|
Written by လှမိုးသစ်(ကျောက်ဆည်)
|
|
Thursday, 15 March 2012 11:26 |
ဤညှပ်ကြီးကား ပုဂံခေတ်၌ တစ်ခါ ပျက်ခဲ့ ဖူးလေပြီ။ သည်မြို့တော်၌ ညှပ်ကြီး အကြောင်း သိသူဆို၍ ရှင်ကြီး တစ်ပါးသာ ရှိလေသည်။ ယနေ့ မြို့တော်၏ သစ္စာ ရင်ပြင်၌ လူစည်ကား နေသည်။
argaiv1748
သစ္စာ ရင်ပြင်တွင် အမှန်တရား အတွက် ညှပ်ကြီး၏ အဆုံးအဖြတ် ခံယူပွဲ ရှိသည်။ အဆုံးအဖြတ် ခံယူကြမည့် သူများမှာ ရှင်ကြီးနှင့် သူ၏ ဒကာမကြီး အိုသူယာတို့ ဖြစ်သည်။ ဒကာမကြီး အိုသူယာသည် ရှင်ကြီးကို ခြေဆုပ်လက်နယ် ပြုစု လုပ်ကျွေးနေသော ဒကာမ အရင်းကြီး ဖြစ်သည်။ ယနေ့ဆရာနှင့် ဒကာတို့ အငြင်းအခုံ ပဋိပက္ခကို တစ်မြို့တော်လုံးက စိတ်ဝင်စားလျက် ရှိကြသည်။
ဒကာမကြီး အိုသူယာသည် ရှင်ကြီး၏ ကွမ်းဆေး ကိစ္စအ၀၀ကို တာဝန် ယူနေသော ဒကာမအရင်း ဖြစ်သလို၊ ဥစ္စာပစ္စည်း အသင့်အတင့် ချမ်းသာသော မြို့တော် မျက်နှာဖုံး တစ်ယောက်လည်း ဖြစ်သည်။ ငွေတိုးပေးရင်း ကြီးပွားလာသူ ဖြစ်ပြီး တစ်နေ့ သောအခါ တိုင်းတစ်ပါးမှ ထီဆုကြီး ပေါက်ပြီး ငွေတွေထားစရာ မရှိသည့် အတွက် ဘဏ်မှာအပ် နှံလိုသော်လည်း မြို့တော် ဥပဒေနှင့် မညီညွတ် သည့်ငွေများ ဖြစ်နေသည့် အတွက် ရှင်ကြီးထံ အပ်နှံ၍ ထားလေသည်။ ရှင်ကြီးကို အပ်ထားသော ငွေပမာဏမှာ သိန်းငါးရာ တိတိ ဖြစ်သည်။
ယခုအခါ ဒကာမကြီး အိုသူယာမှ ငွေအသုံး လိုလာသဖြင့် ရှင်ကြီးထံ အပ်နှံထားသော သိန်း ငါးရာကို ပြန်လည် တောင်းခံရာ ရှင်ကြီးက သူ့ထံ မအပ်နှံဟူ၍ ငြင်းဆိုလေသည်။ ဒကာမကြီး အိုသူယာ ဒေါသထွက်၍ ရှင်ကြီးနှင့် အကြီး အကျယ် စကား များကြသည်။ ငြင်းခုံကြသည်။ သူတို့နှစ်ယောက် အငြင်းအခုံ ကိစ္စသည် တစ်မြို့ တော်လုံး ဟိုးလေးတကြော် ဖြစ်သွားသည်။ လူ သိများသော ရှင်ကြီးနှင့် လူသိများသော မြို့ မျက်နှာဖုံးမကြီးတို့ အမှု ဖြစ်သောကြောင့်လည်း လူတွေက ပို၍ စိတ်ဝင်စားကြသည်။ သူတို့နှစ်ဦး တွင် မည်သူက မဟုတ်မမှန်သည့် စကားဆို၍ လိမ်လည်သူဖြစ်သနည်းဆိုသည်ကို သိချင်နေကြ သည်။ မြို့တော်၏ လူကြီးလူကောင်းဟု အသိ အမှတ်ပြု ခံရသော သူတို့နှစ်ဦးတွင် တစ်ဦးက တော့ လူလိမ်ဖြစ်နေချေပြီ။ လူလိမ် မည်သူဖြစ် သနည်း။
