|
Written by ကောင်းကင်ပြာ
|
|
Friday, 27 April 2012 14:33 |
သမီးသည် ကျွန်မထံမှ ခွင့်ပြုချက် မရသည်နှင့် မျက်နှာကို မဲ့ကာ ခြေကို ဆောင့်လျက် သူ့အဖေ စာဖတ်နေရာဆီ လျှောက်သွားကတည်းက ကျွန်မ သိလိုက်ပြီ။ ဖအေကို ဂျီတိုက်တော့မည်။
argaiv1979
“ဖေဖေ မီး ကြွားကဂျားမလို့”
“သမီးလေး သွားကစားမလို့။ ဘယ်ကို သွားကစားမှာလဲ သမီးရဲ့”
“မမ ဂျူ့မွန်တို့ချီ”
“မမ စုမွန်တို့ဆီ ဟုတ်လား သမီး” ကျွန်မ ထမင်းအိုးအဖုံးကိုလှပ်ပြီး ထမင်းစေ့ကလေးများကို လက်နှင့်ဖျစ်ကြည့်ရင်းမှ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးမိသည်။ နားတစ်စုံကိုလည်း သားအဖနှစ်ဦးထံ ပို့ထားလိုက်၏။
“မေမေ့ ခေါ်သွားလေ သမီး”
“မေမေက လိုက်ပို့ဂျူး”
“ဘူး”ကို “ဂျူး”ဟု အသံစွာစွာ ကလေးဖြင့် အော်လိုက်ပြီး မကြာမီမှာပင် သားအဖ နှစ်ယောက် စာဖတ်ခန်းမှ ထလာသံကို ကြားလိုက်ရသည်။ “မြ စုမွန်တို့ဆီ သွားကစားမလို့တဲ့။ မင်းမအားရင် ကိုကြီး လိုက်ပို့လိုက်မယ်နော်”
ထမင်းရည်ငှဲ့နေရာမှ ကျွန်မက “ကိုကြီးနော် ကလေးကို ထားပြီးတော့တော့ ပြန်မလာခဲ့နဲ့။ တော်ကြာ ကလေး ကလေးချင်းတွေ”
“အေးပါ အေးပါ”ဟု ပြော ကာ ကျွန်မ ခင်ပွန်းဖြစ်သူသည် လက်တစ်ဖက်မှ သမီး ကိုတွဲလျက် ကျန်တစ်ဖက်မှ စာအုပ် တစ်အုပ်ကို ပိုက်ကာ ထွက်သွား၏။
“ကိုကြီးရေ စာချည်းပဲလည်း မဲဖတ်မနေနဲ့ဦး” “အေးပါကွာ”
ကလေးများသည် ပန်းကလေးများလို ညှိုးနွမ်း လွယ်သည်ဟု ပြောကြသည်။ ယခုကြည့်ပါဦး။ ညနေပိုင်း က လန်းဆန်း လတ်ဆတ်နေ သော သမီးသည် ညဘက် တစ်ရေးနိုး နှစ်ချက်တီးခန့်၌ တစ်ကိုယ်လုံး ခြစ်ခြစ် တောက်ပူပြီး ကယောင်က တမ်းတွေပြောကာ အန်လေတော့သည်။ သည့်နောက် အသားများနီကာ ၀မ်းသွား ပြန်သည်။ ဖအေကို အနား ထားကာ “ဖေဖေချီ ပြန်မယ် ဖေဖေ ချီပြန်မယ်” ဟုအော် ရင်းကယောင်ကတမ်း စကားများ ဦးတည့်ရာ ပြောနေသည်။ တစ်ကိုယ်လုံး သည် ခြစ်ခြစ်တောက်ပူနေ သဖြင့် ကျွန်မတို့ ရေစိုအ၀တ် များဖြင့် အဆက်မပြတ် တိုက်ပေးနေသော်ငြား ကိုယ်ပူက မကျ။ ထို့အပြင် အန်လိုက် ၀မ်းသွားလိုက် ဖြစ်နေပြန်ရာ ဘီဘီအိုင် ဓာတ်ဆားတစ်ထုပ် ကို အိမ်အနီးဆိုင်မှ အချိန် မတော်နှိုးကာ ၀ယ်ပြီး ဖျော် တိုက်ကြရပြန်သည်။
ကျွန်မ ခင်ပွန်းက သမီး နဖူးကို ရေပတ် ကပ်နေရာမှ “အထက်လှန် အောက်လျှော ဖြစ်ပြီနဲ့ ထင်တယ်” ဟုပြောကာ ဆိုင်ကယ်ဆီသွားကာ ဓာတ်ဆီ ဖြည့်လေသည်။ တိုင်ကပ်နာရီကို ကျွန်မ ကြည့်လိုက်တော့ ၅ နာရီ။ “အစ်ကိုကြီး စောသေးတယ်။ ဒီအချိန် ဆေးခန်းဖွင့်မှာ မဟုတ်သေးဘူး”
“စောစောသွားတော့ တိုကင်ကတ်ပြား စောစော ရတာပေါ့။ သွားကြမယ်”ဟု သူက လောနေပြန်ရာ “မဟုတ်သေးဘူး လေ။ ဆေးခန်းအပြင်ကနေ အကြာ ကြီး စောင့်နေရမှာ။ ကိုယ့် အိမ်ထဲမှာလို နွေးနွေးထွေး ထွေးရှိမှာ မဟုတ်ဘူး အစ်ကိုကြီးရဲ့”ဟု ကျွန်မက အကြောင်းအကျိုးနှင့် ပြော လိုက်တော့ သူချီတုံချတုံ ဖြစ် သွားသည်။
သူ ပူပင်သောက ဖြစ်မည်ဆိုလည်း ဖြစ်လောက် သည်။ သမီးအသွင်က ပူပင်စရာ အသွင်၊ အန်လည်း အန်၊ ၀မ်းလည်းသွား၊ ကိုယ်အပူကလည်း မကျ ဆိုပြန်တော့ ကလေးခမျာ မြော့မြော့သာ။ ထို့ကြောင့် သူ့လက်ထဲ ကလေးကို ကမ်းပေးလိုက်ကာ ဗီရိုထဲမှ သမီးအတွက် ၀တ်စုံတစ်စုံကို ထုတ်လိုက်ပြီး ကျွန်မလည်း အနွေးထည် တစ်ထည်ကို ၀တ်လိုက်သည်။ ထို့နောက် ကျွန်မတို့ ဆေးခန်းသို့ ခပ်စောစောပင် ထွက်လာခဲ့လေသည်။
ဆေးခန်းရောက်တော့ ခြောက်နာရီပင် မထိုးသေး။ ဆေးခန်းတွင် ကျွန်မတို့က အစောဆုံး ဖြစ်သဖြင့် တိုကင် နံပါတ်တစ်ကို ရလေသည်။ ထို့နောက် လူမမာ ကလေးများနှင့် မိခင်များ တစ်တွဲပြီး တစ်တွဲရောက်လာကြသည်။ ညည်းသူညည်း၊ ငိုသူငို။ သို့သော် ဆေးခန်းကတော့ မဖွင့်သေး။ ၇ နာရီမှ ဖွင့်မည် ဆိုတော့ ကျွန်မတို့ မိခင်များ သောကတွေ တစ်ထွေးတစ် ပိုက်ဖြင့် စောင့်ပေရော့။
ထိုစဉ်မှာပင် ကလေး အမေတစ်ဦး ကလေးကို ပိုက်လျက် ဆိုက်ကား တစ်စီးဖြင့် ကတိုက်ကရိုက် ရောက်လာ လေသည်။ ကြည့်ရသည်မှာ ကလေး အခြေအနေ အတော် ဆိုးပုံရသည်။ ဆိုက်ကားနင်း လာသူက ကလေးကို ဆင်း ပွေ့လိုက်ပြီး မျက်နှာတွင်လည်း သောကရိပ်စွန်းထင်း နေသောကြောင့် ကလေး အဖေပင် ဖြစ်ရမည်ဟု ခန့်မှန်း ရလေသည်။ ဆေးခန်းရှေ့ ရောက်တော့ တိုင်တွင်ချိတ် ထားသည့် တိုကင်တွဲမှ ကတ် တစ်ကတ်ကို ဖြုတ်ယူလိုက်သည်။ တိုကင်က နံပါတ် ခြောက်။
တိုကင်ကို ဖြုတ်ပြီး ကျွန်မတို့ အနားလာရပ် သဖြင့် ထိုင်သာရန် ကျွန်မ ခင်ပွန်းဖြစ်သူဘက်သို့ ကပ် ပေးလိုက်သည်။ သို့သော် သူတို့ မထိုင်ကြ။ သောကရောင် ဖိတ်ဖိတ်တောက်နေ သော မျက်ဝန်းများကသာ ဆေးခန်း နောက်ဘက်မှ အိမ်မည်းကြီးဆီသို့ မျှော်လင့်ကြီးစွာ လှမ်းမျှော်နေလေသည်။ မီးမှိတ်ထားသော တိုက်ကြီး၏ အတွင်းပိုင်းသည် မှောင်လို့။
