|
Written by အယ်ဒီတာ
|
|
Friday, 17 February 2012 16:32 |
အလီဖာဇတ် အလီက ဆီးရီးယားက ကာတွန်း ဆရာပါ။ ၁၉၅၁ ခုနှစ်ဖွား ဖြစ်ပြီး ရုပ်တူကာတွန်းပေါင်း တစ်သောင်း ငါးထောင်ကျော်ထိ ရေးသားခဲ့သူ သတင်းစာ ကာတွန်းဆရာ ဖြစ်ပါတယ်။
argaiv1378
အာရပ်ကာတွန်း ဆရာများအသင်းရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တာပါ။ သူက အသက် ၁၄ နှစ်သားမှာ ကတည်းက သတင်းစာမှာ ကာတွန်း စတင် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ကာတွန်းကို ဖော်ပြပေးခဲ့တဲ့ သတင်းစာကလည်း အဲဒီ အချိန်က အာဏာ ရနေတဲ့ ဘတ်သ်ပါတီက ပိတ်သိမ်းတာကို ခံခဲ့ ရပါတယ်။
သူ့အသက် ၁၈ နှစ်မှာတော့ နိုင်ငံပိုင် သတင်းစာကြီး တစ်စောင်မှာ နေ့စဉ်ကာတွန်း ဖော်ပြခွင့်ရလာခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ သူက မာစကတ်တက်္ကသိုလ်မှာ အနုပညာဘာသာရပ်နဲ့ ကျောင်းဝင်ခွင့်ရ လာခဲ့ပါတယ်။ ဒါပေမဲ့ ဘွဲ့မရခင်မှာပဲ သူက ကျောင်းထွက်လိုက်ပြန်တာပါ။ သူ့လက်ရာတွေကို အပြည်ပြည် ဆိုင်ရာက စတင် သတိထားမိလာတာကတော့ ဂျာမဏီနိုင်ငံ၊ ဘာလင်မှာ ကျင်းပခဲ့တဲ့ Intergraphic International Festival ပွဲတော်မှာ သူ့ကာတွန်း ဆုချီးမြှင့် ခံရပြီးနောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ပြင်သစ်က နာမည်ကျော် လမန် ဒီသတင်းစာမှာပါ သူ့ကာတွန်း တွေပါလာခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က ပါရီမှာသူ့ကာတွန်းပြပွဲ ကျင်းပပြီး နောက်အဲဒီအချိန်က အီရတ်သမ်္မတ ဆဒမ်ဟူစိန်က သူ့ကို သတ်မယ်လို့ ခြိမ်းခြောက်တာခံရသလို သူ့ကာတွန်းတွေကိုအီရတ်၊ ဂျော်ဒန်နဲ့ လစ်ဗျားမှာ မဖော်ပြဖို့ ပိတ်ပင်ခဲ့တာပါ။
၂၀၀၀ ပြည့်နှစ်ကစပြီး အလီက မီးအိမ် ထွန်းညှိသူ”ဆိုတဲ့ စာစောင်ကို ထုတ်ဝေခဲ့ပြီး ၁၉၆၃ ခုနှစ် ဘတ်သ်ပါတီ အာဏာ ရပြီးနောက်ပိုင်း ပထမဆုံး လွတ်လပ်စွာ ထုတ်ဝေတဲ့ စာစောင် ဖြစ်လာပါတယ်။ ပြင်သစ်က နိုင်ငံရေး သရော်စာ သတင်းစာကို အခြေခံ ထုတ်ဝေထားတဲ့ အဲဒီစာစောင်ဟာ လေး နာရီအတွင်း စောင်ရေငါးသောင်း ကုန်သွားတဲ့ အထိ အရောင်း သွက်ခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ အလီံကို နယ်သာလန်နိုင်ငံက Prince Claus ဆုကို ပေးအပ်ခဲ့ပါ တယ်။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်မှာတော့ ဆီးရီးယားရဲ့ စာပေစိစစ်ရေးဖိ အားပေးမှုကြောင့်ရော တခြားငွေကြေးအခက်အခဲတချို့ကြောင့်ပါ သူ့စာ စောင်ကို ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ အာရပ်ကမ်္ဘာမှာ သူဟာ အကျော်ကြား ဆုံး ယဉ်ကျေးမှု အမှတ်အသားရယ်လို့ ဖြစ်လာခဲ့ တာပါ။
