မျောလွင့် နေတဲ့တိမ်၊ စိတ္တဇ ဆန်တဲ့ ဒီမိုးများ ရွာနေတုန်းငါ ချမ်းလို့တုန် ဆိုတဲ့ ၀မ်းနည်းမှတ်တမ်း သီချင်းလေးကို လူငယ် တော်တော်များများ ရင်ထဲမှာ အခုထိ ပျံ့လွင့် နေဆဲလို့ ထင်ပါတယ်။
argaiv1558
ဒီသီချင်းလေးကို အမှတ်ရ နေသရွေ့ ပထမဆုံး အဆိုရှင် မို့မို့ကိုလည်း အမှတ် ရနေကြမှာပါပဲ။ မို့မို့က စိုင်းစိုင်းခမ်းလှိုင်ရဲ့ Rap စာသားနဲ့ တွဲဖက် သီဆိုတဲ့ ၀မ်းနည်းမှတ်တမ်း သီချင်း တစ်ပုဒ်တည်းနဲ့ လူသိခဲ့တာ မဟုတ်ဘဲ ကိုယ်ပိုင် သီချင်းတွေနဲ့လည်း နာမည် ရအောင် ယူနိုင်ခဲ့သူပါ။
မို့မို့က ဒုတိယ တစ်ကိုယ်တော် တေးစီးရီးခွေ ထွက်အပြီးမှာ ဂီတ အလုပ်တွေနဲ့ ၁၀ နှစ်ခန့် ကင်းကွာ နေခဲ့ပေမဲ့ တားဆီး မရတဲ့ ဂီတ ၀ါသနာ ပိုးကြောင့် တတိယ တစ်ကိုယ်တော် တေးစီးရီးကို ကြိုးစားပြီး ထုတ်ဝေဖြန့်ချိ လိုက်ပြန်ပါပြီ။ မိခင်ဖြစ်သူ တေးသံရှင်ကြီး ဖြူသီကလည်း အသက် ၆၀ အထိ သီချင်းတွေ သီဆိုနေဆဲ ဖြစ်သလို အမေ့ခြေရာ နင်းပြီး သီချင်းတွေ ဆိုနေဦးမယ် ဆိုတဲ့ မို့မို့နဲ့ စကားတွေ ပြောဖြစ် ခဲ့ကြပါတယ်။ မို့မို့က သူမရဲ့ အရင်တုန်းက ပရိသတ်တွေရော လက်ရှိလူငယ် ပရိသတ်တွေပါ ပြန်အမှတ် ရစေဖို့ အရင်က သူ့ရဲ့အနုပညာ အလုပ်တွေနဲ့ အခုလို စတင် မိတ်ဆက် ပေးခဲ့တာပါ။ ပ
ထမဆုံး မို့မို့ရဲ့ ချစ်သူသို့... တေးစီးရီးက ၁၉၉၉ လောက်က ဖြစ်မယ်။
အဲဒီတုန်းက တိပ်ပဲထွက်ဖြစ်တယ်။ စီဒီရော၊ ဗီစီဒီရော မထွက်ဖြစ်လိုက်ဘူး။ လူလည်း သိပ်မသိလိုက်ဘူး။ ၂၀၀၂ ခုနှစ်ကျတော့မှ မျက်စိမှိတ် ချစ်နေမယ် ဆိုတဲ့ ဒုတိယ တစ်ကိုယ်တော် တေးစီးရီး ထွက်ဖြစ်တယ်။ အဲဒီမှာ လူပို သိသွားတယ်။ အဲဒီ အခွေမတိုင်ခင် စိုင်းစိုင်းနဲ့ ၀မ်းနည်းမှတ်တမ်း ဆိုတုန်းကတော့ လူတွေ သိထားကြပြီးသား။ အစ်မ စီးရီးမထွက်ခင်မှာ ဒီသီချင်းကို အရမ်း ကြိုက်သွားကြပြီး မို့မို့လို့ သိသွားကြတယ်။ စီးရီးလည်း ထွက်ဖြစ်လိုက်တော့ လူပိုသိ သွားကြတာပေါ့။ အဲဒီကနေမှ အခု ၁၀ နှစ်ကြာမှ ဒီတတိယ စီးရီး အိပ်မက်လေးထဲမှာကို ထွက်ဖြစ်တာပါ။ မမို့ရဲ့ ဟိုးအရင်က တစ်ကိုယ်တော် ၂ ခွေကပုံစံချင်းသိပ်မကွာခဲ့ဘူး။ မမို့ရဲ့ပုံစံ၊ အသံနဲ့ လိုက်တဲ့ သီချင်းတွေနဲ့ လုပ်ခဲ့တယ်။
