|
Written by မြသွေးနီ
|
|
Thursday, 15 March 2012 09:41 |
မတ်လ Blog Digest အတွက် စာမူတွေ ရှာဖွေတဲ့ အခါမှာ၊ ဘာဖြစ်လို့လဲ မသိ။ အရင်လတွေနဲ့ မတူဘဲ စိတ်ထဲမှာ လွတ်လပ် ပေါ့ပါးနေပြီး၊ အရင်ထက် ပိုပြီး ဖတ်ရတာ ကောင်းနေသလိုလို စိတ်ထဲကနေ ခံစား မိပါတယ်။
and monitor tadalafil online. Older adults could be very likely to have uncomfortable side effects out of this medicationunderlying anatomic or vascular risk factors for this buy cialis online. argaiv1232
ဒါပေမဲ့ အင်တာနက် မြန်နှုန်းကတော့ အတော်လေး နှေးကွေး နေတာမို့ စိတ်ရှည် လက်ရှည်နဲ့ရတဲ့ အချိန်လေးမှာ ဖူးငုံချစ်သူများ အတွက် ဖော်ပြချင်တဲ့ စာလေးတွေကို ရှာဖွေ ရပြန်ပါတယ်။ ဒီလမှာ ကျန်းမာရေး နည်းနည်း ချူချာချင်တာကြောင့် အွန်လိုင်းပေါ်မှာ အရင်လို အားရအောင် စာတွေ လျှောက်မဖတ်နိုင်ပါဘူး။
ကံအားလျော်စွာ ကာလ အတော်ကြာက စိတ်ထဲမှာ နှစ်သက်စွာ ဖတ်ခဲ့ဖူးတဲ့ ကဗျာလေးနဲ့ ၀တ္ထုတိုလေးတစ် ပုဒ်ကို သွားသတိ ရမိတယ်။ ဒါနဲ့ အဲဒီ ဆိုက်နှစ်ခုကို ခြေဦးလှည့်ပြီး နှစ်ရက်လောက် မွှေမိတယ်။ တွေ့ပြန်တော့ ကာယကံရှင် တွေဆီကနေ ခွင့်ပြုချက် ရယူရပြန်တယ်။ ဆောင်းပါး အတွက်တော့ လောလောလတ်လတ် ဖတ်ပြီးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ခွင့်ပြုချက် ရယူခဲ့ အပြီးမှာတော့ မတ်လအတွက် Blog Digest ကို ဖူးငုံတို့ လက်ထဲ အရောက် ပေးပို့ နိုင်ခဲ့ပါတယ်။
ဒီလအတွက် ကဗျာကိုတော့ အသက် ၁၅ နှစ်လောက်ကတည်းက ဂစ်တာ၊ သီချင်းနဲ့ ကဗျာကို စွဲစွဲလမ်းလမ်း နှစ်ခြိုက်တဲ့၊ ၂၀၀၈ခု၊ မတ်လမှာ အွန်လိုင်းပေါ်မှာ ကဗျာတွေ တစိုက်မတ်မတ် ရေးဖြစ်ခဲ့တဲ့ မှူးဒါရီရဲ့ ကဗျာ တစ်ပုဒ်နဲ့ ဖွင့်လိုက်ချင်ပါတယ်။
ပြောလက်စ အကြောင်းအရာများနှင့် စပ်လျဉ်း၍ များများ သိလာတာနဲ့ အမျှ၊ ထင်သလောက် ဘာမှလည်း အရေးမကြီးဘူး ဆိုတာပါ သိလာရတယ်။ စိတ်ညစ်လာရင် ဂစ်တာတီးတယ် စိတ်ညစ်လာရင် ဂစ်တာတီးပါ။ ရိုးသားနိုင်သလောက်ကို ရိုးသားတယ် ရိုးသားနိုင်သလောက်ကို ရိုးသားပါ။ အိပ်ရာဝင်ခါနီး မေတ္တာပို့တယ် အိပ်ရာဝင်ခါနီး မေတ္တာပို့ပါ။ တစ်ချက်ချက်မှာ ငြိမ်ကျသွားတတ်တာလည်း ကိုယ်ကိုယ်တိုင်တောင် နားမလည်သေးတဲ့ ဖောက်လွဲဖောက်ပြန်နည်းတစ်မျိုးပဲ ပြီးပြီးရောလည်း ပြောလို့မရဘူး ပြောပြောပဲလည်းပြီးလို့မရဘူး။ နံပါတ်စဉ်တွေရယ် ရယ်မောသံအကျိုးတွေရယ် ဒါ မပြောကောင်းမဆိုကောင်း လေဟာနယ်ပဲ အသက်ရှင်နည်းသိလည်း အသက်ရှူလို့မရဘူး အသက်ရှူနည်းသိလည်း အသက်ရှင်လို့မရဘူး။ လူချင်းလည်း မတူတော့ လမ်းချင်းလည်း မတူတော့ မတူတာတွေကို နားလည်ပေးပုံချင်းတောင် မတူညီကြဘူး။အရေပြားအောက်မှာ လူကို ၀ှက်ထားတယ်။ အပြုံးနောက်မှာ အဖြေကို ၀ှက်ထားတယ်။ ကယ်တင်ရှင် မျက်နှာဖုံးစွပ်အောက်မှာ စိတ်ကျရောဂါကို ၀ှက်ထားတယ်။ ဗီဇဆိုတာ ပြုပြင်ပြောင်းလဲခံသလား။ ဗီဇဆိုတာ ဆံပင်တွေရှည်သလို ရှည်လာတတ်သလား။ ဗီဇဆိုတာ အကောင်းစားရေမွှေးဆွတ်ပြီး သားကောင်ရှာတတ်သလား။ ဗီဇဆိုတာ ကြေးကြီးကြီးပေးရတဲ့ လက်သည်းညှပ်လား။ ဗီဇဆိုတာ ခေါင်းကြောမာလား။ ဗီဇဆိုတာ မြေပုံမကျွမ်းတဲ့ မိုးကျရွှေကိုယ်လား။ ဗီဇဆိုတာ အစွဲအလမ်းလား။ ကိုယ့်ကိုယ်ကိုရော ပြန်မေးမိလား။ ပေါင်းသင်းဆက်ဆံရေး ၀င်ဆံ့လာတာနဲ့အမျှ နှလုံးအိမ်က ကျုံ့ကျုံ့သွားတယ်။ ခေတ်အရ လူဖြစ်မြန်ရတယ်ဆိုတာ ကူးစက်ပြန့်ပွားမှုပဲ။ အခြေအနေအရ ရွေးချယ်စရာ ကျန်ရှိသေးတာ မင်္ဂလာ တစ်ပါးပဲ။ ချစ်ခြင်းမေတ္တာက ချိုမြိန်ပါတယ်။ ရိုးမြေကျကလည်း ချိုမြိန်ပါတယ်။ အနုပညာက ချိုမြိန်ပါတယ်။ ကတ်ကြေး၊ စက္ကူ၊ ကျောက်ခဲ တစ်ကြိမ်မှာတစ်ခုပဲ ရွေးခွင့်ရကြတယ်။ နှာခေါင်းဝက ၀င်လေ ထွက်လေလေးကို သတိလွတ်သွားတာနဲ့တစ်ပြိုင်နက် သေတာပဲ။ နှုတ်ခွန်းဆက်သရမှာ ၀န်လေးတယ်။ နှုတ်ဆက်ထွက်ခွာရမှာကို ၀န်လေးပေးပါ။ စွန့်လွှတ်ခြင်းကို ပိုင်ဆိုင်ရမှာ ၀န်လေးတယ်။ ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်လိုက်ရမှာ ၀န်လေးပေးပါ။ ရပ်တည်ချက်ကို အထင်နဲ့ချည်း ဆုံးဖြတ်ခံရမှာ ၀န်လေးတယ်။ ရပ်တည်ချက်ကို အထင်နဲ့ချည်း ဆုံးဖြတ်ချက်ချရမှာ ၀န်လေးပေးပါ။ ။
မှူးဒါရီ http://mhudarye.blogspot.com
“လူ့ဗီဇဟာ ဘယ်လောက် ပြောင်းလဲရ ခက်တဲ့ အကြောင်း၊ ကိုယ်က ဘယ်လောက်ပဲ ကူညီဖေးမလည်း သူကိုယ်တိုင်က မပြောင်းလဲချင်ရင် ကိုယ်ဘာမှ မတတ်နိုင်တဲ့ အကြောင်း၊ ကိုယ့်ကိုယ်ကို ပြန်သတိပေးရင်း ရေးမိ တာပါ”လို့ ဒီကဗျာလေး မွေးဖွားလာပုံကို မှူးဒါရီက ပြောပြခဲ့ပါတယ်။ သူ့ရဲ့ ပို့စ်တစ်ခုမှာတော့ မှူးဒါရီက- “ရင်ထဲ မွန်းကျပ်တာတွေ ရှိရင် ဗလာ စာအုပ်တွေ အပေါ် စာလုံးတွေ အဖြစ် အန်ချလိုက်ရမှ နေသာထိုင်သာ ရှိတတ်ပါတယ်၊ တစ်ခါတစ်ရံထက် မကတဲ့ ရည်ရွယ်သူထံ အကြောင်း အမျိုးမျိုးနဲ့ မရောက်ဖြစ်တော့တဲ့၊ သိမ်းထားလို့လည်း လေးလံနေတဲ့ စာတွေကို ဘလောဂ့်ပေါ်မှာ တင်ထားပြီး၊ စိတ်ကူး ခံစားချက်ချင်း တူလို့ အားပေးလာတဲ့ ကမ္ဘာအနှံ့က မိတ်ဆွေများကို ၀မ်းမြောက် စွာ ကြိုဆိုမိပါတယ်”လို့ ရေးထားပါတယ်။
ဒီလ ဖူးငုံချစ်သူများ တွက် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်မြတ်နိုးတဲ့ လူငယ်စာရေးဆရာ၊ ဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ဆူးသစ်ရဲ့ ဆောင်းပါး လေးကို ရွေးချယ် ထားဖြစ်ပါတယ်။
မဟတ္တမဂနီ်္ဒ၊ကျွန်တော်နှင့် ဗိုလ်ချုပ်အောင်ဆန်း ကျွန်တော့် ဘ၀မှာ လေးလေးနက်နက် လေးစားရတဲ့ ပုဂ်္ဂိုလ်နှစ်ယောက် ရှိပါတယ်။ တစ်ယောက်က ကျွန်တော့်အဖေပါ။ နောက်တစ်ယောက်ကတော့ ဗိုလ်ချုပ်အောင်ဆန်းပါ။ အခု ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ကိုရုပ်ရှင် ရိုက်ဖို့ စီစဉ်နေတယ် ကြားရတော့ ကျွန်တော် တော်တော် ၀မ်းသာမိပါတယ်။
အကြောင်းက ရှိပါတယ်။ ကျွန်တော်ငယ်ငယ်က စာစီစာကုံးကို အာဇာနည်နေ့ဆို အမြဲလို ၀င်ပြိုင်ရတော့ စာနည်းနည်း ဖတ်ရပါတယ်။ ဗိုလ်ချုပ်နဲ့ အာဇာနည်ကြီးတွေရဲ့ အကြောင်းတွေပေါ့။ အဖေ ရှာပေးခဲ့တာပါ။ အဲဒါတွေ ဖတ်ပြီး ဗိုလ်ချုပ်အကြောင်း နည်းနည်း သိလာပါတယ်။ တကယ့် ကို နည်းနည်းလေးပါ။ နောက်တော့ကျောင်းမှာ ကျွန်တော့်ကို စာစီစာကုံး ၀င်ပြိုင်တဲ့သူမို့ အတန်းရှေ့ စကား ထွက်ပြောခိုင်းပါတယ်။ အာဇာနည်နေ့ အကြောင်း သိတဲ့သူမို့ပါ။ ကျွန်တော်လည်း တတ်သလောက်၊ မှတ်သလောက် ထွက်ပြောပါတယ်။
ဒါနဲ့ ဆယ်တန်း အထိကို အဲဒီအကြောင်းတွေ ပြောခဲ့ရတုန်းပါ။ နောက်တော့ အပြင်မှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းတွေ တွေ့ရင် စာအုပ်တွေ ကနေရသလောက် ဖတ်ခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင် စိတ်ဝင်စားလို့ပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ် အကြောင်းကို သိခဲ့ရတော့ ပိုပြီး စိတ်ဝင်တစား ရှိခဲ့တာတော့ အမှန်ပါပဲ။
ကျွန်တော် ကံကောင်းတာ တစ်ခုက ကျွန်တော့်ဖခင်က စာပေနယ်က ဖြစ်တဲ့အပြင် ဆရာကြီး တက္ကသိုလ်နေ၀င်းနဲ့ ကျွန်တော်တို့နဲ့ တစ်မြို့နယ် တည်းမှာ အတူနေတာဆိုတော့ တော်တော်လေး ရင်းနှီးပါတယ်။ ဒီတော့ သူ့စာအုပ်တွေကို ကျွန်တော်တို့ ရလေ့ရှိပါတယ်။ သိကြတဲ့အတိုင်း ဆရာကြီး တက်္ကသိုလ်နေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနားမှာ အမြဲလို ရှိနေသူဆို တော့ သူရေးတာတွေ ဖတ်ရတဲ့အခါကျွန်တော်ဖြင့် အံ့သြလို့ မဆုံးအောင် ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမိပါတယ်။ သူ့ရဲ့ ရဲဘော်ရဲဘက် စိတ်၊ရာ ထူးဂုဏ်ရှိန်ကို မမက်မောတဲ့စိတ်၊ တိုင်းပြည်ကို ချစ်တဲ့စိတ်၊ နိုင်ငံရေးအသိ အမြင် ကြွယ်ဝတဲ့စိတ်၊ တိုင်းပြည် လွတ်လပ်ရေးသာ အဓိကထားတဲ့ စိတ်.. စတဲ့ပြောမကုန်တဲ့အကြောင်းတွေ အများကြီးကို သိခွင့်ရခဲ့ပါတယ်။
နောက်ပိုင်းမှာ တခြားလူတစ်ယောက်(ဆရာတက္ကသိုလ်စိန်တင်လို့ ထင် ပါတယ်၊ ကျွန်တော်မေ့နေလို့ အတိအကျ မပြောနိုင်တော့ပါဘူး) ရေးထားတဲ့ တရုတ်ပြည် အမွိုင်ကို သွားတဲ့ခရီး ဖတ်ရတော့လည်း ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပုထုဇဉ်စိတ်ကလေး တချို့ကို ကျွန်တော် သိခွင့်ရပါတယ်။ ဗိုလ်ချုပ်အောင် ဆန်းအစ်ကို ဦးအောင်သန်း ရေးထားတဲ့ ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀အကြောင်းတွေ ဖတ်ရတော့လည်း လုပ်ယူလို့မရတဲ့ ရိုးဂုဏ်ဆိုတာမျိုး၊တကယ် တော်တဲ့လူ တစ်ယောက်ရဲ့ငယ်ဘ၀ကောက်ကြောင်း ဆိုတာမျိုးတွေကို သိခွင့်ရခဲ့ပါတယ်။
ဒီအချိန်မှာ ကျွန်တော့်ကို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း မင်းမှတ်မိ သလောက် ပြောဆိုရင် မပြောနိုင်ပါဘူး။ ရေးတေးတေးပါ။ ကျွန်တော် ဖတ်ခဲ့ တာ ကြာခဲ့ပါပြီ။ တချို့အရာတွေလောက်သာ မှတ်မိတာပါ။ ဒါပေမဲ့ ကျွန်တော် မှတ်မိတာက ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုင်းပြည်ချစ်စိတ်ပါ။ ရိုးသားမှုပါ။ ဦးဆောင်နိုင်မှုပါ။ လွတ်လပ်ရေးကလွဲရင် သူ့ဘ၀မှာ ကျန်တာ ဘာမှမရှိဘူး ဆိုတဲ့ အသိပါ။ ဂုဏ်ပကာသန မမက်မောတာ စတဲ့ အရည်အချင်းတွေပါ။ ကျွန်တော်ချရေးမပြဘဲ ကျန်နေတာတွေလည်း အများကြီးပါ။
