လွမ်းနေသည့်...ရတနာပုံ တက္ကသိုလ် နေ့ရက်များဆီ PDF Print E-mail
Written by ပန်းသန္တာ (မနောမြေ)   
Tuesday, 01 June 2010 10:15
Share |

“တက္ကသိုလ်” ဆိုတာ လူတိုင်း ရင်ထဲက စိတ်ကူးယဉ် အိပ်မက် တစ်ခုလို့ ကျွန်မ ထင်ပါတယ်။ ဒီလိုပဲ ကျွန်မလည်း ငယ်ငယ်ကတည်းက ရူးသွပ်ခဲ့ရတဲ့ အိပ်မက် တစ်ခု ဖြစ်ခဲ့တယ်။ First Year စတက်ခဲ့တဲ့ ဘ၀လေးဟာ ပျော်စရာ ကောင်းခဲ့ပေမယ့် လောကထဲကို အခုမှ ခြေချခွင့် ရတဲ့ လမ်းလျှောက်တတ်စ ကလေး တစ်ယောက်လို အရာရာဟာ စမ်းတ၀ါးဝါးနဲ့ပေါ့။ စာကျက်ရမှာ ပျင်းတဲ့ ကျွန်မက “စီးပွားစီမံ” (Business Management) မေဂျာဖြစ်တဲ့ အတွက်အချက် စာရင်းအင်း ပညာကို စိတ်ဝင် စားပြီး လျှောက်ခဲ့တယ်။ အဝေးသင် တက်ဖို့ပဲ ရွေးချယ်ခဲ့တဲ့ ကျွန်မတို့က ကျူရှင်တက်ဖို့ စုံစမ်း လိုက်တော့ Main တက္ကသိုလ် ကျောင်းကြီး နားက “ပျိုးခင်းသာ”မှာ တက်ဖြစ်ခဲ့ကြတယ်။ အဲဒီ ကျူရှင်လေးမှာပဲ ခင်မင်စရာ ကောင်းတဲ့ တစ်မြို့ စီက သူငယ်ချင်းတွေ ရခဲ့ပါတယ်။

Second Year ဟာ တက္ကသိုလ် တက်ခဲ့ရတဲ့ သုံးနှစ်တာ ကာလမှာ ပျော်စရာ အကောင်းဆုံးလို့ ကျွန်မတော့ ထင်တာပဲ။ လွတ်လပ် ပျော်ရွှင်မှုတွေ အားလုံးကို အဲဒီ ဒုတိယနှစ်မှာ အကုန် ရခဲ့တာမို့ လေ။

ကျွန်မနေတဲ့ အဆောင်က ၇၃ လမ်းနဲ့ ၃၇ လမ်းထောင့်က “ဆောင်းနှင်းဖြူ” အမျိုးသမီး သီးသန့်ဆောင် မှာပါ။ အဆောင်သူ အချင်းချင်း ရိုင်းပင်း ကူညီရင်း စနောက်ခဲ့ရတဲ့ ဘ၀လေး ကတော့ အခုထိ အမှတ်ရနေ သေးတယ်။ ညမိုးချုပ် သန်းခေါင် အထိ အခန်းတကာ လိုက်လည်ပြီး ရောက်တတ်ရာရာ မိန်ကလေး သဘာဝ စကား ပြောတတ်ကြတာလည်း မမေ့နိုင်စရာ ပါပဲ။

အဆောင်မှူး မသိအောင် ညဘက်လည် ရောင်းတဲ့ ထိုင်ဝမ် ပြောင်းဖူးပြုတ်၊ မြေပဲပြုတ်၊ ဌာပနာ ထုပ်စတဲ့ မုန့်တွေကို ၀ယ်စားရင်း အူမြူး ခဲ့ရတာတော့ ပြန်တွေးမိတိုင်း အမြဲ ပြုံးမိတာပါ။ နောက်ပြီး ကျွန်မနေတဲ့ အခန်း ဘေးပြတင်းပေါက် ကနေ ၇၃ လမ်းပေါ်မှာ တစ်ဆောင်လုံး အတွက် ညစဉ်ညတိုင်း လာရောက် ဖျော်ဖြေတတ်ကြတဲ့ မမြင်ဖူးတဲ့ အဆိုတော်တွေကို ကိုယ်ကြားချင်တဲ့ သီချင်းလေးတွေ တိုးတိုးအော် တောင်းရတာလည်း ပျော်စရာပေါ့။ အမြဲတမ်း ပေါ်ပြူလာဖြစ်တဲ့ အဆိုတော်က အဲ့ဒီတုန်းက ခေတ်စားနေတဲ့ “ဒိုးလုံး”ပေါ့။

