|
(April-2012)ရွှေချစ်သူမှ ရွှေချစ်သူ |
|
|
|
|
Written by ၀င်းငြိမ်း
|
|
Monday, 02 April 2012 14:32 |
ဦးဝင်းငြိမ်း ခင်ဗျာ... ၂၀၁၀ အတွက် မြန်မာ့ရုပ်ရှင် ထူးချွန် ဆုပေးပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီနော်။
argaiv1183
အကယ်ဒမီ ပွဲမတိုင်ခင်က တည်းက အသွင်သစ် အမြင်သစ်တွေနဲ့ ကျင်းပမယ်ဆိုတာ ကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကလည်း အမြင့်ဆုံး ဒီဂရီမှာ ရှိခဲ့ပါတယ်။ တကယ့် ပွဲနေ့မှာတော့ အခမ်းအနား အပြင်အဆင် တွေ၊ အနုပညာရှင်တွေ အတွက် လျှောက်လမ်းတွေ ထည့်ပေးထားတာက လွဲလို့ ဆုရွေးချယ်မှုပုံစံတွေကတော့ မပြောင်းလဲဘူး လို့ ထင်ပါတယ်။ အခမ်းအနား အပြင်အဆင်နဲ့ ဖွင့်ပွဲကျင်းပတာ တွေ၊ မီး Setting တွေကတော့ အားလုံး ရင်သပ်ရှုမော ဖြစ်ရပါ တယ်။ နားမလည်တာ တစ်ခုပါပဲ ဦးဝင်းငြိမ်း ခင်ဗျာ။ လျှောက်လမ်းမှာ ကောဇောအစိမ်းကြီး ဖြစ်နေတာကိုပါ။ နိုင်ငံခြား အော်စကာ ဆုပေးပွဲတွေ၊ ဂရမ်မီ ဆုပေးပွဲတွေ၊ ရုပ်ရှင်ပွဲတော်တွေ မှာ ဟောလိဝုဒ်မင်းသား၊ မင်းသမီးတွေ ဂုဏ်ယူ ၀င့်ကြွားစွာ လျှောက်လှမ်းကြတာ ကော်ဇောနီပေါ်မှာပါ။ ဘာဖြစ်လို့ အခု ဒီပွဲမှာ အစိမ်းကြီး ခင်းထားတာလဲ မသိဘူးနော်။ ကိုလူမင်း ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ် တစ်စောင်မှာ ရင်ဖွင့် ထားပါတယ်။
ဆုရွေးချယ်မှု ပုံစံတွေ မပြောင်းလဲဘူးဆိုပေမဲ့ ဒီနှစ်ဆုရ သွားတဲ့သူတွေဟာ အမှန်တကယ် ရသင့်ရထိုက်တဲ့ သူတွေပါပဲ။ ပရိသတ် ဆန္ဒနဲ့ တစ်သားတည်းကျတဲ့ နှစ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ အားလုံး စိတ်မကောင်းကြတာတစ်ခုပဲ ရှိပါတယ်။ မင်းသားဆု၊ မင်းသမီးဆု၊ ဇာတ်ကားဆုတွေ ၃ ဆုရခဲ့တဲ့ အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ် ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင်ကိုဝိုင်း အတွက်ပါ။ ဘာဖြစ်လို့များ ဒါရိုက်တာ ဆုနဲ့ လွဲချော်ခဲ့ရသလဲ စဉ်းစား မရပါဘူး။ ပါဝင်တဲ့ ဇာတ်ဆောင်တွေကို အကယ်ဒမီ ရအောင် ညွှန်ကြားနိုင်တဲ့ ဒါရိုက်တာ တစ်ယောက် အနေနဲ့ သူ ကိုယ်တိုင်လည်း ဒီဆုကို လက်ဝယ် ရသင့်တယ် ဆိုတာ ပြောဖို့ တောင် မလိုဘူးထင်ပါတယ်။ ဒီပွဲ မတိုင်ခင် Short Story ပြိုင်ပွဲမှာ ဆုများ ရခဲ့လို့ အကယ်ဒမီနဲ့ လွဲခဲ့တယ် ထင်ပါတယ်။ ကိုဝိုင်းရဲ့ ပရိသတ် တစ်ယောက် အနေနဲ့ အရမ်း ခံစား ရပါတယ်။ ဒီပွဲကို သူမတက်ဘူး ဆိုတာ အဖြေကို ကြိုသိလို့ ထင်ပါတယ်။ ဒါကြောင့် အကယ်ဒမီ ရွေးချယ်ရေး အဖွဲ့အနေနဲ့ တကယ်တော်တဲ့ ကောင်းတဲ့သူတွေကို ဘာအကြောင်းကြောင့်ပဲ ရှိပါစေ ရွေး ချယ်သင့်တယ်လို့ ထင်ပါတယ်။
ဦးဝင်းငြိမ်း ခင်ဗျာ၊ ၀တ်စား ဆင်ယင်မှုတွေကတော့ ထုံးစံ အတိုင်းပါပဲ။ မစိုး၊ ဒါဒါ၊ အူဝဲနဲ့ သက်မွန်မြင့်တို့ရဲ့ပွဲတက် ၀တ်စုံတွေက အလှဆုံးနဲ့ အလုံခြုံဆုံးပါပဲ။ ထုံးစံအတိုင်း တနင်္ဂနွေနံနဲ့စတဲ့ မင်းသမီး မော်ဒယ်လ်ရဲ့ ပွဲတက်ဝတ်စုံကတော့ ဂျာနယ်တွေမှာ စေ့စေ့ မကြည့်ရဲအောင်ပါပဲ။ ကျွန်တော့် အကြိုက်ဆုံး မင်းသမီး သက်မွန်မြင့် ဆုရသွားတဲ့ အတွက် သက်မွန်နဲ့ ထပ်တူ ၀မ်းသာကြည်နူးမိပါတယ်။ မမို့ပါးစပ်က “အားလုံး မျှော်လင့်ထားတဲ့ အတိုင်း ချင်းမလေး သက်မွန်မြင့်” လို့လည်း ကြေညာလိုက်ရော လက်ခုပ်တီးပြီး ထခုန်မိတဲ့ အထိပါပဲ။ ဂျာနယ်တွေ ထွက်လာတော့လည်း ဇာတ်ကား တစ်ကား တည်းမှာ ဆုရခဲ့တဲ့ ပြေတီနဲ့ သက်မွန်မြင့်တို့ရဲ့အပြုံး အပျော် တွေ မအူဝဲ၊ သက်မွန်မြင့်ကို လာနှုတ်ဆက်တဲ့ ပုံတွေဟာ ပရိသတ်တွေရဲ့ ရင်ထဲထိကို အပျော်တွေ ကူးစက်ကုန်တဲ့အထိ ပါပဲ ဦးဝင်းငြိမ်း ခင်ဗျာ။
ရုပ်ရှင် အနုပညာရှင်တွေကို ချစ်တဲ့စိတ်၊ လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံခေတ်မှာ မြန်မာ့ရုပ်ရှင် လောကကို တိုးတက်စေ လိုတဲ့စိတ်နဲ့ ဒီစာကို ရေးလိုက်တာပါ။ အမှားအယွင်း ရှိခဲ့ရင် ဦးဝင်းငြိမ်း အနေနဲ့ တည်းဖြတ်ပြီး ဖော်ပြပေးပါလို့ တောင်းဆို လိုက်ပါတယ်ခင်ဗျာ။ မင်းမင်း(တောင်ငူ)
ကျွန်တော်တို့လည်း ၀ိုင်းကို ရစေချင်ပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းသော အကြောင်းများကြောင့်လို့ပဲ ဆိုကြ ပါစို့ရဲ့။ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေမှာ ကျွန်တော် ရေးခဲ့တဲ့ အကယ်ဒမီ မှတ်တမ်းကို ပြန်လည် ဖတ်ရှုစေလိုပါတယ်။ ဒါရိုက်တာ ၀ိုင်းကိုတော့ ကျွန်တော် အမှတ် လျှော့ပေးထား တယ်လို့လည်း အကယ်ဒမီ မတိုင်ခင် တစ်ပတ် အလိုက ထွက်ခဲ့တဲ့ အလင်းတန်းဂျာနယ်မှာလည်း ကျွန်တော် ရေးခဲ့ပါတယ်။ ၀ိုင်းက ငယ်ရွယ်သူ ဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာ မရလိုက်ပေမဲ့ ပရိသတ် ရစေချင်တဲ့ ဆုကို နောင် ၅ နှစ်အတွင်းမှာ ရအောင် ယူပြမယ်လို့ ၀ိုင်းပြောထားပြီး ဖြစ်ပါတယ်။
လေးစား ရပါသော ဆရာ ဦးဝင်းငြိမ်းရှင် တစ်နှစ်ဆိုတဲ့ အချိန်လေးဟာ အရမ်းကို မြန်နေသလိုပါပဲ။ မနှစ်က ကျွန်မရဲ့စာလေးကို “ရွှေချစ်သူ” မှာ ဖော်ပြပေးတဲ့ အတွက် အတိုင်းအဆ မရှိ ကျေးဇူးတင်ပါကြောင်း အရင်ပြော ပါရစေ ဆရာ။ ဒီကြားထဲမှာ “ရွှေ” နဲ့ ပတ်သက်ပြီး ပြောချင် တာ ရေးချင်တာတွေ အများကြီးရှိပေမဲ့ ကျွန်မ မျိုသိပ်ထား ပါတယ်။ တခြားသူတွေကိုလည်း နေရာပေးချင်တယ်။ ပြီးတော့ ဒီအချိန်မှာ ဒီစာလေးက မလွဲမသွေ ရေးရဦးမှာမို့လို့ ပါ။
မနှစ်က သင်္ကြန်မှာ ရေချိုတွေကို အရမ်းကာရော သုံး ဖြုန်းနေကြတာတွေကို စဉ်းစားဆင်ခြင်ကြပြီး ရပ်တန်းကရပ် သင့်ကြပြီလို့ ရေးခဲ့ပါတယ်။ ကျွန်မ ရေးတဲ့စာလေးကြောင့် မဟုတ်ဘဲ၊ အကြောင်းတိုက်ဆိုင်စွာနဲ့ မနှစ်က ရေကစားခဲ့ကြတဲ့ သူတွေ အရင်နှစ်ကထက်တော့ လျော့နည်း သွားတယ်လို့ သိရတဲ့အတွက် အရမ်း ၀မ်းသာမိတယ်။ မကစားဖြစ်ကြတာ တော့ အကြောင်းအမျိုးမျိုးကြောင့်ပေါ့လေ။ အဓိကကတော့ ငွေသုံးနိုင်မှုပေါ့နော်။ ဘာပဲဖြစ်ဖြစ် ရေကစားမဏ္ဍပ်တွေထက် ဘုရား ကျောင်းကန်တွေမှာ တခြား NCC လုပ်ငန်းတွေမှာ လူငယ်တွေ အတော်အသင့်ရောက်သွားတဲ့အတွက် အရမ်း ကောင်းပါတယ်။ သံသရာမှာရော ပစ္စုပ္ပန်မှာပါ အရမ်းကောင်း တဲ့ကိစ္စပါပဲ။
၃၁.၁၀.၂၀၁၁ MRTV-4 သတင်းမှာ နိုင်ငံတကာမှာ ပျမ်းမျှလူဦးရေသန်း ၈၆၀ ခန့်ဟာ သောက်သုံးရေမလုံလောက် တဲ့ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ကြားလိုက်ရပါတယ်။ ဒါ့အပြင် နောင်အနှစ်နှစ်ဆယ်အတွင်းမှာ ယခု လက်ရှိသုံးနေတဲ့ ရေသုံးစွဲမှုပမာဏထက် ၄၀% မြင့်တက်လာပြီး၊ ရာသီဥတု ပြောင်းလဲလာမှု၊ လူဦးရေ တိုးပွားလာမှုတွေကြောင့် ရေပိုရှား လာမယ်လို့ စာအုပ်တစ်အုပ်မှာ မှတ်သား ရပါတယ်။ ဆရာ ဒေါက်တာ မောင်မောင်လေးကလည်း အရင်က နယ်မြေလုပွဲ တွေ ဖြစ်တယ်။ အခု စွမ်းအင် လုပွဲတွေဖြစ်တယ်။ နောင်နှစ် အနည်းငယ် အတွင်းမှာ “ရေလုပွဲ” တွေဖြစ်လာမယ်လို့ သုံးသပ် ပြောကြား သွားတာကိုလည်း မှတ်သားရပါတယ်။ တကယ် သေသေချာချာတွေးရင် အရမ်းကိုသတိထားဆင်ခြင်ပြီး အတွေးအခေါ်တွေ ပြောင်းပစ်သင့်ကြပြီလို့ ထင်ပါတယ်။ ဒါတွေဟာ ကျွန်မ မှတ်သားထားတဲ့အထဲက အပိုင်းအစ အချို့ သာ တင်ပြခြင်းဖြစ်ပါတယ်။
အခုအချိန်မှာ ကျွန်မတို့အားလုံး သူများနိုင်ငံတွေမှာ ခြေ တစ်လှမ်းလှမ်းရင်၊ ကျွန်မတို့က ငါးဆယ့်တစ်လှမ်းလှမ်းရမယ့် အချိန်ပါ။ ဘယ်လောက် ပင်ပန်းခက်ခဲကြမလဲနော်။ ဒီခြေလှမ်း ငါးဆယ့်တစ်လှမ်းထဲမှာ ရှိပြီးသားသယံဇာတကို အကျိုးရှိစွာ သုံးစွဲ၊ ခြိုးခြံ၊ ချွေတာခြင်းဆိုတဲ့ ခြေလှမ်းလည်း မလွဲမသွေ ပါဝင်ပါတယ်။ ဒီခြေလှမ်းဟာ ကျွန်မတို့ မြန်မာပြည်သူ ပြည်သား အားလုံး ပြိုင်တူ လှမ်းမှရမယ့် ခြေလှမ်းပါ။
ကျွန်မမှာ လုပ်နိုင်ခွင့်၊ လုပ်ပိုင်ခွင့်များ ရှိရင်ပေါ့လေ။ အရမ်းကို လူစည်ကားတဲ့ မဏ္ဍပ်တွေနဲ့ အပြိုင် ပရိုဂျက်တာတွေ ထောင်ပြီး၊ ကျွန်မတို့ တိုင်းပြည်အပါအ၀င် တစ်ကမ္ဘာလုံးက ရေရှားလို့ အရမ်း ဒုက္ခရောက်နေတဲ့ သူတွေ အကြောင်းကို ပြထား ချင်တယ်။
အခု အချိန်မှာ ဒီစာကို ထပ်ရေးရခြင်းဟာ တစ်ခါတည်း ဆိုရင် အမှတ်တမဲ့ ဖြစ်သွားကြမှာစိုးလို့ ဒီနှစ်မှာ တစ်ခါ ထပ်ရေး ရခြင်း ဖြစ်ပါတယ်။ နှစ်ခါ ဆိုရင်တော့ သက်ဆိုင်သူများ အားလုံး အတော်အသင့် သတိ ထားကြမိမယ် ထင်ပါတယ်။ ဆောင်းပါး သေချာရေးပြီး ဂျာနယ်မှာ ရေးရင် (ရွေးခဲ့ရင်ပေါ့ လေ) ပျံ့နှံ့မှုနှုန်း များမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်မ ရွှေချစ်သူ တွေရဲ့ “အား” ကို ယုံတယ်ဆရာ။ ရွှေချစ်သူများဟာ စာပေ အဆင့်အတန်း တစ်ရပ်မှာ သီးသန့် ရှိနေတဲ့ အတွက် “ရွှေ” ကပဲ တစ်ဆင့်ပြောရခြင်း ဖြစ်ပါတယ်။ နောက်ပြီး နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်ဟာ ဒီအကြောင်းကို ထောက်ပြပြောခဲ့ဖူးပါလားဆိုတာ ကျန်ခဲ့စေချင်ပါတယ်။ “ရွှေ” ကတော့ ၀ယ်သူတိုင်း သေသေချာချာ သိမ်းထားကြတဲ့ စာအုပ် မို့လို့ပါ။
နောင်မှာတော့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ထပ်ပြီးမရေး တော့ဖို့ စဉ်းစားထားပါတယ်။ နှစ်ခါဆိုတော့ လုံလောက်ပြီ ထင်လို့ပါ။ လက်ခံ၊ မခံကြတာတော့ တစ်ပိုင်းပေါ့ ဆရာ။ အခု ရောက်ရှိလာတဲ့ မြန်မာ့နှစ်သစ်ဦးမှာ ရွှေနှင့်တကွ မြန်မာပြည်သူပြည်သားအားလုံး အေးချမ်းပျော်ရွှင်မှုအစစ်အမှန် ကို အမြဲရကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးရင်းနဲ့ ဒီစာမှတစ်ဆင့် ကျွန်မ မှတ်သားထားတဲ့ဆောင်ပုဒ်လေးတစ်ခု ကို ရွှေချစ်သူအားလုံးအတွက် လက်ဆောင်ပေးပါရစေ။ တော် တော်များများလည်း သိကြမယ်ထင်ပါတယ်။ မှတ်ထားတာ တော့ နှစ်အတော် ကြာခဲ့ပါပြီ။ မော်လမြိုင် ဆေးရုံအုပ်ကြီး တစ်ယောက်ရဲ့ဆောင်ပုဒ်လေး ပါ။ “လက်တွေ့ကျသော ကုသိုလ်ကောင်းမှုကို ပြုလုပ် ခြင်းဖြင့် လောကကို အလှဆင်ပါ”တဲ့။ စန္ဒီချို(စစ်ကိုင်း)
