ကျွန်တော် အယ်ဒီတာ PDF Print E-mail
Written by ဝေမိုးနိုင်၊မုံရွာ၊   
Thursday, 05 January 2012 11:13
Share |

ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းရဲ့ အတွေ့အကြုံ ဖလှယ် စာမျက်နှာ Experience Exahange ကဏ္ဍမှာ ကျွန်တော့်ရဲ့ အယ်ဒီတာ အတွေ့အကြုံလေးကို မျှဝေ ရေးသား တင်ပြလိုက်ပါတယ်။

cialis generic vs brandgeneric tadalafil where to buy viagra online buy cialis overnight delivery
argaiv1457


အယ်ဒီတာ အတွေ့အကြုံဆိုလို့ “အံမယ်၊ ကြီးကျယ်လှချေလား” လို့တော့ မထင်လိုက်ကြပါနဲ့ ခင်ဗျာ။ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ချိနေတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေရဲ့ အယ်ဒီတာတော့ မဟုတ်ပါဘူး။ ကျွန်တော် အဋ္ဌမတန်း ကျောင်းသား အရွယ်က ထုတ်ဝေခဲ့ဖူးတဲ့ လက်ရေး မိတ္တူ စာစောင်လေးတွေရဲ့  အယ်ဒီတာ အတွေ့အကြုံလေးကို မျှဝေချင်တာပါ။

အယ်ဒီတာ ဆိုတော့ ကျွန်တော့်ကို ဘယ်သူက တာဝန်ပေးလဲလို့ မေးစရာ ရှိပါတယ်။ ဘယ်သူကမှ တာဝန် မပေးသလို ဘယ်သူကမှလည်း မခိုင်းစေပါဘူး။ ကျွန်တော့် စိတ်ကူးထဲမှာ အင်မတန် လုပ်ချင်တာလေး တစ်ခုကို ကြိုးစား လုပ်ဖြစ်ခဲ့တာပါ။

တကယ်တော့ ဒီလိုလက်ရေး မိတ္တူ စာအုပ်လေးတွေ ထုတ်ဖို့ စိတ်ကူးရတာက ဆရာမင်းလူရဲ့ ၀တ္ထုတွေဆီကနေ မြစ်ဖျား ခံလာတာပါ။ ဆရာမင်းလူရဲ့ တက္ကသိုလ် နောက်ခံ ၀တ္ထုတချို့မှာ ဇာတ်ကောင် လူငယ်တွေ စုပေါင်းပြီး ကဗျာ စာအုပ်လေးတွေ ထုတ်ကြတဲ့ အကြောင်းကို ဖတ်ရတော့ ကျွန်တော့် စိတ်ထဲမှာလည်း အဲဒီလို စာအုပ်လေးတွေ ထုတ်ချင်စိတ် ပေါ်လာတာပါ။   ဆရာမင်းလူရဲ့ ဇာတ်ကောင်တွေလို တက္ကသိုလ်ကျောင်းသား မဟုတ်သေးပေမယ့် အဲဒီ အချိန်မှာ ကျွန်တော့်ရဲ့ ပထမဆုံး ၀တ္ထုတိုလေးဟာ teen Magazine မှာ ဖော်ပြ ခံထားရတော့ လူက မြောက်နေပြီး စိတ်ကူးထဲက အိပ်မက်လေးကို အကောင်အထည် ဖော်ဖို့ တော်တော်လေး စိတ်အား ထက်သန်နေခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်နဲ့ ၀ါသနာ တူတဲ့ သူငယ်ချင်း နှစ်ယောက်နဲ့ တိုင်ပင်ဖြစ်ပါတယ်။ စတိုင်ပင်တုန်းကတော့ ကျွန်တော်တို့ သုံးယောက်ပေါင်း ကဗျာ စာအုပ်လေး ထုတ်ဖို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်ပင်နေတာကို ကြားသွားတဲ့ သူငယ်ချင်း တချို့က သူတို့လည်း ရေးချင်တယ်လို့ ဆိုလာပါတယ်။ ဒါနဲ့မဂ္ဂဇင်း အသေးစား စာစောင်ပုံစံမျိုး ထုတ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ထုတ်မယ့် စာအုပ်ပုံစံနဲ့ ထည့်သွင်းဖော်ပြမယ့် စာမူ အမျိုးအစားကို ပြောပြပြီး ပါဝင် ရေးသားချင်သူတွေ ရေးသားနိုင်ကြောင်း ကြေညာလိုက်ပါတယ်။

