|
Written by ၀င်းငြိမ်း
|
|
Wednesday, 09 May 2012 14:53 |
သို့ ရွှေချစ်သူ ကဏ္ဍ လေးစား ရပါသော ဆရာ ဦးဝင်းငြိမ်းနှင့် ရွှေအဖွဲ့သားများ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေလို့ ဆန္ဒပြုမိပါတယ်။ သမီးက စာရေးတာ ၀ါသနာပါလို့ စာအချို့ ရေးဖူးပါတယ်။ ဆုတွေလည်း ရဖူးပါတယ်။
argaiv1073
စာတိုပေစလေးတွေ ပါဖူးပေမဲ့ ရွှေအသစ်ထဲမှာ ပိုလို့ ပါချင်ခဲ့ပါတယ်ရှင်။ ဒါကြောင့် တတ်နိုင် သမျှ ကြိုးစားလို့ ရွှေအသစ်ကို စာမူ အချို့ ပေးပို့လိုက်ပါတယ်။ ပါနိုင်ဖို့လည်း မ၀ံ့မရဲ မျှော်လင့်နေပါတယ်။ ရွှေချစ်သူ Fan Club ကို ဖွဲ့စည်းပေးထားတဲ့အတွက်လည်း ကျေးဇူးပါ။ စာပေ ၀ါသနာရှင် ညီအစ်ကိုမောင်နှမတွေ Online ပေါ်မှာ တွေ့ဆုံခွင့် ရကြမယ်လို့ ထင်ပါတယ်။ ရွှေနှလုံးသား၊ ရွှေအသစ်နဲ့ ရွှေဝတ္ထုများ ပြန်လည်တူးဖော်ခြင်းတို့ကို အရမ်း နှစ်သက်ပါတယ်။ ဆရာတို့ ရွှေမဂ္ဂဇင်း စာပေစိတ် အစစ်အမှန်နဲ့ လူ့လောကကောင်း ကျိုးကို ဆတက်ကြိုးပမ်း အောင်မြင်နိုင်ပါစေရှင်။ လေးစားစွာဖြင့် မြင့်မြတ်သိင်္ဂီ
အားပေးမှု အတွက် ကျေးဇူး တင်ပါတယ်။ ရွှေအသစ် ကဏ္ဍကို ပို့တယ်ဆိုရင်တော့ စိတ်ရှည်ရှည် ထားဖို့ လိုပါတယ်။ အနည်းဆုံး ၂ နှစ်လောက်တော့ စောင့်ရလိမ့်မယ် ထင်ပါတယ်။
မင်္ဂလာပါ လေးလေးငြိမ်းနဲ့ ရွှေအဖွဲ့သားများရှင် သမီး နန်းမေဇင် လေးငြိမ်းကို ဒုတိယ အကြိမ် စာရေး လိုက်ပါတယ်။ လေးငြိမ်းရဲ့ မေလ ၂၈ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့ကို “လေးလေးငြိမ်း ကျန်းမာစွာနဲ့ စာပေတာဝန်တွေ ကို ဒီထက်မက ထမ်းဆောင်နိုင်ပါစေလို့” ဆုတောင်းပေးပါ တယ်။ လေးငြိမ်းရဲ့ မွေးနေ့ကို FM ပုဂံမှာလည်း ဆုတောင်း ပေးထားပါတယ်။ လေးငြိမ်း နားထောင်ဖြစ်ပါစေနော်။ လေးငြိမ်းကို မေးချင်တာလေးရှိပါတယ်။ ဆရာသုမောင်ရဲ့ အချစ် ၀တ္ထုကို ဆရာ မရှိတော့မှ သမီး ရှာတွေ့ပြီး ဖတ်မိတာပါ။ ဆရာသုမောင်ရဲ့ အချစ် ၀တ္ထုထဲက ရေးဟန်ကို ဘယ်လိုခေါ် ပါသလဲ။ အဲဒီရေးဟန်ကို