၂၀၁၁ ခုနှစ် အာရပ်နွေဦးလှုပ်ရှားမှု ဖြစ်လာချိန်မှာလည်း အလီက သူ့ကာတွန်းလက် ရာတွေနဲ့ သမ္မတအယ်လ် အာဆင်ကို သရော်ခဲ့ပြန် ပါတယ်။ ဒါကြောင့် ၂၀၁၁ သြဂုတ်လထဲမှာ မျက်နှာဖုံးစွပ် သေနတ်သမားတွေက သူ့ကို ရိုက်နှက်ပြီး လေဆိပ်နားမှာ ပစ်ထားခဲ့တာမျိုး ကြုံခဲ့ရ ပါတယ်။ သူ့လက် နှစ်ဖက်စလုံး ကျိုးသွားခဲ့ရ ပြီး ဒါဟာ သူ့ကို သတိပေးတာလောက်ပဲ ဖြစ်တယ်လို့ သိလိုက်ရပြန်ပါတယ်။ ဆီးရီးယား ခေါင်းဆောင်တွေကို သရော်တဲ့ အတွက် ဒီလို လုပ်တာလို့လည်း ဆိုပါတယ်။ သူ့ရဲ့ သတင်းကို သိသွားတဲ့ ဆီးရီးယားက အတိုက်အခံများကရော အွန်လိုင်း လှုပ်ရှားသူများကပါ အလီ့ကို ထောက်ခံတဲ့ အနေနဲ့ သူတို့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာတွေပေါ်က သူတို့ရဲ့ ဓာတ်ပုံ နေရာမှာ အလီ့ ဓာတ်ပုံကို တင်ထား လိုက်ကြတာပါ။ ဒါ့အပြင် အီဂျစ်နဲ့ လစ်ဗျားတို့က သတင်းစာတွေမှာ အလီ့ကို ဒီလိုလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး သရော်တဲ့၊ တုံ့ပြန်တဲ့ ကာတွန်းတွေ ဖော်ပြ လာခဲ့ကြပါတယ်။ အလီ့လက်ရာ အများစုက ဗျူရိုကရေစီ ယန္တရားနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို ရေးခဲ့တာ ဖြစ်ပြီး အရင်ကတော့ လူပုဂိ္ဂုလ် တစ်ဦးချင်းကို ရည်ရွယ် ရေးဆွဲခဲ့တာမျိုး မရှိဘဲ ၂၀၁၁ မှာမှ အခုလိုရုပ်တူကာတွန်းနဲ့ နိုင်ငံရေး သရော်ချက်တွေကို ရေးဆွဲလာတာ ဖြစ်ပါတယ်။ သူ့လက်ရာအားလုံးလိုလိုက စာမပါတဲ့ ကာတွန်းများ ဖြစ်တာပါ။ ၂၀၁၁ ခုနှစ်ကုန်မှာ နယ်စည်းမထား သတင်းသမားများ အသင်းကြီး RSF or Reporters Without Borders အလီဖာဇတ်ကို ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံး သတင်းသမားဆု ပေးအပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကိုတော့ အလီက ဒဏ်ရာတွေကြောင့် မတက်ရောက်နိုင်ခဲ့ပါဘူး။ သူက သတင်းစကား ပါးလာရာမှာတော့ လွတ်လပ်ရေး အတွက် ရုန်းကန်လှုပ်ရှားရာမှာ ထိခိုက်နစ်နာ ခဲ့ ရသူတွေ အားလုံးကို ရည်ရွယ်ကြောင်းနဲ့ အမှောင်ထုနဲ့ ဖိနှိပ်မှုတွေကြားက အာရပ်နွေဦး လှုပ်ရှားမှုကို အောင်မြင်အောင် စွမ်းဆောင်ခဲ့ကြ သူအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။ ဒီဆု မတိုင်ခင် ၂၀၁၁ အောက်တိုဘာလတုန်းကတော့ ဥရောပပါလီမန်က သူ့ကို ဆကရော့ဗ် ဆုပေးအပ် ချီးမြှင့်ခဲ့ပါသေးတယ်။
အယ်ဒီတာ (Teen မဂ္ဂဇင်း၊ဖေဖေါ်ဝါရီလ ၂၀၁၂)
|