|
Written by ပန်းသန္တာ (မနောမြေ)
|
|
Monday, 23 April 2012 13:56 |
?? ?????????? ???????????? ????????????? ?????? ????????????????? ??????? ?????????????? ???? ????????
argaiv1879
စားပွဲပေါ်ကို လှမ်းကြည့်လိုက်တော့ အချိန်က ည ၁၂ နာရီခွဲ ကျော်နေပြီ။ အားနာစရာ အခန်းဖော်လည်း မရှိတာမို့ ဒီလို ညဥ့်နက်သန်းခေါင် အထိ စာဖတ်တတ်တာ ကျွန်မအတွက် အကျင့် ပါနေခဲ့ပြီလေ။ ဒါပေမဲ့ အိမ်မှာ ဆိုရင်တော့ ဘယ်ရလိမ့် မလဲ၊ နားပူဖို့သာ ပြင်ထားတော့ပဲ။
အခုတော့ ဆူပူမယ့် သူကလည်း အနားမှာ မရှိဘူး ဆိုတော့ ထင်ရာ စိုင်းတတ်တဲ့ ဗီဇလေးနဲ့ အတူ ပေပေတေတေ စိတ်အလိုကို လိုက်နေမိတယ်။ “ဖျတ်ခနဲ” အခန်းမီးလုံး ပိတ်သွားတာကြောင့် ကျွန်မနှုတ်က“ကျွတ်”ခနဲ အသံ ထွက်သွားပါတယ်။လုပ်ပြီ သည်မီးကတော့ ပျက်ဖို့ဆိုရင် အချိန်မှန်ပဲ။ ကျွန်မ မေတ္တာ ပို့လိုက်ရင်း ဖတ်လက်စ ၀တ္ထုစာအုပ်ကို ပိတ်ပြီး အိပ်ဖို့အတွက် ပြင်ဆင် လိုက်တော့တယ်။ ဒီအချိန်လေးမှာပဲ အပြင်ဘက်မှ တိုးတိုး သဲ့သဲ့မျှသာ တိုးထွက်လာတဲ့ အသံ တစ်သံကို ကြားလိုက် ရပါတယ်။ ပြီးတော့ အသံက ပျောက်သွားပြန်တယ်။ ကျွန်မပဲ နားအကြား မှားတာလားလို့ ထင်မှတ် မိချိန်မှာ နောက်ထပ်တစ်ခါ ထပ်ကြားလိုက်တော့ကျွန်မ အံ့သြသွားမိတယ်။
သေချာပြီ။ ဒါဝမ်းနည်းစွာ ငိုနေတဲ့ ရှိုက်သံ ပဲဆိုတာ။ ဒီလိုအချိန်မျိုးမှာ ဘယ်သူကများ လှိုက်လှဲစွာ ငိုကြွေးနေရတာလဲ။ ကျွန်မ အသံရှင်ကို စိတ်ဝင်စား သွားမိတယ်။ ဒါပေမဲ့ ကျွန်မ အိပ်ရာ ပေါ်ကနေ မထမိသေးဘူး။ စပ်စုချင်တာက တစ် ၀က်၊ ကြောက်စိတ်ကလည်း နည်းနည်း ရှိနေတာမို့ ခဏငြိမ်ပြီး နားစွင့် နေလိုက်မိပြန်တယ်။
“လူတစ်ယောက်၏ ငိုသံသည် တခြားလူ တစ်ယောက်ကိုလည်း ပူလောင်စေသည်”ဆိုတဲ့ စကားကို ကျွန်မ လက်ခံ ရမလိုဖြစ်နေတယ်။ အခု ပဲ ကြည့်လေ။ ကျွန်မ ခန္ဓာကိုယ် တစ်ခုလုံး နေမ ထိ ထိုင်မသာ ဖြစ်နေခဲ့ပြီ။ ကျွန်မတစ်ခုခု လုပ်မှ ဖြစ်တော့မယ်လို့ အတွေးတစ်စ၀င်လာခဲ့တော့ ခုတင်ပေါ်မှာ ထထိုင်မိသား ဖြစ်နေခဲ့ပါပြီ။
ဇာခြင်ထောင်စကို အသာမပြီး ကျွန်မ အိပ်ရာပေါ်မှ လျှောဆင်းလိုက်တယ်။ နောက်တော့ အခန်း တံခါးကို အသံမမြည်အောင် ဆွဲဖွင့် ပြီးလှေကားအတိုင်း ခြေဖွဖွ လျှောက်ကာ ထွက်လာခဲ့လိုက်ပါတယ်။ ကိုယ့်အတွက်ကြောင့် သူတစ်ပါးကိုလည်း စိတ်အနှောင့်အယှက် မဖြစ် စေချင်ဘူးလေ။