အခု အခွေကျတော့ ဒီဘက်ခေတ် တစ်ခု ဖြစ်နေတဲ့ အတွက် မို့မို့ ဆိုတဲ့ ပုံစံနဲ့ပဲ ပေးလိုက်တာလား။ ဘယ်လို ပုံစံပြောင်းခဲ့လဲ။
အစ်မရဲ့ ပုံစံ အတိုင်းပဲ ပေးခဲ့တာပါ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တာပေါ့နော်။ အရမ်းကြီးတော့ မပြောင်းလဲ သွားဘူး။ ဒါပေမဲ့ ခေတ်နဲ့ လိုက်ပြီးတော့ တချို့သီချင်း လေးတွေကျတော့ မကိုက်ညီတာ ရှိလို့ ဖြုတ်ပစ် လိုက်ရတာပေါ့။ လုပ်လာတဲ့ နှစ်က ကြာတော့ သီချင်းတွေက ဟောင်းသွားရော။ အသစ်တွေ ပြန်ထည့် လိုက်ရတာမျိုးတွေလည်း ရှိတာပေါ့။ စတိုင်လ်ကတော့ အစ်မ ဆိုနေကျ ပေါ့ပ်သီချင်း အချိုလေးတွေပဲ များတယ်။
သီချင်းတွေ မဆိုဖြစ်နေတဲ့ ကာလတွေတုန်းက ဘာတွေ လုပ်ဖြစ်နေခဲ့လဲ။
ဒီကြားထဲမှာတော့ ဘာမှ သိပ်မလုပ်ဖြစ်ဘဲ အတွဲ တေးစီးရီးတွေပဲ လုပ်ဖြစ်နေတာပေါ့။ ဒါက အစပိုင်းပေါ့။ နောက်ပိုင်းမှာတော့ ဘာမှ သိပ်မလုပ်ဖြစ်တော့ဘဲ အခု မှ ဂီတပြန်လုပ်ဖြစ်တာပါ။
ပရိသတ်နဲ့ နှစ်အကြာ ကြီး ခွဲနေခဲ့ရတော့ ပရိသတ် ချက်ချင်း သတိထားမိအောင် တစ်ခုခုလုပ်ပြထားတဲ့ အရာ မျိုးရှိလား။ ပရိသတ်နဲ့ ပတ် သက်တဲ့ မို့မို့စိုးရိမ်တဲ့ စိတ် ဆိုတာ ရှိလား။
စိုးရိမ်စိတ်ကြီးရယ်လို့ တော့မရှိဘူး။ ကိုယ်က နှစ်တွေ အရမ်းကြာပြီးတဲ့ အခါ ကျတော့ တစ်ခွေဆို ဆိုသ လောက်ကောင်းကောင်းလေး ဖြစ်စေချင်တဲ့ စေတနာတော့ ရှိတယ်။ အဲဒီအတွက်ကြောင့် ဒီအခွေကို လုပ်တဲ့အချိန်မှာ အရမ်းကို စိတ်တိုင်းကျမှ လွှတ်တာပေါ့လေ။ သိပ်မ ကြိုက်သေးရင် မလွှတ်သေးဘူး။ အခုဆိုရင် ဗီစီဒီစရိုက် နေပြီ။ အရမ်းကောင်းဖို့ အတွက် ငွေရေးကြေးရေးကို လျစ်လျူရှုပြီးတော့ လုပ်တယ်။ ကောင်းကောင်းလေးပဲ ပရိသတ်ကို ပေးချင်တယ်။ ကျန်တာကတော့ စိုးရိမ်စိတ် ဆိုတာ မရှိဘူး။

ဝေးသွားတာကတော့ ပထမ စစဦးချင်းကတော့ ခိုးကူးခွေကြောင့်ပေါ့။ခိုးကူး ခွေအရမ်းများလာတဲ့ အခါကျ တော့လေ။ အစ်မတို့က စီးရီး တစ်ခွေ လုပ်ပြီဆိုရင် သေချာ နှစ်ပြီးတော့ လုပ်တယ်။ ဒီတော့ ပြန်မရတဲ့ အခါကျတော့ ကိုယ်ပေးဆပ်ထားတဲ့ အတိုင်းအတာထိ ပြန်မရတဲ့ အခါကျတော့ စိတ်ညစ်တာ ပေါ့လေ။ ပြီးတော့ အစ်မ အနေနဲ့က Show တွေ ဘာတွေ လည်း မဆိုဘူး။ အရင်တုန်း ကတည်းက Show အများ ကြီး မဆိုဘူး။ ကိုယ်ကြိုက် တဲ့ Show ပဲ သီးသန့်ဆိုတယ် ဆိုတော့ ဒီဂီတကို Professional လုပ်တာ မဟုတ်ဘူး။ ဒီတော့ ဒီတစ်ခွေဆိုရင် အစ်မ တို့က ပုံအောပြီး လုပ်တာဆို တော့လေ။ တခြားနေရာက နေလည်း ပိုက်ဆံရအောင် ပြန် ရှာတယ်ဆိုတာ မရှိဘူးဆို တော့ ခိုးကူးတွေကြောင့် နှမြောတယ်။ သဲထဲရေသွန် ဖြစ်သွားမှာကို စိုးတယ်။ ဒါ ကြောင့် မထုတ်သေးဘူးလို့ ထားရင်း ထားရင်းနဲ့ နောက်ကျတော့ အိမ်ထောင်ကျ တယ်။ ကလေးရတယ်။ ဒီတော့ ပိုဝေး သွားတာပေါ့နော်။ အသက်အရွယ်ကလည်း ပိုကြီးလာတာ ဆိုတော့ တဖြည်းဖြည်းနဲ့ ဝေးသွားတာ။ ဘာကြောင့်ဆိုတဲ့ အကြောင်းကြီး တစ်ခုတည်းနဲ့တော့ မဟုတ်ပါဘူး။ ရပ်ထားတာကတော့ ခိုးကူးခွေကြောင့် ပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်း နှစ်တွေ ကြာလာတဲ့ အခါကျတော့ အခု ခိုးကူးတွေကတော့ ရှိတော့ရှိနေတာပေါ့လေ။ ဒါပေမဲ့ စဉ်းစားလိုက်တယ်။ ကိုယ်လုပ်ထားတဲ့ အလုပ်တစ် ခုကို ပြီးအောင် လုပ်ချင်တယ်။ ပရိသတ်တွေကလည်း တောင်း ဆိုတယ်။ မထွက်သေးဘူး လားဆိုပြီး အစ်မကို တွေ့ရင် အစ်မ ပရိသတ်က အမြဲမေး တယ်။ သီချင်းတွေကိုလည်း နှမြောတယ်။ ဆိုထားပြီးသား လုပ်ထား ပြီးသားတွေကို ပေါ့။ ဒီတော့ ဘာကိုမှ မကြည့်တော့ဘူး။ မရရင်လည်း နေပစေတော့။ Single Album ဆိုတာ ကိုယ့်ရဲ့မှတ် တိုင်တစ်ခုပဲ ဆိုပြီးဆုံးဖြတ် ပြီး ထွက်လိုက်တာပေါ့။
ဟိုးအရင်က ပရိသတ် နှုတ်ဖျားမှာ အချိန်နဲ့အတော် ကြာစွဲ ထင်ခဲ့တဲ့ ရက်စက်တဲ့ နှစ်လအချိန်တွေရယ်၊ တစ်စ စနဲ့ ဝေးကွာ အချစ်ဆုံးလေး ဆိုတဲ့ သီချင်းမျိုး။ မောင်နဲ့ ကျွန်မ သိပ်ချစ်လို့ နေတာ။ မောင့်မိဘများက သဘော မတူနိုင်ပါဘူး ဆိုတဲ့ သီချင်း ပုံစံမျိုးတွေကိုပဲ ပြန်တွေ့ရ မလား။ ပုံစံမတူတဲ့ ဘယ်လို သီချင်းမျိုးတွေ ထည့်ထားသေး လဲ။
အကုန်လုံးကတော့ လေမို့ အကြိုက်တွေချည်းပဲ။ ပရိသတ်က ကြိုက်မှာပဲဆိုပြီး ပရိသတ် အကြိုက် လိုက်လျော ထားတဲ့ ရှာဖွေထားတဲ့ သီချင်းတော့ မရှိဘူး။ ပရိသတ်ရော ကိုယ့်အကြိုက်နဲ့ပါ ကိုက်မယ့် သီချင်းမျိုးတွေပဲ ရွေးထား တယ်။ ဒါပေမဲ့ အနှေးလေး တွေတော့များတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်ဆိုရင်လည်း အနှေးလေးတွေနဲ့ပဲ လိုက် တယ်။ ဒါကိုပဲ အာတွေ့တယ်လေ။ ပြီးလို့ရှိရင် အနှေးနဲ့ ပိုလိုက်တယ်လို့ပဲ ပြောကြ တယ်ပေါ့နော်။ ဒါကြောင့် အနှေးလေးတွေပဲ ရှာဖြစ်တယ်။