ကျွန်မနှင့် အတူ အားလုံး သော မျက်ဝန်းများက သူမ တို့နှစ်ဦးထံ စုပုံကျရောက် နေကြသည်။ ထိုစဉ်အမျိုးသား ဖြစ်သူက ဆရာဝန်ကို နှိုးဖို့ ကြိုးစားကြည့်ရန်လား မသိ။ အိမ်ဝကို တိုးကပ်လိုက် ရာ “၀ုတ် ၀ုတ် ၀ုန်း” အယ်လ်ဇေးရှင်းစပ် ခွေးကြီးတစ်ကောင် သူ့ကို ခုန်ဟပ် လေသည်။ ခွေးနှင့်သူ့ကြား ဘာဂျာတံခါးခြားနေသဖြင့် ထိုအမျိုးသား ကံကောင်း သွားလေသည်။ ထိုသူသည် သံဘာဂျာတံခါးနားမှာ မခွာ ဘဲ ပေရပ်နေ၏။
ခွေးဟောင် လိုက်သောကြောင့် အိမ်ရှေ့မီးများ လင်း ပွင့်သွားသည်။ သံဘာဂျာ တံခါးနောက်ဘက်သို့ အိမ်စေဟု ထင်ရသော မိန်းကလေး တစ်ဦး အိပ်ချင်မပြေ မှုန်ဝေေ၀ဖြင့် တစ်ရွေ့ချင်းတိုးကပ် လာကာ “ဆေးခန်းက ၇ နာ ရီကျမှ ဖွင့်မှာ။ ဆေးခန်းကပဲ စောင့်ပါ”ဟု ခွေးကို လည်မှ သိုင်းဖက်လျက် အပြင်ဘက် မှ အမျိုးသားကို လှမ်းပြောသည်။ အမျိုးသားက “သမီးရယ် ဆရာဝန် ကြီးကို နှိုးပေးပါနော်။ ကလေးအခြေအနေ ဆိုးနေလို့ပါ။ တောင်းပန်ပါတယ် သမီးရယ်။ လုပ်ပါ သမီးရယ်”ဟု ထိုင်ဦးချတော့ မလောက်ပင် ခခယယ ပြောပါသော်လည်း မိန်းကလေးက.... “၇ နာရီမှ ဆေးခန်းဖွင့် မှာ”ဟု သံပြတ်ဖြင့် တစ်ခွန်း တည်းပြောကာ ချာခနဲ လှည့် ၍ အိမ်အမှောင်အတွင်း တိုးဝင် ပျောက်ကွယ်သွားလေသည်။
ကျွန်မ တိုကင်နံပါတ် ခြောက်ကိုင်ထားသော ကလေး အမေထံ ကြည့် လိုက်ပြန်သည်။ သူသည် စိုးရိမ်သောက မျက်ဝန်းများနှင့် ကလေးတင်ပါးကို ပုတ်ကာပုတ်ကာ လှုပ်နေသည်။ ကလေးမှာ အတော့်ကို အခြေ အနေ ဆိုးနေပုံရသည်။ နှုတ်ခမ်းကလေးများပင် ပြာနှမ်း နေပြီ။
ကျွန်မတို့ ဘူတာတော မြို့ကလေးတွင် ဆေးခန်းဆို ၍ ဤတစ်ခန်းသာ ရှိပါ သည်။ ကျန်းမာရေး အတွက် အားထားရန် တခြားဆေးခန်း မရှိ။ ဆေးရုံမရှိ။ ဆေးရုံရှိရာ မြို့သို့တက်ရန်မှာလည်း တစ် နေ့လုံးမှ သုံးစင်းသာ အချိန် ကျမှလာသည့် ရထားဖြင့် သွားရန်ကလည်း အရေးပေါ် ကိစ္စမှာ မဖြစ်နိုင်။ ကျွန်မတို့ လို ဆိုင်ကယ် စီးနိုင်သူအဖို့ မခက်ခဲသော်လည်း ဆင်းရဲ နွမ်းပါးသူ ထိုအမျိုးသမီး မိခင်မျိုး အတွက် ခက် ခက် ရချေသည်။
မကြာမီ ဆေးခန်းအကူ အပြာဝတ် ဆရာမ စူပါကပ် ဆိုင်ကယ်ကလေးဖြင့် ရောက်လာသည်။ ကျွန်မ နာရီကြည့် လိုက်တော့ ၇ နာရီထိုးရန် ၁၅ မိနစ်။ စောစောက သံဘာဂျာ တံခါးနားရပ်နေသည့် ကလေး အဖေသည် အပြာ ၀တ်ဆရာမလေးကို ခြေဟန် လက်ဟန်ဖြင့် သူတို့အခက် အခဲကို ရှင်းပြအကူအညီ တောင်းနေလေသည်။ အပြာ ၀တ်ဆရာမလေးက “ခဏ စောင့်ပါ”ဟု နာရီကို ငုံ့ကြည့် ကာပြောရင်း တိုက်ရှေ့မှ ဘဲလ်တီးလိုက်ရာ အိမ်စေ မိန်းကလေးထွက်လာကာ တံခါးဖွင့်ပေးပြီး နှစ်ဦးသား စကားတပြောပြောနှင့် အိမ် နောက်ဘက် အမှောင်အတွင်း သို့ တိုးဝင်ပျောက်ကွယ် သွားကြပြန်သည်။
ကလေးဖခင် အမျိုး သားကြီးသည် အံကိုကြိတ် ကာ ဆေးခန်းရှိရာဘက်သို့ ပြန်လှည့်လာသည်။ သို့သော် ဆေးခန်းသို့တိုင် မရောက် ခင်မှာပင် အိမ်မည်းကြီးဘက်ဆီ ပြန်လှည့်သွားပြန်သည်။ ထို့နောက် ခေါင်းကိုကုတ်ကာ ဆေးခန်းဘက်သို့ ပြန်လှည့် လာပြန်သည်။ ထို့နောက် အိမ် မည်းကြီးရှိရာ အရပ်ဆီ လှည့် ပြန်သည်။ ဤသို့ဖြင့် သုံးလေးခေါက် ချီတုံချတုံ ဇဝေဇ၀ါ အားကိုးမဲ့သူတစ်ဦး ကဲ့သို့ ဖြစ်နေပုံရသည်။ နောက်ဆုံးတော့ စိတ်ကိုလျှော့ လိုက်ကာ အုတ်လှေကား ခြေရင်းတွင် ဆောင့်ကြောင့် ထိုင်လိုက်လေတော့သည်။
ထိုခဏ၌ “ဟယ် လုပ်ကြပါဦး သားလေး”
တိုကင်နံပါတ် ၆ ကိုင် ဆောင်သူ မိန်းကလေးထံမှ တောင်ပြိုသလို တထိတ်တ လန့်အော်လိုက်သည့် အသံ။ ကျွန်မ လှမ်းကြည့်လိုက် သည်။ တချို့မှာ ကလေးမိ ခင်ရှိရာ ၀ိုင်းအုံလာကြသည်။ ကလေးမိခင်သည် ဆောက်တည် ရာမဲ့စွာ တုန်လှုပ်နေသည်။ ပါးစပ်မှာ အံ့အားသင့် မယုံကြည်နိုင်စွာ အသွင်ဖြင့် ဖွင့်ဟလျက်ရှိပြီး လည်တိုင်နှစ်ဖက်မှ အကြောကြီးများ ထောင်ထသည် အထိ ကျိတ်ကာ ရှိုက်ကာငို ကြွေးသည်။ နှာခေါင်းပေါက် များမှလည်း နှာရည်များ ယိုစီးလျက်ရှိသည်။ မျက် ရည်စများက ပါးနှစ်ဖက်မှ တစ်ဆင့်ကလေးပေါ်သို့ တစ်စက်ချင်းပြုတ်ကျလျက် ရှိ၏။ အမျိုးသားဖြစ်သူ ဆိုက်ကားသမားကြီးလည်း ဘာမှ မတတ်နိုင်ရှာတော့ ကလေး၏ နှာခေါင်းနား သူ့ နားကို ကပ်ထားလေသည်။
ထို့နောက် သူ့ အမျိုး သမီးငယ်၏ ပခုံးပေါ် လက်ကိုပစ်တင်လိုက်ပြီး ခေါင်း စိုက်ကျသွား၏။ တစ်အောင့် မျှကြာအောင် ငြိမ်သက်စွာ နေပြီးမှ ခေါင်းမော့လာပြီး အမွှေးအမှင် ကျိုးတိုးကျဲတဲ ပေါက်နေသော အပေါ်နှုတ် ခမ်းကို ကွမ်းချိုးကပ်သော ရှေ့သွားမည်းကြီးများဖြင့် ဖိကိုက်လျက် ရှိုက်ငိုနေသူ သူ့ဇနီးအား ဖေးကူဖက်တွဲ ကာ ဆေးခန်း အတွင်းမှ ထွက်ခွာ သွားကြလေသည်။
ကျွန်မ နာရီကို ငုံ့ကြည့် လိုက်သည်။ ဆေးခန်းဖွင့်ရန် ငါးမိနစ်။ ဆေးခန်းဖွင့်ရန် ငါးမိနစ်အလို၌ သူတို့ ပြန်သွားကြလေသည်။
ကောင်းကင်ပြာ (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|