|
Written by သိန်းသန်းလင်း(အလင်းသစ်)
|
|
Thursday, 15 March 2012 15:08 |
နံနက် ၇ နာရီ အမှတ် ၅၆ အစုန် ရထားကြီးက မြစ်ကြီးနား မြို့ကနေ စတင် ထွက်ခွာ လာခဲ့တယ်။
argaiv1584
တဖြည်းဖြည်းနဲ့ မြစ်ကြီးနားရဲ့ ပုံရိပ်က ၀ိုးတ၀ါးလေး ကျန်ရစ်ခဲ့တယ်။ ရထားပေါ်မှာတော့ ခရီးသည်တွေ တချို့က စတင်ကာ ခုံလေးမှာ ခေါင်းမှီပြီး ငိုက်လာ ကြပြီလေ။ ဒီအထဲမှာ ကျွန်တော်တို့လည်း အပါအ၀င်ပေါ့။ ကျွန်တော်တို့ အဖွဲ့က အားလုံးပေါင်း ၉ ယောက်၊ မိန်းကလေး ၄ ယောက်၊ ယောက်ျားလေး ၅ ယောက် အားလုံး အပျော်ခရီး ဘုရားဖူးတွေ ထွက်လာကြတာပါ။ ကျွန်တော်ကတော့ ဒီခရီးတွေကို အကြိမ်ကြိမ် သွားလာခဲ့ဖူးပေမဲ့ သူတို့ အတွက်ကတော့ ပထမဆုံး ခရီးပဲလေ။ ရထား ပြတင်းပေါက်ကနေ မြင်လိုက်ရတဲ့ ရှုခင်းတွေဟာ ရှုမငြီးအောင် ရှိလှတယ်။ ကချင်ပြည်နယ်ရဲ့ ရှုခင်းတွေကတော့ အညာဒေသလို မဟုတ်ပေ။ ဘယ်နေရာကြည့်ကြည့် သစ်တောတွေသာ အများဆုံး တွေ့ရတယ်လေ။
တစ်ခါတစ်ခါဆို လယ်ကွက် တချို့နဲ့ စိုက်ခင်းအနည်းငယ်ကိုသာ တွေ့ရတာလေ။ ကျွန်တော်တို့စီးလာတဲ့ ရထားကြီးက မိုးကောင်း ဘူတာကို ရောက်တော့ စုပြုံစွာတိုးပြီးတက်လာတဲ့ ခရီးသည်တွေဟာ အများကြီးပါပဲ။ အိမ်မှာ နေရင်သာ ဘာမှ မသိတာ။ ခရီးထွက် ကြည့်တော့မှပဲ။ လူတွေဒီလောက်တောင် ခရီး သွားနေတာပါလားလို့ သိလိုက်ရတယ်လေ။ ရထားကြီးက ကချင်ပြည်နယ် လွန်လာတော့ စစ်ကိုင်းတိုင်းထဲကို ၀င်ရောက်လာပြီလေ။ အမှောင်ကလည်း မသိမသာတိုး ၀င်လာသလို အေးမြမှုကလည်း ရောက်ရှိလာခဲ့တယ်။ စစ်ကိုင်းတိုင်းရဲ့နေရာ တော်တော်များများ မှာလည်း စိမ်းစိုတဲ့လယ်ယာ၊ ကိုင်းတော၊ ထန်းပင်တွေက အလွန့်ကို ကျက်သရေ ရှိလှတယ်လေ။ ရွှေဘိုမြို့ကိုကျော်တော့ နံနက် ၁ နာရီဝန်းကျင်တောင် ရှိခဲ့ပြီ။ ရထားပေါ်က လူတော်တော်များများကတော့ နှစ်ခြိုက်စွာ အိပ်လာကြတယ်။
မကြာပါဘူး နံနက် ၄ နာရီ ၄၀ လောက်မှာ ကျွန်တော်တို့ စီးလာတဲ့အစုန် ရထားကြီးက မန္တလေးဘူတာကြီးကို ဆိုက်ရောက်လာခဲ့တယ်။ မန္တလေးဘူ တာကြီးက လှပခံ့ညားလှတယ်။ ကျွန်တော်တို့အဖွဲ့လည်း အထုပ်ကိုယ်စီဆွဲ ပြီး ဘူတာကြီး ပထမထပ်ကို တက်လာခဲ့ကြတယ်။ ကား၊ ဆိုင်ကယ် ကယ်ရီသမားများလည်း အလုအယက် ဘယ်သွားမှာလဲ၊ ဘယ်ပို့ပေးရမလဲ ဆို ပြီး အတင်းဆွဲကြတယ်။ ကျွန်တော်တို့က ကိုယ့်လူတွေကို အတင်းဖက်ပြီး ဘူတာကြီးရဲ့ အရှေ့ကို ထွက်လာခဲ့တယ်။
မန္တလေးမြို့နံနက်ခင်းအလှကို မီးရောင်စုံအောက်မှာ တွေ့လိုက်ရတယ်။ ဘူတာကြီးရှေ့က အ၀ိုင်းကြီးက အတော့်ကိုလှတယ်။ ကားလမ်းတစ်ဖက်မှာ ပစိဖိတ်ဟိုတယ်က အိပ်မောကျ နေတယ်။ ကျွန်တော်တို့က ဒီနေ့ပဲ နေပြည်တော်ကို ရထားစီးမှာမို့ မိန်းကလေး တွေကို ဘူတာရှေ့မှာ ခဏထားပြီး လက်မှတ်ရောင်းရာ ပထမအထပ်ကို ပြန်တက်လာခဲ့တယ်။ ကျွန်တော်တို့က မန္တလေးမှာ ညထပ်မအိပ်တော့ဘဲ လက်မှတ်ပြေးဝယ်ကြတယ်။ လက်မှတ်တွေကလည်း သွားချင်တဲ့ခရီး အကုန် ကုန်ပြီတဲ့လေ။ ဒါနဲ့ပဲ နံနက် ၈ နာရီ ၁၅ မိနစ်မှာ ထွက်မယ့် နေပြည်တော်- မန္တလေးရထား လက်မှတ်ရဦးမလားဆိုပြီး ပြေးဝယ်ပြန်ရော။ ကျွန်တော်တို့ မှာလည်း ဘူတာကြီး ပထမထပ်မှာ ဟိုဘက်ပြေး ဒီဘက်ပြေးနဲ့လေ။ ခရီး သွားတွေကလည်း များမှများပဲ။ အိပ်ပြီးတော့တောင် လက်မှတ်စောင့်ဝယ်နေ ကြတာ နေရာတိုင်းမှာပဲ။ ကျွန်တော်တို့ ကံကောင်းခဲ့တယ်။ ၈ နာရီ ၁၅ မိနစ်ရထား လက်မှတ်ကို တစ်စောင် ၃၅၀၀ နဲ့ရတယ်။ လက်မှတ်ရတော့ အောက်ပြန်ဆင်းပြီး ဘူတာကြီးအရှေ့ ဆေးရုံကြီးဘေးက စားသောက်ဆိုင်လေးမှာ မျက်နှာသစ်ပြီး မုန့်ဟင်းခါး၊ ခေါက်ဆွဲ စားကြတယ်။ စားပြီးတော့ ဘူတာဘက် ပြန်လာပြီး ရထားတွဲထိုးဖို့ စောင့်နေကြတယ်။