ထိုကိစ္စကို သစ္စာရင်ပြင် တရားခွင်မှာ တရားသူကြီး ညှပ်ကြီးထံတွင် အဆုံးအဖြတ်ခံယူ ကြသည်။ ရှင်ကြီးသည် ကောက်ကျစ်စွာ ပြုံးလေ၏။ ညှပ်ကြီး အကြောင်းကို အူမချေးခါး မကျန် သူ အကုန်သိထား၏။ ညှပ်ကြီးသည် အမှန်တရား တစ်ခုတည်းသာ သိသော သမာဓိ ညှပ်ကြီး ဖြစ်သည်။ ညှပ်ကြီးတွင် မာယာမရှိ၊ ပရိယာယ် မရှိ၊ လာဘ်မစား၊ ဘက်မလိုက်၊ အဂတိနတ္တိ အမှန်တစ်ခုတည်းသာ ဆုံးဖြတ် သည်။ သို့မို့ကြောင့် ပုဂံခေတ်တွင် ညှပ်ကြီး ပျက်ဖူးတာကို ရှင်ကြီး ကောင်းကောင်းသိ၏။ ဤရွှေမြို့တော်သားတို့သည် ဤအကြောင်းကို မသိ။ သူတို့သိသည်ကား ညှပ်ကြီးသည် သိကြားမင်းပေးသော သမာဓိညှပ်ဖြစ်သည်။ မကောင်းသူကို ညှပ်၍၊ ကောင်းသူကို ပလပ် မည်။ အမှုအခင်းအငြင်းအခုံဖြစ်၍ ညှပ်ကြီးထံ သစ္စာဆို၍ လက်လျှိုသော် လိမ်လည်သူလက်ကို တိခနဲညှပ်ချလိုက်ပြီး အမှားအမှန်ကို ခွဲခြားဆုံး ဖြတ်ပေးသော အဂတိမလိုက်၊ လာဘ်မစားသော တရားသူကြီး အဖြစ်တစ်မြို့တော်လုံးက ယုံကြည် အားကိုးကြသလို၊ တိုင်းဒေသကြီး အသီးသီးတို့ ထိလည်း ကျော်ကြားသောညှပ်ကြီး ဖြစ်သည်။
သို့မို့ကြောင့် မြို့တော်နှင့်အနီးတစ်ဝိုက်ဒေ သကြီးအတွင်း မဟုတ်မမှန် လုပ်ကြံလိမ်လည် မှုများ ရှားပါးသွားလေသည်။ ဈေးသည်များ လည်း အလေးမခိုးရဲကြတော့။ မတော်ဈေးဝယ် သူက မကျေနပ်လို့ ဈေးခေါင်းရုံးက သမာဓိချိန် ခွင်သွားမချိန်ဘဲ ညှပ်ကြီးထံသွား၍ သစ္စာဆိုရ မည်ဟု ဆိုလာလျှင် အလေးကလေးတစ်ကျပ် သား၊ နှစ်ကျပ်သားခိုးမိတာနှင့် လက်ပြတ်မည့် ကိန်းဆိုက်နေမှ အခက်။ သို့မို့ကြောင့် မဟုတ်မမှန် တာကိုဆိုလျှင် ဝေါင်ဝေါင်ရှေးနေကြရသည်။ တစ်ခါကလည်း မြို့တော်ကြီးအတွင်းမှ သွပ်သံ အိမ်ဆောက်ပစ္စည်းများရောင်းသော ဆိုင်တစ်ဆိုင် တွင် သံများ ပျောက်ဆုံးမှုအတွက်ပိုင်ရှင်သူ ကြွယ်ကြီးမှာ သူ၏မန်နေဂျာကို မယုံသဖြင့် စစ် ဆေးမေးမြန်းရာ မန်နေဂျာမှာ သံများ ၁၀ တန် လောက် ပျောက်ဆုံးသွားခြင်းမှာ ဂိုထောင်အောက် မှ ကြွက်များ စားပစ်သောကြောင့် ပျောက်ဆုံး သွားခြင်းဖြစ်ကြောင်း စောဒကတက်ရာ တစ်မြို့ တော်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့ဖူးလေ သည်။ သံကို ကြွက်စားသော အမှုကို သမာဓိ ညှပ်ကြီးထံ အဆုံးအဖြတ်ခံယူရာ-
“သံကို ကြွက်စား၍ ပျောက်ဆုံးပါသည်။ ဤသစ္စာစကား မမှန်ပါက ကျွန်ပ်၏ လက်ကို သမာဓိညှပ်ကြီးမှ ပြတ်အောင်ညှပ်ပါစေ” ဟူ၍ မန်နေဂျာထံမှ သစ္စာဆိုရာ မဆိုင်းမတွ ပါးစပ်ဟပြဲ ညှပ်ကြီးသည် ဂျိုင်းခနဲကျ၍ မန်နေဂျာ လက်ပြတ် ဖူးလေသည်။
ဤသို့ ဒိဋ္ဌဂုဏ်ရောင်ပြောင်မြောက်သော ညှပ်ကြီး၏ အားနည်းချက်ကိုတော့ ရှင်ကြီးသိ ထား၏။ ပုဂံခေတ်တုန်းကလည်း သည်လိုပင် အမှန်တရားဂုဏ်ရောင် ထွန်းပြောင်ခဲ့သော ညှပ် ကြီးသည် လူထုအားကိုးရာ အားထားပြုရာ ဖြစ် လာခဲ့သော်လည်း တစ်ခါတွင် ပုဂံသားညီနောင် ပိုင်ဆိုင်သော ရွှေတစ်ပိဿာကို ခရီးသွားရာ သယ်မသွားနိုင်သဖြင့် သူတို့ကိုးကွယ်သည့် ယုံကြည်စိတ်ချရသော ရှင်ကြီးတစ်ပါးထံ အပ်နှံ ပြီး ခရီးသွားကြလေသည်။ သုံးနှစ်ပြည့်၍ ခရီးမှ ပြန်လာသောအခါ ရှင်ကြီးထံသွား၍ သူတို့ညီအစ်ကို အပ်နှံသော ရွှေတစ်ပိဿာ ပြန်လည်တောင်းရာ ရှင်ကြီးက သူ့ထံ ဘာမျှမအပ်နှံခဲ့ကြောင်း ငြင်းဆိုလေသည်။
အမှန်မှာ ရှင်ကြီးသည် ပုဂံသားညီအစ်ကို အပ်နှံထားသော ရွှေတစ်ပိဿာကို အရည်ကျို၍ သူအမြဲကိုင်ဆောင်လေ့ ရှိသော တောင်ဝှေးအတွင်း လောင်းထည့်ကာ ၀ှက်ထားခြင်း ဖြစ်လေသည်။ ပုဂံသားညီအစ်ကို မကျေနပ်၍ ညှပ်ကြီးထံ သွားပြီး သစ္စာဆိုဖို့ ပြောသောအခါ ရှင်ကြီးက ခပ်အေး အေးပင် “သွားလေ” ဟုဆို၏။ သို့ဖြင့် ညှပ်ကြီးထံ သစ္စာ ဆိုကြသည်။ ပထမ ပုဂံသား ညီအစ်ကို သစ္စာ ဆိုကြသည်။
“ကျွန်ုပ်တို့ ညီအစ်ကိုသည် ရှင်ကြီးထံ ရွှေ တစ်ပိဿာ အပ်နှံထားခဲ့ပါသည်။ ဤကား သစ္စာ စကားတည်း။ ဤသစ်္စာစကားမမှန်ပါက ကျွန်ုပ် တို့ ညီအစ်ကို လက်ပြတ်ပါစေသတည်း”
