|
Written by စိမ့်ယမင်းခင်
|
|
Friday, 06 April 2012 15:54 |
ကျွန်မ ဘ၀မှာ အမှားကြီး မှားခဲတဲ့အရာ တစ်ခု ပြောပါဆိုရင် လူတစ်ယောက်ကို ချစ်မိ သွားခဲ့တာ လို့ပဲ ပြောရတော့ မှာပါ။
argaiv1953
အဲဒီ လူတစ်ယောက်ကို ကျွန်မ ချစ်ခဲ့တဲ့ အချစ်ဟာ ဘယ်လို အချစ်မျိုးလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသုံးသပ် နိုင်ခင်မှာပဲ အတိုင်းအဆ မရှိတဲ့ သံယောဇဉ် ကြိုးက နက်နက်ရှိုင်းရှိုင်းနဲ့ ခိုင်ခိုင်မာမာ ရစ်ပတ် နှောင် ဖွဲ့သွား ခဲ့ပါတယ်။ ကျွန်မဘာမှ မတတ်နိုင်ခဲ့ပါဘူးလေ။ အဲဒီ သံယောဇဉ်ကြိုးကို ဖြတ်တောက်ဖို့ ကျွန်မ အကြိမ်ကြိမ် ကြိုးစား ခဲ့ပါသေးတယ်။ ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ အသိမျိုး ကျွန်မမှာ ရှိပေမဲ့ မလွန်ဆန်နိုင်တာ ကျွန်မ နှလုံးသားကိုပါ။ ဘ၀မှာ ကျိန်စာ သင့်ခဲ့တယ်ဆိုတာ ဒါမျိုးလား ကျွန်မ မသိတော့ပါဘူး။
အစ်ကို အဝေးဆုံးမှာ ရှိနေခဲ့ပေမဲ့ ကျွန်မ သိပ်ချစ်ခဲ့ပါတယ်။ အင်းလေ အချစ်ဆိုတာ နီးခြင်း ဝေးခြင်းနဲ့မှ မဆိုင်တာဘဲ။ လူတွေ ဘယ်လောက်ဝေးဝေး နှလုံးသားချင်း နီးနိုင်ခွင့် ရှိကြတယ် မဟုတ်လား။ ဘ၀မှာ ပထမဦးဆုံး ချစ်ခဲ့တဲ့ အချစ်မဟုတ်ပေမဲ့ အချစ်ဆုံး ချစ်သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ တကယ်တော့ပထမတွေ ဒုတိယတွေ ဆိုတာကလည်း တကယ် အရေးပါတာမှ မဟုတ်ပါဘူးလေ။ အရေးကြီးတာ နှလုံးသားနဲ့ နားလည် ခံစားနိုင်ဖို့၊ ခံစားတတ်တဲ့ နှလုံးသားချင်း ပေါင်းဆုံမိဖို့ပဲ မဟုတ်လား။
ပြီးတော့ တစ်ယောက်ကို တစ်ယောက် စာနာနားလည်ပေးနိုင်ဖို့။ ဒါတွေမရှိဘဲနဲ့ တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုတာ ကျွန်မ အချစ် ဗေဒကိုလည်း နားမလည်ပါ။ ဒီကမ္ဘာလောကမှာ လူတွေတစ်ဦးကိုတစ်ဦး ဘယ်လိုတွယ်တာ နှောင်ဖွဲ့ပြီး ဘယ်လို ချစ်တတ်ကြပါသလဲ။ ကျွန်မ တိတိကျကျမသိပါ။ ကျွန်မတို့ကကော...ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက်ချစ်ခဲ့ကြတဲ့ နေရာမှာတော့ ကဗျာလေးတွေကလည်း တစ်စိတ် တစ်ဒေသ ပါဝင်ပတ်သက်နေတယ်လေ။ အစ်ကိုက ကဗျာလေးတွေကို ချစ်တတ်တယ်။ ကျွန်မကိုလည်း ကဗျာလေးတွေကို ချစ်တတ်အောင် နားလည်ခံစားတတ်အောင် သင်ပေးခဲ့သေးတယ်။ အခါများစွာလည်း ကဗျာလေးတွေကို ရွတ်ပြတတ်ပါတယ်။ တစ်ခါတုန်းကဆို ဆရာအောင်ချိမ့်နဲ့ မောင်ချောနွယ်တို့ရဲ့ သမိုင်းဖတ်စာ ဆိုတဲ့ စာအုပ်ထဲက ကဗျာအရှည်ကြီးတစ်ပုဒ်ကို အွန်လိုင်းပေါ်ကနေ မမောနိုင် မပန်းနိုင် ရွတ်ပြခဲ့ဖူးသေးတယ်လေ။
ကျွန်မ မှတ်မိသလောက် ကဗျာထဲမှာ.... “ကဲ အခုကစပြီး တစ္ဆေကမ္ဘာကိုဖွင့်မယ်၊ ရဲဘော်သူငယ်ချင်းတို့ ငါတို့ဟာ စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတွေ ဖြစ်ကြရဲ့ ငါတို့တွေရဲရင့်ပြောင်မြောက်စွာတိုက်ပွဲ ၀င်ခဲ့ကြရဲ့ ရှိစေတော့ သူရဲကောင်းမှတ်တမ်းမ၀င်ဘူး ရှိစေတော့ ငါတို့ဟာ သူရသတ်္တိရှိလို့ ကဗျာဆရာတွေ ဖြစ်ခဲ့ကြတယ်...”