ဆရာ သုမောင်က ပထမဆုံးရေးခဲ့ တာလား သိချင်လို့ပါ။ ဆရာသုမောင်ရဲ့ အချစ် ၀တ္ထုထဲက ရေးဟန်က အခုခေတ်ထိ ခေတ်မီနေတဲ့အတွက် ဆရာသုမောင် ရဲ့ ရေးဟန်ကို လက်ဖျားခါမိပါတယ်။ ဆရာသုမောင်ကို မေးချင်တဲ့ မေးခွန်းတွေလည်း အများကြီးပါ။ ဆရာသုမောင် မရှိတော့မှ စာအုပ်က ရှာတွေ့ပြီး ဖတ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ် တင်မိပါတယ်။ အဲဒါ ဆရာသုမောင် ကိုယ်စား လေးငြိမ်းက သမီး သိချင်တာကို ဖြေပေးပါနော်။ သမီးမေးတာတွေ မှားနေ ရင်လည်း ခွင့်လွှတ်ပါလို့ အားလုံးကို လေးငြိမ်းမှ တစ်ဆင့် တောင်းပန်ပါတယ်။ လေးငြိမ်းတို့ရဲ့ “ရွှေ FM” ကို သမီးတို့ ကလေးမြို့မှာ နားထောင်ချင်ပါတယ်။ သမီး တောင်းဆိုထားတဲ့ အတိုင်း အရင်က “အင်တာဗျူး”တွေကို ပြန်လည်ဖော်ပြပေးတဲ့ လေးငြိမ်းတို့ “ရွှေ”အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ် ရှင့်။ လေးငြိမ်းရဲ့ “အင်တာဗျူး”က အခု ခေတ်ထိ ခေတ်မီနေပါ သေးတယ်နော်။ လေးငြိမ်းရဲ့“ရွှေချစ်သူ” ကဏ္ဍပါမှ“ရွှေ”က ပိုပြီးပြည့်စုံတယ်လို့ ပြောချင်ပါတယ်။ သမီးစာရှည်တဲ့ အတွက် သည်းခံပေးပါနော်။ လေးငြိမ်းတို့“ရွှေ”အဖွဲ့သား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း နှုတ်ဆက်လိုက်ပါတယ်ရှင့်။ နန်းမေဇင်(ကလေးမြို့)
မွေးနေ့ဆုတောင်း အတွက် ကျေးဇူးတင်ပါတယ်။ ရွှေ FM ဆိုတာ ကျွန်တော်တို့ ရွှေအမြုတေ မဂ္ဂဇင်းနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဆရာသုမောင်ရဲ့ “အချစ်”၀တ္ထုက စာရေးဆရာ Erric Segal ရဲ့ Love Story ကို မြန်မာမှု ပြုထားတာ ဖြစ်ပါတယ်။
လေးလေးရယ် မင်္ဂလာပါရှင်။ စာပေစစ် စာပေမှန်တွေကို ဖော်ပြပေးတဲ့ ရွှေအမြုတေ ဆိုတာ လင်းလက်တောက်ပနေတဲ့ ရွှေကြယ်တစ် ပွင့်ပါ။ အမြဲတမ်း ဂုဏ်ယူ ၀င့်ကြွားစွာ အောင်မြင်နိုင်ပါစေနော်။ အခုအချိန်မှာ စာပေတွေကို လွတ်လပ်စွာ ဖော်ပြရေးဆိုခွင့်ရတဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ လွတ်လပ်ခြင်း