|
Written by Teen အယ်ဒီတာအဖွဲ့
|
|
Thursday, 05 April 2012 14:59 |
ပီတိမျက်လုံး အပြုံး မျက်နှာတွေ ရခဲ့ကြတဲ့ မနောအလှ အဖွဲ့
argaiv1229
ကချင် ပြည်နယ်ဖွား ဂီတ အနုပညာရှင်များက မိမိတို့ တတ်တဲ့ အနုပညာနဲ့ ကချင်ပြည်နယ်မှာ ပြည်တွင်း စစ်ဘေးဒဏ်ကြောင့် ဒုက္ခ ရောက်နေသူများ အတွက် ရည်ရွယ်ပြီး “မနောအလှ ဂီတည”လို့ အမည် ပေးထားတဲ့ ရန်ပုံငွေ ဂီတပွဲကို ဖေဖော်ဝါရီလ ၂၅ ရက် ည ၆ နာရီခွဲ အချိန်က ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပ ခဲ့ပါတယ်။
တေးဂီတ ပွဲမှာ ကချင်ပြည်နယ်ရဲ့အထင်ကရ အလှအပ တစ်ခုဖြစ်တဲ့ မြစ်ဆုံကို အစွဲပြုပြီး စင်မြင့် အပြင်အဆင်ကို မြစ်ဆုံ သဏ္ဌာန် ရေစီးအလှများနဲ့ Naing Group က အလှ ဆင်ပေးထားပါတယ်။ တေးဂီတ အစီအစဉ်မှာ ကချင် မျိုးနွယ် သရုပ်ဆောင်၊ မော်ဒယ်လ်များဖြစ်ကြတဲ့ ခင်လေးနွယ်၊ Z အဘောက်၊ အောန်ဆိုင်း၊ မိုင်းလုံ၊ Mဆိုင်းလူတို့နဲ့ ကိုနော်စိုင်းတို့က စီစဉ်တင်ဆက် ပေးခဲ့ကြပါတယ်။ ပထမဦးဆုံး သီဆို ဖျော်ဖြေပေးတဲ့ သီချင်းက လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်လောက်ကတည်းက ၂၀ ရာစု ကိုကျော်ညွန့် ရေးသား ပေးခဲ့ပြီး K ဂျာနူး သီဆို အောင်မြင်ခဲ့တဲ့ ကချင်မြေကိုလာပါ သီချင်းကို ကချင်အဆိုတော် များဖြစ်ကြတဲ့ K ဂျာနူး၊ L ခွန်းရီ၊ ကော့မိုင်၊ M ဆိုင်းလူနဲ့ Lလွန်းဝါ စတဲ့ အဆိုတော်များက သီဆို ဖျော်ဖြေ ပေးခဲ့ကြပြီး ၀န်ပေါင်နိန်ဂျာအကအဖွဲ့က ကပြ ဖျော်ဖြေပေးခဲ့ကြပါတယ်။
ဆက်လက်ပြီး တေးစီးရီးထွက်ရှိထားတဲ့ အဆိုတော်များထဲက မာဂရက်၊ 3 Minutes အဖွဲ့၊ Mဆိုင်းလာ၊ နော်ဒင့်၊ Blue Berry အဖွဲ့၊ ဒေါင်လွဏ်း၊ Kဂျာနူး၊ ဂျက်ဆန်ထွန်းတို့က သီဆိုဖျော်ဖြေပေးခဲ့ကြပါတယ်။ မနော အလှဂီတပွဲကို ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်များလည်း တက်ရောက်ချီးမြှင့် ပေးခဲ့ကြပြီး ဂီတပွဲကို လာရောက်အားပေးကြရုံမက အလှူအတွက်ပါ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မေသဉ္ဇာဦး နဲ့ မေသက်ခိုင်တို့က ကျပ် ၁ သိန်း၊ ကိုစိုးလှိုင်ဦးနဲ့ သရုပ်ဆောင် ရတနာခင် တို့က ကျပ် ၃ သိန်း၊ Naing Group ဆောက်လုပ်ရေးက ကျပ်သိန်း ၃၀ စသဖြင့် ထည့်ဝင် လှူဒါန်း ပေးခဲ့ကြပါတယ်။
အဲဒီ ဂီတပွဲကနေ ရရှိလာ တဲ့ အကျိုးအမြတ်များနဲ့ လုပ်ငန်းရှင် ကြီးများက ထည့်ဝင်ကူညီလှူဒါန်း ပေးခဲ့ကြတဲ့ အလှူငွေ၊ ပစ္စည်းများ ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့က စတင်ပြီး ကချင်ပြည်နယ်တစ်ဝိုက် သို့အနုပညာရှင်များ ကိုယ်တိုင်သွား ရောက် လှူဒါန်းပေးခဲ့ကြပါတယ်။
ကချင်ပြည်နယ်ဖွား ဂီတအနု ပညာရှင်များသာမက လုပ်ငန်းရှင် များနဲ့ စာနယ်ဇင်းများ လိုက်ပါပြီး Air KBZ ရဲ့ ပံ့ပိုး ကူညီပေးမှုနဲ့ မတ်လ ၁ရက်နဲ့ ၂ ရက်နေ့များက မြစ်ကြီးနားမြို့သို့ ထွက်ခွာပြီး အကူအညီ လိုအပ်နေသူ ဒုက္ခသည် စခန်း အသီးသီးကို သွားရောက် လှူဒါန်းပေးခဲ့ ကြတာ ဖြစ်ပါတယ်။

