|
Written by ငြိမ်းစေ
|
|
Saturday, 31 March 2012 16:07 |
တကယ်ဆိုရင် ကိုလှဌေး အနေနဲ့ သည်အကြောင်းတွေနဲ့ ပတ်သက်လို့ ကျော်ကြီးကို သတိရ မနေစေချင် တော့ဘူး။
argaiv1295
ကိုလှဌေး ဆိုတာ ကျော်ကြီးနဲ့ ဆွေမျိုးစပ်ကြည့်ရင် ဦးလေး တော်စပ်နေ သေးတဲ့ ကျော်ကြီးနဲ့ အမျိုး မကင်းသေးတဲ့ သူပါ။ ဒီအဖြစ်အပျက်က ကြာခဲ့ပါပြီ။ ပြီးလည်း ပြီးခဲ့ပြီးပါပြီ။
အဲဒီ အဖြစ်အပျက်ရဲ့ မြေစာပင်လေး တစ်ပင်ဖြစ်ခဲ့ရတဲ့ ကျော်ကြီးရဲ့ညီမ မိအုန်းလေးတောင် ဆယ့်ခုနစ်နှစ် ရှိလို့ အပျိုပေါက် တစ်ယောက်တောင် ဖြစ်နေပြီ ပဲဥစ္စာ။ တိုက်ရိုက် သက်ဆိုင် တဲ့သူတွေထဲက သေသင့်တဲ့ သူလည်းသေပြီ။ မရှိတော့တဲ့ သူလည်း မရှိတော့ဘူး။ ဒါလည်း ကြာခဲ့ပြီ။ သေသင့် တဲ့ သူက ဦးစံတင်၊ မရှိတော့တဲ့ သူက မကြည်လှိုင်။ နှစ်ယောက်စလုံး သွားရှာကုန် ပါပြီ။ သူ့အလိုလို ပြည်ဖုံး ကားကျခဲ့ပြီလေ။
အခုချိန် ရောက်မှတော့ ကျန်ရစ်နေတဲ့ သူတွေထဲက ဘယ်သူမှ ဘာမှ လုပ်စရာ မလိုတော့ပါဘူး။ လုပ်လို့လည်း မရတော့ပါဘူး။ ဒီတော့ ကျော်ကြီး အနေနဲ့လည်း ဒီကိစ္စကို ပြည်ဖုံးကား ချလိုက်တော့ပေါ့။ မေ့ ပစ်လိုက်တော့ပေါ့။ သတိရ မနေနဲ့တော့ပေါ့။ ပြီးခဲ့ပြီပဲ ဟာ။ ကြာခဲ့ပြီပဲဟာ။
ကိုလှဌေးက ကျော်ကြီးကို အဲလို စိတ်မျိုး ထားစေချင်တာ။ အခုတော့ ကျော်ကြီးက အဲဒီလို မဟုတ်ဘူး။ ဆယ့် ခုနစ်နှစ်ကြာမှ အတိတ်က အဖြစ်တွေက ကျော်ကြီးအတွက် အသစ်တွေ ပြန်ဖြစ်လာနေတယ်။ ကျော်ကြီးအံတွေ တအားကြိတ် ထားတယ်။ ကျော်ကြီးရဲ့ ကြီးမားကျယ်ပြန့်တဲ့ လေး ထောင့်မျက်နှာကြီးဆို တင်း မာခက်ထန်ပြီး မေးကြောကြီး တွေတောင် ထောင်လို့။
ကိုလှဌေးက အဲဒါကို လန့်တာ။ လူသတ်မှုကြောင့် ထောင်ကျ၊ ထောင်ထဲမှာပဲ နိဂုံး ချုပ်သွားတဲ့ ကျော်ကြီးအဖေ ကိုအုန်းရွှေ ဆိုရင်လည်း လူတစ်ယောက်ကို ကိုယ်ထိလက် ရောက်တစ်ခုခု လုပ်တော့မယ် ဆိုရင် အံတွေကြိတ်၊ မျက်နှာ ကြီးတင်း၊ လက်သီးတွေ တအားဆုပ်ထားတတ်တယ်။
အခုလည်း ကျော်ကြီး က သူ့အဖေ ကိုအုန်းရွှေရဲ့ပုံစံ နဲ့ တစ်ပုံစံတည်းပဲ။ အံတွေ ကြိတ်၊ မျက်နှာကြီးတင်းလို့။ ကျော်ကြီးစိတ်ထဲ ဘာတွေ တွေးနေလဲ။ ဘာတွေစဉ်းစား နေလဲ။ ကျော်ကြီး သူ့အဖေ ကိုအုန်းရွှေအချိုးအတိုင်း ချိုး မလို့လား။ ကိုလှဌေး တွေး ရင်း ကျော်ကြီးအတွက် စိုးရိမ် စိတ်တွေ ၀င်လာရတယ်။
ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်ကတိုင် ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ကျော်ကြီးအသက်က ဘာရှိဦးမှာလဲ။ ငါးနှစ်သားလောက်ပဲ ရှိသေးတာ။ အခု ကျော်ကြီး အသက်က ၂၂ နှစ်။ ဒါ ကြောင့် ဒီအဖြစ်အပျက်ကလည်း ၁၇ နှစ် တင်းတင်း ပြည့်ခဲ့ပြီးပါပြီ။
ဒါပေမဲ့ အဖြစ်အပျက် ပြီးသွားတဲ့နောက်ပိုင်း ၁၇ နှစ် လုံးလုံး ကျော်ကြီး ရွာမှာ မရှိ ပါဘူး။ ရွာနဲ့မိုင် ၅၀ ကျော် ဝေးတဲ့ ဧရာဝတီမြစ်ရဲ့မြောက်ဘက် လွန်ပင်ချို ဆိုတဲ့ ကျော် ကြီးရဲ့ဘကြီးဦးလေး (ကျော် ကြီးအဖေ ကိုအုန်းရွှေရဲ့ အစ်ကိုအကြီးဆုံး) ရှိတဲ့ ရွာမှာ ဘကြီး ဦးလေးရဲ့ အစောင့် အရှောက်နဲ့ ကျော်ကြီးက ၅ နှစ်သားကတိုင် သွားနေခဲ့တာ။ ကျော်ကြီးရဲ့ တစ်ဦးတည်းသော ညီမ မိအုန်းကိုတော့ ရွာမှာပဲ အမေကြီးဖြစ်သူ (ကျော်ကြီး အမေရဲ့အမေ) ဒေါ်ဖွားသင်က စောင့်ရှောက်ခဲ့တယ်။