အဲဒီညက အစ်ကို့ အသံကို နားထောင်ရင်း ရှည်လွန်းတဲ့ ကဗျာမဆုံးခင် မှာပဲ ကျွန်မ အိပ်ပျော်သွားခဲ့ဖူးတယ်။ ဒီလိုပုံစံမျိုးနဲ့လည်း အစ်ကိုက ကျွန်မ ဘ၀မှာ အိပ်ရာဝင်တေးတစ်ပုဒ်နဲ့ ချော့သိပ်ခဲ့တဲ့ ချစ်သူတစ်ယောက် ဖြစ်ခဲ့ ပြန်ပါတယ်။
ပြီးတော့ နောက်ထပ်အစ်ကိုကြိုက်တဲ့ ကဗျာလေး တစ်ပုဒ်ရှိပါသေး တယ်လေ။ ဆရာအောင်ချိမ့်ရဲ့ ဂန်္ထ၀င်မမ ကဗျာပေါ့။ “မမရေ မမရေ မမရေ ကျွန်တော့်ကို တံခါးဖွင့်ပေးပါ သွေးရူးသွေးတန်း ကိန်းဂဏန်းတွေကို ကိုင်မြှောက်ပြ အကြိမ်တစ်ရာရှိပါပြီ မဟာစကြ၀ဠာတစ်ခုလုံး နပိုလီယံကလွဲပြီး လူသားအားလုံး စစ်ကိုမုန်းကြသလို သဘောတူကြတယ်...တဲ့။ ဟုတ်တယ် ဒါဖျားနေသူရဲ့ အသံပဲ”
အခုလိုအချိန်မှာ ကျွန်မ ကဗျာလေးတွေကို တွယ်တာတတ်လာတာ၊ ခံစားတတ်လာတာ အစ်ကို့ ကျေးဇူးနဲ့ မကင်းပါဘူး။ ပြောရရင် တို့တစ်တွေ ဆံပင်ဆေး မဆိုးဘဲ အသက် ကြီးကြမယ်လို့ အစ်ကို ပြောခဲ့တုန်းက စလို့ပေါ့။ အရှိတရားကို လက်ခံတတ်ဖို့ တိုင်ပင် မထားဘဲ ကြိုတင်စည်းဝါးကိုက်မထား ဘဲ အစည်းအဝေးတွေ လုပ်စရာမလိုဘဲ ကျွန်မတို့ သဘော တူခဲ့ကြတယ် နော်။
ဝေးကွာခြင်းဆိုတဲ့ တံတိုင်းဟာ ကျွန်မတို့နှစ်ဦးကြားမှာ ခြားနားထား ပေမဲ့ အထူးသဖြင့် ကျွန်မရင်ထဲက သံယောဇဉ်ကြိုးတစ်ချောင်းကို ဖြတ် တောက်ဖြစ်ဖို့တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အစ်ကို့ပုံရိပ်တွေ ကျွန်မ နှလုံး သားထဲမှာ အိပ်စက်နေတုန်း နားခိုနေရာယူနေတုန်းပါ။ မထင်မှတ်တဲ့ ဆုံတွေ့ မှုတစ်ခုဟာ ဘ၀မှာမရေရာတဲ့ အိပ်မက်တွေကို မက်စေခဲ့ပေမဲ့ ကျွန်မ အိပ်မက် မှန်း မသိခဲ့တာ ဘယ်လိုအကြောင်းတရားတွေက စေ့ဆော် တိုက်တွန်းခဲ့လို့ပါ လိမ့်။ တကယ်ဆို ကျွန်မက အိပ်မက်တွေကို မုန်းတတ်တဲ့ မိန်းမတစ်ယောက် ဆိုတာ အစ်ကို သိပါတယ်။ ဒါပေမဲ့လေ ဘ၀မှာ ကိုယ်ချစ်ရတဲ့ ယောက်ျားတစ် ယောက်ကို ဒီလိုပုံစံ ဒီလိုဘ၀ အနေအထားမျိုးနဲ့ ပတ်သက်ရလိမ့်မယ်လို့ ယောင်လို့တောင် မတွေးခဲ့မိပါဘူး။
အစ်ကိုနဲ့ ဆုံတွေ့ခဲ့တာ အရှေ့တောင် အာရှနိုင်ငံတစ်ခုက ကျွန်းလေးတစ် ကျွန်းမှာပါ။ စတွေ့တွေ့ချင်း နွေးထွေးတယ်၊ ဖော်ရွေတယ်၊ ခင်စရာ ကောင်းတယ်လို့ ထင်ခဲ့မိပေမဲ့ ဒါထက်ပိုပြီး လည်း မတွေးဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ထူးဆန်းစွာပဲ ကျွန်မတို့နှစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်(Profession) က တူနေခဲ့ပါတယ်။ အဲဒီ အချက်ကလည်း နောက်ထပ် အဆက်အသွယ် လုပ်ဖြစ်ဖို့ နီးစပ်ကြဖို့ အကြောင်းတရား တစ်ခု ဖြစ်လာခဲ့သလိုပါပဲ။ ကျွန်မ လက်လှမ်း မမီတာလေးတွေ ရှိရင် အင်တာနက်မှာ ရှာဖို့ထက် အစ်ကို့ ကိုမေးဖို့ ပိုပြီး အားသန် တတ်သလို အစ်ကိုနဲ့ အလှမ်း ဝေးနေတဲ့ အကြောင်းလေးတွေကိုလည်း ကျွန်မက မျှဝေ ခံစားရအောင် ပြောပြတတ်ပါ တယ်။ ဒါထက် ခံယူချက်တွေ တူနေတာ၊ တွေး ခေါ်ပုံတွေ တူနေတာ၊ နှလုံးသားချင်း ထပ်တူကျ စေနိုင်တဲ့အကြောင်းလားဆိုတာလည်း ကျွန်မ အကြိမ်ကြိမ် တွေးခဲ့ မေးခဲ့ဖူးတဲ့ မေးခွန်းတစ်ခုပါ။
အစ်ကိုနဲ့ ပတ်သက်ရင် ထူးခြားတဲ့ အကြောင်းလေးတွေ အမြဲရှိနေတတ်ပါတယ်။ အဲဒီအထဲက တစ်ခုကတော့ ကျွန်မအပေါ်ဘယ် တုန်းကမှ ထိခိုက်လောက်တဲ့ စကားမပြောခဲ့တာ ပါပဲ။ အဲဒီအချက်က အခြားယောက်ျားလေးတွေနဲ့ ကွဲထွက်နေတဲ့ ထူးခြားတဲ့ အချက်တစ်ခုပါပဲ။ ယောက်ျားတော်တော် များများက ကျွန်မကို အတ္တကြီးတဲ့ မိန်းမ၊ မာန်မာနကြီးတဲ့ မိန်းမ၊ ခေါင်းမာ တတ်တဲ့ မိန်းမဆိုပြီး စွပ်စွဲကြသလို လက်ညှိုး မထောင် ခေါင်းမညိတ်တတ်တဲ့ ကျွန်မ စရိုက်နဲ့ ပတ်သက်ပြီး တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ် မျိုး ဝေဖန် ပြောဆိုတတ်ကြပါတယ်။