အပြင်ဘက်ကိုရောက်တော့ ညလေနုအေးက ပထမဆုံး ကျွန်မကို ဆီးကြိုလိုက်တယ်။ ဒီနေ့က လကွယ်နေ့မို့လို့ ထင်ပါရဲ့။ ကောင်းကင် ထက်က အလင်းရောင်က ပိုမှိန်နေသလိုပဲ။ အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ အသံလာရာဘက် ဆီကို ကျွန်မလည်း တရွေ့ရွေ့လျှောက်လာခဲ့မိ တယ်။ အဲဒီအချိန်မှာ အသံကလည်း ပိုပိုပြီးနီး လာခဲ့ပြီမို့ ကျွန်မ ရင်ထဲမှာ ကရုဏာသက်မိရင်း စိတ်ထဲကလည်း သိချင်စိတ်က ကြီးစိုးနေခဲ့တာ အမှန်ပါ။
ဟော...တွေ့ပါပြီ။ ခြံဝင်း အနောက်ဘက် က စွယ်တော်ပင်အောက်မှာ ထိုင်ပြီး ငိုနေတဲ့ အရိပ်လေးတစ်ခု။ သူမ ကျွန်မတို့ အဆောင်က အဆောင်သူ တစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။ သူမဆီမှာ ဘယ်လို ပူဆွေးသောကများက နေရာ ယူနေလို့ပါလဲ။ ကျွန်မ ကိုယ်ချင်းစာစိတ်နဲ့ အသာရပ်ကာငေးကြည့် နေလိုက်မိတယ်။ နောက်ပြီး ဘယ်သူများဖြစ်လိမ့်မလဲဆိုတာ ကလည်း ကျွန်မရဲ့ သိချင်စိတ်ကိုလှုံ့ဆော်နေခဲ့ တယ်။ ဒီတော့ဝိုးတ၀ါးနဲ့ မပီပြင်တဲ့လရောင် နဲ့အလင်းကို အားကိုးပြီးကြည့်လိုက်မိပါတယ်။ ကျွန်မ လုံးဝမထင်မှတ်ထား သူတစ်ယောက်လေ။
“အေမီ...”လို့ ကျွန်မ နှုတ်ကနေ ခပ်တိုးတိုးနဲ့ ထွက်ကျသွားတဲ့အသံကို သူမ ကြားသွားလို့ ထင်ပါရဲ့။ ကျွန်မရှိရာ အမှောင်ဘက်ဆီ လှမ်း ကြည့်လိုက်တဲ့ ထိတ်လန့်ရှက်ရွံ့သွားတဲ့ မျက်ဝန်း တစ်စုံကို မြင်တွေ့လိုက်ရတယ်။ နောက်တော့ ကျွန်မ မမြင်အောင် မျက်ရည်တွေကို ပွတ်သုတ် လိုက်ပြီး အဆောင်ဘက်ဆီ ပြေးဝင် ပျောက်ကွယ် သွားပါတော့တယ်။ ကျွန်မမှာသာ အတွေးပုစ္ဆာ များစွာနဲ့ ခြံဝင်းထဲမှာ ရပ်ကျန်နေခဲ့တယ်။
နောက်တစ်နေ့မနက် ကျွန်မ အိပ်ရာထတော့ နေမြင့် နေပြီလေ။ အဆောင်အောက် ဆင်းပြီး မျက် နှာသစ်ကာ တစ်လက်စတည်း ရေချိုးဖို့ထွက် လာခဲ့လိုက်တယ်။ ထောင့်စွန်းအခန်းမှာ သန့်ရှင်းရေး ၀င်နေတာ မြင်လိုက်ရတော့ ဒါအေမီ နေတဲ့ အခန်းဆိုတာ သိလိုက်ရတာနဲ့ တစ်ပြိုင်နက် ကျွန်မ ခြေလှမ်းတွေက အလိုလို လျှောက်မိပြီးသား ဖြစ်နေခဲ့ပြီ။
အခန်းပေါက်ဝမှာ ကျွန်မ ရပ်လိုက်တော့ သန့်ရှင်းရေး လုပ်နေတဲ့ ကလေးမ ကျွန်မကို မော့ ကြည့်ပါတယ်။ ပြီးတော့ ကျွန်မ မေးမယ့် စကားကို ကြိုရိပ်မိတဲ့အလား...။ “မအေမီတော့ အဆောင်ပြောင်းသွားပြီ မမ”လို့ သတင်းပေးတယ်။
“ဟယ် ဘာဖြစ်လို့လဲ”
“မသိဘူးလေ။ မနက်အစောကြီး အဆောင် မှူးဆီမှာ အခန်း လာအပ်သွားတာပဲ။ မျက်နှာ လည်း မကောင်းဘူး”
“ဒုက္ခပါပဲ။ ဒီကောင်မလေး ဘယ်ကို ပြောင်းသွားတာလဲ မသိဘူး”လို့ ကျွန်မ ပါးစပ်ကနေ ညည်းမိလိုက်တော့...
“မမကသာ စိုးရိမ်နေတယ်။ တခြား အဆောင်သူတွေကတော့ ၀မ်းသာနေကြတာ။ အခုမှ အဆောင် သန့်သွားပြီဆိုပြီး”
“မဟုတ်တာပဲကွယ်။ ဘာလို့ အဲလိုမျိုး ပြောကြတာလဲ”
ကျွန်မရဲ့ စကားကြောင့် ကလေးမက ပခုံး တွန့်ပြပြီး အခန်းသန့်ရှင်းရေး ဆက်လုပ်နေခဲ့ တယ်။ ကျွန်မမှာသာ ရေချိုးပြီး အခန်းကို ပြန် ရောက်တဲ့ အထိ စိတ်ထဲတနုံ့နုံ့ဖြစ်နေခဲ့ပါတယ်။ ဒီနေ့အလုပ် နားရက်မို့ တစ်နေကုန်အခန်း အောင်းပြီး စာရေး၊ စာဖတ်ဖို့ ကျွန်မဆုံးဖြတ် လိုက်တယ်။ ဒါပေမဲ့ မနေ့ညတုန်းက အေမီ့ အကြောင်း ခေါင်းထဲ ရောက်လာတော့ ကျွန်မ သူမလေးအတွက် တကယ်ပဲ စိတ်ပူသွားမိပါ တယ်။ ဟုတ်တယ်လေ။ အေမီရဲ့အသက်က အလွန်ဆုံး ရှိရင် နှစ်ဆယ်ကျော်ရုံဆိုတော့၊ ကျွန်မ ညီမ အငယ်ဆုံးလေးနဲ့ ရွယ်တူလောက်ပဲပေါ့။ ဒါပေမဲ့ အေမီက ကျွန်မ ထင်ထားတာထက် လောကကြီး အကြောင်းကို ပိုသိနေခဲ့ပြီ။ ၀ါရင့် နေပြီလေ။
ဒီအဆောင်ကို ကျွန်မ ပြောင်းလာခါစက အေမီက အရင် ကြိုရောက်သူ တစ်ယောက်ပါ။ အမြဲတမ်း ပြုံးနေတတ်ပြီး ဖော်ရွေတတ်တဲ့ ကောင်မလေးလို့ ကျွန်မက သူမကို မြင်မြင်ချင်းမှတ်ချက် ချခဲ့မိတယ်။ သွက်လက် ချက်ချာပြီး ကူညီတတ်တဲ့ သူမကို ကျွန်မက ခင်မင်ခဲ့ပေမဲ့ အဆောင်သူ တချို့ကအပေါင်းအသင်း မလုပ်ဘဲ ခပ်ကင်းကင်း နေတတ်တယ်။ ဒီလို ပျော်ရွှင်စွာ နေတတ်တဲ့ သူမ လေးကို ဘာဖြစ်လို့ ရှောင်ကြလဲဆိုတာ ရောက်ခါ စက ကျွန်မ မသိခဲ့ပေ။ နောက်ပိုင်း အနေကြာလာ တော့မှ အေမီ အကြောင်းကို သိခွင့်ရခဲ့တယ်။
အေမီ့ရုပ်ရည်က အချောစားကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လူငယ်ပီပီ ခေတ်မီတဲ့ အ၀တ်အစားများကို ၀တ်ဆင်တတ်တော့ ရုပ်ထွက်တယ်လို့ ဆိုရမလားပဲ။ ညဘက်စင်တင် စတိတ်ရှိုးမှာ သီချင်းဆိုတဲ့ အေမီ့ အလုပ်ရယ်၊ အမြဲ တမ်းလိုလို အကြိုအပို့ရောက်လာတတ်တဲ့ ရောင် စုံ ဇိမ်ခံကားတွေရယ်ကြောင့် သူမလေးအတွက် လူအထင်သေးစရာ ဖြစ်နေခဲ့တာနေမှာပါ။ ဒီလိုပဲ အဆောင် ဆိုတာကလည်း လူမျိုးအစုံ တွေ့ရ တယ်လေ။ နယ်အသီးသီးက လာပြီး အလုပ်လုပ် ကြတဲ့သူတွေ အတွက် ဒီလိုမြို့ပြကြီးမှာ နေစရာ အဖြစ်အဆောင်တွေကိုသာ အားကိုးရတယ်။
မိဘ၊ ဆွေမျိုးနဲ့ ဝေးနေရတဲ့ အရပ်မို့လို့ ကိုယ့် ကိုယ့်ကို ထိန်းသိမ်းနိုင်မှ တော်ကာကြတယ်။ နောက်ပြီး အဆောင်သူ အချင်းချင်း ညီအစ်မ အရင်း လို ရိုင်းပင်းကူညီတတ်ပေမဲ့ တချို့ မနာလိုတဲ့သူ များလည်း ရှိတတ်ပြန်ပါတယ်။ အဆောင်ရှင်တွေ ကလည်း ငွေကိုသာ အဓိက ကြည့်သူဆိုတော့ ကျန်တဲ့ ကိစ္စသူတို့နဲ့ မဆိုင်တဲ့အလား မျက်နှာလွှဲ ကာ နေတတ်တယ်။ ဒါကလည်း မြို့ပြရဲ့လူနေမှု စတိုင်ပဲ နေမှာပါ။
ကျွန်မကတော့ အေမီကို နားလည်နိုင်အောင် ကြိုးစားပြီးတခြားအဆောင်သူတွေ ကဲ့ရဲ့သံကို မသိဟန်ဆောင်ကာ သူမနဲ့ခင်မင်ခဲ့တယ်။ ကျွန်မ သိထားသလောက် အေမီမပျက်စီးနိုင်ဘူးလို့လည်း ဖြေတွေး ပေးခဲ့တယ်။ တစ်ခါတလေ ကျွန်မ အခန်းကိုလာလည်တတ်တဲ့သူမကို ကျွန်မက အားနာနာနဲ့ မေးခဲ့ဖူးပါတယ်။ “အေမီကို ညီမလေးတစ်ယောက်လို သဘောထားပြီး ပြောရဦးမယ်။ စိတ်မဆိုးရဘူးနော်”
“ဘာများလဲ မသန္တာရဲ့။ ပြောပါ”
“အေမီ တခြား အလုပ်တစ်ခု ပြောင်းလုပ်ပါလားကွယ်။ လူမြင်တင့်တယ် တဲ့အလုပ်ပေါ့”
“မသန္တာက ပြောတော့မယ်။ လူမြင်တင့်တယ်တဲ့ အလုပ်က အေမီတို့လို လူတန်းစားတွေ အတွက် ၀မ်းဝရုံပဲ ရှိမယ်။ အရာ အားလုံးကိုတော့ အဆင်မပြေ စေနိုင်ဘူး”
“ဒါကတော့ ဒါပေါ့လေ။ အခုအေမီကို ကွယ်ရာမှာ ပြောနေကြတာ ကြားရတော့ အစ်မ မခံချင်ဘူး”
“အေမီ အတွက်တော့ ရိုးနေပါပြီ။ ဒါပေမဲ့ အေမီလည်း ဒီအလုပ်ကို လုပ်ချင်လို့တော့ မဟုတ်ပါဘူး။ အေမီ့မှာလည်း အကြောင်း ကိစ္စရှိလို့ပါ”
“အစ်မကို ပြောလေ။ ကူညီလို့ ရရင် ကူညီပေးမှာပေါ့”
“မဖြစ်နိုင်ပါဘူး မသန္တာရယ်။ လူဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ့်ခွန်အားနဲ့ ကိုယ်ရုန်းရမယ်လို့ အေမီ လက်ခံထားတယ်။ အေမီ့ အပူကို မသန္တာကို မပေးချင်ပါဘူး”
အေမီက သက်ပြင်းချကာ ကျွန်မကို ဖြေရှင်း ပြခဲ့တယ်။ ပြီးတော့ သူမ မျက်ဝန်းမှာလည်း အဲဒီအချိန်က မျက်ရည်တွေနဲ့ စိုစွတ် နေခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မလည်း နောက်ပိုင်း အလုပ်ကိစ္စတွေ ရှုပ်လာတော့ အေမီနဲ့ သိပ်မတွေ့ရတော့ဘူး။ အေမီကလည်း ကျွန်မ အခန်းကို အလာ ကျဲသွားခဲ့ တယ်။ ဒီကြားထဲမှာ ကျွန်မကလည်း ဇာတိမြို့ကို တစ်လလောက် ပြန်သွား တာမို့ အဆောင်ပြန်ရောက်ချိန်မှာ အရာအားလုံးနဲ့ အဆက်ပြတ် နေခဲ့ပါတယ်။
တစ်ညမှာတော့ အေမီနဲ့ ကျွန်မ အဆောင်အပေါက်ဝမှာ ပက်ပင်း ဆုံပါ တယ်။ အဲဒီညက ကျွန်မ တွေ့လိုက်ရတဲ့မြင်ကွင်းက သိပ်တော့ မကောင်းခဲ့ပါ။ ဇိမ်ခံကားတစ်စီးပေါ်ကနေ ဆင်းလာခဲ့တဲ့ အေမီ့ပုံစံက အ၀တ်အစားတွေ တွန့် ကြေကာ ဖရိုဖရဲနဲ့ စိတ်ပျက်စရာ အလွန်ကောင်းနေခဲ့တယ်။ ကျွန်မကို မြင်တော့ ဖြူဖျော့သွားတဲ့ အေမီရဲ့မျက်နှာကို အခုထိကျွန်မ မြင်ယောင်နေမိတုန်းပင်- တခြားအဆောင်သူတွေ အတင်းပြောကြတုန်းက မျက်မြင် မဟုတ်လို့ မယုံခဲ့တဲ့ ကျွန်မမှာ အခုတော့ တည့်တည့် ကြုံမိလေခြင်းလို့ တွေးခဲ့မိတယ်။ နောက်တော့ ကျွန်မလည်း အေမီနဲ့ မျက်နှာချင်း မဆုံအောင် ရှောင်ခဲ့မိတယ်။ ပြီးတော့ သူမကိုလည်း အထင်သေးခဲ့မိပါတယ်။
အရင်တုန်းက ပိုးကိုက် ခံရဖူးတဲ့ ပန်းတစ်ပွင့်ကို အလှဆုံး ပန်းပွင့်လေး ဖြစ်အောင် ကျွန်မ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ ဟိုဒင်းထဲကလောက် ဟိုဒင်း မှာသာ ပျော်တယ်ဆိုတဲ့ စကားလို သဘောထားပြီး နောက်ပိုင်းတော့ ကျွန်မ လည်း အေမီကို ဥပေက္ခာ ပြုနိုင်ခဲ့ပါတယ်။
အခုတော့ အေမီလည်း ကျွန်မတို့ အဆောင်ကနေ ပြောင်းရွှေ့သွားခဲ့ပြီ။ ဒါပေမဲ့ မနေ့ညက သူမလေးရဲ့ ငိုရှိုက်သံက ကျွန်မ နားထဲမှာ စွဲကျန်နေတုန်းပဲ။ အခန်းထဲမှာ နေလာတာကြာတော့ ကျွန်မ ပူအိုက်သလို ခံစားမိတယ်။ ဒါကြောင့် အဆောင်အောက်ဘက် ဆင်းကာ မနေ့ညက စွယ်တော်ပင်ဘက်ဆီ ကျွန်မ ထွက်လာခဲ့လိုက်ပါတယ်။
စွယ်တော်ပင်အောက်ကို ရောက်တော့ ကျွန်မ စိတ်ထဲ နေသာ ထိုင်သာရှိသလို ထင်လိုက်မိတယ်။ ခုံတန်းလေးမှာ ခဏထိုင်ချလိုက်တော့ ကျွန်မရဲ့ခြေထောက်အနားမှာ စာအိတ်ခေါက်လေး တစ်ခုကို တွေ့လိုက်ရပါတယ်။ ဘာ ရယ်မဟုတ်ဘဲ ကျွန်မ ကောက်ယူလိုက်တော့ စာအိတ် ပေါ်က နာမည်က ကျွန်မကို မှင်တက်သွားစေခဲ့ပါတယ်။
“အေမီကျော်”တဲ့။ ဒါအေမီရဲ့စာလေးပဲ။ မနေ့ညက သူမ ငိုနေခဲ့တာ ဒီစာနဲ့ ပတ်သက်နေမလား။ ကျွန်မ အတွေး တွေ ခေါင်းထဲချာချာလည်ကာ နေရာ ယူနေခဲ့တယ်။ နောက်တော့ ကျွန်မရဲ့လက်တွေက စာအိတ်ထဲက စာရွက်လေးကို ဖွင့်ဖတ်မိပြီးသား ဖြစ်နေခဲ့ပါပြီ။ “အေမီ... ညည်းလည်း စိတ်မကောင်း မဖြစ်ပါတော့နဲ့။ ညည်း အမေ ကင်ဆာရောဂါ ဖြစ်ကတည်းက ညည်းပို့တဲ့ ငွေတွေနဲ့ ကုပေးခဲ့တာပဲ။ အရင်က ညည်းပို့တဲ့ ငွေတွေ မလောက်လို့ ရရာ အလုပ်လုပ်ပြီး ညည်းရှာ ပေးခဲ့ပေမဲ့ အခုတော့ မလိုတော့ ဘူးလေ။ ဘာပဲဖြစ်ဖြစ် ညည်းမိဘကို ဆေးကုပြီး ကျေးဇူး ဆပ်တယ်လို့ပဲ သဘောထားပါ။ လွန်ခဲ့တဲ့ ဆယ်ရက်ကပဲ ညည်းရဲ့အမေ ဆုံးသွား တယ်။ ညည်း တာဝန်ကျေပါတယ် အေ”တဲ့။
ကျွန်မ လက်ထဲက စာရွက်ကလေး တဆတ်ဆတ်နဲ့ လှုပ်ခါနေခဲ့ပါတယ်။ တကယ်တော့ ကျွန်မ လက်တွေက တုန်ခါနေခဲ့တာပါ။ ကျွန်မ ပါးပြင်ပေါ် စီးကျလာတဲ့ မျက် ရည်တွေကို ပွတ်သုတ်လိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်လိုက်မိတယ်။ အေမီ့ကို ကျွန်မ အထင် လွဲခဲ့မိပြီ။ မိဘအတွက် ကိုယ့်ဘ၀ကို ရင်းပြီး စတေးရဲတဲ့ သူမ အဖြစ်ကို အခုတော့ ကျွန်မ ကိုယ်ချင်း စာနိုင်ခဲ့ပါပြီ။ ဒါပေမဲ့ အရာရာဟာ နောက်ကျ သွားခဲ့ပြီလေ။
တကယ်လို့များ တစ်နေ့နေ့မှာ အေမီနဲ့သာ ကျွန်မ ဆုံတွေ့ဦးမယ်ဆိုရင် သူမအတွက် ဆိုးအတူ ကောင်းအတူ ကူညီမျှဝေနိုင်မယ့် ရင်ဘတ်အပို တစ်ခုအဖြစ် ကျွန်မ ရှိ ကြောင်း ပြောပြချင်ပါတယ်။ အမှန်တကယ်တော့ အေမီက သူမရဲ့စိတ်ကူး အိပ်မက် တွေကို ချောင်ထိုးကာ လရောင်ရဲ့ အေးမြတဲ့ရင်ခွင်ရိပ်နဲ့ ဝေးရာဆီ ပျံသန်း နေတဲ့ ရင်ရိပ်စွန့်တဲ့ လိပ်ပြာလေး တစ်ကောင်ပါပဲလေ။ ဒီလိုပဲ သူမရဲ့အိပ်မက်ဆိုးတွေလည်း တစ်နေ့နေ့မှာ ပျောက်ဆုံး သွားပါစေလို့ ကျွန်မ မျှော်လင့်ရင်း....။
ပန်းသန္တာ၊မနောမြေ၊ (Teen မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)
|