(Jan-2012)Blog Digest PDF Print E-mail
Written by မြသွေးနီ   
Thursday, 12 January 2012 15:08
Share |

အွန်လိုင်းပေါ်မှာ စာရေးသူ အများစုက လူငယ်၊ လူကြီးအလွှာ စုံလှသလို ရေးသားကြတဲ့ စာတွေကလည်း အရောင်အသွေး စုံလင်လှ ပါတယ်။ အထူးသဖြင့် အားရ စရာက အခုနောက် ပိုင်းမှာ ရသစာပေ တွေကို နှစ်သက်စွာ ရေးသား လာကြသူများ ရှိလာကြ ပါတယ်။

canadian pharmacycialis viagra canada cialis dosage
argaiv1190

ကိုယ်ပိုင်ဝက်ဘ်ဆိုက် ရှိသူများက မိမိ ၀က်ဘ်ဆိုက်မှာ ရေးကြသလို တချို့က ဖေ့စ်ဘုတ် စာမျက်နှာ များပေါ်မှာ၊ တချို့က ဆိုရှယ်ဝက်ဘ်ဆိုက် များမှာ ရေးလာကြတာကို တွေ့လာ ရပါတယ်။ ရသ စာပေကို ဦးစားပေးတဲ့ ၀က်ဘ်ဆိုက်များ ပေါ်ထွက် လာသလို ရသစာပေ ပြိုင်ပွဲများ ကိုလည်း အွန်လိုင်းပေါ်မှာ ကျင်းပ လာကြပါတယ်။ အလားတူ အွန်လိုင်းပေါ်မှ ဘလော့ဂ်ဂါများ ပုံနှိပ် မဂ္ဂဇင်း စာမျက်နှာပေါ် ခြေချဖို့ အားထုတ် လာကြတာ တွေ့ရသလို မဂ္ဂဇင်း စာမျက်နှာ ပေါ်မှ နာမည်ရ စာရေးဆရာ များလည်း ၄င်းတို့ရဲ့ လက်ရာမွန် များကို အွန်လိုင်းပေါ်မှာ ပြန်လည်မျှဝေ လာတာကို ၀မ်းမြောက်စဖွယ် တွေ့မြင် ရပါတယ်။ ရသစာပေ နှစ်သက် မြတ်နိုးသူ ပြည်ပရောက် မိတ်ဆွေ စာဖတ် ပရိသတ် တစ်ဦးက-“အခုလို အွန်လိုင်းပေါ်မှာ စာတွေကို ဖတ်နေရတော့ ကျွန်မတို့ အတွက် မြန်မာပြည်ကို အလွမ်း ပြေရသလို လက်ရှိ နာမည်ရ နေတဲ့ စာရေး ဆရာတွေ၊ ဘလော့ဂ်ဂါတွေ ရေးတဲ့ စာတွေနဲ့ အဆက်မပြတ် တော့ဘူးပေါ့၊ အမြဲစောင့်ဖတ် ဖြစ်ပါတယ်၊ အဲဒီလို ဖတ်ခွင့် ရလို့လည်း အရမ်းဝမ်းသာ မိပါတယ်”လို့ ပြောပြ ခဲ့ဖူးပါတယ်။ 

၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ Blog Digest ကဏ္ဍအတွက် ဖူးငုံတို့ရဲ့ အာရုံကို တွယ်ငြိစေမယ့် စာကောင်းပေမွန် လေးတွေကို အွန်လိုင်းတစ်ခွင် လိုက်လံရှာဖွေ ဖတ်ရှု ဖြစ်ခဲ့ပါတယ်။ ရွေးချယ် ထားတဲ့ စာမူများကို ကာယကံရှင်များဆီကနေ ခွင့်ပြုချက် တောင်းယူ အပြီးမှာတော့  ဖူးငုံ ပရိသတ်များ ရှေ့မှောက်ကို  အရောက်ပို့ ပေးနိုင် ခဲ့ပါပြီ။ ပထမ ဦးဆုံး ဖော်ပြချင်တဲ့ “နွံ” ဆိုတဲ့ ကဗျာလေးမှာ ကဗျာ ဆရာရဲ့ ရင်ထဲက အန်ကျလာတဲ့ စကားလုံး လေးများနဲ့ အခုလို ဖွဲ့သီထား ပါတယ်။

နွံ
မိုးမြင့်တိမ်


ရည်ရွယ်ဘဲ နစ်မြုပ်နေတဲ့
စိတ်သန္တာန်ကို လှုပ်နှိုးဖို့
ရေခဲ ရိုက်ထားတဲ့ မျှော်လင့်ချက်
ခပ်ပါးပါးတွေ တော့ရှိတယ်။

တဖြည်းဖြည်း ပါးလျားလာတဲ့ အစာအိမ်
ချွတ်ခြုံ ကျသထက် ကျလာတဲ့
ကိုယ်ကျင့်တရား
နာမ်ရုပ်တရား မခွဲခြား နိုင်တဲ့ အမိုက်မှောင်ထဲ
ကမ္ဘာဦးရဲ့
ကျောက်ဖြစ် ရုပ်ကြွင်းတွေ အကြောင်း
မေတ္တာ တရားရဲ့ အတိမ် အနက်တွေ အကြောင်း
မတူညီတဲ့ အယူအဆတွေ အကြောင်း
အလှအပ တရားကို
ဖျက်ဆီးသူနဲ့ ကာကွယ်သူတို့ အကြောင်း
တွတ်တီးတွတ်တာ လိမ်ညာတတ်တဲ့ နှုတ်ခမ်းတွေ အကြောင်း
အရောင် ဖျော့နေတဲ့ မျက်ဝန်းတွေ အကြောင်း
ချို့တဲ့နေတဲ့ ကလောင်တွေ အကြောင်း
အရေ ထူလာတဲ့ ကျောပြင်တွေ အကြောင်း
ဝမ်းတစ်ထွာကို ထိန်းကျောင်း နေကြသူတွေ အကြောင်း
ဘယ်လို အကြောင်း အရာမျိုးမှ
မစဉ်းစားချင် လောက်အောင်
မှတ်ဉာဏ် တချို့ကို မှိုင်းတိုက်ပစ် လိုက်တယ်။

အတက်အကျ တွေနဲ့ လူးလှိမ့်နေခဲ့ ရတာပါ
ကျားကုတ်ကျားခဲ တွယ်ထားတဲ့ လက်အစုံ
ဟောင်းလောင်းပေါက် ဖြစ်နေတဲ့ ညာဘက်ရင်အုံ တစ်ခြမ်း
ခဲရာခဲဆစ် ကျစ်ယူ နေရတဲ့ ခွန်အား
လက်ကျန်တွေ အရောင်မလွင် တော့တဲ့ အိပ်မက်အနွမ်း တချို့နဲ့
အထူးချွန်ဆုံး မိုက်မဲနေတုန်း ရူးသွပ်နေတုန်း ဆာလောင်နေတုန်း။

နေ့စွဲတွေ ကတော့
သူလိုငါလို ဖြတ်ကျော် သွားလိုက်ကြ
သာမန်ဖြစ်စဉ် တစ်ခုလို
ပေါ့ပေါ့ ပါးပါးပါပဲ ငါ့လက်ထဲ
အေးစက်နေတဲ့ ကော်ဖီ တစ်ခွက်မှာ
အထီးကျန်ခြင်း
စိမ့်သက်သက် ပါဝင် နေတာက လွဲရင်ပေါ့။
မိုးမြင့်တိမ်