ဆိုတာ လူတိုင်းလိုချင်ကြတဲ့ အခွင့်အရေး တစ်ခုပဲ မဟုတ်လား။ ဗီဒီယို ဆင်ဆာကဏ္ဍတွေကိုပါ လျှော့ပေါ့ပေးမယ်လို့ ကြားရတဲ့ အတွက် အတိုင်းထက်အလွန်ပေါ့။ တစ်ခုတော့ ရှိပါတယ်။ သရုပ်ဆောင်၊ မော်ဒယ်လ်၊ မင်းသမီးတချို့ရဲ့ဝတ်စား ဆင်ယင် မှုတွေကို အကန့်အသတ် ထားပေးရင် ပိုပြီးကောင်းမယ်လို့ ထင်တယ်နော်။ မြန်မာဆိုတာ နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် ယဉ်ကျေးမှုကို အရမ်းအလေးထားတဲ့နိုင်ငံပါ။ အဲဒါကို တချို့ လူတွေရဲ့ ၀တ်စား ဆင်ယင်ပုံကြောင့် အကျည်းတန်သွားရင် ဘယ်ကောင်း ပါလိမ့်မလဲ။ သူတို့ကို အားကျပြီး အတုခိုးနေတဲ့ ဆယ်ကျော်သက်ပရိသတ်တွေကပါ လိုက်တုပြီး ၀တ်ကုန် ကြတော့ တဖြည်းဖြည်းနဲ့ ကျောက်ခေတ်ကို ရောက်ကုန်ကြပြီ လေးလေးရေ။ မွေးနေ့ပွဲ တစ်ခုမှာ သီချင်းဆိုပေးတဲ့ ဆယ်ကျော်သက် အဆိုတော် မင်းသမီးလေးရဲ့ ၀တ်စား ဆင်ယင်ပုံကို တွေ့ရ လို့ အခုလိုမျိုး ရေးလိုက်ရတာပါ။ သူ့ကိုအ၀တ်အစား စီစဉ် ပေးတာ မိခင်ပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ လုံလုံခြုံခြုံနဲ့ လှပအောင် ၀တ် လို့ရတဲ့ ဖက်ရှင်ဒီဇိုင်းတွေ တစ်ပုံကြီးပါ။ အဲဒါကို လှစ်ဟပြမှ လှတယ် ထင်နေတဲ့ မိန်းကလေးတွေ အတွက် ရင်လေးလိုက်တာ လေးလေးရယ်။ မိုင်လေး(Thongwa)
လွတ်လပ်ခွင့် ရတာကို အကြောင်းပြုပြီး လုပ်ချင်တိုင်း လုပ်လို့တော့ မတင့်တယ်ဘူး ထင်ပါတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ရေးနေ၊ ပြောနေတာပါပဲ။ ဒါပေမဲ့ မိခင်တွေ ကိုယ်တိုင်က အားပေးအားမြှောက် လုပ်နေတယ် ဆိုတော့လည်း ဘာတတ်နိုင်မှာလဲဗျာ။
သို့... လေးစားရပါသော ဆရာရေ။ ဆရာ့ရဲ့ ရွှေချစ်သူ မပါ လာလို့ ရွှေအမြုတေဖတ်ရတာ တစ်ခုခုလိုနေသလိုပါပဲ ဆရာ။ ဆရာ့ရဲ့ ပေဖူးလွှာစာပေအင်တာဗျူးများ အတွဲ ၁ ကို အပိုင် ၀ယ်ထားလိုက်ပါတယ်။ အဖိုးမဖြတ်နိုင်တဲ့စာအုပ်မို့လို့ပါ။ ဆရာမ “မြနှောင်းညို”ရော နေကောင်းရဲ့လား ဆရာ။ ဆရာမရဲ့ စာအုပ်အဟောင်းလေးတွေထဲက စာလုံးမှုန်ဝါးဝါးတွေကို