လူလှဖို့ထက် စိတ်လှတာကို ပိုကြိုက်တဲ့ ဆူဇီ PDF Print E-mail
Written by လွင်မေသော်၊ မေစုလှိုင်   
Friday, 11 May 2012 13:30
Share |

ဒီတစ်ပတ် ဖူးငုံ ပရိသတ်တွေ အတွက် အလှအပ ကဏ္ဍလေးမှာ သရုပ်ဆောင် မဟုတ်တဲ့ ရတု အဆက်ဆက် တစ်ကိုယ်တော် စီးရီးခွေနဲ့ ပရိသတ် သတိ ထားမိသွားတဲ့ အဆိုတော် ဆူဇီရဲ့ အလှအပ ထိန်းသိမ်းပုံကို တင်ပြပေး သွားမှာ ဖြစ်ပါတယ်။

argaiv1221


တေးသံရှင် ဆူဇီက “လူလှတာထက် စိတ်လှတာ ပိုကြိုက်ပါတယ်။ ဒါပေမဲ့ မိန်းမ တစ်ယောက်ဖြစ်တာကြောင့် အလှအပက အရမ်း အရေးကြီးပါတယ်”လို့ ဆိုပါတယ်။ ဆူဇီက မိန်းကလေး တစ်ယောက်အတွက် အလှအပကို ဘယ်လို ဖွင့်ဆိုပါမလဲဆိုတဲ့ မေးခွန်းကို“လူဆိုတာ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ် အဓိကတော့ လှပကျော့ရှင်းနေတာ  အကောင်းဆုံးပါ။ ဒါပေမဲ့ လူလှတာထက် စိတ်လှတာ ပိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ စိတ်လှတဲ့ သူဟာ အလှအပ မလိမ်းခြယ် ထားလည်း သူရဲ့နဂိုစိတ် ဖြူစင်တဲ့ အတွက် မျက်နှာလေးက ကြည်လင်နေပါတယ်”လို့ဖြေပါတယ်။

ဆူဇီက အလှပြင်တာကို မကြိုက်ပေမဲ့ လှချင်တာတော့ ရှိတယ်လို့ လည်းဆိုပါတယ်။ အ၀တ်အစားအတွက် ဆိုရင် “အစ်မက စမတ်ကျကျ ပုံစံတွေ ၀တ်ဖို့ အဆင်မပြေဘူး။ ကလေးပုံစံ ဂါဝန်လေးတွေ၊ လက်ပြတ်လေးတွေ၊ ဘောင်းဘီတိုလေးတွေ ၀တ်တယ်။ အအေး အရမ်းကြိုက်လို့ လက်ရှည်တွေဆို ဆောင်းတွင်းမှ ၀တ်ဖြစ်တယ်။ အစ်မက အမြဲတမ်း လက်ပြတ်လေးတွေ၊ ကြိုးတစ်ချောင်းလေးတွေ ပေါ့ပေါ့ပါးပါး ၀တ်ရတာ ပိုကြိုက်တယ်”လို့ သူအ၀တ်ဖြစ်ဆုံး ပုံစံလေးတွေ ပြောပြခဲ့ပါတယ်။

ငယ်ငယ်လေးကတည်းက ဆံပင် အမြဲတမ်း အဖြောင့်ပဲထားခဲ့တဲ့ ဆူဇီဟာ ယခုချိန်ထိလည်း အဖြောင့်လေးနဲ့ပါပဲ။ တစ်ခါတလေ ပွဲတွေ၊ ရိုက်ကွင်း VCD / Live Show တွေရှိမှသာ ၀တ်မယ့် အင်္ကျီနဲ့အလိုက် အင်္ကျီအရှည်တွေ ၀တ်ရင် ဆံပင် အကောက်အလိပ်လေးတွေ၊ ကလေးဆန်ဆန် ဆိုရင် ကျစ်ဆံမြီး နှစ်ဖက်ခွဲလေးတွေ ပြင်တတ်တယ်လို့လည်း ပြောပြပါတယ်။

မျက်နှာက ဘယ်အစိတ်အပိုင်းကို ပြင်ဆင်ရတာ ကြိုက်သလဲဆိုတော့ “အစ်မက ရှင်းရှင်း ပြောရရင် အလှ အရမ်းကြီး ပြင်တာ မကြိုက်ဘူး။ အပြင်သွားရင် ပေါင်ဒါလေးတို့လိုက် Lotion လေးလိမ်းလိုက်ပဲ လုပ်ဖြစ်ပါတယ်”လို့ ပြောပြီး သူမရဲ့သူငယ်ချင်းများကလည်း မပြင်ရင် ပိုလှတယ်၊ ပြင်လိုက်ရင် ကလေးကို လူကြီးပုံစံ ပြင်ပေးတာနှင့် တူတယ်လို့ ပြောကြကြောင်း ဆိုပါတယ်။

အသားအရမ်း ဖြူတဲ့အထဲမှာလည်း မပါတဲ့ အတွက် အသားမည်းမှာ ကြောက်လို့ Skin Care ကို တစ်လတစ်ကြိမ် လုပ်ဖြစ်ပါတယ်တဲ့။ တစ်လ တစ်ခါ၊ နှစ်လတစ်ခါ အမြဲတမ်း ခြေထောက်တွေ၊ လက်တွေဆိုင်မှာ ဆေးကြော ပြုပြင်တတ်ပေမဲ့ လက်သည်း ခြေသည်းမဆိုးဘဲ သဘာဝ ပုံစံဖြူဖြူ စင်စင် Cute   လေးပဲ နေဖြစ်ကြောင်းနဲ့ ပွဲနီးမှသာ အ၀တ်အစား၊ ပွဲလမ်းသဘင်နဲ့ လိုက်မယ့် ခြေသည်း လက်သည်း ပုံဖော်ဖြစ်ကြောင်းတို့ကို လည်း သိရပါတယ်။

အဆိုတော် ဆူဇီက အသားအရေ ထိန်းသိမ်းမှု အနေနဲ့ ဆိုင်မှာပေါင်းတင်ဖို့ မလုပ်ဖြစ်တဲ့အခါ သဘာဝ သစ်သီးတွေ ကပ်ပြီး ပေါင်းတင်မှုကို ပိုနှစ်သက်ပါတယ်တဲ့။ ဆူဇီ သုံးနေကျ Cosmetics တွေက Kanebo နဲ့ Kose' တံဆိပ်တွေဖြစ်ပြီး ၀ယ်ရခက်တဲ့ အခါ တခြား အနုပညာရှင်များက ညွှန်း တဲ့အတွက်   SKII ကို ပြောင်းသုံး ဖြစ်တယ်လို့ ဆိုပါတယ်။   

ရာသီဥတုပူတဲ့ အခါ သနပ်ခါး ကြိုက်တဲ့ အတွက် Milk Lotion ပါးပါးလေးနဲ့ သနပ်ခါး တွဲလိမ်း ဖြစ်ကြောင်းပြောပြပါတယ်။ ဆူဇီက “မိန်းမ ဖြစ်လို့ Skin care ကတော့ အရေး ပါပါတယ်၊ လူ့ဘ၀ကို ပြောင်းလဲသွားနိုင်တာတွေ လည်း ရှိတာပဲ။ တချို့ဆိုရင် မပြင်ထားတဲ့ ရုပ်နဲ့ ပြင်ပြီးသွားတဲ့ ကွာခြားမှု Before / After အပြောင်းအလဲတွေ ရှိတတ်တာပဲ၊ လူတွေက အသက် ကြီးလာတဲ့ အမျှ အသားအရေတွေ ပျက်စီးတဲ့ အတွက်Skin care  ကတော့ အများကြီး လုပ်သင့်တယ်လို့ ယူဆပါတယ်လို့ သူမရဲ့ ခံယူချက် ကို ပြောပြပါတယ်။

