|
Written by လင်းနိုင်ဦး
|
|
Wednesday, 11 January 2012 10:54 |
?????????????????? ?????????? ?????????? ????? ?????????????????? ????????? ?? ???? ????????? ??????????? ????????????? ??????????????? ????????????????????? ????? ?????????? ????????? ??????????????????? ?????????
argaiv1189
အဲဒီနေ့က တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ထွန်းအိန္ဒြာဗိုကို မေးမြန်းဖြစ်တဲ့ အခါ “အဲဒီ သတင်းတွေ လုံးဝ မဟုတ်ပါဘူး။ အခုတောင် အဲဒီ သတင်းတွေ Online မှာ ဖတ်နေတာ။ အဲဒီသတင်းတွေမှာ ရေးထားသလို NLD ပါတီ မဲဆွယ်ရေးအတွက် အဆိုတော်တွေနဲ့ ဒေါ်အောင် ဆန်းစုကြည်တွေ့တယ် ဆိုတာက လုံးဝမဟုတ်ပါဘူး။ ဒေါ်စု ပြောလိုက်တဲ့ ဆုံးမစကား တွေထဲမှာတောင် “အနုပညာသမား ဆိုတာ ဘယ်ပါတီ အတွက်မှ ရပ်တည်စရာ မလိုဘူး” ဆိုတာမျိုးတွေ ပါသေးတယ်။
အမှန်တော့ အဲဒီနေ့က တွေ့ဆုံပွဲမှာ ဘာတွေ ပြောဖြစ်ကြမယ်ဆိုတာ ကြိုတင်မသိဘဲ ကိုယ်လေးစားတဲ့ သူတစ်ယောက်ကို တွေ့ချင်ရုံ သက်သက် သွားဖြစ်ခဲ့ကြတာပါ။ ဟိုရောက်တော့ ဒေါ်စုက တိုင်းကျိုးပြည်ပြု သီချင်းလေးတွေ လုပ်ကြမယ်လို့ ပြောတယ်။ အဲဒီ သီချင်းတွေ အားလုံးက ဘယ်ပါတီ အဖွဲ့အစည်း အတွက်မှ ရည်ရွယ်တာ မဟုတ်တဲ့ တိုင်းသူပြည်သားတွေကို အကျိုးပြုတဲ့ သီချင်းတွေ ဖြစ်ရမယ်ပေါ့နော်။ အဲဒီ သီချင်းတွေကို ရေးတဲ့ သူတွေက ရေးကြမယ်။ တီးတဲ့ သူတွေက တီးကြမယ်။ အစ်မတို့က ဆိုပေးဖို့ ပြောလာတဲ့ သီချင်းတွေကို ဆိုပေးရုံပဲ လုပ်ရမှာပါ။ အဲဒါကြောင့် ပြည်ပ သတင်း တချို့မှာ ရေးကြသလို ပါတီမဲဆွယ်ဖို့ အတွက် သီချင်းတွေ လုပ်ကြဖို့ မဟုတ်ဘဲ တိုင်းကျိုးပြည်ပြု သီချင်းတွေ လုပ်ကြဖို့ တွေ့ဆုံဖြစ်ခဲ့ကြတာပါ”လို့ ပြောသွားခဲ့ပါတယ်။
တွေ့ဆုံပွဲ တက်ရောက်ခဲ့ကြသူ တွေထဲမှာ လူငယ် Hip Hop အဆိုတော်တွေလည်း ပါဝင်ပါ တယ်။ အဆိုတော် ရသက “ကျွန်တော် အနေနဲ့ပြောရရင် ဒေါ်စု မွေးနေ့တုန်းက သွားဆို ပေးဖူးပေမယ့်လူတွေ အရမ်းများလို့ သေချာတွေ့ခွင့် ရလိုက်ဘူးဗျ။ အခုမှ အနဂ္ဂက မိတ်ဆက်ပေးလို့ သေချာ တွေ့ခွင့်ရလိုက်တယ်။ ကျွန်တော် ငယ်ငယ်လေးကတည်းက လေးစားခဲ့ရတဲ့ ပုဂ္ဂိုလ်ကို ဆုံတွေ့ရလို့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ သီချင်းတွေ ဖန်တီးဖို့ အတွက်လည်း အခုကတည်းက စိတ်ကူး ရသွားတာမျိုးလေးတွေ ရှိတယ်။ အဲဒါလေးတွေကို အားလုံး တိုင်ပင်ပြီး ဖန်တီး သွားကြမှာပါ”လို့ ဆိုပြီး ACID အဖွဲ့သား တစ်ဦးဖြစ်သူ ရန်ရန်ချန်းကတော့ “ကျွန်တော် အဲဒီ အိမ်ရှေ့ကနေ အကြိမ်ပေါင်း များစွာ ဖြတ်ခဲ့ဖူးပေမယ့် အိမ်ထဲကိုတော့ အခုမှ ရောက်ဖူးတာဗျ။