သူတို့တွေ အားရပါးရဆိုပြီး မောလာရင်တော့ အဆောင်သူတွေဆီက ရေတောင်းသောက ရင် ကျွန်မတို့က ရေသန့်ဘူးတွေ ပစ်ပေးတတ် ကြတယ်။ အဲဒီအခါ ကျွန်မတို့ထက် တစ်နှစ် အတန်းကြီးတဲ့ အစ်မ တစ်ယောက်က ဂစ်တာတီး ကျွမ်းတော့ သူတို့ အမောပြေစေဖို့ သီချင်းတစ်ပုဒ် တီးပြပါတယ်။ ကျွန်မတို့လည်း လိုက်ဆိုရင်း ပျော်ခဲ့ရတဲ့ ဘ၀လေးက တက္ကသိုလ်ရဲ့အရသာ ပဲထင်ပါတယ်။

အပြာရောင် တစ်မျိုးတည်းကိုပဲ အရောင် အနုအရင့် ပုံစံအမျိုးမျိုးနဲ့ ချုပ်ဝတ်တတ်တဲ့ ကျွန်မကို အဆောင်ပေါက်ဝမှာ ကောင်လေး တစ်ယောက်က “အစ်မမှာ ဒီအပြာရောင် တစ်မျိုး ပဲ ၀တ်စရာ ပါတာလား”လို့ အမေးခံရတော့ ရန်မတွေ့နိုင်ဘဲ ရယ်ချင်မိခဲ့တာ သတိ အရဆုံးပါ။ နောက်ပြီး အဆောင်မှာ ဧည့်သည်လာလို့ နာမည် အခေါ်ခံရဆုံးက ကျွန်မနဲ့ ကျွန်မ အခန်းဖော် ပြင်ဦးလွင်သူ ညီမလေးပါ။ ကြာတော့ ကျွန်မတို့ နှစ်ယောက်ကို အဆောင်မှူးက အစ တစ်ဆောင် လုံးသတိထား မိလာကြတယ်။ တခြားအဆောင် သူတွေရဲ့ဧည့်သည်လည်း ခဏခဏ လာကြတာ ပဲ။ ဒါပေမယ့် အဆောင်မှူးရော ကျွန်မတို့ရော နည်းနည်းလေးမှ မရိပ်မိခဲ့ကြဘူး။ နောက်မှ သတိထားပြီး လေ့လာကြည့်မှ သူတို့ ဧည့်သည်တွေက အဆောင်အ၀င် ပေါက်ကနေ အဆောင်ထဲ ၀င်မယ့် မိန်းကလေး တစ်ယောက်ကို တိုးတိုး တိတ်တိတ်နဲ့ ခေါ်ခိုင်းလိုက်တာလေ။ ဒီတော့ ကျွန်မတို့ နှစ်ယောက်လည်း ဗျူဟာအသစ် ပြောင်းရတာပေါ့။ သူတို့ လမ်းစဉ်အတိုင်း ကျင့်သုံးရ တော့တာပေါ့။

ကျွန်မနဲ့ အခန်းဖော် ညီမလေးက ပြတင်း ပေါက်ကနေ မြင်ရတဲ့ ၇၃ လမ်းပေါ်ကနေ ဆိုင်ကယ်ဟွန်း သုံးချက် တီးပြီး ခေါ်ခိုင်းရတဲ့ အကြံက သွားတူနေခဲ့တယ်။ ဟွန်းသံကြားရင် ဘယ်သူ့ကို ခေါ်မှန်း မသိသေးဘဲ အခန်းဖော် ညီမလေးက အရင် ပြေးဆင်းတတ်တယ်။ နောက်မှ သူ့သူငယ်ချင်းတွေ မဟုတ်တော့မှ ကျွန်မဆီ မောကြီးပန်းကြီး ပြေးတက်ကာ ပြောတတ်ပါတယ်။ ဒီလို နည်းစနစ် ပြောင်းလိုက်မှပဲ ကျွန်မတို့ နှစ်ယောက်လည်း အဆောင်မှူးရဲ့ ဂရုစိုက်မှုက လွတ်ကင်းခဲ့ရတယ်။

