(May-2012)ရွှေအသစ် PDF Print E-mail
Written by ၀င်းငြိမ်း   
Monday, 07 May 2012 16:58
Share |

ဒီလမှာလည်း အရေးအသား ပြေပြစ်သူ အရေအတွက် တိုးတက် လာပေမဲ့ အကြောင်းအရာ ရွေးချယ်ပုံနဲ့ တင်ပြပုံတွေ ကတော့ ထူးမခြားနား ဖြစ်နေဆဲပါပဲ။

argaiv1600


၁။    သင်္ခါရ
မိန်း
စီးပွား၊ ဥစ္စာ မမြဲတတ်တဲ့ အကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အရေးအသားရော တင်ပြပုံပါ ရိုးစင်းပြီး အား နည်းလှပါတယ်။

၂။    ရေစီးရေလာ
သီတာပြုံး
တရားဘာဝနာသံ လွှမ်းနေတဲ့ စာမူတစ်ပုဒ် ဖြစ်ပြီး ၀တ္ထုသဘောထက် ဆောင်းပါးသဘော ပိုဆန်နေပါတယ်။ စာများများ ဖတ်ပါဦး။

၃။    အချိန်မတန်ကြသေးသူများ
ဖက်ဖူးစိမ်း
အပြန်အလှန် စကားပြော သက်သက်နဲ့ ဖွဲ့ထားသလို ဖြစ် နေတဲ့ စာမူတစ်ပုဒ် ဖြစ်ပြီး ဘာသာရေး အတွေးအခေါ်ကို ဦး တည်ထားပါတယ်။ တင်ပြပုံ အားနည်းသလို အကြောင်းအရာလည်း ရိုးစင်း လွန်းနေပါတယ်။

၎။    မုဆိုး၏ ဂရုဏာ
နေသစ်လင်း
ခေါင်းစဉ်မှာ စာလုံးပေါင်း မှားယွင်းနေပါတယ်။ ကရုဏာလို့ ဖြစ်ရမှာပါ။ စွန့်လွှတ် နားလည်ပေးခြင်းနဲ့ ပတ်သက်တဲ့ လူ့သဘာဝကို ရေးလိုရင်း ဖြစ်ပေမဲ့ ရိုးစင်းနေ တာမို့ အားမရှိပါဘူး။

၅။    ခေတ်အဆက်ဆက်
ဆမ်းဝမ်း(န်)ဇက်
လူကြီး၊ လူငယ် မျိုးဆက် ကွာဟမှုနဲ့ အတွေးအခေါ် အပြောင်းအလဲကို ခေတ်အဆက်ဆက် ကြုံတွေ့ရကြောင်းရေး လိုရင်းဖြစ်ပေမဲ့ တင်ပြပုံရော အရေးအသားပါ အားနည်း လွန်းလှပါတယ်။ အထူးသဖြင့် ဇာတ်ကောင်နေရာတစ်ခုတည်းက နေ မဟုတ်ဘဲ ပြောင်းလဲပြီး တွေးသွားပုံတွေက အဆင် မပြေပါဘူး။

၆။    ၀ဋ်
ရွက်လွင့်
စာမူနာမည်ကို နောက်ဆုံးမှာမှ ရေးထားတာပါ။ နာမည်ပါ အတိုင်း ၀ဋ်လည်တတ်တဲ့ ကိစ္စကို ရေးလိုရင်းဖြစ်ပြီး ဇာတ်လမ်းဆင်ပုံနဲ့ အရေးအသားမှာ အားမရှိပါဘူး။

၇။    မိန်းမကောင်း ပန်းကောင်းပန်
သြမွန်သော်
အဖွဲ့အနွဲ့နည်းပြီး ထူးခြားမှု မရှိတဲ့ အချစ် နောက်ခံဇာတ်လမ်း တစ်ပုဒ်သာ ဖြစ်ပါတယ်။ စာများများ ဖတ်ပါဦး။

၈။    အလင်းဖျော့ပန်းချီကား
ညီမင်း(လည်ငေါက်)
စကားပြေ၊ စကားပြော ရောထွေး နေသလို အပြန်အလှန် စကားပြောကိုသာ အားပြုရေးထားတဲ့ အတွက် ဆွဲဆောင်မှု အားနည်း လွန်းလှတဲ့ စာမူတစ်ပုဒ် ဖြစ်သွားပါတယ်။

၉။    အဦးဆုံး...နှင့် လွဲခဲ့သော်လည်း
ညတာရာလင်း(ထားဝယ်)
ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကိုယ့်ဘာသာ သဲကွဲပုံမရတဲ့ စာမူတစ်ပုဒ်ဖြစ်ပြီး လက်တွေ့ မကျတဲ့ စိတ်ကူး တွေကို ဇာတ်လမ်းဆင် ထားတာမို့ အားနည်းသွားတဲ့ စာမူ တစ်ပုဒ် ဖြစ်ပါတယ်။ အရေးအသား သင့်ပါတယ်။

