(March-2012)ဝေါဟာရ မှော်ရုံတောမှာ PDF Print E-mail
Written by ဦးအေးချစ်(EEAC)   
Monday, 19 March 2012 16:39
Share |

လေသန့် ဘူးလေးတွေ ရမယ်နော်(Air)
ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်။ ဒါဆိုရင် လေအသက် ဘယ်လောက် သတ်မှတ် ချင်သလဲ။

argaiv1699

ကိုယ့်နှာခေါင်း ကိုယ် ပိတ်ကြည့်၊ ဒါမှမဟုတ် အသက်အောင့်ထားကြည့်တာနဲ့ သိနိုင်ပါတယ်။ အဲဒီအခါကျတော့ လေရဲ့ တန်ဖိုး၊ လေရဲ့ အရေးပါပုံကို နားလည်လာတတ်ကြပါတယ်။ တကယ်တော့ ကမ္ဘာကြီးမှာ အသက်တွေကို ထိန်းသိမ်း စောင့်ရှောက် ထားနိုင်တဲ့ အကြောင်းအရင်းက လေထု(Atmosphere) ကြောင့်ပဲ ဖြစ်ပါတယ်။ လေထုဆိုတာ အောက်ဆီဂျင် အပါအ၀င် ဓာတ်ငွေ့မျိုးစုံနဲ့ ဖွဲ့စည်းထားတာပါ။ လေဟာ ဓာတ်ပြုမှုတွေ အတွက် အရန်သင့် ရှိနေပါတယ်။ အပင်၊ တိရစ္ဆာန်နဲ့ လူသားတွေကိုလည်း အသက် ရှင်စေပါတယ်။ လေက သက်ရှိ ဘ၀တွေကို ထိန်းကျောင်းပေးတဲ့ အပြင်၊ တခြား အရေးပါတဲ့ လုပ်ငန်း များစွာမှာလည်း အခရာကျလှပါတယ်။ လေရဲ့ အရည်အသွေး မြင့်မားလေလေ၊ အရေးကြီးတဲ့ လုပ်ငန်းတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်လေလေပါပဲ။

ဒီတစ်ခေါက်တော့ သက်ရှိတွေအတွက် အထူးအရေးကြီးလှတဲ့ လေအကြောင်းကို လေ့လာရင်း၊ သူနဲ့ သက်ဆိုင်တဲ့  ဝေါဟာရစကားလုံး တွေကို လေ့လာကြည့်ကြမယ်လေ။ ကဲ-ဝေါဟာရ မှော်ရုံတောထဲ ၀င်ကြည့်ကြပါစို့။ လေကို Air လို့ ရိုးရိုးပဲခေါ်တယ်။ Wind က တိုက်ခတ်တဲ့လေ၊ Breeze က လေပြည်လေ ညင်း၊ Storm ကတော့ လေမုန်တိုင်းပေါ့။ လေကို မြန်မာအက္ခရာစဉ်ပြီး လေ့လာကြည့်ရင် စကားပြောလို့ လေကုန်တာကို Waste your breath, လေကြီးမိုးကြီးကို Rain-storm, လေကြောရှည်တာက Windy, Long-winded, Wordy, Verbose, Rambling, barrulous လို့ခေါ်တယ်။ လေကြောင်းက Aerial, Airline, Airway, Flight route, လေကြောင်းစာက Airmail, လေကြောင်းထိန်းရုံးက Air Traffic Control, လေကြောင်းပြက Air Traffic Controller, Aeronautical Navigator တဲ့။ လေညွှန်တံကို  Weathercock ဒါမှမဟုတ် Weathervane လို့ သုံးတယ်။ လေကွယ်ဘက်ကတော့ Lee, Leeward side လို့ ခေါ်တယ်။ လေခိုတာကို Have on airlock တဲ့။ လေခေါင်းအုံးက Inflated Pillow, Air Pillow လို့ သုံးတယ်။ လေချွန်တာ ကျတော့ Whistle လေ။

