|
Written by ညီမင်းညို
|
|
Friday, 06 April 2012 15:41 |
ရွာနာမည်တွေထဲမှာ “အဓွန့်ရှည်ရွာ” ဆိုတဲ့ နာမည်က နည်းနည်းတော့ ဆန်းနေမလားပဲ။ ဟုတ်ပါတယ်။
argaiv1410
ရွာနာမည်က ဆန်းသလို ရွာကလေးရဲ့ တည်ရှိမှုနဲ့ ဖွဲ့စည်း တည်ဆောက်ပုံက လည်း တခြား ရွာတွေနဲ့ ကွာခြားမှု ရှိပါတယ်။ ကုန်စည် စီးဆင်းမှု သွက်လက် မြန်ဆန်ပြီး စီးပွားရေး ကောင်းတဲ့ “အဓွန့်ရှည် ရွာကလေး” ဟာ ဟိုင်းဝေး လမ်းမကြီးရဲ့နံဘေး တစ်ဖက် တစ်ချက်မှာ တည်ရှိပါတယ်။ ရွာနီးချုပ်စပ် ဆယ့်သုံးလေးရွာ ရဲ့ လူမှုရေး၊ စီးပွားရေး အစစအရာရာ ဗဟို အချက်အချာကျနေတဲ့ ရွာကလေးမို့ “အဓွန့်ရှည်ရွာ ကလေး” ဆိုတာထက် “အဓွန့်ရှည်ရွာကြီး” လို့ ခေါ်ဝေါ်သတ်မှတ်မှသာ ပိုပြီး ပြည့်စုံမှန်ကန်မှာ ဖြစ်ပါတယ်။ အဲဒီ “အဓွန့်ရှည် ရွာကြီး”ရဲ့ ထူးခြားမှုကတော့ ရွာမှာ ဆင်းရဲနွမ်းပါးမွဲတေ စုတ်ပြတ်သူ တစ်ယောက်မှ (တစ်အိမ်ထောင်စုမှ) မရှိကြတာပါပဲ။
“အဓွန့်ရှည် ရွာကြီး”ရဲ့ အကြီးအကဲ (ဥက္ကဋ္ဌ/ အဓိပတိ)ဟာ သူ့ရွာကို အိမ်ခြေတစ်ရာသာ ကန့် သတ်နေထိုင်ခွင့် ပြုထားတာမို့ တခြား ရွာတွေက ပြောင်းရွှေ့နေထိုင်လုပ်ကိုင်စားသောက်လိုကြတဲ့ မိသားစုများ အဖို့ အခက်တွေ့ကြရပါတယ်။ စာဖတ်သူကို နားရှင်းအောင် ပြောရရင်တော့ “အဓွန့် ရှည်ရွာကြီး” မှာ ၁၀၁ ခုမြောက် ပုံစံ ၁၀ နဲ့ သန်းခေါင်စာရင်း မရှိဘူးဆိုတာပါပဲ။ အဲဒီ အိမ်ခြေ တစ်ရာ (မိသားစုတစ်ရာ)ကလည်း တကယ်တမ်းမှာ တစ်ယောက်နဲ့ တစ်ယောက် ဆွေမျိုးနီးစပ် သွေးသား မကင်းကြသူတွေသာ များပါတယ်။ လက်ရှိ “အဓွန့်ရှည်ရွာကြီး”ရဲ့ အကြီးအကဲဟာ အိမ်ထောင်စု စာရင်းအသစ်ကို ခွင့်မပြုပေမဲ့ရှိ ပြီးသား အိမ်ထောင်စုတွေရဲ့ နောက်တိုး လူဦးရေ ကိုတော့ ခွင့်ပြုပေးပါတယ်။ အဓွန့်ရှည်ရွာသူ၊ ရွာသားတစ်ဦးဦးနဲ့ အိမ်ထောင်စုံဖက် မိကြတဲ့ တခြားရွာသူ၊ ရွာသားတွေဟာ “အဓွန့်ရှည်ရွာ ကြီး”ရဲ့ နောက်တိုး မိသားစုဝင်တွေ အဖြစ် အသိ အမှတ်ပြုခံကြရပါတယ်။