ကျော်ကြီး ၁၀ နှစ်သား အရွယ်ရောက်တော့ နှမနဲ့ အမေကြီး ဒေါ်ဖွားသင်ရှိရာ ကိုယ့်ရွာကိုယ့်ဒေသကို အလည် တစ်ခေါက် ရောက်လာသေးတယ်။ အဲဒီတုန်းက မိအုန်းက ၅ နှစ်သမီးအရွယ် ရောက် နေပြီ။ ကျော်ကြီးက မိအုန်းကို သူ့နှမမှန်းမမှတ်မိဘူး။ ဘယ်မှတ်မိမှာလဲ။ ကျော်ကြီး ၅ နှစ်သားအရွယ်နဲ့ လွန်ပင် ချိုကို လိုက်သွားတော့ မိအုန်းက ရက်ပိုင်းအရွယ်ပဲ ရှိသေးတဲ့ဟာ။ မိအုန်းကလည်း ဘာထူးလဲ။ ပြောမနေနဲ့တော့ ပေါ့။ ကျော်ကြီးကို သူ့အစ်ကို ဆိုတာ သိကို မသိတာ။ မောင်နှမ နှစ်ယောက်စလုံး သူစိမ်းတစ်ရံစာတွေလို တစ် ယောက်နဲ့တစ်ယောက် ကြည့် နေသေးတာ။ အမေကြီးဖြစ် သူဒေါ်ဖွားသင်က သူ့မြေး နှစ်ယောက်ကိုကြည့်ပြီး စိတ် မကောင်းလွန်းလို့ မျက်ရည် ကျရှာတယ်။
အဲဒီတုန်းက ကျော်ကြီး က ရွာမှာလေးငါးရက်ပဲ ကြာ တယ်။ လွန်ပင်ချိုကို ပြန်သွား တယ်။ သည်တစ်ခေါက်ပဲ ကျော်ကြီးရွာကို အလည်ပြန် လာပြီး နောက်ထပ်ရွာကို ရောက်မလာတော့ဘူး။ ပထမ တစ်ခေါက် ကျော်ကြီးရွာကို အလည်ပြန် လာပြီးလို့ ၁၂ နှစ်ကြာသွား တော့ လွန်ပင်ချိုက ကျော်ကြီး ရဲ့ ဘကြီးဦးလေး ဆုံးတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဒေါ်ဖွားသင်ကလည်း ရွာမှာ ဆုံးပြန်တယ်။ ကြားထဲနှစ် ရက်ပဲ ကွာတယ်။ လွန်ပင်ချို က ကျော်ကြီးရဲ့ဘကြီးဦးလေး ရက်လည်ပြီးတော့ ရွာက ဒေါ်ဖွားသင်ရဲ့ရက်လည် စ နေပြီ။
ဒေါ်ဖွားသင်ရဲ့ ရက် လည်နေ့မှာပဲ ကျော်ကြီးရွာကို ရောက်ချလာတာ။ ၁၂ နှစ် ထပ်ကြာပြီးမှ ကျော်ကြီးရွာကို ရောက်လာခြင်းပါ။ ဒါပေမဲ့ ဒီတစ်ခေါက် ကျော်ကြီး ရွာပြန်လာတာဟာ ပထမ တစ်ခေါက်ကလို အလည် သက်သက်ပြန်လာတာ မဟုတ် တော့ဘူး။ ရွာကို အပြီးပြန် လာတာ။ တိတိကျကျ ပြော ရရင် ရွာမှာ ဒေါ်ဖွားသင်မရှိ တော့တဲ့အတွက် အားကိုးမှီခို စရာ မရှိတော့ပြီဖြစ်တဲ့ မိအုန်းကို စောင့်ရှောက်ဖို့ ကျော်ကြီး ရွာကို အပြီးပြန်လာတာ။ ဆုံး သွားပြီဖြစ်တဲ့ ဒေါ်ဖွားသင်က မြေးနှစ်ယောက် ဖြစ်သူ ကျော်ကြီးနဲ့ မိအုန်းတို့မောင်နှမ အတွက် အမွေတွေ ထားသွား ခဲ့ပါတယ်။ နှမ်းတစ်စိတ်စီကျ ယာ သုံးကွက်ရယ်၊ တစ်ဧက ခွဲကျယ်တဲ့အိမ်ဝိုင်းနဲ့ လေးပင် သုံးခန်းတွဲရှိတဲ့ အိမ်တစ်လုံး ရယ်။ အဲဒါတွေက ကျော်ကြီး နဲ့ မိအုန်းတို့ အတူတူရကြတဲ့ အမွေဖြစ်သလို ဒေါ်ဖွားသင် ချမ်းသာတာလည်း အဲဒါ အကုန်ပဲ။
ဒေါ်ဖွားသင်ရှိတုန်းက တော့ ဒေါ်ဖွားသင်က သူ့ယာ သုံးကွက်ကို တစ်ယောက် တစ်ဝက်ပုံစံနဲ့ ရွာထဲကနွားရှိ တဲ့သူကို တွဲဖက်ခိုင်းထား တာ။ အခု ကျော်ကြီးက သူ့ လက်ထက်မှာတော့ အမေ ကြီးဖြစ်သူ ဒေါ်ဖွားသင်တုန်းကလို သူများကို တွဲဖက်ပေး မခိုင်းတော့ဘူး။ မိအုန်းနဲ့ မောင်နှမနှစ်ယောက် ယာသုံး ကွက်ကို ကိုယ်တိုင် လုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီလို ဆုံးဖြတ်လိုက်တော့ ကျော်ကြီးအတွက် အခက် အခဲတစ်ခု တွေ့လာတယ်။ ယာသုံးကွက်ကို ကိုယ်တိုင် ကိုယ်ကျ ဦးစီးပြီး လုပ်တာတော့ ဟုတ်ပါပြီ။ ယာလုပ်ဖို့ နွားက ဘယ်မှာလဲ။ ကျော်ကြီး အဲဒါကိုပဲ စိတ်ညစ်သွားတာ။
အဲဒီ အချိန်မှာပဲ ကိုကံမြင့် က ကျော်ကြီးဆီ ပေါက်ချ လာတာ။ ကိုကံမြင့် ကျော် ကြီးဆီ ရောက်လာတာက ကျော်ကြီးရဲ့အခက်အခဲတွေ အကောင်းဆုံး ဖြေရှင်းပေးဖို့ ကိုကံမြင့် ရောက်လာတာပါ။ ကျော်ကြီးရဲ့ မသိစိတ်တစ် နေရာမှာ ကိန်းအောင်း ခိုဝင်နေတဲ့ အတိတ်က နာကြည်းစရာ တွေကို နှိုးဆွ ပစ်လိုက်ဖို့ အတွက်ဆိုတာ ကိုကံမြင့်ဆီမှာ စိတ်ကူးထဲတောင် မရှိ တာပါ။ ကိုကံမြင့်ဆိုတာက လည်း ခိုင်းနွားတွေချည်းပဲ ခြောက်စုံတောင် ပိုင်တဲ့သူ လေ။