လေချွန်တယ်ဆိုလို့ သွားသတိရတာ ရှိ တယ်။ သီချင်းဆိုရင်း၊ အကော်ဒီယံ ထိုးရင်း၊ အားမရနိုင်လို့ လေချွန်တတ်တဲ့ အဆိုတော်ကြီး တစ်ဦးရှိတယ်။ သူ့ရဲ့သီချင်းတွေထဲမှာ အများသိ ကြတဲ့ သီချင်းတစ်ပုဒ်က တို့ငယ်ငယ်တုန်းက သျှောင်ပေစူးလေးတွေနဲ့ကွယ်၊ ပုဆိုးကို စလွယ် သိုင်း ရွာဝိုင်းပတ်လည် တဲ့လေ။ သိကြရဲ့ မဟုတ် လား။ လေချွန်တယ်ဆိုတာ စိတ်ပြေလက်ပျောက် သဘောမျိုးလည်း ဖြစ်နိုင်သလို၊ ကြောက်စိတ်ဝင် တဲ့အခါမှာလည်း လေချွန်ပြီး စိတ်ပြောင်းတာမျိုး လုပ်တတ်ကြပါတယ်။ လူတိုင်းလေမချွန်တတ် ကြပါဘူး။ တချို့ကတော့ ချွန်တတ်ရုံမျှမက သီချင်းသံစဉ်ပါဖြစ်အောင် ချွန်နိုင်ကြပါတယ်။ ဒါထက်တော်တဲ့ ပုဂ္ဂိုလ်တွေကျပြန်တော့ လက် ခေါက်ပါ မှုတ်တတ်ကြပါတယ်။ ပွဲခင်းထဲကနဲ့ ဘတ်(စ)ကားစပယ်ယာဆီက ကြားရတတ်ပါ တယ်။ ဒါပေမဲ့လည်း မြန်မာ့ယဉ်ကျေးမှုမှာ မိန်းကလေးတွေ လေချွန်တာကိုတော့ ဘာဖြစ်လို့ မကြိုက်ကြမှန်း မသိပါဘူး။ ဒါက လေချွန်နည်း အနုပညာပဲလေ။

လေအကြောင်း ပြောပြနေတာ လေကြော ရှည်မနေတော့ပါဘူး။ ဝေါဟာရတွေကို အာရုံ စိုက်ကြဦးစို့-လေငြိမ်တာကို Calm, Windless, လေစကြာကို Pinwheel, လေစစ်က Air Filter, လေစုန်ကို Downwind, Tailwind, Following wind လို့ ခေါ်တယ်။ လေစိမ်းက Wind winds, လေစိမ်းတိုက်တာက Give the cold shoulder လို့ သုံးတယ်။ လေဆင်နှာမောင်းက Whirlwind, Tornado, Twister, လေဆန်က Upwind, Headwind, လေဆိပ်ကို Airport, Aro-drome, Airdrome, လေဆိပ်အဆောက်အအုံကို Air terminal လို့ ခေါ်ကြတယ်။ လေညာရပ်/လေ တင်ရပ်က Upwind side, လေညင်းခံတာက Go and get fresh air, လေတံခွန် Air sock, Windsock, Wind sleeve, Wind come, Drogue လို့ သုံးကြတယ်လေ။ ပြီးတော့ လေတပ်ကို Air force, လေတပ်စခန်းကို Airbase, လေတပ် သားက Air crew, လေထီးက Parachute Paragliding လို့ ခေါ်တယ်။

ဆက်ပြီး ကြည့်ရင် လေထိုးလေဖြည့်တာက Blow up, Fill up with air,  လေထိုးတံက Inflator, Air pump, လေထန်တယ်ဆိုရင် Windy, Gusty, Squally, Blustery, လေထန်ဘက်ကို Windward side, လေထဲတိုက် အိမ်ဆောက်တာကျတော့ Build Castles in the air လို့ ခေါ်တယ်။

လေထဲတိုက်အိမ်ဆောက်တဲ့ လုပ်ရပ်မျိုးကို လူငယ်တွေ ရှောင်ရှားသင့်ပါတယ်။ ပင်ကိုဗီဇ ဓာတ်ခံပါရမီနဲ့ မကိုက်ညီဘဲ ကျော်ကြားချင်လို့၊ ချမ်းသာချင်လို့ လုပ်ကြည့်မယ်ဆိုရင်တော့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ဂျပန်ရုပ်ရှင် ကား Castles in the Sand ထဲကလို ဇာတ်လိုက်မင်း သားက နောက်ဆုံးအဖမ်းခံရပြီး ထောင်နန်းစံ သွားရပါတယ်။ ဟန်ဆောင်တာ၊ လိမ်ညာတာ သာမက လူသတ်တာပါ လုပ်ခဲ့မိတယ်လေ။ ဆင်ခြင်စရာပဲပေါ့။