၁၀။    ပီယ သိဒ္ဓိ ပီသလေလေ
အောင်စိုးခိုင်
ရှေးခေတ် အရေးအသားဟန်နဲ့ ဝေါဟာရတွေကို အသုံးပြုကာ ရေးဖွဲ့ထားတဲ့ အချစ်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဘာသာရေး ဆိုင်ရာ ဝေါဟာရတွေကိုလည်း မလိုအပ်ဘဲ အများကြီး ထည့်သုံးထားပါတယ်။ ဒီနေ့ခေတ် ၀တ္ထုတိုတွေကို များများဖတ် ပြီးမှ စာရေးဖို့ ကြိုးစားပါ။

၁၁။    ဆောင်းနှင့် မသက်ဆိုင်သောအရာ
၁၂။    စာရွက်တစ်ရွက်၏ စာမျက်နှာနှစ်ခု
ခိုင်(MUFL)
အရေးအသား သင့်ပေမဲ့ စကားပြေ၊ စကားပြော ရောထွေးမှုတွေ ရှိနေတဲ့ စာမူနှစ်ပုဒ် ဖြစ်ပါတယ်။ ဆောင်းနှင့်... က မိဘရဲ့မေတ္တာကို ပီပီပြင်ပြင် ခံစားခွင့် မရှိတဲ့ မိန်းကလေး တစ်ယောက်နေရာက ရေးဖွဲ့ထားပြီး အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းပေါ်မှာ စာဖတ်သူ ဘ၀င်ကျအောင် မရေးဖွဲ့ နိုင်ခဲ့ပါဘူး။ စာရွက် တစ်ရွက်၏... ကလည်း အရေးအသား အတန်ငယ် လိုသေးတဲ့ အတွက် ဖတ်ရတာ ရှုပ်ထွေးနေတဲ့ အချစ်ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။ ကြိုးစားပါဦး။

၁၃။    နားလည်မှုနဲ့ တည်ဆောက်ထားတဲ့မျဉ်းပြိုင်
ရှဥ့်ညိုလေး
အချစ်ဝတ္ထု တစ်ပုဒ်ဖြစ်ပြီး အရေးအသား ပြေပြစ်ပေမဲ့ ထူးခြားမှု မရှိပါဘူး။

၁၄။    မြို့ပြလူနေမှုသို့ တစ်ခေါက်
အစစ်(Paris)
ဆောင်းပါးဆန်တဲ့ အတွေးမျိုးကို ရေးဖွဲ့ထားတဲ့ ၀တ္ထု တစ်ပုဒ်ဖြစ်ပြီး မန္တလေးမြို့ပြရဲ့ဒဏ်ကို မခံနိုင်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ အတွေးတွေ ဖြစ်ပါတယ်။ ပြောလိုရင်းတွေ ရှိပေမဲ့ စနစ်တကျ စီကာပတ်ကုံး ပြောနိုင်စွမ်းအားနည်းတဲ့ အတွက် စာမူကောင်း ဖြစ်မလာပါဘူး။

၁၅။    တကယ့်အကောင်
အယ်ကော်
ညောင်ပင် တစ်ပင်ကို အကြောင်းပြုပြီး စတင်ရေးဖွဲ့ပေမဲ့ အရေးအသား ဖောင်းပွပြီး ရှုပ်ထွေးတဲ့အတွက် ပြောလိုရင်းကို သဘောပေါက်ဖို့ ခက်တဲ့ စာမူတစ်ပုဒ် ဖြစ်သွားခဲ့ရပါတယ်။

၁၆။    ဆည်းဆာလှတဲ့နေ့
ဆောင်းနှင်းဖြူ
ဆရာဝန်က သေခါနီးပြီလို့ ပြောထားတာ ခံရတဲ့ အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်ရဲ့နေရာက ခံစားရေး ဖွဲ့ထားတာဖြစ်ပြီး အရေးအသား အတန်ငယ် ဖောင်းပွနေ ပါတယ်။

၁၇။    သက်တန့်ရောင်ဈာပန
ရင်ခွင်ဦး(ဟံဇား)
သေရင် ဘာမှ ယူမသွားနိုင်ဘူး ဆိုတဲ့ အတွေးမျိုးကို ပုံဖော်ထားတဲ့ စာမူ ဖြစ်ပြီး တခြား အသုဘပို့သူတွေရဲ့ စိတ်အမျိုးမျိုး အထွေထွေကို ပုံဖော်ရာမှာ အားနည်း နေပါတယ်။

၁၈။    ကိုချမ်းစိုးနှင့် ဆိုင်ကယ်ပျောက် အမှု
ဇော်ယု
လျှို့ဝှက်သည်းဖို ဇာတ်လမ်းမျိုးဆန်ဆန် ရေးဖွဲ့လိုရင်း ဖြစ်ပေမဲ့ အရေးအသား မနိုင်နင်းသလို ဟာသဆန်ဆန် ရေးဖွဲ့ ချင်ဇောကြောင့်လည်း အားနည်းချက်တွေ အများကြီးပါရှိ သွားတဲ့ စာမူဖြစ်ပါတယ်။