ကိုကံမြင့် ကျော်ကြီးဆီ လာတဲ့နေ့က ကိုလှဌေးလည်း ရှိတယ်။ ကိုကံမြင့်က ကိုလှဌေးရှေ့မှာပဲ ပြောတာ ပါ။ မိုးမကျခင်ကျန်တဲ့ နွေ တစ်လအတွင်း ကျော်ကြီးက ကိုကံမြင့်နွားတွေ ကျောင်း ပေး၊ နွားကျောင်းတဲ့အဖိုးအခ အဖြစ် ကျော်ကြီးက ကိုကံမြင့် နွားခြောက်ရှဉ်းထဲက ကြိုက်တဲ့ နွားတစ်ရှဉ်းကို အပိုင်ယူ လိုက်တဲ့။ ဒါကိုကံမြင့် ကျော်ကြီးကို သေသေချာချာ ပြောလိုက်တဲ့ စကားပါ။ ကိုလှ ဌေးလည်း ကြားလိုက်တယ်။ မယုံနိုင်စရာ စကားပါ။ ကျော်ကြီးအတွက် ကိုကံမြင့်ဆီက တကယ်ကို မယုံကြည်နိုင်စရာစကားကို ကြားလိုက်ရတာပါ။ ကိုကံ မြင့်မျက်နှာကို ကြည့်လိုက် တော့လည်း ကိုကံမြင့် ဒီ စကားကို ရယ်စရာပြောနေ တာ မဟုတ်ဘူးဆိုတာ ဖော် ပြနေတယ်။ ကိုကံမြင့်က တကယ်အတည်စကားပြော နေတာ။
ကိုလှဌေးကတော့ သိ လိုက်ပါပြီ။ ကိုကံမြင့် ကျော်ကြီးကို ဒီလို ပြောလိုက်ရတဲ့ အကြောင်းရင်းက ဘာ အတွက်ကြောင့် ပြောတယ်ဆိုတာ ကိုလှဌေးကတော့ သိလိုက်ပါပြီ။ ကိုကံမြင့်ကိုလည်း ကိုလှဌေး နားလည် လိုက်တယ်။
မိအုန်းကိုကြည့်တဲ့ ကိုကံမြင့်ရဲ့ ကရုဏာ မျက်လုံးတွေနဲ့၊ ကိုယ့်ကိုယ်ကို အပြစ် ရှိနေသလို ခံစားနေရပုံ ပေါက်တဲ့ ကိုကံမြင့်ရဲ့မျက်လုံးညို့ ညို့တွေကိုလည်း ကိုလှဌေး သဘောပေါက်လိုက်တယ်။ ဒါတင်မကဘူး။ ကျော်ကြီးကို ကိုကံမြင့်က သူ့နွားတွေကို တစ်လတိတိ ကျောင်းပေး၊ နွားကျောင်းတဲ့ အဖိုးအခ အဖြစ် ကျော်ကြီးကြိုက်တဲ့ ခိုင်းနွား တစ်ရှဉ်း အပိုင်ယူဆိုတဲ့ စကားကိုလည်း ကိုကံမြင့်ဘက်က မလွှဲသာလို့သာ အဲသလိုပြော လိုက်ရတာနေမှာ။ တကယ်တမ်းဆို ကိုကံမြင့်က သူ့ဆီ က ခိုင်းနွားနှစ်ကောင်ကို ကျော်ကြီးကို အလကားတောင် ပေးချင်တာ။ ကျော်ကြီးက ငြင်းရင်တောင် မိအုန်း အတွက်ပါလို့ပြောပြီး ကိုကံ မြင့်က ပေးချင်ပေးဦးမှာ။ ဒါကိုလည်း ကိုလှဌေးရိပ်စား မိတယ်။ ကိုလှဌေးကတော့ ကိုကံမြင့်ကို နားလည်တယ်။ ခွင့်လည်း လွှတ်တယ်။ ခွင့်မလွှတ် ရအောင်ကလည်း ကိုကံမြင့်က အပြစ်မှ မရှိဘဲ။ ကိုကံမြင့်က အပြစ်ကင်းနေ တဲ့သူပါ။
ကျော်ကြီး အနေနဲ့ လည်း ဒီလို ပြောလာတဲ့ ကိုကံမြင့်ပေါ်ကို ခွင့်မလွှတ်နိုင်ဘူး။ ကျေးဇူး မတင်ဘူး။ ၀မ်းမသာဘူး ဆိုရင်တောင် အနည်းဆုံး အနေနဲ့ ကိုကံမြင့် အပေါ်ကို နားလည်မှုလေး တစ်ခုလောက်တော့ ပေး လိုက်စေချင်တာ။ ဒါပေမဲ့ ကျော်ကြီး နားလည်သွားတာ ကတစ်မျိုး။ ကိုကံမြင့် စကားကြောင့် ကျော်ကြီး ရင်ထဲမှာ လည်း အတိတ်ဒဏ်ရာတွေ က ပြန်နိုးထလာခဲ့တယ်။ အတိတ်က အနာတရ လှိုင်းလုံးတွေကလည်း ကျော်ကြီး ရဲ့ ပစ်္စက်္ခနှလုံးသားကို ပြင်း ပြင်းထန်ထန် ပြေးရိုက်လာခဲ့ တယ်။ ကိုကံမြင့် ဆိုတာကလည်း တခြားသူမဟုတ်ဘူး လေ။ ဦးစံတင်ရဲ့သား အရင် ခေါက်ခေါက်ကြီးကိုး။
“ကျုပ်ကို သူ့နွားတွေ ကျောင်းပေးဖို့ လာပြောတဲ့ ကိုကံမြင့်ရဲ့စကားက ဘာ စကားလဲဗျ။ ကျုပ်ရင်ထဲမှာ နာကျင်ခဲ့တဲ့ တစ်ချိန်က ဒဏ် ရာတွေကို ကိုကံမြင့် ပြန်ဆွ လိုက်တာပဲ”
ကိုကံမြင့် ပြန်သွားတော့ ကိုလှဌေးကို ကျော်ကြီး ပြော လိုက်တဲ့စကားသံက ဒေါသ တွေနဲ့ မာဆတ်ကြွပ်ခဲနေခဲ့ တယ်။ ကိုလှဌေးက ကျော် ကြီးကို ဖျောင်းဖျဖို့ ကြိုးစား တယ်။ “ကံမြင့်က အဲဒီသဘော မျိုး မဟုတ်ပါဘူး ကျော်ကြီး ရာ။ ကံမြင့်က တကယ်ကို စေတနာ စိတ်ရင်း အမှန်နဲ့ ပြောတာပါ။ ကံမြင့်ကို အထင် မလွဲပါနဲ့ ကျော်ကြီးရာ”