ငယ်စဉ်ကာလ ကတည်းက ကဗျာရေးတာ၊ စာဖတ်တာကို ခုံမင်တဲ့ ဘလော့ဂါ မိုးမြင့်တိမ်ဟာ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ ကတည်းက အွန်လိုင်းပေါ်မှာ ကဗျာများ နှစ်သက်စွာ ရေးဖွဲ့လာသူ အွန်လိုင်းပေါ်က ကဗျာဆရာ တစ်ဦး ဖြစ်ပါတယ်။ “ဖူးငုံ မဂ္ဂဇင်းရဲ့ Blog Digest ကဏ္ဍမှာ ပါဝင်ခွင့် ရတာဟာ ဘလော့ဂ်ရေးစဉ် ကာလတစ်လျှောက် ထူးခြားတဲ့ အမှတ်တရ တစ်ခုပါပဲ” လို့ ပြောပြတဲ့ ဘလော့ဂါ မိုးမြင့်တိမ်က ငယ်စဉ်က ဂမီ်္ဘရ ဆန်ဆန် လျှို့ဝှက် ဆန်းကြယ် စာပေတွေ၊ သည်းထိတ်ရင်ဖို စုံထောက် ၀တ္ထုတွေ နှစ်သက် ခဲ့ပေမယ့် အခု အခါမှာ စိတ်ကို အာဟာရ ဖြစ်စေမယ့် စာ သို့မဟုတ် ရသ တစ်ခုခုကို ပေးစွမ်းနိုင်စွမ်း ရှိတဲ့ စာမျိုးတွေကို ပိုအဖတ်များ လာတယ်လို့ ဆိုပါတယ်။ “ပြည်ပမှာ အလုပ်လုပ် နေချိန် လူတန်းစား ခွဲခြား ခံရမှု၊ အဆင် မပြေမှု၊ သည်းခံ နေရမှု တွေနဲ့ စက်ရုပ် ဘ၀တွေကို ပိုင်ဆိုင် နေရပေမယ့် ရည်ရွယ်ချက် အတွက် အားမွေး ခရီးဆက် နေချိန် ခံစား လာရတဲ့ အထီးကျန် မှုတွေ ပြေပျောက်စေဖို့ အတွက် ဒီကဗျာ လေးကို ချရေး မိပါတယ်”လို့ ဒီိကဗျာလေး ရေးဖြစ်ပုံကို ပြောပါတယ်။

ရိုးရှင်းသော ဘ၀အဖော်
နှင်းနုလွင်
အမျိုးအစာ - အက်ဆေး


သူမ ပတ်ပတ်လည်တွင် မြင့်မားလှသည့် ဖိနပ်စင်ကြီးများက အစီလိုက် အတန်းလိုက် ရှိနေသည်။ သူမသည် စတိုးဆိုင် အကြီးစား တစ်ခု နီးပါးလောက်  အရောင်စုံသော ဖိနပ်များ ကြားသို့ ရောက်နေ၏။ သူမ၏ မျက်စိရှေ့ တည့်တည့်၊ သူမ၏ လက်ဝဲလက်ယာ နေရာတိုင်းတွင် ပုံသဏ္ဌာန် မျိုးစုံသော ဖိနပ်တွေချည်း ရှိနေသည်။ ဖိနပ်စင် ကြီးများသည် သူမ တစ်ရပ်လောက် မြင့်ပြီး ထိုစင်များ ပေါ်မှာ ဖိနပ်များကို ခပ်ကျဲကျဲနှင့် ညီညီ စီထားသည်။ သူမသည် ထိုဖိနပ် စင်များကြားသို့ မည်ကဲ့သို့ ရောက်လာ ရသည်ကို မတွေးတတ် အောင်ပင် ဖြစ်နေသည်။ ယခု နေရာကို သူမ ဘာလာ လုပ်သနည်း။ သူမသည် ယခု နေရာတွင် အရောင်း ၀န်ထမ်းလား။ ထိုသို့လည်း ဟုတ်ဟန်မတူ။ သူမက အလုပ် မလုပ်ဖူး သေးပေ။ ထိုသို့ဆိုလျှင် သူမက ဖိနပ်ဝယ်ရန် ရောက်လာခြင်းလား။ စဉ်းစားရင်းနှင့် ငုံ့ကြည့်လိုက်တော့ သူမ လန့်သွားသည်။ သူမ ခြေထောက်တွင် ဖိနပ် မပါချေ။ ခြေဗလာ သက်သက်ပင်။ သူမ၏ ခြေထောက်များသည် နီရဲပြီး ပွန်းရာ ပဲ့ရာများ ရှိနေလေသည်။

တစ်နေ ရာရာတွင် ချွတ်များထားခဲ့ မိလေသလား ဆိုပြီး မျက်လုံးကို ဟိုသည်ဝေ့၀ဲ ကြည့်သော်လည်း သူမ စီးနေကျ ဖိနပ်ကို မတွေ့ရ။ ဖိနပ်စင်များ ကြားကနေ လမ်းလျှောက် သွားရင်းနှင့် အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက် မိချိန်တွင် သူမ ဘုရားတမိ သွားသည်။ ပူပြင်းသော နေရောင်ကြောင့် လမ်းမပေါ်တွင် တံလျှပ်များပင် ထနေသည်။ ထိုလမ်း များကလည်း ညီညီညာညာ လမ်းများမဟုတ်။ ကျောက်ခဲ အချွန် အတက်များက တိရစ္ဆာန် တစ်ကောင်၏ အစွယ်တွေ ငေါထွက်နေသည် နှင့်ပင်တူ သည်ဟု သူမ ထင်လိုက်မိသည်။ ထိုမျှလောက် ပူပြင်း ကြမ်းတမ်းသော လမ်းမပေါ်တွင် သူမ ဖြတ်လျှောက်ခဲ့ ပါသလား။ သူမ ယခု ဖိနပ်ထားရာ နေရာကို ရောက်ရန် ထိုလမ်းကနေ လာခဲ့ရ သလား။ ထိုသို့လည်း ဟုတ်မည်မထင်။ သို့မဟုတ် ထိုကျောက်ခဲ ထူသောလမ်းသည် သူမ ဖြတ်သွားရမည့် လမ်းပေပဲလား။ သူမ မည်သည့် နေရာသို့ သွားရန် ဦးတည် နေသနည်းဟု မိမိကိုယ် မိမိ ပြန်မေးကြည့်သည်။ အဖြေကား ထွက်မလာ။ ထို့ ထက် ပိုအရေး ကြီးသည်က သူမ မည်သူနည်း။

ဖိနပ်စင်များ ဘေးတွင် ကပ်ထောင်ထားသော မှန်ထဲကို ကြည့်လိုက်တော့ အသက်၁၅နှစ် အရွယ် နုနယ် ပျိုမျစ်သော မိန်းကလေး တစ်ယောက်၏ ပုံပန်း သွင်ပြင်က ပေါ်လာသည်။ မို့ထွက်နေသော ပါးပြင် နှစ်ဖက်သည် နီရဲနေ၏။  မျက်ခုံး နက်နက်၊ မျက်ဝန်းအိမ် ကျယ်ကျယ် ကောင်မလေးသည် နီကြင်ကြင် ဆံပင်လေးကို နှစ်ဖက် ခွဲစည်းထားပြီး ကျောပိုးအိတ်လေး တစ်လုံးကိုလည်း လွယ်ထားသည်။ နဖူးပေါ်တွင် ၀ဲကျနေသော ဆံသား နုနုသည် ချွေးများနှင့် စိုကပ်နေ၏။ နှာခေါင်းလေးက အတန်ငယ် ပြားနေသောကြောင့် သူမ၏ နီရဲနေသော နှုတ်ခမ်း သည် ပိုပြီး ဖူးနေသယောင် ထင်နေရသည်။ သူမ ၀တ်ထားသော အ၀တ်အစား များသည် အတော့်ကို ပေစုတ်စုတ် ဖြစ်နေပြီး သူမနှင့်လည်း အတော့်ကိုပင် ပွနေသေးသည်။ မှန်ထဲက ပုံရိပ်ကို သူစိမ်း တစ်ယောက်သဖွယ် ကြည့်နေသော သူမ အနားသို့ အဒေါ်ကြီး တစ်ယောက်က ရောက်လာပြီး ပခုံးကို အသာလေး တို့လိုက်ချိန်တွင် သူမ အတော်ပင် လန့်သွားရ၏။ 