အစ်မရဲ့ ပရိသတ်က တော့ ကြိုက်မယ်လို့ ထင်ပါတယ်။ အစ်မ သီချင်းကို တစ်ခါမှ နားမထောင်ဖူးဘဲ အခုမှ နားထောင်မယ့် ပရိ သတ်ကတော့ မပြောတတ် ဘူးပေါ့။ အစ်မကို အားပေး သော အစ်မကို တစိုက်မတ် မတ်အားပေးသော ပရိသတ် တွေကတော့ ဒီအခွေလေးကို ကြိုက်နှစ်သက်မယ်လို့ ထင် ပါတယ်။ များသောအားဖြင့် က ပေါက်နေတဲ့ သီချင်းတွေ က အနှေးတွေပဲ များတာ လေ။ အမြန်ပေါက်တယ်ဆို တာ အရမ်းရှားတယ်။ ပေါက် ပါစေတော့ရယ်လို့လည်း အနှေးတွေ ရွေးတာမဟုတ်ပါ ဘူး။ ကိုယ်ကလည်း ဒီ သီချင်းမျိုးတွေနဲ့ လိုက် တယ်။ ပြီးတော့ ဒီသီချင်းမျိုး တွေကိုပဲ အစ်မ အာတွေ့ တယ်။ ဒါကြောင့် အနှေးတွေ ပဲ များတယ်။ စိုင်းစိုင်းနဲ့တွဲဆို ခဲ့တဲ့ စုံတွဲမျိုးမပါဘူး။ တစ်ကိုယ်တော်ချည်းပဲ။ လူငယ် တွေအနေနဲ့ကတော့ ခေတ်ဆန်တဲ့ သီချင်းတွေပဲ ပေါက် လာတာပေါ့။ ဒါပေမဲ့ ကိုယ်ကတော့ ကိုယ့်လိုင်းနဲ့ ကိုယ်ပဲသွားချင်တယ်။ ခေတ်က တောင်းဆိုလို့ဆိုပြီး တမင်တကာ ရွေးထည့်တာ မရှိဘူး။ ကိုယ်ကြိုက်တဲ့ Music ပုံစံပဲ ကိုယ်လုပ်ထားတာ။ ဒီအခွေမှာ တေးရေးတွေက စောခူ ဆဲ၊ စတုန်း၊ ရွှေဂျော်ဂျော်၊ ဆောင်းဦးလှိုင်၊ ဇ၀ါ၊ အောင်ကိုမြင့်၊ ကိုအောင်တို့ ရေးပေးထားတဲ့ သီချင်းတွေ ပါတယ်။
ဒီဘက် ခေတ်ထဲမှာလည်း နာမည်ကြီး သီချင်းတွေ ရေးစပ် ပေးနေတဲ့ တေးရေးဆရာတွေလည်း ပါ တယ်။ ဒီတေးရေးတွေက ကော မို့မို့ စိတ်ကြိုက်ပဲလား။ သူတို့ကို ကိုယ့်အကြိုက်တွေ ပေးပြီး စပ်ခိုင်းတဲ့ သီချင်းတွေ ဖြစ်မလား။
အဲဒီလို ပြောပြီး စပ်ခိုင်းတဲ့ သီချင်းတွေတော့ မရှိပါဘူး။ ကိုယ့်ဟာကိုယ် ရှာယူ ထားတာပေါ့နော်။ သီချင်း စပြီးလုပ်တော့မယ်ဆိုတော့ ကိုရွှေတို့၊ ဆောင်းဦးလှိုင်တို့၊ ကိုခူဆဲတို့ကို မို့အတွက် သီချင်းတွေ ရေးပေးပါပေါ့နော်။ အဲဒီတော့ သူတို့ကလည်း သိနေပြီဆိုတော့ မို့အတွက်ရေး ပေးတာကို နှစ်ပုဒ်၊ သုံးပုဒ် ပေးတယ်ဆိုရင် ကိုယ်က အရမ်းကြိုက်တဲ့ တစ်ပုဒ်ကို ၀ယ်ထားလိုက်တယ်။ အဲဒီလို မျိုးနဲ့ သီချင်းလေးတွေ စုထား တာပေါ့။ အောင်ကိုမြင့်တို့ကျတော့ အနှေးလေးတွေ များနေလို့ အမြန်လေးတွေ ပေးပါလို့ တောင်းရတာပေါ့နော်။ အကြောင်းအရာကိုတော့ သူတို့ကြိုက်တာတွေပဲ။ မို့ ပြောပြီးရေးခိုင်းတဲ့ သီချင်းတစ် ပုဒ်မှ မပါပါဘူး။ တချို့ သီချင်းကျတော့လည်း ကိုယ့် အတွက် ရေးထားတာ မဟုတ်ဘဲ နဲ့ ကိုယ်ကြိုက်လို့ တောင်းဝယ် လိုက်တာတွေလည်း ရှိတယ်။ ကိုစတုန်း ရေးထားတဲ့ မအေးချမ်းမေ ဆိုခဲ့တဲ့ သီချင်းလေးဆိုရင် မို့ကြိုက်လွန်းလို့ ၀ယ်ပြီးဆိုတယ်။ သီချင်း အဟောင်းဆိုရင် အဲဒီ တစ်ပုဒ်တော့ ပါတယ်။ သီချင်း နာမည်က ရွာတော့မိုးပါ။

၁၀ နှစ်ကျော်နားပြီးမှ သီချင်းတွေ ပြန်သွင်းရတော့ ဆိုတဲ့ အပိုင်းမှာရော စတူဒီယိုမှာ အသံသွင်းတဲ့ အချိန်မှာပါ အဆင်ပြေမှု ရှိရဲ့လား။ ဘာတွေ ပြန်လုပ်ခဲ့ရလဲ။
အခက်အခဲတော့ သိပ်မရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က အမြဲတမ်းအိမ်မှာဆိုဖြစ်နေတယ်။ စတူဒီယို သွားပြီးဆိုတယ်ဆိုရင်လည်း အသံသွင်းရှိတယ်ဆိုရင် ကိုယ်က သေချာဂရုစိုက်ပြီး ကောင်းပြီဆိုမှ လွှတ်တယ်။ စတူဒီယိုဆိုတော့ မကောင်း ရင် ပြန်သွင်းလို့ရတာပေါ့ နော်။ အရမ်းကြီးအခက်အခဲ တော့ မရှိဘူး။ ဒါပေမဲ့ နား နားပြီးဆိုတာက ပိုပြီးတော့တောင် ကောင်းပါသေးတယ်။ မို့အမြင်နဲ့ဆိုရင်လေ။ ဟိုး အရင်တုန်းက မို့ ရှိုးတွေ ဆိုတယ်။ မင်္ဂလာဆောင်တွေမှာ ဆိုတယ်။ အဲဒီလိုပွဲတွေမှာ ဆိုပြီးပြန်လာရင် စတူဒီယိုပြန်ရောက်ရင် မဆိုချင်တော့ဘူး။ အသံက ခဏခဏဆိုတဲ့အခါကျတော့ မကောင်းတော့ဘူး။ နားနားပြီးဆိုတော့ ပိုကောင်း တယ်။
အရင်က မို့မို့နဲ့ အခု မို့မို့ ရဲ့ ဂီတနဲ့ ပတ်သက်တဲ့ ခံစား ချက်တွေကရော ဘယ်လို ပုံစံတွေ ဖြစ်သွားပြီလဲ။
ဟိုအရင်ကလည်း ဂီတ ကို ၀ါသနာပါလို့ လုပ်ဖြစ်ခဲ့ တာလေ။ ၀ါသနာပါလို့ ဆို ပေမဲ့ တကယ့် Professional အဆိုတော် တစ်ယောက်ဖြစ် ချင်လားဆိုတော့ တကယ့်ကို မဖြစ်ချင်ခဲ့ဘူး။ ဘာလို့လဲဆို တော့ Show တက်ရတာ လည်း ကိုယ်က ၀ါသနာ မပါဘူး။ အဆိုတော်တွေထဲမှာ ဆိုရင် သူငယ်ချင်းတွေဆို ပြောကြတယ်။ သီချင်းမဆို ချင်ဆုံး အဆိုတော်ကို ပြဆိုရင် နင့်ကို ပြရမယ်လို့ ပြောကြတယ်။ ကာရာအိုကေကို သူငယ်ချင်းတွေနဲ့ သွားရင် မို့ ဘယ်တော့မှ သီချင်း မဆိုဘူး။ အဲလိုမျိုးဆိုတော့ ကိုယ်က ကိုယ်ကြိုက်တဲ့ စီးရီးပုံစံ လေးတွေကို ထုတ်နေရရင် ကျေနပ်တယ်။ ကိုယ့်ဟာ ကိုယ်အိမ်မှာဆိုတယ်။ Studio ထဲမှာနေပြီး သီချင်း သွင်းတယ်။ ဖန်တီးတယ် ဆိုတဲ့ အဲဒီ Process ကိုလည်း အရမ်းကြိုက်တယ်။ အခု အသက်လေး နည်းနည်းရတဲ့ အချိန်မှာ အဆက်မပြတ် သွားအောင်လို့ ဒီလိုအခွေလေး ထုတ်တယ်။ နောက်ပိုင်း အသက်ပိုကြီးသွားတဲ့ အခါ ကျရင် အခွေထုတ်တဲ့ အပိုင်းကို ပိုစိတ်ဝင်စားတယ်။ အရမ်းဝါသနာပါတယ်။
အဆိုတော်သစ်တွေ အသံ ကောင်းတဲ့ သူတွေကို ထုတ် ပေးချင်တယ်။ သီချင်း တစ်ပုဒ်ကို စအပ်ပြီး အသံသွင်း ပြီး ဗီစီဒီရိုက်ပြီးတဲ့အထိ အပြီးအစီးလုပ်ရတာကို ကြိုက်တယ်။ စိတ်တိုင်းကျလည်း လုပ်ချင်တယ်။ စီးပွား ရေးကိုပဲကြည့်ပြီး တစ်ခွေပြီး တစ်ခွေထုတ်မယ်။ ပရိသတ် ကြားထဲကမပျောက်သွား အောင် လုပ်မယ်ဆိုတာထက် စာရင် ကိုယ်လုပ်ချင်တာကို လုပ်ချင်တဲ့ အချိန်မှာ ထလုပ်ရတာ ပိုကြိုက်တာပေါ့နော်။
ဒါဆိုရင် နောက်ပိုင်း တခြားသူတွေအတွက် အခွေတွေ ပိုထုတ်ပေးဖြစ်မယ်လို့ ဆိုလိုတာပေါ့။
ဟုတ်တယ်။ ပြီးတော့ ကိုယ့်အခွေလေးတွေကိုလည်း အဆက်မပြတ်အောင်တော့ ထုတ်နေဦးမှာပါ။ အခုခေတ်ကလည်း နည်းနည်း ပြောင်းလဲနေပြီ။ ခိုးကူး အနေနဲ့ရော နိုင်ငံရေး အခြေအနေတွေကလည်း အကုန် ပွင့်လာပြီ ဆိုတော့လေ။ ခိုးကူးတွေလည်း မကြာခင် ပပျောက်မယ်လို့ မျှော်လင့်မိတယ်လေ။အဲဒီလို မျိုးဆိုလို့ရှိရင် ဂီတ လောကမှာလည်း အင်အားကောင်း ကောင်းနဲ့ ပရိုဂျူဆာ မရှိတော့ တဲ့အကြောင်းလည်း အဓိက ပါတယ်လေ။ ကွာလတီကို မထိန်းနိုင်တဲ့ အတွက် ပြန်မရတာတွေလည်း ရှိလာတယ်။ နောက်ပိုင်းကျရင်တော့ တစ်မျိုး ဖြစ်လာမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မေမေ (ဖြူသီ)တို့ ခေတ်ကတည်းက မို့က စတူဒီယိုထဲမှာပဲ ကြီး ပြင်းခဲ့တာ။ ကိုယ်ပိုင်စတူဒီ ယိုလည်း ရှိခဲ့တယ်။ မို့က Music Business ကို အရမ်း လုပ်ချင်တယ်။ ဂီတလောက ကြီး အရမ်း ကောင်းလာပါစေလို့လည်း မျှော်လင့်တယ်။
လက်ရှိ ဂီတလောကနဲ့ ပတ်သက်တဲ့ အမြင်လေးကရော။
လက်ရှိ ဂီတလောကနဲ့ ပတ်သက်တာကတော့ မို့တို့ မဆိုခင်ခေတ်တုန်းကဆိုရင် အရမ်းတော်တဲ့ အနုပညာရှင် တွေအများကြီး ပေါ်ထွက်ခဲ့တယ်။ အရမ်းလေးစားအား ကျခဲ့ရတဲ့ အဆိုတော်တွေမက အတီးပိုင်းတွေမှာပါ ပညာရှင်တွေအများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကြားကာလမှာ နည်းနည်း ပျောက်သွားသလိုပဲ။ ဆိုလိုတာက ပညာရှင် မထွက် လာဘူးပေါ့နော်။ အခုဒီဘက် ခေတ်ကျတော့ ပြန်ထွက်လာတယ်။ အဲဒီလိုမျိုးလေးကို ပြန်မြင်တယ်ပေါ့နော်။ အဲဒါ ကို အရမ်းလည်း ကြိုဆိုတယ်။ အရမ်းလည်း ၀မ်း သာတယ်ပေါ့နော်။ ဒီထက်လည်း ဂီတကို ပညာပိုင်းနဲ့ ပတ်သက်ပြီး တကယ် နားလည်တဲ့ လူငယ်တွေ ပိုပိုပြီး ထွက်လာပါစေလို့ မျှော်လင့်တယ်။

မို့မို့က ဒုတိယ တစ်ကိုယ်တော် ဗီစီဒီတုန်းက ပရိသတ် ကြိုက်အောင် လုပ်ပြနိုင်ခဲ့တာ ဆိုတော့ ဒီအခွေကိုရော ဘယ်လို ထူးခြားအောင် လုပ်ဦးမလဲ။
အခု ဗီစီဒီကိုလည်း အဲဒီပုံစံအတိုင်းပဲ ရိုက်မှာပါ။ အဲဒီလိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဦးမှာပါ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကျတော့ အရင်တုန်းက မင်းသားတွေနဲ့တွဲပြီး အပုဒ်တိုင်းလိုလိုရိုက်ခဲ့တယ်။ အခုတော့ အသက်လည်းကြီးနေတယ်လေ။ ဒီတော့ အငယ်လေးတွေ သုံးမှာပေါ့လေ။ ဒါရိုက်တာပေါ်လည်း မူတည်ပါတယ်။ သူတို့ စဉ်းစားထားတဲ့ ပုံစံ အတိုင်းပေါ့လေ။ အခုမို့ အပ်ထားတဲ့ ဒါရိုက်တာတွေဆိုရင် တချို့က မို့နဲ့ပဲ ရိုက်မယ်။ တချို့က မော်ဒယ်နဲ့ရိုက်မယ်။ မို့ကို ဆိုခိုင်းမယ်။ တချို့ကျတော့လည်း မို့ကို သရုပ်ဆောင် ခိုင်းပြီး မော်ဒယ်လ်ကို ဆိုခိုင်းမယ် စသဖြင့် Idea အမျိုးမျိုးပဲ။ သူတို့ Idea ပေါ်ကြည့်ပြီး သွားမှာပေါ့နော်။ မော်ဒယ်လ်တွေလည်း သုံးခဲ့ဖူးတယ်။ အခုအခွေမှာလည်း သုံးဦးမှာပါ။
မို့မို့ကလည်း အမေတူ သမီးဆိုတဲ့အတိုင်း အမေ့လို အသက် ၆၀ အထိ သီချင်းတွေ ဆိုနေဦးမှာပေါ့။
ဆိုနိုင်သေးရင်တော့ ဆို နေရမှာပေါ့နော်။
အခု ရိုက်နေပြီဆိုတဲ့ ဗီစီဒီကရော ဘယ်ဒါရိုက်တာတွေ နဲ့ ရိုက်မှာလဲ။ ဘယ်အခြေ အနေထိ ရောက်နေပြီလဲ။
ရိုက်ပြီးသားကတော့ ၂ ပုဒ်လောက် ရှိနေပါပြီ။ ဒါရိုက်တာ ကိုနိုင်(NVG) ရယ်၊ လူမင်းခေါင်ရယ်နဲ့ ရိုက် ထားတာပါ။ နောက်ပိုင်း ဆက်ရိုက်ဖို့လည်း ရှိပါတယ်။ ဒါရိုက်တာတွေကတော့ အတိ အကျမသိသေးဘူးပေါ့။ စဉ်း စားနေတုန်းပဲ။ ဒါပေမဲ့ ဒီဧပြီ လကုန်ပြီးရင်လည်း ထပ်ရိုက် ဖို့ ရှိပါတယ်။ ပုံစံမျိုးစုံတော့ ကိုယ်က ပါချင်တယ်။ MTV လေးတွေ၊ Story လေးတွေ စသဖြင့်ပေါ့နော်။ ဒါပေမဲ့ ဒါရိုက်တာတွေနဲ့ သူတို့ရဲ့ စိတ် ကူးစိတ်သန်းတွေပေါ်မှာလည်း မူတည်တာပေါ့နော်။ ကိုယ်ကတော့ အခုအချိန်မှာ ကိုယ် အရမ်း ကြိုက်နေတဲ့ ဒါရိုက်တာတွေကို သုံးဖို့ ရှိပါတယ်။ သူတို့ရဲ့ စိတ်ကူးအတိုင်း အကောင်းဆုံးရိုက်သွားဖို့ စဉ်းစား ထားပါတယ်။
ဒီအခွေမှာ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ဖို့ စဉ်းစားထားတဲ့သီချင်း ရှိသေးလား။
ကိုယ်တိုင်ကတော့ လုပ်တော့ လုပ်ကြည့်ချင်တယ်။ ဒါပေမဲ့ တစ်ခါမှ မရိုက်ဖူးတဲ့ အခါကျတော့လေ။ သိပ်ပြီးတော့ ယုံကြည်မှု သိပ်မရှိဘူးပေါ့နော်။ ဒါပေမဲ့ စိတ်ကူးတွေတော့ ရှိတယ်။ အဲဒီစိတ်ကူးတွေကို ကိုယ်က ဒါရိုက်တာတွေကို ပြောပြတာတော့ ရှိတာပေါ့။
ဟိုးအရင်က အဆိုတော် မို့မို့နဲ့ အခု အဆိုတော် မို့မို့ ဘာတွေ ကွာခြားသွားတယ် ဆိုတာလဲ ပြောပြပေးပါဦး။
ဘာတွေ ကွာခြားသွားလဲ ဆိုတော့ အသက် ၁၀ နှစ် ပိုကြီးသွားတာပေါ့နော်။ အဲဒါလေးပဲ ကွာခြားပါတယ်။ ကျန်တဲ့ သီချင်းပုံစံ၊ ခံယူချက်တွေ၊ ကိုယ်ကြိုက်တဲ့သီချင်း ပုံစံတွေ၊ စတိုင်လ်တွေကတော့ ထူးထူးခြားခြားကြီးမ ပြောင်းလဲသွားပါဘူး။ အရင်အတိုင်းပါပဲ။
မို့မို့ရဲ့အိပ်မက်လေးထဲမှာ ဆိုတဲ့ စီးရီးTitle သီချင်းကို ဒါရိုက်တာ ကိုနိုင်(NVG) က ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ အတူ မို့မို့က ကိုယ်တိုင် သရုပ်ဆောင် ထားတယ်လို့ သိရပါတယ်။ ဒီတေးစီးရီး ဗီစီဒီကို ဒီနှစ်ထဲမှာပဲ ထွက်ချင်တယ်လို့ မို့မို့က ဆိုပါသေးတယ်။ မို့မို့က သူနဲ့ အချိန် အကြာကြီး ဝေးကွာနေတဲ့ ပရိသတ်ကြီးကိုလည်းအခု တေးစီးရီးသစ်ကို အရမ်း ကြိုးစားအား ထုတ်ထားတဲ့အတွက် အားပေးစေချင်ပါတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် စိတ်တိုင်းကျတဲ့ အတွက် သူ့ရဲ့ပရိသတ်ကြီးလည်း စိတ်တိုင်းကျမယ်လို့ မျှော်လင့် ထားပါတယ်။ မို့မို့က ပရိသတ်ကြီး အားလုံးကို ကျေးဇူး တင်တယ်လို့ ပြောချင်ပါတယ်လို့လည်းနှုတ်ဆက်ခဲ့ပါတယ်။

သင်းပပ (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|