“ဒါဖြင့် ဘာဖြစ်လို့ ကျုပ်ကို နွားကျောင်းဖို့ဆိုတဲ့ စကားကို ကိုကံမြင့်ထည့်ပြော ခဲ့ရတာလဲ။ ဒီစကားက ဘာ စကားလဲ။ ဒီစကားက အား လုံးကို သတိရစေတဲ့ စကား တွေပဲ။ ကျုပ်မေ့ဖျောက်ထား ခဲ့တဲ့အတိတ်ကို ပြန်ဖော် တယ်။ ကျုပ်ထင်တယ်ဗျာ။ ဒါကိုကံမြင့် ကျုပ်ကို လှောင် လိုက်တာပဲ။ ကျုပ်ကို ထပ်ပြီး စော်ကားတာပဲ”
ကိုလှဌေး ကျော်ကြီးကို ဘာဆက်ပြောရမှန်း မသိ တော့ဘူး။ “ဒါဖြင့် မင်း ဘယ်လို လုပ်ချင်လို့လဲ ကျော်ကြီး”
“ကျုပ် လက်စားပြန် ချေမယ်။ ကျုပ်လက်နဲ့ မသတ်လိုက်ရတဲ့ ဦးစံတင် အလောင်းကို ပြန်ဖော်ပြီး ဆွေးနေတဲ့ ဦးစံတင် အလောင်းတွေကို မီးပုံရှို့ပစ်မယ်။ အိုဗျာ ကျုပ်တို့ မောင်နှမနှစ်ယောက်ကို ထပ် ပြီး စော်ကားလာတဲ့ ကံမြင့် ကိုပါ သတ်ပစ်မယ်”
“... ဟာ...” ကိုအုံးရွှေလူသတ်မှုနဲ့ နှစ်ရှည်လများ ထောင်ကျ သွားတော့ ကိုအုံးရွှေမိန်းမ မကြည်လှိုင်အသက်က ဘာရှိ သေးလို့လဲ၊ ၂၅ နှစ်ကျော်ခါ စလေးပဲရှိသေးတာ။ လူသတ်ပြီး ထောင်ထဲဝင်သွား တဲ့ ကိုအုံးရွှေက မိန်းမဖြစ်သူ မကြည်လှိုင် အတွက် အရွယ် မရောက်သေးတဲ့ ကျော်ကြီးနဲ့ ယာတစ်ကွက်တို့ကို ထားသွားခဲ့တယ်။
ဒါပေမဲ့ ကိုအုံးရွှေထား ခဲ့တဲ့ ယာတစ်ကွက်က မကြည်လှိုင်နဲ့ ကျော်ကြီးတို့ သားအမိနှစ်ယောက်အတွက် အကျိုးခံစားခွင့် မရလိုက်ပါဘူး။ ကိုအုံးရွှေ လူသတ်ပြီးတော့ ယာတစ်ကွက်က အလိုလိုနေရင်း ထိုင်ရင်း ဆုံးရှုံးလိုက် ရတယ်လေ။
ကိုအုံးရွှေနဲ့ မကြည်လှိုင်တို့ မညားခင်က ကိုအုံးရွှေက လူမိုက်မို့ ဒေါ်ဖွားသင်က သမီးဖြစ်သူ မကြည်လှိုင်ကို ကိုအုံးရွှေနဲ့ သဘော မတူခဲ့ ဘူး။ ဒေါ်ဖွားသင် သဘော မတူတဲ့ကြားထဲက မကြည် လှိုင်က ၁၇ နှစ်အရွယ်နဲ့ ကိုအုံးရွှေနောက် ခိုးရာလိုက် ပြေးခဲ့တယ်။ တစ်ဦးတည်းသော သမီးဖြစ်သူ မကြည် လှိုင်ကို ဒေါ်ဖွားသင်က အချစ်ကြီးသလို အမျက်ပါ ကြီးခဲ့တယ်။ သမီးဖြစ်သူ မကြည်လှိုင် ကိုအုံးရွှေနောက် လိုက်ပြေးသွားတော့ ဒေါ်ဖွား သင်က မျက်ရည်တစ်စက် မကျခဲ့ဘူး။ ၀မ်းနည်းစကား တစ်ခွန်းမဆိုခဲ့ဘူး။ “မိကြည် ဒီနေ့ကစပြီး နင်နဲ့ ငါနဲ့ သား အမိ ခန်းပြတ်ပြီ။ ငါ့ကို အမေ လို့လည်း ခေါ်စရာမလိုတော့ ဘူး။ ငါ့အိမ်ရိပ်ကိုလည်း မနင်းနဲ့။ ငါသေရင်တောင် ငါ့ဆီမလာခဲ့နဲ့” ဆိုပြီး ဒေါ် ဖွားသင်က သမီးဖြစ်သူ မကြည်လှိုင်အပေါ် စိတ်အနာ ကြီး နာသွားခဲ့တယ်။ ဒေါ်ဖွားသင်က သူ့သမီး မကြည်လှိုင်အပေါ်ကို အံ့သြ စရာကောင်းလောက်အောင် တကယ်လည်း ပြတ်သားနိုင် ခဲ့တယ်။ သမက်ဖြစ်သူ ကိုအုံးရွှေထောင်ကျလို့ အရွယ်မရောက်သေးတဲ့ ကျော်ကြီးနဲ့ အားကိုးရာမဲ့နေ တဲ့ သမီးဖြစ်သူ မကြည်လှိုင် ကို ဒေါ်ဖွားသင်က တစ်ချက် လှည့်မကြည့်ခဲ့ဘူး။
ကိုအုံးရွှေထောင် ကျပြီးလို့ ပထမ တစ်နှစ်မှာ မကြည်လှိုင်ဟာ ဘ၀ကို ဖြစ်သလို ရုန်းကန်ခဲ့ရတယ်။ ဒုတိယ နှစ်မှာတော့ ဆီစက်၊ ပဲခွဲစက်၊ ဗွီဒီယိုပြစက်နဲ့ နွားအုပ်တွေ ပိုင်ဆိုင်တဲ့ ဦးစံတင်ဟာ မထင်မှတ်ဘဲ မကြည်လှိုင်ရဲ့ အားကိုး အားထားရာ ဖြစ်ခဲ့ တယ်။
နေ့စဉ်နံနက်မိုးလင်းလို့ ရှိရင် မကြည်လှိုင်က ကျော်ကြီးကို အိမ်တစ်အိမ် အိမ်မှာ အပ်။ ပြီးရင် ဦးစံတင်အိမ်ကို မကြည်လှိုင်သွားရပြီ။ အရှေ့ဘက်က ရောင်နီ ပွင့်လာတာနဲ့ ဦးစံတင်နွားအုပ် နဲ့အတူ တောထဲကို နွားကျောင်း ထွက်သွားတဲ့ မကြည်လှိုင်ကို မြင်ရပြီ။ နေလေးနည်း နည်းမြင့်လာပြီဆိုရင်တော့ နွားတစ်အုပ်နဲ့အတူ မကြည် လှိုင် တောထဲကနေ နွားကျောင်းပြန်လာပြီ။
