|
ကမ္ဘာကျော် ဘောလုံးသမား မဖြစ်ပေမဲ့ ပြေးခုန်ပစ် ရွှေတံဆိပ် ဆုရှင် ဖြစ်ခဲ့သူ |
|
|
|
|
Written by သင်းပပ
|
|
Thursday, 05 April 2012 16:18 |
လူငယ်တွေ အောင်မြင်စေမယ့် နည်းလမ်းနဲ့ စိတ်ဓာတ်၊ အကြောင်းအရာ မျိုးစုံထဲမှာ မခံချင်စိတ် ဆိုတာကလည်း တစ်ခု အပါအ၀င် ဖြစ်သလို အရေးကြီးတဲ့ အချက် တစ်ခုလည်း ဖြစ်ပါတယ်။
argaiv1888
မခံချင်စိတ် ဆိုတဲ့နေရာမှာ “အနိုင်မခံ၊ အရှုံးမပေး” ချင်တာကို ဆိုလိုတာပါ။ ဒီစိတ်က လူတစ်ယောက်ရဲ့ဘ၀ကို လုံးဝပြောင်းလဲ သွားစေနိုင်တာပါ။ ဒီစိတ်ကြောင့် အောင်မြင်မှု လမ်းစပေါ် ရောက်လာတဲ့ ပြေးခုန်ပစ် အားကစားသမား လူငယ် တစ်ဦးနဲ့ တွေ့ခဲ့ရပါတယ်။ ပိုပြီး ထူးခြားတာက ဒီလူငယ်ဟာ မသန်စွမ်း လူငယ် တစ်ဦးဖြစ်လို့ နေပါတယ်။ မသန်စွမ်းတွေမှာ ဒီစိတ်ကို အများဆုံး တွေ့ရပြီး ဒီစိတ်နဲ့ ကိုယ့်ရဲ့ဘ၀ကို သာမန် လူတွေထက် ပြောင်းလဲ နိုင်တာကိုလည်း သတိ ထားမိခဲ့ရပါတယ်။
ထူးမြတ်နိုင် ဆိုတဲ့ လူငယ်က အသက် ၂၀ ကျော်ကျော်လေးပဲ ရှိသေးတာပါ။ ရှေးဘ၀ ကုသိုလ်ကံလို့ ဗုဒ္ဓဘာသာ မြန်မာတွေ ဆိုရိုးစကားနဲ့ ပြောရမယ်ဆိုရင် ဒီကလေးက သာမန် ကလေးငယ် ဘ၀နဲ့ အမိဝမ်းက ကျွတ်ခဲ့ရပေမဲ့ အဲဒီ ကံဆိုတဲ့ အရာကြီးကြောင့် ၅ နှစ်သားအရွယ်မှာ ရထား မတော်တဆမှု ဖြစ်ပြီး မသန်စွမ်း ဘ၀ကို ရောက်ခဲ့ရတာပါ။ ကြောက်လန့်စရာ အဖြစ်ဆိုးကို ကြုံတွေ့ပြီး သေကံမရောက် သက်မပျောက်ခဲ့ပေမဲ့ ညာဘက်လက် တစ်ဖက် ပြတ်သွားခဲ့ရတဲ့ ဒီလူငယ်က စိတ်ဓာတ်ပိုင်း ဆိုင်ရာ ချို့ယွင်း မှုတော့ မဖြစ်ခဲ့ပါဘူး။ “အရမ်း ငယ်သေးတော့ ဆော့တဲ့အရွယ်လည်းဖြစ်တော့ ဖြစ်တုန်း ခဏပဲလေ။ ပြီးတော့ ကျွန်တော့် ၀န်းကျင်ကလည်း ကောင်းခဲ့တယ်”လို့ သူက ဆိုပါတယ်။ ဟုတ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀ဆိုတဲ့ နေရာမှာ နေထိုင်ရာ ၀န်းကျင်နဲ့ မိမိရဲ့အနီးစပ်ဆုံး မိသားစု၊ ဆွေမျိုး အသိုင်းအ၀ိုင်းက သိပ်ကို အရေးပါလှပါတယ်။ ဒီလူငယ်က ကံကောင်း ထောက်မစွာပဲ ကိုယ့်ရဲ့အားနည်းချက်ကို နှိပ်ကွပ်မယ့် ကိုယ့်ရဲ့ ချို့ယွင်းမှုကို အနိုင်ယူမယ့် စော်ကားမယ့် ၀န်းကျင်နဲ့ ဝေးကွာ ခဲ့ရတာကြောင့် ငယ်ဘ၀က သိပ်ကို အဆင်ပြေပြီး စိတ်ဓာတ်တွေက သာမန် လူတွေလိုပဲ ခိုင်မာနေဆဲပါ။