၇ နာရီ ၃၀ မိနစ်လောက်မှာ မန္တလေး-နေပြည်တော် ရထားက စင်္ကြံပလက်ဖောင်း အမှတ် ၁ မှာ တွဲဆိုင်းထိုးတယ်။ ကျွန်တော်တို့အဖွဲ့လည်း ရထားပေါ် ရောက်ဖို့ အရေးပြေးကြရပြန်တယ်။ ဒီခရီးကို အကြိမ်ကြိမ် ကျွန်တော် သွားဖူးပေမဲ့ ဒီရထားကိုတော့ ပထမ အကြိမ် စီးဖူးခဲ့တာပါ။ ရထား က အလိုအလျောက် အော်တိုတံခါးလေးနဲ့ပါ။ အထဲရောက်တော့လည်း အေးလိုက်တာ တအားပဲ။ အဲယားကွန်း သန့်ရှင်းပြီး အေးမြနေသလို ခုံတွေကလည်း ကောင်းတယ်။ ရထားစတင် ထွက်ခွာလာပေမဲ့ ရထားအသံတောင် လုံးဝမကြား ဘဲ ငြိမ့်အောင် စီးရတယ်။ အပြင်မှာက နေပူပြင်းနေတာပဲ။ အထဲမှာတော့ အေးစိမ့်ပြီး ပြင်ပလောကရဲ့ဘာသံမှကို မကြားရတာပါ။ အလုံပိတ် ဆိုတော့ ဘူတာတွေလည်း ဘယ်ဘူတာ ရောက်လို့ ရောက်ရမှန်း မသိတော့ပါဘူး။ ကျွန်တော်တို့က ခရီးဆုံး ဘူတာဆိုတော့ မလိုဘူးလေ။ ၁၂ နာရီသာသာ လောက်မှာ နေပြည်တော် ဘူတာကြီးကို ဆိုက်ရောက်ခဲ့တယ်။ ရထားပေါ်က ဆင်းတာနဲ့ ပူပြင်းတဲ့အပူငွေ့က ဆီးကြိုနေခဲ့တယ်။ အေးမြမြလေး စီးလာခဲ့ပြီး နေပူငွေ့ထဲ ပြန်ရောက်ခဲ့တော့ ခေါင်းတွေမူးချင်တယ်။
နေပြည်တော်ဘူတာကြီးက တော်တော့်ကိုလှတာပဲလေ။ သန့်ရှင်းသပ်ရပ် နေတာပဲလေ။ တခြား ဘူတာတွေလို ဈေးသည်တွေ၊ တောင်းရမ်းနေတဲ့ ကလေးငယ်တွေ လုံးဝကို မတွေ့ရသလို အရာရာဟာ သန့်ရှင်း သပ်ရပ်နေ တယ်။
ဘူတာကြီးရဲ့ အပြင်ဘက်မှာတော့ လက်မှတ်တန်းစီ သူတွေကလည်း အပြည့်ပါပဲ။ ကျွန်တော်တို့ အဖွဲ့လည်း ခရီးတအား ပန်းနေပြီမို့ တည်းခိုခန်းမှာ တည်းကြမယ်လို့ ဆုံးဖြတ်ကြတယ်။ ဘူတာမှာက တည်းခိုခန်း မရှိဘူးလို့ သိရတော့ ကားတစ်စီး ငှားပြီး ပျဉ်းမနားမြို့မှာ သွားတည်းမယ် ဆိုပြီး ထွက်ခဲ့ကြတယ်။ နေပြည်တော်က နေပူတာက လွဲရင် အရာအားလုံးက သစ်လွင်နေ တယ်လေ။ ဘာကိုပဲကြည့်ကြည့်၊ လမ်းတွေ၊ အဆောက်အအုံတွေက သစ်လွင် လှပနေတယ်။ လမ်းတွေကလည်း အကျယ်ကြီးပါပဲ။ ၄၅ မိနစ်လောက်စီး လာပြီးတော့ ပျဉ်းမနားမြို့ဘူတာနဲ့ အနီးအနားက တည်းခိုခန်းကို ပို့ပေးတယ်။ ဒါပေမဲ့ တည်းခိုခန်းက ဘယ်လိုမှ တည်းလို့ မဖြစ်တာနဲ့ပဲ ထမင်းဆိုင်မှာ ထမင်း ၀င်စားကြပြီး ကားနဲ့ပဲ နေပြည်တော် ဘူတာကြီးကို ပြန်လာခဲ့ကြတယ်။

ဘူတာကြီးရဲ့ အစွန်ဆုံးက ခရီးသည်များ တည်းခိုဆောင်မှာပဲ ဖျာငှားပြီး တည်းလိုက်ကြ တယ်။ တော်တော် အဆင်ပြေပါတယ်။ ဒီမှာ တည်းခိုဆောင် ၄ ဆောင်ရှိတာ ခရီးသွားတွေ အတွက် အရမ်းအသုံးဝင်တယ်လေ။။ နေပြည် တော်ဆိုတာ နေရာဒေသအစုံက ခရီးသွားတွေ အများကြီးပဲ။ အထူးသဖြင့်တောင်သူ၊ လယ်သမားတွေ ပိုများတယ် မဟုတ်လား။ တည်းခို ဆောင်က ထရံကာ၊ သက်ကယ်မိုး၊ ပျဉ်ခင်းပေး ထားတဲ့ အဆောင် ရှည်ရှည်လေးတွေလေ။ အရှေ့ မှာက ထမင်းဆိုင်ကလေးတွေလည်း ရှိတယ်။ နောက်ပြီး အများသုံး အိမ်သာ၊ ရေချိုးခန်းတွေက လည်း သန့်ရှင်းနေပါတယ်။ အိမ်သာတွေက အများကြီးဆိုတော့စောင့်စရာလည်း မလိုဘူး လေ။ အဲ့တစ်ခုလိုတာက ဘူတာကြီးနဲ့ တော်တော် လေးကို ဝေးပါတယ်။ ကျွန်တော်တို့က နေပြည် တော်ကနေ မော်လမြိုင်ဘက်သွားမှာဆိုတော့ ရထားက နံနက် ၄ နာရီ ၅၅ မိနစ်မှ ထွက်တာ လေ။ ရထားလက်မှတ်ကိုလည်း ည ၉ နာရီမှ ရောင်းတာဆိုတော့ စိတ်ချလက်ချကို အိပ်ပစ် လိုက်တယ်။ နံနက် ၄ နာရီ ၅၅ မိနစ်မှာ နေပြည် တော်-မော်လမြိုင်ရထားကြီး က စတင်ထွက်ခွာ လာခဲ့တယ်။ ရထားကြီး စတင် ထွက်ခွာလာတာနဲ့ နေပြည်တော်ရဲ့ မီးရောင်စုံ အလှကို တ၀ကြီးမြင် တွေ့ရတာဖြင့် မျက်စိတဆုံးပါပဲ။ ရထားပေါ်က ကြည့်ရင် ပွဲဈေးတန်းလိုပါပဲ။