တကယ် တော့ ကျွန်မက ဘယ်တုန်းကမှ လူတွေရဲ့နား လည်မှုကိုရခဲ့တဲ့ မိန်းမတစ်ယောက်တော့ မဟုတ် ပါဘူး။ အစ်ကို ကျွန်မကို နားလည်ခဲ့သလားတော့ မသိပါဘူး။ ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေး မှာ ကြီးကြီးမားမား အဖုအထစ်ဆိုတာမျိုး၊ ရင်ထဲ မှာတေးထားရမယ့် ပြဿနာမျိုး ဘယ်တုန်းကမှ မရှိခဲ့တာလည်း နောက်ထပ်ထူးဆန်းမှုတစ်ခုပါပဲ။ သေချာတာ တစ်ခုကတော့ မိန်းမ တစ်ယောက်နဲ့ ဖက်ပြိုင်တတ်တဲ့ ယောက်ျားတွေထဲမှာ အစ်ကို ပါပုံမရပါဘူး။ အဲဒီလို တွေးမိတော့ ကျွန်မကိုယ် ကျွန်မ ဒီကမ္ဘာမှာ ကံအကောင်းဆုံး မိန်းမလို့ ခံစားလိုက်ရတာပါပဲလေ။
တကယ်တော့ ကျွန်မနေရတဲ့ ပတ်ဝန်းကျင် က တစ်မျိုးပါ။ ကျွန်မ လုပ်ရတဲ့အလုပ်က မိန်း ကလေးဆိုပေမဲ့ ယောက်ျားသားတွေနဲ့ ရင်ပေါင် တန်းပြီး အလုပ်လုပ်ရတဲ့ သတင်းထောက် အလုပ်။ ဒီလိုလုပ်ရင်း အပြိုင်အဆိုင် အတွန်း အတိုက်ဆိုတာကတော့ ဘ၀မှာ တွေ့ရလွန်းလို့ ထူးထောင် မထူးဆန်းတော့ပါဘူး။ ကျွန်မ မတော် တဆ ခလုတ်တိုက် လဲရင်တောင် ၀ိုင်းထူမယ့် အစား ကြည့်ရယ်ကြမယ့် ယောက်ျားတွေ ရှိတဲ့ ပတ်ဝန်း ကျင်အလယ်မှာ နေသားတကျ ရှိနေခဲ့တာလည်း တော်တော်လေးကို ကြာနေခဲ့ပါပြီ။ ပြီးတော့ ကျွန်မက ငယ်ငယ်ကတည်းက မိဘဆိုတဲ့ အရိပ် အောက်က ထွက်ခဲ့ရတာပါ။ မေတ္တာငတ်နေတယ် လို့ ပြောရင်တောင် မှားမှာမဟုတ်ပါဘူး။
အစ်ကို ကျွန်မကို မေတ္တာတရားနဲ့ ဆက်ဆံခဲ့တယ်လား သေချာမသိပေမဲ့ အစ်ကို့မျက်လုံးတွေထဲမှာ ကောက်ကျစ်တဲ့ အရိပ်အယောင်မရှိ။ အစ်ကိုမဲ့ပြုံး ပြုံးတာ၊ ညစ်ထေ့ထေ့ပြုံးတာမျိုး ကျွန်မမမြင်ဖူး။ အစ်ကို့ပါးစပ်က ဖရုသ၀ါစာတွေ သမ္ဖပ္ပလာ ပ၀ါ စာတွေပြောတာ ကျွန်မ မကြားဖူး။ ကျွန်မ သတိ ထားမိသလောက် အစ်ကို့ အပြုံးတွေကဖြူစင် တယ်။ အစ်ကိုရယ်ရင် လွတ်လွတ်လပ်လပ်ရယ် တတ်တယ်။ ပြီးတော့ အပြစ်ကင်းတယ်။
ကျွန်မရဲ့ ပင်ကိုစိတ်ကိုကလည်း ယောက်ျား တစ်ယောက်ကို ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာ တတ်တာ၊ မတတ်တာထက် စိတ်ဓာတ်ရေးရာ ပိုင်းမှာ ဘယ်လောက် ဏနမ်နခအ ဖြစ်သလဲဆိုတာ မျိုး၊ စိတ်ဓာတ်မြင့်မားပြီး ညှာတာတတ်တဲ့ ယောက်ျားမျိုးကိုပဲ အထင်ကြီးခဲ့တာမျိုးဆိုတော့ ကျွန်မရဲ့ (ရည်မှန်းထားတဲ့ အိမ်ထောင်ဖက်) Ideal Husband ဆိုသူကလည်း ဒီလိုအရည်အချင်း မျိုးရှိပြီးသားသူ ဖြစ်ရမယ်လို့ တွေးပြီးသားပါ။ အစ်ကိုက တစ်ခါတစ်ခါစိတ်ဆတ်တတ်ပုံ ပေါ် ပေမဲ့ အခါများစွာ ကျွန်မ ပတ်ဝန်းကျင်မှာတွေ့ရ တဲ့ ယောက်ျားလေးအများစုမှာ တွေ့ရခဲတဲ့ ဖြူစင် မှုကို အစ်ကို့ဆီမှာ အမြဲတွေ့ရပါတယ်။ တစ်ခါ တစ်ခါ အစ်ကို့အပေါင်းအသင်းတွေ အစ်ကို့ကို အနိုင်ကျင့်တာမျိုး ကျွန်မသိရင် မခံချင်လို့ ၀င်ပြောတတ်ပေမဲ့ အစ်ကိုကတော့ အစ်ကိုမှ အဲဒီလို စိတ်မျိုး မထားတတ်ဘဲ ကလေးရဲ့။ အနိုင်အရှုံး မတွက်ပါနဲ့ကွယ်လို့ ပြောတတ်ပြန်ပါတယ်။ ကျွန်မရဲ့ ထူးခြားတဲ့ အချက်ကတော့ လူတွေရဲ့ အားသာချက်ကို မြင်တတ်သလို ကောင်းတာလေး လေးတွေတွေ့ရင် မြတ်နိုး တန်ဖိုးထားတတ်တာ ပါပဲ။
နောက်တစ်ခုက အစ်ကိုက ကူညီတတ် တယ်လေ။ အဲလို ကူညီတတ်တာကပဲ ကျွန်မနဲ့ နောက်တစ်ကြိမ်တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပုံ ပေါ်ပါတယ်။ အဲဒီတုန်း ကပေါ့ ကျွန်မက အေးရှားပစိဖိတ်ကျွန်းက နိုင်ငံလေးတစ်နိုင်ငံကို ရောက်နေခဲ့ တယ်လေ။ အဲဒီနိုင်ငံလေးက ကျွန်းနိုင်ငံလေးပါ။ ကျွန်မက မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာဝင်၊ ကျွန်မ ရောက်နေတဲ့ နိုင်ငံက သဘာဝ ဘေးအန္တရာယ်တွေ ပေါများတဲ့ ကျွန်းနိုင်ငံ။ ဒီအထဲ ဘာသာမတူ၊ လူမျိုးမတူ၊ ခံယူချက်မတူ၊ အတွေးမခေါ်မတူ၊ ဘ၀ပေး အသိမတူ သူတွေကြားထဲမှာ ကျွန်မ နေခဲ့ရတာ ပေါ့။ ကျွန်မဘ၀ အထီးကျန် သလိုလည်း ခံစားနေရတယ်။ မြန်မာအများ စုက လိုက်လျောညီထွေနေတတ်မှု အနုပညာ(Adaptation)ကောင်းကြပါ တယ်။