ဟုတ်ကဲ့ဗျာ။ စန္ဒီချို ၂ နှစ်ဆက်တိုက်ပြောတော့ ဆင်ခြင်မိတဲ့ သူတွေ ဆင်ခြင်ပါလိမ့်မယ်။

ဆရာဦးဝင်းငြိမ်း ခင်ဗျာ... မင်္ဂလာပါ။ ဆရာ ကျန်းမာပါစေလို့ ဆုမွန်ခြွေပါရစေ။ ရွှေအမြုတေရဲ့ အဖိုးတန်စာမျက်နှာတွေကို မဖြုန်းတီးစေချင် တာမို့ ရွှေချစ်သူမှာ အကြောင်းထူးထူးခြားခြား မရှိရင် မရေး ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ရေး ခွင့်ပြုပါ။ အကြောင်းအရာကတော့ ဗီဒီယိုဇာတ်ကားလေး တစ်ကားအကြောင်းပါ။ ရုတ်တရက်ဆိုရင် ဗီဒီယိုဇာတ်ကား တစ်ကား အကြောင်းက ဘာမှ မထူးခြားပါဘူး။ ဒါပေမဲ့ ဒီစာ ကိုဖတ်မိသူများ ကြည့်ဖြစ်အောင် ကြည့်မိ/နိုင်ကြဖို့ ရေးသား ရတာပါ။
ဇာတ်ကားနာမည်က အချစ်အကြောင်း ပြောကြရအောင် ဖြစ်ပြီး စာရေးဆရာမကြီး မစန္ဒာရဲ့ ၀တ္ထုသုံးပုဒ်(အမေ ချက်တဲ့ ပုစွန်ကျား ခုနစ်ကောင်၊ သူ့ကုသိုလ်၊ ဤသို့ပင် မျှော်လင့် မိပါသည်)ကို ဒါရိုက်တာ ချိုတူးဇော်က ဇာတ်ညွှန်းရေးဖွဲ့ ရိုက်ကူးထားတာပါ။ လွင်မိုး၊ စိုးမြတ်သူဇာ၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဒေါ်မေကြည်သိန်း၊ အေးအေးခိုင်၊ ဒေါ်နွဲ့နွဲ့စန်း အစရှိသူတို့အပြင် သရုပ်ဆောင်ပေါင်းများစွာနဲ့ ရိုက်ကူးထား တာပါ။ ဇာတ်လမ်းအကြောင်း မပြောလိုတော့ပါ။ ဆရာမ မစန္ဒာရဲ့ဝတ္ထုတွေ ဖတ်ဖူးသူများ သိမှာဖြစ်သလို မဖတ်ဖူးသေး သူများလည်း အရသာရှိရှိ ကြည့်နိုင်အောင်လို့ပါ။ အစကတော့ ကျွန်တော်တွေးမိတာ ဒီဝတ္ထုသုံးပုဒ်ကို ဇာတ်ကားတစ်ကား ဖြစ်အောင် ဘယ်လိုပေါင်းစည်းမလဲပေါ့။ ဇာတ်ကားနာမည် ကလည်း “အချစ်အကြောင်းပြောကြရအောင်” ဆိုတော့ သိပ် မဟုတ်ချင်ဘူးလို့ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့ ကြည့်ပြီးသူက လည်း ဆက်မကြည့်နိုင်တော့အောင်ကို ငိုမိ၊ ၀မ်းနည်းမိတယ် လို့ အသည်းအသန် ညွှန်းထား၊ ၀တ္ထုတွေကလည်း ကြိုက်ပြီး သားတွေဆိုတော့ စိတ်ဝင်တစား ကြည့်ဖြစ်ခဲ့ပါတယ်။
ကြည့်ကြည့်လိုက်တော့ ဆရာရယ်...အစအဖွင့် “အမေ ချက်တဲ့ ပုစွန်ကျား ခုနစ်ကောင်”ကတည်းက ထိုင်ရာက မထ ချင်အောင် ဆွဲဆောင် သွားနိုင်လိုက်တာ ဆရာရယ်။ “သူ့ ကုသိုလ်” ကျတော့ ဘယ်လိုမှ မနေနိုင်တော့ဘူး။ မျက်ရည် မကျမိအောင်ပဲ မနည်းထိန်းနေရတော့တယ်။“အမေချက်တဲ့ ပုစွန်ကျား ခုနစ်ကောင်”နဲ့ ”သူ့ကုသိုလ်”မှာ ၀မ်းနည်း ရပြီးတော့ “ဤသို့ပင် မျှော်လင့်မိပါသည်”မှာကျတော့ ဒေါ်မေကြည်သိန်း ရဲ့ သနားစရာ ဟာသနုနုလေးတွေနဲ့ ထိန်းထားပြန်တယ်။