လေနဲ့ဆိုင်တဲ့ စကားလုံးတွေကရှိသေး တယ်။ လေနီကြမ်းကို  Wind storm, Dust storm လို့ ခေါ်တယ်။ စကားပြောရင်း လေပေါတာက Blabber, လေပိုက်က Air duct, လေပျော့သွားတာ ကို Tone down, Soften your tone, feeble Voice လို့ ခေါ်တယ်။ လေပြည်ကိုတော့ Light wind, soft gentle voice, Breeze လို့ ခေါ်တယ်။ လေပြေ ထိုးပြောဆိုတာကို  Speak in a concilliatory  tone of voice  လို့ သုံးရပါတယ်။ လေပြင်းက Gust, Gale, Gale-Force winds, လေပွေ၊ လေရူးကို Gusty winds, Flickle winds, လေပြွန်ကို Windpipe, Wind tube, Traches  လို့ခေါ်ပါ တယ်။ လေဖိအားက Air pressure, လေဖိအား တိုင်းကိရိယာက  Barometer လို့ ခေါ်ကြပါ တယ်။ လေဖိအားနည်းရပ်ဝန်းကိုတော့ Depression လို့ ခေါ်ပါတယ်။

သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ ရုပ်မြင် သံကြားနဲ့ အင်တာနက်တွေမှာ လေဖိအားနည်းရပ် ၀န်း ဖြစ်ပေါ်လျက်ရှိ လို့ ဖတ်ရ၊ ကြည့်ရ၊ ကြားရ တိုင်း သွေးလန့်နေမိပါတယ်။ ခဲမှန်ဖူးတဲ့စာ သူငယ်လိုပါ။ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ထင်ရာစိုင်းသွားတဲ့ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းလေ။ တစ်သက်မှာ တစ်ခါကြုံဆိုပေမဲ့ မှတ်မှတ်ရရပါပဲ။ အန္တရာယ်ရှိတယ်။ ရှောင်ရန်၊ ဆောင်ရန်တွေကို ကြိုတင်အသိပေးခဲ့မယ်ဆိုရင်တော့ ခုလောက် အထိနာမှာ မဟုတ်ပါဘူး။ နောင်အတွက်တော့ သင်ခန်းစာယူရမှာပါ။ အခုလည်း မြန်မာပြည် အနောက်တောင်ဘက် ကမ်းရိုးတန်း တစ်နေရာကနေ အရှေ့မြောက် ဘက်ဆီကို ကန့်လန့်ဖြတ် ဖောက်လုပ်တည် ဆောက်နေတဲ့ သစ်ပင်အပြောင်ရှင်း မြေပြင်လမ်း ကြောင်းရှည်ကြီးတစ်ခုဟာ ဘင်္ဂလားပင်လယ် အော်နဲ့ အိန္ဒိယ သမုဒ္ဒရာထဲမှာ ဖြစ်ပေါ်သမျှ မုန် တိုင်းတွေကိုလက်ယပ်ခေါ်နေသလို ဖြစ်နေမလား လို့ စိုးရိမ်နေမိပါတယ်။ လေက ပူရင်အပေါ်တက် တော့၊ လေဖိအားနည်းလမ်းကြောကြီး ဖြစ်မလာ နိုင်ပေဘူးလား။ ဒါလည်း ဆင်ခြင်စရာပါပဲ။

စကားလုံး ဝေါဟာရတွေကို အမှတ်တရ တမင်တကာ လေ့လာနည်း (Intentional  Learning) ကလည်း ဝေါဟာရ စွမ်းပကား(Vocab power) အတွက် အရမ်းကို အထောက်အကူပြုပါ တယ်။ ဆက်နွယ်ရာ တူညီရာတွေကို လေ့လာ မှတ်သားသင်ယူတဲ့ သဘောမျိုးပါပဲ။ ဆက်ကြည့် မယ်ဆိုရင်လေ မီးဖိုကို Pressure stove, လေမွေ့ ရာကို Air bed, Air mattress, လေမှုတ်စက်ကို Compressor, Air/Gas compressor လို့ခေါ်ကြ တယ်။ လေယူလေသိမ်းကတော့ Intonation ခေါ်ပါတယ်။ အသံ အနိမ့်အမြင့် အတက်အကျပါ ပဲ။ စကားပြောကြတယ်ဆိုတာ တကယ်တော့ လေထုတ်နည်းအနုပညာပဲ မဟုတ်လား။

လေယာဉ်ကို Aircraft, လေယာဉ်ကွင်း ကို Air Field, Air Strip, လေယာဉ်တင်သင်္ဘောကို Aircraft carrier, လေယာဉ်ပစ်အမြောက်ကို Aircraft gun  ခေါ်တယ်။ လေယာဉ်ပြေးလမ်းက Runway, လေယာဉ်မောင်က  Flight attendant, Steward, လေယာဉ်မယ်ကို Stewardess, Air hostess, လေယာဉ်မောင်းကို Pilot လို့ သုံးနှုန်းကြ ပါတယ်။ လေယပ်က  Handfan, လေရဟတ်က Windmill လို့ ခေါ်တယ်။ လေလုံးမိုးလုံးပြောဆို တာကို  Bluster, Airy ramblings boast လို့ သုံး တယ်။ မရိုသေ့စကား လေလည်တာကျတော့ Break wind လို့ ခေါ်တယ်လေ။ ရှက်စရာတော့ မဟုတ်ပါဘူး။ စကားတောင် ရှိသေးတယ် မဟုတ်လား။ လေမစုံရင် ငွေကုန်တယ်ဆိုတာ လေ။ ဒါက ကျန်းမာရေး ကိစ္စ။ အောင့်ထားရ မလွယ်ကူတာ အမှန်ပါ။ လူကြားသူကြားထဲမှာ ဆိုရင်တော့ ဆင်ခြင်စရာပါ။

ပြီးတော့ လေလှိုင်းကို Air waves, လေ၀င် ပေါက်ကို Vent, Air outlet လို့ ခေါ်တယ်။ လေသလပ်ခံတာကိုတော့ Give an airing လို့ သုံးပါတယ်။ လေသာဆောင်က Balcony, Deck, လေသူရဲက  Flighter Pilot, လေသေနတ်က Air gun, Air rifle, လေသံက Roar/Sound of wind တဲ့။ လေသံပစ်တယ် လို့ ပြောချင်ရင်တော့ Drop a hint, လေသံပြောင်းတယ်ဆိုရင်တော့ Change your tune လို့ သုံးရပါတယ်။ ဒီနေရာမှာ လေသံပစ်ရုံလောက်ကတော့ ယုံနိုင်စရာအဆင့် မရောက်သေးဘူးနော်။ စောင့်ကြည့်ဦး။ လေသံ ပြောင်းပြီဆိုရင်တော့ ကျိန်းသေသွားပြီ။ နောက် ပြန်လှည့်တော့မှာ။ ဒါလည်းဆင်ခြင်စရာပါပဲ။
ဒီတစ်ခါတော့ လေသံပစ်တာ မဟုတ်ပါ ဘူး။ တကယ့်ကို ကုန်ပါတော့မယ်။ လေနဲ့ပတ် သက်တဲ့ ဝေါဟာရတွေလေ။ လေဟာနယ်ကို Vacuum, လေဟာပြင်ကို Open-air, Aifresco, Open space, Open-air ground လို့ ခေါ်တယ်။ လေဟာပြင်ကဇာတ်ရုံကို Open-air theatre, လေ ဟာပြင်ဈေးကို Open-air/Outdoor market  လို့ သုံးပါတယ်။ ဘဲဥကြက်ဥတွေထဲက လေဥကို  Infertile egg  လို့ ခေါ်တယ်။ လေအေးလေးက Cold/Cool wind ပေါ့။ လေအေးပေးစက်ကိုတော့ Air conditioner ဆိုတာ သိပြီးကြပါပြီ။ နောက် ဆုံး လေအောက်ရပ်ကို Downwind side လို့ သုံး ကြတာပါပဲ။

ရှေ့မှာတုန်းက လေညာရပ်/လေတင်ရပ်ကို upwind side လို့ ပြောပြခဲ့ပြီးပြီနော်။ တစ်ဆက် တည်း အရင်က ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ သီချင်း လေးတစ်ပုဒ် သွားသတိရမိပါသေးတယ်။ ဘာတဲ့။ လေညာရပ်က အချစ် ရှမ်းအဆိုတော် စိုင်း ထီးဆိုင် သီဆိုခဲ့တာလေ။ ကောင်းမှကောင်းပဲ။ မြန်မာလူမျိုးတွေ သီချင်းသိပ်ကြိုက်ကြတာ သိတယ်မဟုတ်လား။ အကြိုက်လွန်လွန်းလို့ တောင် ခက်နေသေးတယ်။ ဆိုကြမယ် ပျော်ကြ မယ်တဲ့။ သီချင်းကောင်းကောင်း သီချင်းတောင်း တဲ့။ ဂီတတံခါးလေး ဖွင့်ပါဦးတဲ့။ Melody World တဲ့။

စုံနေတာပါပဲ။ နောက်ပြီး ဆည်တစ်ခု၊ တံတားတစ်ခု၊ စက်ရုံတစ်ခုဆောက် မပြီးလိုက်နဲ့။ ထွက်လာတယ် ချက်ချင်းပဲ။ ဂုဏ်ဖော်သီချင်း တွေ။ လူငယ်တွေဘက် လှည့်ကြည့် လိုက်ပါဦး။ ရှိုးပွဲတွေ ခဏခဏလုပ်တိုင်း ပွဲပြည့် နေတာပဲ။ နားမှာလည်း အီးယားဖုန်းတွဲလောင်း တွဲလောင်း နဲ့။ သူတို့ရဲ့ဘ၀မှာ ဘယ်လောက်များ ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်နေရလို့ ဒီလောက်တောင် အပန်းဖြေနေကြတာလဲ မသိဘူး။ သီချင်းချည်းပဲ မဟုတ်လား။ ဘာသာစကားနားထောင် စွမ်းရည် ပြောနိုင်စွမ်းရည်တွေ တိုးတက်လာရအောင် အင်္ဂလိပ်စကားပြောခွေလေးတစ်ပုဒ် နှစ်ပုဒ် လောက်သွင်းပြီး ညှပ်နားထောင်ရင် မကောင်း ပေဘူးလား။ စမ်းကြည့်စမ်းပါ။ တကယ်အကျိုး ဖြစ်ထွန်းမှာ ဧကန်မုချ။ ဒါကလည်း လေဘက် ဆိုင်ရာအနုပညာပဲလေ။ ဒါမှမဟုတ်ရင် ရည်မှန်း ချက်တွေ လွဲချော်ကုန်မယ်နော်။ ဘာတဲ့။ သမီး ကြီးလာရင် “အဆိုတော် ဆရာဝန်”လုပ်မယ်တဲ့ ဗျာ။ ဆင်ခြင်စရာပဲလေ။

တစ်လက်စတည်း Air နဲ့ စပ်လျဉ်းတဲ့ အီဒီ ယမ်ခေါ်ရိုးရာ ဓလေ့သုံးစကားလေးတွေကို အကဲ ခတ်လေ့လာကြည့်ကြဦးမယ်နော်။ Float/Walk on air က ပျော်မဆုံးမော်မဆုံးဖြစ်တာပါ။ In the air ဆိုတာ အခုအခါ/လောလောဆယ်/ မပြီး ပြတ်သေးတဲ့လေ။ Off the air က ထုတ်လွှင့်မှု ရပ်ဆိုင်း။ On the air က ထုတ်လွှင့်သည်။ Over the air က လေလှိုင်းပေါ်တွင်။ Take the air က လေညင်းခံသည်ဆိုတဲ့ အနက်အဓိပ္ပာယ်တွေ ရပါ တယ်။

Air is everywhere  လေဟာ နေရာတကာ ရှိတယ်တဲ့။ အံ့သြစရာက မမြင်ရဘူး။ ဒါပေမဲ့ သစ်ရွက်လှုပ်သွားတာ၊ အလံလွင့်နေတာ၊ ကိုယ် အရေပြားကို လာတိုးတာတွေကြည့်ပြီး၊ ဒီဝါယော ဓာတ်ရဲ့ ၀ိသေသလက္ခဏာကို သိနိုင်တယ်လေ။ လေဆင်နှာမောင်းတို့၊ မုန်တိုင်းတို့ တိုက်ခတ်ပြမှ ယုံနိုင်မယ်ဆိုရင်တော့ မလွယ်လှဘူးနော်။ လေ ဆိုတာ နိုက်ထရိုဂျင်က ၇၉%၊ အောက်ဆီဂျင်က ၂၀% နဲ့ တခြားဓာတ်ငွေ့တွေက ၁% နဲ့ ဖွဲ့စည်း ထားတာပါ။ အဲဒီထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်က အများစုပါ။ လေက အမြင့်ပေါ်မူတည်ပြီး ဖွဲ့စည်း ပုံပြောင်းလဲတတ်ပါတယ်။ အမြင့်ပိုင်းမှာတော့ အိုဇုန်းဓာတ် တွေများပါတယ်။ အိုဇုန်းက နေက လာတဲ့ ခရမ်းလွန်ရောင်ခြည်ပမာဏကို လျှော့ချ ပေးတယ်လေ။ ခရမ်းလွန်ရောင်ခြည်က နေ လောင်တာနဲ့ ကင်ဆာရောဂါတွေကို ဖြစ်စေတတ် ပါတယ်။ လူတွေရှူသွင်း လိုက်တဲ့လေကို ခန္ဓာ ကိုယ်စွမ်းအင်ထုတ်လုပ်ဖို့ စားလိုက်တဲ့အရာ တွေကို လောင်ကျွမ်းရအောင် သုံးပါတယ်။ လေ ထဲက အောက်ဆီဂျင်က အသက်ဘ၀တွေကို မောင်းနှင်ပေးနေတာလေ။ သစ်ပင်တွေကလည်း လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွမ်းအင် အတွက် သကြားဓာတ်တွေပြုလုပ်ဖို့ အသုံးပြုပါ တယ်။