ဒါပေမဲ့ ကျွန်မကျတော့ အဲလိုမဟုတ်ပြန်ဘူး။ နဂိုကတည်းက စကားများများမပြောတတ်၊ အတွေးများများတွေးပြီး များများခံစားတတ်သူ၊ အဲဒီမှာ ကျွန်မနေရတော့ Hom e sick (အိမ်လွမ်းခြင်း) ဖြစ်ချင်သလိုလို၊ Culture Shock ရချင်သလိုလို၊ တစ်ခုခုကို အလိုမကျခဲ့တာလည်း အမှန်ပါပဲ။ အဲဒီအချိန်မှာ ကျွန်မ ပြောသမျှနားထောင်ပြီး ဒီလိုဖြစ်ရင် ဒါလေးတော့ လုပ်လိုက်ပါလား။ ဒီလိုအဆင်မပြေရင် ဒီလိုနေကြည့်ပါလားဆိုတာမျိုး ပြောပြီး မညည်းမညူအားပေးခဲ့တာ အစ်ကို တစ်ယောက်တည်းပါ။ ဒီတုန်း က အွန်လိုင်းပေါ်မှာ မြန်မာပြည်က လူတစ်ယောက်ယောက်နဲ့ တွေ့လို့စကား ပြောရင်တောင် မအားသေးလို့နော်။ နောက်မှ ပြောကြတာပေါ့လို့ ပြောတတ် ကြပေမဲ့ အစ်ကိုကတော့ တစ်ရံတစ်ခါမှ ငြင်းဆိုလေ့မရှိပါဘူး။ အဲဒီအတွက် ကျွန်မအစ်ကို့ကို ကျေးဇူးတင်မိသလို စကားပြောရရင်တောင် ပျော်နေတတ် ပြန်ပါတယ်။
ဒါနဲ့တော့ ပြီးမသွားသေးပါဘူး။ ကျွန်မက လောဘကြီးပြန်တယ်လေ။ အစ်ကို့ကို အနားမှာလည်း ရှိနေစေချင်ပြန်ပါတယ်။ ကျွန်မ အစ်ကိုနဲ့ စကား ပြောရင် ကြည့်ကောင်းအောင်ပြောတာမျိုး မဟုတ်ဘဲ အထိန်းအချုပ်မရှိ ပြောလို့ရတော့လည်း အစ်ကိုနဲ့ စကားပြောရတာကို ကျွန်မက ခုံမင်လာပြန်ပါ တယ်။ ကျွန်မရင်ထဲမှာ နားလည် ထားတာက အစ်ကိုက အမြဲတမ်း ကျွန်မကို အကောင်းမြင်ပေးနေတယ်ဆိုတာပဲ။ ကျွန်မ တစ်ခါတစ်ခါ ဂျီကျချင်တဲ့ စိတ်နဲ့ ပြဿနာလုပ်ရင်တောင် “သြော်-ကဲ ဖြစ်ရပြန်ပါပြီ”ဆိုတဲ့ စကားလုံး လောက်နဲ့ အမြဲကျေအေးပေးတတ်သူ။ အဲဒီလို ကျွန်မတို့နှစ်ယောက်က တစ် ယောက်ကို တစ်ယောက်သံယောဇဉ်ရှိခဲ့ပေမဲ့ ဘယ်တော့မှတော့ လူချင်းမတွေ့ နိုင်ကြပါဘူးလေ။ သူကတစ်နိုင်ငံ ကိုယ်ကတစ်နိုင်ငံ။ ဒါပေမဲ့ အွန်လိုင်းမှာ တော့ ကျွန်မတို့တွေ့ခွင့်ရှိကြပါတယ်။ အဲဒီအချိန်လေးကိုပဲ ကျွန်မ တန်ဖိုးထား နေမိတာကလည်း တကယ်တော့ မထူးဆန်းလှဘူးမလား။
ကျွန်မ အစ်ကိုနဲ့ပထမအကြိမ်တွေ့ပြီးချိန်မှာ သိသိသာသာခင်မင်မှု မရှိခဲ့ ပေမဲ့ ဒုတိယအကြိမ် တစ်ရက်တာ ပြန်ဆုံခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မက ကိုယ်သွားရမယ့် နိုင်ငံလေးကို မရောက်ခင် အစ်ကိုရှိနေတဲ့ နိုင်ငံမှာ ခရီးတစ် ထောက်နားဖို့ ဖြစ်လာခဲ့တာပါ။ ကျွန်မ ခရီးစဉ် ဆက်ရတော့မယ့် နောက် ဆုံးနေ့မှာ အစ်ကို ကျွန်မကို လာခေါ်ပါတယ်။ နောက်တော့ ကျွန်မကို အိမ် မှာထားပြီး သူ့အလုပ်ရှိရာ ရုံးခန်းကိုသွားခဲ့တယ်လေ။ ကျွန်မကိုတော့ မသွား ခင် သူ့အိမ်မှာပဲ နံနက်စာစီစဉ်ပေးခဲ့သလို မကြာခဏဆိုသလိုပဲ ရုံးကဖုန်း ဆက်တတ်ပါတယ်။ အစ်ကို ကြည့်ရတာ ကြင်နာတတ်တာလား။ ဧည့်သည် အပေါ် ဧည့်ဝတ်ကျေတာလား။ ကျွန်မ သေသေချာချာတော့ မသိပါဘူး။ ညနေပိုင်းနည်းနည်းနောက်ကျပြီးမှ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာအပြင်မှာလည်း မှောင်စပြုလာပါပြီ။ ကျွန်မကတော့ အစ်ကို့ အိမ်ရှေ့ခန်းက ဆက်တီခုံလေးမှာပဲ ကွန်ပျူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တာပါ။
ခဏလောက်ကြာတော့ အစ်ကိုက ကျွန်မ ထိုင်တဲ့ဆက်တီခုံရှည်ဘေး နားမှာ ၀င်ထိုင်လိုက်ပါတယ်။ တကယ်တော့ အဲဒီအချိန်မှာ ကျွန်မ အင်တာ နက်ကြည့်နေပြီး အစ်ကိုကနေ အင်တာနက်ထဲမှာပါတဲ့ အကြောင်းအရာတစ်ခု ကိုပြမလို့ ထိုင်လိုက်တာမျိုးဆိုတော့ စကားတွေလည်း ပြောလို့ပေါ့။ ဒါပေမဲ့ နှစ်ယောက်တည်း ရှိတယ်ဆိုတဲ့ အသိကြောင့်ပဲလား၊ ၀န်းကျင်တစ်ခုလုံး တိတ်ဆိတ်နေလို့ပဲလားမသိ၊ ကျွန်မ ရုတ်တရက် ရင်ခုန် သွားသလို ကြောက် စိတ်လည်း ၀င်လာခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်က တကယ်ပဲ ပူးပူးကပ် ကပ်လေး ရှိနေခဲ့တာပါ။
ကျွန်မ သတိထားမိသလောက် အစ်ကို့ အသက်ရှူသံ ကလည်း နည်းနည်းမြန်နေသလိုပဲ။ ဒီတော့ ကျွန်မ ဟန်ဆောင်ကောင်းရ တော့တာပါပဲ။ အစ်ကို့ကို ဘာမှမသိသလို ရောက်တတ်ရာရာ စကားတွေ ပြောနေခဲ့ပြီး ကျွန်မအတွက် ထွက်ပေါက်တစ်ခုရလိုစိတ်နဲ့ လေယာဉ်ကွင်းကို မြန်မြန်လေးသွားရအောင်နော်လို့ လောဆော်ရပါတော့တယ်။ အစ်ကိုလည်း ကျွန်မရင်ထဲက သံသယကို ရိပ်မိပုံပေါ်ပါတယ်။ ခဏကြာတော့ ကျွန်မကို လိုက်ပို့မယ်ပြောပြီး ကျွန်မဘေးနားက ခွာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်မ စိုးရိမ်တဲ့အဆင့်အထိ မရောက်ခဲ့တဲ့အတွက် စိတ်ထဲမှာ သက်သာရာရ သွားတာတော့အမှန်ပါပဲ။ ဒါပေမဲ့ ခက်တာက ကျွန်မကိုယ်တိုင် ဘာဖြစ် တာမှန်းမသိ ကတုန်ကယင်နဲ့ မောဟိုက်နေတဲ့ ခံစားမှုကို မသိမသာ ရလိုက်တာ။ ကျွန်မ သိပါတယ်။ ဒီအတိုင်း ကြာကြာ မနေသင့်ဆိုတာ။