၁၉။    ဖြူစင်ဖွေးရဲ့ အလှသစ္စာ
ပါကြီး(ဆေး-၂)
ကြောင်တစ်ကောင် နေရာက ရေးဖွဲ့ထားတဲ့ စာမူဖြစ်ပြီး အရေးအသား အားနည်းလှပါတယ်။ စာများများ ဖတ်ပါဦး။

၂၀။    အလိုက်တော် တန်သင့်ရုံပ
နေသိုက်ဘွား
အရေးအသား ပြေပြစ်ပြီး အဖွဲ့အနွဲ့လည်း လိုက်နိုင်တဲ့ စာမူပါ။ ဒါပေမဲ့ ဇာတ်အဆုံးသတ်မှာ ဇာတ်ကောင်ခံစားချက် ကို အထောက်အပံ့ပေးနိုင်မယ့် မြှုပ်ကွက်နဲ့ သရုပ်ဖော်ပုံတွေ အားနည်းသွားတဲ့အတွက် စာမူကောင်းဖြစ်မလာတော့ပါဘူး။

၂၁။    အစ်ကိုကြီးရယ်
စိုးပိုင်မှူး(ကလေးတက္ကသိုလ်)
စကားပြေ၊ စကားပြော ရောနေသလို အပြန်အလှန် စကားပြောကို အားပြုပြီး ရေးဖွဲ့ထားတဲ့ စာမူဖြစ်ပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ လောကကိုလည်း ရေးဖွဲ့ထားတာမို့ ချို့ယွင်းချက်တွေ များလွန်းလှပါတယ်။ စာများများ ဖတ်ပြီး မှ စာရေးပါ။

၂၂။    အသံတိတ်ဆိုးကြသူများ
၂၃။    ကြွားလုံးကလေးများ လျော့စေချင်
လမင်းငယ်
စကားပြေ၊ စကားပြော ရောနေပြီး အရေးအသား အား နည်းချက်တွေများတဲ့ စာမူနှစ်ပုဒ် ဖြစ်ပါတယ်။ ၀ါကျ ဖွဲ့စည်း ပုံ အားနည်းနေသလို စာပိုဒ်ခွဲပုံတွေလည်း ဖရိုဖရဲဖြစ်နေပါ တယ်။ အသံတိတ်... က လူသတိ မထားမိပေမဲ့ ဆိုးသွမ်းတဲ့ စရိုက်ရှိသူတွေအကြောင်းဖြစ်ပြီး ကြွားလုံးကလေးများ... ကလည်း ခေါင်းစဉ်ပါအတိုင်း ထူးခြားမှု မရှိပါဘူး။

၂၄။    မပေးပါရစေနဲ့
လင်းလက်သူ(တမ်္ပ၀တီ-မန္တလေး)
ရေးနေကျဖြစ်တဲ့ ကိုယ့်ဘက်က အမုန်းနဲ့ အာဃာတတွေ ထားပေမဲ့ ကိုယ့်အပေါ် အမျက်အသိုမရှိ ပြန်မေတ္တာထားနိုင် သူတွေအကြောင်း ရေးသားထားတာဖြစ်ပြီး တင်ပြပုံ ရိုးစင်းလှ ပါတယ်။

၂၅။    ငယ်ငယ်က သံယောဇဉ်
လရိပ်ဦး(၀မ်းတွင်း)
လက်ရေးက ဖတ်ရခက်တဲ့အတွက် အတော်ကြီးအား စိုက်ပြီး ဖတ်ယူရပါတယ်။ စာရေးတဲ့အခါ ပုံနှိပ်စာမျက်နှာ တွေမှာ ဖော်ပြသလို စာပုဒ် တစ်ခုနဲ့တစ်ခုကြား ကွက်လပ် ကလေးရှိမှသာ ဖတ်ရတာ အဆင်ပြေနိုင်ပါတယ်။ လက်ရေးက ကျဲပြီး ဘယ်လိုကွက်လပ်မျိုးမှ မထားခဲ့တဲ့အတွက် စာ တစ်လုံးချင်း အပြန့်လိုက်ဖြစ်နေတာမျိုးမို့ ဖတ်ရတာ ခက်ခဲ လွန်းပါတယ်။ အကြောင်းအရာကလည်း ခေါင်းစဉ်ပါအတိုင်း ထူးခြားမှုမရှိတဲ့ သံယောဇဉ်အကြောင်းသာ ဖြစ်ပါတယ်။

၂၆။    ခင်စရာပေမယ့်လည်း
ယူကလစ်ခင်(အင်းတော်)
ဟာသဆန်ဆန် ရေးဖွဲ့လိုရင်းဖြစ်ပေမဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို စာဖတ်သူ သဘောပေါက်အောင် ပီပီပြင် ပြင် မဖွဲ့နိုင်တဲ့ စာမူတစ်ပုဒ်ပါ။