“အဓွန့်ရှည်ရွာကြီး” ရဲ့ ရပ်ရွာစီမံ ခန့်ခွဲအုပ်ချုပ်မှု အ၀၀ကိုလည်း အိမ်ခြေနှစ်ဆယ်ကို မိသားစု တစ်စုနှုန်းနဲ့ မိသားစု ၅ စုက အစဉ် အဆက် တာဝန်ယူဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါ တယ်။ အိမ်ခြေ ၂၀ မှူး၊ ၄၀ မှူး၊ ၆၀ မှူးနဲ့ ၈၀ မှူးတို့ နှစ်နှစ်တစ်ကြိမ် အပြောင်းအလဲ ရှိ ပေမဲ့ အိမ်ခြေ ၁၀၀ မှူးကြီးကတော့ အစဉ် အဆက်အပြောင်းအလဲ မရှိပါဘူး။ အပြောင်းအလဲ လုပ်စရာမလိုလောက်အောင်လည်း အိမ်ခြေ ၁၀၀ မှူးကြီးရဲ့ မိသားစုမျိုးရိုးစဉ်ဆက်တစ်ခုလုံးဟာ အုပ်ချုပ်မှုစွမ်းရည်မြင့်မားကြပါတယ်။ (ပိုင်ဆိုင်မှု အများဆုံးမိသားစုကို အကြီးအကဲနေရာပေးလေ့ ရှိတဲ့ ရပ်ရွာရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကြောင့် လည်း ဖြစ်နိုင်ပါတယ်။)
“အဓွန့်ရှည်ရွာကြီး”ကို အားကိုးအားထား ပြုနေရတဲ့ ရွာနီးနားချင်း ၁၃-၄ ရွာရဲ့ ကုန် ထုတ်စွမ်းအားဟာ ကြောက်ခမန်းလိလိ အားကောင်းလှတာမို့ အဓွန့်ရှည်တစ်ရွာလုံးရဲ့ မိသားစုဝင်တစ်ရာလုံးဟာလည်း နားရတယ် မရှိ အောင် အလုပ်နဲ့လက် ဇယ်စက်နေကြရပါတယ်။ စပါးပြီးပဲ၊ ပဲပြီးစပါး၊ ကြားထဲမှာ ရာသီပေါ် သီးနှံမျိုးစုံနဲ့ မွေးမြူရေးလုပ်ငန်းကထွက်ရှိတဲ့ သား၊ ငါး၊ နို့၊ ကြက်ဥ စတာတွေ အပြင် ချည်မျှင် နဲ့ အထည် လုပ်ငန်းတွေပါ တရစပ်မပြတ် လည် ပတ်နေတာကြောင့် ပွဲစားရွာကြီးဖြစ်တဲ့ “အဓွန့် ရှည်ရွာကြီး”ရဲ့ မိသားစုဝင်တွေ အားလုံးဟာ ချမ်းသာကြွယ်ဝ ဥစ်္စာဓနတို့နဲ့ ပြည့်စုံနေကြတာ ဖြစ်ပါတယ်။
ပုထုဇဉ် လူသားများရဲ့ နိစ္စဓူဝ လူမှုစီးပွားကိစ္စ ဖြစ်တဲ့အတွက် အလိမ်အကောက်၊ အလှည့် အပတ်နဲ့ အငြင်းအခုံ ဖြစ်ရတဲ့ ကိစ္စရပ်တွေ၊ ပတ်ဝန်း ကျင်ရွာတွေရဲ့ ကုန်ထုတ်စွမ်းအား ကြီးတာနဲ့အမျှ ရှင်းရလင်းရမယ့် ငွေကြေး ပမာဏကလည်း များပြားတာကြောင့် မကြာခဏဆိုသလို “အဓွန့်ရှည်ရွာကြီး”မှာ ခုံရုံးဖွဲ့ဖြေရှင်း ပေးရတဲ့ ကိစ္စကြီးငယ်တွေ ဖြစ်ပွားလေ့ရှိပါတယ်။
အချင်းများ အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ရင် အိမ်ခြေ ၂၀ ခုံရုံးမှာ စတင်စစ်ဆေးမှု ရင်ဆိုင်ကြရပါတယ်။ ၂၀ ခုံရုံးမှာ မကျေလည်ရင် ၄၀ ခုံရုံးကို တက်ရပါတယ်။ ၄၀ ခုံရုံးမှာ မပြေလည်ရင် ၆၀ ခုံရုံးကို တက်လို့ ရပါတယ်။ ၆၀ ခုံရုံးမှာမှ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေကြ သေးရင် ၈၀ ခုံရုံးနဲ့ ၁၀၀ ခုံရုံးကို တက်လို့ ရပေမဲ့ အဲဒီ အထက်ဆင့်ကြီး နှစ်ဆင့်ဟာ ငွေကုန်ကြေးကျ အင်မတန်များလွန်းလှတဲ့အတွက် ပြဿနာ ဖြစ်ကြ သူအတော်များများဟာ အလွန်ဆုံး ၆၀ခုံရုံး လောက်မှာ ကျေနပ်ပြေလည်လိုက်ကြတာ များပါတယ်။ ဒါပေမဲ့ ၈၀ ခုံရုံးနဲ့ ၁၀၀ ခုံရုံးအထိ တက်ပြီး ရှင်းကြလင်းကြရတဲ့ ပြဿနာ ကိစ္စရပ် တွေလည်း ရှိပါတယ်။
၈၀ ခုံရုံးနဲ့ ၁၀၀ ခုံရုံး အထိ တက်လာတဲ့ အမှုကိစ္စတွေ ငွေကုန်ကြေးကျ များရခြင်းဟာ “အဓွန့်ရှည် ရွာကြီး” ရဲ့ အကြီးအကဲဖြစ်တဲ့ အိမ်ခြေ ၁၀၀ မှူးကြီးရဲ့ အစီအမံနဲ့ စိတ်ကူးဉဏ်ကြောင့် ဖြစ်ပါတယ်။ အောက်ခြေအဆင့် ဖြစ်တဲ့ ၂၀ ခုံရုံးမှာ အမှုကိစ္စပြီးပြတ်ရင် ခုံတော်စရိတ်ဟာ အငြင်းပွားမှုရဲ့ ၅ ရာခိုင်နှုန်းသာ ကျသင့်မှာ ဖြစ်ပေမဲ့ ၄၀ ခုံရုံးမှာ အငြင်းပွားမှုရဲ့ ၁၀ ရာခိုင်နှုန်း၊ ၆၀ခုံရုံးမှာ အငြင်းပွားမှုရဲ့ ၁၅ ရာခိုင်နှုန်း၊ အဲသလို အောက်-ခုံရုံးတွေမှာ မပြေလည်နိုင်ကြဘဲ ၈၀ ခုံရုံးအထိ တက်လာကြရင် အငြင်းပွားမှုရဲ့ ၂၅ ရာခိုင်နှုန်း(လေးပုံတစ်ပုံ)၊ ၁၀၀ ခုံရုံးအထိ ရောက်ခဲ့ရင် အငြင်းပွားမှု ရဲ့ ၃၅ ရာခိုင်နှုန်း(သုံးပုံတစ်ပုံ) ကို “ခုံတော်စရိတ်” အဖြစ် အငြင်းပွား အချင်း များသူတွေ ကျခံကြရမှာ ဖြစ်ပါတယ်။
ဥပမာ သိန်းတစ်ထောင်လောက် တန်ကြေးရှိတဲ့ အငြင်း ပွားမှုမျိုးကို အကြီးအကဲရဲ့ခုံတော် ၁၀၀ မှာ ဖြေရှင်းရင် ခုံတော်စရိတ်ဟာ ၃၅ ရာခိုင်နှုန်း ဖြစ်တဲ့ အတွက် သိန်း ၃၅၀ ခန့်ကုန်ကျမှာ ဖြစ်ပါတယ်။ “အဓွန့်ရှည်ရွာကြီး” ဟာ အဲသလို ခုံတော်စရိတ်တွေနဲ့ “အဓွန့်ရှည် ရွာကြီး” ရဲ့ လိုအပ်ချက် မှန်သမျှကို (ဘုရား၊ ပုထိုး၊ စေတီ၊ လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ရပ်ရွာသာရေးနာရေးနဲ့ ပျော်ပွဲရွှင်ပွဲပါမကျန်) ဖြည့်တင်းပေးနေတာ လည်း ဖြစ်ပါတယ်။
တစ်ခါက “တောင်ရွာ”နဲ့ “မြောက်ရွာ” ဘုရားပွဲမှာ နာမည်ကြီးဇာတ်အဖွဲ့တစ်ဖွဲ့ကိုရွာ နှစ်ရွာ တစ်ပြိုင်တည်း သွားငှားမိကြရာက ဖြစ်တဲ့ အမှု ကိစ္စဟာ ရယ်စရာလည်းကောင်း၊ မောစရာလည်း ကောင်းလှပါတယ်။ ဇာတ်အဖွဲ့ကို ရွာနှစ်ရွာက အပြိုင်အဆိုင်လေလံဆွဲသလို ဖြစ်နေတာမို့ အဲဒီကိစ္စကို “အဓွန့် ရှည်ရွာကြီး” ရဲ့ အကြီးအကဲ အိမ်ခြေ ၁၀၀ မှူးကြီး သိတဲ့အခါ နှစ်ရွာစလုံးရဲ့ ဦးစီးဦးဆောင် တွေကိုခေါ်ပြီး ဆူပူကြိမ်းမောင်းပါတယ်။
ပြီးတော့မှ “အဓွန့် ရှည်ရွာကြီး”ရဲ့ ကျေးဇူးကြောင့် တောင်ရွာ၊ မြောက် ရွာနှစ်ရွာစလုံး စီးပွားဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ထွန်း လာတာမို့ အဲသလိုကျေးဇူးရှိတဲ့ “အဓွန့်ရှည် ရွာကြီး” တည်တံ့ခိုင်မြဲသာယာစိုပြည်ရေးအတွက် ရန်ပုံငွေပိုပြီး ထည့်နိုင်တဲ့ ရွာကို အဲဒီဇာတ်အဖွဲ့ လိုက်ခွင့်ပြုမယ်လို့ ဆုံးဖြတ်ပေးပါတယ်။ တောင်ရွာနဲ့မြောက်ရွာနှစ်ရွာစလုံးက ဦးစီးဦးဆောင်တွေကလည်း ရွာသူ၊ ရွာသားတွေရဲ့ သွေး ထိုးမြှောက်ပင့်ပေးမှုတွေနဲ့ အပြိုင်အဆိုင်ရန်ပုံငွေ ထည့်ဝင်ကြတာ သိန်း ၅၀၀ အထိ မြင့်တက်လာခဲ့ပါ တယ်။ ဒါကိုတောင်ရွာက တစ်ခါတည်း ယတိပြတ်ဆုံး ဖြတ်ပြီး သိန်း ၇၅၀ အထိ ဈေးမြှင့်လိုက်တဲ့အခါမှာတော့ စီးပွားကောင်းခါစ မြောက်ရွာအမီ မလိုက်နိုင်တော့ဘဲ တောင်ရွာကို အရှုံးပေးလိုက်ရပါတယ်။ အဲဒီလို မောစရာ ကိစ္စတွေပြီးတော့မှ ရယ်စရာက နောက်က လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားပွဲ ၃ ရက်အတွက် နာမည် ကြီးဇာတ်တစ်ဖွဲ့လုံးကို ငှားရမ်းလို့ ကုန်ကျတဲ့စရိတ်ဟာ သိန်း ၁၅၀ လောက်ပဲ ရှိလို့ ဖြစ်ပါတယ်။
အကယ်၍များ စာဖတ်သူဟာ အခုကျွန်တော် ရေးပြနေတဲ့ “အဓွန့်ရှည်ရွာကြီး”ဆီ အရောက်သွားပြီး ရွာကြီးရဲ့ သပ်ရပ်လှပဖွံ့ဖြိုးတိုးတက်မှုတွေကို ကိုယ် တိုင်ကိုယ်ကျ မြင်တွေ့ခံစားလိုတယ်ဆိုရင် မြန်မာပြည် ဟိုင်းဝေးလမ်းမကြီးရဲ့တစ်နေရာက ရွာကြီးတစ်ရွာကို လမ်းညွှန်ပေးရမှာ ဖြစ်ပါတယ်။ ရွာကြီးတင်မက ရွာကြီးရဲ့ ခုံရုံးတွေကိုပါ လေ့လာသိရှိလိုသူအတွက်တော့ အသေး စိတ်ညွှန်ပြ ပေးရမှာပါ။
ရွာအ၀င် မုခ်ဦးနဲ့ အနီးဆုံးခုံရုံးက ၂၀ ခုံရုံးဖြစ်ပြီး ခုံရုံးရဲ့ အမှတ်တံဆိပ်အနေနဲ့ ရုံးတော်ရဲ့ရှေ့မှာ “နီကယ် ရောင်ပြောင်လက်တောက်ပနေတဲ့ “သံ” သွားကြားထိုးတံ” တစ်ချောင်းစိုက် ထူထားတာ တွေ့ရမှာဖြစ်ပါတယ်။ ၄၀ ခုံရုံးရှေ့မှာ “ကြေး” သွားကြားထိုးတံ”၊ ၆၀ ခုံရုံးရှေ့မှာ “ငွေ” သွားကြား ထိုးတံ”၊ ၈၀ ခုံရုံးရှေ့မှာ “ရွှေ” သွားကြားထိုးတံ”တို့ အသီးသီး စိုက်ထူထားပြီး “အဓွန့် ရှည်ရွာကြီး”ရဲ့ အကြီးအကဲဖြစ်တဲ့ အိမ်ခြေ ၁၀၀ မှူးကြီးရဲ့ ၁၀၀ ခုံရုံး အ၀င်ဝမှာတော့ “ပြောင်လက် တောက်ပတဲ့ စိန်ပွင့်များနဲ့ စီခြယ် ထားတဲ့ “အံပုံကြီး” အမှတ်တံဆိပ်ကို တွေ့မြင်ရမှာဖြစ်တဲ့ အကြောင်း စာရှူ သူအပေါင်းခင်ဗျား။
ညီမင်းညို (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|