ဖတ် ပြီး ဆရာမရဲ့စာတွေကို စွဲလမ်းနေပါပြီ။ ဆရာမရဲ့စာအုပ်တွေ ကိုစွဲလမ်းမိတာ ဆရာမရဲ့ ကျွန်မမုန်းသော မမအေးက စဖတ် မိလို့ပါပဲ။ အရေးအသား၊ တွေးခေါ်ပုံ၊ ဇာတ်တည်ဆောက်ပုံ ဘာတစ်ခုမှ အပြစ် ထောက်ပြစရာ မရှိပါဘူးဆရာ။ ပန်းပွင့် ကြွေပုံပြင်၊ ရွက်ဝါကြွေသော နွေရက်များ စတဲ့ ၀တ္ထုတွေက အခုနောက်ပိုင်း ပြန်ထုတ်တာဖတ်ရတော့ ရှင်းရှင်းလင်းလင်း ဖတ်ရတာပေါ့ ဆရာ။ ဆရာမရဲ့အရင်က စာအုပ်လေးတွေ ဖတ်ချင်လိုက်တာ။ ဖြစ်နိုင်မယ်ဆိုရင် ဆရာမရဲ့ အိမ်ကိုလာ လည်ပြီး ဆရာမဆီမှာ စာအုပ်တွေ လာဖတ်ချင်တယ်။ ကျေးဇူး ပြုပြီး ဆရာမရဲ့ လိပ်စာကို ပြောပြနိုင်မလား ဆရာ။ အလင်းတန်းမှာ ပါတဲ့ ဆရာ့ရဲ့ဆောင်းပါးလေး တစ်ပုဒ်ကို ဖတ်ရတယ်။ မြန်မာ့ပတ်ဝန်းကျင်နဲ့ မညီမျှတဲ့ ကကွက်တွေ နဲ့ ပတ်သက်လို့ ဆရာ ရေးထားတာလေ။ ဆရာ့ရဲ့ တာဝန်ကျေပွန်မှု အတွက် ဂုဏ်ယူပါတယ်။
များပြားလှတဲ့ တာဝန်တွေကြားမှာ ရှင်သန်နေရတဲ့ ဆရာနဲ့တကွ အလင်းတန်း၊ ရွှေအမြုတေ အဖွဲ့သားများအားလုံး ကို ကျန်းမာပါစေလို့ ကျွန်တော် တောင်းဆုပြုလျက်ပါ။ မိုးနှောင်း
ဆရာမ မြနှောင်းညို ကျန်းမာ ချမ်းသာစွာ ရှိပါတယ်။ ဆရာမရဲ့ နေအိမ်က အောင်ဆန်းမှာ ဖြစ်ပါတယ်။ လိပ်စာ အပြည့်အစုံ ကျွန်တော် ပြောမပြတတ်တာကို ခွင့်လွှတ်ပါ။
ဆရာ ဦးဝင်းငြိမ်းရှင့် ကျွန်မ ပေးစာကဏ္ဍမှာ တစ်ခါမှ မရေးဖူးတဲ့ အတွက် အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ်။ ဒီလ ရွှေထဲမှာ ဆရာမ စုမီအောင်ရဲ့ တတိယ မုဆိုးမ ၀တ္ထုကို ဒုတိယ အကြိမ် ဖတ် လိုက်ရပါတယ်။ ပထမအကြိမ် ဖတ်လိုက်ရတာက စင်ကာပူက ထုတ်ဝေတဲ့ သဇင် မဂ္ဂဇင်းထဲမှာပါ။ မဂ္ဂဇင်း တစ်ခုထဲမှာ ပါပြီးတာ သိပ်မကြာသေးတဲ့ ၀တ္ထုကို နာမည်ရှိပြီးသား စာရေး ဆရာဆိုရင် နောက်မဂ္ဂဇင်းတစ်ခုမှာ ထည့်လို့ရတယ်ပေါ့နော်။