နေ့ပိုင်းမှာ ဒုက္ခသည်တွေရှိရာ အရောက်သွားရောက်လှူဒါန်းပေးခဲ့ကြသလို ညပိုင်းမှာလည်း မနော အလှဂီတအဖွဲ့က သီချင်းများနဲ့ပါ သီဆိုပြီး နှစ်သိမ့်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဂီတဖျော်ဖြေပွဲအစီအစဉ်ကို မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဂျန်မိုင်ကောင်း ခရစ်ယာန်နှစ်ခြင်းအသင်းတော်ကျောင်းအတွင်းမှာ ကျင်းပပေးခဲ့တာဖြစ်ပြီး ရန်ကုန် မြို့ကနေ လိုက်ပါခဲ့ကြတဲ့ အဆိုရှင်များနဲ့ မြစ်ကြီးနားမှာ ရှိနေကြတဲ့ အဆိုတော်များကပါ သီဆိုဖျော်ဖြေပေးခဲ့ ကြတာဖြစ်ပါတယ်။ ဂီတပွဲ မစတင်မီ တာဝန်ရှိသူများနဲ့ အနုပညာရှင်များက သီချင်းများနဲ့ ဖျော်ဖြေ ရခြင်းကို အရင်ဆုံး ရှင်းလင်းတင်ပြပေးခဲ့ပြီး တိုင်းရင်းသားတွေ အားပေး ကြတဲ့ အစီအစဉ်ဖြစ်တာကြောင့် အဆိုတော် တော်တော်များများက ကချင် လိုပြောပြီး ကချင်သီချင်းတွေ ဆိုပြပေးခဲ့ကြပါတယ်။ သွားရောက်လှူဒါန်းဖြစ်ခဲ့တဲ့စခန်းများက စခန်း ၄၂ ခု ဖြစ်ပြီး တချို့ စခန်းတွေမှာဆိုရင် လူဦးရေ ၂၀၀၀ နီးပါးရှိတဲ့ စခန်းတို့ပါ ပါပါတယ်။ လူတစ်ဦး ကျပ် ၅၀၀၀ နှုန်းစီသတ်မှတ်ပြီး စားသောက်ကုန် အ၀တ်အထည်၊ ဆေးဝါးများပါ လှူဒါန်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်း ၄၂ နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ကြတာဖြစ်ပြီး သွားလာရေး ခက်ခဲတဲ့ စခန်း ၅ ခုကိုတော့ ကိုယ်စားလှယ်များမှတစ်ဆင့် လှူဒါန်းပေးခဲ့ကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ စတင်ပြီး သွားရောက်လှူဒါန်းခဲ့ကြတာ အလှူငွေစုစုပေါင်း 5,675,000 ဖြစ်ပြီး ပစ္စည်းတန်ဖိုး သိန်း ၂၈၀ ကျော် လှူဒါန်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလှူဒါန်းတဲ့ အစီအစဉ်မှာ ပထမ အကြိမ် သွားရောက် လှူဒါန်းပေးတာဖြစ်ပြီး နောက်ထပ်လည်း သွားရောက်လှူဒါန်းပေးဦးမယ်လို့ သိရပါတယ်။ ယခုအခေါက် သွားရောက် လှူဒါန်းတဲ့ အစီအစဉ်အပြင် မတ်လ ၁၂ ရက်နေ့မှာလည်း ဗန်းမော်ဒေသတစ်ဝိုက်ကို ဦးဆောင်စီစဉ်သူ ကိုလင်းခန့်နဲ့ အဆိုတော် M ဆိုင်းလုတို့က သွားရောက်လှူဒါန်းပေးဦးမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပပေးခဲ့တဲ့ မနောအလှဂီတပွဲကိုလည်း အလှူငွေများ ထပ်မံရရှိနိုင်ဖို့ VCD အဖြစ် ဖြန့်ချိပေးသွားဦးမှာဖြစ်ပြီး VCD အဖြစ် ဖြန့်ချိပေးတဲ့အခါ ဖျော်ဖြေရေးအစီအစဉ်များအပြင် အနုပညာရှင်များ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့တဲ့ မှတ်တမ်းများကိုပါ ထည့်သွင်း ပေးသွားမယ်လို့ သိရပါတယ်။
လင်းနိုင်ဦး (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|