“သမီး လိုချင်တဲ့ ဖိနပ်တစ်ရန် ယူပြီး အမြန်သွားတော့”

ထိုကဲ့သို့ ပြောလာသော စကားများ ကိုလည်း သူမ အတွန့် မတက်မိ။ ထိုအဒေါ် ကြီးကို ဘာကြောင့်မှန်း မသိဘဲ ကြောက်နေသောကြောင့် အဒေါ်ကြီး ရှေ့ကနေ ခပ်မြန်မြန် လမ်းလျှောက်ပြီး ဖိနပ်များကို လိုက်ကြည့် နေလိုက်သည်။ သူမကို ဆူပူအော်ငေါက် လွှတ်မှာလား ဆိုသည့် အတွေးနှင့်လည်း ရင်တထိတ်ထိတ် ဖြစ်နေသည်။ ထို အဒေါ်ကြီးသည် ဖိနပ်ဆိုင်၏ ပိုင်ရှင်များလား မသိ။  သူမတွင် ဖိနပ်ဖိုး ပေးစရာ ပိုက်ဆံ မရှိလောက်။ ဟုတ်သည်။ သူမကိုယ် သူမ တစ်ခါမှ ပိုက်ဆံကိုင် မသုံးဖူးဟု ထင်နေလိုက်သည်။ သူမက အဒေါ်ကြီးကို မ၀ံ့မရဲ ပြန်လှည့်ကြည့် ချိန်တွင် သူမကို လှမ်းကြည့် နေချိန်နှင့် တိုးသောကြောင့်  အမြန်ပင် မျက်နှာ လွှဲလိုက်ပြီး ဖိနပ်များကို ဆက်ရွေးနေလိုက် မိသည်။

သူမ ပထမဆုံး ကြည့်မိသော ဖိနပ်စင်မှာ ရွှေဝါရောင် ဖိနပ်လှလှ လေးများ ရှိနေသည်။ ခြေချင်းဝတ်တွင် သိုင်းချည်ထား၍ ရနိုင်သော ကြိုးမျှင်မျှင် လေးများနှင့် ရွှေဝါရောင် ဖိနပ်ကလေး များကို သူမတော်တော် သဘောကျ မိသည်။ တချို့ဖိနပ် လေးများတွင် ကြိုးလေးများက နှစ်ချောင်း၊ သုံးချောင်းလောက် ပါနေပြီး တချို့တွင်တော့ ကြိုးအများ ကြီးဖြင့် ချည်နှောင်ထားသည်။  တချို့ ဖိနပ်လေးများက ထိပ်ချွန်သည်။ ဦးဝိုင်း ဖိနပ်လေး များလည်းပါသည်။ ဖဲပြားပုံ ဖော်ထားသော ဖိနပ်လေး များလည်း ရှိသည်။ စင်ဒရဲလားလေး စီးသော ဖိနပ်သည် ယခုကဲ့သို့  ဖိနပ်မျိုး များလားဟု သူမ တွေးမိသည်။ သူမလည်း ယခု ဖိနပ်ကလေး များကို စီးမိလျှင် မင်းသမီးလေး ကဲ့သို့ လှသွား မလားဆိုသော အတွေးနှင့် ဖိနပ် တစ်ရန်ကို သူမ ယူစီး ကြည့်လိုက်မိသည်။ အို... စိတ်မကောင်းစရာ။ သူမ ခြေထောက်လေးက အတော့်ကို သေးနေပြီး ဖိနပ်ကလည်း သူမ မထင်မှတ် လောက်အောင်ကို ကြီးနေသည်။ စောစောက ကြည့်နေစဉ် ကတော့ ယခုလောက် ကွာမည်ဟု မထင်ရပေ။ စိတ်မကောင်း စွာနှင့်ပင် သူမသည် ဖိနပ် ကလေးကို စင်ပေါ် ပြန်တင်ထား လိုက်သည်။

ဆက်၍ရှေ့ကို နည်းနည်းလေး လျှောက်ကြည့် လိုက်ချိန်တွင် ဒေါက်ဖိနပ် လှလှလေးများ တင်ထားသော စင်များကို အတန်းလိုက် တွေ့လိုက်ရ ပြန်သည်။ ယခုတစ်ခါ တွေ့ရသော ဖိနပ်များ ကမူ စောစောက ကဲ့သို့ အရောင် တစ်ရောင်တည်း မဟုတ်။ အရောင်အသွေး အတော့်ကို စုံလင်လှသည်။ အနီရောင် ရဲရဲလေး များလည်းပါသည်။ ပန်းရောင်လေး များလည်းရှိသည်။ ဒေလီယာ ပန်းလေးများနှင့် တူသော ဖိနပ်လေးများလည်း ပါသည်။ မိုးပြာရောင် ဒေါက်ဖိနပ် ချွန်ချွန် ကလေးကိုသာ စီးလိုက်ရလျှင် သူမသည် အပျိုမလေး တစ်ယောက် ကဲ့သို့ပင် ၀င့်ဝင့် ကြွားကြွားဖြင့် ခြေလှမ်းလို့ ရပြီ။ ဖြူဖွေးနေသော ဒေါက်ဖိနပ် လေးကရော၊ အိုး... အကုန်လုံးသည် သူမအတွက် လိုချင်စရာ ချည်းသာ ဖြစ်နေသည်။ အားလုံးထဲက သူမသည် ငွေမင်ရောင် ဖိနပ်ကလေး တစ်ရန်ကို ကောက်ယူပြီး စီးကြည့်လိုက်သည်။ ဖိနပ် ကလေးနှင့် သူမ၏ ခြေထောက်လေးသည် လုံးဝကွက်တိ ဖြစ်နေ၏။ မှန်ရှေ့တွင် သွားရပ် ကြည့်လိုက်ချိန်တွင် သူမ အရပ်သည် ရှိရင်းစွဲထက် သုံးလက်မခန့် ပိုမြင့်သွား သယောင် ထင်လိုက်ရသည်။ ခြေလှမ်းကို လှမ်းကြည့်လိုက်သည့် အခါ တဒေါက်ဒေါက် အသံလေး ထွက်လာခြင်းကြောင့် သူမ သဘောကျ သွားမိသည်။