လှပတဲ့ မီးရောင်စုံ အောက်မှာရှိတဲ့မြို့လေ။ ကျွန်တော်တို့လည်း ကြည့် ရင်းကြည့်ရင်း အိပ်ငိုက်လာတော့ အိပ်ပစ်လိုက် ကြတယ်။ ဈေးသည်တွေကလည်း ဆူညံနေတာ ပဲ။ ခရီးသည်တွေလည်း အိပ်သူအိပ်၊ စားသူ စားနဲ့ပါပဲ။ တဖြည်းဖြည်းနဲ့ ရထားကစစ်တောင်း တံတားကို ကျော်ပြီး မွန်ပြည်နယ်ထဲကို ရောက် လာခဲ့ပြီလေ။ မကြာခင်ဆို ကျွန်တော်တို့သွားမယ့် ကျိုက်ထီးရိုးဘုရားကြီးကို ရောက်တော့မယ်ဆို တော့ ပန်းလာသမျှ ခရီးတွေပြေချင်သလို ဖြစ် လာခဲ့တယ်။ မွန်ပြည်နယ်ရဲ့ ရှုခင်းတွေကတော့ လယ်လွတ်တွေ၊ ရာဘာပင်တွေ အများဆုံးတွေ့ရ တယ်။ မွန်ပြည်နယ်က ကျွန်တော့်ရဲ့ ဇာတိမြေဖြစ် တော့ ဒီမြေကို ကျွန်တော် ချစ်မိတယ်။ ညနေပိုင်း ၃ နာရီခွဲ လောက်မှာ ကျွန်တော်တို့လာချင်လှတဲ့၊ ကျွန်တော်တို့ ရောက်ချင်လှတဲ့ ကျိုက်ထိုမြို့ကို ရထားကြီးက အရောက်ပို့ပေးခဲ့တယ်။ ကျိုက် ထိုဘူတာ ရောက်တော့ ကျိုက်ထိုမြို့ရဲ့ ဖြူစင် တည်းခိုခန်းမှာ တည်းလိုက်ကြတယ်။ ဒီညနား ပြီး နောက်နေ့ မနက်စောစောလောက်မှာ ကျိုက်ထီးရိုး တက်ကြမယ် ဆိုတော့ အဲဒီညကို ဖြူစင်မှာပဲ တ၀ကြီး အိပ်ပစ်လိုက်ကြတယ်။
ကျိုက်ထိုဘူတာကနေ့ ကင်းမွန်းစခန်းကို ကားစီးခဲ့ကြတယ်။ တစ်ယောက်ကို ငါးရာပေးရ တယ်။ ကျိုက်ထိုမြို့ကို ကျော်လာတာနဲ့ သီဟိုဠ် ခြံတွေကို အများဆုံးတွေ့ရတယ်။ ရာဘာတွေကို လည်းတွေ့ရတယ်။ လမ်းတွေကလည်း ကောင်းပါတယ်။ မိန်းကလေးတွေက ကားထဲက စီးရပေမဲ့ ကျွန်တော်တို့ယောက်ျားလေးတွေက ကားအမိုးပေါ်မှာ စီးရတော့ အပြင်ရဲ့ ရှုခင်းတွေကို တ၀ကြီးမြင်ရတယ်။ လမ်းမှာ စစ်တပ်တွေလည်း တော်တော် များများရှိတယ်။ ဂရင်း နိုက်ကျောက် အလှဆင်စက်ရုံကိုလည်း တွေ့ရတယ်။ နောက်ပြီး ယိုလုပ်ရာမှာ အသုံးပြုတဲ့ သစ်သီးပင်များကိုလည်း တွေ့ရတယ် လေ။ ကျိုက်ထိုဟိုတယ်ကိုလည်း ဖြတ်လာခဲ့ကြတယ်။
မကြာခင်မှာပဲ ကင်း မွန်းစခန်းကို ရောက်လာတယ်။ ဆိုင်တွေကလည်း အများကြီးပဲ၊ ဟိုဆိုင်က ခေါ် ဒီဆိုင်ကခေါ်နဲ့။ ဘုရားဖူးတွေကလည်း ကျောင်းပိတ်ချိန်မို့ ထင်တယ်၊ တော်တော်ကို များပါတယ်။ ကျွန်တော်တို့လည်း ကင်းမွန်းစခန်းကနေ ကျိုက် ထီးရိုးရင်ပြင်တော်ပေါ်ထိ တစ်ယောက်ကို ကားခ ၃၀၀၀ ပေးရတယ်။ ရသေ့တောင်ထိပဲ စီးမယ်ဆိုရင်တော့ ၁၅၀၀ပဲ ပေးရတယ်။ ကျွန်တော်တို့ ကတော့ ခရီးဝေးက လာရတာဆိုတော့ အရမ်း ပန်းနေကြပြီလေ။ ဒါကြောင့် ရင်ပြင်တော်ပေါ်ထိ တက်မယ်လို့ ပြောကြတယ်။
ကားက ကင်းမွန်းစခန်းကနေ စထွက်လာတယ်။ အားလုံးအပျော်တွေ ကိုယ်စီနဲ့ပါပဲ။ ကားပေါ်ပါ ခရီးသည်တွေကလည်း တဟေးဟေးတ၀ါးဝါးနဲ့ အော်ဟစ်ပြီး လိုက်လာခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ တောင်တွေက မြင့်လာ တယ်။ ဆင်းလိုက်၊ တက်လိုက်နဲ့လေ။ လမ်းတစ်နေရာကျတော့ ကားဂိတ်တစ် ခုမှာ ကျွန်တော်တို့ စီးလာတဲ့ကားအပြင် အနောက်ကလိုက်လာတဲ့ ကားတွေပါ ခဏရပ်နားကြရတယ်။ အပေါ်က ဆင်းလာမယ့် ကားကိုစောင့်ရတာတဲ့လေ။ နာရီဝက်သာသာလောက် ကြာပါတယ်။ အပေါ်က ကားတွေတချို့ဆင်းလာမှ ကျွန်တော်တို့ကား စတင်ထွက်တယ်။ ဒီနေရာကနေ ထွက်တော့မှ ကားလမ်းက ပိုပိုပြီး မြင့်လာတယ်။ မိန်းကလေးတွေဆို ရင်ဘတ်လေး ဖိပြီး မျက်လုံးမှိတ် ထားကြတယ်။ အကွေ့တွေကလည်း များပါတယ်။ ခုပဲဆင်း၊ ခုပဲတက်နဲ့ အတော့်ကို အသည်းယားစရာ ကောင်းတယ်လေ။ ကားမောင်းတဲ့သူတွေကို လည်း ချီးကျူးမိတယ်။ အရာအားလုံးဟာ ကျွန်တော်တို့ နောက်မှာ ကျန်ခဲ့ သလိုပါပဲ။ ဆင်းလိုက် တက်လိုက်နဲ့ ကျွန်တော်တို့ကား ရသေ့တောင်စခန်း ကို ရောက်လာခဲ့တယ်။
