အဲဒီ ဆုပေးပွဲမှာ အဆိုတော်၊ သီချင်းရေး ဆရာမလေးAdele က ဆုအရေအတွက် အများဆုံး ဆွတ်ခူးသွားနိုင်ခဲ့တယ်။ အဒဲလ် သိမ်းပိုက်သွားတဲ့ ဆုက ၆ ခုကြီးများတောင်ပါ။ ပထမဆုံး ဆုက Record of the Year ဖြစ်ပြီး Rolling in the Deep စင်ဂယ်သီချင်းနဲ့ ဆုကို သိမ်းပိုက် နိုင်ခဲ့တာပါ။ ဒီသီချင်းကို တေးဆိုတဲ့ အဒဲလ်နဲ့ Paul Epworth တို့ ၂ ယောက်ပေါင်း ရေးစပ် သီကုံးခဲ့ကြတာ ဖြစ်တယ်။ ပေါလ်ကိုယ်တိုင်လည်း ဂီတပညာရှင်၊ သီချင်းရေးသူ အဖြစ် အနုပညာကမ္ဘာမှာ ခြေစုံ ရပ်ခဲ့တာ ၂၀၀၀ ပြည့်နှစ်ကတည်းကပါ။ ဒုတိယ ဆွတ်ခူးခဲ့တဲ့ဆုက Album of the Year ဖြစ်ကာ 21 တေးအယ်လ်ဘမ်နဲ့ ရရှိခဲ့တာပါ။ တေးအယ်လ်ဘမ် 21 မှာ အဆိုတော်မလေး အဒဲလ်အတွက် ဒုတိယ ကြိုးပမ်းခဲ့တဲ့ တေးစုများဖြစ်တယ်။
သီချင်းစုစုပေါင်း ၁၁ ပုဒ်ပါဝင်ပြီး ၁။ Rolling in the Deep, ၂။ Rumour Has It, ၃။ Turning Tables, ၄။ Don’t You Remember, ၅။ Set Fire to the Rain ၆။ He Won’t Go, ၇။ Take It All, ၈။ I’ll Be Waiting, ၉။ One and Only, ၁၀။ Someone Like You စတဲ့သီချင်း ၁၀ ပုဒ်ကို အခြားတေးရေးဆရာတစ်ဦးနဲ့ အတူတွဲပြီး ကိုယ်တိုင်ရေးစပ်ခဲ့တာ ဖြစ်တယ်။ နောက်ဆုံးတစ်ပုဒ် Lovesong ကို တေးရေးဆရာ Robert Smith, Simon Gallup Roger O’Donnell:Porl Thompson နဲ့ Boris Wiliams တို့ စုပေါင်း ရေးခဲ့ကြတယ်။ နောက်ထပ် သိမ်းပိုက်နိုင်ခဲ့တာက Song of the Year ဆုပါ။ Rolling in the Deep သီချင်းနဲ့ ရခဲ့တာပါပဲ။ သီချင်းက ၃ မိနစ်နဲ့ ၄၈ စက္ကန့်ရှည်ပါတယ်။ တစ်ဖန် Pop ဂီတ အမျိုးအစား ကဏ္ဍမှာ Best Pop Solo Performance ဆုကို အဒဲလ်က Someone Like You သီချင်းနဲ့ သိမ်းပိုက် ရယူသွားပြန်တယ်။ အမေရိကန် လူမျိုးတေးရေးသူ၊ ဂီတ အနုပညာသမား Dan Wilson နဲ့ အတူတွဲပြီး ရေးသားခဲ့တဲ့ သီချင်းလေးပါ။ တေးအယ်လ်ဘမ် 21 နဲ့ပဲ Best Pop Vocal Album ဆုကို ရခဲ့တယ်။ Music Video ကဏ္ဍမှာ အဒဲလ်ရဲ့ Rolling in the Deep သီချင်းနဲ့ Best Short Form Music Video ဆု ရရှိခဲ့တယ်။
ဂီတဗီဒီယိုဆု ရအောင် လက်စွမ်း ပြပေးခဲ့တဲ့ ဗီဒီယို ဒါရိုက်တာက Sam Brown ဖြစ်ပါတယ်။ ဆုပေးပွဲညက အဒဲလ်က ဆုပေါင်း ၆ ဆု၊ အသက် ၄၀ ကျော်၊ ၅၀ လူကြီး ၅ ယောက် စုစည်းထားတဲ့ အမေရိကန် တေးဂီတ၀ိုင်း Foo Fighters (၀ါရှင်တန်ပြည်နယ် Seattle မြို့မှ) Alternative Rock Band မှ ဆု ၅ ဆု၊ အမေရိကန် လူမည်းအမျိုးသားအဆိုတော် Kanye West က ဆု ၄ ဆု၊ အဆိုတော်၊ ဒီဂျေ၊ ဂစ်တာသမား၊ သီချင်းရေးသူ Skrillex က ဆု ၃ ဆု ဆွတ်ခူးခဲ့ကြတယ်။ ဆု ၂ ဆုစီ သိမ်းပိုက်သွားနိုင်သူတွေက အသက် ၈၅ နှစ်အရွယ် အဆိုတော် Tony Bennett, Bon Iver တေးဂီတအဖွဲ့၊ လူမည်းအဆိုတော်၊ သီချင်း ရေးသူ၊ သရုပ်ဆောင်၊ ရက်ပါ Cee Lo Green, ဂီတဒါရိုက်တာ၊ ထုတ်လုပ် သူ၊ သီချင်းရေး/ဆိုသူ တက်ဆက်စ် ပြည်နယ်သား Kirk Dwayne Franklin ရုပ်ရှင်သရုပ်ဆောင်၊ တေးရေး/တေးဆို၊ ရုပ်သံရှိုးတင်ဆက်သူလေး Fergie, ကျေးလက်တေးဂီတတို့ရဲ့ ဘူမိနက်သန် တန်နက်စီပြည်နယ်၊ Nashville မြို့ ကလေးမှ The Civil Wars တေးဂီတ အဖွဲ့၊ သီချင်းသည်မကလေး Taylor Swift နှင့် ကချေသည် အဆိုတော်မလေး Rihanna တို့ဖြစ်ကြတယ်။