လူတွေဟာ လေကို တစ်မိနစ်ကို ပျမ်းမျှ ၀င်သက်ထွက်သက်(အခေါက်ကြီး) ၁၂ ကြိမ် ရှူတယ်လို့ ဆိုပါတယ်။ သာမန်လူတစ်ယောက် ဟာ လုပ်ငန်းတွေ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ နေ့စဉ်အောက်ဆီဂျင် ၆၀၀ ကွတ်(၆၀၀-ဆကမေအျ) လောက် လိုအပ်ပါတယ်။ ဆိုလိုတာက သာမန် လူတစ်ဦးဟာ အောက်ဆီဂျင်လိုအပ်ချက်ကို ပြည့် မီစေဖို့နေ့စဉ် လေ ၃၀၀၀ ကွတ်ကိုရှူသွင်း ရပါ မယ်။ သတ္တ၀ါတွေ အသက်ရှူရာကနေ ဘေး ထွက်ပစ္စည်းအဖြစ် ထွက်ရှိလာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေက သစ်ပင်တွေကို အသက်ရှင် စေပါတယ်။ အပင်တွေ အသက်ရှူလုပ်ငန်းလုပ် ရင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်ဆီဂျင် အဖြစ် ပြန်ပြောင်းပေးပြန်ပါတယ်။ ဒါကြောင့် သတ္တ၀ါနဲ့ အပင်ဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်း မှီဆိုသလို အမှီသဟဲပြုနေကြတာပေါ့။

ဘာပဲဖြစ်ဖြစ် စက္ကန့်မလပ်ဆက်တိုက် အသက်ရှူနိုင်ပါမှ အသက်ရှင်နိုင်မယ့် လူနဲ့ တိရစ္ဆာန်တွေအတွက် လေကောင်းလေသန့် ရရှိဖို့ တော့ လိုပါလိမ့်မယ်။ ဒါပေမဲ့ ဒီကနေ့ ကမ္ဘာ ကြီးမှာ လေထုညစ်ညမ်းမှု(Air pollution) ဆိုတာ အကြီးအကျယ် ပေါ်ပေါက်ကြုံတွေ့ရင်ဆိုင်နေရ ပါပြီ။ သဘာဝအလျောက် ဖြစ်စေ၊ လူ့ပယောဂ ကြောင့်ဖြစ်စေ၊ ဖြစ်တာတော့ ဖြစ်နေပြီလေ။ ကမ္ဘာ့ပညာရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေ ဒီပြဿနာကို ကုစားဖို့ ကြိုးပမ်းနေကြရ ပါတယ်။ သို့သော်လည်းပဲ ပုဂ္ဂလိကလူတစ်ဦးချင်းစီရဲ့ အသိတရားအာရုံမှာတော့ ဒီကနေ့အချိန် အထိ မျက်ကန်းတစ္ဆေ မကြောက်သလို ဖြစ်နေဆဲပါပဲ။

သိကြတယ်နော်။ တစ်ကမ္ဘာလုံးမှာ ရေသန့် လုပ်သောက်နေကြရတဲ့ အဖြစ်ကို။ နောင်အနာဂတ် ဘယ်အချိန်ကျရင် လူတွေဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံး စွပ်လေးတွေ ၀တ်ဆင်ပြီး၊ အနားက ဖြတ်လျှောက် အော်ဟစ်ရောင်းချနေတဲ့ ဈေးသည် ကို လှမ်းအော်ခေါ်ယူ ၀ယ်ရှူနေရဦးမယ်ဆိုတာ မြင်ယောင် မိနေသေးတယ်။

“လေသန့်ဘူးလေးတွေ ရမယ်နော်။ ၀ယ်ကြဦးမလား”။ 

ဆယ်ကျော်သက်ထက်မြက်ပါစေ
ဦးအေးချစ်၊EEAC၊
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)