ကျွန်မ ထင်ထားတာက ဆရာဟာ သာအေးညရဲ့ ကျွန်တော် အထိုးခံရမယ့် လက်သီး ၀တ္ထုတုန်းက အခြား မှာ ဖော်ပြပြီးမှ ရွှေမှာဖော်ပြမိလိုက်တဲ့အတွက် အရမ်း အရမ်း ပေါက်ကွဲဒေါသထွက်ပြီးတဲ့နောက် ဘယ်သူ့မှ ဟိုမှာ ဖော်ပြ ပြီးသား စာမူကို ဒီမှာ မပို့လောက်တော့ဘူးလို့ ထင်ထားတာ။ အခုတော့ နာမည်ရှိပြီးသားသူတွေလည်း ဟိုပို့ဒီပို့ လုပ်တတ် တာပဲပေါ့နော်။ သာအေးညတုန်းကလို ဆရာမ စုမီအောင်ကို အရေးယူမှု ရှိ၊ မရှိ ကျွန်မ သိချင်နေပါတယ်။ ကျွန်မက စာဖတ်ဝါသနာပါပြီး ကဗျာတွေရေးတဲ့သူပါ။ စာပေကို မြတ်နိုး သလို စာပေလောကကြီးကိုလည်း အတတ်နိုင်ဆုံး အပြစ် ကင်းစေချင်သူပါ။ ဒီစာဟာ တိုင်စာဆိုရင်လည်း တိုင်စာပေါ့။ ကျွန်မကတော့ ဆရာ ဦးဝင်းငြိမ်း ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ အရမ်းသိချင်နေပါတယ်။ လေးစားစွာနဲ့ ယမင်းဖြူ(စင်ကာပူ)
ရေမြေရပ်ခြားကနေ တကူးတက လှမ်းပြောတဲ့ အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ သာအေးညက အသစ်တစ်ယောက်မို့ ဖြစ်ခဲ့တာကို အခုချိန်မှာ ကျွန်တော် သွေးအေးသွား ပြီဖြစ်လို့ နားလည် ပေးနိုင်ပါတယ်။ ကျွန်တော် လက်လှမ်းမမီတဲ့ ပြည်ပမဂ္ဂဇင်း တစ်စောင်မှာ ပါတဲ့ ၀တ္ထုကိုတော့ ကျွန်တော် ဘယ်နည်းနဲ့မှ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ပရိ သတ်များ ရှိနေတာကြောင့် အခုလို သိခွင့်ရတာပါ။
စုမီအောင်ဆိုတာ ကလောင်သစ်ကလေး မဟုတ်ပါဘူး။ ၀ါရင့်ကလောင်ဖြစ်တဲ့ အပြင် အယ်ဒီတာလည်း လုပ်နေသူ ဖြစ်တာကြောင့် ဒီလို မလုပ်သင့်ဘူးဆိုတာ နားလည် ရမယ့်သူ ဖြစ်ပါတယ်။ ဆင်ခြေ ပေးနိုင်တာကတော့ ရွှေအမြုတေကို ပို့ထားတာ ကြာပြီမို့ မသုံးဖြစ်တော့ဘူး အောက်မေ့လို့ ပေး လိုက်တာလို့ ပြောပါလိမ့်မယ်။ တခြား မဂ္ဂဇင်းကို ပေးလိုက်ပြီ ဆိုရင်လည်း မူလ ပို့ထားတဲ့ မဂ္ဂဇင်းကို တာဝန်သိသိနဲ့ အကြောင်းကြားဖို့ လိုအပ်ပါတယ်။ အယ်ဒီတာ တစ်ယောက် ကိုယ်တိုင်က တာဝန် မသိဘူး ဆိုတာကိုတော့ ကျွန်တော် တော်တော် စိတ်ပျက်မိပါတယ်။ တစ်ခါတလေမှာ အများနဲ့ ပတ်သက်ပြီး လုပ်ရတဲ့ အလုပ်မျိုးကို စွန့်လွှတ်ချင် စိတ်တွေ ပေါ်လာတတ် ပါတယ်။ အသက်က သင်္ချိုင်းကို ရောက်ဖို့ ခြေတစ်လှမ်း လောက်သာ လိုတော့တာမို့ စိတ်ရှည်နိုင်အောင် တော်တော် ကြိုးစား နေရပါတယ်။ တခြား အသက်မွေးဝမ်းကျောင်းအလုပ် ကိုလည်း မလုပ်တတ်ဘဲကိုး။
ဒါကြောင့် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာလေး၊ ဆရာမလေးများကို မေတ္တာရပ်ခံ တောင်းပန်ချင်ပါတယ်။ ၀တ္ထု တစ်ပုဒ်ကို တစ်နေရာထက် ပိုပြီး ပို့မယ်ဆိုရင် ပထမ ပို့တဲ့နေရာကို အသိပေးဖို့ လိုမယ်ဆိုတာ စာရေး နေသမျှ ကာလပတ်လုံး ခေါင်းထဲမှာ နှလုံးသားထဲမှာ ထည့်ထားကြပါလို့ ပြောလိုက် ပါရစေ။ ဒီထက်လည်း ပိုပြီးပြောချင်စိတ် ကုန်ခန်းနေပါပြီ။
သို့ ဦးဝင်းငြိမ်း မင်္ဂလာပါ ဦးဝင်းငြိမ်း ကျန်းမာပါရဲ့လား။ အကယ်ဒမီနဲ့ ပတ်သက် တဲ့ခံစားချက်လေးတွေ ရင်ဖွင့်ချင်လို့ ရွှေချစ်သူကို စာရေးပေး လိုက်ပါတယ်။ အကယ်ဒမီပေးပွဲကြီးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ အခုချိန်ထိ ရင်ထဲက ခံစားချက် ကတော့ အကင်းမသေသေးဘူး။ စိုင်းစိုင်းကို အကယ်ဒမီမပေး လို့လေ။ ဘာဖြစ်လို့ မပေးတာလဲ။ တစ်ယောက်မှ မကောင်းဘူး ထင်တုန်းကလည်း တစ်ဆုမှမပေးဘဲ နေခဲ့ဖူးသေးတာပဲ။ နှစ်ယောက်ကောင်းနေလို့ နှစ်ဆုပေးတော့ရော ဘာဖြစ်မှာလဲ။ ပေးရမယ့် ဆုတွေ ပြည့်စုံအောင် မပေးတဲ့နှစ်တွေ ရှိခဲ့သလို နှစ်ယောက်ကောင်းလို့ ပူးတွဲ ပေးခဲ့တဲ့နှစ်တွေလည်း အကယ်ဒမီ သမိုင်းမှာ ရှိခဲ့တာပဲ။
ဆုရသွားတဲ့သူတွေက ဆုနဲ့ ထိုက်တန်လို့ရ သွားတယ်ဆိုတာကို လက်ခံသလို တကယ်ကောင်းနေပါရဲ့နဲ့ ချန်ထားခဲ့တာကိုတော့ ဘယ်လိုမှမခံစားနိုင်ဘူး။ အကယ်ဒမီနဲ့ ပတ်သက်ပြီး ကိုယ်ကြိုက်တဲ့ မင်းသား၊ မင်းသမီးတွေ ကံ မကောင်းတာကို သူတို့ထက်မလျော့တဲ့ ခံစားချက်နဲ့ ထပ်တူ ခံစားခဲ့ရတာ နှစ်ကြိမ်ရှိသွားပြီ။ ခိုင်သင်းကြည်ကို အမေနဲ့ သမီးများမှာ မပေးတုန်းက တစ်ကြိမ်၊ အခု စိုင်းစိုင်း အာဒမ်၊ ဧ၀၊ ဒသ မှာ စိုင်းစိုင်းခမ်းလှိုင်ဆိုတဲ့ အဆိုတော် တစ်ယောက် ဘ၀ပျောက်ပြီး တကယ်ပဲ ဇာတ်လမ်းထဲက မိုးသောက်ဖြစ်နေ ပါရဲ့နဲ့ ဆုမရဘူးလေ။ နောက်ပြီး နားမလည်တာ တစ်ခုက ဇာတ်ကား တစ်ကားလုံးကို ပြည့်စုံကောင်းမွန်အောင် ရိုက်နိုင်လို့တောင် ဇာတ်ကားဆု ဆိုတာကို ပေးထားပါရဲ့နဲ့ ဒီဇာတ်ကား ကြီးကောင်းအောင် ပုံဖော် ရိုက်ကူးခဲ့တဲ့သူကိုကျတော့ ဒါရိုက်တာဆု မပေးဘူး။ အဲဒါကိုတော့ တကယ်နားမလည်ဘူး။ ဥပမာ-ပြီးခဲ့တဲ့နှစ်တုန်းက သမီးအရမ်းအထင်ကြီးပြီး လေးစား ကြိုက်နှစ်သက်တဲ့ ဒါရိုက်တာ စင်ရော်မောင်မောင် ကြိုးကြာ တောင်ပံခတ်သံ နဲ့ ဇာတ်ကားဆု ရပြီး ဒါရိုက်တာဆု မရဘူး။ ဒီနှစ် ၀ိုင်း။ အဓိက မင်းသား၊ မင်းသမီး၊ ဇာတ်လမ်းစတဲ့ ဆုတွေကိုရအောင် ဖန်တီးပုံဖော်နိုင်ခဲ့ပါရဲ့နဲ့ အဲလိုဆုတွေရ အောင် စွမ်းဆောင်ပေးခဲ့တဲ့သူကကျတော့ ဆုမရဘူး။ ဒါက တော့ထားပါ။
သမီးတို့လည်း ဘယ်လိုမှ အလုံးစုံနားမလည်နိုင် ဘူးလေ။ စည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒတွေကိုပေါ့။ သမီးတို့ ဉာဏ်ရည်နဲ့လည်း လိုက်မမီပါဘူး။ ဒါပေမဲ့ ဝေဠုကျော် ကောင်းလို့ပေးတာကို လက်ခံသလို စိုင်းစိုင်းကရော မကောင်း လို့လား။ နှစ်ယောက်လုံး ကောင်းနေပါရဲ့နဲ့ တစ်ယောက်ကိုပဲ ရွေးချယ်ခွင့်ရှိလို့ ရွေးလိုက်တယ်ဆိုရင်လည်းပဲ နှစ်ယောက် ကောင်းလို့ ပူးတွဲပေးခဲ့တဲ့ နှစ်တွေမရှိဘူးလား။ သမီး အလယ် တန်းကျောင်းသူ ဘ၀တုန်းက မှတ်မိနေသေးတယ်။ စိုးမြတ်သူဇာနဲ့ မို့မို့မြင့်အောင် နှစ်ယောက်ပူးတွဲ ရခဲ့တာကိုလေ။ တစ်ယောက်မှ မကောင်းဘူးထင်လို့ တစ်ယောက်ကိုမှမပေး ဘဲနေခဲ့တဲ့နှစ်ကိုလည်းပဲ မှတ်မိနေသေးတယ်။ (ခိုင်သင်းကြည် နဲ့ နန္ဒာလှိုင်)ကို ကိုးဆယ်ဆ သာလိမ့်မယ် နဲ့ အမေနဲ့ သမီးများ ဇာတ်ကားတွေမှာ တစ်နိုင်ငံလုံးက ပရိသတ်က မျှော်လင့် နေပါရဲ့နဲ့ မပေးခဲ့တာ။ သမီးပြောခဲ့တာတွေက မှားချင်ရင်မှား နေမှာပါ။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေရဲ့ မှားယွင်းမှုဆိုရင်တော့ နစ်နာတဲ့သူတွေမှာ ဘာနဲ့မှနှိုင်းယှဉ်ပြလို့ မရတဲ့အထိ နစ်နာသွားခဲ့တာလေ။ ဥပမာ- အချိန်အခါနဲ့ အခွင့် အရေး။ အခွင့်အရေးရတဲ့အချိန်မှာ ကိုယ်ကလုပ်နိုင်ဦးမှ။ ကိုယ် လုပ်နိုင်တဲ့အချိန်မှာ အခွင့်အရေးကရဦးမှ။