ဒီလိုနဲ့ ကျွန်မတို့ နှစ်ယောက်လေဆိပ်ရောက်တော့ အချိန်က သိပ်စောနေ သေးတယ်လေ။ အစ်ကိုက အချိန်တိုတိုအတွင်း သံယောဇဉ်ဖြစ်သွားတာလား၊ ကျွန်မပုံက အူတူတူ အတတမို့လို့ပဲလားမသိ။ ကျွန်မကို သေသေချာချာ ဂရုစိုက်သွားဖို့ မှာရှာပါတယ်။ လေယာဉ်ချိန်က စောနေသေးတော့ ကျွန်မတို့ နှစ်ယောက်လေဆိပ်အပေါ်ထပ်က စားသောက်ဆိုင်မှာ တစ်ခုခုစားရအောင် ဆိုပြီး တက်လာခဲ့ပေမဲ့ ဆိုင်ကပိတ်ထားပြန်တယ်လေ။ အစ်ကို့ပုံ ကြည့်ရတာ ကျွန်မကို တတ်နိုင်သလောက် သူ့မျက်စိအောက်မှာ ကြာကြာထားချင်တဲ့ပုံ ပါပဲ။ ကျွန်မကိုယ်တိုင်ကကော ဒီခရီးစဉ်ကို လာသာလာခဲ့ရတာပါ။ ကင်ဆယ်လုပ်ဖို့ ကြိုးစားခဲ့တာလည်း အကြိမ်ကြိမ်။ ဒါပေမဲ့ မထင်မှတ်ဘဲ အစ်ကိုနဲ့ ပြန်ဆုံတွေ့ရတဲ့ အခိုက်အတန့်လေးမှာ ခင်မင် တွယ်တာသွား သလိုပါပဲ။ နောက်တော့ ကျွန်မတို့နှစ်ယောက် လမ်းခွဲနှုတ်ဆက်ရမယ့် အချိန်တဖြည်းဖြည်း နီးလာခဲ့ပါတယ်။
မသွားခင်မှာလည်း လေဆိပ်မှာအချိန် တွေအကြာကြီး စကားပြောဖြစ်ခဲ့ပါသေးတယ်။ မှတ်မိသလောက် ကျွန်မရဲ့ လုပ်ငန်းခွင်အကြောင်းနဲ့ သတင်းထောက်တွေ တွေ့ကြုံရတဲ့ အခက်အခဲ တွေအကြောင်းပါ။ အစ်ကိုက အခက်အခဲမရှိ နားလည်ခံစားနိုင်ပါတယ်။ အချိန်တိုတိုအတွင်းမှာ ပိုပြီးရင်းနှီးလာသလိုပါပဲ။ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ လမ်းခွဲနှုတ်ဆက်ရမယ့် အချိန်ရောက်လာခဲ့ပါတယ်။ ၀မ်းနည်းစရာတစ်ခုက ထာဝရအတွက် လမ်းခွဲခဲ့တယ်ဆိုတာကို ကျွန်မ မသိခဲ့ရတာပါပဲ။
ကျွန်မအစ်ကို့ကို နှုတ်ဆက်ပြီး လှည့်အထွက် ရုတ်တရက် ကျွန်မ အစ်ကို့ရင်ခွင်ထဲ ရောက်သွား ခဲ့ပါတယ်။ ပြီးတော့ အစ်ကို ကျွန်မ ဆံစလေး တွေကို နမ်းလိုက်သလိုပဲ။ ကျွန်မ ရုတ်တရက် မျက်လုံးတွေ ပြာသွားသလို ခံစားလိုက်ရပါတယ်။ ပြီးတော့အစ်ကို့ အသံကို ကျွန်မ ကြားလိုက် ရတယ်။ သွားတော့ဆိုလား။ ကျွန်မ ခြေလှမ်းတွေကို အနိုင်နိုင် ထိန်းလိုက်ရတာပါ။ တကိုယ်လုံး တုန်ယင်လို့၊ ကျွန်မ လဲကျသွားနိုင် တယ်လေ။ ကျွန်မ အစ်ကို့ကိုလည်း မကြည့်ဝံ့ တော့ပါဘူး။ ပြီးတော့ ရင်ထဲမှာလည်း တစ်မျိုးပဲ။ ရပ်နေတဲ့နေရာက ဆက်လှမ်းဖို့ ခွန်အားမရှိတော့ သလို။ တကယ်ပဲ ဆက်သွားရမှာလား ဝေခွဲမရ။ တကယ်တော့ ကျွန်မ ခြေလှမ်းတွေက ပြန်လှည့် ချင်နေပြီလေ။ ဘာပဲဖြစ်ဖြစ် ပြန်လှည့်လို့မဖြစ် တော့ဘူးဆိုတဲ့ အသိနဲ့ လှမ်းလာခဲ့ရပေမဲ့ ကျွန်မရင် ထဲက တစ်စုံတစ်ရာက အစ်ကို့အနားမှာပဲ ၀ဲကျန်ခဲ့ တာပါ။ အဲဒီ အခိုက်အတန့်မှာတော့ စောစောက ရရှိနေခဲ့တဲ့ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ရွှင်မြူး ခြင်း၊ သာယာခြင်းဆိုတဲ့ ဣဋ္ဌာရုံတွေက ကျွန်မကို စွန့်ခွာသွားခဲ့ကြတာပါပဲ။
လက်တွေ့ဘ၀မှာ ကျွန်မ မပျော်ပါဘူး အစ် ကို။ အစ်ကိုနဲ့ ဆုံတွေ့ခဲ့တဲ့ တစ်နေ့တာအချိန်လေး ကို ပြန်တမ်းတနေမိတယ်။ တကယ်ပဲတိုတောင်း တဲ့ အချိန်လေးမှာ ကျွန်မ ဘယ်လိုဖြစ်သွားလဲ ကျွန်မ ကိုယ်ကျွန်မလည်း မသိပါဘူး။ ရည်းစား တစ်ယောက်ထားဖို့ တစ်စုံတစ်ယောက်ကို ပြန်ချစ် ဖို့ အနည်းဆုံးတစ်နှစ်လောက် စောင့်ရတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ယောက်များ ကြားရင် ကျွန်မအဖြစ်က အထင်သေးစရာပဲလား။ ကျွန်မ မသိတော့ပါဘူး အစ်ကိုရယ်။ ရည်းစားတွေ ထား ဖူးပါတယ်။ စိတ်မပါဘူးဆိုပြီး ဖြတ်ခဲ့တဲ့ ရည်း စားတွေလည်း မနည်းပါဘူး။ “စိတ်မကောင်း ပါဘူး၊ စိတ်မပါတော့လို့ပါ၊ ကျွန်မက ခံစားချက် ကို သစ္စာမဖောက်တတ်ပါဘူး” ဆိုတဲ့ စကားလုံး တွေတောင် တွင်တွင်သုံးနိုင်ခဲ့သေးတယ်လေ။ ယောက်ျားတွေပေးတတ်တဲ့ အကြင်နာဆိုတာမျိုး တွေ ကျွန်မ ရဖူးပါတယ်အစ်ကို။ ကြမ်းတမ်း တယ်။ ပြီးတော့ ရိုင်းစိုင်းတယ်။ မွှန်ထူနေတဲ့ ရမ္မက်စိတ်တွေနဲ့ မိန်းမတစ်ယောက်ကို ချစ်တတ် ကြတယ်ဆိုတဲ့ အသိမျိုးခံစားမိတော့ အလွယ် တကူကျောခိုင်းဖို့ ၀န်မလေးခဲ့ပြန်ဘူးလေ။