ကျွန်တော်ဆိုလိုချင်တာက စာအုပ်တွေကပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကနေ ကျွန်တော်တို့ ရလိုက်တာတွေ အများကြီးပါ။ ကျွန်တော်တို့ ဂုဏ်ယူခဲ့ရ တယ်။ ကျွန်တော်တို့ ကျေနပ်ခဲ့ရတယ်။ ကျွန်တော်တို့ လေးစားခဲ့ရတယ်။ ကျွန်တော်တို့ အားကျခဲ့ရတယ်။ ကျွန်တော်တို့ ဦးညွှတ်ခဲ့ရတယ်။ ကျွန်တော်တို့ မမွေးခင်က ကျဆုံးခဲ့ပေမဲ့ ဒီနေ့အထိ ကြေကွဲဝမ်းနည်းနေရ အောင် ခံစားတတ်ခဲ့တယ်။ လူငယ်တွေရဲ့စိတ်မှာ ဗိုလ်ချုပ်လို့ ပြောတာနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို့ပဲ တန်းမြင်ခဲ့ရတယ်။ အဲဒီလောက်အထိ ကျွန်တော် တို့နိုင်ငံရဲ့ ဖခင်၊ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ် ရေးဗိသုကာ၊ ကျွန်တော်တို့နိုင်ငံရဲ့ ဦးဆောင်သူ တစ်ဦးကို သိမြင်ခွင့် ရခဲ့တယ်။
အခု ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင် ရိုက်မယ်တဲ့။ ကျွန်တော်တို့ အများကြီး မျှော်လင့် နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။ သူ့အဖေနဲ့ပတ်သက်လို့ ကောင်းတာပဲ ဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် ရိုက်ပါတဲ့။ ဒါကတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးရဲ့ဆန်္ဒပါ။ ကျွန်တော့် အမြင်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းမှာ မကောင်းတာရှာဖို့တော့ တော်တော် ခက်ပါလိမ့်မယ်။ စာအုပ်တွေမှာ တွေ့ဖို့ခက်မှာပါ။ ကျွန်တော် ယုံကြည်နေတာက ဗိုလ်ချုပ်အောင် ဆန်းဟာ တကယ်လို့ သူ့ရာဇ၀င်မှာ မကောင်း တာတစ်ခုခု လုပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် အဲဒီ မကောင်းမှုဟာ တိုင်းပြည်ကောင်းစားဖို့ အတွက်ပဲဖြစ်လိမ့်မယ်ဆိုတာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ၂၀၁၅ ခုနှစ်မှ ရိုက်မှာဆိုတော့ အချိန်တော့ ရပါသေးတယ်။ ဒါနဲ့တစ်ဆက်တည်း တွေးမိတာက ခုနှစ်တွေပါ။ပြီးတော့ သီချင်းတွေပါ။ “တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး...ဆောင်းအကုန်နွေ အကူးဝယ်...လေရူးရယ် တသုန်သုန်ကြွယ်... ဖေဖော်ဝါရီဆယ့်သုံးရက်မယ်...လင်းအရုဏ် ကျင်းတဲ့အချိန်အခါမယ်...စနေနေ့ဝယ်မွေးဖွားခဲ့ပါ တယ်...”
၁၉၁၅ ခုနှစ်မှာမွေးခဲ့တဲ့ ဗိုလ်ချုပ်အောင် ဆန်း။ ၂၀၁၅ ခုနှစ်ဆိုရင် နှစ်တစ်ရာပြည့်ပါပြီ။ ၁၉၄၇ ခုနှစ်မှာ ကျဆုံးခဲ့ပြီး သူဦးဆောင်ကြိုးပမ်း ခဲ့တဲ့ လွတ်လပ်ရေးက သူ့ကို ဆုံးရှုံးပြီးမှ ၁၉၄၈ ခုနှစ်မှာမှရခဲ့တယ်။ သူနဲ့ပတ်သက်တဲ့ သီချင်းတွေ မကြားခဲ့ရတာ ကြာလှပေါ့။ သူ့အကြောင်းမသိ တဲ့ကလေးတွေ များလာတာ ကြာခဲ့ပေါ့။ သူ့မွေး နေ့ကို မသိဘဲ ဗလင့်တိုင်းဒေး ဆိုတဲ့ ဖေဖော်ဝါရီ ဆယ့်လေးသာ သိတဲ့လူငယ်တွေ များလာခဲ့တာ ကြာပေါ့။ အခုကျွန်တော်တို့ မကြားရတာ ကြာတဲ့သီချင်းတွေ ကြားရတော့မယ်။ ကျွန်တော်တို့ နောက်က လူတွေမေ့မလို ဖြစ်နေတဲ့ သူ့အကြောင်းတွေမြင်ရတော့မယ်။ တစ်ခါက တပ်မတော်က ကျွန်တော်နဲ့ရင်းနှီးတဲ့ ဗိုလ်ကြီးတစ်ယောက်က ပြောဖူးပါတယ်။ သူ့သားကိုနေ့တိုင်း ဗိုလ်ချုပ် အောင်ဆန်းပုံပြပြီး အလေး ပြုခိုင်းတယ်တဲ့။ မွန်မြတ်တဲ့သူ့ စိတ်ဓာတ်ကို ကျွန်တော်လေးစားမိ တယ်။ အခုတော့ အဲဒီ ကလေးလည်း ဗိုလ်ချုပ် အောင်ဆန်း အကြောင်းကို သိခွင့်ရတော့မှာပေါ့လို့ ကျွန်တော် တွေးလိုက်မိပါတယ်။
ကျွန်တော့်အလုပ်ထဲမှာ စကားစပ်မိရင်း အလုပ်ထဲက မြန်မာအလုပ်သမားလေးတွေနဲ့ ဗိုလ် ချုပ်အောင်ဆန်းရုပ်ရှင်အကြောင်း ပြောမိပါတယ်။ အလုပ် သမားတွေပေမဲ့ သူတို့ကို ကျွန်တော်လျှော့ မတွက်ပါဘူး။ သူတို့အထဲမှာ ကျွန်တော့်ထက် စာဖတ်သူတွေ ပါပါတယ်။ သူတို့အထဲက တစ် ယောက်က ပြောပါတယ်။ နိုင်ငံတကာမှာ မာသာ ထရီဇာ၊ ဂန်္ဒီ စတဲ့ နိုင်ငံကို အကျိုးပြုသူတွေ၊ မျိုးချစ်ပုဂ်္ဂိုလ်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ရိုက်ကြ တယ်တဲ့။ ကြည့်လို့ တော်တော်ကောင်းတယ်တဲ့။ အခုဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကလည်း ဘယ် လိုလာမလဲမသိဘူးတဲ့။ ကျွန်တော် လက်လှမ်းမီ သလောက်တော့ ရှင်းပြခဲ့ပါတယ်။ အကောင်းဆုံး တော့ လုပ်မှာပါလို့။ သူတို့လည်းသတင်းတွေ ဖတ်မိလို့သိကြပါတယ်။ ဒါပေမဲ့ အားလုံးက ဗိုလ်ချုပ်အောင်ဆန်းကိစ္စမို့ စိတ်ပူတာပါ။ ထပ်ပြောရရင် ကျွန်တော်တို့တော့ အကောင်းဆုံး မျှော်လင့်ထားပါတယ်လို့ပြောချင်တာပါပဲ။
ငယ်ငယ်တုန်းက အဖေက သူ့အသိတစ် ယောက်အိမ်မှာ ဘရုစလီရုပ်ရှင် ကားကြည့်ဖို့ ကျွန်တော်တို့ ညီအစ်ကိုကို ခေါ်သွားခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ဗီဒီယိုဆိုတာ ကျွန်တော်တို့နိုင်ငံ မှာ တကယ့် ရှားပါးပစ္စည်းပါ။ ဘရုစလီလို ကားမျိုးကြည့်ရဖို့ဆိုတာလည်း တော်တော်ကို ခဲယဉ်း ပါတယ်။ ပြီးတော့ အဖေက ပြောပါသေးတယ်။ ဘရုစလီက အဲဒီကား ရိုက်ပြီး သေသွားတာတဲ့။ ဒါဆိုတော်တော်ကို ရှားပါးပြီး ကြည့်ရကောင်းမယ် လို့ ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တွေးမိပါတယ်။
ဒါနဲ့ အဖေ့အသိအိမ်ကို ပါသွားပါတယ်။ ဒါပေမဲ့ ဗီဒီယိုစပြတော့ ဘရုစလီကား မပြသေး ဘဲ စကားပြောတော်တော်များတဲ့ ကားတစ်ကား ကိုစပြပါတယ်။ ကျွန်တော်တို့ နားမလည်ပါဘူး။ ကလေးတွေဆိုတော့ ဖိုက်တင်ပဲ ကြည့်ချင်တာ ပေါ့။ ဒီကြားထဲ အဲဒီကားထဲက လူကြီးက ပိတ် ဖြူစင်ကြယ် ကြီးဝတ်ပြီး မျက်မှန်ကြီးနဲ့။ လူက အိန်္ဒိယလူမျိုး။ တော်တော်ကို ပျင်းဖို့ကောင်း တဲ့ ဇာတ်ကား။ ကျွန်တော်တို့ စိတ်ထဲကတော့ ဒီလူကြီးက ချလည်း မချဘူး ပေါ့။ တွေးလိုက်၊ စကားပြောလိုက်နဲ့။ ဒီလူကြီးလုပ်သမျှ ငြိမ်ပြီး ကြည့်နေရ တာ။ အဖေတို့ လူကြီးတွေကတော့ စိတ်ဝင်တစား ကြည့်နေတာပေါ့။ အဖေ့ အသိကတော့ ကျွန်တော်တို့ ကလေးတွေ ပျင်းနေမှာသိလို့ ခေါက်ဆွဲကြော်တွေ ချကျွေးတယ်။
ကျွန်တော်တို့လည်း ပျင်းပျင်းနဲ့ ခေါက်ဆွဲကြော်ချည်း လှိမ့်တီး တော့တာ။ ဗိုက်တော်တော် တင်းပြီးအအေးတွေ၊ ဘာတွေသောက်ပြီး ကုန်ခါ နီးကျမှ သေနတ်ပစ်ခန်း တစ်ခန်းလား ပါလာရော။ အဲဒီ ပိတ်ဖြူစင်ကြယ်နဲ့ လူကြီးကို လူတစ်ယောက်က သေနတ်နဲ့ပစ်သွားတာ။ အဲဒီလူကြီး သေပါရော လား။ ကျွန်တော်တို့ကတော့ ဟာ-ချပြီဟေ့ ဆိုပြီး ပျော်မလို့ရှိတုန်း သိပ်မကြာ ဘူး။ ဇာတ်ကားက ပြီးသွားပါလားဆို ဖြစ်ရတယ်။ အရွယ်ရောက်လာချိန်ကျ တော့ ကျွန်တော်တို့ ကြည့်ခဲ့တဲ့၊ အင်မတန် ပျင်းစရာကောင်းတဲ့၊ ပိတ်ဖြူစင် ကြယ်နဲ့၊ မျက်မှန်ကြီးနဲ့ပုဂ်္ဂိုလ်ကြီးပါဝင်တဲ့ ဇာတ်ကားက ငြိမ်းချမ်းရေးကို လိုလားတဲ့၊ လေးစားထိုက်တဲ့ အိန်္ဒိယနိုင်ငံရဲ့ စံပြပုဂ်္ဂိုလ် မဟတ္တမဂန်္ဒီဆိုတာ သိလိုက်ရတယ်။
အခု ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းကား ကြည့်ရတော့မယ့် အရွယ် က လူကြီးတစ်ပိုင်းအရွယ်။ ပြီးတော့ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်း ဇာတ်လမ်းက ဖက်ဆစ်ဂျပန်တော်လှန်ရေးတွေပါမယ်။ ကျွန်တော်တို့ သိတဲ့ အကြောင်းတွေပါမယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု စတဲ့ များပြားလှတဲ့ အကြောင်းတွေ ပါလာမယ်လို့ ယုံကြည်တယ်။ သေချာ တာက စိတ်ဝင်စားဖို့ကောင်းမယ်။ တခြားသူတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြတ်သန်းရတဲ့ ခရီးက မတူခဲ့ပါဘူး။ ရဲဘော်သုံးကျိပ် ဂျပန်သွားတာက အစ ပြင်းထန်တဲ့ ခရီးကြမ်းတွေချည်း။ ပြီးတော့ ဖက်ဆစ်ဂျပန် တိုက်ထုတ်။ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးအတွက် ပင်လုံခရီး။ အများကြီးပါပဲ။
ဒီတော့ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်မှာ ကျွန်တော်တို့ အများကြီး မျှော်လင့်လို့ ရတယ်လို့ ကျွန်တော် တွေးမိပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်တွေ စိတ်ထဲမှာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ တစ်ယောက်ရဲ့ ပုံရိပ်တွေကို စွဲထင် သွားစေချင်တယ်ဗျာ။ အဲဒါလေး အဓိက ပါ။ ကျွန်တော့်လိုပဲ ကျန်တဲ့ သူတွေလည်း ထပ်တူ ခံစားမိမှာပါ။ အခုအဲဒီ ရုပ်ရှင်စီစဉ်နေသူတွေလည်း အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်မှာလို့ ကျွန်တော် ယုံကြည်နေပါတယ်။ ပြီးတော့နိုင်ငံတကာက ကြည့်မယ်ဆိုတော့ ပိုပြီးတော့လည်း အားထည့်ကြမယ်လို့ ထင်ပါတယ်။
မင်းက ဘာဖြစ်လို့ အဲဒီလောက်တောင် ဖြစ် နေရတာလဲလို့ မေးခဲ့ရင် ကျွန်တော့်မှာ ဖြေစရာက တစ်ခွန်းပဲ ရှိပါတယ်။ မြန်မာတစ်ပြည်လုံးက လူတွေနဲ့ တူညီတဲ့ ကျွန်တော့်ရင်ထဲက အဖြေက တစ်ခုတည်းပါ။ အဲဒီအဖြေ ကဘာလဲဆိုတော့-“ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လို့ပါ”ဆိုတာပါပဲ။ ဆူးသစ် http://www.whitesmallstreet.blogspot.com
