(May-2012)အညိုမှသည် ကြက်သွေးနီသို့(၁၄) PDF Print E-mail
Written by မသီတာ (စမ်းချောင်း)   
Friday, 04 May 2012 14:26
Share |

(ယခင်လမှအဆက်...)
ရက်ကလစ်ဖ် နှုတ်ဆက်ပွဲ
နွေဦး ကာလတွင် ကြက်သွေးနီ၏ ပရ၀ဏ်သည် အရောင် စိမ်းစိမ်းစိုစို များဖြင့် လှပ တင့်တယ် နေလေ၏။

buy tadalafil onlinecialis medication generic sildenafil click here
argaiv1877

အမေရိကရှိ တက္ကသိုလ်များတွင် နွေဦးသို့ ရောက်လေလျှင် စာသင်နှစ် တစ်နှစ် ကုန်ဆုံးခါ နီးပြီဖြစ်ရာ စာမေးပွဲ အတွက် ပြင်ဆင်မှုများ ရှိသကဲ့သို့ ဘွဲ့နှင်း သဘင်များ၊ ကျောင်းဆင်းပွဲများ အတွက် ပြင်ဆင်မှုများလည်း ရှိလာကြပြီ ဖြစ်ပါသည်။ ကိုယ်တို့ ရက်ကလစ်ဖ်မှာလည်း ပညာရှင်များ အားလုံး အသေအချာ ဇာတ်တိုက်ထားသော တင်ဆက်မှုဖြင့် ရက်ကလစ်ဖ် နှုတ်ဆက်ပွဲကို ကျင်းပခဲ့ကြပါသည်။ ရက်ကလစ်ဖ် နှုတ်ဆက်ပွဲသည် ကျောင်းသားများ၏ ကျောင်းဆင်းပွဲ သဘော၊ ဘွဲ့နှင်းသဘင် အခမ်းအနား သဘောကို မဆောင်ချေ။ သည်ဌာနက ဖိတ်ကြားထား သူများ အားလုံးမှာ ပညာရှင်ချည်း ဖြစ်ရာ ထိုပညာရှင်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင် ဖန်တီးမှုများကို ဌာနမှ အသုံးပြုခွင့် ရခြင်းနှင့် ဌာန ပတ်ဝန်းကျင်၏ အသိဉာဏ်နှင့် တီထွင်ဖန်တီးမှု အတိမ်အနက်အား အားဖြည့်ခွင့် ရခြင်းအတွက် ထိုပညာရှင်များအား ဌာနမှ အသိအမှတ်ပြု ကျေးဇူးတင်စွာ နှုတ်ဆက်သည့်သဘောကို ဆောင်လေသည်။ သို့သော် ပညာကုံထံများ ဖြစ်ကြသည့် ကိုယ်တို့ Fellow များမှလည်း ဌာန၏ ကိုယ်တို့အပေါ် ပံ့ပိုး ပေးအပ်သော အထောက်အပံ့များအား ကျေးဇူးတင်သည့် သဘောဖြင့် နှုတ်ဆက်ပွဲကို အသိဉာဏ် ပညာများ၊ တီထွင်ဖန်တီးမှု အနုပညာများဖြင့် ပြန်လည် တင်ဆက်ကြခြင်း ဖြစ်ပါသည်။

နှုတ်ဆက်ပွဲတွင် ရက်ကလစ်ဖ် ကျောင်းအုပ်ကြီးဟု ဆိုရမည့် ဘာဘရာ၊ ဌာနမှူးသဘော ဆန်သည့် ဒါရိုက်တာ ဂျူဒီတို့က အဖွင့် အမှာစကား ပြောကြား ကာ Fellow များကိုယ်စား ဂျိမ်းစ်က ကျေးဇူးတင်စကား ပြောကြားလေသည်။ ထို့နောက်တွင်မူ အာလုပ်သံဖြင့် ဂီတ တင်ဆက်မှုကို ကျွမ်းကျင်စွာ တင်ဆက်သွားသော အီရင်မှ ကွန်ပို ဆာသဘော တာဝန်ယူကာ ကိုယ်တို့၏ တင်ဆက်မှုကို စတင်ပါသည်။ ထို နှုတ်ဆက်ပွဲမတိုင်မီ ကိုယ်တို့ ၂၀၀၉-၂၀၁၀ခုနှစ် Fellow များက အမှတ်တရ အင်္ကျီဒီဇိုင်း တစ်ခုကို ဖန်တီးကာ ၀တ်ဆင်ကြရန် သဘော တူထားခဲ့ကြ သည်။ ဒီဇိုင်းကို ဂီတနှင့် ပန်းချီပညာရှင် အယ်မလီက ရေးဆွဲပေးခြင်း ဖြစ်ပြီး သူ့ ဒီဇိုင်းမှာ ကိုယ်တို့ ပညာကုံထံများ၏ ရုံးခန်း အဆောက်အအုံ၏ ရှေ့နှင့်နောက် မျက်နှာ စာပုံများတွင် ရုံးခန်းတစ်ခန်းစီအား နာမည်များနှင့် အညွှန်း တပ်ပေးထားခြင်း ဖြစ်ပါသည်။ ထိုဒီဇိုင်းကို အင်္ကျီ၏ ရှေ့ခြမ်းနှင့် နောက်ခြမ်းတွင် ပုံနှိပ်ပြီး အင်္ကျီပုံစံဖြစ်သည့် အရောင်နှင့် လက်အတိုအရှည်ကိုမူ တစ်ဦးချင်းမှ စိတ်တိုင်းကျ ရွေးချယ်နိုင်ကြပေသည်။ သို့ရာတွင် နှုတ်ဆက်ပွဲ အတွက် ထိုအင်္ကျီကို ၀တ်လိုမှလည်း ၀တ်နိုင်ကြရာ ထို နှုတ်ဆက်ပွဲ နေ့တွင် ကိုယ်တို့အားလုံး အရောင်အသွေး စုံနေခဲ့ကြသည်။