ကျွန်တော် အရမ်း လေးစားတဲ့ သူတစ်ယောက်ကို တွေ့လိုက်ရတဲ့ အဲဒီ နေ့လေးကို ကျွန်တော့်တစ်သက် ဘယ်တော့မှ မေ့လို့ရတော့မှာ မဟုတ်ဘူးဗျ။ ပြီးတော့ သီချင်းတွေ ဖန်တီးတဲ့ နေရာမှာလည်း ကျွန်တော်တို့က လူငယ်တွေဖြစ်တဲ့ အတွက် လူငယ်တွေကို ကိုယ်စားပြုတဲ့ လူငယ်ဆန်ဆန် အကျိုးပြု သီချင်းတွေ ဖန်တီးမယ်လို့ စဉ်းစားထားတယ်”လို့ တွေ့ဆုံပွဲ အပြီး သူ့ရဲ့ ခံစားချက်နဲ့ ဖန်တီးမယ့် သီချင်းတွေ အကြောင်းကို ပြောပါတယ်။
အဲဒီနေ့က ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ အသက်အငယ်ဆုံးဖြစ်သူ အိမ့်ချစ်ကလည်း “သမီးကတော့ ကလေးဆိုတော့ လူကြီးတွေ စီစဉ်ပေးတဲ့ သီချင်းကို ဆိုမှာပါ။ လူကြီးတွေက ရေးကြ၊ တီးကြပြီးတော့ ဆိုဖို့ ပေးလာတဲ့ သီချင်းတွေကိုပဲ သမီး ဆိုမှာပါ။ အဲဒီကို သွားတယ်ဆိုတာကလည်း ကိုယ်လေးစားတဲ့ သူကို တွေ့ချင်လို့ သွားလိုက်တာပါ။ တွေ့လိုက်ရလို့လည်း ပျော်ပါတယ်”လို့ သူပါဝင်ရမယ့် အခန်းကဏ္ဍနဲ့ တွေ့ဆုံပွဲ အပြီး ခံစားချက်ကို ပြောပြ ပါတယ်။
အဆိုပါ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး ကွန်ရက်လှုပ်ရှားမှုမှ ကိုဖြိုးမင်းသိန်းက ပြောကြားရာမှာ “နိုဝင်ဘာ ၂၁ရက်နေ့ က ကျင်းပခဲ့တဲ့ ပညာရေး ကွန်ရက်အတွက် ဈေးရောင်းပွဲမှာ ပါဝင် ကူညီသီဆို တင်ဆက်ခဲ့ကြတဲ့ အနုပညာရှင်တွေရော၊ ဒီပွဲတော်မှာ မပါတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံတဲ့ အနုပညာရှင် အားလုံးကို အန်တီက နိုဝင်ဘာ ၂၅ရက် နေ့က သူ့ရဲ့ အိမ်မှာပဲ နွေးထွေးစွာ တွေ့ဆုံတဲ့ သဘောပါ။ လက်ဖက်ရည်မုန့်နဲ့ တည်ခင်း ဧည့်ခံပြီး မိသားစုဆန်ဆန် တွေ့ဆုံတယ်။ အဲဒီမှာ အန်တီက ရှေ့ ဆက်မယ့် လုပ်ငန်းစဉ်တွေမှာ အနုပညာရှင်တွေ အနေနဲ့ အနုပညာနဲ့ ပါဝင် ဆောင်ရွက်ဖို့အကြောင်း ပြောကြားတယ်။ အနုပညာရှင်တွေကလည်း လက်ခံ ကြပါတယ်။ အနုပညာရှင်တွေ အားလုံး ပါဝင်မယ့် ပညာရေး ကွန်ရက်ရန်ပုံ ငွေဂီတပွဲကြီး တစ်ခု လုပ်ကြဖို့ စီစဉ်နေတာပါ”လို့ ပြောပြပါတယ်။
အမျိုးသားရေး သီချင်းများ ပါဝင်တဲ့ တေးစီးရီးခွေ တစ်ခွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ထုတ်ဝေဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီအကြောင်း အနေနဲ့ ပတ်သက်ပြီး ပညာရေးကွန်ရက်မှ မျိုးရန် နောင်သိန်းက “နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပညာရေး ကွန်ရက်ပွဲမှာ အနုပညာရှင် တွေလည်း လာကြတယ်။ အဲဒီပွဲ အပြီးမှာ အမေစုက ကျွန်တော့်ကို ခေါ်ပြောတယ်။ အနုပညာရှင်တွေနဲ့ တွေ့ချင်တယ်။ သူတို့နဲ့ အခွေတစ်ခွေ လုပ်ချင်တယ်ပေါ့။ အဲဒီတေးစီးရီးထဲမှာက အခုအချိန်က ကျွန်တော်တို့ အနေနဲ့ အမျိုးသားရေးကို ဦးတည်သွားရမယ့် အချိန် ရောက်နေပါပြီ။ အမျိုးသားရေး အမြင်၊ အမျိုးသားရေး အချိန်ပေါ့။ အခုချိန်မှာ ပါတီ နိုင်ငံရေး၊ ပုဂ္ဂိုလ် နိုင်ငံရေး၊ ကျောင်းသား နိုင်ငံရေး ဆိုပြီး ခွဲရမယ့် အချိန် မဟုတ်တော့ဘဲ အမျိုးသားရေးဦး တည်ပြီး လုပ်ရမယ့် အချိန် ဖြစ်နေပြီ။ ဒါကို လူငယ်တွေကို ဒီအသိ၊ ဒီမက် ဆေ့ခ်ျလေး ပေးချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခွေ လုပ်မှာပါ။
နဂါးနီလို သီချင်းမျိုးလည်း ပါမယ်။ မြူးကြွတဲ့ ခေတ်ပေါ်သီချင်းလည်းပါမယ်။ Hip Hop လည်းပါမယ်။ Rock လည်းပါမယ်။ အစုံပေါ့။ လူကြီးလူငယ် မရွေး လက်ခံလို့ရမယ့် တေးစီးရီးခွေပါ။ အမျိုးသမီးတွေအတွက် အခန်းကဏ္ဍ၊ လူငယ်တွေအတွက် တာဝန်ဆိုတဲ့ သီချင်းအမျိုးအစားတွေလည်း ပါမှာပါ။ ဒါ့အပြင် ကျွန်တော်တို့က ဒီအနုပညာရှင်တွေနဲ့ Live Show တစ်ခုသော် လည်းကောင်း၊ စတေ့ခ်ျရှိုးတစ်ခုသော် လည်းကောင်း လုပ်ဖြစ်ကောင်း လုပ် ဖြစ်လိမ့်မယ်။ စီစဉ်နေပါပြီ။ နိုဝင်ဘာ ၂၁ ရက်နေ့က လုပ်တဲ့ ရန်ပုံငွေပွဲမျိုးကို မန္တလေးမှာလည်း လုပ်ဖို့ စီစဉ်နေပါပြီ။ ရန်ကုန်မှာလည်း အလျဉ်းသင့်သလို လုပ်ဦးမှာပါ။ စတင် စီစဉ်နေကြပါပြီ”လို့ ဆိုပါတယ်။ နေလွင်၊ မန်းသူ

အမျိုးသားရေးဆိုင်ရာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ရုပ်ရှင် အနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၃နာရီအချိန် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ အိမ်ခြံဝန်း အတွင်းမှာ မြန်မာနိုင်ငံမှ သရုပ်ဆောင် အနုပညာ ရှင် ၁၀၀ ကျော်ခန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရင်းနှီး နွေးထွေးစွာ တွေ့ဆုံ ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှ သရုပ်ဆောင်များစွာ ပါဝင်မယ့် အမျိုးသားရေး ဆိုင်ရာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွန်မှုနဲ့ ရိုက်ကူးမှာ ဖြစ်တဲ့အတွက် ရုပ်ရှင် အနုပညာရှင်များနဲ့ ဒီနေ့ တွေ့ဆုံကြတာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က“အဓိကအားဖြင့် လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိဆိုတာထက် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းနဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ကြီး တစ်ခုဖြစ်စေချင်တယ်။ ကျွန်မတို့ နိုင်ငံရဲ့ တကယ့်ကို သမိုင်း အရရော မှတ်တမ်း အရရော မှတ်တမ်း တင်လောက်တဲ့ အနုပညာ မြောက်တဲ့ အလုပ်ကြီး ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံမှာ တစ်ခါမှ ဒီလောက် အဆင့်ရောက်တဲ့အရာ မဖြစ်ဖူးသလိုမျိုး နောက်ဆုံး အနေနဲ့ မဟုတ်ဘဲနဲ့ ပထမဆုံး အနေနဲ့ပေါ့။ နောက်ထပ် လာဦးမယ်။ အများကြီး လာဦးမယ်ဆိုတာမျိုး။ အဲဒါကို အားလုံးက ၀ိုင်းကူညီမှဖြစ်မယ်။ တကယ်တမ်း ပြောရရင်တော့ သုံးနှစ်ဆိုတဲ့ အချိန်အတိုင်းအတာ က ဒီကားအတွက် မလုံလောက်နိုင်ပါဘူး။ ဒါကို ကျွန်မ သဘောပေါက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅ ဆိုတာက ဖေဖေ့ရဲ့နှစ်တစ်ရာပြည့်နဲ့လည်း တိုက်ဆိုင်နေတယ် ဆိုတော့ သိပ်သင့်တော်တယ် လေ”လို့ ဒေါ်အောင်ဆန်းစုကြည်က သူမ ဖြစ်ချင်တဲ့ ဆန္ဒများကို ပြောပြခဲ့ပါတယ်။
ဒါရိုက်တာ ဦးသူရ(ခ)ဇာဂနာကတော့ ဒီရုပ် ရှင်ကားကြီးအတွက် ဖြစ်မြောက်ရေး ကော်မတီ မှာ ပါဝင် လှုပ်ရှားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဇာဂနာက “အဓိကကတော့ ကျွန်တော်တို့ အနေနဲ့က အနုပညာရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရင်းရင်း နှီးနှီးရှိစေချင်တယ်။ အားလုံးသိကြတဲ့အတိုင်း ပဲ။ ဒီနေ့ တွေ့ခဲ့သလောက် များပြားတဲ့ အနုပညာ ရှင်တွေနဲ့ တွေ့ဆုံပွဲမျိုးရှိမှာ မဟုတ်ဘူး။ ကျွန်တော် ကိုယ်တိုင်ကလည်း ထောင်ထဲမရောက် ခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ရိုက်ချင်တဲ့ ဆန္ဒရှိတယ်။ ကျွန်တော် ကိုယ်တိုင် ဇာတ်ညွှန်း ရေးနေတယ်။ ကျွန်တော်တစ် ယောက်တည်း လုပ်တယ်ဆိုတာ မဖြစ်ချင်လို့ ရုပ်ရှင်သမားတွေ အားလုံးနဲ့ ပူးပေါင်းပြီး အန်တီ ကိုယ်တိုင် ခေါင်းဆောင်ပြီး လုပ်မှာဖြစ်တဲ့ အတွက် အခုလို တရင်းတနှီး တွေ့ဆုံတာပါ။ အဓိကကတော့ ရုပ်ရှင်သမားတွေရဲ့ ခိုင်မာမှု၊ ရင်းနှီးမှုဆိုတာတွေကို ဒီနေရာလေးက စတင်ပြီး တော့ တည်ဆောက်ပြချင်တယ်။
အဲဒါကြောင့်မို့ ဒါလေးကို လုပ်တာပါ။ ကျွန်တော်က နဂိုကတည်းက ဇာတ်ညွှန်းရေးပြီး သားဖြစ်တော့ ဒီဇာတ်ညွှန်းနဲ့ ပတ်သက်တဲ့ အပိုင်းမှာပဲ လှုပ်ရှားမယ်။ ပြီးတော့ ဒီရုပ်ရှင်ကား ဖြစ်မြောက်ရေး ကော်မတီမှာ ပါဝင် လှုပ်ရှားရမှာ ဖြစ်တဲ့အတွက် ပိုက်ဆံရှာတဲ့ အပိုင်းမှာလည်း ကျွန်တော်ပဲ။ နိုင်ငံခြား ဒါရိုက်တာ ခေါ်တဲ့ အပိုင်းမှာလည်း ကျွန်တော်ပဲ။ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က ဇာတ်ကားဖြစ်မြောက်ရေး ဘက်မှာပဲ ပိုပြီး လှုပ်ရှားရမှာပါ။ အနုပညာပိုင်း ဆိုင်ရာမှာတော့ ကျွန်တော်တို့ချည်းပဲ ရမယ်လို့ မထင်ဘူး။ အနောက်နိုင်ငံက ဒါရိုက်တာတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ဇာဂနာက ဆိုပါတယ်။
နှင်းဆီ အဖွဲ့သားတစ်ဦး ဖြစ်တဲ့ အဆိုတော် မိုးမိုးကလည်း ဂီတသမားတွေနဲ့ တွေ့ဆုံတဲ့နေ့မှာ ခရီး ထွက်နေရတာကြောင့် ဒီနေ့ ရုပ်ရှင် အသိုင်းအ၀ိုင်းနဲ့ တွေ့တဲ့ အခါမှာ တက်ရောက်ခဲ့ပါတယ်။ မိုးမိုးက “ကျွန်တော် Audio သမား ဖြစ်တဲ့အတွက် အသံပိုင်း ဆိုင်ရာနဲ့ ပတ်သက်တဲ့ အရာ အားလုံးကို ကူညီပေး ချင်ပါတယ်။ တကယ်လို့များ ဒီနေ့ပြောတဲ့ ရုပ်ရှင်ရိုက်ဖြစ်မယ် ဆိုရင် နိုင်ငံတကာကို ပြမှာ ဖြစ်တဲ့အတွက် ကျွန်တော့်ဘက်က ဂီတတွေ၊ နောက်ခံတေးတွေ အသံ ဒီဇိုင်းတွေ အားလုံးကို ပံ့ပိုးချင်ပါတယ်။ ဒီကား ရိုက်တာ ကောင်းပါတယ်။ အရမ်း ကောင်းပါတယ်။ ကျွန်တော်တို့ မသိသေးတဲ့ အချက်တွေကို တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံးကပါ သိရမယ်ဆိုတော့ ဒါဟာ စိတ်ချမ်းသာစရာ၊ ကြည်နူးစရာ ကောင်းတဲ့ အချက်ပါလို့” ဆိုပါတယ်။
နှင်းဆီ အဖွဲ့သားတွေ အနေနဲ့ ဇာတ်ကား ရိုက်ကူးမှု အတွက် လိုအပ်တဲ့ ငွေကြေးရဖို့ ရန်ပုံငွေပွဲ အဖြစ် ကပြဖျော်ဖြေ တင်ဆက်ပေးမှာ ဖြစ်ကြောင်း နှင်းဆီ အဖွဲ့သား ကျော်ကျော်ဗိုက ပြောပြခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဓာတ်ပုံ ကိုလင်း(Studio-K) ကလည်း ဒီရုပ်ရှင် ကားကြီးမှာ သူ့အနေနဲ့ ဓာတ်ပုံပိုင်းဆိုင်ရာမှာ ပါဝင် ကူညီခွင့်ရမယ် ဆိုရင် အစွမ်းကုန် ပါဝင် ကူညီမှာပါလို့ ဆိုတယ်။ဒီနေ့ အခမ်းအနားကို ရုပ်ရှင်အနုပညာ ရှင် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးသမိုင်းနဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ကူးနိုင်ရန် အတွက် တက်ရောက် လာသူများ ညှိနှိုင်း ဆောင်ရွက် သွားကြမှာဖြစ်ကြောင်း သိရှိရပါတယ်။ မန်းသူ
အနုပညာရှင်များနဲ့ အတူ ကျင်းပတဲ့ ကမ္ဘာ့ ကိုယ်ခံစွမ်းအားကျ ရောဂါ တိုက်ဖျက်ရေးနေ့ World AIDS Day (ကမ္ဘာ့ ကိုယ်ခံစွမ်းအားကျ ရောဂါ တိုက်ဖျက်ရေးနေ့) ၂၀၁၁ အခမ်းအနားကို ၂၀၁၁ ဒီဇင်ဘာ ၁ ရက်၊ မနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့ ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကျင်းပတဲ့ ကမ္ဘာ့ ကိုယ်ခံစွမ်းအား ကျရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ခန္ဓာပိုင်းဆိုင်ရာ စွမ်းအား၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအား နှစ်မျိုးမှာ ခန္ဓာပိုင်းဆိုင်ရာ စွမ်းအားအတွက် တတ်နိုင်သမျှ ပံ့ပိုး ပေးနိုင်နေကြကြောင်း၊ စိတ်ပိုင်း ဆိုင်ရာပံ့ပိုးမှု အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး ကိုယ့်ကိုယ်ကို ပံ့ပိုးနိုင်ရမှာဖြစ်ကြောင်း၊ ကိုယ့်မှာဗှီု ဖြစ်လို့ အများရှေ့မှာ မျက်နှာငယ်စရာ မရှိကြောင်း၊ နားလည်မှု စွမ်းအားများနဲ့ ဖြည့်ပြီး အားလုံးက အတူတူပဲ ဖြစ်ကြောင်း၊ လူတိုင်း လူတိုင်းမှာ အသက်အရွယ် အရ ရောဂါဆိုတာ ရှိတတ် ကြောင်း၊ ရောဂါဝေဒနာက ချို့ယွင်းလို့ ဖြစ်တာဖြစ်ပြီး လူသားတိုင်းမှာ ပြီးပြည့်စုံမှုရယ်လို့ မရှိဘဲ အပြစ်အနာ ကင်းစင်တယ် ရယ်လို့ မရှိကြောင်း၊ အရေးကြီးဆုံးက စိတ်ဓာတ် ဖြစ်ပြီး စိတ်ဓာတ်ခိုင်မာမှုရှိရင် အခြားအရာ အား လုံးကို ကျော်လွှားနိုင်ကြောင်း၊ ဗှီု ကို ကုသနိုင် တဲ့ ဆေးဝါးများကလည်း တစ်နေ့တခြား ပြောင်း လဲ ပေါ်ပေါက်လာနေတာဖြစ်ကြောင်း၊ လူတိုင်း လူတိုင်းက မေတ္တာ၊ ကရုဏာလိုအပ်ပြီး မေတ္တာ၊ ကရုဏာကို တော်လောက်ပါပြီ များလောက်ပါပြီ ဆိုတဲ့သူမျိုးမရှိဘဲ မေတ္တာ၊ ကရုဏာကို တန်ဖိုး ထားကြသူချည်းပဲ ဖြစ်ကြောင်းများကို အဖွင့် အမှာစကားအဖြစ် ပြောကြားခဲ့ပါတယ်။

HIV/AIDS Sectionတာဝန်ခံ မဖြူဖြူသင်း က “၂၀၀၂မှစပြီး HIV/AIDS နဲ့ ပတ်သက်တဲ့ ပညာပေးမှုများကို လုပ်ဖို့ စတင်ခဲ့တာ ဖြစ်ကြောင်း၊ စတင် လုပ်ဆောင်ချိန်မှာ HIV/AIDS ခံစား နေရသူ အများအပြား မြန်မာပြည်မှာ ရှိနေတာကြောင့် ပညာ ပေးမှုပိုင်းထက် ဆေးဝါး ကုသမှုပိုင်းဘက်ကို လုပ်ဆောင်ခဲ့ကြောင်းများကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး အနုပညာရှင်များက သီချင်းများနဲ့ သီဆို တီးခတ် ဖျော်ဖြေ ပေးခဲ့ကြပါတယ်။ အဲဒီထဲမှာမှ လင်းလင်းက သူ ကိုယ်တိုင် ရေးထားတဲ့ ဘာအကြောင်းကြောင့် သီချင်းနဲ့ ဖျော်ဖြေပေးခဲ့တာပါ။ လင်းလင်း World AIDS Day အဖြစ် ပြုလုပ်တဲ့ ပွဲသုံးလေးပွဲကို တက်ရောက်ဖူး ပါတယ်။
ဒီလိုပွဲမျိုးမှာ ပါဝင် ဖျော်ဖြေ ဖြစ်တဲ့ လင်းလင်းက “ညခင်းဘက် အပျင်းပြေ ပြုလုပ်တဲ့ သူဌေးပါတီတွေကို သွားရောက်ဖျော်ဖြေရတာ ထက် ဒီလိုမျိုး တကယ်လိုအပ်တဲ့ သူတွေရဲ့ စိတ်ထဲမှာ ခံစားမှုလေးတစ်ခု ကြည်နူးစေမယ့် အရာလေးနဲ့ ဖျော်ဖြေရတာ၊ တတ်နိုင်တဲ့ အားလေးနဲ့ ဖျော်ဖြေရတာ မတူဘူး။ ခံစားမှုက မပြောပြတတ်ဘူး။ ကိုယ်ကိုယ်တိုင်လည်း ပျော်တယ်။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်လေးကို လုပ်ရတဲ့ အတွက် ၀မ်းသာတယ်”လို့ ခံစားမှုကို ပြောပြပါတယ်။ လင်းလင်း ဖျော်ဖြေခဲ့တဲ့ သီချင်းက မျိုးကြီး သီဆိုထားတဲ့ သီချင်းပါ။
ဘာ အကြောင်းကြောင့် မင်းမငိုနဲ့ ဆိုတဲ့ သီချင်း စာသားများ ပါဝင်ပါတယ်။ “အဲဒီသီချင်းကို ကျွန်တော် စရေး ကတည်းက အဲဒီဘက်ကို ဇောင်းပေးထားတာ များတယ်။ တစ်ခုခု ကြောင့် လူရှေ့မထွက်ရဲမယ့် လူမျိုးတွေ၊ ရောဂါ ဝေဒနာရှင်တွေ ပါသလို အမှန်တရား တစ်ခုလုပ်ပြီး အနောက်မှာ ရောက်နေတဲ့သူတွေ အတွက်လည်းပါတယ်”လို့ သီချင်းနဲ့ ပတ်သက်တဲ့ အဓိပ္ပယ်ကို လင်းလင်းက ရှင်းပြခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်အတွက် World AIDS Day အတွက် ဆောင်ပုဒ်က ခွဲခြားနှိမ့်ချ ကင်းစင်လို့ အေအိုင် ဒီအက်စ် ပပျောက်ဖို့ လူတိုင်း ပါဝင် ဆောင်ရွက်စို့ ဖြစ်ပါတယ်။ ခင်လေးမြင့်
ကမ္ဘာမကျေ သံပြိုင်သီဆိုပြီး အောင်ပွဲခံခဲ့တဲ့ ပြေတီဦး ပညာရေး ဖောင်ဒေးရှင်း ရန်ပုံငွေပွဲ ဆေးကျောင်းဆက်တက်ဖို့ ငွေကြေး မပြည့်စုံသူများ အတွက် ပညာရေး ထောက်ပံ့ပေးဖို့ အစီအစဉ်နဲ့ တည်ထောင်ထားတဲ့ ပြေတီဦးပညာရေး ဖောင် ဒေးရှင်းက လိုအပ်နေသေးတဲ့ ရန်ပုံငွေများ ထပ်မံရရှိဖို့ အတွက် ဒီဇင်ဘာလ ၄ ရက်နေ့ည က ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံမှာ ရန်ပုံငွေ ပဒေသာ ကပွဲကို တင်ဆက်ခဲ့ပါတယ်။
ရန်ပုံငွေ ပဒေသာကပွဲ အစီအစဉ်မှာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) တင် ဆက်တဲ့ မုဒိတာလွင်ပြင် အငြိမ့်၊ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ရဲ့လွဲခဲတယ်နော် ဟာသပြဇာတ်နဲ့ တေးဂီတဖျော်ဖြေမှုအစီအစဉ်များပါဝင်ပြီး ဖျော်ဖြေရေး အစီအစဉ်များ မတင်ဆက်မီ ပထမဦးစွာ MRTV4 မှ လှူဒါန်း ပေးတဲ့ အလှူငွေသိန်း ၅၀၀ နဲ့ sky net မှ လှူဒါန်းပေးတဲ့ sky net ရုပ်သံဖမ်းစက် အလုံး ၁၀၀ တို့ကို စင်မြင့်ပေါ်မှာ လှူဒါန်းပေးပါတယ်။