စာရေးဆရာ ဘလော့ဂါ ဆူးသစ်က ၂၀၀၈ ခုနှစ်ကစလို့ အွန်လိုင်းမှာ ယနေ့အထိ စာတွေ ရေးနေခဲ့သူ၊ လက်ရှိ စင်ကာပူ နိုင်ငံမှာ အလုပ်လုပ် ကိုင်နေသူ တစ်ဦး ဖြစ်ပါတယ်။ သားလတ် နာမည်နဲ့လည်း စာတွေ ရေးနေခဲ့ပြီး၊ ၂၀၀၀ပြည့်နှစ်က စလို့ မှုခင်းရှုထောင့် မဂ္ဂဇင်းမှာ လူငယ်များအတွက် လစဉ် ဆောင်းပါးများ ရေးသားခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဆူးသစ် နာမည်နဲ့ “အဝေး ရောက် ထွန်းတောက်မြန်မာ” နှင့် “ညီလေးဖတ်ဖို့ ရေးတဲ့စာ”ဆိုတဲ့ လူငယ်ဆောင်းပါး စာအုပ်များကို ရေးသား ထုတ်ဝေထားပြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီတစ်လအတွက် ၀တ္ထုတိုလေးကိုတော့ ဘလော့ဂါ တေဇာ (လရောင်လမ်း)ရဲ့ ဘာသာ ပြန်ဝတ္ထုလေး တစ်ပုဒ်ကို နှစ်သက်စွာ ရွေးချယ် ထားဖြစ်ပါတယ်။ “ကျွန်တော် အမြဲဖတ်နေကျ ၀တ္ထုတိုဝက်ဘ်ဆိုက် www.eastoftheweb.com မှာ ခေတ်ပြိုင်ရော ဂန္ထ၀င်လို့ သတ်မှတ်ထားတဲ့ လက်ရာတွေပါ ရှိပါတယ်။ အဲဒီဆိုက်မှာ ကျွန်တော် ဒီဝတ္ထုကို ဖတ်မိပြီး သဘော ကျတာနဲ့ ဘာသာပြန် ဖြစ်ခဲ့ပါတယ်။ ၀တ္ထုက သိပ်ပြီး နက်နက်နဲနဲတော့ မဟုတ်ပါဘူး။ ဖတ်ကောင်းတဲ့ ၀တ္ထု တစ်ပုဒ်ပေါ့။ ဘာသာပြန်တဲ့ နေရာမှာတော့ ကျွန်တော်က အလေ့အကျင့် လုပ်တယ်လို့ပဲ သဘောထားပါတယ်။ အင်္ဂလိပ်ကနေ မြန်မာ ဘာသာကို ပြောင်းကြည့်တဲ့ သဘောပါ။ ဒီဝတ္ထုရေး ဖြစ်ဖို့ သီးသန့် စေ့ဆော်မှု တစ်ခုတော့ မရှိပါဘူး”လို့ သိရပါတယ်။
ကြမ္မာငင်ခြင်း တေဇာ(လရောင်လမ်း)
၁။ နေ့က ပူစပ်ပူလောင်နေ့။ ပြီးတော့ ကျွန်တော့်မိန်းမကို ကျွန်တော် မုန်းတယ်။ နေဦး...ပြောပြမယ်။ ကျွန်တော်တို့ Scrable (အင်္ဂလိပ်စကားလုံးဆက် ကစားနည်း) ကစားနေကြတယ်။ ဘယ်လောက် ဆိုးသလဲ စဉ်းစားကြည့်လေ။ ကျွန်တော့်အသက်က ၄၂ နှစ်။ မဟားတရား ပူနေတဲ့ တနင်္ဂနွေနေ့လယ်။ ဒီလိုအချိန်မှာ ကျွန်တော့် ဘ၀မှာ အများဆုံး မျှော်လင့်နိုင်တာက Scrable ကစားဖို့တဲ့လား။ တကယ်ဆိုရင် ကျွန်တော်အပြင် ထွက်သင့်တယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး လုပ်မယ်။ ပိုက်ဆံလေး ဘာလေးသုံးမယ်။ အပေါင်းအသင်းတွေနဲ့ တွေ့မယ်။ ကြာသပတေးနေ့ကတည်းက မိန်းမကလွဲလို့ တခြားလူတစ်ယောက်နဲ့မှ ကျွန်တော်စကား မပြောရသေးဘူး။ ကြာသပတေးနေ့တုန်းကလည်း နွားနို့လာပို့တဲ့ လူနဲ့ စကားပြောခဲ့ရတာ ပါလေ။ ကဲ စဉ်းစားကြည့်၊ ကျွန်တော့်ဘ၀ကို။
ကျွန်တော့် စာလုံးတွေက မကောင်းဘူး။ BEGIN ဆိုပြီး အဆင်ပြေသလို ဆက်လိုက်တယ်။ N က ပန်းရောင်ကြယ် အသေးပေါ်မှာဆိုတော့ ၂၂ မှတ်။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ဆိုတဲ့ မျက်နှာပေးနဲ့ သူ့စကားလုံးတွေကို ပြန်စီနေတဲ့ မိန်းမရဲ့မျက်နှာကို ကျွန်တော် ကြည့်နေမိတယ်။ သူ့စာလုံးတွေက အသံတတောက်တောက် မြည် နေတယ်။ ကျွန်တော် သူ့ကို မုန်းတယ်။
သူသာ မရှိဘူးဆိုရင် အခုချိန်လောက်ဆို ကျွန်တော် စိတ်ဝင်စားစရာ တစ်ခုခုကို လုပ်နေလောက်ပြီ။ ကျွန်တော် တောင်ပေါ်တက်ချင် တက်နေမှာ။ ဟောလိဝုဒ် ရုပ်ရှင်ကားတွေထဲမှာ သရုပ်ဆောင် ဖြစ်ချင်လည်း ဖြစ်နေမှာ။ အတ္တလန္တိတ်ကို ဖြတ်ပြီး ရွက်လွှင့်နေချင်လည်း နေမှာ။ မပြောတတ်ဘူး။ တစ်ခုခုတော့ တစ်ခုခုပဲ၊ လုပ်ဖြစ်နေမှာတော့ သေချာတယ်။
သူက JINXED ကြမ္မာငင်ခြင်း ဆိုတဲ့စကား လုံးကို J အက္ခရာကို နှစ်ဆရမယ့် အကွက်မှာ ထားပြီး ဆက်လိုက်တယ်။ အမှတ် ၃၀။ သူ ကျွန်တော့်ထက် အမှတ်ကျောနေပြီ။ သူ့ကို သတ် ပစ်လိုက်ရင် အေးမလားပဲ။ ကျွန်တော့်မှာသာ D စာလုံးရှိရင် MURDER (လူသတ်မှု) ဆိုတဲ့ စကားလုံးကို ဆက်လို့ရတယ်။ ဒါဆိုရင် အချက် ပြလိုက်တာပဲ။ ခွင့်ပြုချက်တောင်းတဲ့ သဘော မျိုးပေါ့။
U စာလုံးကို ကျွန်တော် သွားနဲ့ ကိုက်နေမိ တယ်။ ဟုတ်ပါတယ်။ ဒီအကျင့်လည်း မကောင်းဘူး။ ကျွန်တော်သိတယ်။ စာလုံးတွေ အားလုံး လည်း ကျွန်တော်ကိုက်ထားတာ ကြေမွနေပြီ။ WARMER (ပို၍ပူနွေးသော) ဆိုတဲ့ စကားလုံးကို ဆက်ပြီး ၂၂ မှတ်ရအောင် ယူလိုက်တယ်။ တကယ်တော့ ကျွန်တော် U စာလုံးကို ဆက် ကိုက်နေလို့ရအောင် ဆက်လိုက်တာ။ အိတ်ထဲ ကနေ စာလုံးအသစ်တွေကို ထပ်နှိုက်နေတုန်း၊ အဲဒီ စာလုံးတွေဟာ ကျွန်တော် ဘာလုပ်သင့်တယ် ဆိုတာ ပြောပြလိမ့်မလားလို့ တွေးနေမိတယ်။ ဆိုကြပါစို့ KILL (သတ်သည်) ဆိုတဲ့စကားလုံး တို့၊ ဒါမှမဟုတ် STAB (ထိုးသည်)တို့၊ ဒါမှမဟုတ် သူ့နာမည်ပဲဖြစ်ဖြစ် တစ်ခုခုဗျာ ကျွန်တော် ချက်ချင်းကို လုပ်ပစ်လိုက်တော့မှာ။ သူ့ကို ကျွန်တော် ကိစ္စတုံး ပစ်လိုက် တော့မှာ။
ကျွန်တော် ရလာတဲ့ စာလုံးတွေကို ကြည့် လိုက်တော့ MIHZPA တဲ့။ ပြီးတော့ ကျွန်တော် ကိုက်နေတဲ့ U ပေါ့။ ဆိုးပါ့။ နေအပူရှိန်က ကျွန်တော့်ကို ပြတင်းတံခါးနား ရောက်အောင် တွန်းပို့နေတယ်။ အပြင်ဘက်ဆီက ပိုးကောင် တွေရဲ့ တ၀ီဝီအသံကိုကျွန်တော် ကြားနေရတယ်။ ပျားတွေ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းရတော့မယ်။ ကျွန်တော့် ညီဝမ်းကွဲ တစ်ယောက်ဆို ကိုးနှစ်သားမှာ ပျားကို မျိုချမိလို့ လည်ချောင်းကြီးရောင်ပြီး သေပါရောလား။ တကယ်လို့ အခုကြားနေရတာ ပျားတွေသာ ဆိုရင်တော့ ကျွန်တော့်မိန်းမ လည် ချောင်းထဲကို ပျံဝင်သွားပါစေလို့သာ ဆုတောင်းမိ တော့တယ်။
၂။ သူကSWEATER (ပို၍ချွေးပြန်သော) ဆို တဲ့စကားလုံးကို သူ့စာလုံးတွေ အကုန်သုံးပြီး ဆပ် လိုက်တယ်။ ၂၄ မှတ်၊ ဘောနပ်စ်က ၅၀ အမလေး။ ဒီလောက် ပူမနေဘူး ဆိုရင် သူ့ကို ကျွန်တော် အခုချက်ချင်းလည်ပင်း ထညှစ် လိုက်တော့မှာ။ ကျွန်တော်လည်း ချွေးတွေပြန်လာပြီ။ အပူ သက်သာသွားအောင် မိုးရွာ လိုက်ရင် ကောင်း မယ်လို့ တွေးနေတုန်းပဲ ကျွန်တော့် ခေါင်းထဲကို စကားလုံး တစ်လုံး ၀င်လာတယ်။ humid "စို ထိုင်းသော" ဆိုတာကို စကားလုံးရဲ့အမှတ်နှစ်ဆ။ သူ ဆက်ထားတဲ့ JINXED ကို အပိတ်မှာ ထားဆက်လိုက်တယ်။ U စာလုံးကို ဘုတ်ပြားပေါ် ချလိုက်တော့ ပါးစပ်နဲ့ ကိုက်ထားတာမို့ ကျွန်တော့် သွားရည်တွေ နည်းနည်းပေနေတယ်။ ၂၂ မှတ်။ သူ့ဆီမှာ စာလုံးတွေ မကောင်းဘူး ထင်တာပဲ။ သူ့စာလုံးတွေ မကောင်းဘူးလို့ သူပဲ ပြောတာ။ ဘာပဲဖြစ်ဖြစ် သူ့ကို ကျွန်တော် ပိုမုန်းလာတယ်။ သူက FAN "ပျော်ရွှင်မှု" ဆိုတဲ့ စကားလုံးကို F ကို နှစ်ဆရမယ့် အကွက်ပေါ်မှာ တင်ပြီး ဆက်လိုက်တယ်။ ပြီးတော့ ရေနွေး ကရားဖြည့်ဖို့နဲ့ လေအေးစက် ဖွင့်ဖို့ ထသွားတယ်။ အဲဒါသာ ကြည့်တော့၊ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အပူဆုံးနေ့မှာ ကျွန်တော့် မိန်းမက ရေနွေးကျို နေတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် မုန်းတာ။ ZAPS "ပစ်ခတ်သည်" ဆိုတဲ့စကားလုံးကို Z ကို နှစ်ဆ အကွက်မှာ ထားပြီး ကျွန်တော် ဆက်လိုက်တယ်။ လေအေးစက်ကို ပလပ်ထိုးရင်း သူ ဓာတ်လိုက် သွားတာကို တွေ့လိုက်ရလို့ ကျွန်တော် အတော်လေး ကျေနပ်သွားမိတယ်။
သက်ပြင်းလေးကြီး ချပြီး သူက ပြန်ထိုင်ချ လိုက်တယ်။ ပြီးတော့ တတောက်တောက်နဲ့ သူ့ စာလုံးတွေကို ပြန်စီပြန်တယ်။ ကျွန်တော့် ဒေါသ ဟာ အတွင်းထဲမှာ အစိုင်အခဲဖြစ်လာသလို ခံစားရတယ်။ အတွင်းက အဆိပ်ရည် အချို့ဟာ ကျွန်တော့် ခြေတွေလက်တွေဆီ စီးလာပြီး လက် ချောင်းလေးတွေ အထိ ရောက်လာချိန်မှာ ထိုင်ခုံ ပေါ်ကနေ သူ့ကို ခုန်အုပ်မိတော့မလို ခံစားရ တယ်။ Scrable စာလုံးတွေက ကြမ်းပြင်ပေါ် ပြန့်ကြဲသွားတဲ့ အထိ။ ပြီးတော့ သူ့ကို မသေမချင်း ရိုက်၊ ရိုက်၊ ရိုက်...။
ကျွန်တော့်ဒေါသတွေဟာ လက်ဖျားဆီကို ဖြတ်သန်းသွားတယ်။ ကျွန်တော့်နှလုံးက ခုန်နေတယ်။ ချွေးပြန်တာပဲ။ ကျွန်တော့်မျက်နှာဟာ တဆတ်ဆတ် တုန်နေမယ် ထင်တယ်။ အဲဒီနောက် မှာ ကျွန်တော် သက်ပြင်လေးလေး ပင်ပင်ချပြီး ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်တော့တယ်။ ရေနွေး အိုးဆူနေပြီ။ ရေနွေးအိုး ဆူသံက ကျွန်တော့်ကို ပိုပြီး ပူလာသလို ခံစားရစေတယ်။ သူက READY "အဆင်သင့်" ဆိုတဲ့ စကားလုံးကို နှစ်ဆ အကွက်မှာ တင်လိုက်ပြီး ၁၈ မှတ် ရသွားတယ်။ ပြီးတော့ သူ့အတွက် လက်ဖက်ရည်တစ်ခွက် ဖျော်ဖို့ ထသွားပြန်တယ်။ ဟင့်အင်း။ ကျွန်တော်တော့ မသောက်ချင်ဘူး။
စာလုံးအိတ်ထဲက ဗလာဂျိုကာ တစ်ခုကို သူမမြင်တုန်း ကျွန်တော် ခိုးယူလိုက်တယ်။ ပြီး တော့ ကျွန်တော့်ဆီမှာရှိတဲ့ V စာလုံးကို ပြန်ထည့် ထားလိုက်တယ်။ သူက ကျွန်တော့်ကို မသင်္ကာ သလို ကြည့်နေတယ်။ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် တင်ရင်း ထိုင်ချလိုက်တယ်။ ကျွန်တော် က CHEATING "လှည့်စားခြင်း" ဆိုတဲ့ စကား လုံးကို စာလုံး (၈) လုံး အကုန် သုံးပြီး ဆက်လိုက်တယ်။ ခုနဆက်ထားတဲ့ READY ကိုပါ သုံးလိုက်တယ်။ ဘောနပ်စ် အမှတ် ၅၀ အပါအ၀င် ၆၄ မှတ် ရဆိုတော့ အခုသူ့ထက် ကျွန်တော် အမှတ်သာ သွားပြီ။
၃။ အံမာ..၊ ကလိမ်ကကျစ်လုပ်ထားသလား လို့ သူက ကျွန်တော့်ကို မေးသေးတယ်။ တကယ့် ကို တကယ့်ကို ကျွန်တော်သူ့ကို မုန်းတယ်။ သူက IGNORE "လျစ်လျူရှု" ဆိုတဲ့ စကားလုံးကို သုံးဆ အကွက်မှာ စပ်ပြီး၂၁ မှတ် ရသွားတယ်။ သူက ၁၅၃ မှတ်၊ ကျွန်တော်က ၁၅၅ မှတ်။ သူ့လက် ဖက်ရည်ခွက်က အငွေ့တွေက ကျွန်တော့်ကို ပိုပူ လာအောင်လုပ်နေတယ်။ ကျွန်တော့်မှာ ရှိတဲ့ အက္ခရာတွေနဲ့ သတ်ဖြတ်တာနဲ့ ဆိုင်တဲ့ စကားလုံး တစ်လုံး ဆက်နိုင်ဖို့ ကြိုးစားလိုက်တယ်။ အလ ကားပဲ။ ကျွန်တော် အကောင်းဆုံးဆက်နိုင်တာ ဆိုလို့ SLEEP "အိပ်သည်"ပဲ ရှိတယ်။
ကျွန်တော့် မိန်းမ အိပ်ပုံကတော့ ပြောမနေနဲ့ တော့။ အိမ်ရှေ့အိမ်မှာ ရန်ဖြစ်တဲ့ နေ့တုန်းက တံခါးတွေ ကျိုးပြီး ရုပ်မြင်သံကြားစက်ကြီး အပြင်လွင့် ထွက်လာတာ ငနဲမကသိတောင်မသိဘူး။ နောက် တစ်နေ့ကျတော့ သူကပဲ ကျွန်တော့်ကို အိပ်ရေး ပျက်တယ်ဆိုပြီး ကဂျီကဂျောင်လုပ်သေးတယ်။ သင်းကို ရှင်းပစ်ဖို့ နည်းတစ်နည်းလောက် ရှိရင် တော့လား။
ကျွန်တော့် စာလုံးတွေကို အကုန်သုံးဖို့ အခွင့်အရေး တစ်ခုရတယ်။ JINXED က X ကို သုံးပြီး EXPLODES "ပေါက်ကွဲသည်" လို့ဆက်ပြီး ၇၂ မှတ်ရလိုက်တယ်။ ဒါမှ သူ သိမှာ။ ကျွန်တော့် စာလုံးတွေကို ချဆက် လိုက်ချိန်မှာပဲ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လေအေးစက် လည်း ရပ်သွားတော့တယ်။ ကျွန်တော့် နှလုံးတွေ တဒိတ်ဒိတ်ခုန်နေတယ်။ ဟင့်အင်း၊ ပေါက်ကွဲသံ ကြောင့် မဟုတ်ပါဘူး။ ကျွန်တော် မယုံနိုင်ဘူး။ဒါဟာ တိုက်ဆိုင်မှု သက်သက်တော့ မဖြစ်နိုင်ဘူး။ စကားလုံးတွေကြောင့် ဖြစ်သွားတာပဲ။ ကျွန်တော် EXPLODES လို့ ဆက်လိုက်ချိန်မှာပဲ လေအေးစက်က ပေါက်ကွဲသွားတယ်။ ပြီးတော့ ကျွန်တော် ဂျိုကာကို ခိုးပြီးသူ့ကို လူလည်ကျ လိုက်တုန်းကလည်း CHEATING ဆိုတဲ့ စကား လုံးကို ဆက်မိခဲ့တယ်။ ပြီးတော့ ZAP ကို ဆက်တုန်းကလည်း ကျွန်တော့်မိန်းမ ဓာတ်လိုက် သွားတယ်။ စကားလုံးတွေက တကယ်ဖြစ်လာ နေတာကိုး။ အက္ခရာတွေဟာ အနာဂတ်ကို ဟော နေပြီ။ ဒီကစားပွဲကြီး တစ်ခုလုံးဟာ JINXED တာပဲ။
မိန်းမက SIGN "သင်္ကေတ" ကို သုံးဆ အကွက်မှာ ထားဆက်လိုက်တယ်။ ၁၀ မှတ်။ ကျွန်တော် စမ်းသပ်ရမယ်။ မှန်သလား မမှန်ဘူး လား သေချာဖို့ ကျွန်တော်တစ်ခုခု စမ်းကြည့်ရ မယ်။ စကားလုံးတွေအတိုင်း လိုက်ဖြစ်နေတယ် ဆိုတာကို သက်သေပြဖို့၊ မဖြစ်နိုင်တဲ့အရာတစ် ခုခု။ ကျွန်တော့်ဆီမှာရှိတဲ့ စာလုံးတွေက ABQYFWE ကျွန်တော့်အဖို့ ရွေးချယ်စရာ သိပ် များများစားစား မရှိဘူး။ B စာလုံးကို ကျွန်တော် က ထုံးစံအတိုင်း သွားနဲ့ ကိုက်နေမိတယ်။
၎။ EXPLODES က L ကိုယူပြီး FLY "ပျံသန်းသည်"လို့ ကျွန်တော်ဆက် လိုက်တယ်။ ခုံပေါ်မှာထိုင်၊ မျက်စိအသာမှိတ်ပြီး ခုံပေါ်က ပျံတက်သွားတဲ့ အသိကို ရမလားလို့ စောင့်နေမိတယ်။ ပျံဖို့စောင့်နေတယ်။ သေရော..။ ကျွန်တော် မျက်လုံးဖွင့်လိုက်တဲ့ အချိန်မှာ ယင်ကောင်တစ်ကောင်။ တ၀ီဝီမြည်နေတဲ့ ပိုးကောင်က Scrable ဘုတ်ပေါ်မှာ ခပ်နွေးနွေး လက်ဖက် ရည်ခွက်က အငွေ့တွေဆီ ပျံဝဲနေတယ်။ ဒါဘာ ဆိုင်လို့လဲ။ ယင်ကောင် တစ်ကောင်ဟာ ဘယ်လို မဆို ရောက်လာနိုင်တာပဲ။ အဓိပ္ပာယ်နှစ်ခွ မထွက် တဲ့ စကားလုံးတစ်ခုခု ဆက်ဖို့လိုနေတယ်။ အဓိပ္ပာယ်ကောက် မမှားနိုင်တဲ့အရာ တစ်ခုခု။ ပွဲသိမ်းရိုက်ချက်။ လမ်းဆုံး။ အသေသတ်မယ့် စကားလုံး။
ကျွန်တော့် မိန်းမက CAUTION "သတိ" ကို ကျွန်တော်စပ်ထားတဲ့ N ကို မှီပြီး ဆက်လိုက်တယ်။ ၁၈ မှတ်။ ကျွန်တော့် စာလုံးတွေက AQWEAK ။ ပြီးတော့ ပါးစပ်ထဲမှာ B ။ စကားလုံးတွေရဲ့ အစွမ်းမှာ ကျွန်တော် မှင်တက်နေတယ်။ ပြီးတော့ ဒီအစွမ်းကို ကောင်းကောင်း အသုံးမချနိုင်လို့လည်း စိတ်တိုနေမိတယ်။ စာလုံး တစ်လုံးထပ်ပြီး ခိုးရမလိုဖြစ်နေတယ်။ ကျွန်တော့် ဆီမှာ I အက္ခရာသာရှိရင် SLASH "ခုတ်ဖြတ်သည်" ၊ ဒါမှမဟုတ် SLAY "ရက်ရက် စက်စက် သတ်ဖြတ်သည်" ကို ဆက်ပြီး ပွဲသိမ်း ပစ်လိုက် တော့မှာ။
အဲဒီ အချိန်မှာပဲ ကျွန်တော် တစ်ခု သတိရ သွားတယ်။ ပြီးပြည့်စုံတဲ့ စကားလုံး။ အင်အား ကြီးတယ်၊ အန္တရာယ် များတယ်၊ ကြောက်စရာ ကောင်းတဲ့ စကားလုံး။QUAKE "ငလျင်"ဆိုတဲ့ စကားလုံးကိုဆက်ပြီး ကျွန်တော် ၁၉ မှတ်ယူ လိုက်တယ်။
ငလျင်ရဲ့ ပြင်းအားဟာ ရတဲ့အမှတ်နဲ့ အချိုး ကျနေမလားလို့ ကျွန်တော် တွေးမိလိုက်သေးတယ်။ ကျွန်တော့်သွေးကြောတွေထဲမှာ လှုပ်ခါ နေတဲ့ ဖြစ်တန် စွမ်းအင်တစ်မျိုးကို ကျွန်တော် ခံစား နေရတယ်။ ကျွန်တော်ဟာ ကံကြမ္မာကို အမိန့်ပေး နေပြီ။ ကျွန်တော်ဟာ အနာဂတ်ကို ချုပ်ကိုင်ထားပြီ။
ကျွန်တော့် မိန်းမက DEATH "သေခြင်း" ကို ဆက်ပြီး ၃၄ မှတ် ယူလိုက်ချိန်မှာပဲ အခန်းဟာ စတင် လှုပ်ခါလာတယ်။ အံ့အားသင့်မှု မယုံကြည် နိုင်မှုတွေနဲ့ ကျွန်တော် အသက်ကို ပြင်းပြင်းရှူနေ မိတယ်။ ပြီးတော့ ကျွန်တော် ကိုက်နေတဲ့ B အက္ခရာကလည်း ကျွန်တော့် လည်ချောင်းထဲ ရောက်သွားခဲ့ပြီ။ ချောင်းဆိုးပြီး ဟပ်ထုတ်ပစ်ဖို့ ကျွန်တော် အသည်းအသန် ကြိုးစားနေမိတယ်။ ကျွန်တော့် မျက်နှာဟာ နီရာက ပြာလာတယ်။ ကျွန်တော့် လည်ချောင်းအတွင်းက မီးစနဲ့ အထိုးခံ ရသလို ထူပူလာတယ်။ လည်မျိုမှာ သွေးတွေ စီးကျလာတဲ့ အထိ ကျွန်တော် လက်သည်းနဲ့ ကုတ်ခြစ်နေမိတယ်။ ဟုတ်ပါတယ်၊ ငလျင်က အဆုံးအဖြတ် ပေးလိုက်ပြီ။ ကျွန်တော် ကြမ်းပြင်ပေါ်ကို လဲကျသွားတယ်။ ကျွန်တော့်မိန်းမကတော့ သူ့နေရာမှာပဲ မလှုပ်မရှား ထိုင်နေတုန်းပဲ။ ကျွန်တော့်ကို ကြည့်လို့။ (Charlie Fish ၏ Death by Scrable ကို ဆီလျော်သလို ဘာသာပြန်ဆိုသည်။)
တေဇာ၊လရောင်လမ်း၊ www.themoonlitpath.net
တေဇာ(လရောင်လမ်း)က ၂၀၀၈ခုနှစ် အကုန်ပိုင်းလောက်မှာ စပြီး ဖတ်ဖူးတဲ့ စာတိုပေစ လေးတွေကို မျှဝေချင်တဲ့ စိတ်နဲ့ အွန်လိုင်းမှာ ဘလော့ဂ် စရေးဖြစ်ခဲ့သူ ဖြစ်ပါတယ်။ "လွတ်လပ် လို့၊ ရေးချင်တာကို ရေးတတ်သလို ရေးလို့ ရလို့ လည်းပါတယ်။ ကိုယ်ဖတ်မိပြီး ကိုယ်ကြိုက်တဲ့ စာတွေကို ရိုက်တင်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ဘာသာပြန်၊ အက်ဆေး၊ ကဗျာ (ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်)လေးတွေ လျှောက် ရေးကြည့်ပြီး ဘလော့ဂ်ပေါ် ပစ်တင်ထားလိုက် တာပါပဲ။ အခုထိတော့ တစ်ခုခုကို ပုံမှန်တင် ဖြစ်နေပါတယ်" လို့ ပြောပြခဲ့ပြီး ဘလော့ဂ်မှာ စာတွေ ဘယ်အထိ ဆက်ရေးဖြစ်မလဲဆိုတာကို တော့ "ဘယ်တော့ ရပ်တန်းက ရပ်မလဲလို့ မေးလာခဲ့ရင် မသိသေးဘူးလို့ပဲ အားနာနာနဲ့ ဖြေရမှာ" လို့ ပြောပါတယ်။ စာရေးဆရာ မြင့်သန်းနဲ့ စာရေး ဆရာအောင်ချိမ့်တို့ကို နှစ်သက်သူ တေဇာက "တခြား ဘလော့ဂ် ရေးသူတွေ အကြောင်း ကျွန်တော် သိပ်မသိလို့ နှိုင်းယှဉ်ရ ခက်ပါတယ်။ အပြန်အလှန်အားဖြင့် တခြားလူတွေကလည်း ကျွန်တော့်ကို သိပ်မသိကြဘူးလို့ မြင်ပါတယ်" လို့ဟာ သူ့ကိုယ်သူ သုံးသပ်ပေးပြန်ပါတယ်။ blog မှာ စာဖတ်သူတွေပေးတဲ့ comment အပေါ်မှာ "မှတ်ချက်တွေ ဖတ်ရတာကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီ လာတဲ့ မှတ်ချက်များများစားစား မရှိပါဘူး" လို့ ရိုးရှင်းစွာ ပြောပြခဲ့ပါတယ်။ တေဇာ(လရောင်လမ်း)ရဲ့ ကဗျာတစ်ပုဒ်ကို ဧပြီလ Blog Digest မှာ ဖော်ပြ ပေးခဲ့ပါသေးတယ်။
ပြောင်းလဲလာတဲ့ ခေတ်၊ စနစ်ရဲ့ ရေစီး ကြောင်းနဲ့အတူ အွန်လိုင်းပေါ်က ဘလော့ဂ်များ ဟာလည်း ပုံနှိပ်စာမျက်နှာပေါ်မှာ သူတို့ရဲ့ အရည် အသွေးတွေကို ဖော်ထုတ်ဖို့ ကြိုးစားလာကြပါ တယ်။ နိုင်ငံရေး အပြောင်းအလဲနဲ့အတူ စာပေ လွတ်လပ်ခွင့် ပေးလာခြင်းတို့က ရသ၊ သုတ၊ ကဗျာ၊ ပို့စ်မော်ဒန်၊ ကျန်းမာရေး၊ နိုင်ငံရေး၊ ဖက်ရှင်၊ အချက်အပြုတ် စသဖြင့် အားသန်ရာ ရေးသားနေကြတဲ့အွန်လိုင်း(Online)ကဘလော့ဂ် များကို ပုံနှိပ်စာမျက်နှာ (Offline)ဆီသို့ တစ်နည်းအားဖြင့် တွန်းပို့စေခဲ့ပါတယ်။“စာပေ လွတ် လပ်ခွင့်တွေ ရှိလာပြီဆိုတော့ ပုံနှိပ်စာမျက်နှာပေါ် မှာ စာတွေ ရေးချင်လာတယ်၊ ရေးဖို့ကြိုး စား မယ်”လို့ ရသ၀တ္တုတွေ ရေးသားနေတဲ့ ဘလော့ဂ် တစ်ဦးက ပြောပါတယ်။ တချို့ကလည်း အွန်လိုင်းက ဘလော့ဂ်များရဲ့လက်ရာများကို စုစည်း ဖော်ပြဖို့ ဆိုင်းပြင်း နေပြန်ပါတယ်။ မည်သို့ ပင်ဖြစ်စေ စာပေနယ်ထဲမှာ ယခင်ကထက် အရောင်အသွေး စုံလင်တဲ့ ရသအမျိုးမျိုးရှိလာ တော့မှာမို့ခံစားဖတ်ရှုချင်တဲ့ စာဖတ်သူများ အတွက်တော့အရင်လို မဟုတ်တော့ဘဲ ပိုမိုရွေး ချယ်ဖတ် ရှုနိုင်မယ့် အခွင့်အလမ်းများ ရရှိလာ တော့မှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလမှာ ပိတောက်ဝါ၀ါနှင့် အတူ ပြန်လည် ဆုံတွေ့ကြပါစို့။
မြသွေးနီ (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|
|
Last Updated on Wednesday, 21 March 2012 09:49 |