|
Written by အယ်ဒီတာ
|
|
Thursday, 15 March 2012 14:43 |
ဒီလမှာ အရင်ဆုံး ပြောပြချင်တာက ဒီဇင်ဘာက မေးခဲ့တဲ့ အောင်မေသူရဲ့ နောက်ထပ် စာတစ်စောင် အကြောင်းပါ။
argaiv1022
တိုးတိုးဖော် ဖြေကြားခဲ့တဲ့ အဖြေကို သဘော မကျတဲ့အတွက် အမေးကို ပြန်လည် ပြည့်စုံအောင် ပြင်ပြီး မေးမြန်း လာတာ ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အမေးချည်းပဲ မဂ္ဂဇင်း စာမျက်နှာ ငါးမျက်နှာနီးပါး ဖြစ်နေတာပါ။ အဲဒါကြောင့် အမေးကို ဖော်ပြဖို့ မဖြစ်နိုင် တော့ပါဘူး။ အဖြေချည်းပဲ ဖော်ပြဖို့ ဆိုတာလည်း အဆင်ပြေမှာ မဟုတ်တဲ့ အတွက် ၀မ်းနည်းစွာနဲပဲ မဖော်ပြနိုင်တော့တဲ့ အကြောင်း ပြောပါရစေ။ တစ်ခု အကြံ ပေးချင်တာက အခု မေးထားတဲ့ အမေးမှာ ဖြစ်ရပ်ကို အသေးစိတ် ပြောပြ ထားတာပါ။ ၀တ္ထု တစ်ပုဒ်လို စီကာပတ်ကုံး ရေးထားတာမို့ ရင်ဖွင့်ချင်တဲ့ စိတ်ကူးကို အပြည့်အ၀ အကောင်အထည် ဖော်ပြီးပြီလို့ ယူဆပါတယ်။ ကျန်စာဖတ် သူတွေကို မမျှဝေ နိုင်ပေမဲ့ ရင်ဖွင့်ခဲ့နိုင်တာ သေချာသလောက်ပါပဲ။
တိုးတိုးဖော်ရဲ့ အဖြေဆိုတာကလည်း အမေးမေးသူ တစ်ဦးတစ်ယောက်တည်းရဲ့ စိတ်ကြိုက်ဖြစ်အောင် ဖြေတာမျိုး မဟုတ်ဘဲ အလားတူ ခံစားနေရသူတွေနဲ့ သိချင် နေသူတွေ အတွက်ပါ ဦးတည်ပြီးမျှတအောင် ခြုံငုံဖြေရတာမို့ ကာယကံရှင်ဆီက နောက်ထပ် မကျေနပ်မှုတွေ ဖြစ်လာနိုင်တဲ့ အတွက် အမေးကို ချုံ့ပြီးလည်း မဖော်ပြဖြစ်သလို အဖြေကိုလည်း မဖော်ပြဖြစ်တော့တာပါ။ အဲဒီအတွက် စာဖတ် ပရိတ်သတ် တစ်ဦးအပေါ် လျစ်လျူရှုရာ မရောက်နိုင် ကြောင်းလည်း ယုံကြည်ပါတယ်။ ဖူးငုံစာမျက်နှာတွေဟာ စာဖတ်သူတွေ အတွက် အမြဲတံခါးဖွင့်ထားတာကိုတော့ ထပ်လောင်း အသိပေးချင်ပါတယ်။ တိုးတိုးဖော်ကဏ္ဍအတွက် မေးမြန်းလိုသူတွေအတွက်တော့ အမေးကို ဗလာစာရွက်နဲ့ တစ်မျက်နှာထက် ပိုပြီးမရေးပို့ကြဖို့ သတိပေးပါရစေ။ အမေးက သိပ်ရှည်သွားရင် ကျန်စာဖတ်သူတွေကလည်း မေးလိုရင်းကို မေ့သွားမှာ ဖြစ်ပါတယ်။ ဒီတော့ ကာယကံရှင် အနေနဲ့ အရေးကြီးမယ် ထင်တဲ့ အချက်အလက်ကိုသာ တိုတိုနဲ့ ပြည့်စုံအောင် ရေးသားပြီး မေးကြစေချင်ပါတယ်။ ကဲ ထားပါတော့။ အမေး တစ်ခုကို ဖတ်ကြရအောင်ပါ။
တိုးတိုးဖော်ရေ... အခုတစ်လော နိုင်ငံရေး အခြေအနေတွေ လှုပ်လှုပ်ရှားရှား ရှိလွန်းလို့ လူငယ်အတော်များများက အားတက်မိနေကြတာပါ။ ဒါပေမယ့် တချို့နေရာ တွေမှာတော့ အခြေအနေတွေက ထူးမခြားနား ဖြစ်နေသေးတယ်။ နယ်တွေမှာ အရင်အတိုင်းပဲ ဆိုတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်လေ။ ဒီတော့ ကျွန်တော် တို့ရဲ့ သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေက အဆုံး မသတ်နိုင်သေးဘူး ဆိုပါတော့။ အမှန်အတိုင်း ပြောရရင် အဲဒီလို ဖြစ်နေကြရတာကို မကြိုက်ဘူးဗျာ။ ပင်ပန်း လှနေပြီ။ အဲဒီလို သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ မနေချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုလည်း အားမလိုအားမရ ဖြစ်မိတယ်။ ငါ ဘာလို့ အခုအချိန်ထိ အဲဒီစိတ်တွေ ရှိနေရသေးလဲလို့ပေါ့။ အဆိုးမြင်တာ မဟုတ်ပေမဲ့ အကောင်း မြင်ဖို့လည်း ခက်နေသလိုပဲ။ အဲဒါလေးကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဖြေပေးပါဦး။ ကျော်စိုးအောင်
ကိုကျော်စိုးအောင်ရေ... ဒီအမေးမျိုး ပေးပို့တာ ကျေးဇူးတင်ပါတယ်။ ဒီလို ခံစားချက်က လူငယ်တွေမှာတင် မကဘဲ လူကြီးတွေမှာပါ ဖြစ်နေတာတွေပါ။ တကယ်တော့ သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေဆိုတာ အကြောင်းမဲ့ဖြစ်ရတာမျိုး မဟုတ်ပါဘူး။ အတိတ်က ဖြစ်ရပ်တွေနဲ့ လက်ရှိဖြစ်ရပ်အချို့ကြောင့် အခုလို သံသယတွေ၊ စိုးရိမ်မှုတွေ ရှိနေရတယ်ဆိုတာကို သဘောပေါက်ပါ တယ်။ တကယ်တော့ အဲဒီလိုဖြစ်တာဟာ လူ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ရည်ကြောင့် ကြမှုမဟုတ်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို အများက ခံစားရတာပဲ ဖြစ်ပါတယ်။ အဲဒီအများ ထဲက တစ်ယောက်ဟာ ကိုကျော်စိုးအောင် ဖြစ်နေတာပါ။ အဲဒီလိုဖြစ်နေရတာကို မကြိုက်ဘူးဆိုတဲ့ ခံစားချက်ကလည်း အလွန်ကို နားလည် ရလွယ်တဲ့ ခံစားချက်ပါပဲ။ ဘယ်သူကမှ သံသယတွေ၊ စိုးရိမ်ပူပန်ရမှုတွေနဲ့ နပန်းလုံး မနေချင်ကြပါ ဘူး။
ဒီတော့ ဒီခံစားချက်တွေကို ပပျောက်သွား အောင် တစ်ကိုယ်ရည် ကြိုးစားလို့ မရနိုင်တာကို လည်း သဘော ပေါက်စေချင်သလို အဲဒီလို ကြိုး စားမယ့် သူကလည်းတစ်ကိုယ်တည်း မဟုတ်နိုင် တာကို သတိ ထားစေချင်ပါတယ်။ အများက အဲ ဒီလို ခံစားနေရတာမို့ သံသယတွေ၊ စိုးရိမ်ပူပန် ရမှုတွေ ပျောက်ကင်းသွားအောင် ကြိုးစားမယ့် သူကလည်း အများပဲ ဖြစ်နေမှာပါ။ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောကြည့်ရအောင်ပါ။ နိုင်ငံရေး အခြေအနေတွေဟာ လှုပ်လှုပ်ရှားရှား ရှိလာ နေပေမဲ့ တချို့နေရာတွေမှာ အရင်အတိုင်းပဲ ရှိနေ သေးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ကြည့်ရအောင်ပါ။ ဆိုပါတော့ တစ်ချိန်က မတွေ့ ကောင်းတဲ့လူတွေလို သတ်မှတ်ထားခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အခုတော့ နေရာတကာမှာ လူတိုင်းလိုလိုက ကြိုဆိုနေပြီဆိုတာမျိုးပေါ့။ တချို့နေရာတွေမှာ အရင်အတိုင်းပဲ ရှိနေသေးတယ် ဆိုတာကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေးကိစ္စတွေ လုပ်ဆောင်ရာမှာ တချို့နေရာတွေမှာ ခြိမ်းခြောက် ခံနေရသေးတယ်၊ ရွေးကောက်ပွဲ အတွက် မဲဆွယ်ရေး လှုပ်ရှားဖို့ အခက်အခဲတွေ ရှိနေသေးတယ် ဆိုတာမျိုးကို ဆိုလိုပုံ ရပါတယ်။
တကယ်တော့ အခုဖြစ်နေတဲ့ အနေအထားဟာ အပြောင်းအလဲ တစ်ခု မဟုတ်ဘဲ အပြောင်း အလဲကို ဦးတည်နေမှုသာ ဖြစ်တာကိုတော့ သတိ ထားရမှာပါ။ ဒါကြောင့် သံသယတွေ၊ စိုးရိမ်မှုတွေ ရှိနေသေးတာဟာ အဆန်းတကြယ် တော့ မဟုတ်ပါဘူး။ နေရာတိုင်း၊ အဆင့်တိုင်းမှာ တစ်ပြေးညီ ပြောင်းလဲသွားဖို့ ဆိုတာ အလွန်ခဲယဉ်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဘာကြောင့် ခဲယဉ်းသလဲ ဆိုရင် မုန့်လုံးစက္ကူ ကပ်သလို အဖြေမျိုးပဲ ရမှာပါ။ အဖြေကတော့ အဲဒီလို သံသယတွေ၊ စိုးရိမ်မှု တွေကို လူတိုင်းက မဖျောက်ပစ်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။
သံသယတွေ၊ စိုးရိမ်မှုတွေကို လူ တိုင်းက မဖျောက်ပစ်နိုင်တဲ့အတွက် အပြောင်း အလဲဆိုတာ နေရာတိုင်းမှာ လွယ်လွယ်ကူကူနဲ့ မဖြစ်နိုင်၊ ဖြစ်လာတဲ့အပြောင်းအလဲပေါ်မှာလည်း သံသယတွေ၊ စိုးရိမ်မှုတွေက မကင်း၊ အဲဒီလို မုန့်လုံးစက္ကူကပ်ဖြစ်နေတတ်တာကိုလည်း သိစေချင်ပါတယ်။ ဒီတော့အပြောင်းအလဲနဲ့ သံသယ တို့ကြားက သံသရာလည်နေသလို အပြန်အလှန် ဆက်စပ်မှုကို ဖြတ်တောက်ဖို့ဆိုရင် အဲဒီနှစ်ခု အနက်တစ်ခုခုကို လက်လွှတ်လိုက်မှပဲ ဖြစ်ပါ မယ်။ အပြောင်းအလဲကို လက်လွှတ်မလား၊ သံသယကို လက်လွှတ်မလားပေါ့။ တချို့နေရာတွေမှာ မပြောင်းလဲသေးဘဲ ရှိနေသေးတယ်လို့ ပြောရင် အဲဒီ နေရာက လူတွေမှာ သံသယနဲ့ စိုးရိမ်စိတ်တွေကို လက်မလွှတ်နိုင်သေးလို့လို့ ပြောရမှာပါ။ တစ်ဘက်ဘက်က သံသယတွေနဲ့ စိုးရိမ်စိတ်တွေကိုလက်မလွှတ်နိုင်သေးသရွေ့ ကျန်တစ်ဖက်မှာလည်း အပြောင်းအလဲကို မခံစားရနိုင်ပါဘူး။ ဒီတော့ အပြောင်းအလဲလို့ မခံစားရတဲ့ ဘက်ကလည်း သံသယနဲ့ စိုးရိမ်စိတ်တွေတိုးလာ ပြန် ပါတယ်။ ဒီလိုနဲ့ နှစ်ဦးနှစ်ဖက် အပြောင်းအလဲကို ဆက်လက်ခံစားဖို့ မဖြစ်နိုင်တော့တဲ့ အနေအထားကို ရောက်သွားတော့တာပါ။
အခြေအနေ တစ်ခုကို ကိုယ့်စိတ်တိုင်းကျ မဖြစ်လာရင် အပြောင်းအလဲ မရှိဘူးလို့ တွေးမိ တတ်တာကလည်း လူ့သဘာဝပါ။ တကယ်တော့ အပြောင်းအလဲ ဆိုတာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ကောင်းမှ ဖြစ်မယ်ဆိုတာ အလွန် သဘာဝကျ တဲ့ကိစ္စပါ။ ဒီအချက်ကို လူတိုင်းက သဘော ပေါက်သလိုလိုနဲ့ သဘော မပေါက်နိုင်ကြပါဘူး။ ဒါကြောင့်လည်း ကိုယ် ဖြစ်စေချင်သလိုမျိုး အတိအကျ မဖြစ်လာတဲ့အခါ သံသယတွေ၊ စိုးရိမ်ပူပန် မှုတွေ ကြီးထွားလာပြန်ရာက အပြောင်းအလဲနဲ့ အလှမ်းဝေးမြဲဝေးသွားတော့တာပါ။ တကယ် တော့ လက်တွေ့ဖြစ်ရပ်တွေမှာ တချို့ဟာ တကယ့်ကိုပဲ ခေါင်းမာစွာနဲ့ အပြောင်းအလဲကို လက်မခံ တာမျိုး ရှိတတ်ပေမဲ့ တချို့ကတော့ ကိုယ့်ဘက်က စတင်ကာ ပြောင်းလဲလိုက်ရင် ကိုယ့်ဘက်က နစ်နာတာတွေ များသွားမှာလား ဆိုတဲ့ သံသယ စိတ်နဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာမို့ တင်းခံတတ် ကြပါတယ်။ အဲဒီလို တင်းခံနေတဲ့ လူမျိုး၊ အဖွဲ့ အစည်းမျိုးနဲ့ ဆက်ဆံရတဲ့ လူတွေမှာကလည်း အဲဒီလူဘက်က ပြောင်းသွားတာ သေချာရဲ့လားလို့ သံသယတွေ ရှိမိရပြန်တာပါ။ ဒီလိုနဲ့ သံသယ သံသရာကြီး လည်ပြီးရင်းလည်ကာ လူတွေအားလုံး စိတ်လက်မအေး ဖြစ်ကြရပြန်ပါတယ်။
ဒီတော့သံသယနဲ့ စိုးရိမ် ပူပန်မှုတွေကို ထမ်းပိုး ထားရတဲ့ ပန်းလှပါပြီ ဆိုတဲ့ လူတွေအတွက် ကိုယ့်စိတ်တိုင်းကျ ဖြစ်ဖြစ် မဖြစ်ဖြစ် အခြေအနေသစ်တစ်ခုကို သူ့သဘော အတိုင်း အရင်ဆုံး လက်ခံလိုက်ဖို့ ကြိုးစားကြည့်စေချင်ပါတယ်။ သံသယဟောင်းတွေကို အရင်ဆုံး လက်လွှတ်ကြည့်ပါ။ အဲဒီလို လုပ်လို့မှ အပြောင်းအလဲကို မခံစားရသေးဘူး ဆိုရင်လည်း အရင်ကရှိပြီးသား သံသယ အဟောင်းကိုပြန်ဖက်တွယ်ဖို့ မကြိုးစားပါနဲ့တော့။ ဆက်လက် ထိန်းထားချင်သေးသပဆိုရင် သံသယ အသစ်ကလေးကိုပဲ ထိန်းထားစေချင်ပါတယ်။
အဲဒီသံသယအသစ်ဆိုတာကတော့“ငါ့ ဘက်ကကော သူများအမြင်မှာ အပြောင်းအလဲကို ရင်ဖွင့်ကြိုနိုင်သူပုံမျိုး ပေါက်မှပေါက်ရဲ့လား” ဆိုတဲ့သံသယအသစ်ပါ။ အဲဒီလိုဆန်းစစ်မှု တွေနဲ့ ရင်ဆိုင်ကြည့်လိုက်ရင် နှစ်နဲ့ချီပြီးလိပ်ခဲတည်း လည်းထမ်းပိုးထားရတဲ့ သံသယနဲ့စိုးရိမ်ပူပန်ရမှုတွေ ပျောက်ဆုံးသွားမှာပါ။
အကောင်းမြင်ဖို့ ခက်နေတဲ့ကိစ္စကတော့ ပြဿနာ မဟုတ်ပါဘူး။ အမှန်အတိုင်း မြင်တတ် ဖို့က အကောင်းမြင်တတ်ဖို့ထက် ပိုခက်ပါတယ်။ အကောင်း မမြင်နိုင်သေးပေမဲ့ အမှန်အတိုင်း မြင် တတ်နေရင် အတော်ကြီး အိုကေနေပြီလို့ ဆိုရပါ မယ်။ ဘာကြီးဖြစ်နေနေ ကောင်းတယ်လို့ မြင်ဖို့ ထက် အခုဘာဖြစ်နေလဲဆိုတာ အမှန်အတိုင်းသိဖို့က ပိုပြီး အားထုတ်ရတဲ့အတွက် အခုလို ကိုယ့် စိတ်ထဲမှာ သံသယတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကို သိနေတာဟာ အလွန်တန်ဖိုးရှိတဲ့ မိမိကိုယ် ကို အမှန်အတိုင်း မြင်နိုင်မှုပါပဲ။ ဒီအလေ့အကျင့်ကိုတော့ ဆက်လက်ထိန်းသိမ်းထားစေချင်ပါ တယ်။ ဆက်လက်ပြီး ကိုယ့်ကိုယ်ကို ဆန်းစစ် နေရင်းကလည်း သံသယ၀န် ထုပ်ဝန်ပိုးကို လျှော့ချသွားနိုင်မှာပါလို့ အားပေးလိုက်ပါရစေ။ ဘ၀မှာ သံသယ၀န် မပိုတဲ့သူ ဖြစ်ပါစေ ကိုကျော်စိုးအောင်။
အယ်ဒီတာ (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|