သို့ပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ပုံစံ ကွာဟခြားနားမှုဟာ တစ်နေ့ မဟုတ် တစ်နေ့တော့ သိသာစေတာပါ။ “ကျွန်တော်က ငယ်ငယ်တုန်းက ဘောလုံးကို သိပ်ဝါသနာ ပါတာ။ ကစားလည်း ကစားခဲ့တယ်။ ဒါပေမဲ့ ကျောင်းမှာ အားကစားသိပံ္ပတွေ ဘာတွေနဲ့ သေချာ လူရွေးတော့ ကိုယ့်သူငယ် ချင်းတွေ အားလုံးပါသွားတယ်။ ကိုယ်တစ်ယောက်ပဲ ကျန်ခဲ့တာ။ ကိုယ်က သာမန်ကျောင်းပဲ တက်ခဲ့တာလေ။ ၁၂ နှစ်၊ ၁၃ နှစ်သား ၈ တန်းနှစ်ပေါ့။ အဲဒီမှာ အရမ်းကို စိတ်ထိခိုက် သွားတော့တာပဲ။ ကိုယ်က ငယ်ငယ်တုန်း ကတည်းက ဘောလုံးကို အသည်းစွဲပဲလေ။ ကိုယ့်ကိုယ်ကို ဘယ်လိုမှဖြေလို့ မရတော့ဘူး။ အိမ်ကလည်း ဖျောင်းဖျတယ်။ ဒါက အရေး မကြီးပါဘူးပေါ့။ပညာပဲ အရေးကြီးပါတယ်ပေါ့။ တော်အောင်လုပ်လို့ ဖျောင်းဖျကြတယ်။ ဒါပေမဲ့ ကိုယ်လုပ်ချင်တာ မလုပ်လိုက်ရတော့ ဖြေမဆည်နိုင်ခဲ့ဘူး။ ပြီးတော့ ငါလုပ်လို့မရတော့ဘူးဆိုပြီး အားကစားကို စိတ်ဓာတ်ကျသွားခဲ့တယ်” လို့ ထူးမြတ်နိုင် ပြောပြပါတယ်။

ထူးမြတ်နိုင်က တစ်ခါတလေ သူငယ်ချင်းတွေနဲ့ မနေနိုင်လို့ ပြန်ကစား ဖြစ်ရင်လည်း မဖြစ်နိုင်ဘူးဆိုတဲ့စိတ်ကြီးက ဖိစီးပြန်တာကြောင့် ကစားတိုင်း စိတ်မကောင်းဖြစ်ရတယ်လို့လည်း သူ့ခံစားမှုကို ပြောပြပါတယ်။ “ကျွန်တော် က ငယ်ငယ်တုန်းကဆို ရပ်ကွက်ပွဲတွေမှာ အမြဲဘောလုံးကစားတယ်။ ကြိုး စားလည်း ကန်တယ်။ ဒါကြောင့် ရပ်ကွက်ပွဲတိုင်း ပါတယ်။ ပြီးတော့ ရပ်ကွက် လက်ရွေးစင်လည်း ဖြစ်ခဲ့တာ။ ကျွန်တော် ငယ်ငယ်က ဘုရား ရှိခိုးဆုတောင်း ရင်တောင်မှ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်ရပါစေလို့ ဆုတောင်းခဲ့ တာ။ ဘုရား ရှိခိုးတိုင်းပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်သွားတော့ ပညာရေးဘက်ကို ရောက်သွားတော့တာ” လို့ ထူးမြတ်နိုင်က ဆိုပါတယ်။
ထူးမြတ်နိုင်က လူငယ်တွေမှာ ဖြစ်လေ့ဖြစ် ထရှိတဲ့ ကိစ္စတွေလည်း ဖြစ်ခဲ့ပါသေးတယ်။ ၁၀ တန်းနှစ်မှာ လူငယ်သဘာဝတွေနဲ့ အပေါင်း အသင်း မှားမှုကြောင့် လမ်းလွဲမလိုဖြစ်ခဲ့ရပေမဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်ဆုံးမပြီး ၁၀ တန်းအောင် မြင်အောင် ကြိုးစားခဲ့ပါတယ်။ ထူးမြတ်နိုင်က ခုဆိုရင် ဒုတိယနှစ်မြန်မာစာကျောင်းသားလည်း ဖြစ်ပါတယ်။“နောက်တော့ ကျွန်တော်က မိဘ တွေကိုလည်း ဒုက်္ခမပေးချင်တော့လို့လေ။ မိဘ တွေက လယ်လုပ်တာဆိုတော့ ကိုယ့်ဘ၀ကိုယ် ကျောင်းမယ်ဆိုပြီး ရန်ကုန်တက် အလုပ်လုပ်ဖို့ ထွက်လာခဲ့တယ်။ အဒေါ်တွေက အလုပ်သွင်းပေး တယ်။ အင်ဗာတာပုံးခွံတွေ လုပ်တာ။ အဲဒီမှာ လုပ်နေရင်းနဲ့ သတင်းစာထဲမှာ မသန်စွမ်းအား ကစားပြိုင်ပွဲ လုပ်မယ်ဆိုတာတွေ့တော့ အဲဒီကို သွားဆက်သွယ်ပြီး ပြိုင်ဖြစ်တာ။ စပြီးပြိုင်တဲ့ ပွဲမှာ ကျွန်တော်က ငွေတံဆိပ်ပဲရခဲ့တာ။ ကိုယ်က အခုမှ စကစားတာဆိုတော့လေ”လို့ ထူးမြတ်နိုင် က ဆိုပါတယ်။ ဒါပေမဲ့ မခံချင်စိတ်က အဲဒီကနေ စတယ်လို့ ဆိုရမှာပါ။ “သူတို့တောင်မှ လုပ်နိုင် သေးတာ။ ငါက ဘာလို့မလုပ်နိုင်ရမှာလဲဆိုပြီး စဉ်းစားတယ်။ သူတို့ကို နိုင်ချင်ရင် ငါ ဘာလုပ် ရမလဲပေါ့။ အဓိကက ထရိန်နင်ပဲ။ ထရိန်နင်ကို အိမ်မှာလုပ်ကြည့်တယ်။ လုပ်တော့လည်း အဆင်မပြေဘူး။ ဆရာလည်း မရှိတော့ အဲဒါနဲ့ အောင်ဆန်းကွင်းထဲမှာ ဆရာနဲ့သေချာသွား လေ့ကျင့်ဖြစ်တယ်”လို့ ထူးမြတ်နိုင်က ပြောပြပါ တယ်။
ထူးမြတ်နိုင်က ပြေး၊ ခုန်၊ ပစ် အားကစားကို ၂၀၀၆ ခုနှစ်ကစပြီး ကစားခဲ့ရာမှာ ပြည်တွင်း ပြည်ပပွဲပေါင်းများစွာ ကစားခဲ့ဖူးသူလည်း ဖြစ် ပါတယ်။ သူသွားခဲ့ဖူးတဲ့ ပြည်ပပြိုင်ပွဲတွေက တော့ မလေးရှား ၂၀၀၉ နဲ့ အင်ဒိုနီးရှား ၂၀၁၁ ပွဲစဉ်တွေပါ။ ထူးမြတ်နိုင်က ရွှေတံဆိပ် ၁၂ ခု၊ ငွေ ၁ ခု၊ ကြေး ၁ ခု ရရှိထားသူလည်း ဖြစ်ပါ တယ်။ အခုလိုရရှိဖို့အတွက် အတွေ့အကြုံတွေက တော့ အများကြီးပါပဲ။ “အမေက ငွေလှမ်းပို့ပေး တာနဲ့လောက်အောင် သုံးတယ်။ ကိုယ်က ဖြစ်ချင် နေတာကိုး။ ဒီလိုထရိန်နင်ဆင်းချိန်မှာ Camp သွင်းတာနဲ့ မတူဘူး။ ကိုယ့်စရိတ်နဲ့ကိုယ်ပဲလေ။ အလုပ်လည်း မလုပ်နိုင်တော့ ပိုက်ဆံလည်း မရ ဘူး။
အိမ်ကပေးတဲ့ ငွေလေးကို ခြစ်ခြုတ် စုဆောင်းပြီး စားရတယ်။ သူတို့ကို နိုင်ဖို့ပဲ စိတ် ကရောက်နေတာလေ။ ဒီတော့ကွင်းထဲမှာ ဆရာတွေ အလုပ်ကိုဝိုင်းလုပ် ဆရာတွေပေးတဲ့ မုန့်ဖိုးယူပြီး အဆင်ပြေအောင် လုပ်တယ်။ တစ်ခါ တစ်လေ ညနေစာမစားရတဲ့နေ့တောင် ရှိတယ်။ အဓိကက ထရိန်နင်မှန်ဖို့ပဲ။ ဒါပေမဲ့ မသန်စွမ်း ချင်းအတူ ကိုယ်က ဘာလို့မနိုင်ရမှာလဲလို့ စဉ်းစားပြီး ကြိုးစားတာ။ တချို့ကလည်း ပြော ကြတယ်။ နိုင်ငံခြားမှာက အစစအရာရာ လိုလေ သေးမရှိထားပြီး လေ့ကျင့်ပေးကြတယ်ပေါ့။ ဘယ်လိုမှ မရနိုင်ဘူးလို့ချည်းပဲ ပြောကြတယ်။ မရနိုင်စရာ အကြောင်းမရှိဘူးလေ။ ဒါက ကျွန်တော့်စိတ်ဓာတ်ပဲ။ သူတို့ ထရိန်နင်တစ် နာရီလုပ်ရင် ကျွန်တော် နှစ်နာရီလုပ်မယ်။ ဒါဆို ရင် တန်းတူဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားခဲ့ တယ်”လို့ ထူးမြတ်နိုင်က သူ့ရဲ့ကြိုးစားမှုနဲ့ အခက်အခဲကို ပြောပြပါတယ်။ ဒီစိတ်နဲ့ ကြိုးစား ခဲ့တာကြောင့် ပြည်ပပြိုင်ပွဲမှာ ရွှေ ၂ ဆု၊ ငွေ ၁ ဆုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ဆရာကိုယ်တိုင်က “ကြိုးစားကြပေါ့ကွာ။ တစ်ဆုရအောင် လုပ်နိုင် ရင် တော်ပါပြီ” လို့ အားပေးစကားပြောခဲ့တာ ဖြစ်ပြီး အခုလို ရနိုင်မယ်လို့လည်း မထင်ထားခဲ့ ကြဘူးလို့ ဆိုပါတယ်။ ထူးမြတ်နိုင်က ၃ ပွဲပြိုင်ရတာဖြစ်ပြီး ၃ ပွဲစလုံး ဆုချိတ်နိုင်ခဲ့တာပါ။ သူ့ရဲ့ ကြိုးစားမှုကြောင့်လည်း အားလုံးရဲ့ အသိအမှတ်ပြုမှုကို ခံခဲ့ရပါပြီ။
ထူးမြတ်နိုင်က အခုဆိုရင် အိုလံပစ်အားကစားပြိုင်ပွဲအတွက် ပဏာမ အဆင့်ရွေးချယ်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော် မှာ သြဂုတ်လ ၂၈ ရက်နေ့က စပြီး ကျင်းပမယ့် နိုင်ငံတကာအဆင့်ပြိုင်ပွဲ၊ အိုလံပစ်အားကစားပြိုင်ပွဲအတွက် လေ့ကျင့်နေရပါပြီ။ အခု ရထားတဲ့ စံချိန် ထက် ပိုမြင့်လာမယ်ဆိုရင် ထူးမြတ်နိုင်က အိုလံပစ်ပြိုင်ပွဲဝင် ပြေးခုန်ပစ် အားကစားသမားတစ်ဦး ဖြစ်လာတော့မှာပါ။
“ဆရာတွေအနေနဲ့ မီနိုင်မယ်ထင်လို့ ကိုယ့်ကို ရွေးချယ်ခဲ့တယ်။ အခုလို ပဏာမ အဆင့် ရွေးချယ်ခံရတာကိုပဲ ၀မ်းသာမိတယ်။ အရမ်းပျော်တယ်။ ကိုယ် ကြိုးစားထားတဲ့ ရလဒ် အခက်အခဲတွေကြောင့် ရွေးခံ ရတာလို့ ထင်ပါတယ်။ အဓိကကတော့ ဖြစ်ချင်တဲ့ ဆန္ဒပါပဲ။ လူတိုင်းမှာ ဆန္ဒဆိုတာတော့ ရှိမှာပဲ။ ကျွန်တော်ဆိုရင် ငယ်ငယ်တုန်းက ဘောလုံးသမား အရမ်း ဖြစ်ချင်တယ်။ ဒါပေမဲ့ ကိုယ့်လက်ရှိအခြေအနေက မဖြစ်နိုင်ဘူး။ ဒါကြောင့် ကိုယ်ဘာဖြစ် နိုင်လဲ အရင် စဉ်းစားလိုက်တယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်နိုင်တဲ့ အားကစား ကို ရွေးချယ်လိုက်တယ်။ ငါဘာလုပ်လို့ အဆင်ပြေလဲလို့ စဉ်းစားခဲ့တယ်” လို့လည်း သူ့ရဲ့ရွေးချယ်မှုကို ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံက မသန်စွမ်း အားကစား သမားတွေ အနေနဲ့ နိုင်ငံတကာ မသန်စွမ်း အားကစားသမားတွေကို ယှဉ်နိုင်အောင် လိုအပ်မှုတွေ အများကြီး ရှိနေပါတယ်လို့လည်း သတင်း ပေးခဲ့ပါသေးတယ်။ ထူးမြတ်နိုင်က သူ့လို ၀ါသနာရှင် အတွက် မသန်စွမ်း ဘောလုံးအဖွဲ့လေးဖွဲ့ပေးရင် သိပ်ကောင်းမှာပဲ လို့လည်း သူဖြစ်ချင်တဲ့ ဆန္ဒကို ပြောပြခဲ့ပါသေးတယ်။
သင်းပပ (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|