|
Written by မောင်စံဝင်း|ဗန်းမော်|
|
|
Thursday, 29 March 2012 14:18 |
ပဋိပက္ခ တို့၏ နောက်ကွယ်၌ အသံများ ရှိနေသည်။ ထိုအသံများက ကျွန်တော်တို့ ဘ၀များကို သိမ်သိမ်မွေ့မွေ့ တစ်နည်း၊ ရင့်ရင့်မာမာ တစ်မျိုး သွယ်ဝိုက် စိုးမိုး နေကြသည်။
argaiv1221
အသံ၏ ရန်ပြုခြင်းနှင့် ဖ၀ါးတွေ့ နားတွေ့တွေ့ရသည့် အခါ အနုလုံ ပဋိလုံ ဆင်ခြင်ရင်း ကြောက်ရွံ့ ထိတ်လန့်စိတ်တို့ ငယ်ထိပ် တက်ခဲ့ပြီ။ အသံကို နှစ်မျိုးနှစ်စားသာ ရှိမည်ဟု သရုပ် ခွဲကြည့်မိသည်။ တစ်မျိုးက သဘာဝ တရားမှ သဘာဝအလျောက် ထွက်ပေါ်လာသော အသံ၊ နောက်တစ်မျိုးက လူတို့၏ ပယောဂကြောင့် ဖြစ်ပေါ်လာသော အသံ။ သဘာဝတရားမှ စိမ့်ထွက်လာသော အသံ အတော် များများသည် သာယာ ယစ်မူးဖွယ် ကောင်းခြင်း၊ နားဝင် ပီယံရှိခြင်း၊ လူတို့၏ စိတ်ကို ကြည်နူးဆွတ်ပျံ့စေခြင်း ဂုဏ်အင်္ဂါရပ် များဖြင့် တန်ဆာဆင်၏။ သဘာဝက အခွန်အခမဲ့ နှင်းအပ်ထားသော လက်ဆောင်မွန်ဟု ဆိုကြပါစို့။ တစ်ခါတစ်ရံ သဘာဝက ပဉ္စလက်ဆန်ဆန် ဆန်းပြားသော ကြောက်မက်ဖွယ်ရာ အသံဆန်းများကိုလည်း ဖန်တီးတတ်သည်။ ထိုအသံတို့၏ ဖိစီးမှုကို မလွဲမရှောင်သာ ကျိတ်မှိတ် ခံစားရင်း ဆောက်တည်ရာမဲ့ တုန်လှုပ် ထိတ်လန့်ရ သည်က လူသားအားလုံး။
စမ်းရေကျသံလောက် သာယာ ချိုမြိန်သော နရီသံသည် ဘယ်မှာရှိအံ့ နည်း။ လေပြည်လေညင်း တိုက်ခတ်သံ ကလည်း အသံသာယာပုံသာမက အတွေ့ကလေးကပါ တိမ်းတိမ်းမူးမူး ညှို့ယူစွမ်းလေသည်။ မြိုင်တစ်ကြောက ”ဥသြ-ဥသြ” ဟု တွန်ကျူးနေသော ဥသြငှက်ကလေး သည် လည်းကောင်း၊ “ကူကူး ကူကူး” ဟု လေးလေးတွဲ့တွဲ့ နရီလျော့လျော့ ကြင်ဖော်လွမ်းတနေသော ချိုးငှက်က လေးသည် လည်းကောင်း ကမ္ဘာ လောကကြီး တစ်ခုလုံးကို စိုပြည်အေးမြသော အသံများဖြင့် အလုပ်အကျွေးပြုနေခြင်း ဟု ကျွန်တော် ယုံကြည်မိသည်။
မြို့ပြ၏ အရောင်အရိပ်များနှင့် ကင်းဝေးသော တောစွန်မြိုင်ခြေမှ ချေဟောက်သံ၊ သမင်တောက်သံ၊ မျောက် အော်သံ၊ ဒေါင်းတွန်သံများကို လူတိုင်း နှစ်လိုကြသည်။ ၄င်းအသံများက တော၏ ဂီတ၊ တောင်၏ တူရိယာ၊ တော၏ ရစ်သမ်ဟာမိုနီ စည်းဝါး ရိုက်ချက်များ ဖြစ်၏။ လူတို့တုပ ဖန်တီး၍ မလွယ်သော သဘာဝဂီတသံ စစ်စစ်များဖြစ်သည်။
