|
Written by ရီတာအောင်
|
|
Monday, 02 April 2012 14:27 |
သူမက အနုပညာ လောကအတွင်း နှစ်ပေါင်း ၆၀ နီးပါးကျင်လည် ခဲ့ပြီးပြီ။ ရုပ်ရှင်မင်းသမီး၊ ပြဇာတ် မင်းသမီး၊ အဆိုတော်၊ ကချေသည်၊ လူမှုရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင် လှုပ်ရှားတတ်သူ၊
argaiv1074
စာရေး ဆရာမ စသဖြင့် အနုပညာ အသက်မွေး ၀မ်းကျောင်း မှုတွေ ပုံစံ စုံလွန်းသူ တစ်ယောက် ဖြစ်တယ်။ သူမရဲ့ အမည်က Shirley Maclaine ဖြစ်ပြီး ဟောလိဝုဒ်မှာ တစ်ခါက မြာပွေလွန်း သူလို့ နာမည် ကျော်ခဲ့တဲ့ ရုပ်ရှင်မင်းသား Warren Beatty ရဲ့အစ်မအရင်း ခေါက်ခေါက်ပါ။
မင်းသမီးကြီး ရှယ်လီမက်ကလိန်းက ၁၉၃၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မွေးခဲ့ပြီး သူမအသက် ၁၉ နှစ်အရွယ်က စပြီး အနုပညာ လောကထဲ ၀င်ခဲ့ရာ ယခု ၇၈ နှစ်မှာတောင် ရုပ်မြင်သံကြား ဇာတ်လမ်းများ လက်ခံ ရိုက်ကူးနေဆဲ ဖြစ်တယ်။ ရှယ်လီရဲ့ဖခင်က စိတ်ပညာ ရောဂါဆိုင်ရာ ပါမောက္ခ တစ်ဦးဖြစ်ကာ မိခင်ကတော့ ပြဇာတ်ဆိုင်ရာ သင်တန်း ဆရာမဖြစ်တယ်။ ၄င်းရဲ့ မိဘများ သူမကို မွေးဖွား လာစဉ်က အမေရိကန် ရုပ်ရှင်အသိုင်းအ၀ိုင်းမှာ အလွန်ရေပန်းစား ပေါ်ပြူလာဖြစ်နေတဲ့ ကလေးသရုပ်ဆောင် Shirely Temple ရဲ့အမည်ကို သဘော ကျလွန်းလို့ သမီးကို ရှယ်လီလို့ အမည် ပေးခဲ့တာပါ။
အရွယ် ခပ်ငယ်ငယ်ကတည်းက ရှယ်လီ့ကို ဘဲလေးအက သင်တန်း ပို့ပေးခဲ့ရာ ပြဇာတ်များမှာ ၀င်ကနိုင်တဲ့အထိ ကျွမ်းကျင်ခဲ့တယ်။ တစ်နေ့ စင်ဒရဲလား ပြဇာတ်ကရင်း ခြေထောက်မှာ ဒဏ်ရာ ရသွားရာက ဘဲလေး အကကို စွန့်လွှတ်ကာ ဘရော့ဝေးပြဇာတ်ခုံ၊ အဲဒီကမှ တစ်ဆင့် သရုပ်ဆောင် ဘ၀ကို ကူးပြောင်း လာခဲ့တယ်။
ရုပ်ရှင်သရုပ်ဆောင် ဖြစ်လာပြီး ၂ နှစ်အကြာမှာပဲ The Trouble With Harry ရုပ်ရှင်နဲ့ တက်သစ်စ ငွေကြယ်ပွင့် ရွှေကမ္ဘာလုံးဆု ဆွတ်ခူးနိုင်ခဲ့တယ်။ အော်စကာ တစ်ကြိုဆန်ခါတင် စာရင်းတွေမှာလည်း သူမအမည် အဆက်မပြတ် ပါလာခဲ့တယ်။ သူမနဲ့ တွဲဖက် သရုပ်ဆောင်ရသူတွေက သူမကို ပေါင်းရ သင်းရ ခက်ခဲတဲ့သူ၊ မိန်းမတစ်ယောက် ဖြစ်ပေမဲ့ မိန်းမ မဆန်တဲ့သူလို့ ဝေဖန်ခဲ့ကြတယ်။ အထူးသဖြင့် A Change of Season ရုပ်ရှင်အတူ ရိုက်ခဲ့တဲ့ မင်းသားကြီး Anthony Hopkins နှင့်ဆိုရှယ်လီက တစ်စက်ကလေးမှ အကြော မတည့်ကြ။
၁၉၈၃ ခုနှစ်မှာ သူမ Terms of Emdearment ရုပ်ရှင်နဲ့ အော်စကာဆု ပထမဆုံးရရှိခဲ့တယ်။ စီးပွားရေးလုပ်ငန်းရှင် Steve Parker နှင့် ၁၉၅၄ မှာ လက်ထပ်ပြီး ၁၉၈၄ ခုနှစ်မှာ ကွာရှင်းခဲ့ကြတယ်။ ၄င်းအိမ်ထောင်က တစ်ဦးတည်းသောသမီး Sachi ကို မွေးဖွားခဲ့တယ်။ ထင်ရှားကျော်စောတဲ့ Robert Mitchum, Danny Kaye, Yves Montand တို့နဲ့ချစ်ဇာတ်လမ်းတွေရှိခဲ့ သေးတယ်။ ရှယ်လီက “ဒါပေါ့ရှင်၊ ကျွန်မက အဲဒီတုန်းက ငယ်လည်းငယ်၊ အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ အလှအပလည်း ရှိနေခဲ့တာကိုး။ ဒါပေမဲ့ ကျွန်မက ပိပိရိရိ နေတတ်ခဲ့ပါတယ်။ ဒီကနေ့ခေတ် ထင်ပေါ်ကျော်ကြား သူတွေက ဘယ်လိုနေထိုင် ထိန်းသိမ်းကြသလဲတော့ ကျွန်မ မသိပါဘူး။
“တစ်စုံ တစ်ယောက်နဲ့ လမ်းခွဲ တော့မယ်ဆိုရင် ကျွန်မက ကျွန်မနဲ့ ပတ် သက်နေတဲ့ အမျိုးသားကို သူက ကျွန်မ ကို ထားပစ်ခဲ့တယ်ဆိုတဲ့ အနေအထား မျိုး ဖန်တီးယူမိတယ်။ အဲဒီ့အမျိုးသား ရဲ့စိတ်မှာ သူက ထားရစ်ခဲ့လို့ ကျွန်မတို့ ဇာတ်လမ်းပြီးဆုံးသွားတာလို့ ယုံကြည် အောင်ပါ။ ကျွန်မကလည်း တစ်စုံတစ် ယောက်ကို နောက်မှာ ချန်ထားပစ်ခဲ့ရ တာမျိုး သိပ်မုန်းတာ၊ အဲဒီ့ခံစားချက်ကို လေ။ ကျွန်မကိုယ် ကျွန်မလည်း ပြည့်စုံ ဖူလုံသူလို့ ယူဆတယ်။ ဒါကြောင့်လည်း ဒီအမျိုးသားတွေနဲ့ ဒီလိုနေထိုင်နိုင်ခဲ့တာ ပေါ့။ သူတို့အဖို့လည်း ကျွန်မကို ပါတနာ တစ်ယောက်အဖြစ်လက်ခံရတာ သိပ်လွယ်မယ်မထင်ဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်မက ကျွန်မ လုပ်ချင်တာ လုပ်နေတဲ့ မိန်းမတစ်ယောက်ကိုး” လို့ရှင်းပြခဲ့တယ်။

အောင်မြင်တဲ့ ရုပ် ရှင်ကားပေါင်း ၆၀ ကျော် ရိုက်ကူးခဲ့ ပေမဲ့ ရှယ်လီက“ကျွန်မက အလုပ်ပေါ် မှာသာ အသေအချာ အသည်းအသန် ဂရုတစိုက်ရှိခဲ့ပေမဲ့ ဟောလိဝုဒ်အသိုင်း အ၀ိုင်းကိုတော့ ဘယ်တုန်းကမှ အရေး တယူမရှိခဲ့ဘူး”လို့ ပွင့်လင်းစွာ ပြောခဲ့ တယ်။ ရှယ်လီ့ဘ၀မှာလက်ရှိပတ်သက် နေတဲ့ ယောက်ျားသားဆိုလို့ မောင်ငယ်၊ ရုပ်ရှင်မင်းသား Warren Beatty တစ် ယောက်သာရှိပါတော့တယ်။ မင်းသား ကြီးလည်း အသက်မငယ်လှတော့။ ၇၅ နှစ် အရွယ်ဖြစ်နေပါပြီ။ ၄င်းတို့ မောင်နှမနှစ်ယောက်စလုံး ဟောလိဝုဒ် က သတ်မှတ်ထားတဲ့ A List စာရင်းဝင် ရုပ်ရှင်ငွေကြယ်ပွင့်တွေ ဖြစ်လာခဲ့ကြ တယ်။ ရှယ်လီက ၄င်းရဲ့မောင် ရုပ်ရှင် မင်းသား ဖြစ်လာပြီး သူ့ခြေရင်းမှာ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည် ကြွေနေတာမြင်မှ “သြော် ငါ့မောင်ကလည်း အတော်ကြည့်ကောင်းတဲ့ ယောက်ျားတစ်ယောက်ပါလား”လို့ သတိထားမိတယ် လို့ ဆိုပါတယ်။
ဝါရန်းဘီတီကလည်း တကယ့်ကို မြာပွေခဲ့သူပါ။ မင်းသမီး အချောအလှပေါင်း မြောက်မြားစွာနှင့် ချစ်ဇာတ်လမ်းတွေ ခင်းခဲ့ဖူးပြီး အသက် ၅၅ နှစ် အရွယ်ရောက်မှ မင်းသမီးချော Annette Bening နှင့် လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ အိမ်ထောင်ရေး ခုအချိန်အထိ သာသာယာယာ ရှိနေဆဲဖြစ်ပြီး သားသမီး ၄ ဦး ထွန်းကားခဲ့တယ်။ ရှယ်လီက ဘ၀ အတွေ့အကြုံတွေ စုံတာနဲ့အမျှ လူဝင်စား၊ ၀ိညာဉ်နှင့် ပြောဆို ဆက်သွယ်နိုင်မှုစတဲ့ အယူအဆတွေကို လေးလေးနက်နက် ယုံကြည်သက်ဝင်တယ်။ မောင်ဖြစ်သူက ရှယ်လီ့ကို ချစ်ပေမဲ့ အစ်မရဲ့အယူအဆတွေကိုတော့ လက်မခံ။ ဒါကြောင့်လည်း ရှယ်လီက “အဲဒါတွေနဲ့ ပတ်သက်လို့ ပြောတဲ့ ကျွန်မရဲ့စကားဆို ၀ါရန်းက တစ်ခွန်းတောင် မယုံဘူး။ သူက ကျွန်မကို ရူးနေတယ်လို့ ထင်ထားတာ။ ကျွန်မက စိတ်ထဲရှိတာကို ရှေ့နောက် မစဉ်း စားဘဲ ၀ုန်းဒိုင်းပြောချတတ်တယ်။ ၀ါရန်းကတော့ သူဘာမှ မပြောသေးခင် စဉ်းစား ဆင်ခြင်တတ်တဲ့သူ ဖြစ်တယ်”တဲ့။ အခု အသက် ၇၈ နှစ်အရွယ် ရှယ်လီက အငြိမ်း စားယူဖို့ အစီအစဉ် မရှိသေးပါဘူး။ သူမရဲ့ ဆံပင်တိုတိုလုံးလုံးကလေးက ရွှေအို ရောင်တောက်ပနေဆဲ၊ မျက်လုံးပြာပြာလေးတွေကလည်း တစ်စုံတစ်ခုအပေါ် စိတ် အားထက်သန်မှုလေးတွေကြောင့် တဖျတ်ဖျတ်ရွှန်းလဲ့နေဆဲ ဖြစ်တယ်။ မပိန်မ၀ အနေတော် ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားတယ်။ ရှယ်လီက “ကျွန်မအစား ကြီးသူ တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အစာငတ်ခံ ရမှာကိုတော့ မုန်းတယ်။ လှုပ်လှုပ်ရှားရှား လုပ်နိုင်စွမ်းတွေ နည်းနည်း လျော့ကျလာပြီ ဆိုပေမဲ့ ကျွန်မ အသက်ကြီး လာရခြင်း အပေါ် ကျေနပ်မိပါတယ်”လို့ ဆိုတယ်။
မကြာသေးခင်က Downton Abbey ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးဖို့ အင်္ဂလန်နိုင်ငံကို ရောက်ခဲ့တယ်။ အဲဒီရုပ်ရှင်မှာ ရှယ်လီက Martha Levinson ကာရိုက်တာကို ၀င်စား သရုပ်ဆောင်မှာပါ။ ထုတ်လုပ်သူက ဇာတ်ညွှန်းရေးသူ Julian Fellowes ကို မင်းသမီး ကြီး ရှယ်လီ အကောင်းဆုံးသရုပ်ဆောင် နိုင်စေဖို့ ဦးစားပေးဇာတ်ညွှန်းရေးသား ရန် ကြိုတင်ညွှန်ကြားထားတယ်။ အခုမှ စတင်ရိုက်ကူးမယ့် Downton Abbey အပြင် ရိုက်ကူးပြီးသား ရုံတင်ဖို့ အသင့် စောင့်နေတဲ့ရုပ်ရှင်တချို့လည်း ရှိနေပါသေး တယ်။ မင်းသမီးကြီးက စာပေရေး သားခြင်းကိုလည်း မွေ့ပျော်သူဖြစ်ရာ ဧပြီလဆန်းမှာ သူ့ရဲ့လက်ရာI am Over All That And Other Confessions ဆိုတဲ့စာအုပ် ထုတ်ဝေဖြန့်ချိမှာဖြစ်တယ်။ ရှယ်လီက လက်ရှိအချိန်မှာ ဘာကိုမှ ကြိုတင်စီစဉ်နေရာချထားခြင်း မရှိတော့ ပါဘူး။ “ကျွန်မက အခု New Mexico မှာ ခွေးတွေနဲ့ အတူနေတယ်။ ဒီနေ့ပြီး ရင် နောက်တစ်နေ့အတွက်ရယ်လို့တောင် အစီအစဉ် မဆွဲထားပါဘူး။ ကျွန်မလို ပဲ ဘ၀ကို ပျော်စရာကောင်းအောင်နေ ချင်သလား။ ဒါဆို လက်ရှိရောက်နေ ရတဲ့အချိန်ကိုပဲ ပျော်အောင်နေလိုက်ပါ” လို့ လေးလေးနက်နက်ပြောပြပါတယ်။
ရှယ်လီဟာ ထူးထူးခြားခြား တခြားဂြိုဟ်ကလာတဲ့ ပန်းကန်ပြားပျံ Unidentified Flying Object (UFO) တွေကိုလည်း စိတ်ဝင်စားသူဖြစ်တယ်။ ၂၀၀၇-၂၀၀၈ ခုနှစ်တွေတုန်းကဆို CNN, NBC နှင့် FOX ရုပ်မြင်သံကြား သတင်းဌာနတွေမှာ ပန်းကန်ပြားပျံ အကြောင်း အင်တာဗျူးတွေ လုပ်ခဲ့သေး တယ်။ ၂၀၀၇ ခုနှစ်မှာ ထုတ်ဝေတဲ့ သူမစာအုပ် Sage-ing While Age-ing ထဲမှာလည်း ထည့်သွင်းရေးသားခဲ့ ဖူးတယ်။ ဟောလိဝုဒ်ရဲ့အခြားထင် ရှားတဲ့ ရုပ်ရှင်မင်းသမီး၊ အဆိုတော်၊ စာရေးဆရာမ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ရုပ် ရှင်ဒါရိုက်တာ Barbara Streisand ရဲ့ မွေး နေ့ကလည်း ဧပြီလ ၂၄ ရက်ဖြစ်ရာ နှစ်စဉ်မွေးနေ့ပွဲ အတူတူကျင်းပတတ် ကြတယ်။ ၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်မှာ ရှယ်လီက ၇၈ နှစ်၊ ဘာဘရာ က အသက် ၇၀ နှစ် အသီးသီးပြည့်ကြ တော့မှာ ဖြစ်ပါတယ်။
ရီတာအောင် (NY) (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|