ဦးစံတင်နွားအုပ်ကို နွား ခြံထဲ မကြည်လှိုင်က ကိုယ်တိုင်ကိုယ်ကျ မောင်းသွင်းပြီး ပြီဆိုရင်တော့ တင်းကုပ်ထဲက ၀ါးပက်လက် ကုလားထိုင် ပေါ် မကြည်လှိုင် ခဏနားတယ်။ ပခုံးပေါ်တင်ထားတဲ့ အသင့်ပါလာတဲ့ ပုဆိုးပိုင်းစနဲ့ မျက်နှာပေါ်က ချွေးတွေ သုတ်ပစ်လိုက်တယ်။ ပြီးရင် ပုဆိုးပိုင်းစနဲ့ပဲ ယပ်ခတ်သလို ခတ်ပြီး အိမ်ပေါ်ထပ်ကနေ ဆင်းလာမယ့်ဦးစံတင်ကို ထိုင်စောင့်နေလိုက်တယ်။ ခဏကြာရင်တော့ အိမ်ပေါ် ထပ်ကနေ ဦးစံတင်က ဆင်း လာပြီး “မိကြည် နွားတွေ အစာကောင်းကောင်းစားရဲ့ လား။ ရေကော တိုက်ခဲ့ရဲ့ လား။ နွားတွေ အကုန်စေ့ရဲ့ နော်” စတဲ့ ဦးစံတင်မေးတဲ့ မေးခွန်းတွေကို မကြည်လှိုင် ဖြေရတယ်။
ပြီးရင်တော့ မကြည်လှိုင်နဲ့ ကျော်ကြီးတို့သားအမိ နှစ်ယောက်အတွက် ဆန်နှစ်ပု တောက်(နို့ဆီဘူးနှစ်ပုံး) ဟင်းချက်စရာ အသီးအရွက် အနည်းငယ်၊ အသားတိုတိ တိုစနဲ့၊ အခြောက်အခြမ်းလေး တွေကိုပါ ချိန်ဆပြီး မကြည်လှိုင်ကို ဦးစံတင်က ပေးလိုက်တယ်။ အဲဒါ မကြည်လှိုင် တစ်နေ့တာ နွားကျောင်း ခအဖိုးအခအဖြစ် ဦးစံတင်ဆီ က မကြည်လှိုင် ရတဲ့ တန်ရာ တန်ကြေးပဲ။ မကြည်လှိုင်က တော့ ရတဲ့ ပစ္စည်းလေးတွေကို ပုဆိုးပိုင်းစနဲ့ ကျစ်ကျစ်ပါအောင် စုထုပ်ပြီး မွန်းမတည့်ခင် သားအမိနှစ်ယောက် အတွက် နေ့လယ်စာ အမီ ချက်နိုင်ဖို့ အိမ်ပြန်တော့တာပဲ။
အဲဒါ အလုပ်ရှင်ဖြစ်သူ ဦးစံတင်နဲ့ အလုပ်သမားဖြစ် သူ မကြည်လှိုင်တို့ရဲ့ တစ်လ မပြည့်ခင်အတွင်း နေ့စဉ် ဆက်ဆံကြတဲ့ အလုပ်ရှင်၊ အလုပ်သမားပုံမှန်ဆက်ဆံရေး ပဲ။
မကြည်လှိုင် ဦးစံတင် နွားတွေနေ့စဉ်ကျောင်းပေး လာတာ တစ်လလောက်ရှိ သွားတော့ ဦးစံတင်က မကြည်လှိုင်ကို တစ်စတစ်စနဲ့ သတိထားမိလာတယ်။ တခြားမဟုတ်ဘူး။ မကြည်လှိုင်က အိမ်ထောင် ကျပြီးသား၊ သားတစ် ယောက်မိခင်ဆိုပေမဲ့ မကြည်လှိုင်က ငယ်ငယ်ပဲ ရှိသေး တယ်ဆိုတာရယ်၊ အပျိုတစ် ယောက်လို လှနေသေးတယ် ဆိုတာရယ်၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ မကြည်လှိုင် ခန္ဓာကိုယ်က တင်းတင်းရစ် ရစ် ရှိနေသေးပါလားဆိုတာ ရယ်၊ ဦးစံတင် သတိထားမိ လာတယ်။
ဦးစံတင် သတိထားမိ တာ အဲဒါတင်မကဘူး။ မကြည်လှိုင်က တစ်ကောင် ကြွက်တစ်မျက်နှာ။ သူ့ကိုမှီခို နေရတာ၊ သူခိုင်းမှ၊ ပေးမှ၊ ကျွေးမှ စားရတာ၊ မကြည် လှိုင်ဟာ သူ့လက်ခုပ်ထဲကရေ ဆိုတာကိုပါ ဦးစံတင်က ထပ် သိလိုက်တယ်။ ငယ်ငယ်ရွယ် ရွယ်နဲ့ လင်ယောက်ျားမဲ့၊ အား ကိုးရာမဲ့နေတဲ့အပြင်၊ သွေးနဲ့ ကိုယ်၊ သားနဲ့ ကိုယ်မိန်းမ၊ ဘာသားနဲ့ ထုထားတာမို့လဲ၊ ငါကြံရင် ဘာခံနိုင်မှာတုံး လို့လည်း ဦးစံတင်က တွက် လိုက်တယ်။
အရင်ဆုံး ဦးစံတင်က တစ်နေ့တော့ မကြည်လှိုင်ကို ပိုက်ဆံတွေ အထပ် လိုက်ပေးတယ်။ မကြည်လှိုင်က အတန်တန်ငြင်းတယ်။ ဦးစံ တင်က ချော့မော့ပြောတယ်။ “မိကြည်ရယ်၊ ငါ နင့်ကို သနားလို့ပါ။ နင့်အတွက် မယူရင်တောင် နင့်သား ကျော်ကြီးရဲ့ရှေ့ရေးရှိသေးတယ် လေ။ ငါ့အတွက် ဒီပိုက်ဆံက ဘာမှမပြောပလောက်ပါဘူး။ ငါနင့်ကို စေတနာနဲ့ ပေးတာ ပါ မိကြည်ရယ်။ ကဲပါ၊ နင့် လုပ်အားကြောင့်ရတဲ့ပိုက်ဆံ လို့ သဘောထားပြီး ယူပါ။ ဒါမှမဟုတ် အဖေတစ်ယောက်က သမီးတစ်ယောက် ကိုစောင့်ရှောက်တဲ့ သဘောမျိုးလို့ သတ်မှတ်ပြီး ယူ။ ကဲ ရော့ပါ” ဆိုတော့ မကြည်လှိုင် တွေသွားတယ်။ ဦးစံတင်ကိုလည်း မျက်ရည် ၀ဲနေတဲ့ မျက်လုံးတွေနဲ့ ကျေးဇူးရှင်ကြီး တစ်ယောက်လို မော့ကြည့် တယ်။ တုန်ယင်နေတဲ့ လက်ချောင်းတွေနဲ့ ဦးစံတင် လက်ထဲက ပိုက်ဆံ အထပ်လိုက်ကို ယူခဲ့တယ်။