ထိုအချိန် သူမ၏ နဖူးမှ ချွေးများ တစ်ပေါက်ချင်း ကျလာသည်ကို မြင်တော့မှ ပတ်ဝန်းကျင်ကို သူမ ပြန်သတိရ သွားသည်။ အပြင်က လမ်းပေါ်တွင် ယခု ဖိနပ်နှင့် သူမစီး၍ ရနိုင်မည်လား။ သူမ လျှောက်နိုင်မည် မထင်။ သူမ စတိုင်ကျကျ စီးချင်သော်လည်း ကျောက်ခဲထူသည့် လမ်းနှင့် ဒေါက်ဖိနပ်သည် မည်သို့မျှ မလိုက်ဖက်ပေ။ ထို့အတွက် သူမ သက်ပြင်းလေး အသာ ချလိုက်ပြီး ငွေမင်ရောင် ဖိနပ် ကလေးကို ဖိနပ် စင်ပေါ်သို့ ပြန်တင်လိုက်သည်။ ဖိနပ်စင် ထောင့်ချိုးကနေ ရုတ်တရက် ပေါ်ထွက်လာသော အဒေါ်ကြီးက သူမကို “ဘယ်လိုလဲ” ဆိုသည့် သဘောနှင့် မေးဆတ်ပြ ချိန်တွင် သူမ အသာအယာ ခေါင်းခါ ပြလိုက်သည်။ ရှေ့ကို နည်းနည်းလျှောက်ကြည့် လိုက်သောအခါ ပုံစံ ရိုးရှင်းသော ဖိနပ်လေး များကို တန်းစီထားသော စင်နားသို့ သူမ ရောက်သွားသည်။ အောက်ခံအသား ခပ်ပျော့ပျော့ လေးနှင့် လုပ်ထားသော မထူမပါး ဖိနပ်ကလေး များသည် အတော့်ကို ခိုင်ခံ့သည့်ပုံ ပေါ်နေသည်။ ဒေါက်ဖိနပ်လောက် သူမကို စမတ်မကျ စေသော်လည်း သူမ သွားရမည့် လမ်းအတွက် အကောင်းဆုံး ဖိနပ်သည် ယခုသည် ဖိနပ်လေးပင် ဖြစ်သည်ကို သူမ သိလိုက်သည်။  သူမသည် နီညိုရောင် ဖိနပ် တစ်ရန်ကို ယူပြီး စီးကြည့်လိုက်သည်။ ပွနေသော အင်္ကျီကို လက်နှင့်သိမ်းပြီး ငုံ့ကြည့်လိုက်သော အခါသူမ ခြေထောက်သည် ဖိနပ် အရောင်ကြောင့် ပို၍့ ဖြူဖွေးသန့်ရှင်း နေသယောင် တောင်မှ ထင်လိုက်ရသည်။။ သူမ သိပ်သဘော ကျသွားသည်။ ထို့အတွက် အဒေါ်ကြီးကို “တွေ့ပြီ”ဟု လှည့် ပြောလိုက်သည်။

“ဖိနပ်ရရင် မြန်မြန်သွားတော့၊ သမီးအတွက် အချိန် မရှိတော့ဘူး”

ထိုစကားကို ကြားလိုက် ရခြင်းသည် သူမအဖို့ တာထွက်ရန် ခရာမှုတ်သံ ပေးလိုက် သကဲ့သို့ ဖြစ်သွားသည်။ ဖိနပ်စီးပြီး အပြင်ကို ထွက်လိုက်သည်။ သူမ၏ အရိပ်သည် သူမနှင့် တစ်ထပ်တည်း ရှိနေသေးသည်။ ထို့အတွက် အချိန်သည် နေ့ခင်း ၁၂နာရီ ပတ်ဝန်းကျင် တစ်ဝိုက် ဖြစ်ရမည်။ ကျနေအထိ ဆိုလျှင်တော့ သူမ တော်တော်ကို အပူခံရ ဦးမည်။ ကောင်းကင် ပေါ်ကိုမော့  ကြည့်လိုက်သော်လည်း ပူပြင်းသော နေရောင်ကြောင့် အမြန် ခေါင်းပြန်ငုံ့ လိုက်သည်။ နောက်တော့ ကျောပိုးအိတ်ကို ကျောပေါ် ပြန်ဆင့်လွယ် လိုက်ပြီး ခြေလှမ်းကို ခပ်သွက်သွက် လှမ်းလိုက်သည်။ သို့သော် မည်သည့် အရပ်ကို ဦးတည်နေ မှန်းတော့ မသိ။ သူမ လျှောက်ခဲ့သော လမ်းများကို ပြန်ငဲ့ကြည့်တော့ မမြင်ရ။ ခဏကြာတော့ လမ်းညွှန်ဆိုင်းဘုတ် တစ်ခုကို သူမ တွေ့လိုက်ရသည်။ သူမ ဦးတည်ရာ နေရာကနေ ဘယ်ဘက်ကို လမ်းညွှန်ထားပြီး ၅၀ မိုင်ဟု ရေးထားသည်။  သူမ ရေငတ်နေပြီ။ တော်တော့်ကို ပင်ပန်းနေ လေပြီ။ နောက်ထပ် မိုင် ၅၀ ကြာအောင် သူမ လမ်းလျှောက်ရ ဦးမည်လား၊ မိုးချုပ်သွားလျှင် မည်သို့ လုပ်မလဲဟု တွေးနေမိသည်။

သူမကြောက်စိတ် ၀င်လာသည်။ သူမ ကျောပိုးအိတ် ထဲတွင်ပါသော တိုလီမုတ်စ တချို့ကို မိုင်တိုင်အောက်တွင် ထားခဲ့ပြီး သူမ စတင်ပြေး တော့သည်။ အပူဒဏ်ကို မခံနိုင်သည့် မျက်လုံး များကိုမူ သူမ မှိတ်ထားလိုက်သည်။ နေပူပူ၊ လမ်းက ကြမ်းကြမ်းတွင် မျက်စိစုံမှိတ် ပြေးရင်းနှင့် ခြေကုန်လက်ပန်း ကျလာသည်။  အိတ်ထဲက ပစ္စည်းတချို့ သူမ ပြေးနေသော လမ်းမှာတင်ပဲ ထွက်ကျကုန်သည်။ ပြန်မကောက် ဖြစ်တော့။ ထိုလမ်း ကြမ်းကြမ်းတွင် သူမစီး ထားသော ဖိနပ်ကလေး မပြတ်သွားစေရန်နှင့် သူမဦးတည်ရာကို အချိန်မီ ရောက်ရန်က အရေးကြီးနေသည်။ စိုရွှဲနစ် လာသော ချွေးများကို လက်ခုံနှင့်သုတ်၊ အာခေါင် ခြောက်လာသည်ကို တံတွေး ပြန်မျိုချပြီး သူမ အာသာပြေစေ လိုက်သည်။ ထို့နောက် မရပ်မနား ဆက်ပြေး၏။ အားမလျှော့ စတမ်း ပြေးရင်းနှင့် သူမ နုံးချည့်လာသည်။

ရုတ်တရက် သူမ လတ်ဆတ်သော လေကို တစ်ချက်ရှူလိုက် ရသည်။ အေးမြမှုကို ခံစားလိုက်ရသည်။ မျက်လုံးကို ဖွင့်ကြည့်လိုက် ချိန်တွင် သူမနှင့် မလှမ်း မကမ်းတွင် သစ်ပင်တန်း လေးများကို တွေ့လိုက်ရ၏။ မျက်စိကို ပြန်မှိတ်ပြီး အနည်းငယ် ထပ်ပြေး လိုက်ပြန်သည်။ သူမလက်က သစ်ရွက်လေး တစ်ရွက်ကို ကိုင်လိုက် ရသည်ဟု ခံစားရသော အချိန်တွင် သူမ ပြေးနေသော နှုန်းကို လျှော့ချလိုက်သည်။ ထိုသစ်ခက် လေးကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ထားလိုက်မိသည်။ မလွတ် စတမ်းပင်။