ကျွန်မတို့လို အဝေးသင် ကျောင်းသူတွေ အနေနဲ့ တကယ်ဆိုရင် “ရတနာပုံ တက္ကသိုလ်” ထက် Main တက္ကသိုလ်က ပိုရင်းနှီးခဲ့တာပါ။ ဘာလို့လဲဆိုရင် Main တက္ကသိုလ်က အဆောင် နဲ့လည်း နီးတယ်။ ကျူရှင်နဲ့လည်း နီးတယ်။ သွားလာရတာ အဆင်ပြေတော့ အဲဒီနေရာမှာ ပိုပြီး ဇယား ရှုပ်တတ်ကြတယ်။ Main ပေါက်ဝကနေ လှမ်းမြင်ရတဲ့ “ပင်မ” ကျောင်းဆောင်ကြီးရယ်၊ တိုင်လုံး ဖြူဖြူကြီးရယ်၊ လှေကားထစ်ပေါင်းများစွာရယ်က ကျွန်မတို့အဖွဲ့ စုဝေးရာ နေရာလေး တစ်ခု ဖြစ်ခဲ့တယ်။ နာမည် ကြီးတဲ့ “ရေနီမြောင်း”လေးကလည်း ကျောင်းကြီးကို ရစ်ပတ်ခွေပြီး စီးဆင်းလို့ပေါ့။ တမာပင်တန်း၊ ကံ့ကော်ပင်ရိပ်တွေနဲ့ အေးမြတဲ့ ကျောင်းဝင်းထဲက လမ်းမပေါ်မှာ ညနေတိုင်း သူငယ်ချင်းတွေနဲ့ စက်ဘီး အတူတူစီးရင်း လမ်းလျှောက်ရင်း ခြေရာတွေ ထပ်ခဲ့ကြတယ်။ တစ်ခါတလေ အချိန်ပိုနေရင် ကျွန်မတို့အဖွဲ့ က Main အတွင်းထဲက Ruby ကဖေးမှာလည်း ထိုင်တတ်ကြပါတယ်။ နောက်ပြီးMain အပြင် ဘက် ၇၃ လမ်းမပေါ်က Unison ကဖေးနဲ့ “ရွှေရွက်လှ” နို့ချဉ်ဆိုင်တွေ မှာလည်း ထိုင်တတ် ကြတယ်။

တစ်ခါတလေ မိန်းကလေး အုပ်စု ပိုစုမိ တဲ့နေ့ဆိုရင် “မိုးချစ်သူ”နဲ့ “အိန်ဂျယ်လ်” ဓာတ်ပုံ ဆိုင်တွေမှာ ဓာတ်ပုံရိုက်ရင်း အချိန်ဖြုန်းမိ တတ် ကြတယ်။ တစ်ခါတလေ မိုးရွာတဲ့ နေ့နဲ့ကြုံရင် စိတ်ရူးပေါက်ပြီး အဖွဲ့လိုက် Main အတွင်းထဲက ကောက်ညှင်းပေါင်းနဲ့ အကြော်ပူပူကို ထီးဆောင်း ပြီးလည်း စားတတ်ကြပြန်ပါတယ်။

ကျူရှင်ချိန်မရှိတဲ့ နေ့ဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အတူ မြို့မနဲ့ ၀င်းလိုက် ရုပ်ရှင်ရုံမှာ အပန်းဖြေရင်း မန္တလေးတောင်နဲ့ ဘုရားကြီး (မဟာမြတ်မုနိ)တို့ကိုလည်း ရောက်ဖြစ်ကြတယ်။ မှတ်မှတ်ရရ “တန်ဆောင်တိုင် လပြည့်ည” မှာ အဆာင်မှူး ဦးဆောင်ပြီး အဆောင်ပေါက်ဝမှာ မုန့်လုံးရေပေါ် စတုဒိသာ ကျွေးခဲ့တာကတော့ မမေ့နိုင်ဆုံးပါပဲ။ ကိုယ့်သူငယ်ချင်း၊ သူ့ဘော်ဒါ တွေဖိတ်ရင်း မုန့်လုံးရေပေါ်ထဲမှာ ငရုတ်သီး ထည့်ကျွေးပြီး စနောက်ရတာ အမှတ်ရစရာပါ။ အဆောင်သူ အချင်းချင်း အိုးမည်းတွေ သုတ်ရင်း၊ မိုက်နဲ့သီချင်းတွေ အကျယ်ကြီး အော်ဆိုရင်း ကုန်ဆုံးခဲ့ရတဲ့ နေ့ရက်တွေက ဘ၀မှာပြန်မရနိုင် တော့ဘူးလေ။ အဲဒီ တန်ဆောင်တိုင် ညမှာပဲ အဆောင်ရှေ့အ၀င်ဝမှာ ဖယောင်းတိုင်လေးတွေ စိုက်ပြီး “ဆောင်းနှင်းဖြူ” ဆိုတဲ့ နာမည်ရေး ထိုးကာ ဓာတ်ပုံရိုက်ဖြစ်ခဲ့တာ တွေးကြည့်ရင် ရယ်စရာကြီးပါ။

ဘာဖြစ်လို့လဲဆိုရင် အဆောင်ရှေ့မှာ ရပ်ပြီး ကားပေါ်က ဆင်းလာတဲ့ ကင်မရာ ကိုင်ထားတဲ့ ကောင်လေးကို ကျွန်မတို့က အဆောင်က သွားခေါ်တဲ့ ဓာတ်ပုံဆရာထင်ပြီး ကျွန်မ အပါအ၀င် အဆောင်သူတွေ အမျိုးမျိုးအိုက်တင် ပေးပြီး ဓာတ်ပုံအရိုက် ခံခဲ့တာလေ။ အားလုံးတစ်ယောက်မကျန် ရိုက်ပြီးမှ အဲဒီကောင်လေးက ပြောင်စပ် စပ်မျက်နှာနဲ့ ကျွန်မတို့ကို “ဆောင်းနှင်းဖြူက အလှမယ်လေးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပြောပြီး ထွက် သွားတာကို မရိပ်မိသေးဘဲ ပျော်နေခဲ့ကြတာ။ နောက်မှ ဓာတ်ပုံဆရာ အစစ် ရောက်လာပြီး ပြောမှ ကျောချမှ ဓားပြမှန်း သိရတော့တယ်။

နောက်ထပ် ကျွန်မအတွက် ရယ်စရာ ဒုက္ခ ကြုံခဲ့ရတာကတော့ ညနေတိုင်း အဆောင်မှာ လာလည်တတ်တဲ့ သူငယ်ချင်းတွေကို အဆောင်မှာ ဂစ်တာလာ တီးဖို့ မြှောက်ပေးခဲ့တာပေါ့။ အကြောင်း မသိဘဲနဲ့ အထင်ကြီးခဲ့မိတဲ့ အဲဒီ ကျေးဇူးရှင်တွေကြောင့် ကျွန်မမှာ အဲဒီညက ခေါင်းမဖော်ရဲအောင် အဆောင်သူတွေ ကြားမှာ အစ ခံခဲ့ရတယ်။

ဖြစ်ပျက်ခဲ့ ပုံကိုလည်း ကြည့်ပါဦး။ ၇၃ လမ်းပေါ်မှာ လူခြေတိတ်ဆိတ် နေတဲ့ အချိန်မှာ ကျွန်မတို့“ဗန်းမော်သူ”တွေ အတွက် ဆိုပြီး သီချင်းလာ အော်ဆိုတဲ့ စည်းဝါးမညီ အသံသေး အသံကြောင်နဲ့ သံစဉ်တခြား စာသား တခြားက ဒုက္ခ ပေးပါတော့တယ်။ ကိုယ့်အဖွဲ့ဆိုတဲ့ အသိနဲ့ အားနာပါးနာ ဆိုးဝါးတဲ့ သီချင်းသံတွေကို နားဆင်ပြီး အိပ်ရာထဲက တစ်ညလုံး နားထောင် ခဲ့ရတယ်။

မနက်ရောက်တော့ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ကျွန်မကို သူတို့မို့ မေးထွက်ရက်ကြတယ်။ “ညက သီချင်းဆိုတာ ကောင်းလား”တဲ့။
ကျွန်မလည်း အားကျမခံ ရွဲပြီး ပြန်ပြောလိုက်ပါတယ်။ “မနေ့ညက သီချင်း လာဆိုတာ အရမ်းကောင်းတာပဲ။ အဲဒါ နင်တို့ အဖွဲ့လား။ မသိပါဘူး။ ငါ့မှာ ဆွေမျိုးတောင် မေ့တယ်။ တကယ်ပြောတာ အဆောင်သူတွေ ကတောင် နင်တို့ကို ချီးကျူးကြတယ်။ ၇၃ လမ်းမပေါ် ပရိတ် လာရွတ်တယ် ထင်နေ တာတဲ့”
အဲဒီတော့မှ သူတို့ အခြေအနေကို သူတို့ သိပြီး ပါးစပ် ပိတ်သွားကြတယ်။

Day ကျောင်းသူ မဟုတ်တဲ့ ကျွန်မတို့ အတွက်တော့ ရတနာပုံကျောင်းနဲ့ ထိတွေ့ခွင့်ရတဲ့ နေ့ရက်လေးက အနီးကပ် တက်ခွင့် ဆယ်ရက်တည်း။ ဒါပေမယ့် ပျော်ခဲ့ကြတာပါပဲ။ ရတနာပုံကျောင်း တက်ရတဲ နေ့မှာ မနက်စောစော ထပြီး ကျောင်းလိုင်းကား တိုးစီးရတာ သတိအရဆုံးပါ။ ကျောင်းရောက်တာနဲ့ ကျောင်းအနှံ့ လျှောက်စပ်စုရင်း စာသင်ချိန်ပြီးတဲ့ အခါ Canteen သွားပြီးတောFriend ကဖေးမှာ မုန့်စားရင်း၊ သီချင်း နားထောင်ရင်း အုပ်စုလိုက် ထိုင်တတ်ကြ တယ်။ ပြီးရင်တော့ “ကျောက်တော်ကြီး” ဘုရားဖူးကာ အဲဒီမှာတွေ့တဲ့ ဗေဒင်မေးရင်း ဟိုဟိုဒီဒီ လျှောက်သွားကြပြန်တယ်။ နောက်မှ ရတနာပုံ ကျောင်းနဲ့အထင်ကရ “ဦးပိန်တံတား”ဆီချီတက်ကာ အစအဆုံး လမ်းလျှောက် ကြပါတယ်။ တံတား ဟိုဘက်ဆုံးတာနဲ့ အကြော်မျိုးစုံ စားပြီး အပြန်ခရီး အတွက် ငှက် (လှေ) စီးပြီး စနောက်ရင်း ပြန်ဖြစ်ကြတယ်။ တကယ်တော့ ဒါဟာလည်း သတိရစရာနေ့ ရက်တွေပါပဲလေ။

အဆောင်က သူငယ်ချင်းတွေနဲ့လည်း နိုဝင်ဘာနဲ့ မိုးရွာတဲ့ တစ်ရက်မှာ တစ်နေ့လုံး စစ်ကိုင်း၊ အင်းဝ၊ တံတားဦး ဘုရားစုံ လျှောက်လည်ဖူး ရင်း ကားပေါ်မှာ သီချင်းတွေ အော်ဆိုခဲ့ကြတာ ပြန်တွေးကြည့်ရင် ကြည်နူးစရာပါ။ အဲဒီတုန်း ကဆိုခဲ့တဲ့ သီချင်းက ဖြိုးကြီးရဲ့ ပလက်တီနမ် သီချင်းပေါ့။ နောက်ပြီး သူငယ်ချင်းတွေနဲ့ စက်လှေစီးကာ “မင်းကွန်း” အနှံ့လည်းသွား လည်ခဲ့ကြပြန်တယ်။ စာမေးပွဲ မဖြေခင် တစ်ရက် မှာလည်း ပန်းမြို့တော် “ပြင်ဦးလွင်” ဆီသွားခဲ့ ကြတာ အောက်မေ့မိပါတယ်။

စာမေးပွဲတွေ နီးလာတော့ အဆောင်မှာ မိန်းကလေး အဖွဲ့တွေ စုအိပ်ပြီး စာအတူတူ ကျက်ရင်း၊ စာရင်းတွေ တွက်ရင်းနဲ့ ဒုတိယနှစ် ကျောင်းပိတ်ရက်က ရောက်ခဲ့ပြန်တယ်။ တစ်နယ်စီ မပြန်ခင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် Auto တွေ ရေးခိုင်း၊Address တွေ ရေးခိုင်းနဲ့ အလုပ်ရှုပ်ကြပြန်တယ်။ အိမ်ရောက်တော့လည်း ဖုန်းတွေဆက်ရင်း ကျောင်းအကြောင်း ပြန်ပြော ဖြစ်ကြပြန်တယ်။

နောက်တော့ အောင်စာရင်းကို ရင်တထိတ် ထိတ်နဲ့ စောင့်ရင်း နောက်ဆုံး နှစ်ကျောင်းတွေ ပြန်ဖွင့်တော့ အပျော်တွေနဲ့ တက္ကသိုလ် ရင်ခွင်ဆီ ကျွန်မတို့တွေ ပြန်လာခဲ့ကြပါတယ်။ ဒါပေမယ့် အရင်နှစ်တွေကထက် စာတွေ ပိုခက်လာတော့ ကျူရှင်ချိန် မပျက်ရဲသလို အနီးကပ် အတန်းချိန် တွေလည်း နေ့စဉ် တက်ဖြစ်ခဲ့တယ်။

နောက်ဆုံးနှစ်မှာ နောက်ဆုံးပိတ် အပြတ် ကဲမယ်လို့ တာစူ ထားပေမယ့် လက်တွေ့မှာတော့ ကျောင်းနဲ့စာနဲ့ ကျူရှင်နဲ့ သူငယ်ချင်းတွေနဲ့ပဲ လုံးချာ လည်နေခဲ့တယ်။ ပြီးဆုံးတော့မယ့် တက္ကသိုလ် ကျောင်းသူဘ၀ကို တွေးမိရင်လည်း နှမြောမိတာ ခဏခဏပါ။ အချိန်တန်ရင် ကျောင်းကြီးနဲ့ ခွဲခွာရမယ်ဆိုတာ ရင်ထဲက နားလည်ပေမယ့် လက်တွေ့မှာတော့ လက်မခံ ချင်ခဲ့ဘူး။

ပထမနှစ်ကနေ နောက်ဆုံးနှစ် အထိ သူငယ်ချင်းတွေနဲ့ တတွဲတွဲနေပြီး ရည်းစား မရှိတဲ့ ကျွန်မတို့ကို ကျွန်မတို့ အဖွဲ့ထဲက ယောက်ျားလေး တစ်ယောက်က စဖူးပါတယ်။ Final မှာတော့ တိုင်အကွယ်တောင် မခံနဲ့။ မရတဲ့ အဆုံး main အပေါက်ဝမှာ သတို့သားလောင်း အလိုရှိသည် ဆိုပြီး ဖိတ်စာလိုက်ဝေ” တဲ့လေ။
ကျွန်မတို့ကလည်း သူအဲလို ပြောတိုင်း ငြိမ် ခံနေမယ့် သူတွေမှ မဟုတ်တာ။ နဂိုကမှ ခပ်စွာစွာတွေ မဟုတ်လား။

“နင်တို့လို သရဲကတောင် အဖေခေါ်နေရ မယ့်ရုပ်တွေ ငါတို့ဘေးမှာ တောက်တဲ့လို တွယ်ကပ်နေတော့ ငါတို့ မစွံတာ ဆန်းသလား”လို့ ပြန်ခံပြောခဲ့တာကို အမှတ်ရနေပါသေးတယ်။

နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးတော့ စာကျက် ရတဲ့ဘ၀လေးက လွတ်မြောက်ခဲ့ပေမယ့် စိတ်ထဲမှာတော့ မပျော်နိုင်ခဲ့ဘူး။ ရတနာပုံ တက္ကသိုလ်ကို တစ်သက်တာ ရင်ထဲမှာ စွဲထင်နေဖို့ ကျောင်းအလယ်ပေါက်ကနေ ငေးကြည့်ခဲ့တဲ့ နေ့ရက်တွေ ကတော့ ပြန်မရနိုင်တော့ဘူးလေ။ အခုအချိန်မှာ ပြန်သွားကြည့်ဖြစ်မယ် ဆိုရင်တောင် ငေးမောခဲ့ ဖူးတဲ့ အဲဒီ အရသာကို ဘယ်မီနိုင်ပါတော့မလဲ။ mainပေါက်ဝ နားကနေ ကျောင်းလိုင်းကား တိုးစီးရင်း ကျောင်းတက်ခဲ့တဲ့ မြင်ကွင်းလေးက အခုထိ မျက်လုံးထဲ မြင်ယောင်နေဆဲပဲလေ။

သူငယ်ချင်းမလေး တစ်ယောက်ရဲ့ ခွဲခွာနီးမှာ မျက်ရည်စတွေနဲ့ အတူ ပြောခဲ့တဲ့ စကားလေးကို အခုအချိန်ထိ ကြားနေတုန်းပါပဲ။
“ငါတို့တွေ ဝေးသွားကြပေမယ့် မမေ့ကြေး နော်”တဲ့။

ဘယ်မေ့နိုင်ပါ့မလဲ သူငယ်ချင်းရယ်။ ရတနာပုံ ကျောင်းကြီးရော၊ မင်းတို့လို ခင်မင်စရာ ကောင်းတဲ့ သူငယ်ချင်းတွေရော၊ ငါတို့တွေ ကျင်လည်ခဲ့တဲ့ main တက္ကသိုလ် ၀င်းထဲရော၊ ငါတို့ ပျော်ခဲ့ကြတဲ့ ရွှေအိုရောင် နေ့ရက်တွေကို ရောပေါ့။ ရင်ထဲမှာ အမြဲ အမှတ်ရနေရင်း နှလုံးသားမှာပါ မင်းတို့ကို အမြဲ သတိရ နေမှာပါဟာ။

တကယ်ဆိုရင် ကျွန်မတို့တွေက ပထမ နှစ်ကနေ နောက်ဆုံးနှစ်အထိ ဖြူစင်စွာ ခင်ခဲ့ကြတဲ့ သူငယ်ချင်းတွေ မဟုတ်လား။ အမြဲတမ်း ရတနာ ပုံတက္ကသိုလ်နဲ့အတူ သတိရမှုတွေက ရှိနေဦးမှာ လေ။ တစ်နေ့နေ့ တစ်ချိန်ချိန် လမ်းမှာ အမှတ်မထင် ဆုံတွေ့ခဲ့ရင် မျက်နှာလွှဲ မပစ်နဲ့နော်။ အခုအချိန် မှာ ကျောင်းပြီးလို့ သူငယ်ချင်းတွေနဲ့ ဝေးနေရမယ့် စိတ်အစဉ်က အတိတ်က ပုံရိပ်တွေနဲ့ အတူ မင်းတို့ ကို လွမ်းနေဆဲပါ။ လွမ်းနေမှာပါ။ လွမ်းနေတုန်း ပါ သူငယ်ချင်းတို့ရယ်...။


ပန်းသန္တာ၊မနောမြေ၊
၂၀၀၁ မှ ၂၀၀၃ အထိ သူငယ်ချင်းတွေ အတွက် အမှတ်တရ


Comments (0)
Write comment
Your Contact Details:
Comment:
[b] [i] [u] [url] [quote] [code] [img]   
Security
Please input the anti-spam code that you can read in the image.
 

စာဖတ် ပရိသတ်

We have 335 guests online

and

hit counter
views