|
Written by ဇွဲလွင်
|
|
Monday, 23 April 2012 14:45 |
ထူးအိမ်သင်က “မနက်ခင်းရဲ့ ပန်းပွင့်လေးတွေ ထက်ကို ပိုမွှေးတဲ့ ချစ်သမီးရဲ့ ပါးနုလေး”ဟု ပြောခဲ့သည်။
argaiv1959
ကျွန်တော်ကတော့ “ပန်းပွင့်ဖတ်လေး တွေထက် ပိုးနူးညံ့တဲ့ ညီလေးရဲ့ ပါးလေးနှစ်ဖက်”ဟု ညွှန်းချင်သည်။ ကိုကိုက ခဏခဏ အာဘွား ပေးနေတာပဲဟု ပြောတိုင်း ကျွန်တော်က ကောင်းကောင်းက မနမ်း စေချင်ဘူး ပေါ့ဟု ပြန်ရစ်တတ်သည်။ ဟင့်အင်း နမ်းရမှာပဲ ဟု ပြန်ဖြေတော့ ကျွန်တော် ရယ်မိ ရပြန်သည်။
ကောင်းလေး ငယ်ငယ်က ကျွန်တော့် နာမည်ကို ပထမဆုံး ခေါ်တတ်ခဲ့ သည်။ အဲသည်တုန်းက နာမည်ကို ပီပီ မခေါ်နိုင်သေးတော့ ကိုရဲပဲ ဖြစ်နေခဲ့၏။ ကျွန်တော်က ကိုယ့်နာမည်မှန်းပင် မရိပ်မိ။ နောက်မှဘေးက လူများက ဘာသာ ပြန်ပေးရသည်။ စကားပီတော့လည်း တစ်ခါတလေ ကိုကျွဲဟု ခေါ်နေတတ် ပြန်သေးသည်။ ဆိုးတဲ့ ကောင်းလေး။
ငယ်ငယ် ချီပိုးချော့မြှူ စဉ်ကတည်းက ကောင်းလေးက ဗီဇ ပြပါပြီ။ မီးပလပ် ပေါက်ထဲ လက်ညှိုး မထည့်ရ၍ မပြီးနိုင် မစီးနိုင် ငိုနေခဲ့ဖူးသည်။ ကျွန်တော်က ဘာလုပ်ပေးရမှန်းပင် မသိ။ မိန်းခလုတ်ကို ချပြီး နှိုက်ခိုင်းလိုက်ရရင် ကောင်းမလားဟုပင် ကြံရာမရ ဖြစ်ရသေးသည်။ နောက်မှ လူကြီးတွေ မရှိဘဲ မီးလာနေတုန်း လက်နှိုက်လိုက်က အခက်ဖြစ်၍ တစ်နှစ်သားလေးကို အာပေါက်မတတ် ရှင်းပြနေရသည်။ ကောင်းလေးက နားလည်လားပင် မသိ။ နောက်တော့ ကလေးထိန်း ဆရာမကို ကောင်းလေးက ဂျစ်နေတာပါဗျို့ဟု လွှဲပေးလိုက်ရသည်။
ကောင်းလေး ပြုံးတတ် ရယ်တတ်တော့ ကျွန်တော်က ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံးကလေးဟု ထင်သည်။ တီဗွီ ကြော်ငြာထဲက ကလေးတွေကိုပင် ကိုယ့်ညီလောက် မလှဘဲ ရိုက်နေသည် ထင်၏။ နောက်မှ ကိုယ့်ငါးချဉ်ဆို ချဉ်တတ်ကြမှန်း ပြန်သတိရ သည်။ သို့ပေမဲ့ ကောင်းလေးထက် လည်ဝယ်သော ကလေးက တော်တော်ရှားပါမည်။ စကား ပြော တတ်စမှာပင် အိမ်ရှိ လူဆယ့်လေးငါး ယောက်ကို ခွဲခြားနာမည်ခေါ်တတ်ပြီ။ ထို့ပြင့် အိမ်အလည် လာနေကျလူတွေပါ သူက သိတတ် သေးသည်။
စင်စစ်ချစ်ခြင်း မေတ္တာတရား၏အရိပ် အောက်၌သည်မျှအထိ မပျော်ဝင်ခဲ့ဖူးဟု ကျွန်တော် ထင်သည်။ ကောင်းလေး တိုးတက်မှု မှတ်တိုင်များကို စောင့်ကြည့်နေရင်းက အံ့သြ တကြီးဖြစ်ရသေးသည်။ တခြားကလေးတွေလည်း ဒီအချိန် သွားပေါက်လာတာပဲဆိုဆို ကောင်းလေးသွားငုတ်စိလေးတွေက ထူးခြား သော ပျော်ရွှင်မှုကိုပေးသည်။ မိုးဦးမှာ မှိုလေးတွေ စိုစွတ်နူးညံ့နေသည့် မြေလွှာကို တိုးထွက်လာတာ တွေ့လိုက်ရသလို။
ကောင်းလေး ၀မ်းလျှော၍ ဆေးရုံ တက်ရစဉ်က တစ်ခေါက်မျှ မသွားဖြစ်ခဲ့။ သွေးပြန်ကြော ထဲကို ပိုက်ထည့်ထားခံရမည့် ကောင်းလေးကို ကိုကို ဘယ်လို ကြည့်ရက်ပါ့မလဲကွယ်။ ကောင်း လေးခြေထောက်က အမာရွတ်က ခုထိကျန်ခဲ့ သေးရာ ဘယ်လောက်များ နာကျင်ခဲ့မလဲဟု ထိ ခိုက်ရသေးသည်။ သို့သော် ကိုကို့ကောင်းလေးက သတ္တိ ကောင်းပါသည်။ ဆော့ကစား နေစဉ် မီး ပျက်သွားရင်တောင် တစ်ချက်မျှ မအော်ဘဲ မီးအလာ ထိုင်စောင့်နေတတ်သည်။ ကိုယ့်မှာသာ အမှောင်ကို ကြောက်နေမလားဟု စိုးရိမ်ရသည်သာ အဖတ်တင်သည်။
ကောင်းလေးငယ်စဉ်က ပါးလေးကို မနမ်းရက်၍ ပန်းကုံးလေးလို တင်စားရမည့် ခြေလက် ကလေးများကို နမ်းရှုပ်ရသည်။ ကိုကို့ ကောင်းလေးကို အရုပ်ဆိုးတယ် မလှဘူးဟု ပြောသူတွေ ကို စိတ်တို ရသေးသည်။ ကောင်းလေး မွေးခါစ က အမွေးနုနုလေးတွေ မျက်နှာကို ဖုံးလွှမ်းနေ ကာ အသားက ညိုညစ်နေ၍ ချီပိုးချင်သူရှားသ တဲ့။ ကိုကိုက မမြင်လိုက်ရပေဘူး။
အခုတော့ ကောင်းလေးက သန်စွမ်းထွား ကြိုင်းကာ ဖြူဖွေးသန့်စင် လာပေပြီ။ ကလေးမချစ် တတ်ရင်တောင် မပြုံးဘဲ မနေနိုင်လောက်အောင် ကောင်းလေးက ချစ်စရာ ကောင်းလှသည်။ ကျွန်တော်က စနောက်ပြီး ကောင်းလေးက ဆိုးတယ်၊ မချစ်တော့ပါဘူးဟု ပြောလျှင် ကောင်း လေးက တစ်နေကုန် ကျွန်တော့်ကို ကောက်နေ တတ်သည်။ နောက်တစ်နေ့ကူးရင်တောင် ကျွန်တော် ပြန်မချော့မချင်း အာဘွားမပေးတတ်။ ကျွန်တော်ကဖြင့် ကိုယ်ပြောထားသည်ကို မေ့ တောင်နေပြီ။
“ကောင်းလေးကို ချစ်ပါတယ်ကွာ။ ကိုကို က စတာကို အလကား ကောက်နေတယ်”
စိတ်ရှည်လက်ရှည် ချော့ရတာမျိုး ခဏခဏ ဖြစ်လာတော့ ကျွန်တော်လည်း မစရဲတော့။ နောက်တော့ ကျွန်တော်က သူ့နည်းကို ပြန်သုံး တတ်သွားသည်။ တစ်ခုခုကို ကောင်းလေး ဂျစ် တိုက်ပြီးခါစ ဒါမှမဟုတ် လူကြီးတွေ မကြိုက် တစ်ခုခုလုပ်ထားခါစဆို ကျွန်တော်က အနားကပ် သွားပြီး ကောင်းလေးက ကိုကို့ကို မချစ်ပါဘူး ပြောကာ စရစ်တော့သည်။ ပြီးတော့ မျက်နှာကို မှိုင်ပြထားလိုက်သည်။ သည်တော့ ကောင်းလေး က လာချော့သည်။
ကျွန်တော့်ကို လာပွေ့ဖက်ပြီး မျက်နှာကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ နမ်းသည်။ “ချစ်တယ်။ ကိုကို့ကို ချစ်ပါတယ်ဆို”
ပြီးတော့ ရင်ခွင်ထဲ လာထိုင်နေတတ်သည်။ “ဒါဖြင့် လိမ္မာတဲ့ ကလေးတွေ မလုပ်တဲ့ဟာ ဘာလို့လုပ်လဲ။ ကောင်းကောင်းက ကိုကို့ကို မချစ်လို့ပေါ့”
သည်လိုနှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် လုံးလည်ချာလည် လိုက်နေတတ်လေ သည်။ ကောင်းကောင်းလေးက ချစ်သည်ကိုခံရ ခြင်းသည် သည်ကမ္ဘာ၏ အကြီးမားဆုံး စိတ် ချမ်းသာမှုဖြစ်သည်။ မနက်စောစောသစ်ရွက်ဖျား က တွဲလဲခိုနေသော နှင်းစက်ကလေး နေရောင် ခြည်မှာ တောက်ပသလို ကောင်းလေး၏တောက် ပသော မျက်လုံးမှာ ကျွန်တော့်ကို ချစ်ခင်တွယ် တာခြင်းကို မြင်ရလျှင် ကြီးစွာသော ကျေနပ်နှစ် သိမ့်ခြင်းဖြစ်ရသည်။ တကယ်တော့ အချစ်က အတ္တဖြစ်သည်။ ကောင်းလေး သည်လောကထဲ မွေးဖွားလာသည်ကိုက ကျွန်တော့်အတွက် ဆုလာဘ် တစ်ခုဟု ထင်သည်။
ကောင်းလေး၏ ခိုးခိုးခစ်ခစ်ရယ်သံက ကျေးငှက်ကလေးများ သီကြွေးသည့် မာဂဓတေး သွားလို နားမှာချိုမြိန်သည်။ လောကကြီးမှာ ဆိုးသွမ်းမှု တရားမရှိမှုတွေ ဖြစ်ပျက်နေတာ မြင် ကြားသိရလျှင် ကောင်းလေး ကြီးပြင်းလာမည့် အချိန်ကို တွေးတောစိတ်ပူရသည်။ ကောင်းလေး အတွက် မေတ္တာတွေနှင့်ပြည့်နေသည့် ကမ္ဘာ တစ်ခုကို ဖန်ဆင်းပေးချင်သည်။ လောက၏ဆိုးဝါးမှု တွေ မကျရောက်နိုင်သည့် နေရာတစ်ခု ရစေချင် သည်။
စင်စစ် ကောင်းလေးနှင့် ကိုကိုသည် ဘ၀ များစွာကတည်းက ရင်းနှီးပြီးသား သူများဟု ထင်သည်။ ကိုကိုက ကောင်းလေးထက်နှစ် ပေါင်းများစွာ ကြိုတင်၍ လူ့လောကထဲ ရောက် လာခဲ့ခြင်းဖြစ် သည်။ ကောင်းလေးက ကိုကို့ကို အရင်မှတ်မိ သိရှိခဲ့သည်ပဲ ဆိုပါစို့။
ကောင်းလေး စကားတစ်လုံးစ နှစ်လုံးစ ပြောတတ်ခါစမှာပင် ကောင်းလေးနှင့် ကျွန်တော် နှစ်လခွဲနီးပါးမျှ ခွဲခွာလိုက်ရသေးသည်။ ကောင်း လေးကတော့ ကျွန်တော့်ကို မှတ်မိတော့မည် မဟုတ်ဟု ထင်ခဲ့သည်။ မနက်စောစော ကောင်း လေးရှေ့ ကိုကိုရောက်တော့ ကောင်းလေးက မေး သည်။ “ဘယ်ပျောက်နေတာလဲ ကိုရဲ”
ကိုကိုက ဘာပြောလိုက်မှန်းပင် မသိလိုက်။ ဘေးက ကလေးထိန်း ဆရာမက ၀င်ဘာသာပြန် ပြမှ သဘောပေါက်ရသည်။ ထိုကတည်းက ကိုကို အရည်ပျော် သွားခဲ့ သည်ပဲ။ ကောင်းလေးက ဉာဏ်ကောင်းသည်၊ သင်လွယ် တတ်လွယ်သည်၊ အသိဉာဏ်မြင့်မား သည်။ ဒါတွေအားလုံးက ဂုဏ်ယူစရာကောင်း သည်ချည်းပဲဖြစ်သည်။ သို့ပေမဲ့ အားလုံးပြည့်စုံ နေသည် မရှိဆိုသည်ကို မကြာခင်သိလာရ သည်။ ဇွဲနပဲကြီးစွာ ကိုယ်လိုချင်တာ မရမချင်း ဂျစ်တိုက် နေတတ်သည်၊ ဘယ်သူဆရာလုပ်သည် ကိုမှ မခံချင်ဘဲ ကိုယ့်ဟာကိုယ် လုပ်ကြည့်ချင် သည်။ အမှားသေးသေးလေးတွေကတော့ ကောင်းလေး မှားခွင့်ရှိသည်ဟု ကိုကို ထင်သည်။ အမှားတွေကနေ ကောင်းလေး သင်ယူနိုင်ခွင့်ရဖို့ အရေးကြီးလေသည်။ ကောင်းလေး ကြီးကြီးမားမား အမှားတွေ မလုပ်မိဖို့ ကိုကိုတို့ စောင့်ကြည့် ရမည်ပဲ။
ကိုရွှေကောင်းလေးက ဘယ်အပြုအမူက လူကြီးတွေ အသည်းကို လှုပ်ခတ်နိုင်သည်ဆိုသည်ကို သိမြင်နေခြင်းကတော့ ဘယ်သူ့မှသင် ပေးစရာ မလို မွေးရာပါ ဖြစ်လေသည်။ သည်လိုနှင့် ကျွန်တော်တို့ လျှော့ပေးနေရတာ တွေ များလာတော့သည်။
ကျောက်မျက်လို ပြိုးပြက်သည့် မျက်လုံး လေး၏ စိတ်ထက်သန်မှုကို ကျွန်တော်တို့ လွန်ဆန်ဖို့ရာ မလွယ်လှပါ။ ကောင်းလေးက စကားမပြောတတ်ခင် ကတည်းကကို စကားပြောချင် စိတ်ဖြစ်ကာ ၀ူးဝူးဝါးဝါး အော်ဟစ်နေတတ်သည်။ သူများတွေ စကားပြောနေ သည်ကို မြင်နေရလျှင် သူပါဝင် ပြောချင်စိတ်ဖြင့်ကမ္ဘာဦး ဘာသာစကားဟု ဆိုရ မည့်စကားလုံးတွေကို ပြောဆိုနေတတ်လေသည်။ ကျွန်တော်က နားလည်သလို ပုံစံမျိုးနှင့် ဟုတ်လား၊ သြော် စသဖြင့် ဧည့်ထောက်ခံပေးလျှင် ၀မ်းသာအားရ အူမြူးနေတော့သည်။ အခုတော့ စကားများသည့် အမေး အမြန်းထူသည့် ဘိုကောင်းလေးဖြစ်နေပြီ။
လောလောဆယ်တော့ ကောင်းလေးကြီးလာလျှင် ဘာလုပ်မှာလဲ ခန့် မှန်းဖို့မလွယ်။ ကြည့်လိုက်လျှင် ကစားစရာအသစ်တွေကို နေ့မကူးခင် ဖျက်ဆီးနိုင်သည့်အစွမ်းကိုတော့ လေးစားရမလို။ ကလေးဂစ်တာလေးများကို စိတ်ဝင်စားပြီး၊ R ဇာနည် သီချင်းတွေကို သဘောကျတတ်သည်။ သည် လောက်သာ သိရသေးသည်။ ကောင်းကောင်းလေးက လုပ်ပြမည့်အရာများ သည် ကိုကိုတို့ အတွက် အံ့သြရဂုဏ်ယူရမည့်အရာတွေပဲဖြစ်မည်ဟု ကိုကို ယုံသည်။
လာမည့် တနင်္လာဆို ကောင်းလေးကျောင်းသွားရတော့မည်။ ကောင်း လေးကျောင်းမှာ ဘယ်လိုနေမှာပါလိမ့်။ ဆရာမတွေနှင့် အဆင်ပြေမှာဆိုသော် လည်းသူငယ်ချင်းတွေနှင့် အဆင်ပြေပါ့မလား။ ကိုယ့်ထမင်းဘူးထဲက ထမင်း ကို ယူစားတတ်ပါ့မလား။ လိုချင်တာမရရင်ရော ဂျစ်တိုက်နေဦးမှာလား။ ကိုကို့ကောင်းလေးက ခပ်လည်လည်ပါကွယ်။ အားလုံးအဆင်ပြေဖို့များ လေသည်။
ကောင်းလေး သည်လိုနှင့် ကြီးပြင်းအရွယ်ရောက်လာတော့မည်။ ကိုကို ချီပိုးနိုင်သည့် အရွယ်ကိုကျော်လွန်လာတော့မည်။ ပါးကိုမွှေးကြူတော့မည်ဆို လျှင် ရှက်ကိုးရှက်ကန်းနှင့် ထွက်ပြေးမည့် အရွယ်ရောက်လာတော့မည်။နောက်ဆို ကိုကို့ထက်ကို ရှည်မားသောအရပ်နှင့် ကိုကိုက မော့ကြည့်ရမည့် သားနားသော လူပျိုကြီး အဖြစ် ကူးပြောင်းသွားတော့မည်။ ကောင်းကောင်းကို ရင်ခွင်ထဲ ပွေ့ပိုက်ချီပိုး ထားနိုင်သည့် အရွယ် သိပ်မကျန်တော့သည်ကို သိလာရ သည်။
သို့ပေမဲ့လည်းကွယ် ဒါတွေကို ၀မ်းနည်းစရာဟု ကိုကို မထင်ပါ။ ကောင်းလေးက ကျယ်ဝန်းသောလောကကြီးမှာ ၀င်ဆံ့နိုင်ရမည်။ ကောင်း လေးနောင်တစ်ချိန် လူကြီးဘ၀ကိုရောက် ရင့်ကျက်လာသည့်အခါ ကလေး ဘ၀အကန့်လေးကို သတိတရ ဆွဲထုတ်ကြည့်မိသည်ဆိုပါစို့။ ချစ်ခြင်းဖြင့်ထုံ မွမ်းနေသည့် ကလေး ဘ၀လေးကို ဖန်တီး ပေးခဲ့သောသူများထဲမှ တစ်ယောက်အဖြစ် ကိုကို ကျေနပ်နိုင်ပါလိမ့်မည်။
ဇွဲလွင် (Teen Magazine April-2012)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|