ဒီလိုကြေညာပြီး သိပ်မကြာခင်မှာဘဲ ယောက်ျားလေး၊ မိန်းကလေး သူငယ်ချင်း အယောက် ၂၀ လောက်ဆီက စာမူမျိုးစုံကို လက် ခံရရှိခဲ့ပါတယ်။ တချို့ဆို နှစ်ပုဒ်၊ သုံးပုဒ် ပေးကြ တာတောင် ရှိပါတယ်။ ရရှိလာတဲ့ စာမူတွေကို သူငယ်ချင်း ၃ ယောက် ရွေးချယ်ကြပါတယ်။ တကယ်တော့ ရွေးရတာ ခပ်များများပါ။ ပယ်ရတာက ၃၊ ၄ ပုဒ်လောက် တင်။ ရွေးတဲ့ စာမူတွေကို ကျွန်တော်တို့ ပြင်ဆင်မှု မလုပ်ခဲ့ပါဘူး။ သူတို့ ရေးတဲ့ အတိုင်းပဲ ကြိုက်ရင် ရွေးပြီး၊ မကြိုက်ရင် ပယ်လိုက်တာပါ။ နောက်ဆုံးအဆင့် စာမူ အပြီးသတ် ရွေးပြီးတဲ့အခါ စာအုပ်အဆင့် ရောက်လာဖို့ တာဝန် အားလုံးက ကျွန်တော့် အပေါ် ပုံကျလာပါပြီ။

စာအုပ်ပုံစံက A4 စာရွက်ကို အလျားလိုက် ထားပြီး စာအုပ်ပုံစံ ခေါက်ကာ ထုတ်ကြမှာပါ။ ဒါကြောင့် စာမူကူးရာမှာ စာကြောင်းလေးတွေ ညီစေဖို့ ခဲတံနဲ့ မျဉ်းသားရပါတယ်။ မျဉ်းသားပြီးမှ အဲဒီ မျဉ်းကြောင်းလေးတွေပေါ် မှာ ဘောပင်အပြာရောင်နဲ့ စာမူတွေကို လှလှလေး ကူးရပါတယ်။ တချို့ကဗျာ၊ ၀တ္ထုနဲ့ ဆောင်းပါးတွေမှာ သရုပ်ဖော် ပုံလေးတွေ ထည့်ဖို့ လိုတာမို့ ဘောလ်ပင်နဲ့ ပုံသေးသေးလေးတွေ ဆွဲပေးရတယ်။ အတွင်းပိုင်း အားလုံး ပြင်ဆင်ပြီးတော့ မျက်နှာဖုံး ဆွဲရပါတယ်။

ပထမဆုံး စာရွက် တစ်ရွက်မှာ အကြမ်းဆွဲကြည့်ရပါတယ်။ ပုံဒီဇိုင်းနဲ့စာစောင် နာမည်၊ ထုတ်ဝေနေ့စွဲတွေ ထည့်ပြီး နေရာ အထားအသိုတွေ ချိန်ကိုက်ရပါတယ်။ ကြည့်ရတာ တစ်ခုခု အဆင်မပြေဘူးထင်ရင် ပြင်ရပါ တယ်။ စိတ်ကြိုက် အနေအထား ဖြစ်ပြီဆိုမှ အချောပြန် ကူးဆွဲ ရပါတယ်။

အချောဆွဲတော့လည်း ပထမဆုံး စာအုပ်အနှောင့်ဘက်ခြမ်း ထိပ်ပိုင်းမှာ စာစောင်နာမည်နဲ့ ထုတ်ဝေနေ့စွဲတွေ ရေးဖို့ လေးထောင့်ကွက်လေး ချန်ရ ပါတယ်။ ပြီးတော့ ကျန်တဲ့နေရာတွေမှာ ကြယ်လေးတွေကို နေရာမကျဲတကျဲ လေး ဆွဲရပါတယ်။ ကြယ်တွေဆွဲပြီးတော့ စာမျက်နှာတစ်ခုလုံး(လေးထောင့် ကွက်နဲ့ ကြယ်လေးတွေကို ရှောင်ပြီး)ကို ဘောလ်ပင်နဲ့ မျဉ်းခပ်စိပ်စိပ်သား ရပါတယ်။ ပုံထွက်လာတဲ့အခါ ညအမှောင်မှာ လင်းနေတဲ့ ကြယ်လေးတွေကို မြင်ရမှာပါ။ ပုံဆွဲပြီးတော့ လေးထောင့်ကွက်လေးမှာ စာစောင်နာမည်နဲ့ ထုတ်ဝေရက်စွဲ စတာတွေ ရေးရပါတယ်။

