|
ယောက်ျား ယောက်ျား သီချင်းကို ခံစားကြသူများ |
|
|
|
|
Written by သင်းပပ
|
|
Monday, 23 April 2012 13:44 |
သီချင်းတစ်ပုဒ် အောင်မြင်မှုမှာ နားဆင် ခံစားသူ ပရိသတ်ရဲ့ ထောက်ခံ အားပေးမှုက ၁၀၀ ရာခိုင်နှုန်း အရေး ပါလှပါတယ်။
argaiv1166
သီချင်းစာသား၊ သံစဉ် တွေ ဘယ်လိုပဲ အားကောင်း နေပါစေ။ နားဆင် ခံစားသူ မရှိလို့ကတော့ အောင် မြင်တဲ့ တေးသံအဖြစ် ဆက်လက် မပျံ့လွင့်နိုင်ပါဘူး။ ယောက်ျား ယောက်ျား သီချင်းကို ကြိုက်နှစ်သက် သူတွေကို ဆန်းစစ် လေ့လာ ကြည့်လိုက်ရင် ဆယ် ကျော်သက်နဲ့ ကလေး အရွယ်တွေ ပိုများတာ တွေ့ရပါတယ်။ ဒီသီချင်းကိုပဲ April Queen 4 မှာ ကလေးတွေက ချစ်စရာ ဟန်ပန်တွေနဲ့ ပြန်လည်သီဆို ချိန်မှာတော့ လူကြီး၊ လူငယ် အားလုံးက သဘောကျ နှစ်သက်ခဲ့ကြပါတယ်။
ရန်ကုန်မှာနေတဲ့ ၇ တန်း ကျောင်းသူလေး ဝေနှင်းနွယ်ကလည်း ဒီသီချင်းရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ ဝေနှင်းနွယ်က “သမီးက ဒီသီချင်းကို Dယံ နဲ့ မမအိမ့်ချစ် ဆိုကတည်းက နှစ်သက်ခဲ့တာပါ။ နားထောင် မိတုန်းကတော့ တစ်မျိုးကြီးပေါ့နော်။ ဘာလဲပေါ့။ ကိုယ့်အရွယ်နဲ့က သိပ်မကြီးသေးဘူး ဆိုပေမဲ့ မဆိုရဲဘူး ဖြစ်နေတယ်။ ပါးစပ် မရဲဘူးပေါ့။ ဒါပေမဲ့ နောက်ထပ် နားထောင်ဖြစ်တော့ တခြား သီချင်းတွေလိုပဲ ဒီသီချင်းကို ကြိုက်သွားတယ်။ ပါးစပ်ထဲ စွဲသွားတယ်။ ကျောင်းက ကောင်လေးတွေကလည်း ဒီသီချင်းကို ဆိုကြတာပါပဲ။ လူတိုင်း၊ ပြီးတော့ သူငယ်ချင်းတွေကလည်း ကြိုက်ကြ တယ်”လို့ ဆိုပါတယ်။ ဝေနှင်းနွယ်က ကောင်လေးတွေကို ဟာသ ဆန်ဆန်နဲ့ ခပ်နာနာလေးတွယ်တဲ့ပုံစံ သီဆိုထားတဲ့သီချင်းဖြစ်လို့ကြိုက်မိတာလည်း ဖြစ်ပြီး သင်္ကြန်အချိန်၊ သင်္ကြန်ပွဲတော်မှာမှ မဟုတ်ဘဲ အချိန်မရွေး နားထောင်ဖြစ်တယ်လို့ ဆိုပါတယ်။
အသက် ၁၄ နှစ် အရွယ် တကယ့် ဆယ်ကျော်သက် သူဇာအောင်က လည်း ဒီသီချင်းရဲ့ ပရိသတ် တစ်ဦးပါ။ သူဇာအောင်က ကျိုက်လတ်မြို့မှာ နေထိုင်သူဖြစ်ပြီး သူတို့မြို့မှာလည်း ဒီသီချင်းက ကလေးတိုင်းနှစ်သက် သဘောကျတဲ့ သီချင်းလို့ ဆိုပါတယ်။ “သမီးကတော့လေ ကလေးတွေပြန်ဆို တော့ ပိုကြိုက်သွားတယ်။ သူတို့ဆိုတာ ပိုကောင်းသလို ခံစားရတယ်။ ပြီးတော့ သမီးတို့က ကလေးဆိုတော့ ကလေးကို ပိုအားပေးမိတာပေါ့။ အခွေစထွက်ကတည်းက သီချင်းတွေ သိပြီးသား ဆိုပေမဲ့ ၀ယ်ပြီးနား ထောင်တာ။ အရမ်းကြိုက်တယ်။ ဒီသီချင်းက ကလို့လည်း ကောင်းတယ်လေ။ စာသား အဓိပ္ပာယ်ကို သိပ်မလေ့လာ ဖြစ်ပေမဲ့ ဆိုရတာ ရှောရှောရှူရှူနဲ့ ဆိုလို့ကောင်းလို့ ဆိုဖြစ်တာ။ ကလေးတွေ ဆိုတာက ပိုမြူးတယ်။ ပြီးတော့ သူတို့ အရွယ်တွေ အရမ်းကြိုက်ပြီး အဲဒီအခွေဖွင့်ရင် သမီးတို့ မောင်နှမတွေ ကကြတော့တာပဲ။ သင်္ကြန်မှ မဟုတ်ဘူး။ အမြဲ နားထောင်ဖြစ်တယ်”လို့ ပြောပြပါတယ်။ သူတို့နှစ်ယောက်လုံး တူညီတဲ့ အချက်ကတော့ သင်္ကြန် ပွဲတော်တွေမှာ လည်း ဒီသီချင်းကို ဖွင့်ပြီး သီဆို ကခုန်ရေပက် ကစားရတာကို ပျော်ကြတဲ့ သူတွေ ဆိုတာပါပဲ။
သင်းပပ (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|