“ဟိုအရင်အချိန်တွေတုန်းက မိန်းကလေး တွေဟာ မိမိရဲ့အားနည်းတဲ့ မျက်နှာ အစိတ်အပိုင်း တွေကို ခွဲစိတ်ပြုပြင် ချင်ပေမဲ့ မရနိုင်ခဲ့ဘူး။ အခုအချိန် IT ခေတ်ကြီးထဲမှာ တစ်ကမ္ဘာလုံးက ခွဲစိတ် ပြုပြင်မှုတွေ တွင်တွင်ကျယ်ကျယ် အသုံး ပြုလာနိုင်ကြတော့ နှာခေါင်း ရွဲ့နေတာလေးတွေ နှုတ်ခမ်း မလှတာတွေကို ပြင်လို့ရတဲ့ အတွက် ကောင်းပါတယ်”လို့ပြောပြီး သူမ အနေနဲ့ကတော့ သဘာဝ အလှအပကို ပိုကြိုက်ပါတယ်တဲ့။

ရာသီဥတု ပူရင် ရေကို အဓိကထား ပို သောက်တတ်တဲ့ ဆူဇီက“မနက် မိုးလင်းရင် ရေ တစ်ခွက် အပြည့်သောက်တယ်။ တစ်နေ့ကို ရေနှစ်ဘူး ကုန်အောင်သောက်တယ်။ ရေဓာတ်က ဘာမှကို မပြုပြင်တဲ့ တကယ့် သဘာဝက ရတဲ့ ဓာတ်အား တစ်မျိုးပဲ၊ ရာသီဥတု အနေထားက နွေရာသီ ဆိုရင် ပူတဲ့အတွက် အပြင်ထွက်ရင် အမြဲတမ်း  UV ပါတဲ့  Body lotion လိမ်းစေချင်တယ်။ မျက်နှာအတွက် မိတ်ကပ် မဟုတ်ဘူး ဆိုရင်တောင် နေလောင်ခံတဲ့ Cream သုံးသင့်တယ်”လို့ သူမတို့ ကျော်ကြားသူတွေက ပိုဂရုစိုက်နေရကြောင်း ပြောပြပါတယ်။

အဆိုတော် ဆူဇီက အသံထိန်းသိမ်းဖို့ အတွက် ရေခဲနဲ့ မတည့်တာကြောင့် သတိထား ရှောင်ကြဉ် ရပါတယ်လို့ပြောပြီး အသံအတွက် သီချင်းသွင်းဖို့ ရှိရင်၊ Show  တွေရှိရင် ရေနွေးကြမ်းကို ဆားခတ် ပြီး သောက်သုံးကြောင်း ထပ်မံ ပြောပြပါတယ်။

အသားအရေ လှပဖို့အတွက် အစာစားရာမှာလည်း အရေးကြီးတယ်လို့ဆိုပါတယ်။ “အစ်မက အိမ်မှာ ဟင်းချက်ရင် အသားငါးထက် အသီးအရွက်တွေကို အဓိက ပိုစားတတ်ပြီး အေးတဲ့ ရာသီစာ ဖရဲသီး၊ သင်္ဘောသီး၊ နာနတ်သီးစတာတွေ စားတတ်တယ်”လို့ဆိုပါတယ်။

အဆိုတော်ဆူဇီက ကိုယ့်သမိုင်း ကိုယ်ရေးကြသူများ ဇာတ်ဝင် တေးသီချင်း ပြန်ထုတ်တဲ့ အထဲမှာသီဆိုထားပြီး ကချင်ရန်ပုံငွေပွဲ မနောအလှမှာလည်း ပါဝင် သီဆိုထားကြောင်း၊ ပထမအခွေ ရတုအဆက်ဆက်နဲ့ ဒုတိယ အခွေ တွေ့အတိုင်း တို့ ထွက်ရှိထားပြီး တတိယအခွေကို စီစဉ်နေ ကြောင်း၊ သင်္ကြန်ပြီး မေလ၊ ဇွန်လလောက်မှာ ထွက်နိုင်ဖို့ ကြိုးစားနေကြောင်းပြောပြပါသေး တယ်။

လွင်မေသော်၊ မေစုလှိုင်
(Teen Magazine May 2012)