ဒါရိုက်တာ ချိုတူးဇော်ကိုတော့ တကယ့်ကို လေးလေးစားစား ဂုဏ်ပြုဦးညွတ်လိုက်ပါတယ် ဆရာရေ။ ဆရာချိုတူးဇော် နောက်ဆုံးမှာ ရေးပြတဲ့ “ကျွန်တော်ကတော့ မြန်မာဆိုတာ ဒီလိုပါလို့ ရိုးရိုးလေးပဲ ဂုဏ်လုပ်ချင်ပါတယ်” ဆိုတဲ့အတိုင်း မြန်မာဆိုတာ ဘာလဲလို့ သိသွားရစေတဲ့ ဇာတ်ကားပါ ဆရာ။ မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာ့ အလယ်ချပြချင်ရင် နန်းဆန်ဆန်၊ မန်းဆန်ဆန်၊ အဆိုတွေ၊ အကတွေ၊ ရာဇ၀င်တွေ၊ ဆိုင်းဝိုင်းတွေ နဲ့မှဖြစ်တာ မဟုတ်ပါဘူး ဆရာ။ ဒီလိုဇာတ်ကားမျိုးကလည်း မြန်မာ့ယဉ်ကျေးမှုကို လှစ်ဟပြနိုင်တာပါပဲ။ ကျွန်တော့်စိတ်ထဲ ဒီဇာတ်ကားကို ရုပ်ရှင်ကားကြီးသာ ဖြစ်လိုက်ရင်ဆိုတဲ့ အတွေး တွေ ဆူညံနေပါတယ် ဆရာ။ ဒီဇာတ်ကားကို နိုင်ငံတကာမှာ ပြသဖို့လည်း တိုက်တွန်းပါရစေ။ ဒါဟာ မြန်မာ့ရိုးရာယဉ် ကျေးမှု၊ မြန်မာ့စိတ်ရင်း၊ မြန်မာ့ ရှုခင်းကို ဆရာမ မစန္ဒာ၊ ဒါရိုက်တာ ချိုတူးဇော်နဲ့ တကွ ပါဝင် သရုပ်ဆောင်ကြသူများ အားလုံးက အကောင်းဆုံး ဖော်ထုတ်ပြသလိုက်တာပါပဲ ဆရာ။ ဆရာ မကြည့်ရသေးဘူးဆိုရင်တော့ ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းဆိုပါရစေ ဆရာ။ ကြည့်မယ်ဆိုရင်လည်း မျက်ရည်သုတ်ဖို့ လက်ကိုင် ပ၀ါလေးပါ အသင့်ဆောင်ထားပါ ဆရာ။ (ဆရာ့စိတ်ကို သိနေလို့ပါ။)
တစ်ဆက်တည်း အနုပညာရှင်များကို ပြောချင်တာက ဒီလိုဇာတ်ကားမျိုးလေးတွေလည်း ရိုက်ပေးကြပါဦးလို့ အနူး အညွတ်မေတ္တာရပ်ခံချင်တာပါ။ ဆင်ဆာဖြတ်တာကျတော့ တညီတညွတ်တည်း တော်လှန်ခဲ့ကြသလို၊ ဗီဒီယိုဇာတ်ကား ကောင်းတွေ ထွက်ရှိနိုင်ဖို့အရေးမှာလည်း ညီညွတ်ပေးကြဖို့ တောင်းဆိုပါရစေ ဆရာ။
စာဖတ်သူများလည်း ကြည့်ဖြစ်အောင် ကြည့်စေချင်ပါ တယ်။ ဆရာမ မစန္ဒာ၊ ဆရာချိုတူးဇော်နဲ့ ပါဝင်သရုပ်ဆောင် ကြသူများ အားလုံးကို လေးလေးစားစား ချီးကျူးဂုဏ်ပြုလိုက် ပါတယ် ခင်ဗျာ။ စာရှည်သွားရင် ခွင့်လွတ်ပေးပါ ဆရာ။ မပယ်ဖို့လည်း မေတ္တာရပ်ခံပါရစေ။ ကျေးဇူးတင်ပါတယ် ဆရာ။ ဝေမိုးနိုင်(မုံရွာ)
ကျွန်တော် မကြည့်ရသေးပါ။ ကြည့်ဖြစ်အောင် ကြည့် လိုက်ပါ့မယ်။ ဒါရိုက်တာ ချိုတူးဇော် ကြားရင်လည်း ကိုဝေမိုးနိုင်ကို ကျေးဇူး တင်နေမှာပါ။ ဒီလို ရင်ထဲထိတဲ့ ကားလေးတွေ မြန်မာ ရုပ်ရှင်လောကမှာ ပေါ်ထွက်စေချင်တဲ့ ဆန္ဒ ကျွန်တော့်မှာလည်း ရှိပါတယ်။ မကြာခင်မှာ ဒီလိုကားမျိုးတွေ ပေါ်လာတော့မယ်လို့ မျှော်လင့် မိပါတယ်။
သို့ ဆရာဦးဝင်းငြိမ်းရှင့် မင်္ဂလာပါ။ ဆရာရေ ဆရာ့ဆီ စာတွေရေး ရေးပြီး မထည့်ဖြစ်တာ အစောင်ပေါင်း မရေနိုင်ပါပဲ။ ရွှေကို အားပေးခဲ့တာလည်း ဆယ်စုနှစ် ကျော်ခဲ့ပြီ။ အခုမှပဲ အဝေးမြေကနေ လွမ်းလွမ်း ဆွတ်ဆွတ်ကို ရေးမိတာပါ။ ရွှေဟာ အတုမရှိရွှေပါပဲ။ နှိုင်းယှဉ်ပြစရာ မရှိအောင် ကောင်းလွန်းလို့။
ကျွန်မလည်း ဆရာ့ရဲ့ သားသမီးဖြစ်ချင်လှပြီ။ ဆရာ့ရဲ့ ဆုပေးပွဲတွေကို တက်ချင်လိုက်တာ။ ဒီဘ၀ရပါတော့မလား မသိဘူး ဆရာရယ်။ အခုထိတော့ ရေးထားတဲ့ဝတ္ထုလေးတွေ ကို မပို့ဖြစ်သေးဘူး။ အားမရသေးလို့ မပို့တာပါ။ ပို့ဖြစ်ရင် လည်း အနိမ့်ဆုံးအဆင့် ဆရာ့ရဲ့ မှတ်ချက်ကလေးကို ဖတ်ချင် တယ်။ မပါနိုင်လောက်ဘူးထင်တဲ့ ၀တ္ထုတွေကို ဆရာတို့ အလုပ်ရှုပ်မှာစိုးလို့ မပို့ချင်ဘူး။ အဲတော့ ကြိုးစားလိုက်ဦးမယ် ဆရာရေ။ တစ်ရက်ရက် ဆရာနဲ့ တွေ့ရကောင်းပါရဲ့လို့ မျှော် လင့်နေမိတယ်။ ခုတော့ ရွှေကို မဖတ်ရတာ ၁၇ လရှိပြီ။ ဒီလ ၂၀၁၂ ဖေဖော်ဝါရီလထုတ်မှပဲ ၀ယ်ဖတ်ဖြစ်တော့တယ် ဆရာရယ်။
ရွှေဟာ တဖြည်းဖြည်းနဲ့ ပိုကောင်းလာလိုက်တာ ဆရာ ရယ်။ စာအုပ်ကို ဖတ်မိတာနဲ့ ဆရာ့ရင်ထဲက စေတနာကို ခံစားမိပါတယ်။ ဆရာနော်(ကျောက်တိုင်)ရဲ့ ပေးစာလေးကို ဖတ်ပြီး စာနာမိသလို ဆရာ့ရဲ့ပြန်စာကိုဖတ်ပြီး ကြည်နူးမိပါ တယ်။ ကျွန်မလည်း ရွှေကိုဖတ်တာနဲ့ ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍကို အရင်ဆုံးဖတ်တာပါ။ ဖြစ်နိုင်ရင် အမြဲတမ်းထည့် ပေးပါ ဆရာရယ်။ ဆရာတို့ အခက်အခဲကိုလည်း စာနာမိပါ တယ်။ အရည်မရ အဖတ်မရ စာတွေများမယ်မှန်းလည်း ခန့်မှန်းမိပါတယ်။ (ဥပမာ- အခုစာမျိုးပေါ့။) ဒါပေမဲ့ ဆရာ နော် (ကျောက်တိုင်) ပြောသလိုပဲ ဆရာ့အသံ၊ ပရိသတ်အသံ ပျောက်သွားမှာ စိုးလို့ပါ။
ဆရာ မြေမှုန်လွင်ရဲ့ စက္ကူလေယာဉ်ပျံ လေးဟာ ရင်ထဲ ကို တိုက်ရိုက်မှန်တယ်။ ခံစားမှုတွေ ထပ်တူကျနေချိန်မို့ မျက်ရည်ကျမိတယ်။ ဆရာမ ခင်ခင်ထူးက တစ်ချီလာပြန်ပြီ ပေါ့။ ဆရာမ၀တ္ထုတွေ ဖတ်ရင် မပြီးသေးခင် သေသွားမှာ တောင် ကြောက်တယ်။ မဖတ်လိုက်ရမှာစိုးလို့။ ဆရာမရဲ့ အရေး အသား ဆွဲဆောင်မှုတွေဟာ ကြောက်ခမန်းလိလိပါပဲ ဆရာ။ အမြဲတမ်းထိပ်ဆုံးက အားပေးနေကြောင်းလေး ပြောပေးပါနော်။