ဦးစံတင် ပေးလိုက်တဲ့ ပိုက်ဆံထပ်ထဲမှာ မကြည်လှိုင် ရဲ့အသည်းနှလုံးကို ဆွဲဆုတ် ပြီး မကြည်လှိုင်ရဲ့ဘ၀တစ် ခုလုံးကိုပါ တစ်စစီဖြစ်အောင် ခြေမွနင်းခြေပစ်မယ့် ဦးစံ တင်ရဲ့မကောင်းဆိုးဝါး ၀ိညာဉ်တွေ ကပ်ပါလာတယ် ဆိုတာတော့ မကြည်လှိုင် ဘယ်သိခဲ့မှာတဲ့လဲ။
တစ်ပတ်လောက် ကြာသွားတဲ့ အချိန်ကျ နွားကျောင်းက ပြန်လာလို့ ထုံးစံအတိုင်း ကုလားထိုင်ပေါ် ထိုင်နေတဲ့ မကြည်လှိုင်ကို ဦးစံတင်က အိမ်အပေါ်ထပ်ကနေ ဆင်းလာရင်း လှေကားထစ်တွေ ပေါ်ကနေ လှမ်းခေါ်တယ်။ ဦးစံတင် လှမ်းခေါ်တော့ မကြည်လှိုင် ထလာခဲ့တယ်။
အဲဒီနေ့က ဦးစံတင်အိမ် မှာ ဦးစံတင် တစ်ယောက်တည်းပဲ ရှိတာ။ ကျန်တဲ့ အိမ်သားတွေ တစ်ယောက်မှ မရှိကြဘူး။ မကြည်လှိုင်ကို ဦးစံတင်က “ဟဲ့ မိကြည် အိမ် အပေါ်ထပ်က ဆန်အိတ်ထဲ မှာ နင့်ဘာသာနင် ဆန်ကြိုက် သလောက် သွားထည့်ချေ” ဆိုတော့ မကြည်လှိုင်က ခဏ စဉ်းစားလိုက်သေးတယ်။ သိပ်အကြာကြီးလည်း မစဉ်းစားဖြစ်ပါဘူး။ ဦးစံတင်ပြော တဲ့အတိုင်း အိမ်အပေါ်ထပ် တက်သွားခဲ့တယ်။ မကြည်လှိုင်အိမ် အပေါ်ထပ် ရောက်တော့ ဦးစံတင်လည်း နောက် ကနေ ရောက်လာခဲ့တယ်။ မကြည်လှိုင် ထိတ်သလိုလိုတော့ ဖြစ်သွားသေးတယ်။ ဦးစံ တင်ကို လှည့်ကြည့်တယ်။ ဦးစံတင်က ပြုံးပြပြီး “ဆန်က ဟိုဘက်ခန်းထဲမှာတဲ့။ မကြည်လှိုင်က အယောင်ယောင် အမှားမှားနဲ့ ဦးစံတင် ညွှန်ပြတဲ့ အခန်းထဲ ထပ်ဝင် သွားမိပြန်တယ်။
ဦးစံတင်ရဲ့ လှုပ်ရှားမှုက ကျားဆိုးကျားရဲတစ် ကောင်လို လျင်မြန် ဖျတ်လတ်ခဲ့တယ်။ အခန်းထဲဝင် ပြီး အခန်းတံခါးကို ချက်ချ လိုက်တာ၊ မကြည်လှိုင်ကို ချုပ်လိုက်တာတွေက ခဏ လေးတင်။ မကြည်လှိုင်က ဦးစံတင်ကို ငိုယိုပြီး တောင်း ပန်တယ်။ ရုန်းကန်ခဲ့တယ်။
ဒါပေမဲ့ ဦးစံတင် လက်ထဲကနေ မကြည်လှိုင် လွတ် အောင် မရုန်းနိုင်ခဲ့ဘူး။ မကြည်လှိုင် ဘ၀ပျက်ခဲ့ရ တယ်။ နောက် ၆ လလောက် ကြာသွားတော့ ဦးစံတင်က ဘာရောဂါရယ်လို့ တိတိကျ ကျ မရှိဘဲ ဆုံးသွားတယ်။ ဦးစံတင် ဆုံးပြီး ၃ လကြာ တော့ မကြည်လှိုင်က ဦးစံ တင်နဲ့ရတဲ့ မိအုန်းကို မွေး တယ်။ မိအုန်းကို မွေးပြီး မကြည်လှိုင်က မီးတွင်းထဲမှာ တင် ဆုံးသွားတယ်။
မကြည်လှိုင် ဆုံးပြီးမှ မကြည်လှိုင် အမေ ဒေါ်ဖွားသင်က ရောက်လာတယ်။ ဒါပေမဲ့ အရာအားလုံးက လွဲချော်မှု မရှိဘဲ တိတိကျကျကို နောက်ကျ သွားခဲ့ရပြီ။ အရပ်လက်သည် ဒေါ် သောင်းက မိအုန်းလေးကို ဒေါ်ဖွားသင် လက်ထဲ ထည့် လိုက်တယ်။ ကြာခဲ့ပါပြီလေ။ ၁၇ နှစ်တောင် ရှိခဲ့ပြီပဲဟာ။ ဒါပေမဲ့ ကိုကံမြင့် ကြောင့် ၁၇ နှစ်မေ့ပျောက် ထားခဲ့တဲ့ သည်အဖြစ်တွေ ဟာ ကျော်ကြီးရင်ထဲ ပြန် လည် လှုပ်ရှား လာခဲ့ရပြီ။ ကိုလှဌေး တွက်တဲ့ အတိုင်းပါပဲ။ သင်္ချိုင်းကုန်းကို ကိုလှဌေး အပြေးအလွှား ရောက်သွားတော့ ဦးစံတင် အုတ်ဂူဟောင်းကို ဖြိုဖျက်နေတဲ့ ကျော်ကြီးကို တွေ့လိုက် ရတယ်။ ဦးစံတင် အုတ်ဂူ ဟောင်းကို ဒေါသတကြီး ဖြိုနေတဲ့ ကျော်ကြီးရဲ့ ဒေါသ မီးတောက်မီးလျှံတွေကလည်း အလျှံတညီးညီးနဲ့ ဟုန်းဟုန်း တောက်လို့ပါ။