ပုဂံသားညီနောင်၏ သစ္စာမှန်သောကြောင့် ညှပ်ကြီးက မညှပ်။ ဘာမှမဖြစ်။ ဒါဆိုသူတို့ပြော တာ မှန်နေပြီ။ ရှင်ကြီး လိမ်တာသေချာနေပြီပေါ့။ လာရောက်တရားနာသူ လူထုကလည်း ဒီတစ်ခါ တော့ ရှင်ကြီး အရှက်ကွဲပြီ။ အလိမ်ပေါ်ပြီ။ လက် ပြတ်တော့မည် ထင်နေကြသည်။ အခုရှင်ကြီး သစ္စာဆိုရမည့် အလှည့်ရောက်ပြီ။ ပုဂံသား ညီ နောင်ကလည်း အခုပင် ရှင်ကြီးကို သစ္စာဆိုဖို့ ဖိအားပေးနေပြီ။
ရှင်ကြီး ရှေ့ထွက်လာသည်။ ပုဂံသားညီ နောင်ရှေ့လာရပ်သည်။ “ငါ ညှပ်ထဲ လက်ထည့်ပြီး သစ္စာဆိုမလို့ တောင်ဝှေး ခဏကိုင်ထားပေးပါကွယ်”
ရှင်ကြီးက ညှပ်ကြီးအတွင်း လက်သွင်းပြီး သစ္စာဆိုသည့် အခါ လက်မအားသဖြင့် တောင် ဝှေးကို ကိုင်ထားပေးရန် ပုဂံသားညီအစ်ကိုထံ ပေးအပ်လိုက်လေသည်။ ပုဂံသား ညီနောင်လည်း တောင်ဝှေးကို ကိုင်ထားပေးလေ၏။ ရှင်ကြီး သစ္စာဆိုလေသည်။
“ပုဂံသား ညီနောင်၏ ရွှေတစ်ပိဿာသည် ကျွန်ပ် ရှင်ကြီး၏လက်တွင် အမှန်တကယ်မရှိပါ။ ပုဂံသား ညီနောင်သည် အမှတ်မှား၍ ကျွန်ုပ်ကို စွပ်စွဲခြင်း ဖြစ်ပါ၏။ ရွှေတစ်ပိဿာ ကျွန်ုပ်လက် တွင် ရှိပါက လက်ပြတ်ပါစေသား”
တရားနာသူ လူထုသည် ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်သည်။ သူတို့ ထင်သည်နှင့် တခြားစီ ဖြစ်သွားတာကိုး။ ပုဂံသားညီနောင်၏ ရွှေတစ် ပိဿာကို လိမ်လည်ယူထားမှန်းသိသည့် လူတွေက ရှင်ကြီး လက်ပြတ်မှာ ပဲဟု ထင်ထားသော်လည်း ဘာမျှမဖြစ်ဘဲ ညှပ်ကြီး၏ ပါးစပ်မှ လက် ပြန်ရုပ်လာနိုင်သည့် ရှင်ကြီးကို အံ့သြနေကြသည်။ ရှင်ကြီးသည် အံ့သြမှင် တက်နေသည့် ပုဂံသားညီနောင်၏ လက်မှတောင်ဝှေးကို ဆွဲယူပြီး- “တွေ့လား ငါမလိမ်ပါဘူးဆို”ဆိုသည့် အကြည့်မျိုးဖြင့် ကြည့်ပြီး သုတ်သုတ် သုတ်သုတ်နှင့် ထွက်ခွာ သွားလေတော့၏။ ထိုအချိန်မှ စ၍ ညှပ်ကြီး သည် လူထု၏ ယုံကြည်မှုမှ ကင်းဝေးသွားပြီး ပုဂံညှပ်ကြီး နာမည် ပျက်သွား လေတော့သည်။
သည်အကြောင်းကို သိသူဆို၍ ဤမြို့တော်မှာ ရှင်ကြီး တစ်ယောက်သာ ရှိသည်။ အမှန်မှာ ညှပ်ကြီး ပျက်သွားခြင်း မဟုတ်။ အမှန်တရားကို သာသိပြီး မာယာ ပရိယာယ်ကို မသိသော ညှပ်ကြီး၏ အားနည်းချက်သာ ဖြစ်သည်။ ဉာဏ်နီ ဉာဏ်နက်များသော လူသတ္တ၀ါ၏ စဉ်းလဲ ကောက်ကျစ်မှုကို ညှပ်ကြီး ခံလိုက်ရခြင်း ဖြစ်သည်။ ဤအချက်ကို ပိုင်ပိုင်ကြီး သိသော ရှင်ကြီးသည် ကောက်ကျစ်စွာ ပြုံး၏။
ဒကာမကြီး အိုသူယာ အပ်ထားသော ငွေသိန်းငါးရာကို ရှင်ကြီးက သူ့နာမည်ဖြင့် ဘဏ်မှာ အပ်လိုက်၏။ ယခု သူ့လက်ထဲမှာ မရှိ။ ဘဏ်မှာသာ ရှိသည်။ သမာဓိ ညှပ်ကြီးသည် သူ့လက်မှာ မရှိသည်ကို သိမည်။ ဘဏ်မှာ ရှိသည်က သူနှင့်မဆိုင်။ ပုဂံညှပ်ကြီးသည်လည်း ရွှေထည့်ထားသော တောင် ဝှေး သစ္စာဆိုစဉ် ရှင်ကြီးလက်မှာ မရှိခြင်းကိုပဲ သိသည်မဟုတ်လား။ ဒါပဲပေါ့ အခု ဒီနည်းကိုပဲ သုံးရမည်။ အဲသည့်နည်းကို ဘယ်သူမျှမသိ။ ရှင်ကြီးသာ လျှင် သိသည်။ ရှင်ကြီး ကောက်ကျစ်စွာ ပြုံးလိုက်၏။
ပုံပြင်ထဲက အတိုင်း ဒကာမကြီး အိုသူယာက စတင်၍ သစ္စာစကား ဆိုလေသည်။ သစ္စာဆိုစဉ် လက်ကိုလည်း ညှပ်ကြီး ပါးစပ်ထဲသို့ သွင်းထားရ သည်။ “အို၊ လောကပါလ တရားကို စောင့်ရှောက်သော သမာဓိ အရှင်ညှပ်မင်း၊ ကျွန်တော်မျိုးမသည် မိမိဒကာ ခံ၍ ကိုးကွယ်သော ရှင်ကြီးကို သီလသိက္ခာ ပြည့်စုံသူဟု မှတ်ထင်၍ ငွေသိန်း ငါးရာကျပ်တိတိ အပ်ထားမိပါသည်။ ယခုအခါ ၄င်းရှင်ကြီးသည် သူ့ထံ မအပ်နှံပါဟု ငြင်းဆိုနေပါသဖြင့် အရှင် ညှပ်မင်းမှ အမှန်တရားကို ဖော်ထုတ် ပေးပါရန် ကျွန်တော်မျိုးမ တိုင်တည် သစ္စာဆိုပါသည်။ ဤသစ္စာစကားမှန်ကန်ပါက ချေးထားသော ငွေပင်ငွေရင်းနှင့် အတိုးအပွား ရပါစေ။ ရှင်ကြီးထံ အပ်နှံထားသော သိန်းငါးရာ ပြန်ရ၍ စီးပွားရေး ဒီရေအလား တိုးပွားပါစေ။ အကယ်၍ ကျွန်တော်မျိုးမသည် လိမ် လည်၍ သစ္စာဆိုခဲ့မိသော် အရှင်ညှပ်မင်းမှ ကျွန်တော်မျိုး၏ လက်ကိုကိုက် ဖြတ်ပါလေတော့ အရှင်ညှပ်မင်း”