သဘာဝတွင် တစ်ခါတစ်ရံ ဖောက်ပြန် သွေဖည်ခြင်းတို့ ရှိလေ၏။ သမားရိုးကျ မဆန်သော ထိုဖြစ်စဉ်ကို ကျွန်တော်တို့ မကြာခဏ ကြုံရသည်။ “ဂျိန်း၊ ဂျိန်း” “ဝေါ” “၀ူး” မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံ၊ လေနီ ကြမ်းတိုက်ခတ်သံ၊ မုန်တိုင်း တွန်သံတွေက သဘာဝ၏ ကြမ်းတမ်း ရက်စက်သော လက်တုံ့ပြန်ချက်များဖြစ်သည်။ လူများအား သဘာဝ တရားက အသံ ဖြင့် ဖိနှိပ် အနိုင်ယူရင်း ကမ္ဘာလောက ကြီး တစ်ခုလုံးကို တဒင်္ဂအားဖြင့် စိုးမိုး မင်းမူခြင်း ဖြစ်သည်။
လူတို့၏ ပယောဂကြောင့် အသံ နှစ်မျိုး ဖြစ်ပေါ်လာခဲ့သည်။ လူတို့၏ နှုတ်ဖျားမှ စကားသံအမျိုးမျိုးနှင့် လူတို့ ၏ အတတ်ပညာ၊ အနုပညာများဖြင့် ဖန်တီးရင်းမှ ထွက်ပေါ်လာသော အသံ ကြမ်းရှရှနှင့် အသံနုရွရွများ ဖြစ်သည်။
လူတို့၏ နှုတ်ခမ်းနှစ်လွှာသည် အသံ၏ အစွန်းတရား နှစ်ဖက်သို့ တစ်လှည့်စီ ချဉ်းကပ်နေကြသည်။ လူတို့ ၏ နှုတ်ဖျားမှ စကားလုံးများသည် ချိုသာတစ်လှည့်၊ ရိုင်းပျတစ်လှည့်၊ ယဉ်ကျေးတစ်လှည့်၊ ကြမ်းတမ်းတစ်လှည့် ဒွန်တွဲလျက်ရှိသည်။ နှစ်လိုလျှင် ချိုမြ ပြီး မနှစ်မြို့လျှင် မောက်မာကြစမြဲ။
လူ့နှုတ်ဖျားမှ တရားဓမ္မနှင့် ထုံမွမ်းသော နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ စကားသံ၊ ဘ၀င်ကို လှုပ်ခတ်နိုင်စွမ်းသော ငြိမ့်ငြိမ့်ညောင်းညောင်း သီချင်းသံ၊ ပိဿာလေးနှင့် ခေါင်းထုသလို မနှစ်မြို့ဖွယ် ဆဲရေး တိုင်းထွာသံ၊ သွားပုပ်လေလွင့် မဟုတ်မဟတ် စကားသံ၊ သွေးထိုး စကားသံ၊ နှိပ်ကွပ် စကားသံ၊ ခြိမ်းခြောက် စကားသံ၊ ဟိန်းဟောက် စကားသံ၊ ပလီပလာ စကားသံ၊ ကလီ ကမာ စကားသံ၊ စော်ကား စကားသံ၊ မော်ကြွား စကားသံ၊ လှည့်ဖြားစကားသံ၊ လှည့်စား စကားသံ၊ အတို့အထောင် စကားသံ၊ အလိမ်အကောက် စကားသံ များ အမြဲကြားနေကြရသည်။