ကြိုတင်စီမံ ထားသည့်အတိုင်း တင်ဆက်သူ အုပ်စု နှစ်အုပ်စုကို အီရင်က ကွန်ပိုဆာ သဘော ညွှန်ကြားပေးသည်။ နောက်ခံ ပိတ်ကားပေါ်တွင်မူ တစ်နှစ်တာ အတွင်း ဟောပြော ပို့ချမှု အသီးသီး က ပြသခဲ့သည့် ဓာတ်ပုံသော်လည်း ကောင်း၊ စာသားဆလိုက်သော်လည်း ကောင်းကို အလိုအလျောက် ပြောင်း ကာ ပြသ ပေးနေသည်။ ပိတ်ကားရှေ့ တွင် နေရာ ယူထားသော အုပ်စုမှာ တစ်နှစ်တာ အတွင်း ဟောပြောခဲ့မှုများထဲမှ ကောင်းနိုးရာရာ စာပိုဒ်များကို ရေးသားထားသော စာရွက်များအား ကိုင်ထားကာ မိမိတို့ သက်ဆိုင်ရာ စာသားများအား အီရင်၏ လက်ပြညွှန်ကြားမှု အတိုင်း အတိုးအကျယ်၊ အနှေးအမြန်တို့ကို ရွတ် ဖတ်ကြသည်။ ရံဖန်ရံခါ သံပြိုင်၊ ရံဖန် ရံခါ အီရင်မှ ရွေးချယ် ညွှန်းဆိုလိုက် သော တစ်ဦးချင်းအလိုက်၊ အသံနေ အသံထား အနိမ့်အမြင့်၊ အတိုးအကျယ်၊ အနှေးအမြန် မညီစွာ သံပြိုင်ရွတ်ဆို မှုတွင် မတူညီသော စာသားများအား တစ်ပြိုင်တည်း ရွတ်ဖတ်ကြခြင်းဖြင့် ဂီတသံစဉ် တစ်ခုသဖွယ် ဖြစ်လာသည်။

ကျား၊ မ အရေအတွက်မှာလည်း ဆတူ နီးပါးဖြစ်သကဲ့သို့ အမေရိက၊ ဥရောပ လေယူလေသိမ်း မတူသူများဖြစ်ရာ တူရိယာ မပါသော်လည်း ဂီတ တင်ဆက်မှု တစ်ခုသဖွယ် တစ်စစ အသက်ဝင်လာ နေသည်။ တစ်ဖန် ကိုယ်အပါအ၀င် အမေးစာသား ၀င်ရွတ်ရမည့်သူများမှာ လည်း အီရင်၏ လက်ပြအချက်ပေးမှု အတိုင်း သံပြိုင်ရွတ်ဆိုမှုများ အပြီးတွင် တစ်ဦးချင်းအလှည့်ကျ အမေးစာသား များကို ရွတ်ကြရသည်။ အမေးများကို လည်း ကိုယ်တို့ Fellow များကိုယ် တိုင်က အထူးတလည် ပြင်ဆင်ပေး ထားသဖြင့် ပြုံးစဖွယ်အမေးများချည်း ဖြစ်နေသည်။ ဂီတ သံစဉ်များသဖွယ် စာသား ရွတ်ဆိုမှုများ အသံတိုးလွန်းချိန် သို့မဟုတ် တိခနဲ တိတ်ဆိတ် သွားချိန်တွင် ပြုံးစဖွယ် အမေးများကြောင့် တက်ရောက် နားထောင် ကြည့်ရှုကြသော ပရိ သတ်အဖို့ စိတ်ထိုင်းမှိုင်းမှုဟူ၍ မဖြစ် နိုင်တော့။

အီရင်၏ လက်အချက်ပြမှုမှာလည်း အလွန်ပင် ကောင်းမွန်ပါးနပ်ရာ ဂီတ တူရိယာ အလျှင်းမပါသော ဝေါဟာရ ရွတ်ဆိုမှု သြခက်စတြာတစ်ခုကို တင်ဆက်နေသကဲ့သို့ မြိုင်ဆိုင် လွန်းလှပါသည်။ နောက်ခံ ပုံရိပ်များမှာလည်း ကုန်ဆုံးခဲ့သော တစ်နှစ်တာကို ပြန်ပြောင်း သတိရစဖွယ် ဖြစ်လေ၏။ အမေး အချို့နှင့် သဲကွဲစွာ ကြားခွင့်ရသော စာသားရွတ်ဆိုမှုများတွင်လည်း အချို့ သော Fellow များ၏ ကိုယ်ပိုင်ဟန်ကို ထင်ဟပ်စေသော လေသံနှင့် ဝေါဟာရ များ ပါဝင်နေရာ ကိုယ်တို့ အချင်းချင်းမှာ ကြည်နူးစွာ ရယ်မောဖြစ်ကြ၊ လက်ခုပ်သြဘာ ပေးဖြစ်ကြပြန်ပါသည်။ သည်တင်ဆက်မှုသည် အပျော်သဘောကိုလည်း မဆောင်၊ အနုပညာ သဘောလည်း မပျောက်၊ ဂီတတူရိယာလည်း မသုံး၊ အတတ်ပညာတို့၏ အနှစ်သာရ ကိုလည်း မဖုံးကွယ်၊ ပညာကုံထံများ၏ သုတေသနများ အားလုံးအားလည်း တစ်နည်းနည်းဖြင့် ထင်ဟပ်ကာ တစ်နှစ်တာ၏ အမှတ် ရစရာများကိုလည်း မှတ်တမ်း တင်ပေးသော တင်ဆက်မှုစင် စစ် ဖြစ်ပါပေသည်။

သို့ဖြင့် ရက်က လစ်ဖ်မိသားစုမှပင် တအံ့တသြ ချီးကျူး ထောမနာ ပြုရသည့် ထူးခြားသော တင်ဆက်မှုကို ကိုယ်တို့ ၂၀၀၉-၁၀ Fellow များက တင်ဆက် လိုက်နိုင်ခဲ့ပေ သည်။ သည်တင်ဆက်မှုမှ မတူညီ သော စာသားများကို သံစဉ်အနိမ့်အမြင့် ပြောင်းကာ လူအများမှ တစ်ပြိုင်တည်း ရွတ်ဆိုခြင်းဖြင့် ဂီတသံစဉ် တစ်ခု ဖန်တီးခြင်း အနှစ်သာရကို ကိုယ်က သဘော အကျကြီး ကျခဲ့သည့် အတွက် မနှစ်က ပြုလုပ်ခဲ့သော ဖူးငုံဆယ်ကျော် သက်မဂ္ဂဇင်း၏ အသက် ၀င်နေသော မဂ္ဂဇင်း စာပေ အနုပညာ တင်ဆက်မှုတွင် Theme song ခေါ် ပင်တိုင်ဂီတကို ထို သဘောတရား အပေါ် အခြေခံပြီး ဖန်တီး ပေးပါရန် ဂီတမိတ်မှ ကိုမိုးနိုင်အား အကူအညီတောင်းဖြစ်ခဲ့သည်။ မဂ္ဂဇင်း ပါ အခန်း ကဏ္ဍများ၏ အမည်များအား Accapella အကပလာသီဆိုသူ ၁၀ ဦးမျှက တစ်ပြိုင်နက် မတူညီစွာ ရွတ်ဆို ကြခြင်းဖြင့် အောင်မြင်သော ပင်တိုင် ဂီတတစ်ခုကို ဖန်တီး နိုင်ခဲ့ချိန်တွင် ကြက် သွေးနီတွင် ခင်မင်ခဲ့ရသော အီရင်အပါ အ၀င် ပညာကုံထံ သူငယ်ချင်းများအား လွမ်းဆွတ်တသကာ ကျေးဇူးလည်း တင်ခဲ့မိပါသည်။

ထိုနှုတ်ဆက်ပွဲ ပြီးသည့်နောက် ရက်ကလစ်ဖ်ကျောင်းအုပ်ကြီး ဘာဘ ရာမှ သူ့နေအိမ်တွင် ပါတီပွဲကြီး တစ်ခု ကို ကျင်းပပေးခဲ့သေးသည်။ ထိုပွဲတွင် ကား Fellow အများစုနှင့်အတူ ဘာဘ ရာကပါ ကကြခုန်ကြနှင့် အပျော်ကြီး ပျော်ခဲ့ကြပါသည်။ ကိုယ်တို့အားလုံး မှာလည်း မကြာမီမှာ နေရင်း အရပ်အသီးသီးသို့ ပြန်ကြရမည် ဖြစ်ရာ သည်နှုတ်ဆက်ပွဲကိုဖြင့် အမှတ်တရ အဖြစ် တန်ဖိုးထား ဆင်နွှဲဖြစ်ခဲ့ကြပါသည်။ နှုတ်ဆက် ပွဲပြီး သွားသော်လည်း Fellow များ အနေဖြင့် စာသင်နှစ်အသစ်မစမီအထိ သည်ရုံးခန်းကို အသုံးပြုခွင့်ရထားကြ သည့်အပြင် ဇွန်လကုန် အထိလည်း နေ့လယ်စာကျွေးမွေးမှုကို ဌာနမှ ဆက် လက်တာဝန်ယူဦးမည်ဖြစ်ရာ ကိုယ်တို့ အချင်းချင်းက ပြန်တွေ့နေကြဦးမည် ဖြစ်ပါသည်။ သို့ဖြင့်လည်း ပိုမို ရင်းနှီး ခင်မင်သူချင်း စုကာ လုပ်ကြသည့် နှုတ်ဆက်ပွဲ အသေးစားများစွာကိုလည်း ဌာန အဆောက်အအုံအတွင်းနှင့် အနီးဝန်း ကျင်ရှိ စားသောက်ဆိုင်လေးများတွင် လုပ်ဖြစ်ကြပါသေးသည်။ ကြက်သွေးနီ၏ ၀န်းကျင်ကား စားသောက်ဆိုင်လေး များ စုံလင်လှသဖြင့် ကိန်းဘရစ်ခ်ျ မြို့လေး၏ အစည်ကားဆုံးနေရာလည်း ဖြစ်ပေသည်။

ဆိုရလျှင် ကြက်သွေးနီသည် လည်းကောင်း၊ ရက်ကလစ်ဖ်သည် လည်းကောင်း ကိုယ်အပါအ၀င် Fellow များအားလုံးအတွက် ပညာ ရတနာကွန် ရက်သိုက်မြုံ ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ပင် ကမ္ဘာ့ပညာရေး လောကတွင် ကြက် သွေးနီဟု ကိုယ်က ချစ်စနိုးတင်စားရ သော ဟားဗတ် တက္ကသိုလ်သည်လည်း ကောင်း၊ ရက်ကလစ်ဖ်၏ Fellowship သည်လည်းကောင်းလွန်စွာတန်ဖိုးကြီး၊ အလေး ထားရသော ကျောင်းမဟာနှင့် အခွင့်အရေးများ ဖြစ်နေသည်မှာ အဆန်း တကြယ် မဟုတ်ပါချေ။

ဟားဗတ်၏ ဘွဲ့နှင်းသဘင် အချို့
ကြက်သွေးနီသည် အညိုနှင့်စာလျှင် ပိုမိုကြီးသော ကျောင်းဖြစ်သည်နှင့် အညီ ဌာနခွဲပေါင်း များစွာ၊ ကျောင်းခွဲ ပေါင်းများစွာလည်း ရှိလေသည်။ ထို့ကြောင့် ကြက်သွေးနီ၏ ဘွဲ့နှင်း သဘင်မှာ အညိုဟု ကိုယ်က ချစ်စနိုး ခေါ်ရပါသော ဘရောင်း တက္ကသိုလ်မှာ ကဲ့သို့ ကျောင်းသားအားလုံး ဂိတ်ဝ တစ်ခုတည်းမှ ဖြတ်လျှောက်သည့် အစဉ်အလာ မရှိချေ။ သို့သော် ဌာန အလိုက် မိမိတို့ ၀င်းအတွင်းမှာပင် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပ လေသည်။ ကိုယ်တို့ရှိသော ရက်က လစ်ဖ်မှာ ပြင်ပ ပညာရှင်များအား စိတ် ကြိုက်သုတေသနပြုရန်သာ ထောက်ပံ့ ပေးသောဌာန ဖြစ်သဖြင့် ကျောင်းသား မရှိသကဲ့သို့ ဘွဲ့နှင်း သဘင်လည်း မလို အပ်။ သို့သော် ကိုယ်တို့ ရက်ကလစ်ဖ် ၀င်းနှင့် အနီးဆုံးမှာရှိသည့် စဉ်ဆက် မပြတ် ပညာရေးဌာနတွင်မူ ဘွဲ့နှင်း သဘင်က ရှိလေသည်။ သူတို့ဝင်းမှာ မြေနေရာ သိပ်မရှိ။ သို့နှင့် ကိုယ်တို့ ရက်ကလစ်ဖ် မြက်ခင်းပြင်မှာ သူတို့၏ ဘွဲ့နှင်းသဘင်ကို ကျင်းပလေရာ ကိုယ် တို့မှာလည်း ထိုဘွဲ့နှင်းသဘင်ကိုပင် စိတ်ဝင်စားစွာ အားပေးဖြစ်ခဲ့လေသည်။

အမေရိကမှာ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ရန် ပြင်ဆင်မှုမှာ မည်မည်ရရ မရှိတတ်ကြ။ လက်ဝတ်ရတနာ ဆင်ယင်မှုမျိုးမရှိ သကဲ့သို့ အလှပြင်ဆိုင်သွားကာ ပြင်ဆင် မှုမျိုးလည်း မလုပ်ကြ။ သို့သော် အခြား သော စိတ်ကူးမျိုးများဖြင့် ကိုယ့်စိတ် ထင်ရာ ပြင်ဆင်မှုမျိုးကိုမူ လုပ်လေ့ရှိကြ ပေသည်။ ဘွဲ့ဦးထုပ်တွင် မိမိပြောလိုရာ သဘောထားတစ်ခုခုကို ထင်ဟပ်နိုင် မည့် စာတမ်းဖြစ်စေ၊ အရုပ်ဖြစ်စေ ရေးထိုးထားခြင်းမျိုး ပြုကြသည်မှာ အများစု ဖြစ်သည်။ ဘွဲ့ဝတ်စုံကိုမူ အထူးတလည် မပြင်ဆင်ကြ။ ဘွဲ့နှင်း သဘင်အား ထသွားထလာ အ၀တ် အစားမျိုးဖြင့် တက်ရောက်ကြသူများ ကလည်းဒုနှင့်ဒေး။ သည်ကြက်သွေးနီ မှာတော့ အထူးသဖြင့် ပိုစိတ်လှုပ်ရှား တတ်ကြသည်။ ကမ္ဘာကျော် တက္ကသိုလ်မှ ရရှိသော ဘွဲ့ဟူသည့် အသိကလည်း ရှိနေကြသည်ထင့်။ ကိုယ် သတိထားမိသော ဘွဲ့ဝတ်စုံ ထူးခြားမှုမှာကား မွေးကင်းစ ကလေးငယ်လေးအား ဘွဲ့ဦး ထုပ်လေး ဆောင်းပေးခြင်း ဖြစ်သည်။ ဘွဲ့ယူမည့် သူမှာ အမေရိကန် ဟုတ်ပုံ မ ရချေ။ စင်ပေါ်မတက်မီ တန်းစီ နေချိန်တွင် အမျိုးသမီး ဖြစ်သူမှ သူတို့ကလေး လေးနှင့် ဘွဲ့ဦးထုပ် ပိစိကွေးကို ဘွဲ့ယူ မည့် သူအား လှမ်းပေးလိုက်သည်။

ထို သူက ကလေးခေါင်းမှာ ဘွဲ့ဦးထုပ်ပိစိ ကွေးကို ဆောင်းပေးကာ ဘွဲ့အပ်နှင်းရာ စင်မြင့်ထိ ချီယူသွားသည်။ သဘောက သူတို့ သားအဖနှစ်ယောက် တွဲကာ ဘွဲ့လက်မှတ်ကို လက်ခံမည်ပေါ့။ သည်မှာ က မည်သည့် ပြဿနာမှမရှိ။ သည်နှယ် ဘွဲ့ဦးထုပ် ဆင်တူ ဆောင်းထားသော သားအဖက စင်ပေါ်တက်ကာ ဘွဲ့လက် မှတ်ယူရာတွင် လက်ခုပ်သြဘာသံ ပိုမြိုင် သည်မှလွဲပြီး မည်သူကမျှ မပိတ်ပင် မတားဆီး၊ မငြိုငြင် မဝေဖန်။ လွတ်လပ်သော လူ့အဖွဲ့အစည်းမှာ နေထိုင် သည့် လွတ်လပ်သောလူသားများပီပီ လွတ်လပ်သော အပြုအမူများကို လွတ်လပ်စွာ ပြုလုပ်ဆောင်ရွက်နိုင်ကြ သည်လေ။ သည်နှယ် လွတ်လပ်မှု၏ အရသာကို လွတ်လွတ်လပ်လပ်ကြီး ရနိုင်သဖြင့်လည်း ကြက်သွေးနီသည် ကမ္ဘာ့ကျောင်းသား လောကတွင် နာမည် ကျော်နေဆဲ ဖြစ်နေရခြင်း ဖြစ်ပေမည်။ သည်သို့သာ ကိုယ်က တွေးမိလျက် ဘွဲ့ရသူများ အားလုံးကို ချီးကျူးမိ သကဲ့သို့ ပီတိလည်း ဖြစ်မိခဲ့ရပါသည်။ ဘွဲ့နှင်းသဘင် အခမ်းအနားတိုင်းသည် အမျိုးမျိုး အဖုံဖုံသော စိတ်ခံစားမှု အပျော် များကို ပေးနိုင်စွမ်းသည်ကိုး။

ရင်ချင်းစာတမ်း ပြုစုပွဲ
ကြက်သွေးနီတွင် ရက်ကလစ်ဖ်နှင့် ပတ်သက်သည့် ဆောင်ရွက်စရာ ရှိသည်များ မပြီးဆုံးမီမှာပင် ကိုယ်က သည်ရောက်မှ ပြုလုပ်သည့် သုတေသ နကို အဆုံးသတ်ခဲ့ပြီး ဖြစ်ပါသည်။ သည်စာသင်နှစ်တွင် သုတေသနကို အပြီးမသတ်နိုင်သူများလည်း ကိုယ်တို့ Fellow အုပ်စုတွင် ရှိလေ၏။ ပါကစ္စတန်မှ ဟျူမဲရာဆိုလျှင် စာတစ်ပုဒ်ကို သော်မျှ မရေးခဲ့သကဲ့သို့ မည်သည့် သုတေသနကိုမျှလည်း မလုပ်ခဲ့ချေ။ သူက ပါကစ္စတန်ကို ပြန်မည်ဟု တစ်နှစ် ပတ်လုံး ပြောလာရာမှ ပြန်ခါနီးချိန် ရောက်လာသော် အခြားတစ်ယောက် ယောက်အား စာအုပ်ကို ရေးခိုင်းမည်၊ သူက အချက်အလက်များပေးမည်၊ ထုတ်ဝေသူကို ရှာနေသည်ဆိုသည့် စကားများကို ပြောလာပြန်ပါသည်။

အချို့ Fellow များမှာလည်း သုတေသနကို အပြီး မသတ်နိုင်သူများ ရှိခဲ့သည်။ အချို့ Fellow များ၏ သုတေသနမှာ ကြီးမားကျယ်ပြန့်လွန်းသဖြင့် ဆယ်လ ကျော်ကြာ အချိန်မျှဖြင့် ပြီးဆုံးအောင် ရေးရသည်မှာ မလွယ်ကြောင်း နား လည် ပေးနိုင်သော်လည်း အချို့ Fellow များမှာမူ သုတေသနကို လုပ်နေပုံ မည်မည်ရရ မမြင်ရသည်ကိုလည်း တွေ့ခဲ့ရရာ ထို Fellow များကို နားမ လည်နိုင်ခဲ့ပါချေ။ ဆိုရလျှင်သည် ရက်ကလစ်ဖ်မှ မိမိတို့၏ သုတေသန များ ပြီး၊ မပြီးကို စစ်ဆေး မေးမြန်းခြင်း မပြုသကဲ့သို့ မပြီးလျှင်လည်း မည်သည့် ပြစ်တင် ဝေဖန်မှုမျိုးကိုမျှ မပြုပါချေ။ သို့သော် Fellow များအနေဖြင့် မိမိတို့ အား ရုံးခန်းအဖြစ် လွန်စွာ ခမ်းနားခေတ် မီပြီး ဟားဗတ်၏ လက်ရှိပါမောက္ခ အချို့ပင် အားကျရသည့် ကျယ်ဝန်းသော သီးသန့်အခန်း၊ လစာအဖြစ် လိုလေသေးမရှိ လုံလောက်ရုံမကသော ပမာဏ၊ သုတေသန အကူအဖြစ် ဟားဗတ် ကျောင်းသားနှင့် ကြီးကျယ်ပြည့်စုံ လှသော စာကြည့်တိုက်များကို ရထား ပါလျက်နှင့် မိမိတို့ လုပ်ချင်လှပါသည် ဆိုကာ အသည်းအသန်၊ အပြိုင်အဆိုင် လျှောက်ထားသော သည် Fellowship အတွက် ရည်ရွယ်ထားသည့် သုတေသနကို ပြီးဆုံးအောင် အားမထုတ်ခြင်းသည် အကျည်း တန်လှလေ၏။

သည် နှယ် Fellow များကလည်း ကျောင်းတကာမှာ ရှိနေမြဲ။ ၂၀၀၅ ခုနှစ် ရောက် ခဲ့သော အိုင်အိုဝါ၏ အပြည်ပြည်ဆိုင်ရာ အရေးအသား အစီအစဉ်မှာလည်း တာဝန် ရှိသူများက လွန်ခဲ့သည့် နှစ်များ အတွင်း လာရောက်ခဲ့သည့် စာရေးဆရာ များထဲမှ အစီအစဉ်အား လျစ်လျူရှုကာ မိမိတို့ ကိုယ်ရေးကိုယ်တာ၊ စိတ်ဝင် စားစရာများကိုသာ ဆောင်ရွက်ခဲ့ကြသော စာရေးဆရာများ အကြောင်း ရင်ဖွင့်ပြခဲ့ ဖူးသည်ကိုး။ သို့ဖြင့် ကိုယ့်သုတေသန စောစီးစွာ ပြီးဆုံးရန် နယူးအင်္ဂလန်၏ ဆောင်းရက်များအတွင်း ကျားကုတ် ကျားခဲ ရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဌာနမှ နှုတ်ဆက်ပွဲ ကျင်းပချိန်တွင် ကိုယ့်မှာ သုတေသန ကို ဆောလျင်စွာ ပြီးဆုံးသည့်သူ အဖြစ် မျက်နှာမှာ အပြုံးချိတ်ကာ ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုသို့ သုတေသနကို စော စီးစွာ ပြီးဆုံးရန် အားထုတ်ရသည့် အကြောင်းမှာ ရာသီဥတု ကောင်းလာချိန် တွင် ခရီးများ ထွက်လိုခြင်းကြောင့် ဖြစ် သည်ကိုလည်း ၀န်ခံရပေမည်။ နောက် ထပ်အကြောင်း တစ်ခု ရှိသေးပြန်ရာ ထို အကြောင်းမှာကား ဟားဗတ်ရှိ ရင်ချင်း တက္ကသိုလ်ခွဲ၏ စာတမ်း အစီအစဉ် တစ်ခုတွင်လည်း ကိုယ်က ပါဝင်နေသ ဖြင့် ထိုစာတမ်း အတွက် အချိန်ပေးကာ ရေးသားရန်လည်း ရှိနေသေးသည်။ ထို စာတမ်း အစီအစဉ်ကို ဦးဆောင်သူများ မှာ တိုင်ဝမ်မှ ၀န်ချင်းခေါ် မနုဿဗေဒ ပညာရှင်နှင့် ကော်နဲလ်တက္ကသိုလ်မှ အဲရစ်ခေါ် သမိုင်း ပညာရှင်တို့ ဖြစ်ကြပါသည်။ အဲရစ်မှာ ၂၀၀၆ ခုနှစ်ဝန်း ကျင်ကရန်ကုန်သို့ ပထမအကြိမ်အလည် ရောက်လာရာမှာ ကိုယ့်ကို တွေ့ဆုံခဲ့ ပြီးနောက် ဘရောင်း တက္ကသိုလ်မှာ ရှိနေချိန်တွင်လည်း ကော်နဲလ်တက္ကသိုလ် ၏ ဖိတ်ကြားမှု အရ ဟောပြောမှု တစ်ခု သွားရောက်ပို့ချရင်း ထပ်မံ ဆုံတွေ့ခဲ့ပြန်သူ ဖြစ်ပါသည်။

သည်စာတမ်း အစီအစဉ်တွင် ပါဝင်သူ အများစုမှာ “မြန်မာပြည် လေ့လာချက်များ”ဟု အမည်ရ သည့် မြန်မာ့ အရေးအား ဘက်စုံထောင့်စုံမှ လေ့လာ နေကြသော ပညာရပ်ဆိုင်ရာ ပညာရှင်ကြီးများ၏ ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးလေ့ရှိကြသည့် နိုင်ငံခြားသား ပညာရှင်များလည်း ဖြစ်ကြပါ သည်။ မြန်မာပြည်မှ ကိုယ်တစ်ယောက် သာ ပါသော်လည်း ပြည်ပတွင် နေထိုင် သည့် ပလောင် တိုင်းရင်းသား စာရေးဆရာ တစ်ဦးနှင့် ကရင် တိုင်းရင်းသူ နိုင်ငံရေး သိပံ္ပဆရာမ တစ်ဦးတို့လည်း ပါပါသည်။ သည်အစီအစဉ်သည် ပညာရှင်အချင်းချင်း တွေ့ဆုံဆွေးနွေး ချိန် အနေဖြင့် နှစ်ရက်မျှသာ ကြာမြင့် သော်လည်း ပညာရှင်အသီးသီးမှ မိမိတို့ သက်ဆိုင်ရာစာတမ်းများကို တင်ကြိုပြု စုထားရန် လိုအပ်ပါသည်။

ဆွေးနွေး ပွဲတွင် ဆွေးနွေးဖြစ်သည်များကို အခြေခံ ကာ စာတမ်းအသီးသီးကို ပြန်လည်ရေး ဖွဲ့ကြရဦးမည် ဖြစ်သော်လည်း ဆွေးနွေး ပွဲမပြီးမီ တစ်လကျော်အလိုတွင် အချင်း ချင်း လှည့်ဖတ်ထားနိုင်ရန် မိမိတို့၏ စာတမ်းများကို အကြမ်းရေးပြီး ဖြစ်ရ ပေမည်။ သို့ဖြင့် ကိုယ်သည်လည်း သည်စာတမ်းအတွက် အချိန်အနည်း ငယ် ပိုရနိုင်ရန် ရက်ကလစ်ဖ်၏ သုတေ သနကို စောစီးစွာ ပြီးဆုံးရေး ကြိုးစား ဖြစ်ခဲ့ပေသည်။

ရင်ချင်း ဆွေးနွေးပွဲသည် ရင်းနှီးပြီး သူအများစုဖြင့် ကျင်းပသည့် အတွက် နွေးထွေးလှကာ ပျော်ရွှင်စရာလည်း အလွန် ကောင်းခဲ့ပါသည်။ အမေရိက ပြင်ပမှ တက်ရောက်လာသော ပညာရှင် များအား ကိုယ်တို့ ရက်ကလစ်ဖ်ဝင်း အနီးရှိ ဟိုတယ်တွင် တည်းခိုရန် စီစဉ်ပေးထားသဖြင့်လည်း မူလက ရင်းနှီးသူများနှင့် အလွယ်တကူ ပြန်တွေ့ နိုင်ပြန်ပါသည်။ ဦးဆောင် စီစဉ်သူ အဲရစ် နှင့် ရက်ကလစ်ဖ်ပညာရှင်ထဲမှ ကိုယ်နှင့် အလွန် ခင်မင်သော ဆီမာကလည်း သမိုင်း ပညာရှင်ချင်း အနေဖြင့် သိနေကြ ရာ ဆီမာကပါ ကိုယ်တို့စာတမ်း အုပ်စုနှင့် လာတွေ့သောကြောင့်လည်း ပိုမိုနွေး ထွေးသော ပညာသည်ကွန်ရက်တစ်ခုကို မျက်မြင်ကြုံခွင့်ရပြန်ပါသည်။ ထို့ ကြောင့်လည်း ကြက်သွေးနီအ၀န်း အ၀ိုင်းသည် စာသင်နှစ်ကာလများတွင် သာမက နွေကျောင်းပိတ်ရက်များတွင် ပါ ပညာရေးမြစ်ရေတသွင်သွင် စီးဆင်း ရာအရပ် အဖြစ် ပီပြင်အမှတ်ရစရာ ဖြစ် နေချေတော့၏။

ပြည်တော်အပြန်
သို့ဖြင့် အညိုမှသည် ကြက်သွေးနီ သို့ ခရီးရှည်ကား နိဂုံးက မတ်အဆုံးသတ်ရန် အချိန်အခါသို့ ကျရောက်လာခဲ့ ချေလေ၏။ ပြည်တော်ပြန် ခရီးအတွက် ကြိုတင် ပြင်ဆင်မှုများကို တစ်ဖက်မှာ ဆောင်ရွက်နေလျက်က တစ်ဖက်မှာလည်း လက်ကျန်အချိန် အတွင်း ပြည် နယ်များများ အနှံ့သွားရေး စီမံကိန်း အား မရောက်ဖူးသေးသည့် ခရီးစဉ် များ ထွက်ခြင်းဖြင့် အကောင်အထည် ဖော်ရန် စီစဉ်ရပြန်ပါသည်။ ကြက်သွေး နီကာလများတွင် မြန်မာတိုင်းရင်းသား များအပါအ၀င် နိုင်ငံခြားသားမိတ်ဆွေ အပေါင်းအသင်းများလည်း အများ အပြား တိုးပွားနေပြီဖြစ်သည့်အားလျော် စွာ နှုတ်ဆက်ပွဲများကလည်း အစီအရီ ရှိနေပြန်ပါသည်။

အမေရိကတွင် မိတ်ဆွေအပေါင်း အသင်းများ နေထိုင်ရာ ပြည်နယ်မြို့ရွာ များသို့သာ အလည်သွားဖြစ်ခဲ့ပြီး ရင်းနှီး သောမိတ်ဆွေ မရှိသည့် အရပ်ဒေသ များအတွက်မူ ဘော်စတွန်(သို့) နယူး ယောက်တရုတ်တန်းမှ ထွက်သော တိုးရ်ခရီးစဉ်ယာဉ်များနှင့် လိုက်ပါလည် ပတ်လေ့ရှိပါသည်။ ခရီးစဉ်စီစဉ်ပုံမှာ လူကြိုက်များသည့် ပြည်နယ်များ အတွက်သာ ဦးတည်ထားတတ်ရာ ရောက်ဖူးပြီးသော ပြည်နယ်မြို့ရွာများ ပါရှိနေတတ်သဖြင့် ကိုယ့်အဖို့ ရွေးချယ်စရာ များများစားစား မရှိတတ်ခဲ့ချေ။ သို့သော် သည်နွေမှာမှ စတင်စမ်းသပ် ပြေးဆွဲပေးသည့် တင်နက်စီ ပြည်နယ် ခရီးစဉ်လည်း ပါဝင်ရာ ကိုယ့်အပေါ် ညီအစ်မသဖွယ် စောင့်ရှောက် ကူညီသော မလေးနှင့် ခင်မင်ရသော မဂျဲနီ တို့ကပါ အတူလိုက်ပါမည် ဆိုသဖြင့် ထိုခရီးစဉ် အတွက် စာရင်း ပေးခဲ့ကြပါ သည်။

ထိုခရီးစဉ်မှာ အမေရိက၏ တောများ၊ တောင်များ၊ ဂူများ၊ ရေကန် များကို အများအပြား တွေ့ခဲ့ရသည့် ခရီးစဉ် ဖြစ်ပြီး ချစ်ခင်ရသည့်သူများ အဖော်ပါသည့်အတွက်လည်း ပိုမိုပျော် ရွှင်ခဲ့ရလေသည်။ ခရီးစဉ်အတွင်း ထူးခြားသော နေရာများ အနက် အမှတ် ရနေဆဲ နေရာအချို့မှာ တင်နက်စီပြည် နယ် အထိမ်းအမှတ် ဂစ်တာကြီး၊ ပျောက်ဆုံးနေသော ပင်လယ်အမည်ရှိ မြေအောက်ပေ ၁၄၀ အနက်ရှိ အမေရိ က၏ အကြီးဆုံးသော မြေအောက်ရေ ကန်၊ ပြည်နယ် ၇ ခုအား လှမ်းမြင်နိုင် သည်ဆိုသည့် မျှော်စင် တောင်ကုန်းနှင့် ထိုတောင်ကုန်း အတက်အဆင်း အတွက် ၇၀ ဒီဂရီနီးပါး မတ်စောက်စွာ ပြေးဆွဲသည့် ရထား၊ တောင်ကုန်းအောက်မှ မြေကြီးနက်ထဲတွင် ရှိနေသည့် အမေရိ ကရှိ အမြင့်ဆုံးသော မြေအောက်ရေတံ ခွန်တို့နှင့် မြင့်မားစွာ တည်ရှိနေသည့် သဘာဝအတိုင်း ဖြစ်တည်နေသော ကျောက်တံတားကြီးတို့ ပါဝင်ပါသည်။ အမေရိက၏ သဘာဝ အလှတရားများ အား အားပါးတရ ကြည့်ရှုခံစားခွင့်ရခဲ့ သော ခရီးလည်း ဖြစ်ပါသည်။ ထို့နောက် ထပ်မံ ထွက်ဖြစ်ခဲ့သော ခရီး စဉ်များအနက် မိန်းပြည်နယ်သို့ နေ့ချင်း ပြန်သွားသော ခရီးစဉ်မှာလည်း အလွန် ကြည်နူးစရာ ဖြစ်ပါသည်။ သဘာဝ အလှအပများကြောင့် ကျော်ကြားသည့် မိန်းပြည်နယ်၏ အလှအပသည် စိမ်းစိုလှသည့် တောအုပ်ကြီးများကြောင့် ပိုမို လန်းဆန်းသည့် ခံစားချက်ကို ပေးစွမ်း နိုင်ခဲ့ပြန်ပါသည်။

ထို့နောက် ပြည်တော်ပြန် ခရီး မတိုင်မီ ဆင်နွှဲဖြစ်ခဲ့သည့်ပွဲမှာ အမေရိ ကန် လွတ်လပ်ရေးပွဲ ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ အတွက် မီးရှူးမီးပန်း ပစ်လွှတ်ခြင်းကို အမေရိကရှိ မြို့ကြီး အချို့တွင်သာ ကျင်းပကြရာ ဘော်စတွန်မှ မီးရှူးမီးပန်းပွဲကလည်း နာမည်ကျော် ဖြစ်ပါသည်။ ချားလ်စ်မြစ်ကမ်းဘေးမှ ကြည့်လျှင် အလွန် ကြည့်ကောင်းသဖြင့် သောင်းနှင့်ချီသော လူများက ချားလ်စ် မြစ်ကမ်းတစ်လျှောက် ကြိတ်ကြိတ်တိုး အားပေးကြည့်ရှုကာ လွတ်လပ်ရေးနေ့၏ အရသာကို ခံစား တတ်ကြသည်ကိုး။

ကိုယ်သည်လည်း ကိုယ့်အခေါ် ဘော်စ တွန်ဂိုဏ်းဝင် မြန်မာအစ်မများ၏ မိသားစုများနှင့်အတူ မီးရှူးမီးပန်းပွဲကို ဆင်နွှဲဖြစ်ခဲ့ပါသည်။ ကိုယ်တို့ငယ်ငယ် က တကူးတက သွားကြည့်ခဲ့ရဖူးသော တော်လှန်ရေးပန်းခြံရှိ တော်လှန်ရေးနေ့ မီးရှူးမီးပန်းပွဲကို ပြန်ပြောင်းသတိရမိ စရာဖြစ်သကဲ့သို့ ကြီးမှကြုံရသော တောင်ကြီး မီးပုံးပျံပွဲကိုလည်း သတိရ စရာဖြစ်ရပါသည်။ တရုတ်ဖြစ်မီးရှူး မီးပန်းများ၏ အလင်းပသာဒအစွမ်း ကလည်း တစ်ပွင့်နှင့်တစ်ပွင့် မတူဘဲ အဖုံဖုံ ဆန်းကြယ် တင့်တယ်သည်ချည်း ဖြစ်နေရာ ချားလ်စ်မြစ်ဘေးမှ အမေရိ ကန်ပရိသတ် တို့မှာ တဟင်ဟင် တဟာ ဟာဖြင့် အသံပြု၍လည်းကောင်း၊ လက်ခုပ်သြဘာဖြင့် ချီးမြှင့်၍လည်း ကောင်း၊ ကင်မရာ၊ အိုင်ဖုန်း မှတ်တမ်း ပြု၍လည်းကောင်း အားပေးခဲ့ကြပေ ၏။ သို့ဖြင့် ပြည်တော်ပြန်ခါနီး ကိုယ့်မှာ အမေရိကမှ လွတ်လပ်ရေး မီးရှူး မီးပန်းပွဲ၏ အရသာကို နောက်ဆုံး အတွေ့အကြုံအဖြစ် သတ်မှတ်ကာ ဆင်နွှဲ ပါဝင်ခဲ့ ဖြစ်ပါလေ၏။

အမှန်တော့ ကိုယ့်ပြည်တော်ပြန် ခရီးအစသည် ရက်ကလစ်ဖ်မှ ကျန် ပညာရှင်များကပင် မနာလိုရသည်ထိ အဆင်ပြေ ချောမွေ့ခဲ့ပါပေသည်။ ကိုယ့် ကို မိသားစုဝင်သဖွယ် စောင့်ရှောက် ကြသော အစ်မကြီး၊ မညို၊ မလေးတို့က ပြည်တော်ပြန် လေယာဉ် အစီအစဉ်မှာ နယူးယောက်မှ စတင်မည်ကို သိသည့် အခါ နဂိုက ရက်အနည်းငယ် ကြိုတင်ကာ နယူးယောက်တွင် ဆင်းနေမည်ဟု တွေးနေသည့် ကိုယ့်အတွေးကို ၀ိုင်းဖျက် ကြသည်။ ဘော်စတွန်မှ နယူးယောက် အထိ မိုင်နှစ်ရာကျော်ခရီးအတွက် သေတ္တာကြီး လေးလုံး၊ သေတ်္တာသေး တစ်လုံးဖြင့် တစ်ကိုယ်တော် သွားလျှင် အဆင်မပြေ ဖြစ်မည်ကို သူတို့က ပူပန် ကြသည်။ သို့ဖြင့် ဘော်စတွန်မှ နယူးယောက် လေဆိပ်ထိ တန်းပြီး မောင်းပို့ ပေးမည်ဟု အာမခံကြလေသည်။ သို့ဖြင့် ကိုယ့်ပြည်တော်ပြန် ခရီးအစ အတွက် လေဆိပ်သို့ ဆင်းရာတွင် ဘော်စတွန် အိမ်မှ လေယာဉ် မထွက်မီ ၈ နာရီ ကြိုထွက်ကာ ကားခရီးကို နားချိန် အပါအ၀င် ငါးနာရီနီးပါး သုံးခဲ့ကြ ပါ၏။ ထို့ကြောင့် သေတ္တာများအား တင်ချည်၊ ချချည်ဖြင့် အလုပ်ရှုပ်ရ မည့်ဘေးမှ ကင်းကာ လေယာဉ်ပေါ် မရောက်မီ နောက်ဆုံးအချိန်အထိလည်း ချစ်ခင်ရပါသော အစ်မများဖြစ်သည့် အစ်မကြီး၊ မလေးတို့နှင့် အားပါးတရ အလွမ်းအကြို စကားများ ဖောင်ဖွဲ့ခွင့် လည်း ရခဲ့ပါချေ၏။

သို့ဖြင့် နယူးယောက်လေဆိပ် မှသည် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်လေဆိပ်။ ထိုမှသည် စင်ကာပူလေဆိပ်။ ထို စင်ကာပူ လေဆိပ်တွင်ကား ပြည်ပ ခရီးတစ်ခုမှ ပြန်လာပြီး မြို့တွင်းမ၀င် သေးဘဲ ကိုယ့် လေယာဉ်အဆိုက်ကို စောင့်ကြိုနေသောစင်ကာပူမှ မောင်လေး နှင့်လည်း လေး၊ ငါးနာရီမျှ အတူအချိန် ဖြုန်းခဲ့ပြီးမှ မင်္ဂလာဒုံ လေဆိပ်သို့ ပြန်လာ ခဲ့ရာ ကိုယ့်ပြည်တော်ပြန်ခရီးသည် ကြက်သွေးနီမှသည် စမ်းချောင်းဆီသို့ ၄၀ နာရီမက ကြာမြင့်သည့် ခရီးရှည်ကြီး ဖြစ်ခဲ့ပါသည်။ ၂၀၀၈ နှစ်ဆန်းမှ စတင် ကာ မွေးရပ်မြေနှင့် ဝေးရာနေရာများ တွင်သာ အချိန်ပေး နေထိုင်ခဲ့ရသော ကိုယ့်မှာ လွတ်လပ်မှုနှင့် ပြည့်စုံမှုများ ကြောင့် သဘောကျ ကျေနပ်ရသော ပတ်ဝန်းကျင်ထက် တောင့်တ၊ ကြောင့်ကြရသည့်တိုင် ပျော်ရနှစ်ခြိုက်ရ ပါသော ပတ်ဝန်းကျင်တွင်သာ ဘ၀ကို ဖြတ်သန်း ရှင်သန်သွားရန် စိတ်အား ထက်သန်နေရသည် ဖြစ်ရကား ရှည်လျားလှသော ပြည်တော်ပြန် ခရီး အဆုံး သတ်ရမည့် အရေးသည်ပင် ရှေ့မှာ ဖြတ်သန်း ရဦးမည့် ရွှေပြည်တော် မျှော် လေတိုင်း ခရီးများအတွက် အားယူပြင် ဆင်ရန် အခွင့်အရေး အဖြစ် အာသာငမ်း ငမ်း ၀မ်းပန်းတသာ ဖြစ်ခဲ့ပေသည်။

အဆုံးမတော့ အညိုမှသည် ကြက်သွေးနီသို့ အတောင်မညောင်း စတမ်း ပျံသန်းပြီးရင်း ပျံသန်းခဲ့သော ကိုယ်ကား ၂၀၁၀ ခုနှစ် ဇူလိုင်လလယ် တွင်မူ ကိုယ်က ချစ်ရပါသော ရွှေပြည် တော်ရင်ခွင်သို့ ခြေချခဲ့ပြီ ဖြစ်ပါသည်။ သို့သော် ကိုယ်ကား မရပ်နိုင်အားပါ ချေ။ မျှော်ရပါသော ရွှေပြည်တော်၏ ပန်းတိုင်အရောက် ချစ်ရပါသော ရွှေပြည်သူ ရွှေပြည်သားများနှင့် အတူ ပျံသန်း ရှင်သန်ရဦးမည်ကိုး။ မည်သို့ပင် ဖြစ်စေ ပျံသန်းဆဲ၊ လျှောက်လှမ်းဆဲ သည်ခရီးရှည် အတွက် ကိုယ့်အား ကိုယ်ခံအား ပြည့်ဝရန် တစ်ဖက်တစ် လမ်းမှ ပံ့ပိုးပေးခဲ့သော ဘရောင်း တက္ကသိုလ်မှ အိုင်ဒဗလျူပီ အစီအစဉ်နှင့် ဟားဗတ် တက္ကသိုလ်မှ ရက်ကလစ်ဖ်ဖဲ လိုးရှစ် အစီအစဉ်တို့ကိုကား တစ်သက် တာထာဝရ ကျေးဇူး တင်နေမိမည် လည်း ဖြစ်ပါသည်။ ပြည်တော်ပြန် ခရီး အဆုံးတွင် သမင်လည်ပြန် အလွမ်းဖြင့် စကား တစ်ခွန်းကို လှိုက်လှဲ တမ်းတစွာ ဆိုဖြစ်ခဲ့တော့သည်။
“ကျေးဇူး ကမ္ဘာပါ အညိုနဲ့ ကြက်သွေးနီရာ“

မသီတာ၊စမ်းချောင်း၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)