ရသေ့တောင်စခန်းကလည်း တော်တော် စည်ပါတယ်။ တချို့ကားတွေကျတော့ ရသေ့တောင်ထိမှာပဲ ရပ်ကြတယ်။ ခရီးသည်တွေက ရသေ့တောင်ကနေ ရင်ပြင်တော်ပေါ်ကို ခြေလျင်ဆက်ကြတယ်။ ရသေ့တောင် ကနေ ကားလမ်းအတိုင်း တက်ရသလို၊ ခြေလျင်လမ်း အတိုင်းလည်း တက် နိုင်ကြတယ်။ ကားလမ်းအတိုင်း တက်ရင်တော့ ခရီးဝေးပေမဲ့ သိပ်မပင်ပန်းဘူး။ ခြေလျင်လမ်း အတိုင်းဆိုရင်တော့ အရင်ရောက်ပေမဲ့ လမ်းကတော့ မချောမွေ့ဘဲ မတ်စောက်စွာ တက်ရတယ်။ လမ်းမှာတော့ ပျော်စရာကောင်း တယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ တောင်ပေါ်အထိ ပိုက်ဆံပေးထား ကြတာဆိုတော့ ရင်ပြင်တော်ပေါ်ထိပဲလေ။ ကားကရသေ့တောင်ကနေ တက် ရတာ ပိုပြီးမတ်စောက်လာတယ်။ တကယ့်ကို ရင်အေးစရာကောင်းပါတယ်။ ကားလမ်းလေး၊ တောင်စောင်းလေးတွေမှာတော့ ဈေးဆိုင်လေးတွေက အစီအရီပါပဲ။ ရင်ပြင်တော်ပေါ် ရောက်တော့ ဘုရားပေါ်ကို နည်းနည်းဆက် လျှောက်ရသေးတယ်။ တကယ့်ကို ပျော်စရာ၊ ၀မ်းမြောက်စရာ ကောင်းလှပါ တယ်။ မြို့လေးတစ်မြို့ကို ရောက်နေသလို စည်ကားလှပါတယ်။ နိုင်ငံခြား သားတွေကိုလည်း တွေ့ရတယ်။ ခေတ်မီတဲ့ ဟိုတယ်အဆောက်အအုံတွေ ကိုလည်း အံ့သြစွာတွေ့ရတယ်။
ဘုရားအပေါ်အတက် အ၀င်မုခ်ဦးမှာတော့ မိန်းကလေးများ၊ ဘောင်းဘီတို၊ စကတ်ဘေးကွဲ၊ နောက်ကွဲ လုံး၀၀တ်ခွင့်မပေးဘဲ အ၀တ်အစားလဲ စရာနေရာ လုပ်ပေးထားတယ်။ တကယ့်ကို ကောင်းတဲ့ အစီအစဉ်ပဲလေ။ တချို့ မြန်မာ မိန်းကလေးတွေဟာ မိမိကိုယ်ကို မြန်မာ နိုင်ငံသူဆို တာကိုတောင် မေ့နေကြတာ မဟုတ်လား။ ကျွန်တော်တို့ အဖွဲ့ မုဆိုးတောင်သွားလမ်းဘက် ရွှေမင်းသား ထမင်းဆိုင် ကလေးမှာပဲ အခန်းယူ ပြီးနေလိုက်ကြတယ်။ ခရီးပန်းလာလို့ ဘယ်မှ မသွားသေးဘဲ အရင်ဆုံး အိပ်စက်လိုက်ကြပါ တယ်။
ညနေပိုင်း နေအတော်စောင်းစောင်းကျမှပဲ ကျွန်တော်တို့အဖွဲ့ ရေမိုးချိုးပြီး ဘုရားပေါ်တက် လာခဲ့ကြတယ်။ ရေချိုးတာက ထမင်းဆိုင်မှာ ချိုးလို့မရ ဘူးလေ။ ရေချိုးဆိုင်မှာ တစ်ပုံး ၅၀၀ ပေးရတယ်။ တစ်ယောက်ကို ၃ ပုံးလောက်ချိုးမှပဲ အဆင်ပြေတယ်လေ။ ဘုရားပေါ်မှာတော့ နေကျ ချိန်မို့ လူတော်တော်များတယ်။ ဓာတ်ပုံရိုက်သူ တွေကိုလည်း တွေ့ရတယ်။ မတ်လ ကျောင်းပိတ် ချိန်ဆိုတော့ ဘုရားဖူးခရီးသွား တော်တော်များပါတယ်။ ကျွန်တော်တို့လည်း ဘုရားကို ရွှေသင်္ကန်း အရင်ကပ်ကြတယ်။ မိန်းကလေးကတော့ အပြင်က ပဲဖူးရတယ်။ ဒီကြားထဲရွှေသင်္ကန်းကပ်ဖို့ အသွား အ၀င်ဝကလုံခြုံရေးဝန်ထမ်းက ကျွန်တော့် ကို လှမ်းဆွဲတော့ ကျွန်တော် လန့်သွားပြီး ဘာဖြစ် လို့လဲမေးတော့ “ညီလေး ဆံပင်ကရှည်တော့ ကြိုး နဲ့စည်းလိုက်ပါ။ ပြီးရင် နားကပ်ပါ ချွတ်ပါ”တဲ့။
ကျွန်တော်လည်း အဲဒီလူပြောမှ ကမန်းကတန်း မိန်းကလေးတွေဆီ ပြန်ပြီး ခေါင်းစည်းကြိုး တောင်းရတယ်။ နားကပ်လည်း ချွတ်ရတယ်။ မိန်းကလေးတွေကတော့ ကျွန်တော့်ကို ရယ်ကြတာ ညံနေတာပဲ။ ဟုတ်တယ်လေ။ ကျွန်တော့် ဆံပင်က ကုပ်ကျော်ကျော်မှာ ဆိုတော့ အဝေးက ကြည့်ရင် မိန်းကလေးတစ်ယောက်လို့ ထင်ရ တယ်လေ။ ဒါနဲ့ ကျွန်တော်လည်း ဘုရားကို ရွှေ သင်္ကန်းကပ်ပြီး ပုတီးစိပ် ဘုရားဝတ်ပြုလိုက် တယ်။ ဘုရားကြီးကိုလည်း သေချာကြည့်မိ တယ်။ တကယ့်ကို အံ့သြစရာ ကောင်းပါတယ်။ ဒီလောက်ကြီးတဲ့ ကျောက်တုံးကြီးက အောက်ခြေ ကျောက်တုံးရဲ့ နှုတ်ခမ်းမှာ မေးတင်ရုံဆိုကလေး ပါ။ အဖျားကလေးပဲ ထိနေတာပါ။ ရွှေသင်္ကန်း ကပ်သူတွေက အများကြီးပဲလေ။ တစ်ခါတစ်ခါ ကျောက်တုံးကြီးက လှုပ်နေတယ်။ ပိုက်ဆံလေး တွေကို နှီးဖျားလေးခန့် ညှပ်ပြီး ထောက်ထားတော့ အဲဒီနှီးဖျားလေး အတွက် လှုပ်နေတယ်လေ။ ကွေးလိုက်၊ ဆန့်လိုက်နဲ့ တကယ် အံ့ဖွယ်ဘုရား တစ်ဆူပါပဲဗျာ။ ဒါတောင်ရှေးလူကြီးတွေ ပြော တာက ကြက်မတစ်ဝပ်စာ ရှိတယ်တဲ့။ အဲဒါဟုတ် မဟုတ်ဆိုတာ မသေချာပေမဲ့ လက်တွေ့မှာတော့ အဖျားကလေးပဲ ထိစပ်နေတာဆိုတော့ တကယ့် အံ့သြမကုန်လောက်ပါပဲ။
ဘုရားကြီးကို ရွှေသင်္ကန်းကပ်ပြီးတော့ အဲဒီ ညက ဓာတ်ပုံတွေရိုက်ကြပြီး ရင်ပြင်တော်မှာပဲ လေညင်းခံလိုက်ကြတယ်။ တချို့ကလည်း ရင် ပြင်တော်ပေါ်မှာအိပ်ဖို့ လုပ်နေကြတယ်။ ဒီလို အချိန်မျိုးနဲ့ ဒီဇင်ဘာလိုအချိန်မျိုးက ကျိုက်ထီး ရိုးမှာ အစည်ဆုံးလို့ သိရတယ်။
နောက်နေ့ နံနက်မှာတော့ ကျွန်တော်တို့ ဘုရားကို သစ်သီးဆွမ်းကပ်ကြတယ်။ သစ်သီး ဆွမ်းကို ထမင်းဆိုင်က တစ်ပွဲကို ၅၀၀၀ နဲ့ပြင် ဆင်ပေးတာပါ။ ဆွမ်းကပ်ပြီးတော့ ကျိုက်ထီးရိုး တောင်တစ်ဝိုက်မှာရှိတဲ့ မုဆိုးတောင်၊ ကျီးကန်းပါး စပ်၊ နတ်ရေတွင်း၊ ကျောက်လိုဏ်ဂူ စတာတွေ ကိုဖူးမြော်ခဲ့ကြတယ်။ ပြီးတော့ ဘုရားဖူးအများ (လူငယ်များ)သွားကြတဲ့ ရေတံခွန်ဆီသို့ ကျွန်တော်တို့ ထွက်လာခဲ့ကြတယ်။ ရင်ပြင်တော်ပေါ်က ရိုးရိုးလေးတည်းခိုခန်းရှိတဲ့ လမ်းနံဘေး လှေကားကနေ စတင်ထွက်လာခဲ့ကြတယ်။ အုတ်လှေကားတွေကတော့ အစီအရီ လုပ်ထား ပါတယ်။ လမ်းဘေးမှာလည်း စာတွေရေးထားတယ်။ ညစ်ညမ်းသောစကား များကိုမပြောရန် တောင်းဆိုထားတယ်။
တဖြည်းဖြည်းနဲ့ လမ်းကပိုပြီးကြမ်း လာသလို ပိုပြီးလည်း စောက်နက်လာတယ်။ ချွေးတစို့စို့နဲ့ ဆင်းလာခဲ့ကြတာ အပေါ်ကိုတောင် မနည်းမော့ ကြည့်ရပါတယ်။ တော်တော်လေး ဆင်းလာပြီး မကြာခင်မှာပဲ ကိုးန၀င်းကျောင်းကို ရောက်လာတယ်။ အဲဒီကျောင်းက ဆရာ တော်က ကျွန်တော်တို့ကို ဘုရားဖူးပြီး အဆာပြေ ထမင်းစားကြပါလို့ ပြော တော့ ကျွန်တော်တို့လည်း ထမင်းစားဖို့ ပြင်ကြပါတယ်။ သက်သတ်လွတ်ပဲ ငါးပိနဲ့ မျှစ်ချဉ်ကို ချက်ထားတာ တကယ့်ကို နတ်သုဒ္ဓါပါပဲ။ ဘုရားဖူးတွေ ရေတံခွန် လာသမျှ သူအားလုံး ကျွေးမွေးတာပါ၊ စားပွဲခင်း ထားပါတယ်။ ထမင်းကို ကိုယ်တိုင်ခူးပြီး စားရတယ်။ ကျွန်တော်တို့လည်း မောတာရော၊ ဆာတာရောနဲ့ စားလိုက်ကြတာ တစ်ယောက်ကို ၃ ပန်းကန်လောက် လွေး လိုက်ကြတယ်။ စားပြီး ကိုယ့်ပန်းကန်ကို ကျောင်းရှေ့က ရေကန်မှာ ဆေးပြီး သေချာထားလိုက်တယ်။ ထမင်းစားပြီးတော့ ဆရာတော်ရှေ့ကို သွားပြီး အလှူငွေထည့်ကြတယ်။ ဆရာတော်ကျွေးတဲ့ လျက်ဆားကို စားကြပြီး ရေတံ ခွန်ကိုလာခဲ့ကြတယ်။ ဗိုက်တွေကတော့ ခုနလို မဟုတ်တော့ဘူး။ နည်းနည်း ဗိုက်လေးသွားပြီလေ။

ဒီလိုနဲ့ မိနစ် ၂၀ လောက်မှာ ဘွားခနဲ ရေတံခွန်ကြီးကို တွေ့လိုက်ရတယ်။ အရင်ဆုံး ရောက်တာက ရေတံခွန်အပေါ်ပိုင်းပါ။ ကျောက် တုံးလေးမှာ အေးမြကြည်လင်တဲ့ရေတွေက လန်းစန်းသွားတာပါပဲ။ အဲဒီကမှ ရေအောက်ဘက်ကို ဆက်ပြီး ဆင်းခဲ့ကြတယ်။ အောက်ကသေချာဂရု စိုက်ပြီး ဆင်းရတယ်။ တကယ့်ကို မတ်စောက်လွန်းပါတယ်။ နွယ်တွေကို အားပြုပြီး ဆင်းရတာပါ။ တကယ့်ချောက်နက်ကြီးမှာပါ။ ရေတံခွန်ဘေးမှာ စားသောက် ဆိုင်တွေလည်း ရှိတယ်။ ကျွန်တော်တို့လည်း ရေထဲဆင်းကြ ဓာတ်ပုံရိုက်ကြနဲ့ ပျော်နေလိုက်ကြတာလေ။ တချို့ကတော့ ပင်ပန်းတယ်ဆိုပြီး ရေတ၀ကြီး ချိုးကြပါတော့တယ်။
ရေတံခွန်ကနေ ပြန်တော့ အတက်တွေချည်းပါပဲ။ မိန်းကလေးတွေဆို ငိုမဲ့မဲ့နဲ့လေ။ စောစောက မိနစ် ၂၀ လောက်ဘုန်း ကြီးကျောင်းကနေ ဆင်း လာတာ၊ ခုတော့ ဘုန်းကြီးကျောင်းကို မိနစ် ၃၀ လောက် ပြန်တက်လာခဲ့ရ တယ်။ ဘုန်းကြီးကျောင်းရဲ့ နံဘေးမှာလည်း “သဘာဝရေကူးကန်သို့”လို့ရေး ထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့ရပေမဲ့ ကျွန်တော်တို့ စိတ်မ၀င်စားနိုင်ကြ တော့ဘူးလေ။ ဒီလိုနဲ့ စောစောအောက်ဆင်းလာခဲ့တဲ့ လမ်းကိုလေးဘက် ထောက်ပြီး အသက် မထွက်ရုံတမည် ပြန်တက်ခဲ့ရတယ်။ လမ်းတစ်လျှောက် ကလည်း အများဆုံးတွေ့ရတာက ၀ါးပင်သေးသေးလေးတွေပါ။ တက်လိုက် လမ်းဘေးဆိုင်လေးတွေမှာ နားလိုက်၊ ရေ၀ယ်သောက်လိုက်နဲ့။ မုန့်လက် ဆောင်းသည်တွေကလည်း အများကြီး။ ဒါပေမဲ့ဘယ်သူမှ မသောက်နိုင် တော့ဘူး။ ဒီကြားထဲ မိန်းကလေးတွေကိုလည်း တွဲရသေးတယ်။ သူတို့ရဲ့ဒူး တွေလည်း မခိုင်ကြတော့ဘူးတဲ့လေ။ လမ်းဘေးဈေးသည်တွေကလည်း နားကြပါဦး၊ သောက်ကြပါဦးလို့ ခေါ်ပေမဲ့ လက်သာ ကာပြရတော့တယ်။
ဒီလိုနဲ့ တော်တော်လေးမှောင်ခါနီးမှ ရင်ပြင်တော်ကို ရောက်ခဲ့ကြပြီး ခြေပစ် လက်ပစ်အနားယူကြတော့တယ်။ အဲဒီညကတော့ ဘုရားရင်ပြင်တော်ပေါ် မတတ်နိုင်ကြတော့ပဲ မိမိတို့ရဲ့ ခြေသလုံးလေးတွေကို ပါလာသမျှ ဆေး အားလုံးလူးကြရတော့တယ်။ ဒီနေ့တော့ ဘယ်လောက်ပဲ ကိုက်ခဲနေပါစေတစ်ခေါက်တစ်ခေါက်လာရတာ အဝေးကြီးမို့ နောက်တစ်ခါဆိုတာ မသေချာ တာမို့ မုဆိုးတောင်ဘက်က ကျောက်ထပ်ကြီး ဘုရားကို လာခဲ့ကြတယ်။ ယခင်လိုပါပဲ စတင်လာခဲ့တော့ အေးမြမြလေးနဲ့ပါ နံနက်ခင်းမို့ မြူလေးတွေ အုံ့ဆိုင်းနေတာပါပဲ။ မုဆိုးတောင်ဘေး၊ ချောက်ကမ်းပါးထိပ်မှာတော့ ရဟတ် ယာဉ်ကွင်း လေးကွင်းကို မနီးမဝေးမှာ တွေ့ရတယ်။ အဲဒီရဟတ်ယာဉ်ကွင်း ပေါ်မှာပဲ လေတဟူးဟူးနဲ့ ဓာတ်ပုံတွေ ရိုက်ကြတယ်။ ပြီးတာနဲ့ ကျောက်ထပ် ကြီးဘုရားဆီသို့ ချီတက်ခဲ့ကြပါတော့တယ်။ ဒီလိုနဲ့ ကျောက်ထပ်ကြီးဘုရားဆီ ချီတက်ခဲ့ကြပါတယ်။ လမ်းမှာလည်း ရွာလေးလိုပါပဲ။ ဆိုင်လေးတွေ အများ ကြီးပါပဲ။ အထူးသဖြင့် ပရဆေးဆိုင်တွေ ပိုများတယ်။ ဒါ့အပြင် အမောပြေ၊ မုန့်လက်ဆောင်း၊ အကြော်စုံ၊ ဖရဲသီး၊ သစ်သီးဖျော်ရည်စုံ၊ အအေးစသဖြင့် စုံနေအောင်ရတယ်။ ဈေးနှုန်းကလည်း တောင်အောက်က ဈေးနှုန်းနဲ့ သိပ်မကွာ ပါဘူး။
သူတို့မှာလည်း ကုန်ပစ္စည်းတစ်ခုကို နှစ်ဆင့်သုံးဆင့်ပေးပြီးမှ ၀ယ်ရ တာလေ။ ပြီးမှပြန်ရောင်းတာတဲ့။ မနက်ဆို ဟိုကျိုက်ထိုမြို့ကဈေးသည်တွေက တောင်တက်ကားနဲ့ ရောက်လာပြီး တောင်ပေါ်မှာ ရှိတဲ့ဆိုင်တွေကို လိုချင်သမျှ ကုန်ပစ်္စည်းတွေကို ခေါက်ပြန်ကြေးနဲ့ ပို့ပေးတယ်လို့ သိရတယ်။ ဒီတောင်ပေါ် နေသူမှန်သမျှကို ဒီတောင်ကြီးကပဲ ကျွေးနေတာလို့ ပြောကြတယ်။ တချို့တော နက်ထဲဝင် ဆေးမြစ်၊ ဆေးဥတူးကြသူများ၊ ၀ါးခုတ်သူများ၊ ထင်းခုတ်သူ များ၊ တောကောင်လိုက်သူများ စသဖြင့် မိမိတို့ ၀မ်းစာကို ဖြည့်တင်းကြရတယ် လို့သိရတယ်။ ကလေးတွေကိုလည်း ကျောင်းတက်ချိန်ဆို တောင်ပေါ်ရှိတဲ့ စာသင်ကျောင်းမှာ ကျောင်းတက်စေတယ်။ တော်တော်များများ ၁၄၊ ၁၅ နှစ် ယောက်ျားလေးတွေကတော့ တောထဲဝင်ပြီး ထင်းခုတ်ကြ၊ ထမင်းဆိုင်တွေ ထင်းလိုက်ပို့ကြတယ်တဲ့။ မိန်းကလေးတွေကတော့ ထမင်းဆိုင်တွေမှာ လခစား စားပွဲထိုး လုပ်ကြတယ်။ မိုးတွင်း ခရီးသည် ပါးချိန်မှာတော့ ကြုံရာ ကိုကြုံ သလို လုပ်ကိုင် စားသောက်ကြတယ်လို့ သိရတယ်။
ကျွန်တော်တို့အဖွဲ့လိုပဲ ကျောက်ထပ်ကြီးကို သွားကြတာ တော်တော်များပါတယ်။ တချို့ဆို ပြန်တောင်လာကြပြီလေ။ နေကလည်း တဖြည်း ဖြည်းနဲ့ ပိုပူလာတယ်။ လမ်းကလည်းမြေလမ်း ဆိုတော့ ချောမွေ့နေတယ်။ ၁၀ နာရီခွဲလောက် မှာ ကျွန်တော်တို့ ဖားဘုရားကို ရောက်လာတယ်။ ဖားဘုရားကနေရှေ့ကို မိနစ် ၂၀ လောက် ဆင်း လိုက်တော့ တွေ့ချင်လှတဲ့ ကျောက်နှစ်လုံးထပ် နေတဲ့ ကျောက်ထပ်ကြီးဘုရားပေါ်ကိုတော့ တက်ဖို့ အုတ်လှေကားထစ် လုပ်ပေးထားပါတယ်။ အပေါ်မှာ ဈေးဆိုင်လေး တစ်ဆိုင်ရှိတယ်။
အဲ့ဒီမှာ မုန့်လက်ဆောင်းသောက်ပြီး ခဏနားကြတယ်။ ပြီးတော့ ကျောက်ထပ်ကြီး ဘုရားဖူးဖို့ အပေါ်ကို တက်လာတယ်။ မိန်းကလေးတွေကတော့ ဓမ္မာရုံ ထဲ ၀င်ကြတယ်။ ကျွန်တော်တို့ကတော့ ဘုရား အလယ်ထိ တက်ပြီးဖူးရတယ်။ ကျောက်ထပ်ကြီး ပေါ်ကနေ အောက်ကို လှမ်းကြည့်တော့ မူးမတတ် ပါပဲ။ အလွန်ကိုနက်ရှိုင်းတဲ့ ချောက်ကြီးများကို တွေ့လိုက်ရလို့ပါ။ ဘုရားဖူးပြီးတော့ ဘုရားကို ရွှေသင်္ကန်း ကပ်ဖို့လုပ်ကြပါတယ်။ အားလုံးရွှေ သင်္ကန်းစုဝယ်ပြီး အဲ့ဒီက ကောင်လေးတစ် ယောက်က ရွှေသင်္ကန်း ကပ်ပေးဖို့ လုပ်ပါတယ်။ တစ်ဖက်မှာ ပေ ၅၀ ကျော်လောက်မြင့်တဲ့ ၀ါး လှေကားပေါ်တက်သွားတယ်။ အဲ့ဒီဝါးထပ်ကနေဘုရားကို ကြိုးတစ်မျိုးနဲ့ သွယ်ထားတယ်လေ။ ဘုရားပေါ်ကို အဲဒီကြိုးတန်းကို တွဲခိုပြီး ရွှေ သင်္ကန်းကို ပါးစပ်နဲ့ကိုက်ပြီး အဲဒီကြိုးပေါ်မှာ လှုပ်ရှား သွားတာများ ဆပ်ကပ်ပွဲထဲကလိုပါပဲ။
လှုပ်ယမ်းနေတဲ့ ကြိုးပြုတ်ကျလိုက်ရင်တော့ မတွေးရဲလောက်ကို ရှိတယ်လေ။ အောက်မှာက ဒီလောက်နက်တဲ့ချောက်တွေ၊ ကျောက်တုံးကြီးတွေ ရှိတယ်မို့လား။ သူရွှေသင်္ကန်းကပ်တော့ အောက်မှာ ကြည့်နေကြတဲ့သူတွေက လက်ခုပ်တွေတီး ချီးကျူးကြပါတယ်။ တကယ့်ဆပ်ကပ်ပွဲကို ရင်တအေးအေးနဲ့ ကြည့်ရသလိုခံစားရတာ အမှန်ပါပဲ။ ကျောက်ထပ်ကြီးက အပြန်ခရီးကတော့ ပြန်မပြောချင်လောက်အောင်ကို မောပန်းလှပါတယ်။ မနေ့က သွားခဲ့တဲ့ ရေတံခွန် အပြန်ခရီးလောက်ကို ပင်ပန်းတာပါ။ ပြန်တက်လိုက်ရတဲ့ အတက်တွေဟာ ဆင်းသွားတုန်းက ဘာမှ မသိပေမဲ့ တက်လိုက်မှပဲ မောလိုက်တာဗျ။ ကျွန်တော်တို့ အပြန် ခရီးမှာလာနေကြတဲ့သူများက ကျောက်ထပ်ကြီးနဲ့ ဝေးသေးလားလို့မေးတော့ မသွားရင် ပိုကောင်း လိမ့်မယ်လို့ ပြောတော့ သူတို့က ရယ်ကြတယ်။ အေးပေါ့လေ။ အပြန်ကျရင် ဒီလိုပဲရယ်နိုင်ပါစေ လို့ ကျွန်တော်တို့ အော်ပြောကြတယ်။ ကျွန်တော် တို့က မနေ့တုန်းက ရေတံခွန် သွားထားတဲ့ ဒဏ်က ခံစားနေရတာ မပျောက်သေးခင်မှာ အခုပြန်ခံစား ရတော့ ခြေထောက်ကို သယ်တောင် မသွားချင် ဘူးလေ။ မိန်းကလေးတွေဆို ငိုကြပြီလေ။ ကျွန်တော်တို့မှာ သူတို့ကို အားပေးရ၊ ကိုယ်တိုင်လည်း ရုန်းတက်ရနဲ့ အသက်တောင် မနည်းရှူရ သလိုပဲလေ။
ညနေပိုင်း ၅ နာရီလောက်မှ တောင်ပေါ်ပြန် ရောက်ခဲ့တယ်။ အနားယူပြီး ရေချိုးဆိုင်မှာ ရေ သွားချိုးကြတယ်။ ပြီးတော့ ထမင်းဆိုင်မှာ ထမင်းစားကြပြီး ဆေးလူးပြီးတော့ အနားယူကြ တယ်။ ညရောက်တော့ ကောင်မလေးတွေက ဘုရားပေါ်မလိုက်တော့ဘဲ အခန်းထဲမှာ နေခဲ့ တော့မယ်ဆိုတော့ ကျွန်တော်တို့ယောက်ျားလေး အဖွဲ့ပဲ ရင်ပြင်တော်ပေါ်ကို လွတ်လွတ်လပ်လပ် ထွက်လာခဲ့ကြတယ်။ လမ်းမှာတွေ့တဲ့ကောင် မလေးတွေကို လွတ်လပ်စွာ ပိုးခွင့်ရခဲ့ပါတယ်။ ဒီညတော့ ဆံပင်ကိုသေချာစုပြီး သပ်သပ်ရပ်ရပ် စည်းထား လိုက်ပါတယ်။ ဘုရားကို တ၀ကြီး ဖူးပြီး ရွှေနန်းကျင်နတ်နန်းဘက် ထွက်လာခဲ့ တယ်။ အမေရွှေနန်းကျင်ကို ဖူးမြော်၊ အလှူငွေ ထည့်ပြီးအခန်းကိုပြန် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပစ်လိုက်ပါတော့ တယ်။
အဆင်းခရီး ကျွန်တော်တို့ အဖွဲ့ တောင်ပေါ်မှာ ၄ ရက်နေပြီး နံနက် ၅ နာရီလောက်မှာ တောင်ပေါ်ကနေ ကားလုံးဝ မစီးတော့ဘဲ ခြေလျင်ခရီး(ကင်းမွန်းစခန်းထိ)နဲ့ ဆင်းလာခဲ့ကြတယ်။ တောင်ပေါ်ကနေ ကင်းမွန်း စခန်းထိ ၇ မိုင်ခွဲရှိတယ်လို့ သိရတယ်။ ကျွန်တော်တို့အဆင်းကတော့ ထုံးစံအတိုင်း အေးမြမြလေးပါပဲ။ လမ်းတစ်လျှောက်မှာလည်း ဈေးဆိုင်တွေ၊ တောင်ပေါ်မှာ အလုပ် လုပ်ကြတဲ့ အထမ်းသမားတွေရဲ့အိမ်ဆောက်ကို တွေ့ရတယ်။ ချောက်ကမ်းပါးလေးမှာကို ကပ်ပြီး ဆောက်ထားကြတာလေ။
အဲ့ဒီရွာက ကလေးတွေက နေ့တိုင်း တောင်ပေါ်က စာသင်ကျောင်းလေးမှာ ကျောင်းတက်ရတာ ဆိုတော့ အရမ်း ချီးကျူးမိကြတယ်။ ကျွန်တော်တို့တွေမှာ အသည်းအသန်တက်ရတဲ့ခရီးကို သူတို့ ချွေးတောင် မစို့ကြဘူးလေ။ အဆင်းလမ်း တစ်လျှောက် လူတော်တော်များတယ်။ ဆင်းလာကြတာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပါပဲ။ တက်လာကြတာလည်း အများကြီးပါပဲ။ ကျွန်တော်တို့ က တက်လာတုန်းက ကင်းမွန်းစခန်းက နေကားနဲ့ ၉ မိုင်တက်ခဲ့ကြပေမဲ့ အခု တချို့ကတော့ ခြေလျင်ခရီးကပဲ ခြေလျင်တက်ကြတယ်။ တကယ့်ကို လေးစားဖို့ကောင်းပါတယ်။ လမ်းမှာ ရွာလေးတွေအများဆုံးတွေ့ရတယ်။ တကယ့်ကို အေးအေးမြမြ သစ်ပင်တွေ အုံ့ဆိုင်းဆိုင်းနဲ့ အရမ်းကိုလှပါတယ်။ တချို့လမ်းလယ်မှာ အလှူခံပုံးလေးတွေ ရှိတယ်။ ရေလှူတဲ့ သူရှိတယ်။ ထမင်းဆိုင်လေးတွေရှိတယ်။ ဆေးလိမ်းပေးတဲ့ ဆိုင်လေးတွေ ရှိတယ်လေ။
တစ်ခါတစ်ခါ ရေတွေ စီးဆင်းနေတာကို တွေ့ရတယ်။ အဆင်းခရီးဆိုပေမဲ့လည်း ကျွန်တော်တို့အဖွဲ့က မိန်းကလေးတချို့က လမ်းကို ကြိုးစားပြီး မနည်းလျှောက်နေရတယ်။ မိန်းကလေးတစ်ယောက်ဆို ရင် ဖနောင့်ကျေချင်သလိုဖြစ်လို့ သူမကို တွဲပြီး တဖြည်းဖြည်းဆင်းနေရတယ်။ ငိုလိုက်တာလည်း အရမ်းပဲ။ ကျွန်တော်တို့လည်း လူငယ်တွေဖြစ်လို့ ခရီးသွား တဲ့အရသာကို အပြည့်အ၀ရချင်လို့ ဒီလိုခြေလျင်လမ်းလျှောက် ဆင်းလာခဲ့ ကြတာပဲလေ။လမ်းမှာ ဘိုးပြန်တောင်ဆိုတာ တော်တော့်ကို မတ်တာပဲ။ အဆင်းတောင် ဒူးတွေ တုန်ရင် အတက်တော့ မတွေးရဲအောင်ပဲလေ။
ဒီလိုနဲ့ ရေမြောင်ကြီးစခန်းကို ရောက်တော့ ထမင်းစားပြီး ၁ နာရီခွဲ လောက် နားလိုက်ကြတယ်။ အဲ့ဒီမှာ ရေချိုးလိုက်ကြသေးတယ်။ တော်တော် လေး အမောပြေလန်းဆန်းသွားမှပဲ ဆက်လျှောက်လာခဲ့ကြတာ ကင်းမွန်းစခန်း ကို ၁၂ နာရီခွဲလောက်မှာ ရောက်ခဲ့တယ်။ ကင်းမွန်းစခန်းကနေ ကျွန်တော် တို့အ၀တ် တွေထားခဲ့သော ကျိုက်ထိုမြို့ “ဖြူစင်” တည်းခိုခန်းကို ကားနဲ့ ပြန်လာခဲ့ ကြတယ်။ အဝေးကြီးကနေ လာရောက်ဖူးမြော်ရတဲ့ ကျိုက်ထီးရိုး ဘုရားဖူးခရီးကတော့ ကျွန်တော်တို့တစ်သက်မှာ ဘယ်လိုမှမေ့လို့ရမှာ မဟုတ် ဘူးလေ။ ဘယ်လောက်ပဲ မောပန်းခဲ့ပါစေ။ ဘုရားဖူးခဲ့ရတာကို ပြန်တွေး ကြည့်ရင် သိပ်ကြည်နူးစရာ ၀မ်းသာစရာ ကောင်းလှပါတယ်။ မွန်ပြည်နယ် ရဲ့တန်ခိုးကြီး ကျိုက်ထီးရိုးဘုရားဖူးခရီးကို အခုလို သွားခဲ့ရတာကိုက ကျွန်တော်တို့ရဲ့ ဘ၀မှာ မေ့မရတဲ့ အမှတ်တရ ခရီးတစ်ခုပါပဲ။
သိန်းသန်းလင်း၊အလင်းသစ်၊ (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)
|