ညှပ်ကြီးက တုတ်တုတ်မျှမလှုပ်ချေ။ တစ်ကြိမ်၊ နှစ်ကြိမ်။ သုံးကြိမ်။ ညှပ်ကြီးက ငြိမ်မြဲငြိမ်လျက်။ ဒါဆိုဒကာမ အိုသူယာ မှန်လေပြီ။ ရှင်ကြီး သစ္စာဆိုရမည့် အလှည့်ရောက်ပြီ။ ရှင်ကြီးလည်း ရဲရဲဝံ့ဝံ့ပင် ရှေ့တိုးလိုက် သည်။ ရဲရဲဝံ့ဝံ့ပင် လက်အစုံကို ညှပ်ကြီး၏ ပါးစပ်သို့သွင်းလိုက်၏။ရဲရဲဝံ့ဝံ့ပင် သစ္စာဆို၏။ ဘာမရဲဝံ့စရာ ရှိသနည်း။ ယခင်အခါက ရှင်ကြီး သစ္စာဆိုပုံကို သူသိထားပြီပဲ။ ယခင်ရှင်ကြီး၏ နည်းအတိုင်းပင် သစ္စာဆိုစဉ် ငွေတွေက ရှင်ကြီးလက်မှာ မရှိ။ သမာဓိညှပ် ဘာတတ်နိုင်မည်နည်း။
“အို၊ သမာဓိညှပ်၊ ဒကာမအိုသူယာ ငွေတွေ ကျွန်ုပ်မှာ မရှိဘူး။ အပ်ထား တဲ့ နေရာအမှတ်မှားပြီး အိုသူယာက ကျွန်ုပ်ကို စွပ်စွဲခြင်းဖြစ်တယ်။ ကျွန်ုပ် ၏ လက်အတွင်း ကျွန်ုပ်၏ သင်္ခမ်းအတွင်း ဒကာမ၏ ငွေယူထားမိပါကကျွန်ုပ် လက်ပြတ်ပါစေသား” ကဲ၊ တွေ့တယ် မဟုတ်လား။ အဲသည်လို ဆင်ဝှေ့ရန်ရှောင်၊ ကောက် ပင်ရိပ်လှီး ပရိယာယ်စကားလုံးတွေနဲ့ လှည့်စားလိုက်တော့ ညှပ်မျက်စိလည် သွားရော မဟုတ်လား။ ရှင်ကြီးကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ။ ကျွန်ုပ် ပြောတာရော ဘယ်မှာ လိမ်တာပါလို့လဲ။ ငွေတွေ လက်ထဲမှာရော၊ သင်္ခမ်းမှာ ရော ရှိတာမှမဟုတ်တာ၊ ဘဏ်ထဲမှာပဲ ရှိတာ။
“ဟိုက်..ဗုဒ္ဓေါ..”
“ဂျိုင်း..ခွတ်”
“အောင်မလေး သောက်ကျိုးနည်းပါပြီ”
“ဟာ..ဟင်..အို.. သွားပဟ”
“ကဲ၊ ငါ မပြောဘူးလား။ ညှပ်နှင့်နဂါး မလှည့်စားပါနဲ့လို့၊ အခုတော့ ရှင်ကြီး လက်ပြတ်ရပြီ”
အစကတည်းက လူတွေထင်ထားသည့် အတိုင်းပင် ဖြစ်သွားခဲ့သည့် အတွက် လူတွေက သိပ်တော့ မအံ့သြကြပါ။ ရှင်ကြီး လိမ်ညာပြီး သစ္စာဆို မည်ဟု ထင်ထားသလို လက်ပြတ်သူမှာ ရှင်ကြီးသာ ဖြစ်လိမ့်မည်ဟု ကြိုတင်ခန့်မှန်းကြသည့်အတိုင်း တကယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အံ့သြသူ က ရှင်ကြီး။ သမာဓိ ညှပ်ကို မယုံနိုင်စွာပြူးကြောင်ကြောင်ကြီး ကြည့်နေ မိသည်။ သွားပြီ သွားပြီ။ အခုမှ ညှပ်ကြီး တကယ် ပျက်သွားပြီ။ ညှပ်ကြီး အမှန်တရားကို မသိတော့ဘူး။ သူ သစ္စာဆိုစဉ်က သူ့လက်ထဲမှာ ငွေတွေ မရှိဟု ဆိုခဲ့သည်။ ဆိုခဲ့သည့် အတိုင်းလည်း ငွေတွေက သူ့လက်ထဲမှာ ရှိနေ သည်မဟုတ်။ ငွေတွေရှိနေသည်က ဘဏ်ထဲမှာ။ ဒါနှင့်များ သည်သမာဓိညှပ် ဆိုသည့် တရားသူကြီးက ဘာကြောင့် သူ့လက်ထဲမှာ ငွေတွေ ရှိနေသယောင် လက်ကို ဖြတ်ချ၍ ဆုံးဖြတ်ခဲ့ရသနည်း။ သူ့လက်မှာ ငွေမရှိဘဲ ရှိသည်ဟု ဆုံးဖြတ်ခြင်းသည် ညှပ်မှားသည်ပင်။ ညှပ်ကြီး ပျက်သွားပြီ။
“ညှပ်ကြီး ပျက်သွားပြီ”
ရှင်ကြီးသည် သွေးရူးသွေးတန်း အော်လိုက်သည်။ လှည့်ပြန်မည့်ဆဲဆဲ လူအုပ်ကြီးသည် ရှင်ကြီးဘက်ပြန်လှည့်လာသည်။ ရှင်ကြီးသည် ညှပ်ပျက် ကြီးဟု တွင်တွင်အော်နေသည်။ ညှပ်ကြီးသည် အမှန်တရားကို မသိတော့ ဘူးဟု ပြောနေသည်။ လူအများကတော့ ညှပ်ကြီးသည်အမှန်ကို ဆုံးဖြတ်ခြင်း အဖြစ်သာ ယုံကြည်သည်။
ထိုစဉ်...
ထိုစဉ် သစ္စာရင်ပြင်သို့ လူတစ်စုသည် ကျွက်စီကျွက်စီဖြင့် ရောက်လာ ကြသည်။ သူတို့ အကြောင်းအရာ တစ်ခုကို ငြင်းခုံလာကြပုံရသည်။ မျက်နှာ တွေ နီမြန်းနေပြီး ဒေါသတွေ ထွက်လာပုံရသည်။ စောစောက လူအုပ်ကြီး သည် ယခု ရောက်လာသော လူတစ်စုကို စိတ်ဝင်စား နေကြသည်။ အငြင်း အခုံကိစ္စ တစ်ခုအတွက် ညှပ်ကြီးထံ အဆုံးအဖြတ်ခံ ရောက်လာကြဟန်တူ သည်။
“တော်ရုံတန်ရုံ လိမ်တာဆိုရင် ခံနိုင်ပါသေးတယ်ဗျာ၊ အခုတော့”
ဖြစ်ပုံက ဤသို့ဖြစ်သည်။ မြို့တော်ဒေသကြီးအတွင်းရှိ မြို့တစ်မြို့တွင် အများပိုင် ကွန်ဒိုစင်တာကြီး တစ်ခု ဆောက်လုပ်ရာ ဆောက်လုပ် ပြီးပြီးချင်း ကွန်ဒို တိုက်ကြီး ပြိုကျလေ၏။ ဤကိစ္စကို လူထုက တာဝန်ခံ ဆောက်လုပ်ရေး အင်ဂျင်နီယာကို ဘိလပ်မြေတွေ၊ သံတွေခိုးပြီး ဖြစ်သလိုတည်ဆောက်သည့် အတွက် ပြိုကျရခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။ တာဝန်ခံ အင်ဂျင်နီယာက ၄င်းကိစ္စကို ဘူးခံ၍ငြင်းဆိုသည်။ သည့်အတွက် သူ့ကို လူလိမ်ဟု စွပ်စွဲပြီး ဘိလပ်မြေ မခိုရင် တိုက်ဘာကြောင့် ပြိုကျသလဲဆိုသည်ကို ထုချေလွှာ တောင်းသည်။ တာဝန်ခံအင်ဂျင်နီယာ က တိုက်ပြိုရခြင်း အကြောင်းအရင်းကို ပြော တော့ အားလုံးဒေါသ ထွက်ကုန်ကြသည်။ တိုက် ပြိုရခြင်း အကြောင်းအရင်းက- “တိုက်ပြိုတာ ခြစားလို့”