အားလုံး ပြီးစီးသွားတဲ့ အခါ စာအုပ် တစ်အုပ်လုံးကို အနုလုံပဋိလုံ ကြည့် ရပါတယ်။ စိတ်တိုင်းကျပြီဆိုမှ မိတ္တူ သွားကူးရပါတယ်။ မိတ္တူကူးပြီးတဲ့ အခါမှာတော့ “ကြယ်ပွင့်လေးများ စာလွင်ပြင်” ဆိုတဲ့ လက်ရေးမိတ္တူစာစောင် လေး ထွက်လာပါတော့တယ်။ “ကြယ်ပွင့်လေးများ စာလွင်ပြင်” ဆိုတဲ့ စာတန်းအောက်မှာတော့ “၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ စတင် ထုတ်ဝေသည်” ဆိုတဲ့ စာတန်းလေးကို မြင်ရမှာ ပါ။ စာအုပ် မာတိကာ အထက် ပိုင်း Editorial မှာ “ဝေမိုးနိုင်(မုံရွာ) စီစဉ် တည်းဖြတ်သည်”လို့ ရေးထား ပြီး၊ အဲဒီအောက်မှာတော့ “လက် ထောက်စာတည်း-နိုင်ထွန်းလင်း(မြို့သစ်)၊ မြတ်မျိုးဇင်(ဒေါနခြံ)” လို့ ဖတ်ရမှာပါ။ မာတိကာစာ တန်းအောက်မှာ တော့  ကဗျာ၊ ၀တ္ထု၊ အက်ဆေး၊ ဆောင်းပါး၊ ချစ်သူဖတ်ဖို့ စသဖြင့် ကဏ္ဍမျိုးစုံမှာ ပါဝင်သူများ စာရင်းကို ဖော်ပြပါတယ်။ အဲဒီ စာအုပ်လေးကို ကျွန်တော်က တစ်အုပ် ၂၀၀ ကျပ်နဲ့ ရောင်းပါတယ်။ စုစုပေါင်း အုပ် ၃၀ ကုန်ပါတယ်။ သူငယ် ချင်းတော်တော်များများ သဘောကျ ခဲ့ကြပါတယ်။ ဒီစာအုပ်မှာ ၀င်မရေးလိုက်ရတဲ့ သူတွေက နောက်တစ်အုပ် ထုတ်ရင် သူတို့လည်း ရေးမယ် လို့ ဆိုလာပါတယ်။ ကျွန်တော်ကလည်း နောက်တစ်အုပ် ထုတ်ဖို့ တော်တော် အားတက်နေမိပါ တယ်။

ဒါပေမဲ့ ပထမနှစ်ဝက် စာမေးပွဲက အောက်တိုဘာလမှာ ဖြေရတာမို့ စာမေးပွဲပြီး ကျောင်းပြန် ဖွင့်မှပဲ စာအုပ်ထုတ်ဖို့ စီစဉ်ရပါတယ်။ ပထမ စာအုပ်ထဲက ကျွန်တော် သဘောကျတဲ့ သူတွေဆီ စာမူတောင်း၊ တခြား သူတွေကိုလည်း ရေးခိုင်း၊ မရေးဖူးသူတွေကိုလည်း စမ်းရေးကြည့်ဖို့ နှိုးဆော် ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အခန်းလေးက ကဗျာရေးကြ၊ စာရေးကြနဲ့ လှုပ်လှုပ်ရှား ရှား ဖြစ်လာပါတယ်။ ကျွန်တော်တို့အခန်းက တက် ကြွနေတာကို စိတ်ဝင်စားအားကျတဲ့ တခြား အခန်းက သူငယ်ချင်းတွေက သူတို့လည်း ရေး ချင်ကြောင်း ပြောလာတာမို့ ကျွန်တော်က ရေးပြီးပေးဖို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီတစ် ခါမှာတော့ ကျွန်တော်က ပါဝင်ရေးသားချင်သူ အားလုံးကို ကြေညာထားပါတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က ကြိုက်မှ ရွေးမှာဖြစ်ပြီး၊ မကြိုက်ရင် ဘယ်သူ ရေးတာဖြစ်ဖြစ် ပယ်မယ်လို့ ပြော ထားလိုက်ပါတယ်။ အားလုံးကလည်း သဘော တူကြပါတယ်။

ကျွန်တော့် သူငယ်ချင်းတွေ အဖို့ ကျွန်တော်တို့ စာအုပ်လေးဟာ ထူးဆန်း အံ့သြဖွယ် ဖြစ်နေပါတယ်။ ဟုတ်တယ်လေ၊ သူတို့ ဒါမျိုးမှ မကြုံ ဖူးကြတာကိုး။ ကျွန်တော်တို့ ကျောင်းမှာ နံရံကပ် စာစောင်ရှိတယ် ဆိုပေမယ့် ဆရာတွေကပဲ ရေးပြီး ကျောင်းသားတွေ နာမည်တပ်ကာ ထုတ်ကြတာပါ။ဆရာတွေက ဘယ်ကျောင်းသား၊ ကျောင်းသူကိုမှ ရေးဖို့ မပြောသလို၊ ကျောင်းသား၊ကျောင်းသူတွေကလည်း ယောင်လို့မျှ လှည့်မကြည့်ကြပါ ဘူး။ ဒီလို အခြေအနေမျိုးမှာ ထွက်ပေါ်လာတဲ့ ကျွန်တော်တို့ စာအုပ်လေးကို စိတ်ဝင်တစား ဖြစ် လာပါတယ်။

ဒီလိုနဲ့ ဒုတိယမြောက်စာအုပ်လေးကို ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ နေ့စွဲနဲ့ ထုတ်ဝေ နိုင်ခဲ့ပါတယ်။ ဒီစာအုပ်လေးကိုတော့ ဖူးငုံ စာပန်းခင်းလို့ အမည် ပေးခဲ့ပါတယ်။ ဆိုလိုချင်တာက ပထမစာအုပ် ကြယ်ပွင့်လေးများ စာလွင်ပြင်နဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ ဆန္ဒတွေ၊ ရင်ခုန်သံ တွေ စတင်မျိုးစေ့ချ သန္ဓေတည်ခဲ့ပြီး ခုဒုတိယ စာအုပ် ဖူးငုံ  စာပန်းခင်းမှာတော့  မျိုးစေ့ချခဲ့တဲ့ ပျိုးပင်လေးများမှ ပန်းပွင့်လေးများ ဖူးငုံနေကြပါ ပြီလို့ အသိပေးတင်ပြခြင်းပါ။