သူမ အိမ်ထောင် ကျချိန်တွင် အမျိုးသားက ခြံရှေ့မြေ အလွတ်တွင် ညမွှေး ပန်းပင်လေးများကို တန်းစီပြီး စိုက်ပေးခဲ့သည်။ သူမအတွက် လက်ဆောင် ပေးသော အခါတိုင်း မထူမပါး ဖိနပ် တစ်ရန်ကို အမြဲလိုလို ၀ယ်ပေးခဲ့သည်။ ချစ်သူဘ၀ ကတည်းက တစ်ဦးနှင့် တစ်ဦး တီတီတာတာ စကားများ ပြောခြင်းထက် သူမ ငယ်ငယ်က မက်သော အိပ်မက်များ အကြောင်းကို ပြန်ပြောဖြစ် သည်က များသည်။ သူမ အမျိုးသား ကလည်း ထိုအိပ်မက် အကြောင်း ပြောသည့် အခါတိုင်း နှစ်နှစ်ခြိုက်ခြိုက် နားထောင် ပေးတတ်သည်။

သူသည် သူမ ဆုပ်ကိုင် ထားခဲ့သည့် သစ်ရွက်ကလေး ဖြစ်ခွင့် ရခဲ့ခြင်း ကိုပင် ကျေနပ်သည်ဟု သူမ၏ အသက် ၆၀ နှစ်ပြည့် မွေးနေ့ရောက်သည့် တိုင်အောင် ပြောနေဆဲ ဖြစ်၏။
နှင်းနုလွင်

၂၀၀၉ ခုနှစ် ကုန်လောက်မှာ အွန်လိုင်းပေါ်မှာ စာတွေ ရေးလာဖြစ်တဲ့ ဘလော့ဂါ နှင်းနုလွင်ဟာ ထူးခြားတဲ့ စိတ်ကူးလေး တွေနဲ့ စာကောင်းလေးတွေ ရေးဖွဲ့တတ်သူ ဘလော့ဂါ တစ်ဦးပါ။ ကဗျာ၊ ၀တ္ထုတွေကို နှစ်သက်တဲ့ သူမက “ရသစာပေ များကို မလွတ်တမ်း ဖတ်နေသူ တစ်ဦးပါ” လို့ ပြောပြ ခဲ့ပါတယ်။ “မတူ ကွဲပြားတဲ့ ဘ၀ခရီး တွေကို ဖြတ်သန်း နေရတဲ့ မိန်းကလေးများ ပန်းတိုင် မရောက်ခင် လမ်းမလွဲ ချော်ဖို့၊ လမ်းတစ်ဝက်မှာ ခါးမပြတ် စေဖို့၊ မိမိနဲ့ သင့်တော်မှာကို ရွေးချယ် တတ်စေဖို့ အရေးကြီးတယ် ဆိုတာကို ပြောပြချင်တဲ့ ဆန္ဒကနေ ဒီအက်ဆေးလေး ရေးဖြစ် သွားရတာပါ” လို့ ဘလော့ဂါ နှင်းနုလွင်က ပြောပြခဲ့ ပါတယ်။

ဒီတစ်လ BloG Digest အတွက် ၀တ္ထုကိုတော့ အထက်အညာ ဒေသကို ကိုယ်တိုင် ရောက်သွားချိန်မှာ တွေ့သိ လာရတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကို အခြေပြုလို့ ရေးခဲ့တဲ့ ဘလော့ဂါ မိုးစက်ပွင့်ရဲ့ ၀တ္ထုတိုလေးကို ရွေးချယ်ထားမိ ပြန်ပါတယ်။

ယောချောင်းကျိန်စာ
မိုးစက်ပွင့်


“သြော်... လူလှ...လူလှ”  
ယောချောင်း နံဘေးက ကမူ ကလေးမှာ ထိုင်ရင်း သားနာမည်ကို ဘိုးတင် တီးတိုးရေရွတ် နေမိ၏။ ဘိုးတင်၏ မှုန်ဝါးဝေသီ နေသော မျက်ဝန်းတွင် မျက်ရည်ခိုး များနှင့် ပို၍မှိုင်းမှုန် လို့နေသည်။ ဘိုးတင်မိန်းမ ဒေါ်ရွှေကတော့ တစ်ခြမ်း ပြိုပျက်နေသည့် အိမ်ကလေး၏ အိမ်ရှေ့ ကြမ်းပြင်တွင် တုံးလုံးပက်လက် မှိန်းလျက်။ အိပ်ပျော် နေတာတော့ မဖြစ်နိုင်။ အဘယ့်ကြောင့် ဆိုသော် အမယ်ကြီး၏ မျက်လုံးထောင့်မှ စီးကျနေသည့် မျက်ရည်စ များကို သူမြင် နေရသည်။ ထိုအချိန်တွင် လူလှအကြောင်း တွေးနေ မှာပဲဟု သူအတပ် သိသည်။

ထိုစဉ် ကျောပိုးအိတ်ကို လွယ်၍ လူရွယ်လေး တစ်ယောက် သူတို့ဘက်သို့ လျှောက်လာသည်ကို မြင်ရသည်။ မသစ်လွင် လှသော်လည်း သေသပ်သည့် အ၀တ် အစားကြောင့် ဒီရွာက မဟုတ်မှန်းတော့ သူသိသည်။ ပြုံးပြရင်း-    
“အဘက ဒီရွာကလား” ဟု နှုတ်ဆက်၏။

“အေး” ဟုသာ ဖြေလိုက်ရသည်။
“ကျွန်တော်က ရေဘေး ကူညီရေး အဖွဲ့ကပါ၊ ရိက္ခာထုပ်တွေ ဝေပေးနေတာ အဘတို့အိမ် ရပြီးပြီလား..”
“အဘ ချွေးမ သွားယူထား ပါတယ်ကွယ်”

“အဘတို့ ရေဘေးဘယ်လို ကြုံခဲ့ရတယ် ဆိုတာ ပြောလို့ရရင် ပြောပြပါလား အဘ”

တကယ်ဆို သူအဲဒီ အကြောင်း ပြန်မတွေးချင်။ ချောက်အိပ်မက် ကြီးလို ဖြစ်နေသည်။ သို့ပေမဲ့ လူရွယ်လေး၏ ရည်မွန်သည့် တောင်းဆိုချက်ကို သူမငြင်းနိုင်။ ချောင်းတစ်ချက် ဟန့်ရင်း သူ့ရင်ထဲက တစ်ဆို့နေသည့် နာကျင်မှု တွေကို အရင်ရှင်း လိုက်သည်။

“အိမ်း-အဘတို့ တစ်သက်၊ အဖေတို့ တစ်သက် မကြားဖူး ပါဘူး လူကလေးရယ်၊ ဒီယောချောင်းကြီးကို မှီပြီး အဘတို့ ကြက်သွန်စိုက်၊ ပဲစိုက် အသက်မွေး ခဲ့တာပါ၊ နှစ်စဉ် ရေတက် ရေကျတော့ ရှိစမြဲပေါ့၊ တစ်ခါ တလေလည်း ဒူးလောက်ပေါင်လောက် ရှိပါရဲ့၊ အခုလို ကြောက်ခမန်း လိလိ တက်တာမျိုး ကတော့” 

လူရွယ်လေးက သူ့ရှေ့တွင် အသာအယာ ထိုင်လိုက်သည်။  နားလည်သော၊ အားပေးသော အပြုံး ဖွဖွဖြင့် သူ့စကားကို ငံ့လင့်သည်။ သူ့မျက်စေ့ ထဲတွင် မြင်နေ ရသည်က မနက် စောစောကြီး ရေတွေ အိမ်အောက်ကို ဒလဟော စီးဝင်လာတာ၊ လူတွေ ပြေးကြ လွှားကြတာ၊ နွားတွေအော်သံ၊ ဆိတ်တွေအော်သံ၊ နောက်ပြီး ယောချောင်း၏ ကြုံးဝါးသံ။ ရင်ထဲဆို့နင့် လာသဖြင့် နောက်တစ်ကြိမ် ထပ်မံ၍ သူချောင်းဟန့် ရပြန်သည်။