သမီးရဲ့စာကိုဖတ်ပြီး ဦးဝင်းငြိမ်းလည်း စိတ်ညစ်နေရောပေါ့။ တခြားသော မဂ္ဂဇင်း တွေမှာရေးပေးလို့ ရပါရဲ့နဲ့ ဦးဝင်းငြိမ်းဖတ်မယ့် ရွှေချစ်သူမှာပဲ ရေးပေးချင်တာ။ ဦးဝင်းငြိမ်းရဲ့ရွှေကနေတစ်ဆင့် ဖတ်စေ ချင်တဲ့၊ ဖတ်သင့်ဖတ်ထိုက်တဲ့သူတွေ ဖတ်မိသွားတော့လည်း စာရေးပေးရ ကျိုးနပ်တာပေါ့။ ဦးဝင်းငြိမ်းအပေါ်မှာ သမီးရဲ့ လေးစား၊ အထင်ကြီး၊ အားကျမိတဲ့ အကြောင်းအရင်းတွေကို လည်း အရင်တည်းက ရေးပေးဖူးခဲ့ပါတယ်။ နောက်တစ်ခု အပူကပ်ချင်တာက ဒါရိုက်တာ ၀ိုင်းနဲ့ စိုင်းစိုင်းကို ပြောပေး ပါနော်။ အရမ်းကြိုက်နှစ်သက်တဲ့ ဆရာမ ဂျူးရဲ့ဝတ္ထု ကျွန်မရဲ့ သစ်ပင် ကို ရုပ်ရှင်ရိုက်တော့မယ်လို့ သိရပါတယ်။ လက်ရှိ သမီးတို့နိုင်ငံရဲ့ရုံတင်စနစ်အရဆိုရင် ၂၀၁၂ မှာ ရိုက်မယ့်ရုပ်ရှင် ကို ၂၀၁၅ လောက်မှာ ကြည့်ရမှာပေါ့။ အကယ်ဒမီအတွက်ဆို ရင်တော့ ၂၀၁၆ လောက်မှာမှ ရင်ခုန်ရမှာပေါ့လေ။ လာမယ့် ၅ နှစ် အချိန်အတိုင်းအတာအတွက်ကို အခုတည်းက အကယ် ဒမီဆုရပါစေလို့ ဆုတောင်းပေးနေတဲ့ ပရိသတ်တွေအများကြီး ဆိုတာကို ပြောပြပေးပါ။ ပရိသတ်က ဆုတောင်းပေးနေတယ် ဆိုတဲ့ အင်အားတွေနဲ့ ကြိုးစားရိုက်ကူးကြမယ်ဆိုရင် အခက် အခဲတွေ ရှိလာခဲ့ရင်တောင် ရင်ဆိုင်နိုင်မှာပါ။ သမီးအရမ်း သိချင်နေတဲ့ တစ်ခုကိုလည်း ဖြေကြားပေးပါဦး။ Heart & Soul ထုတ်လုပ်ရေးက စိုင်းစိုင်းပိုင်တာ ဟုတ်ပါသလား။ Frenzo တေးထုတ်လုပ်ရေးက စိုင်းစိုင်းပိုင်တာကိုတော့ သိထား ပါတယ်။ ဦးဝင်းငြိမ်းကျန်းမာရေးကောင်းမွန်ပြီး (ရွှေအမြုတေ) ကိုလည်း ဒီထက်ကောင်းမွန်အောင် ပဲ့ကိုင်သွားနိုင်ပါစေ။ May K
အကယ်ဒမီကိစ္စများကတော့ ကျွန်တော် လူပြိန်းတစ်ယောက် အနေနဲ့ ဉာဏ်မမီလို့ ပြောမပြတတ်ပါ။ Heart N Soul က ခင်စန္ဒာမြင့်နဲ့ စိုင်းစိုင်းခမ်းလှိုင် သူငယ်ချင်းနှစ်ယောက် အစုစပ် လုပ်ငန်းဖြစ်တယ်လို့ သိရပါတယ်။
ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)
|
ဝင်းငြိမ်း |
| About the author: |
| | |