အဲဒီစာအုပ်ကတော့ ပထမ စာအုပ်ထက် ပိုထူ ပါတယ်။ ပထမစာအုပ်က A4 ၃ မျက်နှာ (စာ မျက်နှာ ၁၂ မျက်နှာ) ရှိပါတယ်။ ဒုတိယ စာအုပ် ကတော့ A4  ၄ မျက်နှာ (စာမျက်နှာ ၁၆ မျက် နှာ) ရှိပါတယ်။ သမိုင်း ကဗျာ၊ မိဘမေတ္တာဖွဲ့ ကဗျာ၊ ခေတ်ပေါ်ကဗျာ၊ ကဗျာပန်းခင်း၊ ချစ်သူ ဖတ်ဖို့ စတဲ့ ကဗျာစုစုပေါင်း ၁၇ ပုဒ်၊ ကာတွန်း ၃ ပုဒ်၊ ၀တ္ထုတို ၃ ပုဒ်၊ ဆောင်းပါး ၁ ပုဒ်၊ ဟဿရသ ၁ ပုဒ် စသည်ဖြင့် ပထမ စာအုပ် ထက် ပိုမိုစုံလင်စွာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဒီစာ အုပ်ကိုတော့ ၃၀၀ ကျပ်နဲ့ ရောင်းချ ခဲ့ပါတယ်။ အရင်းက ၂၅၀ပေမယ့် ကျွန်တော့်မှာ အကြံရှိလို့ ၅၀ ကျပ် တိုး ရောင်းခဲ့တာပါ။ ဒီစာအုပ်ကျတော့ စုစုပေါင်း အုပ်ရေ ၇၀ ကုန်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ထက် တစ်တန်းကြီးတဲ့ ကိုးတန်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျွန်တော်တို့အောက် တစ်တန်းငယ်တဲ့ ခုနစ် တန်းကျောင်းသား၊ ကျောင်းသူများကပါ အားပေး လို့ ဖြစ်ပါတယ်။

အဲဒီလို အားပေးရတဲ့ အကြောင်းကလည်း ရှိပါတယ်။ ဒီစာအုပ်ထဲက ကဗျာအများစုက အချစ်ကဗျာတွေပါ။ ခံစားချက် ရင်ဖွင့်လွှာ အချစ်ကဗျာ များကို ဖတ်ပြီး ကျွန်တော်သူငယ် ချင်းတွေ တော်တော်ဟတ်ထိ ကုန်ကြပါတယ်။ အဲဒီဟတ်ထိတဲ့ ကဗျာများကြောင့် ပြဿနာများ လည်း တက်ရပါသေးတယ်။

သူငယ်ချင်း(ကောင်မလေး) တစ်ယောက်ရဲ့ ကဗျာက ကောင်လေးတစ်ယောက်ကို တိတ်တခိုး ချစ်နေတဲ့အကြောင်း ရေးထားတာပါ။ ကျွန်တော့် သူငယ်ချင်းတစ်ဦးက သူ့ကို  ကြိုက်နေတာကို တစ်ခန်းလုံး သိနေပါတယ်။ ဒါပေမဲ့ သူက ဘာမှ မတုံ့ပြန်သေး။ သူ့ကဗျာကို ဖတ်ပြီး ကျွန်တော်တို့ အယ်ဒီတာ အဖွဲ့က ဒါ သူ့အဖြေပဲ ဟု ယူဆကာ သူငယ်ချင်းကို ပြောပြတယ်။ သူငယ်ချင်းက ၀မ်းသာလုံးဆို့ပြီး ညနေခင်းကျတော့ စက်ဘီးနဲ့ လိုက်စကား ပြောပါတော့တယ်။ ဒါကို ကောင်မလေး အိမ်ကမြင်သွားပြီး ကောင်မလေး ဆူခံရပါတော့တယ်။ နောက်နေ့ကျတော့ ကောင်မလေးက ကျွန်တော့်ဆီ ရောက်လာပါတော့တယ်။ သူ့ကဗျာ ရွေး၊ မရွေးမေးတော့ ကျွန်တော်က ရွေးကြောင်းပြောတဲ့အခါ သူကမထည့်ဖို့ တောင်းဆိုပါတယ်။ ကျွန်တော်က အချောကူးနေပြီ ဖြစ်ကြောင်းပြောတော့ ကလောင်နာမည် ပြင်ပေးဖို့ စောဒက တက်ပါတယ်။ ကျွန်တော်က ဒီလောက်တော့ Correction Pen နဲ့ ဖျက်ပြီး ပြင်ပေးမယ်ဆိုပြီး ကတိခံလိုက်တယ်။ ဘယ်လိုပြင်မှာလဲဆိုတော့ Hate လို့ ပြင်မတဲ့။ အားလုံးသိတဲ့ အတိုင်းပဲ Hate ရဲ့ အဓိပ္ပာယ်က မုန်းတာ။ ဘာလို့လဲ မေးတော့လည်း မရဘူး။ နာမည်ပြင် ပေးဖို့ကိုပဲ တတွတ်တွတ် ပြောနေတယ်။ နားပူလွန်းတော့ ကျွန်တော်က ပြင်ပေးမယ်လို့ ပြော လိုက်ပါတယ်။ ပြီးတော့မှ သူငယ်ချင်းကို အကျိုးအကြောင်း မေးမြန်းရပါ တယ်။ ဒီတော့မှ အကြောင်းစုံကို သိရပါတယ်။ ဒါ့အပြင် ကလောင် နာမည်ကိုလည်း Hate လို့ ပြင်ပေးလိုက်ပါတယ်။

စာအုပ်ထွက်တော့ ကျွန်တော်က ဆရာမ တချို့ကို လက်ဆောင်ပေး ဖြစ်ပါတယ်။ မြန်မာစာ ဆရာမက စာအုပ်ကို အခန်းထဲကျမှ ဖတ်တယ်။  ပြီးတာနဲ့ အချစ်ကဗျာတွေကို ဝေဖန်တော့တာပဲ။ (မှတ်ချက်- မြန်မာစာ ဆရာမက အပျိုကြီးပါ)။ အသက်ငယ်ငယ်လေးတွေ ရှိသေးတယ်။ အချစ် ကဗျာတွေ ရေးရသလား။ အချစ်စိတ်တွေ အဲဒီလောက် ပြင်းထန်နေကြ သလား စသဖြင့် ပြောပါတော့တယ်။ ပြီး ဆရာမက ဒီလောက်နဲ့ မရပ်။ အချစ်ကဗျာရေးသူတွေရဲ့ နာမည်တွေ ဇွတ်မေးတော့တာပဲ။ ကျွန်တော် ကလည်း မပြောမဖြစ်တော့ ပြောရတော့တယ်။ံအေန ရဲ့ ကဗျာရောက်တော့  ဆရာမက နာမည်မေးပြီး ဆူပါတယ်။  ကဗျာကျတော့ ချစ်စိတ် ချစ်ရည်တွေ ဖုံးလွှမ်း ပြည့်လျှံနေပြီး နာမည်ကျမှ ဘာံအေန တာတုန်း၊ ဘာညာနဲ့၊ ဒီလိုအဆူ ခံရတော့ ကောင်မလေး ပိုရှက်သွားပြီး ကောင်လေးကို လုံးဝလှည့်မကြည့် တော့ပါ။ ကျွန်တော့် သူငယ်ချင်းခမျာမှာတော့ ဟတ်ကော့ကြီး ဖြစ်လို့။

ဒါလေးကတော့ အမှတ်တရ ဖြစ်ရပ် လေးပါ။ နောက်တစ်ခုက ဆုပေး တဲ့ အစီအစဉ်ပါ။ စာအုပ်တစ်အုပ်ဆီက ငွေ ၅၀ မြတ်တာ ဆိုတော့  အုပ်ရေ ၇၀ ကုန်တော့ ငွေ ၃၅၀၀ အမြတ်ရပါတယ်။ အဲဒီ ငွေတွေကို ကျွန်တော်က ဆုပေးဖို့ စီစဉ်လိုက်ပါတယ်။ ဒီစာအုပ် ဖတ်ဖူးသူတိုင်းကို ဒီစာအုပ်ထဲက ကဗျာတွေထဲကနေ အကြိုက်ဆုံး ၁ ပုဒ် ရွေးခိုင်းလိုက်ပါတယ်။ အားလုံး အကြိုက်ကို စုစည်းပြီး မဲအများဆုံးရတဲ့ ကဗျာရှင်ကို ဆုငွေချီးမြှင်မှာပါ။ မဲပေးကြတဲ့သူ တစ်ရာလောက်မှာ မဲအများဆုံး ရရှိသွားသူက မဲအရေအတွက် ၄၈ မဲပါ။ အဲဒီကဗျာရှင်ကို ဆုငွေ ကျပ်၂၀၀၀ ချီးမြှင့်လိုက်ပါတယ်။ ကျန်တဲ့ ၁၅၀၀ကို ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက်နဲ့ တစ်ယောက် ၅၀၀ စီ ခွဲယူလိုက်ကြပါ တယ်။

ဒီစာအုပ်လေး အောင်မြင်တော့ ကျွန်တော်က ၅ တန်း၊ ၆ တန်းတုန်းက ကျွန်တော့်ကို ပန်းချီ သင်ပေးခဲ့တဲ့ ဆရာကို လက်ဆောင် သွားပေးပါတယ်။ ဆရာက သဘောကျပြီး ကျောင်းအုပ် ဆရာကြီးကို သွားပြပါတယ်။ ဆရာကြီးက အရင်ကတည်းက ကျွန်တော့်ကို ပန်းချီဆုတွေ ခဏခဏ ရလို့ မှတ်မှတ်သားသား ရှိပါတယ်။ ဒီလို စာအုပ်တွေ ထုတ်တယ်ဆိုတော့ ဆရာကြီးက ပိုသဘော ကျသွားပုံရပါတယ်။

၂၀၀၉ ဇန်န၀ါရီလကုန်ပိုင်းလောက် တစ်ရက် ဆရာမခိုင်းလိုက်တဲ့ ကိစ္စလေးကြောင့် ကျွန်တော် ရုံးခန်းထဲကို အသွားကျောင်းအုပ်ကြီးက ကျွန်တော့်ကို မေးခွန်းတစ်ခု မေးပါတယ်။
“ဝေမိုးနိုင်ရေ၊ ဖေဖော်ဝါရီလထဲ ထူးထူးခြား ခြား ဘာနေ့ရှိလဲဟေ့”

“ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ရှိပါတယ် ဆရာကြီး”

ကျွန်တော့် အဖြေကို ဆရာကြီးက ပြုံးပါတယ်။ ကျွန်တော်က ဘာရယ် မဟုတ်ပါဘူး။ ခေါင်းထဲမှာ မှတ်မှတ်သားသား အရှိဆုံး ရက်တစ် ရက်ကို ပြောလိုက်တာပါ။
“အေး၊ နောက်တော့ ဘာနေ့ရှိသေးလဲ”

ကျွန်တော်က ပြည်ထောင်စုနေ့လည်း ရှိတယ်လို့ ဖြေတော့-
“အေး၊ အဲဒီတော့ မင်း အဲဒီရက်နှစ်ရက် အတွက် စာအုပ်ထုတ်ကွာ”လို့ ပြောပါတယ်။

ကျွန်တော် တော်တော်ဝမ်းသာသွားတယ်။ တကယ်တော့ ကျွန်တော့် ခေါင်းထဲမှာ အဲဒီ စိတ်ကူး ရှိပြီးသားပါ။ ခုတော့ ဆရာကြီး ကိုယ်တိုင်က ပြောလာပြီမို့ စာအုပ်အတွက် အလျင်အမြန် စိုင်းပြင်းပါတော့တယ်။ ဒီတစ်ခါမှာတော့ ရင်ခုန်သံပြင်းပြနေကြသော အချစ် ကဗျာသမားတွေ ကို မေတ္တာ ရပ်ခံပြီး နားခိုင်းနားရပါတယ်။ ဒါတောင်တချို့က ချစ်သူများနေ့ လည်း ရှိတာပဲ၊ ရေးချင်တယ် တကဲကဲ လုပ်နေလို့ ဆရာကြီးနဲ့ ခြောက်လိုက်ရ တယ်။ စာစီစာကုံး အရေးကောင်းသူတွေ၊ ကာရန်အချိတ်အဆက်နဲ့ ကဗျာ ရေးတတ်သူတွေ၊ စာအုပ်စာပေ ဖတ်ဖတ်ရှုရှု မှတ်မှတ်သားသား ရှိသူတွေကို ရေး ခိုင်းတယ်။ ဒီအခေါက်မှာတော့ ကျွန်တော် စာမူတောင်းရတာ အားရှိတယ်။ “ဆရာကြီး ထုတ်ခိုင်း တာ”ဟုတွင်တွင် ပြောပြီး အမြန် ရေးခိုင်းရပါ တယ်။

သူတို့ဆီက စာမူတွေရတော့ ပထမ အဆင့် အနေနဲ့ ကျွန်တော်က ပြင်တန် ပြင်၊ ဖြည့်တန် ဖြည့်ရတယ်။ ဆရာကြီးက ထုတ်ခိုင်းတာ ဆိုတော့ ဖြစ်က တတ်ဆန်း သာမန်ပေါ့ပေါ့လျှံလျှံလေး မလုပ်ချင်တာမို့ ကျွန်တော့်ကို ပန်းချီ သင်ပေးခဲ့တဲ့ ဆရာကို ဒုတိယအဆင့် တည်းဖြတ်ပေးဖို့ တောင်းဆိုရတယ်။ ဆရာက အလွန်ပါရမီ ထူးသူ ပါ။ ပန်းချီဆိုရင် ရေဆေးလား၊ ဆီလေးလား၊ ကွန်ပျူတာလား၊ ကဗျာစပ်ရမလား၊ ဆောင်းပါး ရေးရမလား၊ ဘင်ခရာ သင်ရမလား၊ အင်္ဂလိပ်စာ၊ သချာင်္ သင်ရမလား၊ ကျောင်းဘင် ခရာအတွက် သီချင်းသံစဉ်ရှာရမလား အကုန်တတ်ကျွမ်းသူ ဖြစ်ပါတယ်။

ဆရာ တည်းဖြတ်ပြီး အချောကူး၊ မျက်နှာဖုံး ပုံဆွဲကာ “မြန်မာပြည်ရဲ့ ဖေဖော်ဝါရီ”ဟု အမည်တပ်ပြီး၂၀၀၉ ခု၊ ဖေဖော်ဝါရီလ ၅ ရက် နေ့မှာ ထုတ်ဝေခဲ့တယ်။ ဒီစာအုပ်ကတော့ ကျွန်တော့်ကို အမှတ်တရ အဖြစ်ဆုံး စာအုပ်လေးပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း စာအုပ်လေးကို (ကွန်ပျူတာ စာမစီနိုင်တာကလွဲလို့) စိတ်လိုလက်ရ အာရုံနှစ်ကာ လုပ်ဆောင်ခဲ့တာမို့ပါ။

စာအုပ်မျက်နှာဖုံးမှာ ပင်လုံကျောက်တိုင်ကို ၀ိုင်းလျက် တိုင်းရင်းသား ၈ မျိုး ပုံဆွဲလိုက်ပါတယ်။ စာအုပ်အတွင်းထဲမှာလည်း ကဗျာတစ် ပုဒ်ဘေးမှာ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို ထည့်သွင်းထားပါတယ်။ အဲဒီ“မြန်မာပြည်ရဲ့ ဖေဖော်ဝါရီ” စာအုပ်ထဲက ကဗျာတချို့နဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီကဗျာ လေးက စာအုပ်ထဲမှာ ဗိုလ်ချုပ်ဓာတ်ပုံနဲ့တကွ ထည့်သွင်းထားတဲ့ ကဗျာ လေးပါ။

နှလုံးသားထဲက အို...ဖခင်
တို့ပြည် တို့မြေ ကျူးကျော်သူ
ငါတို့ရဲ့ ရန်သူ။
တို့ပြည် တို့မြေ သိမ်းပိုက်သွား
နယ်ချဲ့ရန်သူ ငရဲသား။
တို့ပြည် တို့မြေ သိမ်းပိုက်ရန်
ယုတ်မာပက်စက် သူတို့ကြံ။
တို့ပြည် တို့မြေ သိမ်းပိုက်ဖို့
ဉာဏ်မျိုးစုံနဲ့ နယ်ချဲတို့။
နယ်ချဲ့တွေကို တော်လှန်ရာ
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကာ
လွတ်လပ်ဖို့ရေး ကြိုးပမ်းကြ
ဗိုလ်ချုပ်အောင်ဆန်း နည်းလမ်းပြ။
ပြည်ထောင်စုနေ့ အောင်လံထူ
ဗိုလ်ချုပ်ဦးဆောင်များဗိုလ်လူ။
လွတ်လပ်ဖို့ရာ ကြိုးပမ်းမှု
ဗိုလ်ချုပ်ခေါင်းဆောင် ညီနောင်တစ်စု။
အနစ်နာခံလည်း မစံရပါ
ဗိုလ်ချုပ်အောင်ဆန်း သူ့ကြမ္မာ
နိုင်ငံ့ဖခင် ပမာအလား။
ကိန်းအောင်းနေဆဲ တို့ နှလုံးသား။ ။
ကျော်စိုးဝင်း
ဒီစာမျက်နှာနဲ့ ကပ်လျက်စာမျက်နှာမှာတော့ ကျွန်တော်ဆွဲတဲ့ ကာတွန်းလေးပါ။ ဆရာက ကျောင်းသား၊ကျောင်းသူတွေကို- “ဖေဖော်ဝါရီလမှာ ထူးထူးခြားခြား ဘာနေ့ရှိလဲ” လို့ မေးတော့ ကျောင်းသားတစ် ယောက်က ထကာ-
“ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့လို့ ဖြေနေပုံ၊ ကျောင်းသားတွေ က ရယ်ကျဲကျဲ၊ ကျောင်းသူတွေက ပြုံးစိစိ၊ သူတို့ အုပ်စု ၂ စုရဲ့ အထက်က အသည်းပုံတွေ ဆွဲထားပါတယ်။ ဆရာဖြစ်သူကတော့ ပါးစပ်ကြီးဟောင်းလောင်း။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်ရေးတဲ့ “အယ်ဒီတာစကား”မှာ ဒီလို ဖော်ပြထားပါ တယ်။
“ဖေဖော်ဝါရီလမှာ အရေးကြီးတဲ့ နေ့တွေ ရှိပေမယ့် လူငယ် အများစုကတော့ ဖေဖော်ဝါရီ ၁၄ ရက်၊ “ချစ်သူများနေ့”(Valentine’s Day)ကိုပဲ အမှတ်ရတတ်ကြပါတယ်။ ဒါဟာအရွယ်ကတောင်းဆိုတဲ့ စိတ်ဝင်စားမှုပါပဲ။ ဒါပေမဲ့ မြန်မာ ပြည်သားတစ်ယောက် အနေနဲ့ ဖေဖော်ဝါရီ ၁၂ ရက်၊ “ပြည်ထောင်စုနေ့”နဲ့ ဖေဖော်ဝါရီ ၁၃ ရက်“လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင် ဆန်းမွေးနေ့” ရက်တွေကိုတော့ အမှတ်ရစေချင်၊ တန်ဖိုးထား စေချင်တဲ့ ဆန္ဒနဲ့ ဒီစာစောင်ကို စီစဉ် ထုတ်ဝေခြင်း ဖြစ်ပါတယ်”

တကယ်တော့ ဒီအမှာစာဟာ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် teen Magazine ရဲ့ Message to teen ကို ကိုးကားထားတယ်လို့ ပြောရမှာပါ။ နောက်ထပ် ကဗျာတစ်ပုဒ်နဲ့ မိတ်ဆက်ချင်ပါ သေးတယ်။ ဒီကဗျာကို ဖတ်မိသူ ၇၀ ရာခိုင်နှုန်း လောက်က ကြိုက်တယ်လို့ ဆိုပါတယ်။

လေးစားထိုက်သူမို့
ပြည်သူအားလုံး စွဲချစ်ခင်
ဗိုလ်ချုပ်အောင်ဆန်း တို့ဖခင်
တိုင်းပြည်အကျိုး ရည်မျှော်မှန်း
သက်စွန့်ကာသာ သူ ကြိုးပမ်း
မီးခဲပြာဖုံး သခင်စိတ်တွေ
နိုးကြားတက်ကြွ မြင့်မားစေ
နယ်ချဲ့လူဖြူ ဉာဏ်လက်သစ်
မျိုးချစ်စိတ်နဲ့ တိုက်ဖျက်ပစ်
နယ်ချဲ့လွန်သော် တစ်ဗိုလ်ပေါ်
ဖက်ဆစ် ယုတ်တဲ့နော်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြု
အောင်ပွဲအလီလီ ရသည့်ဆု
သူ ပျိုးခဲ့သည့် လမ်းစပမာ
ပန်းတိုင်အနီး ရောက်မှသာ
မျက်ရည်မနိုင် ပြည်သူများ
ဗိုလ်ချုပ်အောင်ဆန်း ခွဲခွာသွား။
ပြည်ထောင်စုနေ့ ရောက်လေလျှင်
သတိရမိ သည်ဖြစ်အင်
မြန်မာမျိုးတို့ လွတ်လပ်ဖို့
အသက်ပေးဆပ်ခဲ့သူမို့
ဦးညွတ်ကာသာ အလေးပြုစို့။ ။
နိုင်ထွန်းလင်း၊မြို့သစ်၊

ဒီစာအုပ်ထဲမှာ ပါတဲ့ကဗျာတွေကို ကျွန်တော်က ၂ မျိုး ခွဲလိုက်ပါတယ်။ “၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ ကဗျာ”နဲ့ “၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗိုလ်ချုပ်အောင် ဆန်း ၉၄ နှစ်ပြည့် မွေးနေ့အမှတ်တရ ကဗျာ” ဆိုပြီး ခွဲလိုက်တာပါ။ ဒီစာအုပ်ထဲက တခြား ကဗျာကောင်းတွေကို ဖော်ပြချင်ပေမယ့် စာရှည် လွန်းသွားမှာစိုးလို့ မဖော်ပြတော့ပါဘူး။ အခွင့်သာမယ်ဆိုရင် (စာဖတ်သူများ ဖတ်ချင်ကြမယ်ဆိုရင်) လက်ဆောင်ပေးဖို့ အသင့်ပါပဲ။

ဒီစာအုပ်လေး ထွက်ပြီး ကျွန်တော်တို့ တော်တော် အဆက်ပြတ်သွား ပါတယ်။ ၉ တန်းနှစ်မှာမှ ကွန်ပျူတာ စာစီစာအုပ် တစ်အုပ်ကို နောက်ဆုံး အနေနဲ့ ထုတ်ခဲ့ပါတယ်။ စာအုပ်နာမည်က စာပန်းဥယျာဉ် ဖြစ်ပြီး ၂၀၀၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်မှာ ဆိုရင်လည်း ဂန္ထ၀င်ကဗျာ၊ ခေတ်ပေါ်ကဗျာ၊ ဆောင်းပါး၊ ချစ်သူဖတ်ဖို့၊ ၀တ္ထုတို၊ ဒဿနကမ္ဘာ စသဖြင့် ဖော်ပြထားပါတယ်။ ဒီစာအုပ် နောက်မှာတော့ ဘာစာ အုပ်မှ ထပ်မထုတ်ဖြစ်တော့ပါဘူး။

ပါဝင်ရေးသားခဲ့ကြသူတွေကတော့ ဘယ်လိုနေမယ် မသိပေမယ့် ကိုယ် တိုင်ဦးဆောင် ထုတ်ဝေခဲ့ရတဲ့ ကျွန်တော်ကတော့ ပြန်မရနိုင်တော့တဲ့ အဲဒီ အချိန်လေးတွေကို စာအုပ်လေးတွေ ပြန်ကြည့်ရင်း အလွမ်းဖြေနေရပါကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ အယ်ဒီတာ အတွေ့အကြုံလေးကို လက်ဆင့် ကမ်းမျှဝေလိုက်ပါတယ် ခင်ဗျာ။

ဖူးငုံတို့ မိမိတို့ရဲ့ ဆန္ဒ၊ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ကြ ပါစေ။

ဝေမိုးနိုင်၊မုံရွာ၊
(Teen မဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၂)