|
အိပ်မက်တွေနဲ့ ဝေးတဲ့မြို့ |
|
|
|
|
Written by ထန်
|
|
Friday, 06 April 2012 16:03 |
သည်မြို့ကလေးကနေ ကိုယ်ထွက်သွား တော့မယ် ဆိုတော့ လူတွေ အားလုံးက အံ့သြကြတယ်။
argaiv1004
သူတို့ရဲ့ နှုတ်တွေက အာမေဋိတ် စကားလုံးတွေ တစ်လုံးပြီး တစ်လုံး ထွက်ကျလာတယ်။ “ဟင် ဘာဖြစ်လို့လဲ”
“ဘာလုပ်မှာလဲ”
“တကယ်လား”
သူတို့ရဲ့ အမေးတွေကို ကိုယ် ဘယ်လိုဖြေ ရမလဲ။ ကိုယ့်မှာ အဖြေရှိပေမဲ့ အဲသည့် အဖြေကို သူတို့တွေ စိတ်တိုင်းကျ နားလည် နိုင်ပါ့မလား။ နောက်ဆုံးတော့ ကိုယ် ဖြေခဲ့ပါတယ်။ လူမှုရေး အရပဲဆိုပါတော့။ ကိုယ့် အိပ်မက်တွေကို ပျံသန်းခွင့် ရနိုင်ဖို့ အတွက်ပါလို့ ကိုယ် အေးအေးဆေးဆေး ဖြေခဲ့တယ်။ အဲသည့်အခါ သူတို့တွေက ကိုယ့်ကို တခြား ကမ္ဘာက ဂြိုဟ်သား တစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ တအံတသြ ငေးမော ကြည့်ကြတယ်။
အိပ်မက်။ ဟုတ်လား။ ဘာအိပ်မက်လဲတဲ့။ မသိမနားလည်လို့ မေးတဲ့ သူတို့ မျက်ဝန်း တွေက အရိုးခံပါ။ ဒါပေမဲ့ ကိုယ် တော်တော် စိတ်ပျက်သွားတယ်။ ကျွတ်၊ နေစမ်းပါဦး။ အိပ်မက်ဆိုတာကို သူတို့တွေ ဘာထင်နေလို့လဲ။ ညသန်းခေါင်ယံမှာ အိပ်နေရင်း မက်တဲ့ အိပ်မက် လို့ ထင်သလား။ ကိုယ် ဘယ်လို ပြောရမလဲ။ ကိုယ့် အိပ်မက်ကို သူတို့တွေကို ပြောပြလိုက်ရင် သူတို့တွေ ဟားတိုက် ရယ်လိုက်လေမလား။ ခနဲ့တဲ့တဲ့ အပြုံးနဲ့ သရော်လိုက်လေမလား။ ဖြစ်နိုင်ပါ့မလားလို့ သူတို့တွေ သံသယတွေ ၀င်နေလေမလား။ ကိုယ့် အိပ်မက်က အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး၊ အတောက်ပဆုံးလို့ ဆိုလိုက်ရင် သူတို့က ကိုယ့်ကို အရူးပဲလို့ ထင်ကြမှာပဲ။
ပြီးတော့ ကိုယ့်အိပ်မက်တွေကို လူတစ်ယောက်ကို ပြောပြဖို့ တွန့်ဆုတ် နေမိတယ်။ ကိုယ်ပြောပြလိုက်ရင် ကိုယ့်အိပ်မက်တွေကို သူတို့တွေ ယုံကြည်နိုင်ပါ့မလား။ ကိုယ်က ကိုယ့်အိပ်မက် တွေကို ယုံယုံကြည်ကြည်နဲ့ ခိုင်ခိုင်မာမာ တွယ် ဖက်ထားတဲ့သူ။ အိပ်မက်တွေဆီကို ကိုယ် ရောက် ဖို့ တွန်းအားပေးတဲ့ စိတ်ခွန်အား သတ္တိပေးတာ ကိုပဲ ကိုယ်လိုချင်တယ်။ အိပ်မက်တွေဆီ မရောက် အောင် ကိုယ့် ခြေလှမ်းတွေကို ရိုက်ချိုးပစ်မယ့် သူတွေကို ကိုယ်မလိုချင်ဘူး။ သူတို့ဟာ ကိုယ့် အတွက် မာရ်နတ်တွေပဲ။ ကိုယ့်အတွက် ခလုတ် ကန်သင်းတွေပဲ။ သူတို့တွေကို ကိုယ်အလိုမရှိ ဘူး။ ကိုယ့်ကို ဖေးမကူတွဲမယ့် လက်တစ်စုံမရှိ လို့တော့ ကိုယ်ဘယ်တော့မှအားမငယ်ဘူး။ ကိုယ် တစ်ယောက်တည်း ဘ၀ကိုရဲရဲရင့်ရင့် လျှောက် ရဲတဲ့ ခွန်အား သတ္တိတွေ ရှိပါတယ်။ ကိုယ်အယုံ ကြည်ဆုံးနဲ့ ကိုးကွယ်အားထားရဆုံး မြတ်စွာ ဘုရားရှင် ဟောတဲ့ စကားတစ်ခွန်းက ကိုယ့်ရဲ့ ဘ၀ဒဿနပဲ။ မိမိကိုယ်သာ အားကိုးရာ၏တဲ့။ ဒီတော့ ကိုယ့်လမ်းကို ကိုယ့်ဘာသာ ထွင်ပြီး၊ ရှင်းပြီး လျှောက်ရုံပေါ့လေ။
ကိုယ် ဒီမြို့ကနေ ထွက်သွားမယ်ဆိုတော့ တွန်းအားပေးတဲ့ လူကလည်း ပေးကြပါတယ်။ တားတဲ့လူကလည်း တားကြတယ်။ ဘာလုပ်မှာလဲ။ ကိုယ့်မြို့မှာ အေးအေးဆေးဆေး လုပ်ကိုင်စားနေရတာ တော်ရုံပေါ့တဲ့။ ကိုယ် စဉ်းစားကြည့်တယ်။ ကိုယ်များရိုင်း သွားမိရင် ခွင့်လွှတ်ပါ။ ကိုယ်တို့ဟာ တိရစ္ဆာန်တွေ လို အိပ်၊ စား၊ ကာမ ဒီသုံးရပ်နဲ့ အသက် ရှင်နေ ကြတဲ့သူတွေ မဟုတ်တဲ့ လူတွေလေ။ လူတွေဆို တာ သတ္တ၀ါတွေထဲမှာ လောဘ အကြီးဆုံး။ သူတို့မှာ ဆန္ဒတွေ ရှိတယ်။ မျှော်လင့်ချက်တွေ ရှိတယ်။ ကမ္ဘာ ကြီးတစ်ခုလုံးကို သူတို့ရဲ့ လက်ဖ၀ါးပေါ် တင်ပြီး လှည့်ပတ် ကြည့်ချင်ကြတဲ့ သူတွေ။
ဒီတော့သူတို့တွေဟာ သတ္တ၀ါတွေထဲမှာ အပင်ပန်းဆုံး သူတွေပဲ။ သူတို့ ပြောသလို ကိုယ့် အတွက် စားဝတ်နေရေး ပြေလည်ရင်ပြီးရောဆို ပြီး နေနိုင်ကြပါ့မလား။ ဘယ်သူမဆို လူ့ဘ၀မှာ အေးအေးချမ်းချမ်း သက်သောင့်သက်သာနေချင် ကြတာပဲ။ အပူအပင်ကင်းပြီး စိတ်အေးလက် အေးရှိတဲ့ ဘ၀ကိုလိုချင်ကြမှာပဲ။ စာရေးဆရာတွေ တော်တော်များများက မြို့ပြလူနေမှု ဒုက္ခတွေကို ခဏခဏညည်းပြပြီး အေးချမ်းတိတ်ဆိတ်တဲ့ ရိုးသား ဖြောင့်မတ်တဲ့ သဘာဝ ပတ်ဝန်းကျင် ရှိရာ နေရာကို တောင့်တတတ်ကြတယ်။ ဒါပေမဲ့ တကယ်တမ်း အဲဒီ နေရာတွေ ရှိလာတော့ရော သူတို့တွေ နေထိုင်နိုင်ကြသလား။ နေပျော်နိုင်ပါ့ မလား။ ကမ္ဘာကြီးနဲ့ ဝေးနေတဲ့ နေရာ တစ်နေရာမှာ လေ။ သူတို့တွေ မပျော်နိုင်ကြပါဘူး။ ဒီတော့ လည်း မြို့ပြဆီမှာ အခြေချရင်း နောက်တစ်ရက် နောက်တစ်နေ့အတွက် အိပ်မက်ဆီကို ပျံသန်းနိုင်ဖို့ အတောင်ညောင်းအောင် တဖျတ်ဖျတ် ခတ်နေကြ ရတာပဲ မဟုတ်လား။
ကိုယ်လည်း လူ့ဘ၀ကြီးမှာ အဓိပ္ပာယ်မရှိတဲ့ ဘ၀၊ အိပ်မက်တွေ မရှိတဲ့ ဘ၀နဲ့ မနေချင်ဘူး။ ကိုယ် နေထိုင်ရတာကို လိပ်ပြာမသန့်ဘူး။ ကိုယ် လောကအတွက် ကောင်းကျိုးတစ်ခုခု လုပ်ပေး ခဲ့ချင်တယ်။ ကိုယ် မသေခင် ဒီလောကမှာ ကိုယ် ဘာတွေ တွေးထားရစ်ခဲ့မလဲ။ ကိုယ့်ရဲ့ချစ်ခြင်း မေတ္တာနဲ့အနုပညာ။ ကိုယ့်ရဲ့ ရှင်သန်မှုတွေ ရှင်သန် ကျန်ရစ်ခဲ့စေချင်တယ်။ စာရေးဆရာ မြသန်းတင့်ကို ကိုယ်လေးစား အားကျမိတယ်။
ပြီးတော့ အေဒီး ယန်းဒီဂရဲလေးရဲ့ ကဗျာ တစ်ပုဒ်ထဲကလိုပေါ့။ သည်ဘ၀ကို တစ်ကြိမ်သာ ငါဖြတ်သန်းရ ပတော့မည် ဆိုတာလေ။ ဟုတ်ပါတယ်။ ကိုယ်တို့တွေ ဒီဘ၀မှာ တစ်ကြိမ်ပဲ ရှင်သန်ခွင့်ရှိတယ်။ ဒီတော့ ကိုယ့်ပေးနိုင်တဲ့ ကြင်နာ ယုယမှု မှန်သမျှ အခုပဲကိုယ်လုပ်ပေးပါရ စေ။ အချိန်မရွှေ့မိပါစေနဲ့။ မျက်ကွယ် မပြုမိပါ စေနဲ့။ သည်တော့ ကိုယ် လမ်းခုလတ်မှာ ရပ်မနေ သင့်ဘူး။ တွေဝေ မိန်းမောမနေသင့်ဘူး။ ကိုယ့်ဆီကို အိပ်မက်တွေ ရောက်လာဖို့ မျှော်လင့်စောင့်စား နေတာထက် ကိုယ်က အိပ်မက်ဆီကိုရောက် အောင်သွားသင့်တယ်။ ဒီအတွက် ကိုယ်တစ် ခုခု(သို့မဟုတ်) တစ်ခုထက် ပိုပြီးစွန့်လွှတ်ရတော၊ မယ့် အရာတွေ ရှိလာတော့မယ်ဆိုတာကို ကိုယ် သိပါတယ်။ ကိုယ့်ဘက်က အများကြီးပေးဆပ်ရ တော့မယ် ဆိုတာလည်း သိထားတယ်။
ဒီမြို့ကလေးကနေ ထွက်သွားရင် မိဘတွေ နဲ့ ခွဲနေရတော့မှာနော်။ ဝေးနေနိုင်လို့လားတဲ့။ ကိုယ် မျှော်လင့်ထားပြီးသားပါ။ ဒီအတွက် အထွေအထူး ပြောစရာ ကိုယ့်မှာ ဘာမှမရှိဘူး။ ဒီတော့ ကိုယ့်ကို မလွမ်းတတ်ဘူးလို့ ထင်ကြမှာ ပဲ။ ဟုတ်ချင်လည်း ဟုတ်နေမှာပါ။ ကိုယ် မလွမ်း တတ်ဘူး။ မလွမ်းချင်ခဲ့ဘူးလေ။ လူတစ်ယောက်ကို လွမ်းရတာ ဘယ်လောက်ထိအောင် အသည်းဆွေးရတယ်ဆိုတာ ကိုယ် အသိဆုံးပါ။ ကိုယ့်မိဘ တွေနဲ့ ခွဲရမယ်။ ကိုယ့်မောင်နှမတွေနဲ့ ကိုယ် ဝေးရမယ်။
ကိုယ် ချစ်တဲ့သူနဲ့ ကိုယ်ဝေးကွာနေ ရဦးမယ်။ ဒါတွေဟာ ကိုယ့်အိပ်မက်တွေအတွက် ပထမဆုံးပေးဆပ်ရမယ့် အရာပါ။ ကိုယ်လည်း ဘယ်ခွဲချင်ပါ့မလဲ။ မဟုတ်ဘူးလား။ အရင်က ဒီမြို့လေးကနေ ခွဲရဖို့အရေး ကိုယ့်မှာ ပြင်းပြ လောက်အောင် ဆွေးခဲ့ရတယ်။ ဒီကနေ ကိုယ် ဘယ်မှ မခွာပါဘူးလို့တောင် ဆုံးဖြတ်ခဲ့မိတယ်။ ကိုယ် မိုက်မိုက်မဲမဲ ရူးခဲ့တယ်ပဲ ဆိုပါတော့။ အခုတော့ ကိုယ့်ကို အဲဒီအရာကပဲ တွန်းအားပေး နေခဲ့တယ်။
မြို့ကလေးက ပြောလိမ့်မယ်။ မင်းညိုဆိုတဲ့ ကောင်လေးကအရှုံးနဲ့ ထွက်ပြေးသွားတာလို့ သရော်လိမ့်မယ်။ ကိုယ်က အဲသည့်အရှုံးတွေကို သယ်ဆောင်သွားပြီး အနိုင်တွေနဲ့ တစ်ပွေ့တစ်ပိုက် ပြန်လာတာကို မြို့ကလေးက တအံ့သြ ငေးမော ကြည့်စေရမယ်လို့ စိတ်ထဲမှာ တိတ်တိတ်ကလေး ကြုံးဝါး ထားခဲ့တယ်။
တစ်နေ့က သူမ ကိုယ့်ဆီကို ရောက်လာခဲ့ တယ်။ စံပယ်ဖြူလို ဖွေးဖွေးဖြူတဲ့ စပယ်နုလေ။ အဲဒီ စံပယ်ဖြူဖြူက ကိုယ့်ရဲ့ ရင်ကို ဒဏ်ရာတစ်ခု ထင်ကျန်ရစ် စေအောင် ဓားသွား တစ်လက်လို ထက်မြက်ချွန်မြ နေလိမ့်မယ်လို့ ကိုယ် ဘယ်တုန်း ကမှ မထင်ထားခဲ့ဘူး။
“နင်တကယ်သွားတော့မှာလား မင်းညို ရယ်”တဲ့။
အို။ တကယ် သွားတော့ရော နင့်မှာ တားပိုင်ခွင့် ရှိသေးရဲ့လား စံပယ်ရယ်။ နင့်မှာ တား ပိုင်ခွင့် မရှိတော့သလို ငါ့မှာလည်း နာယူခွင့်တွေ မရှိတော့ဘူးလေ။ နင် မရှိတဲ့ ဒီမြို့လေးမှာ တစ် စက္ကန့်တောင်မှ ငါမနေချင်ဘူးလို့ ပြောခဲ့တာ။ အခု နင် ရှိနေတဲ့ ဒီမြို့လေးမှာ တစ်စက္ကန့်တောင်မှ ငါမနေရဲလောက်အောင် ငါ့နှလုံးသားတွေ နာကျင် ပွန်းပဲ့စေခဲ့ပြီ။ ငါ နင့်ကို မုန်းလို့တော့ မဟုတ်ဘူး။ ဘယ်တော့မှလည်း မုန်းမိမှာ မဟုတ်ဘူး။
ဒါပေမဲ့ ငါတို့နှစ်ယောက်ကို အခြေအနေတစ်ခုက ဝေးကွာစေခဲ့ပြီလေ။ ဒါကို ငါ နာလည်း နာ ကြည်းမိတယ်။ ကျေလည်း ကျေနပ်တယ်။ ငါ အနှောင်အဖွဲ့တွေက လွတ်မြောက်ပြီလေ။ ငါ ရှင် သန်ထမြောက်ပြီလို့ဆိုရင် ဘယ်တုန်းကမှ အကောင်း မမြင်တတ်တဲ့ ငါ့ကို နင်အံ့သြနေ မလား။ နင် စဉ်းစားကြည့်လေ။ ငါတို့နှစ်ယောက် က ချည်လုချည်ခင်တုပ်နှောင်မိဖို့ ကြိုးစားနေ သလိုလိုနဲ့ အသံမပေးပါဘဲ ထောက်ခနဲပြတ် တောက်သွားလိုက်တာ နင်ရော၊ ငါရော မြင် သာရဲ့နော်။ ဒီ့အတွက် နင်ဘက်ကဘာမှမခံစားရ ဘူးလို့ ထင်ရပေမဲ့ ငါ့ဘက်ကတော့ ပြန်မဆုံ စည်းချင်လောက်အောင် ဝေးကွာပြတ်တောက် ပစ်ခဲ့ရတာ နင် သိနိုင်ပါ့မလား။
ကိုယ့်ကို မပြတ်နိုင်သလို တွယ်တာနှောင်ဖွဲ့ ချင်တဲ့ အရိပ်တစ်ခု၊ အခု သူမ မျက်နှာမှာ ကိုယ် တွေ့နေရပေမဲ့ ကိုယ် ရုန်းထွက်လိုက်တယ်။ ကိုယ် သူမမျက်နှာကို တည့်တည့်မတ်မတ်ပဲ စိုက်ကြည့် လိုက်ပြီး အခိုင်မာဆုံး အပြတ်သားဆုံး ပြောခဲ့လိုက်တယ်။
“ငါ့ ဘ၀က ဒီမှာ မရှိဘူး စံပယ်”
“အို မင်းညိုရယ်”
သူမဆီက တစ်စုံတစ်ရာ ရေရွတ်သံကို ကိုယ် ကြားရတယ်။ သူမ စုတ်သပ်နေတာလား။ ဟင့်အင်း နင် ငါ့ကို မသနားနဲ့ စံပယ်။ ငါက သနားစရာ သတ္တ၀ါတစ်ကောင် မဟုတ်ဘူး။ သူမ မျက်ဝန်းက မျက်ရည်စက်တွေကို ကိုယ်ဘာသံယောဇဉ်မှ မထားဘဲ အကြည်လင် ဆုံးစိုက်ကြည့်နေလိုက်တယ်။ မျက်ရည်ဆိုတာ ကိုယ့်အတွက် သူစိမ်းတွေ မဟုတ်တော့တဲ့ မိတ် ဆွေတွေပါ။
“ငါ့ကြောင့် ဖြစ်ရတာ ငါ တောင်းပန်ပါ တယ် မင်းညိုရယ်”
ကိုယ်သူမကို နှစ်သိမ့်ပြုံးပြုံးပြ လိုက်မိ တယ်။ “နင့်ကြောင့်ဆိုရင်တောင် နင့်ကိုငါတစ် သက်လုံး ကျေးဇူးတွေ တင်နေမှာပါဟာ၊ အခု ငါဘယ်သူ့ဆီကမှ ငါ ဘာမှမလိုချင်တော့ဘူး။ ငါက လူတွေကို ပေးနိုင်အောင်ပဲ ငါ ကြိုးစား တော့မယ်။ သူတို့တွေ လိုချင်တာကို ရအောင် ငါ့ဘက်ကဖြည့်ပေးချင်တယ်။ သူတို့တွေလိုတာ ရသွားလို့ ပျော်သွားရင် ငါကျေနပ်တယ်။ ငါ့ အတွက် ဘာမှမလိုတော့ဘူး။ လိုချင်တာ မရလို့ ဆင်းရဲဒုက်္ခခံစားနေရတဲ့ သူတွေကို ငါ ကိုယ်ချင်း စာတတ်ပြီ စံပယ်။ ဒီအတွက် နင့်ကို ငါကျေးဇူး တင်တယ်။ ဒါငါ့ရင်ထဲကနော်။ နင် ယုံကြည် လိုက်ပါ”
သူမ ချက်ချင်း အငိုရပ်သွားကာ ခပ်သဲ့သဲ့ရယ်လိုက်တော့ ကိုယ် အံ့သြသွားတယ်။ “နင်က ငါတို့ကို ပေးဆပ်ချင်တာ ဟုတ် လား မင်းညို၊ တကယ်တမ်း နင် ငါတို့ဆီက နုတ်ယူ သွားတာတော့ နင်မသိဘူးမဟုတ်လား။ နင့်ကို ချစ်တဲ့သူတွေ ကျန်ရစ်နေခဲ့မယ် ဆိုတာကို နင်မခံစားမိဘူး မဟုတ်လား။ နင်က နင့်ကိုယ် နင်ပဲ ကြည့်တာလေ။ နင်တော်တော် အတ္တကြီးတယ် မင်းညို”
ဘုရားရေ၊ အတ္တကြီးတယ် ဟုတ်လား၊ ကိုယ် ရယ်ချင်လိုက်တာ။ ဒါပေမဲ့ ကိုယ် ရယ်မော လိုက်မိဖို့ မေ့နေအောင် နှလုံးက နာကျင်နေတယ်။ အတ္တဆိုတာ ကိုယ့်ဘ၀မှာ ဘယ်တုန်းကမှ မရှိ ခဲ့ဖူးတဲ့ အရာပါ။ ဘယ်တုန်းကမှ အသုံးမပြုခဲ့ တဲ့၊ ကိုယ့်အနားမှာ မရှိတဲ့ အရာပါ။ ကိုယ့်ဘ၀မှာ ကိုယ် တစ်ယောက်တည်းအတွက် ဘယ်တော့မှ ရှင်သန်ခြင်း မရှိခဲ့ဖူးဘူး။ ကိုယ့်မိသားစုမှာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ် သူတို့အတွက် မျှဝေ ခံစားနားလည်ပေးတယ်။ ကိုယ့်ဘက် သူ့ဘက် နှစ်ဖက်မျှပြီး ကြည့်ပေးခဲ့တဲ့ ကိုယ်ပါ။ တစ် ယောက်ယောက်က နစ်နာရစတမ်းကြေးဆိုရင် ကိုယ်က အသာလေး အနစ်နာခံလိုက်တာပါ။ ကြိတ်မှိတ်ခံလိုက်တာပါ။ ကိုယ့်အတွက် အနစ်နာ ခံမှု၊ ပေးဆပ်မှုဟာ အကျွမ်းတ၀င် ရင်းနှီးပြီးသား ပါ။ ဒီအတွက် ဘယ်သူ့ကိုမှ မဏ္ဍပ်တိုင် တက်မပြခဲ့ဖူးဘူး။ သနားစရာကောင်းအောင် နှုတ် ခြွေမပြခဲ့ဖူးဘူး။ ကိုယ်ပဲ ခံရပါစေတော့ရယ်လို့ ရေငုံနှုတ်ပိတ် နေခဲ့တာ။ ဒါနဲ့များတောင် မြင်သာ အောင်ရှိရဲ့နဲ့ မမြင်သလို ပြောရက်နိုင်တဲ့ သူမ ကို ကိုယ် နာကြည်းချင်လာတယ်။
“ငါက အတ္တကြီးတယ် ဟုတ်လား စံပယ်။ ငါအတ္တကြီးတယ်ဆိုရင်လည်း ငါ့အတ္တက ငါ့ အတွက် ငါ့ရှင်သန်မှုအတွက် အတ္တကြီးခဲ့တာပါ။ ငါ့အတ္တက ဘယ်သူကိုမှ မထိခိုက်စေခဲ့ဘူး။ မနာ ကျင်စေခဲ့ဘူး။ ငါ့အတ္တအတွက် သူတို့တွေ တစ်နေ့ နေ့မှာ တစ်ခုခု ရလာစေမှာပါဟာ။ ပြီးတော့ နင်သိလား၊ ချစ်ခြင်း မေတ္တာမှာ ဝေးတယ်၊ နီးတယ်ဆိုတာ မရှိပါဘူး။ လူတစ်ယောက်ကို အဝေးကနေ မေတ္တာစိတ်နဲ့ ချစ်လို့ရတယ်။ လွမ်းလို့ရတယ်။ ဝေးခြင်းဝေးရင် စိတ်ကပဲ ဝေးဖို့ ရှိတယ်။ နောက်တစ်ခု နင် သိထားဖို့က ချစ်ခြင်း မေတ္တာ တစ်ခုတည်း အတွက်နဲ့ ငါ့ အိပ်မက်တွေကို မလဲလှယ်နိုင်ဘူး။ ဒီမြို့လေးမှာ ငါ့ရဲ ချစ်ခြင်း မေတ္တာတွေကို ငါ ထားရစ်ခဲ့ပြီး ငါ့ အိပ်မက်ဆီ ရောက်အောင် ငါ သွားမယ်”
သူမ အသံထွက်ရယ်လိုက်တယ်။ ဒါပေမဲ့ သရော်တဲ့ ရယ်သံပါ။ နာကျင်မှုရောစွတ်လျက်။ “နင့်လို အတောင်ပံတွေ အများကြီးပါပြီး မြင့်မြင့် ပျံသန်းချင်တဲ့ လူတစ်ယောက်ကို ငါ စော စောစီးစီး လမ်းခွဲခဲ့တာ ငါ ကံကောင်းတာပေါ့ နော် မင်းညို”
“သိပ်သေချာတာပေါ့ စံပယ်ရယ်။ ငါ အနှောင်အဖွဲ့ ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ် ပျံသန်းနေတာကို နင် ကြည်ဖြူလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
“နင့်အိပ်မက်တွေဆီ နင်ရောက်နိုင်ပါစေ။ နင် ပျံသန်းနေတာကို ငါ မော့ကြည့်ပြီး မုဒိတာ ပွားနေမယ်ဆိုတာကိုလည်း နင် ယုံကြည်ပါတယ် နော်”
“ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်”
သူမ မျက်ရည်တစ်စက် လိမ့်ဆင်းကျလာ တယ်။ ဘယ်တော့မှ မငိုတော့ပါဘူးလို့ တင်း ထားခဲ့တဲ့ ကိုယ်လည်း မျက်ရည်ကျမိတယ်။ ဒါပေမဲ့ မျက်ရည်ပူတွေ မဟုတ်ဘူးဆိုတာကို ကိုယ် သိတယ်။ နွေးထွေးတဲ့ မျက်ရည်တွေလေ။
တကယ်တော့ ကိုယ် မျက်ရည်တွေကို မလို ချင်ခဲ့တာ ကြာပါပြီ။ မိသားစုနဲ့ ခွဲနေရလို့ ကျတဲ့ မျက်ရည်၊ သူငယ်ချင်းနဲ့ ဝေးလို့ ကျတဲ့ မျက် ရည်၊ ချစ်တဲ့သူနဲ့ အတူတူ မနေရလို့ ကျတဲ့ မျက်ရည်၊ အဲဒီမျက်ရည်တွေကို ကိုယ်ကြိမ်ဖန် များစွာမြင်ခဲ့ဖူးပြီ။ ကိုယ် ကိုယ်ချင်း စာတတ်ခဲ့ ပြီ။ လောကမှာ ဘာအတွက်ပဲကျကျ မျက်ရည် ဆိုတာ မကောင်းနိုင်ဘူး။ အဲဒီမျက်ရည်တွေ ကြောင့် ကိုယ်တို့ဘ၀တွေ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရတယ်။ ကိုယ့်အတွက် မျက်ရည်တွေ မလို ချင်တော့ဘူး။ ကိုယ်လည်း မျက်ရည်မကျချင် တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ မျက်ရည်တွေကြောင့် ကိုယ့် အိပ်မက်တွေကို မပြောင်းလဲနိုင်ဘူး။ ဘာ အကြောင်းပဲ ဖြစ်ဖြစ် ကိုယ့်အတွက် ဘာအိပ်မက် မှမက်ခွင့် မရှိတဲ့ သည်မြို့ကလေးကနေ ကိုယ် ထွက်ခွာသွားဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ။ မနက်ဖြန်မှာ ကိုယ် ပျံသန်းချင်တယ်။
ထန် (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|