“ဟဲ့...မယ်ရွှေ မယ်ရွှေ၊ ထစမ်း ထစမ်း၊ လူလှ လူလှ”

မိန်းမနှင့် အိမ်ထဲက သားကို သူလှမ်းနှိုး လိုက်သည်။  
“ကျွန်တော် ဒီမှာပါ အဖေ၊ ရေတွေ အရမ်း တက်လာတာ ထကြည့်နေတာ၊ ကျွန်တော် အခြေအနေ    သွားကြည့်လိုက် ဦးမယ်”

အိမ်ရှေ့မှာ ရှိနေတဲ့ သား၏ အသံ။
“ဟုတ်ပါ့၊ ဒီကောင်ငါ့ထက် အအိပ်ဆတ် တာပဲ၊  ၀ီရိယ ကောင်းချက်ကတော့ ငယ်ငယ် ကတည်းက ရွာမှာသာရေး နာရေးဆို သူအိပ်ပျက် ခံပြီး ရှေ့ဆုံးက၊ ဒါကြောင့်လည်း တစ်ရွာလုံးက လူလှ မပါရင် ပွဲမစည် ဘူးလို့ ဆိုကြတာ”

ရသမျှ စက္ကန့်ပိုင်းမှာ သားအကြောင်း အမွှမ်းတင်ပြီး တွေးမိလိုက် သေးသည်။ လူကတော့ ငါက်ခနဲ ထထိုင် လိုက်မိသည်။ မယ်ရွှေနှင့် ချွေးမသန်းမေ တို့လည်း သူ့အနားသို့ စုပြုံရောက် လာကြ၏။  အပြင်မှာတော့ မိုးက သွန်ချသလို တဝေါဝေါ သည်းနေသည်။ မိနစ်ပိုင်း အတွင်းမှာပင် အိမ်အောက်မှာ ရေက ကြမ်းခင်းကိုပင် တိုက်တော့မတတ် တရိပ်ရိပ် မြင့်တက်လာသည်။ ရွာထဲတွင် ကလေးသံ၊ ခွေးသံ၊ နွားတွေ နှာမှုတ် သံဖြင့် ဆူညံနေသည်။ လူလှက အပြင်က အပြေးကလေး ပြန်ရောက်လာသည်။ 

“အဖေရေ၊ ရေကတော့ မနည်းဘူးဗျ၊ ယောချောင်းဘက် ကလည်း ရွာထဲကို ဒလဟော စီးနေတာ၊ တောင်ပိုင်း လူတွေတော့ ဘုရားကုန်းပေါ် တက်ကုန်ကြပြီ၊ ကျွန်တော်တို့ ကတော့ ရွာလယ်က ရိုးချောက်ကြီးကို ကျော်လို့ ရမှာ မဟုတ်ဘူး၊ ရေကရင်စို့ ကျော်လောက်တယ်၊ လိုရမည်ရ မန်ကျည်းပင်ပေါ် တက်နေရင် ကောင်းလိမ့်မယ်”

အိမ်ကြမ်းပြင်ကို ထိလုနီးနီး တက်လာသည့် ရေများကို ကြည့်ပြီး သားလူလှ ပြောတာ မှန်တယ်ဟု တွေးမိသည်။ ခေါင်းရင်းက မန်ကျည်းပင် ကြီးက နှစ်ပေါင်း ရာချီနေပြီ။  ယောကျာ်းသုံးယောက် လက်ချင်းဆက်လို့ ရအောင် ပင်စည်က တုတ်ခိုင်သည်။ သူ့အကိုင်း အခက်တွေက ဖြာဖြာဝေလို့။

“အေး အေး၊ အပင်ပေါ်ပဲ တက်ကြ တာပေါ့ကွာ၊ ငါ့သား မင်းအမေနဲ့ မိန်းမကိုတွဲ၊ သြော် ဟဲ့ မယ်ရွှေ၊ ဒီပစ္စည်းတွေ သယ်မနေ နဲ့လေ၊  သြော်-နင့်မလဲ၊ ထားခဲ့ပါဟ၊ လူ အန္တရာယ် မကျဖို့က အဓိကပဲ”ဟု သူ ငေါက်လိုက်မိသည်။ 
“အိမ်ထောင်ဦး ပစ္စည်းလေးတွေ မို့ပါတော်”

မယ်ရွှေက သူ့ကို တုန်တုန်ချည့်ချည့် ဆိုရှာသည်။ 
“ ကဲ အဖေ လာ လာ” 

ဘိုးတင်က အိမ်ထဲကနေ ရေထဲကို ခုန်ချ လိုက်ကာ သားဖြစ်သူ လက်ကိုအားပြုပြီး မန်ကျည်းပင်ပေါ် တက်လိုက်သည်။ ငယ်ငယ်ကတော့ ဒီလို အပင်မျိုးကို တက်လိုက်ဆင်းလိုက် ဘယ်မှုလိမ့် မည်နည်း။ အခုတော့ အသက်က စကား ပြောလေပြီ။ သားက အပင်ခွမှာ မြဲမြဲထိုင်မိ သည်အထိ တွန်းတင်ပေးသည်။ အကိုင်းကြီးကြီး တစ်ခုကို ဖက်တွယ်ထား လိုက်သည်။ သူပြီးတော့ အမယ်ကြီး အလှည့်။ အမေဖြစ်သူ ကိုတော့ သားက မချီပိုးရုံ တစ်မည် တွဲဖက်ခေါ်လာ ရသည်။ ခက်ခက်ခဲခဲ အပင်ပေါ် တင်ပေးရ ပြန်၏။ အမယ်ကြီး၏ လက်ကို အပင်ပေါ် ကနေ သူလှမ်းဆွဲ ယူလိုက်သည်။ မိုးတွေရေ တွေက ပိုလို့ပင် သည်းကာ စီးဆင်း လာပြန်သည်။  ရွှဲရွဲ စိုနေသဖြင့် မေးချင်းရိုက် မတတ် ဖြစ်နေ၏။ ရေစီးက ပိုသန်လာသည်။ ယောချောင်းဘက်က လှိုင်းလုံးကြီး တွေပင် လှိမ့် တက်လာသည်။

“ဟဲ့.. ဘာကြီးတုံး” 

ရေထဲမှာ ပေါ်ချည်၊ မြုပ်ချည်နဲ့ အရာကြီးကို မန်ကျည်းပင် ပေါ်ကနေ သေသေချာချာ ငုံ့ကြည့် လိုက်တော့  အိမ်နီးချင်း မယ်ချစ်တို့ အိမ်က နွားကြီးရွှေနီ ဖြစ်နေသည်။ ရွှေနီက မန်ကျည်းပင် ဘေးကနေ လျင်လျင်မြန်မြန် မျောပါသွားသည်။ 
“သားရေ၊ သန်းမေကို တင်ပြီးရင် မင်းမြန် မြန်တက်ဟေ့”

သူ စိုးရိမ် ကြောင့်ကြစွာ လှမ်းအော်သည်။  ရေက ခါးလယ်လောက် မြင့်တက် နေလေပြီ။  သန်းမေက တုန်ရီဖြူရော် နေပြီး လူလှလက်ကို မဖြုတ်တမ်း ဆုတ်ကိုင်ထားသည်။  ရေတွေက တဝေါဝေါ စီးဆင်းနေသည်။ စီးဆင်းနေသည့် ရေထဲတွင် အမှိုက်များ၊ ပစ္စည်းများ တ၀ဲဝဲ လည်လျက် မျောပါ နေကြသည်။

“သန်းမေ၊ နင် အရင်တက်ဟ၊ ငါတွန်းတင်မယ်၊ နှစ်ယောက်တွဲကြီး တက်လို့ မရဘူးလေ” 

လူလှက စိတ်မရှည်စွာ ပြောရင်း တွန်းတွန်းထိုးထိုး တင်ပေးလိုက်သည်။
“သား..သား၊ တက် တက်”

သန်းမေကို လှမ်းဆွဲရင်း အဘွားကြီးက အော်ပြောသည်။ တစ်ချိန်တည်းမှာ သူတို့ အိမ်ကလေး၏ အဖီတစ်ခြမ်းက ရေစီးဒဏ်ကြောင့် ၀ုန်းခနဲ လဲပြိုမျောပါ သွားတော့သည်။  လူလှက မန်ကျည်းပင်စည် ပေါ်ကို စ၍ တက်လိုက်သည်။ ထိုအခိုက် ရေထဲတွင် ယက်ကန် ယက်ကန်ဖြင့် သျှောင်ပေစူးလေး မြုပ်ချည် ပေါ်ချည်နှင့် ကလေးတစ်ဦး မျောလာသည်ကို တွေ့လိုက်ရသည်။ ကလေး၏ လက်ကလေး တစ်ဖက်ကို လူလှ လှမ်းဆွဲ လိုက်မိ၏။

“ဟာ... မင်းမင်းလေး ပါလား” 

မယ်ချစ်၏ တစ်ဦးတည်းသော ဖတဆိုး သားကလေး မင်းမင်း။ လူလှက မင်းမင်းလေးကို မန်ကျည်းပင်ပေါ် တွန်းတင်သည်။ 
“ဦီးလေး လူလှ ၊ ကယ်ပါဦး၊ အမေ အမေ၊ မျောသွားပြီ”

မင်းမင်းက ကယောင်ကတမ်း အော်သည်။
“အေးအေး၊ သားလေး မင်းအရင် အပင်ပေါ်တက်” 

မင်းမင်းက မန်ကျည်းသီး တက်ခူးနေကျမို့  လူလှ၏ ပခုံးပေါ် ကနေတစ်ဆင့် မန်ကျည်းပင် ခွကို မြန်မြန် တက်လာ၏။ ထိုအခိုက်တွင် လှိုင်းလုံးကြီး တစ်လုံး ၀ုန်းခနဲ ပုတ်လိုက်သဖြင့် လူလှ ဆယ်ပေလောက် လွင့်ထွက်သွားသည်။ 
“အိုး... ကိုလူလှ”

“သားလေး”

“လူလှ” 

“ဦးလေး” 

တစ်ပြိုင်နက်တည်း အားလုံးက စိုးရိမ်တကြီး လှမ်းအော်သည်။ လူလှ သည်ဘက်ကို ပြန်ကူး ခပ်လာသည်။  ရေစီးနှင့် မျောလာသည့် ပလတ်စတစ် ပုံးတစ်လုံးကို လက်နှင့် လှမ်းဆွဲရန် ကြိုးစား၏။ ပုံးကို လက်တစ်ဖက်က မီလု မီခင်မှာ နောက်ထပ် လှိုင်းတစ်လုံးက ၀ုန်းခနဲ ပုတ်လိုက်တော့သည်။ 

“အမလေး”

သန်းမေ၏ အလန့်တကြား အော်သံနှင့် အတူ လူလှလည်း ရေစီးထဲ မျောပါ သွားတော့သည်။ 
“သား...သား” 

သူရော မယ်ရွှေပါ အော်ခေါ်ဖို့ ကြိုးစား ကြပေမယ့် အသံများက လည်ချောင်းထဲတွင် ပျောက်ကွယ်သွား လေသည်။ လူလှကို မမြင်ရ တော့လေပြီ။ လူလှ၏ လက်ကလေး တစ်ဖက်ကိုသာ နောက်ဆုံး မြင်လိုက် ရတော့သည်။ သစ်ပင်ပေါ်မှာ လူသား သုံးဦးလုံး ငိုလို့ နေကြသည်။  သန်းမေက ခုန်ချမည် တကဲကဲမို့ ဆွဲထားရသည်။  မပေါ့ မပါးကြီး နှင့်မို့ တစ်သက်က နှစ်သက်သုံးသက် ထပ်မဆုံးရှုံး ချင်တော့ပါ။ လင်းအားကြီး ချိန်မှ စခဲ့သည့် အိပ်မက်ဆိုးက နေ့လယ်ပိုင်း ရေကျသွားချိန် သစ်ပင်ပေါ်မှ ကူချပေးမည့် သူ တွေ ရောက်လာသည် အထိ အထပ်ထပ် မက်နေဆဲ။ မယ်ရွှေကတော့ တွေ့သမျှ လူတွေကို လူလှကို ရှာပေးဖို့ တတွတ်တွတ် တောင်းပန်နေသည်။  လူလှနှင့် အတူ ပျောက်ဆုံးနေသူ ငါးဦးရှိပြီး ကျွဲ နွားများကတော့ တစ်ရွာလုံး နီးပါး ပျက်စီး ကုန်ကြသည်။ ကျောင်းထိုင် ဆရာတော်က ကျန်ရစ်သူ များကို တရားချ၏။

“ပစ္စည်း သင်္ခါရ လူသင်္ခါရပါ ဒကာကြီးတို့၊ ကိုယ်တိုင်လည်း တစ်နေ့ ဒီလမ်းလိုက်ရ မှာရ”

ပြောမည့်သာ ပြောရသည်၊ ဆရာတော် ကိုယ်တိုင်လည်း မျက်ရည်များ ၀ိုင်းလျက်။
အဖြစ် သနစ်ကို ပြန်ပြောင်းပြောရင်း ဘိုးတင်သက်ပြင်း တစ်ချက်ချသည်။ ယနေ့ဆိုလျှင် လူလှတစ်ယောက် ရေမှာမျောပါ သွားခဲ့တာ သုံးရက် တိုင်ခဲ့ပြီ။ သတင်း အစအန မရသေး။ ယောချောင်း ကြီးက သူချစ်သော တစ်ဦးတည်းသား၊ အလိမ္မာ သားကလေးကို ရက်ရက်စက်စက် ခွဲထုတ်သွား ခဲ့သည်။ သည်အဖေ၊ အမေ နှစ်ယောက်တည်း မည်သို့ရပ်တည် ရှင်သန် ရမည်ကို မတွေးဝံ့တော့။

“ငါ့သားအစား ငါသာ ရေထဲပါသွား ခဲ့ရမှာ”ဟု တဖွဖွ ညည်းတွား ရုံကလွဲ၍ မတတ်နိုင်။ ဆုံးရှုံးသွားသည့် ကြက်သွန် ပျိုးခင်းများ၊ နွားနှင့်ဆိတ်များ၊ အိမ်ထောင်ဦး ပစ္စည်းများ၊ ထိုအရာ များအတွက်ကို သူဝမ်းမနည်းမိ။ သူတို့၏ သုဝဏ္ဏ သာမလို သားရတနာ ကလေးကိုသာ နှမြောတသ နေမိသည်။  မြို့ပေါ်တက်ပြီး ကုန်ရောင်း ပြန်လာတိုင်း အဖေ၊ အမေအတွက် စားစရာ တစ်ခုခု မပါဘဲ မပြန်တတ် ခဲ့သည့် သားလူလှ၊  အသက်နှစ်ဆယ် ပြည့်၍ ရဟန်းခံ ပေးစဉ်ကပင် နှစ်လပြည့် အောင်ပင် မနည်းနေခိုင်း ခဲ့ရသည်။

“သားမရှိရင် အဖေနဲ့ အမေ ပင်ပန်းနေမှာ ပေါ့” ဟု အလိုက်တသိ ပြောခဲ့သည့် သည်သား။

“သားမရှိရင် ....... သားမရှိရင်.... ”     တဲ့၊ အခုတော့။

သူရော စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသည့် မယ်ရွှေပါ စေတနာရှင်များ ပေးကမ်းထားသည့် ထမင်းထုပ်များ၊ မုန့်ထုပ်များကို စားချင်စိတ်လည်း မရှိ။ သားပြန်လာတာ မြင်ရ နိုးနိုးနှင့် ယောချောင်း အစပ်ကို မျှော်လို့သာ နေမိသည်။ ချွေးမ သန်းမေကလည်း ကယောင်ကတမ်း ပြောလိုက်၊ ငိုင်ငိုင်တွေတွေ နေလိုက်၊ တငိုငို တရယ်ရယ် လုပ်လိုက်နှင့် ကျန်းမာရေးက စိတ်မချ ရသည်မို့ အနီးကပ် စောင့်ရှောက်ပေးမည့် သူ့အစ်မ မိသားစုနှင့် ပြန်နေခိုင်း လိုက်သည်။ ယခုတော့ အဘိုးကြီးနှင့် အမယ်ကြီး နှစ်ယောက်တည်း။ ဆရာတော် ကျောင်းမှာ မိသားစု တစ်ရာလောက် မှီခိုနေကြ သော်လည်း သူကတော့ ကိုယ့်အိမ်ကလေး ကိုပဲ ဖြစ်သလို ထောင်မတ်ပြီး ၀ါးတိုင်နဲ့ထောက်၊ အမိုး ပေါက်တွေကို တာရပတ် အုပ်ပြီး ယာယီ တဲကလေး ထိုးနေလိုက်သည်။ သည်နေရာ ကလေး ကနေပဲ သားကို မျှော်ချင်သည်။ သားကို လွမ်းချင်သည်။

“သြော်- ဒီယောချောင်း ကြီးကို မှီပြီး တို့တစ်တွေ အသက်မွေးခဲ့ကြတယ်၊ ကြက်သွန်ခင်း၊ ပဲခင်းတွေ စိမ်းလန်းစိုပြည် ခဲ့ရတယ်။ သားကလေး ကိုလည်း အိုးစည်ဗုံမောင်း တီးလို့ ခြိမ့်ခြိမ့်သဲသဲ ရှင်ပြု ခဲ့ရတယ်။  စားစရာ ၀၀လင်လင်နဲ့ မပူမပင် တို့မိသားစု တစ်တွေ ပျော်ရွှင် ခဲ့ရတယ်။ အခုတော့ ယောချောင်းကြီးက ငြိုငြင်ရက်ပြီ ပေါ့နော်။ ကျူပ်တို့ ယောချောင်းကြီးကို ဘာတွေများ အပြစ် လုပ်မိလို့ လဲဗျာ၊ တစ်ခါမှ မမြင်ဖူး မတွေ့ဖူး ခဲ့တဲ့ ပုံစံနဲ့ ဒေါသ တကြီးလာပြီး သားကလေးကို ကျူပ်တို့ ရင်က ခွဲထုတ်သွား ခဲ့တယ်၊ အခုတော့လည်း သူ့ရဲ့ သဲသောင်ခုံ တွေက တင်းလို့၊ ရေတွေ လှိုင်းတွေ မရှိဘဲ တည်ငြိမ်နေလိုက် တာများ၊ ကြမ်းခဲ့ ရမ်းခဲ့တာ သူမဟုတ်ခဲ့ သလိုပဲနော်၊ ဟင်း” 

ဘိုးတင်က  လူရွယ်လေးကို မကြည့်ဘဲ တစ်ကိုယ်တည်း လေးလေး ပင်ပင်ကြီး ရေရွတ်ရင်း သက်ပြင်း အခါခါ ချလျက်။ ဘိုးတင်၏ အသက်သခင် ကျေးဇူးရှင် မန်ကျည်း ပင်ကြီးကလည်း စာနာ ၀မ်းနည်းစွာ သူ့အရွက် ကလေးများကို ပိတ်သိမ်းလျက်....။
မိုးစက်ပွင့်

“ရေဘေးသင့်တဲ့ ကျေးရွာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားခဲ့စဉ် ပခုက္ကူ ခရိုင်၊ ဆိပ်ဖြူမြို့နယ် ကျေးရွာ တစ်ရွာမှ ရေဘေးခံစား ခဲ့ရတဲ့ မိသား တစ်စုရဲ့ ဖြစ်ရပ်မှန်ကို အခြေပြုပြီး လူလှဆိုတဲ့ အညတရ သူရဲကောင်း လူငယ် ကလေးကို နှမြော တသတဲ့စိတ်၊ ဂုဏ်ပြုချင်တဲ့ စိတ်ကလေးနဲ့ ဒီဝတ္ထု လေးကို ခံစားရေးဖွဲ့ မိတာပါ”လို့ ပြောခဲ့တဲ့ ဘလော့ဂါ မိုးစက်ပွင့်က ၂၀၀၉ ခုနှစ် ဧပြီလက အွန်လိုင်းမှာ စာတွေ စတင်ရေး ဖြစ်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရသ စာပေကို အထူး နှစ်သက်သူ တစ်ဦးဖြစ်ပြီး အွန်လိုင်းပေါ်မှာ ရသစာပေ ၀က်ဘ်ဆိုက်များ သာမက သတင်းနဲ့ နိုင်ငံရေး ၀က်ဘ်ဆိုက် များကို ခုံမင်စွာ ဖတ်ရှုနေသူ ဘလော့ဂ်ဂါ တစ်ဦးလည်း ဖြစ်ပါတယ်။

ပုံနှိပ်စာ မျက်နှာပေါ် အကြောင်းကြောင်းကြောင့် ခြေချခွင့် မသာသေးတဲ့ ဘလော့ဂါ များဟာ တစ်နေ့ တစ်ချိန်မှာတော့ စာမျက်နှာ ပေါ်က စာရေးသူများ ဖြစ်လာ နိုင်ပါတယ်။ စာရေးသူ တိုင်းရဲ့ ရင်ထဲမှာ သူတို့ကိုယ်တိုင် ဖန်တီးခြယ်မှုန်း ပြသချင်တဲ့ အိပ်မက်ကိုယ်စီ ရှိကြပါတယ်။ အဲ့ဒီ မျှော်လင့် အိပ်မက်တွေကို ဖူးပွင့်ခွင့် ပေးဖို့  ဖူးငုံ မဂ္ဂဇင်းရဲ့ြူသီါငါနျအ ကဏ္ဍကနေပြီး ကဗျာ၊ အက်ဆေး၊ ၀တ္ထု တစ်ပုဒ်စီကို လစဉ်ထုတ်နုတ် ဖော်ပြပေး နေခဲ့တာပါ။

ဖူးငုံ ချစ်သူများ ၂၀၁၂ ခုနှစ်၊
မင်္ဂလာ နှစ်သစ်မှာ
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မြသွေးနီ