၂၇။    ခြံကရယ်သည်၊ အိမ်ကရယ်သည်
စုမွန်(U.F.L)
ယုတ္တိနဲ့ ကင်းကွာလုနီးပါး အလွန်အကျွံ ဖြစ်နေတဲ့ အလောင်းအစား တစ်ခုကို အရေးအသား ပြေပြေပြစ်ပြစ်နဲ့ ဖွဲ့ ဆိုထားပေမဲ့ အဆုံးသတ်မှာ ထုံးစံအတိုင်း မျှော်လင့် ထားသလို ပဲ အဆုံး သတ်ထားတာမို့ အားမကောင်းတဲ့ စာမူဖြစ်သွားပါ တယ်။ ကြိုးစားပါဦး။

၂၈။    လက်ကျန်ခေါက်ဆွဲ
ဇော်သစ်(စကုကျွန်း)
အရေးအသား ပြေပြစ်တဲ့စာမူ ဖြစ်ပါတယ်။ အချစ် နောက်ခံ စာမူဖြစ်ပေမဲ့ မြှုပ်ကွက် အလှည့်အပြောင်း တစ်ခုက ဒီစာမူရဲ့ သော့ချက်ပါပဲ။ ဒါပေမဲ့ စာဖတ်သူတွေ လွယ်လွယ် ကူကူ ရိပ်မိနိုင်တဲ့ မြှုပ်ကွက်ဖြစ်နေပြီး တခြား ထူးခြားမှုလည်း မရှိပါဘူး။

၂၉။    လကွယ်ညဒိုင်ယာရီ
လင်းလဒ်လူ
စာအုပ် အငှားဆိုင် ဖွင့်ဖို့ စိတ်ကူးကို အခြေခံရေးထား တာဖြစ်ပြီး စကားပြေ၊ စကားပြော ရောထွေးနေကာ တင်ပြပုံ ကလည်း ရိုးစင်း လှပါတယ်။

၃၀။    (ဖားဥ) ကင်းတဲ့ ကျောင်းဝတ်စုံ
လေးညွန့်သူ(ပြင်ခရိုင်)
အရေးအသား တင်ပြပုံနဲ့ တကွ အကြောင်းအရာ အားလုံး အားနည်းလွန်းတဲ့ စာမူတစ်ပုဒ်ဖြစ်ပါတယ်။ စာဖတ်နာမှ စာရေးဖို့ ကြိုးစားပါ။

၃၁။    တက်ကျိုးရေဆန်
ခွန်စည်သာ
ထုံးစံအတိုင်း မိဘ မေတ္တာဘွဲ့ကိုပဲ ရေးဖွဲ့ထားတာ ဖြစ်ပြီး ထူးခြားမှုရယ်လို့ မရှိပါဘူး။ အရေးအသားကလည်း သာမန် ပဲ ဖြစ်နေပါတယ်။

၃၂။    မျှော်လင့်ခြင်းကင်းမဲ့သော
၃၃။    အေးမြရိပ်
၃၄။    ရောင်စုံတံခါးများ
လင်းလက်အောင်(Y.T.U)
အရေးအသား လေးပင်တဲ့ စာမူတွေဖြစ်ပါတယ်။ မျှော် လင့်ခြင်း... က သူစိမ်းတစ်ယောက်အပေါ် မိဘမေတ္တာနဲ့ ချစ်ခင်နိုင်တဲ့ အမျိုးသမီး တစ်ယောက်အကြောင်းဖြစ်ပြီး ထူး ခြားမှုမရှိပါဘူး။ အေးမြရိပ် က မိဘနဲ့ မောင်နှမနေရာ နှစ်ခုရဲ့ တာဝန်နဲ့ စေတနာကို ရေးလိုတာဖြစ်ပြီး ထူးခြားမှုမရှိပြန်ပါ ဘူး။ ရောင်စုံတံခါးများ ကလည်း လူတစ်ယောက်နဲ့ တစ်ယောက် အတွေးစိတ်ကူးနဲ့ ဖြစ်ချင်တာ မတူပုံကို ရေးလိုရင်း ဖြစ်ပြီး တင်ပြပုံရိုးစင်းလှပါတယ်။

၃၅။    အကြိုလက်ဆောင်
အိရွှေဇင်ဦး
သူငယ်ချင်း သံယောဇဉ် အကြောင်းဖြစ်ပြီး အရေးအသား တင်ပြပုံအားလုံး အားနည်း လွန်းလှပါတယ်။ စာများများ ဖတ်ပြီးမှ စာရေးဖို့ ကြိုးစားပါ။

၃၆။    အရူးဘယ်သူ
ကျိုက်စကောခင်စိုး
စာရေးဖို့ ၀ါသနာပါတဲ့ လူတစ်ယောက်ကို အကြောင်းပြု ပြီး ရေးဖွဲ့ထားပေမဲ့ အရေးအသားရော တင်ပြပုံပါ အားနည်း လွန်းလှပါတယ်။

၃၇။    သို့... အလွမ်း
ဝဋ္ဌာ
အရေးအသားနဲ့ တင်ပြပုံ အားနည်းတဲ့ သာမန် အချစ်ဝတ္ထု တစ်ပုဒ်သာ ဖြစ်ပါတယ်။

၃၈။    နိဂုံးမချုပ်လိုက်ရသော ၀တ္ထုတစ်ပုဒ်
မင်းရက္ခ
ရှည်လျားလွန်းတဲ့ စာမူတစ်ပုဒ် ဖြစ်ပြီး စာရေးသားချင်း နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ အရေးအသား လေးပင်ပြီး တင်ပြပုံ ဆွဲဆောင်မှုမရှိပါဘူး။ စာများများ ဖတ်ပါ။ နောင်မှာ အခုလောက် အရှည်ကြီး မရေးပါနဲ့။

၃၉။    အဖြူရောင်နှလုံးသားလေးများ
လရိပ်ဦး
စာပိုဒ်မခွဲဘဲ စာတစ်လုံးချင်းစီကို အပြန့်လိုက်ရေးတဲ့ စာမူဖြစ်နေပြန်ပါတယ်။ ဖတ်ရတာ အတော်အဆင်မပြေပါဘူး။ ကလေးငယ်တစ်ယောက်အပေါ် ထားမိတဲ့ သံယောဇဉ်ကို ရေး ဖွဲ့ထားတာဖြစ်ပြီး အရေးအသား အားနည်းလှပါတယ်။

၄၀။    စိုးကြောက်မိသည်
အင်ကြင်းမေရှိန်
စာမျက်နှာ နှစ်ဖက်စလုံး ရေးသားထားတဲ့ စာမူဖြစ်ပါတယ်။ နောင်ကို အခုလို မဖြစ်စေချင်ပါဘူး။ အိမ်ထောင်ရေး ပြဿနာ တစ်ခုအကြောင်း ရေးဖွဲ့ထားတာဖြစ်ပြီး အရေးအသား အားနည်းလွန်းပါတယ်။

၄၁။    နှလုံးသားသွေးစက်
၄၂။    လက်လုပ်လက်စား
မောင်(မိုးကုတ်)
အပြန်အလှန် စကားပြောတွေကို အားပြု ရေးဖွဲ့ထားပြီး အဖွဲ့အနွဲ့ အလွန်နည်းတဲ့ စာမူများ ဖြစ်ပါတယ်။ နှလုံးသား... က အချစ်ဝတ္ထုဖြစ်ပြီး လက်လုပ်လက်စားကလည်း ခေါင်းစဉ် ပါအတိုင်း လက်လုပ်လက်စား ဘ၀ကို ရေးဖွဲ့ထားတာ ဖြစ်ပါ တယ်။

၄၃။    ကချင်လုံချည်
ဆွေမြင့်သူ(ကြေး/မြေ)
ပင်စင်စားတွေရဲ့ ဘ၀ကို ရေးဖွဲ့ထားတာ ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။

၄၄။    မောင်ရင်ထဲက ချစ်နေမယ်
၄၅။    ချစ်သောဂျူလီ
အေးဝင်းဦး(ဘူမိဗေဒ)
အရေးအသား လေးပင်တဲ့ စာမူများ ဖြစ်ပါတယ်။ မောင်ရင်ထဲ... က အိမ်ထောင်သည် အမျိုးသမီးတစ်ဦး အပေါ် စာနာစိတ်နဲ့ သံယောဇဉ်ကို အခြေခံ ရေးဖွဲ့ထားပြီး ထူးခြားမှု မရှိပါဘူး။ ချစ်သောဂျူလီ ကတော့ ပြည်ပမှာ အလုပ်လုပ်တဲ့ လူတစ်ယောက် အနေနဲ့ အတွေ့အကြုံရတဲ့ မိန်းကလေး တစ်ယောက်အပေါ် ခံစားချက်နဲ့ အမြင်ဖြစ်ပြီး အရေးအသား အားနည်းချက်ကြောင့် စာမူကောင်း ဖြစ်မလာပါဘူး။

၄၆။    စုန်ရေ စီးသံ
နန်းယုယုမွန်(တောင်ငူ)
ကျပ်တည်းတဲ့ ဘ၀တွေမှာ တွေ့ရတဲ့ ဖခင်မေတ္တာ အကြောင်း ဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။

၄၇။    လငပုတ်အဖမ်းခံရတဲ့နေ့
၄၈။    မစူးသော ဆူး
၄၉။    ဆုံမှတ်မရှိသော မြား
၅၀။    သမုဒယပိတောက်သက်သေတည်
အိုအေစစ်(မအူပင်)
လက်ရေးလက်သား ရှုပ်ထွေးသလို တခြားစာမူတွေမှာ စာရွက်ဆိုဒ်အကြီးကြီးတွေနဲ့ ရေးသားလာတာကို တွေ့ရပါ တယ်။ စာမျက်နှာအရေအတွက် ကန့်သတ်ရာမှာ A4 လို့ စာရွက် အရွယ်အစားကိုပါ ဖော်ပြထားပြီး ဖြစ်ပါတယ်။ စာမျက်နှာ မများသွားအောင် စာရွက် အရွယ်အစား ကြီးကြီးနဲ့  ရေးတာမျိုးက တကယ်တော့ စည်းကမ်းနဲ့ မကိုက်ညီပါဘူး။ မရိုးသားရာလည်း ရောက်ပါတယ်။ နောင်ကို သတ်မှတ်ထားတဲ့ စာရွက် အရွယ်အစားအတိုင်းပဲ ရေးစေလိုပါတယ်။ မစူးသော ဆူးက အိမ်ထောင်ကွဲမိဘနဲ့ အတူနေရတဲ့ သားနေရာက ရေးထားတာ ဖြစ်ပြီး အပီအပြင် ပုံမဖော်နိုင်ပါဘူး။ ဆုံမှတ် မရှိသော မြားကတော့ အမျိုးသားချင်း စိတ်ဝင်စားနေသူ တစ်ဦးအကြောင်း အခြေတည် ရေးဖွဲ့ထားတာဖြစ်ပြီး ထူးခြားမှု မရှိပါဘူး။ သမုဒယ... က အိမ်ထောင်ရေးနဲ့ အချစ်နောက်ခံ ဇာတ်တစ်ပုဒ် ဖြစ်ပြီး စာရွက် အရွယ်အစား အကြီးကြီးထဲမှာ ရှုပ်ထွေးပြီး မသပ်မရပ်လည်း ဖြစ်နေပါတယ်။ လငပုပ် အဖမ်းခံရတဲ့နေ့ ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေး လိုက်ပါတယ်။
၅၁။    ရွှေ... တိုင်စာ
၅၂။    တိမ်ပုတ်မိုးရဲ့ မျက်ရည်စိမ်း
၅၃။    သီအိုရီမှားတဲ့ မန်ကျည်းရွက်
အောင်ဖြိုးကျော်(ပခုက္ကူ)
အရေးအသား ပြေပြစ်ပါတယ်။ ရွှေ...တိုင်စာ က စာရေးဆရာ ဖြစ်ချင်နေသူရဲ့ ဇနီးတစ်ယောက် နေရာက ရေး သားထားတာဖြစ်ပြီး အရေးအသားလည်း ပေါ့ပေါ့ပါးပါး ရှိပါတယ်။ ဒါပေမဲ့ အကြောင်းအရာအရ ထူးခြားမှု မရှိဘဲ ဖြစ်နေပါတယ်။ သီအိုရီမှားတဲ့... ကတော့ မန်ကျည်းရွက် ခူးရောင်းရတဲ့ဘ၀တစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတာပါ။ တင်ပြပုံ အတန်ငယ် ရိုးစင်းနေပါတယ်။ တိမ်ပုတ်မိုးရဲ့ မျက်ရည် စိမ်း ကိုတော့ ဆရာ ဦးဝင်းငြိမ်းထံ တင်ပြလိုက်ပါတယ်။

၅၄။    မျက်ရည်အစုံ-အဆန်
၅၅။    အဖြူသက်သက်ရောင်စဉ်
သတိုး
မျက်ရည် အစုံ-အဆန် က ကိုယ့်ဒုက္ခထက် သူ့ဒုက္ခက ပိုနေတဲ့အကြောင်း ရေးလိုရင်းဖြစ်ပြီး အရေးအသား အားနည်း နေပါတယ်။ အဖြူသက်သက် ရောင်စဉ် မှာလည်း တင်ပြပုံကို ဆန်းသစ်အောင် ကြိုးစားထားရာမှာ အားနည်း ချက် တချို့ရှိ ပေမဲ့ အဆင်ပြေတယ်လို့ ယူဆတဲ့အတွက် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်ပါတယ်။

နောက်ထပ် ဆရာ ဦးဝင်းငြိမ်းထံ တင်ပြပေးလိုက်တဲ့ ၀တ္ထုတွေကတော့-
-လင်းယဉ်နွဲ့(မြို့သစ်ကလေး) ရဲ့ ပွင့်ခွင့်မဲ့
- ကိုယ်လက်သစ် ရဲ့ သစ္စာမရှိတဲ့မြစ်
- ကျူရီ ရဲ့ အဖြေခက်သည့်ကြိုး
- သစ္စာ ရဲ့ ဂေါက်ကြီး
- ငွေကြယ်စင် ရဲ့ မမှားတဲ့ပုံပြင် နဲ့ ကျေးဇူးတရားရဲ့ ၀န်ပို တို့ ဖြစ်ကြပါတယ်။

ဆရာမ မသီတာ(စမ်းချောင်း) ဆန်ခါတင် တင်ပြထား တဲ့ ရွှေအသစ်များရဲ့ ၀တ္ထုတို ၉ ပုဒ်ထဲက “ဆန်သူခိုး”၀တ္ထု နဲ့ ရွှေအမြုတေ စာပေဆု ရဖူးတဲ့ ငွေကြယ်စင် ရဲ့ ၀တ္ထုနှစ်ပုဒ်ကို မျှော်လင့်စွာနဲ့ အရင်ဆုံး ဖတ်ကြည့်ပါတယ်။ ကလောင်သစ်လို့ မပြောနိုင်တော့ဘဲ ကလောင်ဟောင်း ဖြစ်နေပြီဖြစ်တဲ့ ငွေကြယ်စင်ရဲ့ အမှားများထဲက ပထမဆုံး ပြောလိုတာကတော့ ၀တ္ထု တစ်ပုဒ်ဆုံးတိုင်းမှာ ကလောင်နာမည် ဖော်ပြဖို့လိုပါ တယ်။ ဒါကို ဘယ်မဂ္ဂဇင်း တိုက်ပဲပို့ပို့ သတိထားစေချင်ပါ တယ်။ နှစ်ပုဒ်မှာ တစ်ပုဒ်သာ ကလောင်နာမည်ပါပြီး နောက် တစ်ပုဒ်က ကလောင်နာမည် ပါမလာပါဘူး။

ရွှေအမြုတေရဲ့မူက စကားပြေနဲ့ စကားပြော ရောထွေး ခြင်းကို လက်မခံပါဘူး။ ဆရာမရဲ့ ၀တ္ထုနှစ်ပုဒ်မှာ အဲဒီအမှား တွေ တွေ့နေရပါတယ်။ “ကျေးဇူးတရားရဲ့ဝန်ပို”ဆိုတဲ့ဝတ္ထု က ရွှေအမြုတေ အမှတ်(၂)၊ ၁၉၈၉ ခုနှစ်၊ သြဂုတ်လ ထုတ် မှာ ဖော်ပြခဲ့တဲ့ “မျက်မှန်”နဲ့ ကျောရိုးတစ်ထပ်တည်း တူနေတာ ကို တွေ့ရပါတယ်။ ကျေးဇူးပြုခဲ့ဖူးသူက လူထူထူရှိတိုင်း ကျေးဇူးခံအပေါ်မှာ အခွင့်အရေး ယူတတ်ပုံများကို ရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။ ဒီဝတ္ထုမှာ ကျေးဇူးပြုသူက မြစ်ကမ်း ပါးမှာနေတဲ့ တစ်ကောင်ကြွက်တစ်ယောက်၊ သူ့ကိုယ်ပေါ်မှာ ပုဆိုးသာရှိပြီး အင်္ကျီ ဘယ်တော့မှ မရှိတဲ့သူ။ အဲဒီလူက သူ ကျေးဇူးပြုအသက်ကယ်လိုက်ပုံကို သူ့ရဲ့ဝက်ဘ်ဆိုက်မှာ တခမ်းတနား ရေးပြီး တင်ထားတယ်လို့ ဆိုပါတယ်။ ဇာတ် ကောင်စရိုက် တက်တက်စင်အောင် လွဲသွားပါတယ်။ ဒီလို လူတစ်ယောက်က ၀က်ဘ်ဆိုက်ကို သုံးမလားဆိုတာ ဆရာမ ငွေကြယ်စင် စဉ်းစားစေချင်ပါတယ်။ နောက်တစ်ပုဒ် ဖြစ်တဲ့ “မမှားတဲ့ပုံပြင်” မှာလည်း စကားပြေ၊ စကားပြောတွေ ရောထွေးနေပါတယ်။

ရွှေအသစ်ကဏ္ဍကို ဇွဲကောင်းကောင်းနဲ့ ပေးပို့နေတဲ့ ဆရာ အိုအေစစ်(မအူပင်)ရဲ့ “လငပုပ်အဖမ်းခံရတဲ့နေ့”၀တ္ထုက အလှ ပြင်ဆိုင်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ မိန်းမစိတ်ပေါက်နေ သူကြီးတစ်ဦးရဲ့အပြောနေရာက ရေးဖွဲ့ထားပါတယ်။ အလှ ပြင်ဆိုင်မှာ မိန်းမစိတ်ပေါက်နေတဲ့ ယောက်ျားကလေးများ ရော၊ မိန်းကလေး စစ်စစ်များပါ ရောထားရာက ပေါ်ပေါက် လာတဲ့ပြဿနာကို ရေးဖွဲ့ထားပါတယ်။ ပေးချင်တဲ့ အကြောင်း အရာကောင်းပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်ပိုပြီး ရှည်လျား နေပါတယ်။ ကျစ်လျစ်မယ်ဆိုရင် ပိုပြီး ကောင်းလာနိုင်ပါ တယ်။

၂၀၁၀ ခုနှစ်က ပရိသတ်အကြိုက် ဆုရရှိသွားတဲ့ ဆရာမ လင်းယဉ်နွဲ့(မြို့သစ်ကလေး)ရဲ့ “ပွင့်ခွင့်မဲ့”ရွှေနှလုံးသားဝတ္ထု ကိုလည်း ဖတ်ရပါတယ်။ မွေးရာပါ နှလုံးရောဂါသည် ကလေးတစ်ယောက် ချစ်သူတွေ့ပေမဲ့ ချစ်ခွင့်မကြုံဘဲ အသက် ဆုံးသွားရပုံ ရေးဖွဲ့ထားပါတယ်။ ရိုးစင်းတဲ့ဇာတ်လမ်း တစ်ပုဒ်ပါ။
သစ္စာရဲ့ “ဂေါက်ကြီး”၀တ္ထုက ရေးဖွဲ့ပုံ ကောင်းပါတယ်။ ဒါပေမဲ့ အဆုံးသတ်ကို ကျွန်တော် အားမရပါ။ ထပ်ပြီး ကြိုး စားကြည့်ပါဦး။

ကိုလ်လက်သစ်ရဲ့ “သစ္စာမရှိတဲ့မြစ်”နဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ ကွန်ပျူတာစာစီထားတာ မဟုတ်ပေမဲ့ အယ်ဒီတာကို ဆွဲဆောင်နိုင်လောက်အောင် ရှင်းလင်းသပ်ရပ် တဲ့ လက်ရေးလက်သားနဲ့ ရေးဖွဲ့ထားပါတယ်။ ဒါပေမဲ့ ၀တ္ထု တစ်ပုဒ်အနေနဲ့ ရွှေတူးခြင်းကိစ္စကို လိုတာထက်ပိုပြီး ရေးထား တာဖြစ်လို့ သုတပိုင်းက ကဲနေတယ်လို့ ဆိုချင်ပါတယ်။ ပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ကောင်းပါတယ်။ နောက်ထပ် ရေးဖွဲ့မယ်ဆိုရင် သုတမကဲအောင် ဂရုပြုစေချင်ပါတယ်။

ဒါကြောင့် ဒီလ ရွှေအသစ် ၀တ္ထုတိုများအဖြစ် ရွေးချယ် ဖော်ပြပေးလိုက်တဲ့ ၀တ္ထုများကတော့ ကျူရီရဲ့ “အဖြေခက် သည့်ကြိုး”၊ သတိုးရဲ့ “အဖြူသက်သက်ရောင်စဉ်”၊ အောင် ဖြိုးကျော်ရဲ့ “တိမ်ပုတ်မိုးရဲ့ မျက်ရည်စိမ်း”တို့ ဖြစ်ပါတယ်။ ရွေးချယ်လိုက်တဲ့ ၀တ္ထုများမှာလည်း ပြောစရာရှိပါတယ်။ ဆရာမ ကျူရီက တခြားမဂ္ဂဇင်းများမှာ ဖော်ပြခြင်းခံနေရတဲ့ ဆရာမ တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာမ ကိုယ်တိုင်က ရွှေအသစ်အနေနဲ့ပဲ ပို့တာပါလို့ ပြောထားတာကြောင့် ရွှေအသစ် အနေနဲ့ပဲ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ သတိုးရဲ့ “အဖြူသက် သက်ရောင်စဉ်”၀တ္ထုက ကိုယ်ပွားစိတ်ဝေဒနာရှင်အကြောင်း ရေးဖွဲ့ ထားတာပါ။ ဆောင်းအိပ်မက် ရုပ်ရှင်ဇာတ်ကား ကြည့်ဖူးရင် ၀တ္ထုဇာတ်ကြောင်းကို သိသွားမှာ ဖြစ်ပါတယ်။

ခြုံပြောရရင်တော့ ဆန်ခါတင်အဆင့်ဝင်လာတဲ့ ရွှေအသစ် ၀တ္ထုများဟာ တစ်လထက်တစ်လ အားရကျေနပ်စရာ ဖြစ် လာခဲ့ပါပြီ။ လစဉ် နှစ်ပုဒ်ခန့်သာ ဖော်ပြပေးနေရာကနေ သုံး ပုဒ်လေးပုဒ်အထိ ရွေးချယ်ဖော်ပြပေးနေတာကို ထောက်ရှုရင် ၀ါသနာရှင်များရဲ့ အရည်အသွေး တိုးတက်လာတယ်ဆိုတာ သိသာပါတယ်။ ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ လစဉ် အခုလိုပဲ ဖော်ပြချင်ပါသေးတယ်။

ဝင်းငြိမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

 


ဝင်းငြိမ်း
About the author: