အခု ဘယ်လိုလဲ PDF Print E-mail
Written by အောင်နှင်းသစ်   
Thursday, 26 April 2012 16:11
Share |

အခု
“လင်းစနေခြည်စက်လေး
တစ်စက်ကို မြင်ရပြီ” လို့
ရေးလိုက်တော့မလို့။

argaiv1561

သံသယတွေကို သင်ကြားပေးခဲ့
နှစ်တွေထဲမှာ
သံသယတွေနဲ့သာ ငါတို့ ကြီးပြင်းခဲ့ရ
တိတ်ဆိတ်နေတဲ့ အခန်းတွေထဲမှာ
ငါတို့ အသံတွေ အငွေ့ပျံခဲ့ရ။
ငါတို့ လူငယ်ဘဝ
ငါတို့ လူငယ်ဘ၀ဟာ
အေးစက်စက် သမံတလင်းတွေပေါ်မှာ
အေးခဲစွာ ရှိခဲ့တယ်
လူငယ်ဘ၀ဆိုတာ
မိခင်ရင်ခွင်နဲ့ ဝေးတဲ့နေ့တွေထဲမှာ ရှိခဲ့တယ်
လူငယ်ဘ၀ဆိုတာ
စိတ်ပေါ်ကို အမှောင်တွေ
ဖြူးချခံခဲ့ရတာတွေ ရှိခဲ့တယ်
အခု၊ လူငယ်ဘ၀ဆိုတာကို
ခေါင်းပေါ်က ဆံပင်ဖြူတွေကို ဖြီးသင်ရင်း
ခြောက်သွေ့ကြေကွဲ။
လွတ်လပ်လမ်းတွေပေါ်မှာ မရှိခဲ့တဲ့
လူငယ်ဘ၀အကြောင်းကို
လူတစ်ယောက်ဟာ ပြောပြနေပါတယ်။
အခုဘယ်လိုလဲဆိုတော့
ဂျာနယ်တွေပေါ်မှာ ပုံရိပ်တွေ စီးဆင်း
မောင်းထဲ ထည့်ထောင်းခံခဲ့ရပေမဲ့
ကျိုးကြေ ပျောက်ပျက်မသွားခဲ့တဲ့
အသံတွေကို
ပြန်ကြားခွင့်ရတဲ့ နေ့ရက်များလို့တော့
မရဲတရဲ ရေးလိုက်မိပါရဲ့။
သွားရင်ရောက်နိုင်ပေမဲ့
မသွားလို့ မရောက်ခဲ့တော့
နောက်ဖေးလမ်းကြားတွေဟာ
ညစ်ပတ်မြဲခဲ့
မစားရ ၀ခမန်း အိပ်မက်တွေနဲ့
ဆီပျောက် မီးပျောက်ဘ၀တွေနဲ့
သယံဇာတကို မတရားနှိုက်ယူခံရခြင်းတွေနဲ့။
တိမ်မည်းတွေ ကြားကနေ
ဖျတ်ခနဲ တိုးထွက်လာတဲ့ လရောင်ကို
လူတွေဟာ ငေးမောလို့
တက်ကြွလို့
တက်လိုက် ကျလိုက် ဖြစ်လို့။
လူငယ်တွေဟာ
လရောင်ကို ငေးမောရင်း
အနာဂတ်လရောင်တွေအထိ
လှမ်းမျှော်ကြည့်ပြီး
စိတ်ကူးစိတ်သန်းတွေကို သွေးလို့
ထက်သန်လက်တွေကို အသင့်ပြင်လို့။
မေးခွန်းတွေကတော့
ငါတို့ နှုတ်တွေကနေ ပွင့်ထွက်လာမြဲ
“တကယ်လား”
“ကျုပ်နောက်ကို လိုက်နေတဲ့ အရိပ်တွေဟာ
ဘာလို့ မပြယ်သေးတာတုံး”
“အင်း...အဲ...ဟိုဒင်း၊
ဟိုဟာတွေက ဘာကြီးတွေလဲ”။
“ဘာပဲဖြစ်ဖြစ်ပေါ့လေ”ဆိုတာ ထက်တော့
ပိုတဲ့၊ တိကျတဲ့ အတွေးအကျင့်တွေ
ပိုင်ဆိုင်သင့်ပါပြီ။
နစ်ပြီး နာနေရတဲ့ အထွေထွေ အရာရာ
အခြေအနေကောင်းဖို့
အခြေအနေတွေ လိုနေပါပြီ။
အခု ဘယ်လိုလဲ
အခု ဘယ်လိုလဲ ဆိုတော့
အခု ဘယ်လိုပြောရမလဲ ဆိုတော့
အခု ဘယ်လိုလဲ။ ။

အောင်နှင်းသစ်