အစ်ကို့ကိုကျတော့ ဟင့်အင်း အစ်ကို နမ်း လိုက်ပါတယ်။ ဒါပေမဲ့ တကယ့်ညင်ညင်သာသာ လေး။ ပြီးတော့ တကယ့်အခိုက်အတန့်လေး။ ပြီး တော့ မျှော်လင့်မထားဘူး။ ကျွန်မ စိတ်ထဲက တစ်မျိုးပဲ အစ်ကိုရယ်။ အဲဒါဘာလဲ ကျွန်မ မပြောတတ်ဘူး။ ကျွန်မသိတာ ကျွန်မ ခန္ဓာကိုယ် ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေနွေးနေ တယ်။ ပြီးတော့ ရင်တွေခုန်နေတယ်။ ပြီးတော့ ကျွန်မလက်တွေရော တစ်ကိုယ်လုံးတုန်နေတယ်။အဲဒါ အချစ်ဆိုရင် ကျွန်မ အစ်ကို့ကို အဲဒီကတည်း က စချစ်သွားတာ ၀န်ခံရတော့မှာပေါ့။ အစ်ကို သိရင် အထင်မသေးလောက်ပါဘူးနော်။
တစ်ခါတုန်းက ကျွန်မ ကောင်လေး သူငယ်ချင်း တစ်ယောက်ကို ပြောဖူးတယ် အစ်ကို။ အချစ် အကြောင်း ဆွေးနွေးရင်းနဲ့ပေါ့။ ကျွန်မက “ငါ ရည်းစားထားတာတော့ သဘောကျပါတယ်။ ဒါပေမဲ့ ယောက်ျားတစ်ယောက်ဆီက ငါ့ Expectation ထက်ကျော်ပြီးမလိုချင်ဘူး”ဆိုတော့ သူက မေးခဲ့တယ်။“နင့် Expectation က ဘာလဲ” တဲ့၊ ကျွန်မက “ငါ့ Expectation ဘာလဲဆိုတာ ထက် ယောက်ျားတွေရဲ့ မညှာမတာပေးတတ်တဲ့ ကြင်နာမှုတွေ အဲဒါ ငါမလိုချင်ဘူး”ဆိုတော့ အဲဒီ တုန်းက သူက ကျွန်မကိုခပ်ကြောင်ကြောင် မိန်းမ တစ်ယောက်ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေခဲ့သေး တယ်လို့ ထင်တာပါပဲ။ ပြီးတော့ဟက်ဟက်ပက် ပက်လည်း လှောင်ရယ်ဖူးတယ်။ သူ့ပုံကြည့်ရတာ ကျွန်မရဲ့ အဆိုကို အကြီးအကျယ် လက်မခံနိုင်ပုံ ပါပဲ။ အစ်ကိုဆိုရင်ကော အခါများစွာလို “သြော် ဖြစ်ရပြန်ပြီကွယ်”လို့ ပြောပြီး ရယ်နေဦးမှာလား။
တကယ်တော့ ကျွန်မသူတို့နဲ့ ပြောစရာ စကားအထွေအထူးမရှိဘူး။ သူတို့ရဲ့ ဘ၀အသိကို ကျွန်မ အားမရဘူး။ အထူးသဖြင့် လူ့တာဝန် မကျေသူတွေ၊ မိုးခါးရေသောက်ကြသူတွေ၊ စိတ် ဓာတ်ပျော့ညံ့သူတွေ၊ အခြေအနေ အချိန်အခါရဲ့ သားကောင်တွေ၊ အကြောက်တရားကြီးစိုးသူတွေ၊ ခေါင်းငုံ့တတ်သူတွေ၊ ဒူးထောက်တတ်သူတွေ၊ အရောင်ပြောင်းတတ်သူတွေ၊ ကိုယ်ကျင့်တရား ကို ရောင်းစားသူတွေ၊ ဖြစ်တည်မှုထက် ရပ်တည် နိုင်မှုကို ဦးစားပေးသူတွေ၊ အဲဒီလိုလူမျိုးတွေ ဖြစ်နေတာ ကျွန်မ၀မ်းအနည်းဆုံးပဲ။ အဲဒီအတွက် ကျွန်မသူတို့ကို လမ်းခွဲဖို့ဝန်မလေးခဲ့ပါဘူး။ ပြီး တော့ သူတို့က စွပ်စွဲတတ်ကြသလို သူတစ်ပါးကို သံသယထားတတ်ကြတယ်။ သူတို့ ကိုယ်တိုင် တော့လှည့်စားမှုတွေနဲ့ မကင်းနိုင်ကြဘူးလေ။ မာယာများကြတယ်။ အစ်ကို့ဆီမှာ ဒါမျိုးမရှိခဲ့တဲ့ အတွက် ငြိမ်းချမ်းမှုနဲ့ အလှတရားကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။
ဘ၀ဆိုတာ တကယ်တော့ ဒါပဲလား။ ဖြစ် ချင်တာတွေလည်း ဖြစ်ချင်တိုင်းတော့ ဖြစ်လာ တာမျိုး မဟုတ်ပါဘူးလေ။ ယောက်ျားတစ် ယောက်နဲ့ တွေ့ဆုံမှုက တကယ်တော့ ခဏလေး ပါ။ အဲဒီခဏလေးကို ဘာလို့များ သိပ်ခင်တွယ်သွားခဲ့ရတာပါလိမ့်။ ဒီလိုပြန်တွေးရင် ငိုချင်တယ် အစ်ကို။ ကျိန်စာသင့်သလို ခံစားရတယ်။ ဒီ နောက်ပိုင်းတော့ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မတွေ့ရတာတော်တော် ကြာခဲ့ပြီနော်။ တစ်ရက်နဲ့တစ်ဘ၀ဆိုတာမျိုးပဲလား။ ပြန်ဆုံဖို့ဆိုတာကော အို မဖြစ်နိုင်တော့ပါဘူးလေ။
အစ်ကိုနဲ့ ကျွန်မ အတွေးအခေါ် နီးစပ်တယ်။ အကြောင်းအရာတစ်ခုကို ၀င်ခံစားတိုင်း ရပ်တည်ချက်ချင်း တူနေတတ်တယ်။ တိုင်းပြည်ချစ်စိတ် ရှိတာချင်းတူသလို လူမျိုးစွဲမရှိတာချင်း၊ မျက်ကန်း မျိုးချစ်စိတ်မမွေး တတ်တာချင်းတူတယ်။ အမှန်တရားကို မြတ်နိုးတတ်တာချင်း တူသလို ဘ၀မှာ Subjeative (ဆန္ဒစွဲ) မဖြစ်တာချင်းလည်း တူတယ်လို့ ထင်မိတာပါပဲ။ ကျွန်မတို့ နှစ်ယောက်မှာ ဘုံတူညီချက် တစ်ခုရှိနေတာကတော့ ဖြစ်ချင် တာတွေအတွက် တွန်းတွန်းတိုက်တိုက် တွေးခေါ်တတ်တဲ့နောက်ကို မလိုက်တတ်ခြင်းပါပဲ။ အဲဒီအတွက် ကျွန်မတို့နှစ်ယောက် အကြောင်းအရာတော်တော်များများကို ဆွေးနွေးလို့ရပါတယ်။ ပြီးတော့အစ် ကိုနဲ့ ကျွန်မကြားမှာ ဟာမိုနီတစ်ခုရှိတယ်။ အခြားယောက်ျားတွေဆီက ကျွန်မ ရနိုင်ခဲတဲ့အရာတစ်ခုပါ။ အဲဒီဟာမိုနီကလည်း ဘယ်တော့မှ ပျောက်ပျက် သွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေတယ်လေ။ ဒီအတွက်တော့ စိတ်နှလုံးအေး ချမ်းမှုနဲ့ ကျေနပ်မှု (Peace of mind) ကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘ၀နှစ်ခု ပေါင်းဆုံဖို့ ကျတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပြန်ပါဘူး။ မျဉ်းဖြောင့်တစ် ကြောင်းရဲ့ ဗဟိုချက်က နေပြီး တရွေ့ရွေ့ ကျောချင်းခွာပြီး သွားနေတဲ့ ၀တ္ထုနှစ်ခု လိုပါပဲ။ တကယ်လည်း ကျွန်မတို့ နှစ်ယောက် အဲဒီလိုပဲ သွားနေခဲ့ကြတာလေ။ အဲဒါတစ်နေ့ထက်တစ်နေ့ ပိုသေချာနေခဲ့တာပါပဲ။ အသက် ရှင်လျက်ရှိနေပါ လျက် ကျွန်မတို့နှစ်ယောက်က သလဲသီးလို သူ့ အကန့်နှင့်သူ တစ်ကန့်စီ တစ်ကန့်စီ။ ပုလဲသီ တကွဲစီဆိုတာမျိုးပေါ့။
တကယ်တော့ ကျွန်မတို့နှစ်ယောက်ရဲ့ အနာဂတ်ဆိုတာကို ဒါမှမဟုတ် အစ်ကို့ဘ၀နဲ့ ဖြစ်တည်မှုကို ကျွန်မ ကြိုသိခဲ့ရင် သံယောဇဉ်တွေကို အချိန်မီ ဖြတ်တောက်နိုင်အောင် ကြိုးစားမိမှာပါ။ မဖြစ်နိုင်တဲ့ ဘ၀တစ်ခုထဲဝင်ခံစားမိ တာ မိုက်မဲတဲ့ဖြစ်ရပ်တစ်ခုဆိုတာသိပေမဲ့ အရာအားလုံးနောက်ကျပြီးမှ သိခွင့် ရခဲ့တာပါ။ အမှားတကာ အမှားတွေထဲမှာ နှလုံးသားနယ်ကျွံတဲ့ အမှားကပိုပြီး တော့များ ဆိုးဝါးလေမလား။ ကံတရားရဲ့ ရက်စက်မှုဆိုပြီး ကံကိုပဲယိုးမယ် ဖွဲ့ရမလား။ ကျွန်မကိုယ်တိုင် မှားယွင်းချွတ်ချော်ခဲ့တာလား မသိတော့ပါဘူး။
အဲဒီကြိုးတစ်ချောင်း ခိုင်ခိုင်မာမာ ရစ်ပတ်ဖို့ ဖြစ်လာတယ်။ တကယ်တော့ အထီးကျန်တဲ့ ဘ၀တစ်ခုအတွက် အကောင်းဆုံး အဖော်၊ မွန်းကျပ်လှောင်ပိတ် နေတဲ့ ဘ၀တစ်ခုအတွက် အကောင်းဆုံးထွက်ပေါက်၊ အမြဲတမ်း အားကိုးခံရတဲ့ မိန်းမတစ်ယောက်အတွက် တစ်ခုတည်းသော မှီတွယ်ရာ၊ အမြဲတစေညှာ တာထောက်ထားမှု ကင်းစွာ ဝေဖန် ခဲ့ရတတ်တဲ့ မိန်းမတစ်ယောက် အတွက် ရခဲလှတဲ့ ကိုယ်ချင်းစာတရားနဲ့ နားလည်မှုဆိုတာကို ကျွန်မ အစ်ကို့ဆီက ရခဲ့ပါတယ်။
ကျွန်မရဲ့ ဘ၀ပေးအသိက လူတွေက မိန်းမဆို နှိမ့်ချချင်ကြတယ်လေ။ွနညိနမ ခွဲခြားမှုမရှိပါဘူးလို့ ပြောတဲ့လူတွေကိုယ်တိုင် တကယ်ပဲ သူတို့ စိတ်ထဲမှာ ယုံကြည်ချက် ခံယူချက်အပြည့်နဲ့ ပြောတာဟုတ်ပါရဲ့လား။ ကံဆိုး ရင် မိန်းမနဲ့ နိုင်ငံရေးနဲ့ ဘာဆိုင်လို့လဲလို့ သွေးရူးသွေးတန်းပြောတတ်တဲ့လူ တွေနဲ့တောင် ကြုံနိုင်သေးပါတယ်။ ဒီလိုသူတို့ ခွဲခြားနှိမ့်ချထားချင်တဲ့မိန်းမတစ်ယောက် သူတို့နဲ့ ရင်ပေါင်တန်းပြီး လုပ်နိုင်ရင်တောင် အသိအမှတ် ပြုဖို့ထက် နားလည်လက်ခံပေးဖို့ တွန့်ဆုတ်တတ်ကြသူတွေ၊ မိန်းမဆိုရင် မျက်စိစပါးမွေးစူးတတ်ကြသူတွေ၊ မိန်းမဆိုတာ ဘုရားသွား၊ ကျောင်းတက်၊ ဆေးပေးမီးယူ၊ အိမ်မှုကိစ္စနဲ့ ယောက်ျား ရာထူးတက်အောင်ယတြာ ချေပေးမယ့် အကောင်းဆုံးနဲ့ စိတ်အချရဆုံးအဖော်တစ်ယောက်လို့သာ သတ်မှတ်ထားသူ တွေ၊ မိန်းမဆိုတာ ယောက်ျားတွေပြဋ္ဌာန်းတာကိုပဲ လိုက်နာရမယ်လို့ ရူးရူးမိုက် မိုက်လက်ခံယုံကြည်သူတွေ။
တချို့ကလည်း ရှိသေးတယ်။ မိန်းမဆိုတာ ယောက်ျားတစ်ယောက်ကို ကိုင်တွယ်ထိန်းချုပ်ဖို့တဲ့။ တချို့မိန်းမတွေ ကျတော့လည်း ယောက်ျားဆိုတာ ပဲ့ကိုင်တတ်ရင် နဖားကြိုးထိုးစရာမလိုတဲ့...လို သတ္တ၀ါမျိုးတဲ့။ တချို့ကလည်း ယောက်ျားရှိမှ တင့်တယ်ကြသတဲ့။ နှစ်ဦးနှစ်ဖက်တစ် ယောက်ကိုတစ်ယောက် အပြန်အလှန် အသုံးချလိုမှုနဲ့ ဘ၀ချင်းဆုံတွေ့အောင် ကြိုးစားတတ်သူတွေနဲ့တော့ ကျွန်မရဲ့ယုံကြည်ချက်က ကွဲလွဲနိုင်ပါတယ်။
အစ်ကိုရော၊ ကျွန်မရော ဒီနှစ်ချက်က ကင်းလွတ်ခဲ့ကြပါတယ်။ ကျွန်မ တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အသုံးချဖို့ မကြိုး စားခဲ့ကြတာပဲ။ အဲဒီအတွက် ကျွန်မတို့ရဲ့ ဆုံတွေ့မှုတစ်ခုကို ကျွန်မ တန်ဖိုး ထားတတ်ခဲ့တယ်။ တမ်းတ သတိရနေတတ်ပါတယ်။ အောက်မေ့လွမ်းဆွတ် နေတတ်ခဲ့မိပေမဲ့လည်း ကျွန်မကိုယ်တိုင် ဖွင့်ပြောခဲ့တာမျိုး မရှိခဲ့ပါဘူး။
တကယ်တော့ ကျွန်မတို့ နှစ်ယောက်တွေ့ ဆုံခဲ့တာ တစ်ရက်တာ ကာလလေးပါ။ အစ်ကိုက ပြောခဲ့တယ်။ တစ်ရက်လေးတွေ့တာနဲ့ ဘာလို့ အဲလောက်ဖြစ်ရတာလဲတဲ့။ တစ်လျှောက်လုံး နားလည်ပေးလာပြီးမှ အဲဒီလို ပြောတာတော့ ရက်စက်ရာအကျဆုံးပါပဲ။ အစ်ကို့ကို ပြောနိုင်တာ တစ်ခုပဲ ရှိတယ်။ အစ်ကို အနာဂတ်ကို ကြိုသိတဲ့လူရဲ့ သံယောဇဉ်က အတိုင်းအဆ ရှိတယ်။ မသိတဲ့လူ အတွက်တော့ အတိုင်းအဆ မရှိပါဘူး။ ကျွန်မ အနာဂတ် ကို ကြိုမသိခဲ့ပါဘူး အစ်ကို။
အစ်ကိုပေးတဲ့ လက်ဆောင်တစ်ခု ကျွန်မ ဆီမှာ ရှိပါတယ်။ အဲဒီလက် ဆောင်လေးအတွက် အစ်ကို့ကို အရမ်းလည်းကျေးဇူးတင်ပါတယ်။ ကိုယ့်ဘ၀ ကို ကိုယ်အမှန်အတိုင်း မြင်သွားလို့ပါ။ အဲလိုပဲ အစ်ကိုက ဘ၀တစ်ခုကို လူတွေ ဘယ်လို ဖြတ်သန်းတတ်ကြသလဲဆိုတဲ့ အသိမျိုးလည်း ကျွန်မသိ အောင် သင်ပေးခဲ့ဖူးပါတယ်။ အဲဒီအတွက်တော့ ကျွန်မ ကြေကွဲစွာနဲ့ နာခံခဲ့ ဖူးတယ်။ ပြီးတော့ ကဗျာတစ်ပုဒ်ရေးခဲ့ဖူးတယ်။ ကဗျာချစ်တဲ့ အစ်ကို့အတွက် နယူးရီးယားလက်ဆောင် ကဗျာလေးတစ်ပုဒ်ပါ။ အစ်ကို ဖတ်ခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီကဗျာလေးက ကျွန်မတို့ နှစ်ယောက်ရဲ့ အဆုံးသတ်လေ။ ပြီးရင် ကျောချင်းကပ်ပြီး လမ်းခွဲကြမယ်။ ဘယ်သူကမှ ဘယ်သူ့ကိုမှ မတမ်းတကြေးပေါ့နော်။
နောက်ဆုံးတော့လည်း အချိန်တန်ရင် အားလုံး ပြီးသွားမှာပါဆိုတဲ့ စကားကိုပဲ ပြောခွင့်ပြုပါ။ အစ်ကို မကြိုက်မှန်း သိပါတယ်လေ။ အစ်ကိုကတော့ ကိုယ့်ဘ၀ထဲကို ၀င်မလာနိုင်တဲ့ မိန်းမတစ်ယောက်ကိုအကြာကြီး တမ်းတ နေမှာ မဟုတ်ပါဘူး။ တစ်ချိန်ချိန်မှာအကြောင်းတရားတွေ တိုက် ဆိုင်လာခဲ့ ရင်တော့ ချစ်ခဲ့ဖူးတယ်လို့ တိုးတိုးလေး ပြောမိချင်လည်း ပြောမိမှာပေါ့။ ပြောချင်မှလည်း ပြောမိမှာပါ။ အစ်ကိုက တစ်ခါတစ်ခါ လျှို့ဝှက်တတ် သလို မျိုလည်း မျိုသိပ်တတ်တယ်လေ။
ဒီအတွက်ကျွန်မနဲ့ ပတ်သက်ခဲ့တဲ့ အကြောင်းက အစ်ကို့နှလုံးသားထဲမှာ လျှို့ဝှက် ထားတဲ့ အကြောင်းတစ်ခုလည်း ဖြစ်သွားနိုင်ပါ တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကျေနပ်ပါတယ် လေ။ ဒါပေမဲ့လေ အစ်ကိုသိအောင် တစ်ခုတော့ ပြောပါရစေ။ မယ်ရီအန်တွိုင်းနစ်လို ပေါင်မုန့်မရှိ ကိတ်မုန့်စားလို့ ရတာပဲဆိုတဲ့ အတွေးအခေါ်မျိုးရှိ ပေမဲ့ Second Choice ဆိုတာ ဘ၀မှာတကယ်လို အပ်လား မလိုအပ်လားမသိလို့ လက်ရှိဘ၀လေး နဲ့ပဲ နေပျော်အောင် ကြိုးစားကြည့်ပါ့မယ် အစ်ကို။
အစ်ကိုက ပြောတတ်ပါတယ်။ “သတိရနေ ပါ သတိရနေတယ်”တဲ့။ သတိရနေပါတယ်လို့ အခါများစွာ ပြန်ပြောတတ်ပေမဲ့ သတိရခြင်းကို ကြောက်ရွံ့နေတဲ့ အချိန်တွေလည်း ရှိပါတယ် အစ် ကို။ သတိရခြင်းက ဒီအတိုင်းပြီးမသွားဘဲ သတိ ရခြင်းနောက်မှာ ကပ်ငြိပါလာတာတွေရှိပါတယ်။
အဲဒီသောကတွေကို ကျွန်မ ဘယ်နေ့အထိ ခံစားရမှာလဲ မသိဘူးနော်။ ဘာပဲဖြစ်ဖြစ်လမ်း ခွဲကြမယ်လေ။ ကတ္တီပါလမ်းခွဲ ဖြစ်ချင်မှဖြစ်မှာ ပါ။ အဲဒီအတွက် နည်းနည်း ရုပ်ပျက်ဆင်းပျက် ဖြစ်ချင် ဖြစ်မယ်နော်။ မျက်ရည်မကျကြေးလို့ ကြွေးကြော် ထားပေမဲ့ ငိုချင်ငိုမိလိမ့်မယ်အစ်ကို။ အထူးသဖြင့် အစ်ကိုပေးခဲ့တဲ့ ကဗျာလေးတွေကို ဖတ်တဲ့အခါတိုင်းပေါ့။
ဘာပဲဖြစ်ဖြစ် လမ်းခွဲကြမယ်လေ။ ကတ္တီပါ လမ်းခွဲဖြစ်ချင်မှဖြစ်မှာပါ။ အဲဒီအတွက် နည်း နည်းရုပ်ပျက်ဆင်းပျက်နိုင်ချင်နိုင်လိမ့်မယ်နော်။
နိုင်ငံရေး၊ အချစ်၊ဘ၀ သူမနဲ့ ရောထွေးယှက် နံနက်ခေါင်းလောင်းသံကြားရ အိပ်ရာမှထပါတော့။ မွေးရာပါအဖျား ကုစားမယ့်သမားခြေသံ ကံကြမ္မာမဆုံစည်းခိုက် အ၀ိဇ္ဇာမှောင်မိုက်နေဆဲ အတိုက်စား ခံဖြတ်သန်း စကားသံကအစ ကြမ်းတမ်းနေမယ် ခွင့်လွှတ်ပါတော့ ချစ်တဲ့သူရယ်။ (ဆရာအောင်ချိမ့်၏ ဂန္ထ၀င်မမမှ)
စိမ့်ယမင်းခင် (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|