လိမ္မာပါးနပ်သော စကားတစ်လုံး ကြောင့် ကမ္ဘာကြီး တစ်ခုလုံးကို ကယ်တင် နိုင်သလို ယုတ်ညံ့ သိမ်ဖျင်းသော စကား တစ်လုံးကြောင့် တစ်ကမ္ဘာလုံး မီးလောင် တိုက်တွင်းသို့ သက်ဆင်းနိုင်ပါ၏။ လောဘသံ၊ ဒေါသသံ၊ မောဟသံ၊ မာနသံ၊ အာဃာတသံ၊ မစ္ဆရိယသံ။ စိန်သံ၊ ရွှေသံ၊ ငွေသံ၊ အာဏာသံ၊ ပါဝါသံ၊ ဂုဏ်သံ၊ ဥုံသံ။ အရူးစကားသံ၊ အမူးစကားသံ၊ ငို သံ၊ ရယ်သံ၊ ညည်းညူသံ၊ ကြုံးဝါးသံ။ ဘယ်သံ၊ ညာသံ၊ အထက်သံ၊ အောက်သံ၊ အလင်းသံ၊ အမှောင်သံ။ စာသံ၊ ကဗျာသံ၊ ဗလာသံ။ ဤအသံများဖြင့် ကမ္ဘာမြေကြီး သည် သိပ်သည်းလေးလံလျက် ရှိ၏။
ဗီသိုဗင်၏ တယောသံ၊ မြို့မငြိမ်း ၏ သီချင်းသံ၊ ခင်မောင်တိုး၏ ကြိုး ကြာသံ၊ သမီးလေး၏ စာကျက်သံများက ကျွန်တော့်ကို တစ်ဘ၀လုံး လွှမ်းမိုး နေမည်ဖြစ်သည်။ လူတွေက ဂီတကို တူးဆွ ရှာဖွေခဲ့ကြသည်။ ဖန်တီးခဲ့ကြ သည်။ ဖြတ်သန်းခဲ့ကြသည်။ လူတို့၏ နှလုံးသားထဲမှ ဂီတသံကို နုတ်ယူလိုက်လျှင် အမှန်တရားတို့ ဆိတ်သုဉ်း သွားလေမလား ဟု ကျွန်တော် တွေးကြည့်မိသည်။ သဘာဝဂီတနှင့် ပယောဂ ဂီတ များကြောင့်သာ ကမ္ဘာကြီးနှင့် လူသား များ အဓိပ္ပာယ် ရှိနေခြင်း ဖြစ်သည်။
“ဂျိန်း..ဂျိန်း”“ဒုတ် ဒုတ် ဒုတ်” “ဘုန်း ဘုန်း” “ဒိုင်း ဒိုင်း”
ထိုအသံများသည် ဂီတသံ မဟုတ်မှန်း လူတိုင်း အလွယ်တကူ သိနိုင်၏။ နားတွင်းသို့ သိမ်သိမ်မွေ့မွေ့ ချိုချိုမြ မြ စီးဝင်သွားသော အသံ မဟုတ်ပါ။ လူတို့၏ ဦးနှောက်နှင့် နှလုံးသားက လက်မခံလိုသော အသံများဖြစ်သည်။ လူတို့၏ ပယောဂဖြင့် ထွက်ပေါ်လာ သော စူးရှသည့် မြည်ဟိန်းသံများဖြစ် သည်။ ထိုအသံ၏ နောက်တွင် အနိဋ္ဌာ ရုံများ ထပ်ဆင့် ကပ်ပါလာသည်။ ငိုယို သံများ၊ ညည်းတွားသံများ၊ အော်ဟစ် သံများ၊ အကူအညီ တောင်းသံများ ကမ္ဘာပျက်သလို ဆူညံ ပွက်ထခဲ့ရ၏။
ထိုအသံများကို ကြားရစဉ်ခဏ၌ ပင် စိတ်နှလုံးဆောက်တည်ရာမဲ့ခြင်း၊ ခန္ဓာကိုယ်လုံခြုံမှုမဲ့ခြင်းတို့ကို ခံစားရ သည်။ စိုးရိမ်ထိတ်လန့်ခြင်းနှင့် သောကဗျာပါဒတို့ တလှိုင်လှိုင်ဝေခဲ့ သည်။ လူတွေကစဥ့်ကလျား ပြေးကြ၊ လွှားကြ၊ ပုန်းကြ၊ အောင်းကြ။
ထိုအသံ၏ နှောင့်ယှက်မှုကြောင့် ကမ္ဘာမြေကြီး ရုန့်ရုန့်ရင်းရင်း တုန်ဟည်း ၏။ ကောင်းကင်ယံမှ တိမ်စိုင်များ ထွေး ရောယှက်တင် ရွေ့လျား၏။ လေထု ရေထု ၀က်ဝက်ကွဲ၏။ မြေပြင်နှင့် ကောင်း ကင် ပဲ့တင်အကြိမ်ကြိမ်ထပ်၏။ တောင်နှင့်တောများ အသံရောယှက်တိုးဝှေ့၏။ ထိုအသံသည် မိုးခြိမ်းသံအလား ထွားထွားရဲရဲ ရှိ၏။ ထိုအသံ၏ စီးဆင်း ပုံသည် သိကြားမင်း၏ ၀ရဇိန် လက်နက် အဆက်မပြတ် မြည်ဟည်း ပုံနှင့်တူမျှ၏။ ထိုအသံသည် လောဘကို အခြေ ပြုသော အသံ၊ ဒေါသကို ဖောက်ခွဲသည့် အသံ၊ ပညာမဲ့သူတို့ အဆင်အခြင်မဲ့စွာ ပြုကျင့်သော အသံ၊ ကရုဏာတရား ကိုယ်ချင်းစာတရားများ ခေါင်းပါးမှုကို ဖော်ပြသော အသံဖြစ်သည်။
ထိုအသံသည် လူမျိုးရေးကို ရှေ့ တန်းတင်သောအသံ၊ ၀ါဒရေးကို အရောင်ပြောင်းထားသော အသံ၊ သဘောတရားကွဲပြားမှုမှ ပွန်းထွက်လာသော အသံ၊ တန်းတူညီမျှမှုကို ချိန် ခွင်လျှာညှိသော အသံ၊ ဥစ္စာဓနကို မှတ်ကျောက်တိုက်သော အသံ၊ နည်းပညာ အားပြိုင်မှုကို အဆုံးအဖြတ်ပေး သော အသံ၊ ခေတ်စနစ်ကို စိန်ခေါ်သော အသံများ ဖြစ်သည်။
အဲဖရက်နိုဗယ်သာ တမလွန်မှ ထိုအသံများကို ကြားလျှင် ရင်ဘတ် စည်တီးရှိုက်ကြီးငင်ကာ သံဝေဂ ရနေ ပေလိမ့်မည်။ သူဖော်ခဲ့သော ဆေး ကြောင့် ကမ္ဘာမြေကြီး အရိုးနင်နေပြီ မဟုတ်လား။ ကျွန်တော်တို့ ၀န်းကျင်မှ အသံ အမျိုးမျိုးကို နေ့စဉ်နှင့်အမျှ ဆက်လက် ကြားနေရပေဦးမည်။ နားတွေ ဖွင့်ထား သမျှ အသံတွေ ပရမ်းပတာ ၀င်လာ ကြဦးမည်။ ကျွန်တော်တို့ နှလုံးသား များက သင့်လျော်ကောင်းမွန်သော အသံများကို သိုမှီးထားပြီး သိမ်ဖျင်းခါး သီးသော အသံများကို ပြန်လည်စွန့် ထုတ်ရပေလိမ့်မည်။ ကျွန်တော်တို့ နှလုံး သားများက အသံများ၏ အမှားအမှန်၊ အတိမ်အနက်၊ အလေးအပေါ့၊ အချို အချဉ်၊ အလင်းအမှောင သဘောတို့ကို သေချာဂန တိုင်းတာဆုံးဖြတ်ရပေလိမ့် မည်။
ကမ္ဘာမြေကြီး၏ အရေပြား ပါးလွှာလွှာတွင် ရပ်တည်နေသော ကျွန်တော်သည် တော၏ ပဲ့တင်သံနှင့် တောင်၏ ပေါင်းစည်းသံ၊ စမ်းရေကြည် ကျသံနှင့် အလွမ်းပြေ ဂီတသံ၊ ဓမ္မတေး နရီသံများနှင့် အမျှပေးကြေးစည်သံ၊ ပလွေတို မြည်သံစာစာနှင့် ရွှေပဟိုရ် စည်သံသာသာ၊ လက်ခုပ်သံကြည် ကြည်နှင့် လက်မှုတ်သံမြည်မြည်၊ လေချွန်သံနွဲ့နွဲ့နှင့် ရေတံခွန်သံသွဲ့သွဲ့၊ ဆည်းလည်းသံညင်းညင်းနှင့် ခေါင်း လောင်းသံသင်းသင်း၊ ကဗျာရွတ်သံ ချိုချိုရွှင်ရွှင်နှင့် စာရွတ်သံစိုစိုယဉ်ယဉ် တို့ကိုသာ တောင့်တနေမိပါသည်။
မောင်စံဝင်း၊ဗန်းမော်၊ (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|