုပြီး ပြန်မေးချင်လား။
အ၀တ်အစားလဲဆိုရင် လဲလိုက်တာပဲ၊ ပြန်လည်း မပြောတတ်ဘူး။ နားမလည်တော့ ငါနားမလည်တာကို ပြောပြတာပဲ ဆိုပြီး နေလိုက်တယ်။ တစ်ခါတလေ တချို့ဒါရိုက်တာတွေက မေးစရာ မလိုအောင် ဘာကြောင့်ဆိုတာ ပြောပြီး လဲခိုင်းတယ်။ မပြောရင်လည်း ဒါက ဒီလိုမျိုးကြောင့်ပါ ဆိုပြီး ကိုယ့်ဘာသာပဲ စဉ်းစားလိုက်တယ်။

အနုပညာက သင်တိုင်း တတ်တဲ့ ပညာထဲမှာ ပါလား။
သင်လို့တော့ ရတယ်။ ဒါပေမယ့် ပါရမီပါမှ ဖြစ်မယ် ထင်တယ်။ တချို့ ကျတော့ ၀ါသနာပါတယ်၊ ဒါပေမယ့် ပါရမီ မပါတော့ မလုပ်တတ်ကြဘူး။ အဲဒီလိုမျိုး ရှိတယ်။ ပါရမီလည်းပါ ၀ါသနာလည်း ပါရင် ပိုကောင်းမှာပေါ့။

မချစ်စနိုးဦးက ရှေ့က သွားနေတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်တော့ နောက်က လိုက်လာတဲ့ သရုပ်ဆောင်သစ်တွေအတွက် ဘာများပြောချင်လဲ။
တကယ် ၀ါသနာပါပြီး တကယ်လုပ်ချင်ရင် တကယ်ကြိုးစားပါလို့ ပြောချင်တယ်။ အခုခေတ်က အခြေအနေတွေ အရမ်း ပေးလာပါပြီ။ အစ်မတို့တုန်းက တစ်ခန်းလောက် ၀င်ပါ၊ တစ်ခန်းလောက် ၀င်ပါပြီးမှ နှစ်ခန်း၊ သုံးခန်း၊ အဲဒီကနေ တစ်ဆင့် သူငယ်ချင်းခန်း၊ သူငယ်ချင်းခန်းကမှ အပြိုင်၊ အပြိုင်ကမှ ခေါင်းဆောင်၊ တဖြည်းဖြည်းချင်း တက်လာရတာ။ အချိန် အရမ်းပေးရတယ်။ ကိုယ်လုပ်နိုင်တယ်၊ အရည်အချင်းရှိတယ် ဆိုရင် ချက်ချင်းကိုယ့်ကို စင်တင်ပေးမယ့်သူ ရှိတယ်။ ဒါမှမဟုတ် ချက်ချင်းကိုယ့်ဘာသာ ထုတ်ရိုက်လို့ရတယ်။ အခွင့်အရေးတွေ အရမ်းကောင်းတဲ့ အတွက် ကြိုးစားစေချင်တယ်။ လက်လွတ်စပယ် မလုပ်သင့်ဘူးလို့ ပြောချင်တယ်။

အစ်မ သရုပ်ဆောင်တဲ့ “ကမ္ဘာဦးဂီတ”ဇာတ်ကားထဲမှာ ဒွေး၊ စိုးမြတ်သူဇာတို့က စကားမပြောတတ်သူ အဖြစ် သရုပ် ဆောင်ထားတယ်။ အအနှစ်ယောက်ကြားမှာ သရုပ်ဆောင် ရတာ အဆင်ပြေမှု ရှိလား။

အဲဒီကားမှာ အခက်အခဲ ရှိတာက အဖေနဲ့ အမေက အနေတော့ ကိုယ်က အအ စကားပြောရတယ် ဆိုပေမယ့် ပရိသတ် နားလည်အောင် ပြန်ပြောပြရသေးတယ်။ ကိုယ်လုပ်တဲ့ သင်္ကေတနဲ့ ကိုယ်ပြောတဲ့ စကား ကွက်တိဖြစ်အောင် လုပ်ရတယ်။ အဲဒီ ဇာတ်ကားရိုက်ကွင်းပေါ် ရောက်မှ သင်္ကေတတွေကို သင်ရတော့ အခက်အခဲ ရှိတယ်။ စကား ပြောတာ အကျင့်ဖြစ်ပေမယ့် လက်သင်္ကေတကို မနည်းမှတ် ရတယ်။ လက်သင်္ကေတနဲ့ စကားပြော မညီတာတွေ ဖြစ်ခဲ့တယ်။ အဲဒါတွေတော့ အခက်အခဲ ရှိခဲ့တယ်။

စကားပြောတဲ့ လက်သင်္ကေတတွေကို အခုထိ မှတ်မိ သေးလား။
အဲဒီကားရိုက်ပြီးပြီးချင်း နှစ်လ၊ သုံးလလောက်တော့ မှတ်မိသေးတယ်။ အခုချိန်မှာ ပြန်လုပ်ဆိုရင် မမှတ်မိတော့ဘူး။ ပြန်သင်ရင်တော့ သင်ရတာ လွယ်ပါတယ်။

သီချင်းနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ထားတာ ရှိသေးလဲ။
FMF (Fashion Music Festival) အတွက် နှစ်ပုဒ် ရိုက်ဖို့ရှိတယ်။ ဦးစိုးလင်း စီစဉ်တဲ့ သင်္ကြန်ခွေမှာ တစ်ပုဒ် ၀င်ဆိုထားတာ ရှိတယ်။


သီချင်းဆိုတဲ့ ဘက်ကို ပိုပြီး အာရုံစိုက်ဖြစ်နေလား။
အဲဒီလို မဟုတ်ဘူး။ ဖေဖော်ဝါရီလထဲမှာလည်း ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ ပန်းကြာဝတ်မှုန် ရိုက်ဖို့ ရှိတယ်။ သီချင်းရော ကားရိုက်ရော မျှပြီး လုပ်ပါတယ်။ တကယ် Professional လုပ်တာက သရုပ်ဆောင် အလုပ်ဆိုတော့ သရုပ်ဆောင်ဘက် အားတဲ့အချိန် သီချင်းဆိုတာ လုပ်ဖြစ်တယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ ဘယ်နှကားလောက် ရိုက်ဖူးလဲ။
ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့က ပထမဆုံး ရုပ်ရှင်ကားကြီး ရိုက်ဖြစ်မှာပါ။


တစ်ခါမှ မဆုံဖူးတဲ့ ဒါရိုက်တာနဲ့ ဇာတ်ကားရိုက်ရမယ် ဆိုရင် ကြိုတင်ပြင်ဆင်ရတာ ပိုများမလား။
ကိုယ့်ဘက်ကတော့ ပြည့်စုံအောင် ပြင်ဆင်ပါတယ်။ အရင်တုန်းကတော့ တစ်ခါမှ မဆုံဖူးတဲ့ ဒါရိုက်တာနဲ့ ရိုက်ရမယ်ဆို နည်းနည်းတော့ ကြောက်တာပေါ့၊ အခုတော့ ဒီကားတစ်ကားမှာ အကောင်းဆုံး ဖြစ်အောင် ၀ိုင်းလုပ်ကြတယ်။ကြောက်စိတ် ထည့်လိုက်ရင် ပိုဆိုးသွားတယ်။ အဲဒီတော့ တတ်နိုင်သမျှ အကုန်လုံးနဲ့ ရင်းရင်းနှီးနှီး နေပြီး သရုပ်ဆောင် လိုက်ရင် အဆင်ပြေပါတယ်။ အဆင်ပြေပါ့မလား တွေးပူနေရင် ပိုပြီး အမှားများတယ်။ တတ်နိုင်သမျှ စိတ်လျှော့ပြီး အကောင်းဆုံး လုပ်ပေးမယ်။ ကိုယ်လုပ်ပေးတာ မကြိုက်ရင် သူဘာလိုချင်လဲ အကောင်းဆုံး လုပ်ပေးမယ်။

သရုပ်ဆောင် သင်တန်းတွေရှိတဲ့ အတွက် သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ပိုလွယ်ကူတယ်လို့ အစ်မထင်လား။
အစ်မတို့တုန်းက သင်တန်း မရှိတော့ တက်လည်း မတက်ခဲ့ရဘူး။ ကိုဂျွန်လွင်တို့ဖွင့်တဲ့ မော်ဒယ်လ်သင်တန်းလောက်သာ တက်ခဲ့ရတာဆိုတော့ အဲဒီလောက်ကြီး သေသေချာချာ မသိဘူး။ အခုဆိုရင် ဒါရိုက်တာတွေရော၊ သရုပ်ဆောင်ကြီးတွေရော ၀ိုင်းသင်ပေးတော့ ဘာမှမသိတဲ့ သုညကနေ စတာထက် စာရင် ပိုပြီး ကောင်းတာပေါ့။

နှင်းပွင့်ဧကရီ သိချင်တာ များကို ချစ်စနိုးဦးက စိတ်ရှည်လက်ရှည် ဖြေပေးပါတယ်။ သရုပ်ဆောင် အလုပ်ကို ၀ါသနာ ပါတာကြောင့် သရုပ်ဆောင်နဲ့ ပတ်သက်တာများပဲ မေးထားခြင်း ဖြစ်ပါတယ်။ လောလောဆယ်မှာလည်း ဇာတ်ကားများ ရိုက်ဖြစ်နေခြင်းကြောင့် ချစ်စနိုးဦးဆီက သရုပ်ဆောင်နဲ့ ပတ်သက်တာများ သိရတဲ့ အတွက် အဆင်ပြေမှု ရှိကြောင်း နှင်းပွင့်ဧကရီက ဆိုပါတယ်။ နှင်းပွင့်ဧကရီက ပဟေဠိနန်းတော် အစီအစဉ်နဲ့ မိုးဆမ်းပန်းက စီစဉ်ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲများမှာ ပါဝင် သရုပ်ဆောင် ထားသေး တာကြောင့် သရုပ်ဆောင် အနုပညာနဲ့ ပတ်သက်တာများကို သိခွင့်ရပြီး ပြန် အသုံးချခွင့် ရမယ်လို့ မျှော်လင့်ထား ပါတယ်။ teens & stars ကဏ္ဍမှာ ပါဝင်တဲ့ ချစ်စနိုးဦးနဲ့ နှင်းပွင့်ဧကရီ တို့ကို ကျေးဇူးတင်ရှိပါတယ်။

 


ခင်လေးမြင့်


ခင်လေးမြင့်
About the author:
Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
 

စာဖတ် ပရိသတ်

We have 301 guests online

and

hit counter
views