ခြစားလို့ တိုက်ပြိုတာဆိုသော ဆင်ခြေသည် ယုတ္တိမတန်ဟု ဆိုပြီး တာဝန်ခံ အင်ဂျင်နီယာကို သစ္စာဆိုစေရန် သမာဓိညှပ်ကြီးထံ ခေါ်လာကြ ခြင်းဖြစ်သည်။ တာဝန်ခံလည်း မျက်နှာငယ် လေးနှင့် လိုက်ပါလာပြီး ကြောက်လန့်တုန်ရီစွာပင် ညှပ်ကြီးထံ လက်သွင်းပြီး သစ္စာ ဆိုရှာလေသည်။
“တိုက်ကိုခြစားတာ အမှန်ပါ ညှပ်ကြီး ခင်ဗျာ။ ကျွန်တော်မျိုး မလိမ်မညာဝံ့ပါ။ အကယ်၍ လိမ်ညာပြီး သစ္စာ ဆိုခဲ့မိသည်ရှိသော် အရှင်ညှပ် ကြီးဖြတ်လို့ လက်ပြတ်ပါစေသား”
ညှပ်ကြီး ငြိမ်နေသည်။ ဒုတိယ အကြိမ် သစ္စာ ဆိုစေပြန်သည်။ ညှပ်ကြီး မလှုပ်။ လူတွေကတော့ လှုပ်နေပြီ။ ဘယ့်နှယ်တိုက်ကို ခြစားလို့ ပြိုရမယ်လို့ ယုတ္တိမရှိတာတွေ။ သေချာပေါက် သည် ကောင့် လက်ကို ညှပ်က ကိုက်ဖြတ်မှာ။ လူတွေ အပိုင်တွက်ထားကြသည်။
“ကျွန်တော်မျိုး သစ္စာဆိုပါသည်။ ခြစား၍ တိုက်ပြိုတာ အမှန်ဖြစ်ပါသည်။ ဤသစ္စာစကား မှန်ကန်ပါက အရှင်ညှပ်ကြီး ဖြတ်လို့ ကျွန်တော်မျိုး လက်ပြတ်ပါစေသား”
ပြီးဆုံးသွားပြီ။ ညှပ်ကြီးကား အိပ်ပျော်နေ သလားတောင် ထင်မှတ်ရသည်။ မြင်နေရသူ အပေါင်းကတော့ အထင်နှင့်အမြင် အလွဲကြီးလွဲ သွား၍ အံ့သြမှင်တက်နေကြသည်။ မယုံကြည်နိုင် အောင်လည်း ဖြစ်နေသည်။ ဟုတ်မှ ဟုတ်ရဲ့လား တွေးနေကြပါသည်။ ဒါကအမှန်ကော ဟုတ်လို့ လား မေးခွန်းတွေ ထုတ်ကြည့်သည်။ တာဝန်ခံ ကတော့
“ကဲ၊ ကျုပ် မပြောဘူးလား။ ကျုပ် မလိမ်ပါ ဘူးဆို၊ ခြကအတွင်း လှိုက်စားတာဗျ”ဟု ပြောနေသည်။ လူတွေအတွေးထဲမှာတော့- “အင်း၊ ရှင်ကြီးပြောသွားသလို သမာဓိညှပ် ပျက်သွားပြီဆိုတာ ဟုတ်များ ဟုတ်နေမလား...”
လှမိုးသစ်၊ကျောက်ဆည်၊ (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|