အနုပညာရှင်များက ဖောင်ဒေးရှင်းရန်ပုံငွေ အတွက် မေတ်္တာနဲ့ ကပြ ဖျော်ဖြေပေးတဲ့ အစီအစဉ်မှာ ပထမဦးစွာ အပျိုတော် အကကို အကယ်ဒမီများ ရှင် မို့မို့မြင့်အောင်က ယဉ်ကျေးမှု အကအဖွဲ့များနဲ့ တွဲဖက် ဖျော်ဖြေပေးခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) တင်ဆက်တဲ့ လွဲခဲတယ်နော် ဟာသပြဇာတ်ကို တင်ဆက်ပေးပါတယ်။ လွဲခဲတယ်နော် ဟာသပြဇာတ်မှာတော့ ရဲအောင်၊ လူမင်း၊ ပြေတီဦး၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ စိုးမြတ်သူဇာ၊ အိပါးရ ဖျော်ဖြေတင်ဆက် ပေးလိုက်တာ ည ၁ နာရီခွဲခါနီးမှ ပြီးဆုံးခဲ့ပါတယ်။ နောက်ဆုံးပိတ် ကပြပေးခဲ့တဲ့ မိုးပြည့်ပြည့်မောင်ရဲ့ အငြိမ့်အစီအစဉ် အထိ ပရိသတ်များ ထမပြန်ကြသေးဘဲ နောက်ဆုံးပိတ်မှာလည်း ရင်ကိုထိမှန်စေတဲ့ ပြက်လုံးများ အပြီး ပဒေသာကပွဲရဲ့ အပိတ်အစီအစဉ်မှာ တော့ စင်ပေါ်က သရုပ်ဆောင်များရော၊ စင် အောက်အားပေးကြတဲ့ ပရိသတ်များပါ ကမ္ဘာမကျေ သီချင်းကို သံပြိုင် သီဆိုခဲ့ပြီး အောင်မြင်မှုများနဲ့ ပဒေသာကပွဲ ဖျော်ဖြေရေး အစီအစဉ်ကိုတင် ဆက်နိုင်ခဲ့ပါတယ်။ အငြိမ့်ရော၊ ပြဇာတ်မှာပါ ပါဝင် ကပြပေးတဲ့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် ပြေတီဦးက တစ်လလုံးလုံး စိတ်ရော၊ လူရော အပင်ပန်းခံပြီး ကြိုးစားခဲ့သမျှ အင် တိုက်အားတိုက် လုပ်ခဲ့သမျှ အဲဒီနေ့ည ၆ နာရီခွဲပြီး ၅ မိနစ် အချိန်မှာသုဝဏ္ဏ အားကစားရုံမှာ ရှိတဲ့ ပရိသတ်တွေ ပြည့်တာ တွေ့ရတဲ့ အချိန် အရမ်းပီတိဖြစ်ပြီး အရမ်း အရသှာိခဲ့တဲ့အချိန်လို့ ပြေတီဦးက ပြောပြခဲ့ပါတယ်။ ပွဲမကခင်အချိန်ထိ စိုးရိမ်စိတ် ရိုက်ခတ်မှုတွေ ရှိကြောင်း၊ ရုံပြည့် တစ်ခဲနက် အားပေးခဲ့ကြလို့ အတိုင်းမသိ ၀မ်းလည်း ၀မ်းသာသလို ကျေးဇူးလည်း တင်ပါကြောင်း ပြေတီဦးက ပြောပြခဲ့ပါတယ်။ ရုံပြည့် အားပေးရုံမက တင်ဆက်တဲ့ အနုပညာအပေါ် အရမ်း အားပေးပြီး နှစ်ခြိုက်သဘော ကျခဲ့တဲ့ အတွက် အောင်မြင်တဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့လို့ အဲဒီညက ဖြစ်ခဲ့ရတဲ့ ပီတိနဲ့ စိတ်ချမ်းသာမှုကတော့ အိမ်ပြန်ရောက်ပြီး အိပ်လို့ မရသေးဘဲ အားလုံးကို ကျေးဇူး တင်စိတ်နဲ့ မနက် ၄ နာရီလောက်မှ ကြည်နူးမှုတွေနဲ့ အိပ်ဖြစ်ခဲ့တယ်လို့ ပြေတီဦးက ပြောပြခဲ့ပါတယ်။ မေတ္တာနဲ့ ကပြပေးခဲ့ကြတဲ့ အနုပညာရှင်များ အားလုံး၊ ပံ့ပိုးကူညီ ပေးခဲ့ကြတဲ့ Infinity ကုမ္ပဏီ၊ MRTV-4နဲ့ Sky Net မန္တလေးကနေ တကူးတက လာရောက် တည်ခင်းပေးတဲ့ ဗေဒါရွှေကြာ လက်ဖက်တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း ပြေတီဦးက ပြောကြားခဲ့ပါတယ်။
လင်းနိုင်ဦး (Teen မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)
|
လင်းနိုင်ဦး |
| About the author: |
| | |