ရွာနဲ့ အလှမ်းဝေးခြင်း ညမှောင်ရိပ်သန်းလာလို့ ရွာက လူတွေဖြတ်သွားဖြတ် လာ မရှိတော့ခြင်းကြောင့် သေဆုံးသူတွေသာ အိပ်မော ကျတတ်တဲ့ သင်္ချိုင်းကုန်း ဟာ တိတ်ဆိတ်ငြိမ်သက်နေ ဖို့ ကောင်းပေမဲ့ ကျော်ကြီးရဲ့ မီးပွင့်မတတ် ရဲဒင်းပေါက် ချက်အောက်မှာ သင်္ချိုင်းကုန်းဟာ တစ္ဆေတစ်ကောင် ၀င်ပူး နေသလို တုန်ယင်ချောက် ချားမှုတွေလည်း အတိပြီးလို့။
ကိုလှဌေးက ကျော်ကြီး လုပ်သမျှကို ပါးစပ် အဟောင်းသားနဲ့ အတန်ကြာ တအံ့တသြငေးကြည့်နေမိ သေးတယ်။ ပြီးမှ ကျော်ကြီး ဆီကို ကိုလှဌေး ဒုန်းစိုင်းပြေး ၀င်ချသွားလိုက်တာ “ကျော် ကြီး အဓိပ္ပာယ် မရှိဘူးကွာ။ မင်းလုပ်နေတာတွေ လုံးဝ အဓိပ္ပာယ်မရှိဘူး”ဆိုတဲ့စကား ကို ကျော်ကြီးဆီပြေးလာရင်း နဲ့ ကိုလှဌေး ပါးစပ်ကနေ တ တွတ်တွတ် ပြောလာတယ်။
ကျော်ကြီးနား ရောက်တော့ ကိုလှဌေးက ကျော် ကြီးကို လျှပ်စီးလျှပ်သလို လျင်မြန်မှုမျိုးနဲ့ ကျော်ကြီးကို ခုန်အုပ် ၀င်ပူးပစ်လိုက်တယ်။ ကျော်ကြီး လက်ထဲက ရဲဒင်း ကို ကိုလှဌေးက ၀ရုန်းသုန်း ကား လုယူ ပစ်လိုက်တာရယ်၊ ရဲဒင်းကို ခပ်လှမ်းလှမ်းက မြေပုံတစ်ခုအပေါ် အားနဲ့ပစ် လွှတ်ပစ်လိုက်တာရယ်၊ ကျော်ကြီး ရင်ဘတ်တည့် တည့်ဆီ ပစ်သွင်းလိုက်တဲ့ ကိုလှဌေးရဲ့လက်သီးဆင့်ချက် နှစ်ချက်ရယ် အချိန်တို အတွင်း လေးပဲ ဖြစ်သွားတာ။
အလစ်အငိုက် ခံလိုက်ရ တဲ့ ကျော်ကြီး မြေပုံတစ်ခု ပေါ် အရုပ်ကြိုးပြတ်ပုံလဲကျ သွားတယ်။ ရုတ်တရက် မထင်မှတ်တဲ့ ကိုလှဌေးရဲ့အပြု အမူကြောင့် ကိုလှဌေးကို မယုံ ကြည်နိုင်ခြင်း၊ နားမလည်နိုင် ခြင်းမျက်လုံးတွေနဲ့ ကျော်ကြီး ကြည့်တယ်။ အကြာကြီးပဲ။
ကိုလှဌေးက ကျော်ကြီး ကို မကြည့်ဘူး။ မျက်နှာတစ် ခုလုံးအပေါ်ကိုမော့ထားတယ်။ ကိုလှဌေး ခန်္ဓာကိုယ်တစ်ခု လုံးလည်း တုန်ယင်နေတယ်။ စောစောလေးကတင် ကျော်ကြီးရဲ့ရဲဒင်းပေါက်ချက်၊ လူနှစ်ယောက်ရဲ့ ဗြောင်းဆန် သွားတဲ့ ထွေးလုံး ရစ်ပတ်မှုတွေ အောက်မှာ ကမ္ဘာ ပျက်လုခ မန်းဖြစ်သွားတဲ့ သင်္ချိုင်းကုန်းက တစ်စုံတစ်ခုနဲ့ တိခနဲ ဖြတ် ချခြင်း ခံလိုက်ရသလို တိတ်ဆိတ် ငြိမ်သက်သွားတယ်။
အဲဒီ တိတ်ဆိတ်မှုထဲမှာမှ ထွက်ပေါ်လာတဲ့ အသံနှစ်သံ။ အဲဒီ အသံနှစ်သံပဲ ရှိတယ်။ အဲဒီအသံနှစ်သံက ကိုလှဌေး ပါးပြင်ပေါ် တလိမ့်ချင်းလိမ့် ဆင်းကျလာတဲ့ ကိုလှဌေးရဲ့ မျက်ရည်ကျသံရယ်၊ ကျော် ကြီးရဲ့ ဖိုလှိုက်နေတဲ့ရင်ခေါင်း ကြီးနဲ့ရှူထုတ်နေတဲ့ ကျော်ကြီးရဲ့ပြင်းထန်တဲ့ အသက်ရှူသံရယ်၊ ဒါကလွဲပြီး သင်္ချိုင်း ကုန်းထဲမှာ ပကတိတိတ် တိတ်ဆိတ်ဆိတ်။
ညက တဖြည်းဖြည်း ရင့်မှည့် လာတာနဲ့ အမျှ လ ရောင်က သင်္ချိုင်းကုန်း အပေါ် ကို အသာအယာ ကျရောက်စ ပြုလာတယ်။ ကိုလှဌေး ပစ်လွှတ်လိုက်တဲ့ ရဲဒင်းလက်က မြေပုံဟောင်း တစ်ခုပေါ် အသွား တစ်ဝက်စိုက်ဝင်နေတယ်။ လရောင်အောက်မှာ ရဲဒင်းက ထောင်လျက်မတ်လို့။
ကိုလှဌေး စကားပြောသံကို စကြားလာရတယ်။ ကျော်ကြီးကို ပြောလိုက်တဲ့ ကိုလှဌေးစကားက ကျော် ကြီးကို ကရုဏာ ဒေါသသံနဲ့ ပြောတာလည်း ဖြစ်နိုင်တယ်။ အပြစ်တင် သံလည်း ဖြစ်နိုင်တယ်။ “ကျော်ကြီး မင်းရူးနေ သလားကွာ တဲ့”
မျက်ရည်တွေကို ကိုလှ ဌေး သူ့လက်ခုံနဲ့ ခပ်ကြမ်း ကြမ်းသုတ်လိုက်တယ်။ ကိုလှဌေးဆီက နောက်ထပ် စကားသံတွေ ထပ်ထွက်လာ ပြန်တယ်။ အဲဒီစကားက ကျော်ကြီးကို နားချလိုက်တဲ့ စကားလား၊ ဒါမှမဟုတ် ဦးစံတင်ရဲ့ ထောင်ချောက်ထဲ ကျော်ကြီးအမေ မကြည်လှိုင် ၀င်ခဲ့ရသလို ဦးစံတင် ထောင် ချောက်ထဲ အခု ဒုတိယ အကြိမ် ကျော်ကြီး ထပ်ဝင် ခါနီးမှာ ချောက်ကမ်းပါး အစွန်းနားကျ ရောက်စပြုနေ ပြီဖြစ်တဲ့ ကျော်ကြီးကို လှမ်း ဆွဲဖို့ ကမ်းလိုက်တဲ့ လက် တစ်စုံလည်း ဖြစ်နိုင်ပြန်သေးတာပေါ့။
“ကျော်ကြီး မင်းမိုက် တယ်၊ သိပ်မိုက်တယ်။ ဒီလို လုပ်လိုက်လို့လည်း ဦးစံတင် ကို ဘယ်လိုမှ အနာတရ မဖြစ်စေတော့ဘူး။ အနာတရ ဖြစ်မှာ မင်းပဲ” ဆိုတဲ့ စကား တွေက ကိုလှဌေးပါးစပ်က နေ တုန်တုန်ယင်ယင်နဲ့ ၀မ်းပန်းတနည်းကို ထွက်လာတာ။ ရင်ခေါင်းသံကြီးနဲ့ ရှူ လိုက်တဲ့ တရှူးရှူးသံတွေနဲ့ ကိုလှဌေးကို မော့ကြည့်နေတဲ့ ကျော်ကြီး မျက်လုံးတွေမှာ မျက်ရည်တွေ ကျနေတာကို လရောင်ဖျော့ဖျော့အောက်မှာ မြင်နေရတယ်။ ကျော်ကြီးရဲ့ အနာတကျင် ငိုသံကြီးနဲ့ အတူ ကျော်ကြီးပါးစပ်ကနေ ဒရော သောပါး ပြေးထွက်လာတဲ့ စကားလုံးတွေကလည်း ဗလုံးဗထွေး နိုင်လှတယ်။
“ဒါ ဒါဆို ကျုပ်က ဘာ ဆက်လုပ်ရမှာလဲ။ ဦးစံတင် အစား ဦးစံတင်သား ကိုကံ မြင့်ကို ကျုပ် သတ်ပစ်ရမှာ လား။ ဦးလေးကိုလှဌေး ပြောဗျာ ပြော”
လပြည့်နေ့ည မဟုတ် ပေမဲ့ လဆန်းရက်လက အရောင်အားတွေ တဖြည်း ဖြည်း အားကောင်းလာနေ တယ်။ သင်္ချိုင်းကုန်းထဲမှာ လရဲ့ အရောင်က ကြည် ကြည်လင်လင်နဲ့ လင်းလင်း ကျင်းကျင်းဖြစ်လာနေတယ်။ လေက ငြိမ်လို့။ ကျော်ကြီး အမေးကို ဖြေလိုက်တဲ့ ကိုလှ ဌေး အဖြေစကားတွေက လည်း လရောင်လို ကြည်ပြီး လေလိုငြိမ်လို့ပါလေ။
“ဘာဆိုင်လဲ။ ကံမြင့်ကို ဘာအကြောင်းပြချက်နဲ့ သတ် ရမှာလဲ။ ကံမြင့်က ဦးစံတင် မှ မဟုတ်တာ။ ကံမြင့်က ဦးစံတင်သား။ ပြီးတော့ ကံမြင့်က”
ပြီးတော့ ကံမြင့်က ဆိုတဲ့ နောက်မှာ ထပ်ပြော လိုက်တဲ့ ကိုလှဌေး စကား က ကျော်ကြီးကို အရဲစွန့်ပြော လိုက်တာ ဖြစ်သလို ပိုင်ပိုင် နိုင်နိုင် ပြောလိုက်တာလည်း ဖြစ်ပါတယ်။ “ကံမြင့်က မိအုန်းရဲ့ အစ်ကို။ ပြီးတော့ မင်းရဲ့ ညီမကလည်း မိအုန်းပဲ”
ညဥ့်က တဖြည်းဖြည်း ပိုမို အုပ်ဆိုင်းလာသလို လက လည်း တိမ်စိုင်ထုထဲကနေ အပြင်ကို တိုးထွက်လာမှုတွေ ပိုပြီး မြန်ဆန်လာတယ်။ သင်္ချိုင်းကုန်းထဲမှာ ရှိနေတဲ့ ကိုလှဌေးနဲ့ ကျော်ကြီးတို့လူ နှစ်ယောက်ဆီက နောက်ထပ် ဘာစကားသံမှ ထပ်မကြား လာရတော့ဘူး။ လူနှစ် ယောက်က ကိုယ့်အတွေး ကိုယ်စီနဲ့ ကိုယ်ငြိမ်ချက်သား ကောင်းကြလို့။
ငြိမ်နေရာကနေ ပထမ ဆုံး လှုပ်ရှားလာတာက ကျော်ကြီး။ မြေပုံပေါ်ကနေ ပြန်ထလိုက်တဲ့ ကျော်ကြီး အမူအရာက ညင်ညင်သာ သာလေးပဲ။ ခပ်လှမ်းလှမ်း က မြေပုံပေါ်စိုက်ဝင်နေတဲ့ ရဲဒင်းကို သွားဆွဲနုတ်ယူလိုက် တာကလည်း အသာအယာ လေး။ ကျော်ကြီး ပုဆိုးကို ပြင်ဝတ်တာ၊ ဖုန်မှုန့်တွေခါ လိုက်တာ၊ ရွာဆီကို ပြန်ဖို့ ခြေဦးလှည့်လိုက်တာကအစ ညင်ညင်သာသာလေးတွေပဲ။
“ကျော်ကြီး ဘယ်ကို လဲ”
ကျော်ကြီး နောက်လှည့် မကြည့်ဘူး။ ကိုလှဌေးကို ကျောပေးရပ်လျက်နဲ့ပဲ ကိုလှ ဌေးအမေးကို ဖြေလိုက်တယ်။ “ကိုကံမြင့်ဆီ” ကျော်ကြီး ထပ်ပြော လိုက်တယ်။ “မနက်ဖြန် ကိုကံမြင့် နွားတွေကို ကျောင်းပေးဖို့ ကျုပ် သဘောတူတယ်ဆိုတာ ကိုကံမြင့်ကို ကျုပ်သွားပြော မလို့” အဲဒီစကားက ကျော် ကြီး ပါးစပ်ကနေ ပီပီသသ ကြီးကို ထွက်လာတာပါ။ အဲဒီညကလည်း လပြည့်ည မဟုတ်ဘဲနဲ့ကို ကောင်းကင်က လမင်းကြီး က လပြည့်ညကြီးတစ်ခုလို သင်္ချိုင်းကုန်းမှာ ထိန်ထိန်ကြီး ကို အလင်းရောင်တွေထွက် ပြီး သာနေတာ။
ငြိမ်းစေ (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Last Updated on Tuesday, 03 April 2012 14:52 |