ဆရာ့ကို ဓာတ်ပုံထဲမှာ ကျန်းကျန်းမာမာကြီး မြင်ရလို့ အတိုင်းအဆမရှိ ၀မ်းသာသွားပါတယ်။ ဆရာ ကျန်းမာနေပါ စေလို့ အမြဲဆုတောင်းနေတာပါ။ ဆရာ နည်းနည်းပိုဝလာ တယ်။ ဆရာနှင့်တကွ “ရွှေ” အဖွဲ့သားများအားလုံး ကိုယ် စိတ်နှစ်ဖြာချမ်းသာကြပါစေလို့။ တစ်သက်စာ အားပေးသွားမဲ့ ရွှေစင်၊လားရှိုး၊
ရွှေအမြုတေပါ ၀တ္ထုများကို ကြိုက်နှစ်သက်တယ်ဆိုလို့ ကျွန်တော် ၀မ်းသာရပါတယ်။ ရွှေချစ်သူမှ ရွှေချစ်သူသို့ ကဏ္ဍ ကို လစဉ်ဖော်ပြပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့ သလို အရည်မရ အဖတ်မရတွေက များနေတာကြောင့် ဒီလ မှာဆိုရင်လည်း ၅ စောင်သာ ဖော်ပြနိုင်ပါတယ်။ ဆရာမ ခင်ခင်ထူးရဲ့ တောမင်းသမီးက မအိမ်ကံလိုပဲ ဆွဲဆောင် သွာ ဦးမှာပါ။
မင်္ဂလာပါ လေးလေးငြိမ်း... ၇-၂-၂၀၁၂ အင်္ဂါနေ့က ကျင်းပသွားခဲ့တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်(အကယ်ဒမီ) ဆုပေးပွဲကြီးကတော့ အောင်မြင်စွာပြီး ဆုံးသွားခဲ့ပါပြီ။ အတတ်ပညာရှင်၊ အနုပညာရှင်တွေ အများ ကြီးထဲကမှ ထူးချွန်ပြောင်မြောက်တဲ့သူတွေကို စိစစ်ရွေးချယ် ပြီးပေးတာဆိုတော့ ဒီဆုကိုရဖို့ဆိုတာ တကယ်ကို မလွယ်လှ ပါဘူး။
ဒါပေမဲ့ ဟိုး...ဝေးလွန်းတဲ့ ချင်းတောင်တန်းတွေကြား က တိုင်းရင်းသူလေးတစ်ယောက်ကတော့ ထင်ပေါ်လို့ စင်ပေါ်ကို ရောက်ရှိခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော်တို့ ရခိုင်ရိုးမအနောက်ဘက်ခြမ်းက တိုင်းရင်းသားလေး တစ် ယောက်လည်း ဒီဆုကို ထိုက်တန်စွာနဲ့ ရရှိခဲ့ပါတယ်။ တစ်နယ် တစ်ကျေးကလာပြီး ဒီလိုအနုပညာလောကမှာ အောင်မြင်တဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ကြတဲ့ ကိုနေတိုးနဲ့ မသက်မွန်မြင့် တို့ကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ လေးလေးငြိမ်းနဲ့ ရွှေဝိုင်းတော်သားများ စိတ္တသုခ၊ ကာယ သုခနဲ့ ပြည့်စုံနိုင်ကြပါစေ... စိုးကျော်ထွဏ်း(ရွှေသုံးပတ်) ရခိုင်ပြည်နယ်
ဟုတ်ကဲ့။ အနုပညာအရည်အသွေးရှိတဲ့ သူများကို တစ်နိုင်ငံလုံးက ပရိသတ်များ အားပေးကြပါတယ်။ ပြည်နယ် ပြည်မ ခွဲခြားမှု မရှိပါဘူး။ နောက်ထပ် ပေါ်ထွက်လာမယ့် တိုင်းရင်းသား သရုပ်ဆောင်များကိုလည်း ကြိုဆိုအားပေး လိုက်ကြပါဦး။
ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |