|
Written by မြသွေးနီ
|
|
Friday, 11 May 2012 13:53 |
အွန်လိုင်းက ဘလော့ဂါ များရဲ့ လက်ရာများကို teen Magazine ရဲ့ Blog Digest ကဏ္ဍမှ ဖော်ပြ ပေးနေခဲ့ရာ ဘလော့ဂါများရဲ့
argaiv1740
စာပေ လက်ရာများ သာမက၊ အတွေးအခေါ် အယူအဆ များကိုပါ စာဖတ်သူ များနဲ့ ရင်းနှီး ကျွမ်းဝင်စေ လို့တဲ့ ဆန္ဒနဲ့ သူတို့ရဲ့ အတွေး အမြင်လေးများကိုပါ မေးမြန်းပြီး ဖော်ပြပေးဖို့ စိတ်ကူး ရခဲ့ပါတယ်။ လစဉ်တစ်လစာ ကြိုတင် လုပ်နေရတဲ့ မဂ္ဂဇင်းရဲ့ ထုံးစံနဲ့ သင်္ကြန်ပိတ်ရက် ရှည်ခံ နေတာကြောင့် မေလ Blog Digest အတွက် စာမူခွင့် ပြုချက်များကို ဘလော့ဂါများ ထံမှ အရင်လများထက် စောပြီး ခွင့်ပြုချက် ကြိုတင် ရရှိဖို့ မြသွေးနီ ကြိုးစား ခဲ့ပါတယ်။
ဒါ့အပြင် ဒီလထဲမှာ အင်တာနက် မြန်နှုန်း နှေးကွေး နေချိန်တွေ များနေရုံမျှမက၊ မီးကလည်း မမှန်တာမို့ ကွန်နက်ရှင် ရသမျှ အချိန်လေး အတွင်းမှာ စာမူများကို မနည်း ရှာယူရပြန်ပါတယ်။ ဒီ တစ်လ အတွက် ကဗျာနဲ့ ၀တ္ထုတိုက အွန်လိုင်းမှာ စာများ လိုက်လံဖတ်စဉ် နှစ်သက်စွာ ခဲတို့ ထားခဲ့ဖူးတာများ ဖြစ်တာမို့ကဗျာ နဲ့ ၀တ္ထုတိုအတွက် စောစောစီးစီး စိတ်အေး ရပါတယ်။ ကံအားလျော်စွာ ဒီလအတွက် အက်ဆေးကိုတော့ ထူးခြားတဲ့ အတွေးနဲ့ ဖွဲ့ရေးထားတဲ့ အက်ဆေးလေး တစ်ပုဒ်ကို အချိန်မီ ရွေးနိုင်ခဲ့ပါတယ်။ ဒီလအတွက် ကဗျာကို အွန်လိုင်း ၀တ္ထုတို ဒုတိယဆု ရရှိခဲ့ဘူးတဲ့ သတိုးရဲ့ကဗျာလေးနဲ့ စဖွင့်လိုက်ချင်ပါတယ်။
ကြည့်ချင်ပွဲ သတိုး ခပ်တည်တည်ပဲ။ ဦးထုပ်နက်နက် ဆောင်းထားတယ်။ ၀တ်စုံအနက် ထက်အောက်ဆင်ယင်လို့ လူကြီးလူကောင်းစတိုင်လ် အပြည့်ဖမ်းထားတယ်။ လည်တိုင်က လိပ်ပြာပုံ ဖဲပြားဖြူလေးကတော့ ရွဲ့စောင်းနေလေရဲ့ ဒါပေမဲ့ ကြည့်နိုင်မှ မြင်ရလိမ့်မယ်။ မျက်မှန် နှစ်ထပ်တပ်ထားတာလည်း ထူးခြားတယ်။ ခပ်တည်တည်ပဲ။ ဖြူလွသန့်စင်ထင်ရတဲ့ လက်ကိုင်ပ၀ါတစ်ထည် ဦးထုပ်နက်အတွင်းထဲ ရွရွကလေး ပစ်ချပြတယ်။ ပြီးတော့ လက်အိတ်နက် လက်တွေကို လှပစွာ ဝေ့၀ိုက်ပျောင်းနွဲ့ကစားလိုက်တယ်။ ခပ်တည်တည်ပဲ။ ချောင်းတစ်ချက် ဟန့်တယ်။ “အဟမ်း...” (လည်ချောင်းထဲမှာ အမြဲတစေ ခဲကျပ်ပိတ်ဆို့နေပုံရတယ်) ခပ်တည်တည်ပဲ။ မျက်တောင်မခတ်ကြပါနဲ့။ နားရွက်တောင် မလှုပ်လိုက်မိစေနဲ့။ ဆူညံသံတွေ သော့ပိတ်ပေးပါ။ ကျေးဇူးပြု၍...ငြိမ်ပါ။ ရှူလှည့်ပါ။ မျက်စေ့တစ်မှိတ်၊ လက်ဖျစ်တစ်တွက်အတွင်းမှာ ပြေးလာထွက်ပျံ ကောင်းကင်တိမ်ယံထက်မှာ ငှက်ချိုးရွှေဖြူ ကူလိမ့်နိုး...။ တစ်စက္ကန့်... တစ်မိနစ်... တစ်နာရီ... ............ ဟော... တစ်ရာသီ... ....... ........... ငေးငေးမေ့မေ့ မော့မယ့်သာမော့နေမိကြတာ တကယ့် ဇာတ်လိုက်က ဘယ်ဆီရွာရိုး သဝေထိုးနေသလဲ မသိ။ ခုထိကို.... လက်ခုပ်သံ မကြားရသေးဘူး။ ။ သတိုး http://www.thatoe.com
ဘယ်လို ခံစားမှုမျိုးကိုမဆို ရသ၀တ္ထုအဖြစ် ခံစားရေးဖွဲ့ဖို့ ကြံစည်တတ်တဲ့ သတိုးက “ကိုယ် တိုင်ရော၊ ၀န်းကျင်မှာပါ မျှော်လင့်စောင့်ရင်းက ထိတ်လန့်အသည်းငယ်၊ မလှုပ်မရွေ့နဲ့ ငြီးငွေ့စိတ် ပျက်စွာ တစ်သမတ်တည်းသွားနေကြရတဲ့ အခြေ အနေ၊ အချိန်တွေမှာ မနက်ဖြန်ကို သံသယဖြစ် လာလို့ ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ”လို့ ဒီကဗျာလေး ရေးဖြစ်ပုံကို ပြောပြပါတယ်။ “အွန်လိုင်း သုံးဖို့ အခွင့်အရေးတွေ ရနေသမျှ၊ အွန်လိုင်းပေါ်မှာ ၀ါသနာတူ ရေးဖော်များ ရှိနေသမျှ စာတွေ ဆက်ရေး ဖြစ်နေမှာပါ”လို့ ပြောပြလာတဲ့ ဘလော့ ဂါသတိုးက အနီးဝန်းကျင်က ကဗျာသမား အချို့နဲ့ ကဗျာလက်ကမ်း စာအုပ်ကလေးတွေ စုထုတ်ဖူး ခဲ့ပြီး၊ “ရသကမ်းခြေ ကဗျာဆု” ဆိုပြီး မဂ္ဂဇင်း ကဗျာတွေထဲက ခံစား မိသမျှကို သုံးလတစ်ကြိမ် ဆုပေးရင်း နှစ်သက် မြတ်နိုးရာ စာပေလမ်း ကြောင်းပေါ် စီးမျောခဲ့ဖူးသူ တစ်ဦး ဖြစ်ပါတယ်။
ဒါ့အပြင် ၄င်းနေထိုင်တဲ့ မြို့က “အဖြူရောင် ဧရာဝတီ” လူငယ်အဖွဲ့ရဲ့ ပညာ ဒါန သင်တန်းမှာ ပါဝင်ပြီး စာသင် ကြားပေးနေသူ ဆရာတစ်ဦးလည်း ဖြစ်နေပြန်ပါတယ်။ ဘ၀ရဲ့ ရှင်သန် ရပ်တည်မှု အပေါ် “လူတစ်ဦးချင်းစီရဲ့ဘ၀၊ သူတို့ မှီတည်ရာ လောက ရှင်သန်မြဲမြံဖို့ အရေးအကြီးဆုံးက ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား” ပါလို့ ခံယူထားသူ ဘလော့ဂါတစ်ဦး ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ရသ ၀တ္ထုတိုများကို တစိုက်မတ်မတ် ရေးနေတဲ့ ဘလော့ဂါ သတိုးက မဂ္ဂဇင်း စာမျက်နှာများပေါ်မှာပါ ၀တ္ထုတိုများ ရေးသားလျက် ရှိပါတယ်။ သတိုးရဲ့ ကဗျာလေးကို စာဖတ်သူများ နှစ်သက်မယ်လို့ ထင်မိပါတယ်။
ဒီတစ်လအတွက် အက်ဆေးကိုတော့ “လျင်လျင်မြန်မြန် ရွေ့လျား ပြောင်းလဲနေတဲ့ ခေတ်မှာ လူမူ ကွန်ရက်တွေ အသုံး များလာတာနဲ့ အမျှ၊ လူတစ်ယောက်ခြင်းရဲ့ နေ့စဉ်ဘ၀ နေထိုင်မူ စိတ်အစဉ်တွေမှာလည်း လိုအပ်တာထက် ပိုပြီး ရှုပ်ထွေးလာတဲ့ အခြေအနေတွေကို ဆင်ခြင်မိရာက ဒီပို့စ်လေးကိုရေး ဖြစ်စေခဲ့တာပါ”လို့ ပြောပြခဲ့တဲ့ ဘလော့ဂါကေရဲ့ အက်ဆေးလေးကို ဖူးငုံချစ် သူများနဲ့ ထိတွေ့ပေးချင်ပါတယ်။
နာမည်တွေ တပ်ထားတဲ့ ဗုံး ကေ အိပ်ရာက ရုတ်တရက် နိုးသွားပုံက တစ်မျိုးကြီး။ ဘယ်အချိန် ရှိပြီမို့လဲ။ မနက်တော့ လင်းနေပြီ။ ဒါပေမဲ့ ဒီအချိန် အိပ်ရာထလေ့ ရှိတဲ့ အချိန်မှ မဟုတ်တာ။ စောင်ကို ရင်ဘတ်ပေါ် ပြန်ဆွဲတင်တော့ ရင်ဘတ်ပေါ်က တစ်ခုခု လျှောကျ သွားသလို။ လက်မှာ စေးထန်းထန်း ဖြစ်သွားတယ်။
ဘာတွေပါလိမ့်။ စောင်ပေါ်မှာ။ လက်ထဲမှာ။ ကမန်းကတမ်း ဘေးနှစ် ဖက်ကို စမ်းကြည့်တော့၊ ဘုရားရေ နာမည်တွေ နာမည်တွေ အများကြီးရယ်ပါ လား။ အိပ်ရာပေါ်မှာ ပြန့်ကျဲနေလိုက်ကြတာ။ ခေါင်းအုံးပေါ်မှာလည်း လေး ငါးဆယ်ခု၊ ခေါင်းအုံးနဲ့ ဆံပင်ကြားမှာ ညပ်နေတဲ့ နာမည်တစ်ခုကို ခပ်ကြမ်း ကြမ်း ဆွဲဖယ်လိုက်တော့ အဲဒီ နာမည်ရဲ့ နောက်ဆုံး စာလုံးပေါ်မှာ ဆံပင်နှစ်ချောင်း ကျွတ်ပါသွားတယ်။
ခါးအောက်မှာ ခိုးလိုးခုလု ဖြစ်နေတဲ့ နာမည် တစ်ခုကို ဆွဲထုတ်ကြည့် တော့ ခပ်ဆန်းဆန်း နာမည်တစ်ခု၊ တစ်ခါမှလည်း မကြားဖူးဘူး။ ကြည့်စမ်း၊ မနက်ခင်းရဲ့ အလင်းရောင်တန်းတွေ။ ခပ်ဖျော့ဖျော့ တိုးဝင်လာနေတဲ့ ပြတင်းပေါက် ယင်းလိပ်တွေ ကြားထဲမှာလည်း နာမည်တွေတိုးလိုးတွဲလောင်း ရှိ နေကြပါလား။ တချို့ နေရောင်အောက်မှာ ရောင်ပြန်ဟပ်နေပုံက အိပ်ချင်မူးတူး မျက်စိထဲမှာ စူးစူးရှရှ။ အဲဒီအလင်း ရောင်တွေကြောင့်များ နိုးသွားတာလား။
တရွှပ်ရွှပ်နဲ့ မြည်နေတာတွေကရော၊ သြော်-ပြတင်းယင်းလိပ်တွေ ကြားမှာ လေတိုးတော့ နာမည်တွေ အချင်းချင်း ခပ်တိုးတိုး ပွတ်တိုက်နေတဲ့ အသံ။ ဟိုး မျက်နှာကြက်မှာ ကပ်နေတဲ့ နာမည်ကြီးကတော့ ကြောက်စရာ၊ အသည်းယားစရာကြီး။ ပြုတ်ကျတော့မယ့် အတိုင်း။ တစ်ခြမ်းက အောက်ကို တွဲလောင်းကြီး ကျလို့။
ဒီလောက်များတဲ့ နာမည်တွေ ဘယ်ကရောက်လာကြတာပါလိမ့်။ ရင်ဘတ်ပေါ်မှာတင်နေတဲ့ နာမည် သုံးလေးခုကို ကိုင်ကြည့်တော့ ခုန လေးတင် မက်လိုက်တဲ့ အိပ်မက်ထဲက သူငယ်ချင်းတွေ ဖြစ်နေပေါ့။ တကယ်တော့ အဲဒီ အိပ်မက်ကြောင့် နိုးသွားတာပဲ ဖြစ်မှာ။ ထူးထူးဆန်းဆန်း အိပ်မက်ကလည်း မက်နေကျဟာမျိုးပါပဲ။ တကယ် ဆို အိပ်မက်တစ်မျိုးမျိုးက လူတစ်ယောက်ယောက်ဆီမှာ ခဏခဏ လာစွဲကပ် တတ်တာ ထူးဆန်းတာပဲ မဟုတ်လား။ အဲဒီနေရာပဲ။ အဲဒီ အချိန်ကာလပဲ။ ပြီးတော့ အဲဒီလိုခံစားချက်မျိုးပဲ။ တစ်ခါတလေ လူတွေအများကြီး။ တစ်ခါ တစ်လေ တစ်ယောက်စ နှစ်ယောက်စ။
ညက အိပ်မက်ထဲမှာတော့ တစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက်ပါ လာတယ်။ စာတွေတစ်လုံးမှ မကျက်ရသေးဘဲ စာမေးပွဲခန်းထဲ ရောက်သွား တာတဲ့။ စိတ်ညစ်ညစ်နဲ့ တောင်ငူကင်တင်းန်ကိုဖြတ်၊ ရာမည တံခါးပေါက် ဘက်ကနေ ပြည်လမ်းကို ကျော်ပြီးအနော်ရထာ အိမ်ရာဝင်းထဲကနေ အထွက်မှာ အင်းစိန်လမ်းမဘက်ဆီ မောင်းလာတဲ့ ဘတ်စ်ကားကြီးတစ်စီးက ရပ်မပေးတဲ့ အပြင်ကားပေါ်က လူတစ်ယောက်က သူ့ကိုလက်ညှိုးထိုးပြီး ခွက်ထိုးခွက် လန် ရယ်သွားလိုက်တာ။
အဲဒါ ဘယ်သူပါလိမ့်ရ။ ပြန်ပုံဖော်ကြည့်တယ်။ မပေါ်ဘူး။ ၀ါးတား တားနဲ့။ နေဦး အိပ်မက်က အရောင်နဲ့လား အဖြူအမည်းလား၊ အဲဒါလည်းပြန် တွေးလို့ မရပြန်ဘူး။ အိပ်မက်ထဲမှာ စကားပြောခန်းတွေရောပါသလား။ ဟင့်အင်း မသိတော့ဘူး။
သူငယ်ချင်းတွေရဲ့ နာမည်တွေထဲမှာ ရောနေတဲ့ အဲဒီလူရဲ့နာမည်ကို ကောက်ကိုင်ပြီး အသံထွက် ဖတ်ကြည့်တယ်။ ဘာမဆိုင် ညာမဆိုင်နော်။ နာမည်တွေကို ကိုင်ထားတဲ့ လက်ချောင်းတွေက ခုနစာမေးပွဲခန်းထဲက လက်ချောင်းတွေမျိုးလည်း မဟုတ်ဘူး။ ရင်ခေါင်းထဲမှာကျတော့ ခုနစာမေး ပွဲ ခန်းထဲက ခံစားချက်အတိုင်းပဲ။ အောင့်တောင့် တောင့် မောတောတောကြီး။ စာမေးပွဲခန်းထဲမှာ ရနေတဲ့နောင်တတွေနဲ့ ဇောချွေးတွေက ခုထိစောင် ရဲ့အောက်မှာ နွေးနေတုန်းပဲ ။
နောင်တဆိုတာ နောက်ကျမှရတတ်သတဲ့။ ခိုင်ထူးသီချင်းက အတွေးထဲ အလိုလို ရောက်လာ တယ်။ နောက်ကျနဲ့နောင်တက ဘာလို့အသံထွက် ခြင်း သိပ်နီးစပ်နေတာလဲလို့ တွေးရင်းလေးလံ လွန်းနေတဲ့စောင်ကြီးကို တွန်းလှန်ပစ်လိုက်တယ်။ တော်လှန်တယ် ဆိုတာက။
စောင်ပေါ်က နာမည်တချို့ ကုတင်အောက်ကို ဒလိမ့်ခေါက်ကွေး ကျကုန်တယ်။ ဒုတ်... ဒုတ်...ဒုတ် ဆိုတဲ့ အသံက တစ်ချက်နှစ်ချက် ရယ်။ တဖုတ်ဖုတ်နဲ့ ပြုတ်ကျတဲ့အသံကများ တယ်။ ငုံ့ကြည့်တော့ ဆယ့်လေးငါးခုလောက်ရှိ မလားပဲ။ ခုတင်အောက်ကို ခြေထောက်ချလိုက် တော့မှ ပိုဆိုးပါလေရော။ ဇွိခနဲပဲ။ ပျော့စိစိနာမည် တစ်ခုကို တက်နင်းလိုက်မိပြီ။ ခြေထောက်မှာ ပေကျံသွားတဲ့ အမျိုးအမည်မသိတဲ့အရည်တွေ ကြောင့် ရေချိုးခန်းထဲကို မြန်မြန်ပြေးဝင်လိုက် ရတယ်။
ရေပန်းကနေ ဒလဟောကျလာတဲ့ရေပူတွေ အောက်မှာ၊ ဟိုနားဒီနားကပ်နေတဲ့ နာမည်တစ် ၀က်တစ်ပျက်တွေ။ အရည်ပျော်ပြီး ညစ်တစ်တစ် ရေ တွေအဖြစ်နဲ့ ရေဆိုးပေါက်ထဲ မျောသွားတာ လိုက်ကြည့်နေမိတယ်။ ဘာမှလည်း မဟုတ်ဘူး၊ ပြီးတော့လည်း ပျောက်သွားတာပါပဲနော်။ ဟင့် အင်း တရားရတာ မဟုတ်ပါဘူး။ လျှောက်တွေး ကြည့်ရတာကို ကြိုက်တာ။ ကြိုက်တယ်ရယ်တောင် မဟုတ်ဘူး ထင်တယ်။ တွေးကို တွေးမိ သွားတတ်တာ။ တစ်ခါတလေ ဘာလို့များ သိပ် တွေးလွန်း နေမိလဲလို့ ကိုယ့်ဘာသာ ကိုယ်ပြန်တွေး မိရင်း၊ သိပ်မတွေးနဲ့လို့ ခဏခဏ အတွေးထဲမှာ သတိ ပေးနေရတယ်။
တကယ်ဆို တွေးတယ် ဆိုတာ၊ နားထဲမှာ ရေ၀င်နေသလိုပဲ။ နာမည် တစ်ခုခုများ ၀င်သွားသလား။ နားထဲ နာမည် ၀င်သွားရင်တော့ ချက်ချင်း ပြန်ထုတ်ဖို့ မလွယ်ဘူး။ ထားလိုက်ရုံပေါ့။ အချိန်တန် အတွေးတွေနဲ့ ပြန်ထွက်သွားလိမ့်မယ်။
ရေစိုနေတဲ့ ဆံပင်တွေကို တဘက်နဲ့ ခပ် ကြမ်းကြမ်းသုတ်ပြီး ခါပစ်လိုက်တော့၊ ဆံပင် တွေကြားမှာ ညပ်ကျန်နေတဲ့ နာမည်တချို့ မှန် ပေါ်မှာ ကပ်သွားတယ်။ ကြည့်ပါဦး၊ မှန်ပေါ်မှာ တင်နေတဲ့ နာမည်တွေက ပြောင်းပြန်ကြီးတွေ။ ဖတ်လို့လည်းမရ၊ ရယ်ချင်စရာ။ မှန်ထဲမှာ ခန့်မှန်းရခက်တဲ့ မျက်နှာနဲ့ အမျိုး သမီးတစ်ယောက်ကို ခပ်ဝါးဝါး မြင်ရတယ်။သူ့လည်တိုင်နားမှာ နာမည်တစ်ခု။ အဲ့ဒီနာမည် ကိုတော့ ပြောင်းပြန်ဖြစ်နေပေမဲ့ ဖတ်လို့ရနေ တယ်။
“တွေး”တဲ့။ “တွေး”ဆိုတာ နာမည်မှ မဟုတ်တာ။ “ထွေး”လား မသိ။ ဘာလို့“တွေး” မဖြစ်နိုင်ရမှာလဲ။ မှန်ထဲက အမျိုးသမီးက ဇဝေဇ၀ါ ဖြစ်နေတဲ့ အထင်ကို စိတ်မရှည်ဟန်။ ပြီးတော့ ဒီနေ့ ဖေဖော်ဝါရီ ၂၉ ရက် နော်တဲ့။ သတိပေးသလိုလိုနဲ့။ ရက်ထပ်နှစ် မှာ တစ်ရက်တိုး ဖေဖော်ဝါရီ နှစ်ဆယ့်ကိုးလို့ သံယောင်လိုက်ကြည့်တယ်။ အဲဒီတော့ ဘာလုပ် ရမှာမို့လဲ။ လေးနှစ်မှာ တစ်ခါကြုံတော့ ရှစ်နှစ်မှာ နှစ်ခါကြုံမှာပေါ့။ အချိန်ကို မနာခံချင်တဲ့ သူတစ်ယောက်ဟာ ပြက်္ခဒိန်တွေကိုပါ ကြည့်မရတာ ဘာများဆန်းလို့လဲ။ အဲဒီလို တစ်စုံတစ်ယောက်က သတိပေးသလို လိုက်ပြောနေတာမျိုး တော်တော် ပဲ မနှစ်မြို့ချင်ဘူး။
ဆယ်နာရီ ထိုးတော့မယ်။ ရထားဆိုက်ခါနီးပြီ။ ဒင်နာ နောက်ကျတော့မယ်။ အဲ့ဒီလို အသံတွေကို တော်တော်မုန်းတယ်။ နာမည်တွေလိုပဲ ပြူးပြူး ပြဲပြဲနဲ့။ အမုန်းဆုံး နောက်တစ်ခုရှိသေးတယ်။ အသက်တွေကြီးလာ ပြီနော် ဆိုတဲ့အရာ။ ဒါဆိုလည်း နေချင်သလိုသာ နေပေါ့။ မှန်ထဲက အမျိုးသမီးက ရွဲ့တယ်။ ပြီးရင် တော့ ထိုက်တန်တဲ့အတိုင်း ဖြစ်လာမှာပေါ့တဲ့။
ဒါကရော သတိပေးတာပဲလား။ နေပါဦး၊ ဘယ်သူတစ်ယောက်က သူ ဘာနဲ့ထိုက်တန် တယ်လို့ ဘယ်လို ပြောနိုင်မှာလဲ။ လူတွေဆိုတာ ကိုယ်နဲ့ ထိုက်တန်တယ်လို့ ထင်တဲ့ဟာ တစ်ခုခု ကို စောင့်ရင်း စောင့်ရင်းနဲ့ နောက်ဆုံးမစောင့်နိုင် တော့တဲ့ အချိန်အထိတောင် သူတို့ဘာနဲ့ ထိုက် တန်တယ်ဆိုတာ သိသွားမှာမှ မဟုတ်တာ။
စိတ်ပေါက်ပေါက်နဲ့ မှန်ထဲကို စိုက်ကြည့် တော့ ထူးထူးဆန်းဆန်း အမျိုးသမီးက တဖြည်း ဖြည်းပြုံးလာတယ်။ ဒါပေမဲ့ ပြုံးတဲ့ပုံက လှောင် သလိုလို။
ဒါဆို နင်က ကိုယ်ဘာနဲ့ ထိုက်တန်မှန်း မသိတဲ့အဖြစ်နဲ့ ထိုက်တန်တာပေါ့။ တော်စမ်းပါ။ အမျိုးသမီးကို မျက်နှာလွှဲပြီး မှန်ရှေ့ကနေ လှည့်ထွက်ခဲ့တယ်။ အခန်းထဲက နာမည်တွေကို ပုံးထဲပြန်ထည့် လိုက်ဦးနော်လို့ အမျိုးသမီးက ပြောဖြစ်အောင် လှမ်းပြောလိုက်သေးတယ်။
သူပြောသလိုဆို ခုနအခန်းထဲမှာ ပြန့်ကျဲနေတဲ့နာမည်တွေက ပုံးတစ်လုံး ထဲက ထွက်လာတာတွေပေါ့။ အခန်းထောင့်က ပုံးတစ်လုံးကို အိပ်ရာမ၀င်ခင် ကတော့ ဖွင့်ကြည့်လိုက်မိသေးတယ်။ သေချာပြန်ပိတ်ဖို့ မေ့ခဲ့တာဖြစ်မည်။ ကြည့်လိုက်တုန်းကတော့ သာမန် ကာလျှံကာပဲ။ တစ်ယောက်ယောက် အခန်း ရှင်းရင်း လွှင့်ပစ်ရမှာ နှမြောလို့ ခဏ သိမ်းထားတဲ့ ရောင်စုံ မဂ္ဂဇင်းအဟောင်း တွေ စုပြုံ ထိုးထည့်ထားသလိုလို။
အခုတောင် အခန်းထဲမှာ ပြန့်ကျဲရှုပ်ပွနေတဲ့ နာမည်တွေကို တစ်ခုချင်း လိုက်ကောက်နေရင်း ကိုယ့်နာမည် ကိုယ်မနည်း ပြန်တွေးယူနေရတယ်။ ကိုယ့်ဘာသာ သိပ်သဘော မကျလှတဲ့ နာမည်တစ်ခု။ ဘယ်တတ်နိုင်မှာ လဲ။ ကိုယ်ကြိုက်တဲ့ နာမည်တစ်ခု။ ကိုယ့်ဖာသာ ပြောင်းပြီး တပ်ထားတဲ့ နာမည်တွေကို စိတ်ဝင်စားမိသည်။
ဟောဒီမှာ တစ်ခု၊ ပန်းရောင်ကလေး။ တချို့နာမည်ကြီးတွေကတော့ အရောင်အသွေးမပါ၊ ညည်းငွေ့စရာ။ သံချေးရောင်လို ညိုညစ်ညစ် နာမည် တစ်ထပ်။ မနည်းကို မယူရတယ်။ ထိုက်ထိုက်တန်တန် နာမည်တွေပဲလို့ ခပ်ငေါ့ငေါ့ တွေးရင်း ပုံးထဲပစ်ထည့်လိုက်တယ်။
စိတ်ဝင်စားဖို့ ကောင်းတာက တစ်ခုနဲ့တစ်ခု အတော်နီးစပ်တဲ့ နာမည်မျိုး တွေ။ ဥပမာ-ရှေ့နာမည်တစ်လုံးက ဟိုဘက်က နောက်နာမည် တစ်လုံးနဲ့ သွားတူနေတာမျိုး။ ကြည့်စမ်း၊ ဒီနာမည်နှစ်ခုဆို တစ်ထပ်တည်း တစ်သံ တည်း။ နာမည်တွေ တူနေရင်ကျတော့ရော ဘာလို့များ တရားမစွဲကြတာပါ လိမ့်။ သတိ ထားမိနေတာ တစ်ခုက နာမည်တွေ အားလုံး တစ်ခုမှ အနံ့မရှိကြ။
ငယ်နာမည်၊ မိသားစု နာမည်၊ ကလောင် နာမည်၊ မူရင်းနာမည်၊ အနုပညာ နာမည်၊ လူဆိုး နာမည်၊ ပြောင်းထားတဲ့ နာမည်၊ ပြောင်ထားတဲ့ နာမည်၊ မြန်မာဆန်ဆန်နာမည်၊ ဘိုလို ဖက်စပ် ထားတဲ့နာမည်၊ နာမည်ကြီး၊ နာမည်ကျော်၊ နာမည်ပျက်၊ နာမည်ဆိုး၊ ပုံးထဲမှာ နာမည်တွေနဲ့ ပြည့်နေပြီ။ ဖြစ်သလို ပြန်ထိုးသိပ်ထည့်ထားတဲ့ ပုံးကို တိပ်နဲ့ ခပ်မြန်မြန် ပိတ်လိုက်တယ်။ တချို့ ကော်ဇောပေါ်ကပ်နေတဲ့ ကတ်သီးကတ်သတ်နာမည်တွေ၊ ပျော့တိပျော့ ဖတ် နာမည်တွေကိုတော့ လေမှုတ်စက်နဲ့ ထိုးပစ်လိုက်တယ်။ အခု အခန်း ထဲမှာ ဘာနာမည်မှမရှိတော့။ နာမည်တွေအပြည့် အသိပ်နဲ့ ပုံမကျ၊ ပန်းမကျ ပုံးတစ်လုံးသာ အချိန်မရွေး ထပေါက်ကွဲစေနိုင်တဲ့ ဗုံးတစ်လုံးလို အခန်း ထောင့်မှာ။
ခဏနေရင် ဘာနာမည်မှ မပါတဲ့ အဖြူ အမည်း အသံတိတ် ရုပ်ရှင်ကား တစ်ကား ကြည့် မယ်။ အဲ့ဒီကားတော်တော် နာမည်ကြီးနေတယ်။ ကေ http://www.kthwe.blogsport.com
ဘလော့ဂါကေရဲ့ စာပေလမ်းကြောင်းကို တီးခေါက်ကြည့်မိတော့ “ပထမဆုံး ၀တ္ထုတိုကတော့ အင်းလျားဆောင် နှစ်ပတ်လည် စာပေပြိုင်ပွဲမှာ ပထမ ရခဲ့တယ်၊ ကြားထဲမှာ မရေးဖြစ်တော့ဘဲ ၂၀၀၆ ခုနှစ်လောက်မှာ Weekly Eleven ဂျာနယ်မှာ ဆောင်းပါးတချို့ ရေးသားဖြစ်ခဲ့သေးတယ်။ နောက်ပိုင်းတော့ ကိုယ်ပိုင်ဘလော့ဂ် စာမျက်နှာပေါ်မှာပဲ စိတ်ထဲ ရှိသလို ရေးနေမိခဲ့တယ်” လို့ သိရပါတယ်။ “စိတ်ဆန္ဒထဲက ရေးချင်နေသေး သရွေ့ တော့ အဆင်ပြေသလို ဆက်ရေးဖြစ်နေဦးမှာပါ”လို့ ပြောပြခဲ့တဲ့ ဘလော့ဂါကေက “အရေးကြီးတဲ့အရာ တော်တော်များများထဲမှာ အလျဉ်း သင့်တာတစ်ခုကို ပြောရရင်တော့ ပတ်ဝန်းကျင် မှာရှိနေတဲ့ လူတွေဆီကနေ သင်ခန်းစာ ထုတ်နုတ် ယူတတ်ဖို့ပါပဲ” လို့ ဘ၀မှာ ရှင်သန်ရပ်တည်ဖို့ လိုအပ်တဲ့ အရေးကြီးဆုံး အရာကို အဓိပ္ပာယ် ဖွင့်ပြခဲ့ပါတယ်။ ဘလော့ဂါကေက ပြည်ပ အခြေစိုက် မိုးမခ မီဒီယာမှာ ပါဝင် ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီလအတွက် ဖူးငုံဆယ်ကျော်သက်များ အတွက် ဘလော့ဂါ နေ၀သန်ရဲ့ ၀တ္ထုလေးတစ်ပုဒ် ကို ရွေးချယ် ထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ဘလော့ဂ်သက်တမ်း ၃ နှစ် ရှိခဲ့ပြီဖြစ် တဲ့ နေ၀သန်က “စာရေးခွင့် ရတာဟာ တန်ဖိုး မဖြတ်နိုင်တဲ့အရာပါ၊ စာရေးခြင်းအားဖြင့် ပထမဆုံး စာဖတ်ဖြစ် တယ်။ ပြီးတော့ တွေးခေါ်ဖြစ်တယ်။ နောက် စိတ်ကို အနားပေးရာလည်း ရောက်တယ်။ ဒါကြောင့်မို့ ဘ၀တစ်လျှောက် စာတွေဆက်ရေးဖြစ်မှာပါ” လို့ ပြောပြခဲ့တဲ့ နေ၀သန်ရဲ့လက်ရာဝတ္ထုလေးက ဖူးငုံအချို့ရဲ့ ခံစားချက်များနဲ့ သွားတူညီနေလေမလားဆိုတာကို ဖတ်ကြည့်ကြရအောင်နော်။
ရွှံရုပ်ကလေးများ နေ၀သန် ဆရာမ အတန်းထဲ ၀င်လာလျှင် အားလုံးက လက်အုပ်လေးတွေ ချီလို့ နှုတ်ဆက်ကြသည်။ အတန်းသား အားလုံးက ဆရာမလက်ထဲက စာရွက်ထုတ် ဆီကို မျက်လုံး ရောက်နေကြသော်လည်း ၀ိုင်ကတော့ ဆရာမခေါင်းမှ ပန်းကိုပဲ ငေးစိုက် ကြည့်နေမိသည်။ ဘာလို့လဲတော့ မသိ ပင်ထက်မှာသာ ၀င့်ဝင့်ကြွားကြွား ပေါက်ဖွား ဖူးပွင့်တတ်သည့် ပင်မြင့်သဇင်၏ အလှနှင့် ဆရာမ မျက်နှာကို ထပ်ခါတလဲလဲ ယှဉ်ကြည့် နေမိသည်။
“ဒီနေ့ ငါတို့ သင်္ချာအမှတ် သိရတော့မယ် ထင်တယ် ၀ိုင်”
ဘေးမှ လေသံတိုးတိုးဖြင့် တံတောင်တွတ် ရင်းပြောနေသည့် “လရောင်” ကိုကြည့်ရင်း ၀ိုင် စိတ်ပျက်သွားမိသည်။ အင်းလေ လရောင်တစ် ယောက်တည်းမှ မဟုတ်။ အားလုံးကလည်း ဒီ နေ့ ကြေညာမည့် သင်္ချာအမှတ်ကိုပဲ စိတ်ဝင်စား နေကြသည်ပဲ။ ၀ိုင်ကတော့ စိတ်မ၀င်စား။ အထူး သဖြင့် သင်္ချာဖြစ်နေသော ကြောင့် ပိုပြီးတော့စိတ်မ ၀င်စား။ ကျောင်းသားတစ်ယောက် သင်္ချာ အရည် အသွေးကို အဲဒီ့အဖြေလွှာ အမှတ်တွေက ဆုံးဖြတ် ပေးနိုင်လိမ့်မည်ဟုလည်း ၀ိုင် မယုံကြည်။
ဝိုင်နဲ့ လရောင်ဆိုတာ ဟိုးငယ်ငယ်ကတည်း က အိမ်ချင်းကပ်ရပ်နေ၊ စားအတူ၊ သွားအတူပေ ဖြစ်သော်လည်းအကျင့်ချင်းကတော့ လားလားမျှ မတူ။ လရောင်က စာသိပ်ကြိုးစားသည်။ ကျက် စာဆိုလည်း ကျက်စာ၊ တွက်စာဆိုလည်း တွက် စာအမြဲတမ်း အမှတ်အပြည့်အဆင့်က ထိပ်တန်း က။ ဒီတော့ လရောင်နဲ့ ယှဉ်တိုင်း ၀ိုင်ဟာ လူဆိုး တစ်ယောက် အမြဲဖြစ်နေခဲ့ရသည်။ လရောင်နဲ့ ယှဉ်ပြီး ဆဲဆိုရိုက်နှက်ခံခဲ့ရသည့် ရက်ပေါင်း တွေလည်း မနည်းတော့။ အခုဆို ကိုးတန်းကျောင်း သားတွေ ဖြစ်လာခဲ့ပြီ။ လရောင်က စာကြိုးစား တုန်း။ ၀ိုင်ကလည်း ဂျစ်ကန်ကန် နေတုန်း။ သည်လို ဆန့်ကျင်ဘက် နှစ်ယောက်ဟာ တပူးတွဲတွဲနေ လေ့ ရှိတဲ့သူငယ်ချင်းတွေ ဖြစ်နေသည်က အံ့သြ စရာလည်း ကောင်းသည်။
လက်ထဲ ရောက်လာသည့် အဖြေစာရွက်ကို ကြည့်ရင်း ပြုံးရွှင်နေသည့် လရောင်ကိုကြည့်ပြီး ၀ိုင်တစ်ချက် ပြုံးလိုက်မိသည်။ သေချာတာပေါ့။ ဒီကောင် အမှတ်အပြည့်ရနေမှာ။ ကိုယ့်လက်ထဲက စာရွက်ကို ကြည့်လိုက်တော့ ပေးမှတ်ထက် များစွာ လျော့နေသော အမှတ်။ စာမေးပွဲဖြေကတည်းက ၀ိုင်တစ်ပုဒ်မှ မမှားခဲ့။ မှားသည်ဟုလည်း စိတ်ထဲ လုံးဝမခံယူ။ ဒီတော့ လျော့နေသည့် အမှတ် တွေဟာဘာလို့လဲဆိုသည်ကို ချက်ချင်းသိလိုက်သည်။ သို့သော် ၀ိုင့်အတွက်တော့ ဒါသည် ထူးဆန်းသည့် ကိစ်္စမှ မဟုတ်တော့တာ။ ဟိုးငယ်ငယ်ကတည်း က ခေါက်ရိုးကျိုးနေသည့် လောကထဲမှာ ကိုယ်ကို တိုင်က ပြန့်ဖြူးနေတဲ့ စာရွက်တစ်ရွက် ဖြစ်ချင်ခဲ့ သည်မှာ ကိုယ့်အမှားပဲ ပြောရတော့မည်လား။
ဝိုင် မှတ်မိပါသေးသည်။ ခြောက်တန်းတုန်းက။ သင်္ချာသင်သည့် အချိန်မှာ ဆရာမက ရှေ့ကပုစ္ဆာ တွက်ပြသည်။ ပါးစပ်ကလည်း ရှင်းပြ၊ ရွတ်ပြ ရင်း ကျောင်းသားတွေကပါ လိုက်ရွတ်လိုက် တွက်ရသည်။ တွက်ရင်း နောက်ဆုံး အဖြေထုတ် သည့်အခါမှာ “ဿီးယားဖော် အန်းစား”ဆိုပြီး “ထို့ကြောင့်”အဓိပ္ပာယ်ရသည့် အစက်လေးသုံးစက် ရေးပြီး အဖြေကိုရေးပါသည်။ ဆရာမက အဲလို ရွတ်တော့ ကျောင်းသားများကလည်း ဆရာမ အသံထွက်အတိုင်း လိုက်ရွတ်သည်။ သို့ပေမဲ့ ၀ိုင် က မှားနေသည်ကို လိုက်မရွတ်နိုင်သောကြောင့် “ဆရာမ..ဿဲဖော်ဖြစ်ရမှာ”ဟု လှမ်းပြော လိုက်မိသည်။ ဒီတော့ “ဂွပ်”ခနဲ ခေါင်းကို ပူထူ အောင်ခေါက်ခံလိုက်ရသည်။ ၀ိုင့်စိတ်ထဲမှာ ဆရာမတွေရဲ့အမှားကို ကျောင်းသားတွေ လိုက်မ မှားစေချင်တာပဲ သိသည်။ ဘယ်သူ့ကိုမှ အရှက် မခွဲချင်သလို တတ်သိသည့် ပုံစံမျိုးဖြင့်လည်း မနေလို။ အဲဒီနေ့က စလို့ ၀ိုင်ဆိုတာ ဆရာမတွေ၏ အမြင်မှာ သတိထားစရာ ကောင်လေး တစ် ယောက်ဖြစ်လာခဲ့သည်။ The essence of Mathematics is its Freedom သင်္ချာပညာမှာ လွတ်လပ်မှု ဆိုတာ ရှိရမည်။ သင်္ချာဆိုသည် ပြဿနာကို ဖြေရှင်းတတ်အောင် လေ့ကျင့်ပေးသည်။ အဖြေတစ်ခုကို ရောက် အောင် နည်းလမ်းအမျိုးမျိုးဖြင့် သွားနိုင်အောင် လွတ်လပ်ခွင့်ပေးသည်။ သို့ပေမဲ့ သူ့ရဲ့စည်းမျဉ်း တွေကိုတော့ လိုက်နာရမည်ပေါ့။
ဝိုင်တို့ ငယ်ငယ်ကတည်းက ဆရာမသင် ပေးသည့် ပုံစံအတိုင်း ပုစ္ဆာတွေ တွက်ရသည်။ ပြီးတော့ အဲ့သည်လို ပုံစံတွေကို ဆင်တူကူးလို့ အိမ်စာတွေ လုပ်ခဲ့ရသည်။ အဲ့သည်နည်းအတိုင်း တစ်သဝေမတိမ်း စာမေးပွဲမှာ ဖြေရသည်။ အမှား မပါအောင်ဖြေနိုင်လျှင် အမှတ်အပြည့်ရသည်။ အမှတ်အပြည့် ရလျှင် အဆင့်တက်သည်။ အဆင့်တက် လျှင်ဆရာမတွေ ချစ်တာခံရသည်။ ဆရာမတွေက ချစ်လျှင်ကိုယ့်သတင်းက မွှေးနေ တတ်သည်။ ကိုယ့်သတင်းက မွှေးနေလျှင် မိဘ တွေက ဂုဏ်ယူကြသည်။ မိဘတွေက ကိုယ့် အတွက် ဂုဏ်ယူလျှင် ကိုယ်လိုချင်တာ မှန်သမျှ မငြီးမငြူဝယ်ပေးလာတတ်သည်။ ဒီလိုနှင့် ကျောင်းသားတွေဟာဆရာမစကားကို တစ်တဝေ မတိမ်း နားထောင်ပြီး ချမှတ်ထားသည့်ဘောင် ထဲကို မ၀င်ဝင်အောင် ကြိုးစားလာကြတော့သည်။
ဝိုင် နားလည်ထားသည်က အခြေခံပညာရေးဟူသည် ဘ၀မှာ ရုန်း ကန်လှုပ်ရှားတတ်ရန် သိသင့်သိထိုက်သည်များကို သင်ပေးလိုက်ခြင်းဟုပါ။ မည်သည့်ဘာသာရပ်ကိုမဆို နားလည်ဖို့သာ အဓိကဟု ထင်သည်။ ငယ် ငယ်ကတည်းက စာဆိုလျှင် အသံထွက်ကျက်မှ ကြိုက်သည့် မိဘနှစ်ပါးနှင့် စာကို အသံတိတ်ဖတ်ပြီး နားလည်အောင်လုပ်ကာ မှတ်သားတတ်သည့် ၀ိုင်တို့ကြားမှာ ပဋိပက္ခအမြဲ ဖြစ်ခဲ့ကြသည်။ ဒီကြားထဲမှာ ဘယ်ပညာရှိက ထွင်ခဲ့သည်မသိသည့် “အသံထွက်ကျက်ရင် နားကယဉ်၊ ရေးကျက်ရင် လက်က ယဉ်” ဆိုတဲ့ စကားလုံးတွေအလယ်မှာ ၀ိုင် အလူးလူး အလဲလဲခံခဲ့ ရသည်။
ထို့ကြောင့် ငယ်ငယ်ကတည်းက ၀ိုင်အရမ်းပျော်သော စာသင်ချိန်က မြန်မာစာပဲ ဖြစ်ခဲ့သည်။ ၀ိုင် သင်ခဲ့ဖူးတဲ့ မြန်မာဆရာတွေက တစ်ယူမသန်ကြ။ ကဗျာတစ်ပုဒ်ကို ရှင်းပြသည်။ စကားပြေပြန်နိုင်ဖို့ လမ်းဖွင့်ပေးသည်။ ကိုယ် ပိုင်အတွေးအခေါ်နှင့် ရေးတတ်သည့် စကားပြေတွေကို ပိုမိုလေးစားသည်။ စာစီစာကုံး အတွက် စာများများ ဖတ်ခိုင်းသည်။ စာဖတ်များပါက အတွေး အခေါ် မြင့်လာသည်မို့ ဦးနှောက် ဖွံ့ဖြိုးလာသည်။ ဒါကြောင့် မြန်မာစာ ဆရာတွေကို ၀ိုင် အရမ်းလေးစားသလို ကျောင်းတွင်း နံရံကပ် စာစောင်၊ စာစီ စာကုံးပြိုင်ပွဲတွေမှာ ၀ိုင်သည် မရှိမဖြစ် ဖြစ်နေခဲ့သည်။ နှစ်စဉ်အတန်း တိုင်းမှာ ၀ိုင့်၏ ရမှတ်တွေက မြန်မာစာမှာ ဂုဏ်ထူးအမြဲ ထွက်သလောက် တခြားသော သိပ်္ပံဘာသာရပ်တွေမှာ အောင်မှတ်သာသာပဲ ဖြစ်နေခဲ့သည်။
“ဟေ့ကောင် ၀ိုင် လူဆိုတာ တသမတ်တည်း သွားလို့မရဘူး။ ရောမ ရောက်ရင် ရောမလို ကျင့်ရမယ်”
လရောင် ပြောနေကျ စကားလုံးတွေ။ လရောင်၏ အကျင့်ကတော့ ရှင်းသည်။ မိဘတွေကိုလည်း အငြိုငြင်မခံ၊ ဆရာမတွေကိုလည်း အငြိုငြင် မခံ။ သည်ဆရာက ဒါကြိုက်သည်ဆိုလျှင် ဒါလေး လိုက်လုပ်လိုက်သည်။ သူ့စိတ်ထဲမှာ လက်ခံသည်လက်မခံသည် မှန်သည်မှားသည် အဓိကမဟုတ်။ သည် ဆရာမက ဒါကိုသည်လိုရေးဆိုလျှင် ရေးလိုက်သည်။ ပြီးတော့မှ“၀ိုင် ဒါကြီးက တစ်မျိုးကြီး။ ငါတော့ သဘောမကျဘူး”ဟု ၀ိုင့်ကို လာလာ ပြောတတ်သည်။ အဲဒီအခါ “သဘောမကျရင် မလုပ်နဲ့ပေါ့ကွာ မင်းဆိုတဲ့ ကောင်က သူများ အီးရှူမယ့်ကောင်”ဟု ပြန်ပက်လေ့ရှိသည်။
ဝိုင်တို့ ကိုးတန်းရောက်တော့ တန်းခွဲတွေက အလွန်များသည်။ ကျောင်း ပေါင်းစုံက စုလာသည့်အတွက် သိပ္ပံ၊ ၀ိဇ္ဇာအတန်းတွေ မနည်းမနောရှိတာမို့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတွေကဆရာတွေခွဲပြီး တာဝန်ယူရသည်။ တခြား ဘာသာရပ်တွေမှာ ဆိုးဆိုးရွားရွား မဟုတ်သော်လည်း သင်္ချာမှာတော့ အတော် ပင် စိတ်ညစ်စရာကောင်းသည်။ ၀ိုင်တို့ကိုးတန်းမှာ သင်္ချာဆရာမ လေး ယောက်ရှိသည်။ တစ်ယောက်နှင့် တစ်ယောက်က မတည့်အတူ နေဆိုသလို အသင်အပြပြိုင်ကြ၊ ကျူရှင်ပြိုင်ကြနှင့် ရှုပ်ယှက် ခတ်နေသည်။ ဒီတော့ကိုယ့် အတန်းမှာသင်သည့် ဆရာမ၏ တွက်နည်းကိုပဲ မှတ်သား ဖြေဆိုကြရသည်။ ကျူရှင်နှင့် ကျောင်းဆရာမတူသည့် ကျောင်းသားများမှာ ပို၍သနားစရာကောင်း နေတော့သည်။ ကျူရှင်မှာက ပုံစံတစ်ခု၊ ကျောင်းမှာက ပုံစံတစ်ခု။ ပုံစံတွေ ကြားမှာ ကျပ်ညှပ်နေကြသည်။ ကျူရှင် ယူတာက ဆယ်တန်းအတွက် အခြေခံ ကောင်းအောင်၊ ကျောင်းပုံစံလိုက်နာရတာက အမှတ် မနည်းအောင်။ သည်လို နှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ ကိုယ်ပိုင် အတွေးအခေါ်တွေသည် ပြာတွေဖုံးလို့ ပျောက်ကွယ် သွားကြတော့သည်။
အခုလည်း သင်္ချာအမှတ် ပြည့်ရသူတွေက ပြုံးလို့ပျော်လို့။ ၀ိုင်ကတော့ ဘာတွေကြောင့် အမှတ် လျော့သွားသလဲ ဆိုသည်ကို လိုက်ကြည့်မိသည်။ တစ်ပုဒ် က အဖြေမထိုးလို့။ အဖြေမထိုးသဖြင့် တစ်မှတ် လျော့နေသည့်ကိစ္စကို ၀ိုင်ငယ် ငယ်ကတည်းက နားမလည်။ သင်္ချာ တစ်ပုဒ်၏ ရည်ရွယ်ချက်က ပြဿနာကို ဖြေရှင်းဖို့ ဖြစ်သည်။ အဖြေ ဆိုသည်ကို ထုတ်နိုင်ပြီ ဆိုလျှင် ပြီးပြီဟု ၀ိုင်ထင်သည်။ အခုတော့ အဖြေဆိုတာ သတ်သတ်တစ်ကြောင်း ရေးပေးရပြန် သည်။ အခုတော့ ၀ိုင်အဖြေမရေးထားလို့ တစ်မှတ်လျှော့ခံရသည်။ ထားပါ တော့ ဒါက တစ်မှတ်မို့လို့။ နောက်တစ်ပုဒ်ကတော့ တစ်ပုဒ်လုံး အမှတ်မရ။ ၀ိုင် မျက်လုံးပြူးသွားသည်။ ဂျီသြမေတြီဆိုတာ ၀ိုင် သိပ်နှစ်ခြိုက်တဲ့ ဘာသာရပ်ပါ။ စက်ဝိုင်းတွေ၊ မျဉ်းတွေတည်ဆောက်ပြီး အဖြေကို စဉ်းစား တွက် ယူရတာ ၀ိုင့်အတွက် အတော်ရင်ခုန်ဖို့ကောင်းသည်။ အခု ၀ိုင်ကိုယ်တိုင် စဉ်းစား တွက်ထားသည့် ပုစ္ဆာတစ်ပုဒ် တစ်မှတ်မှမရ။ ၀ိုင် စိတ်ထဲထောင်းခနဲ ဖြစ်သွားသည်။
“ဆရာမ” လှမ်းမေးလိုက်သည့် ၀ိုင့်၏ အသံကြောင့် တစ်ခန်းလုံး ငြိမ်သွားသည်။ “ကျွန်တော် မေးစရာရှိလို့၊ ဒီတစ်ပုဒ်က ဘာလို့ တစ်မှတ်မှ မရတာလဲ”
ဆရာမက ၀ိုင့်အဖြေလွှာကို ကြည့်ရင်း.... “ဆရာမ အဲ့ဒီလို သင်ထားသလား၊ အတန်းထဲမှာ သေသေချာချာ တွက်ပြထားတယ်။ ပုစ္ဆာ တစ်ပုဒ်ကို ဘယ်လို ရေးမယ်။ ဘယ်လိုတွက်မယ်။ ဘယ်လို အဖြေထုတ်မယ်ဆိုတာ သေချာသင်ထားတယ်။ မင်း ဖြေ ထားသလို ဆရာမ သင်ထားသလား”
ဝိုင် ထင်ထားသလိုပါပဲ။ သူသင်သည့် နည်းအတိုင်း မဖြေသောကြောင့် ၀ိုင်အမှတ် မရတာပါ။ “မင်းတို့ ကျူရှင်မှာ သင်ထားတဲ့ နည်းလမ်းတွေနဲ့ လာမဖြေနဲ့။ မင်းတို့ အတန်းကို သင်နေတဲ့ သင်္ချာ ဆရာမဟာ ငါပဲ”
ခပ်ပြတ်ပြတ် ပြောနေသည့် ဆရာမကို ကြည့်ရင်း ၀ိုင်တစ်ချက်တော့ ၀င်ပြောလိုက်မိသည်။ “ဆရာမ၊ ကျွန်တော် ဘယ်ကျူရှင်မှ မတက်ဘူး။ ဘယ်သူ့နည်းကိုမှ လည်း မသုံးထားဘူး။ ကျွန်တော့်စိတ်ကူးနဲ့ ကျွန်တော် ကြိုးစားပမ်းစား တွက်ထားတာပါ။ အခု ဒီပုစ္ဆာဟာ အဖြေလည်း မမှားဘူး။ သင်္ချာပုစ္ဆာမှာ အဖြေထွက်ဖို့ သူ့နည်း ငါ့နည်းဆိုပြီး အသုံးပြုနိုင်တယ် ဆိုရင်၊ အဖြေမှန်အောင် တွက်ထားတဲ့ ကျွန်တော်ရဲ့နည်းကိုလည်း ဆရာမ လက်ခံသင့်ပါတယ်”
မခံချင်စိတ်ကြောင့် မာဆတ်နေသည့် ၀ိုင့် စကားအဆုံးမှာ တစ်ခန်းလုံး တိတ်ဆိတ်သွားတော့သည်။ ဆရာမ၏ မျက်နှာမှာ နီရဲခက်ထန်လာတော့ သည်။ “မင်း တော်တော် မိုက်ရိုင်းပါလား၊ မင်း အခု ချက်ချင်း ရုံးခန်းကို လိုက်ခဲ့ပါ။ မင်းမိဘကို ချက်ချင်းခေါ်ပါ”
ဝိုင်ဂရုမစိုက်။ အခြေခံပညာ ဆိုသည်ကို ဘ၀မှာ မှန်မှန်ကန်ကန် ရဲ ရဲရင့် ရင့် လုပ်ကိုင်တတ်ရအောင် လေ့ကျင့် ပေးရမည်ဟုလည်း ၀ိုင်ခံယူထားသည်။ “လူကြီး သူမရှေ့မှာ ရိုသေစွာ ခေါင်းငုံ့သွားပါ” ဆိုသည့် ပြည်သူ့နီတိ သင်ခန်း စာသည် လူကြီးသူမက မှားနေသောအခါ ခေါင်းငုံ့ငြိမ်ခံနေဖို့ မဟုတ်ဟု ၀ိုင် ထင်သည်။
အဲသည်နေ့က ၀ိုင်ရုံးခန်းမှာ အရိုက်ခံရသည်။ ကျောင်းရှေ့လူမြင်ကွင်းမှာ အရိုက်ခံရသည်။ နောက်နောင် ဆရာမတွေ အပေါ်မှာပြန်ပြီး ခံမပြောဖို့ ၀န်ခံလက်မှတ် ရေး ထိုးရသည်။ မိဘတွေ အနေနဲ့ သားသမီးကို ဒီလိုမျိုး မဖြစ်အောင် ဆုံးမ သွန်သင် ဖို့ အဖေရော အမေပါ ၀န်ခံလက်မှတ် ထိုးခဲ့ရ သည်။
“မိဘကို အရှက်ခွဲလေခြင်း” ဆိုပြီး ဒေါသ ခက်ထန်နေသည့် အဖေ့လက်သီးဒဏ်ကိုလည်း ၀ိုင် ခံခဲ့ရသည်။ အဖေနှင့်အမေကတော့ ဆရာမကို မှန်တယ်လို့ မဆိုလိုသော်လည်းသူတို့ ဘယ် လောက်မှားမှား ကိုယ်က မသိသလိုလေးနှင့် ပညာသားပါပါ ရှောင်နေစေချင်သည်။ ဒီလိုမျိုး နေတတ်ဖို့လည်း ဟိုးငယ်ငယ်ကတည်းက ၀ိုင့်ကို အတန်တန် ဆုံးမခဲ့သည်။ ၀ိုင်ကိုယ်တိုင်က ခေါက်ရိုးကျိုး နေပြီဖြစ်တဲ့ အသိုင်းအ၀ိုင်းထဲမှာ အလိုက်သင့် မျောမနေချင်။
ညဘက်မှာ ၀ိုင့်ဆီကို လရောင်ရောက်လာခဲ့ သည်။ မျက်ဝန်းမှာ သနားရိပ်တွေ၊ စာနာရိပ်တွေ နှင့် ၀ိုင့်ကို လာဖြေသိမ့်သည်။ “၀ိုင်ရာ ငါမင်းကို အတန်တန်ပြောခဲ့တာပဲ။ လူ့လောကမှာ ရှင်သန်ဖို့ဆိုတာ အလိုက်သင့်လေး နေတတ်ဖို့လည်း လိုတယ်။ မင်းကို ငါမှားတယ် လို့ပြောတာ မဟုတ်ဘူး။ အမှန်တရားဆိုတာ နေ ရာတိုင်းမှာ ရှေ့တန်းတင်တိုင်း ကောင်းတယ် များ ထင်နေလား။ ဘယ်သူတွေ ဘယ်လိုအမှား တွေလုပ်ခဲ့လုပ်ခဲ့ လူတွေကပဲ အဲဒီအမှားတွေကို ဖော်ထုတ်သွားလိမ့်မယ်။ အခု ဖြစ်ခဲ့တာမှာ သူ့ နည်းအတိုင်းမတွက်လို့ မင်းကိုအမှတ်မပေးတာ ဒါသူ့အမှား။ ဒါကို ရန်ပြန်တွေ့ပြီး စကားလုံးနဲ့ ထိုးနှက်လိုက်တာ မင်းအမှားဖြစ်သွားပြီ ၀ိုင်၊ လောကမှာ သူများအမှားကို ကိုယ့်အမှားမဖြစ် အောင် နေတတ်ဖို့လည်းလိုတယ် ၀ိုင်၊ အဲဒါလည်း မင်းစကားအတိုင်း အခြေခံပညာဆိုတာ ဒီလိုနေ တတ်အောင်လည်း သင်ပေးရပြန်တယ်”
ဝိုင် သက်ပြင်းကို တိုးတိုးလေးချမိသည်။ “လရောင် မင်းကိုတော့ ငါယုံတယ်။ မင်းက ကိုယ်တိုင်လည်း စာဖတ်တယ်။ တွေးတယ်။ ပြီး တော့ အလိုက်သင့်လည်း နေတယ်။ ဒီတော့ ဘယ်လိုစနစ်မဆို မင်းကို ဖျက်ဆီးနိုင်စွမ်း မရှိ ဘူး။ ဒါပေမဲ့ ငါတို့နဲ့ အတန်းတူတွေ နောက်တက် လာမယ့် ညီငယ်၊ ညီမငယ်လေးတွေ သူတို့တွေ ပျက်စီးသွားမှာ စိုးတယ်ကွာ။ ဟိုနေ့Sunday Tallမှာမင်းကြည့်လိုက်ရလား။ လူတစ်ယောက် ရဲ့ မှတ်ဉာဏ်ဟာ ၁၆ နှစ်အထိ ခေါင်းထဲဝင်ခဲ့ တာတွေကို တစ်သက်လုံး စွဲသွားတာတဲ့။ ဥပမာ မြန်မာပြည်က လက်ဖက်ရည်ကို မင်း ၁၆ နှစ် လုံးသောက်ခဲ့တယ်။ သိပ်ကြိုက်ခဲ့တယ်။ အသက်ကြီးလာလို့ မင်းနိုင်ငံခြားမှာနေပြီး လက်ဖက်ရည် သောက်ရင် မြန်မာပြည်က လက်ဖက်ရည် လောက် ခံတွင်းမတွေ့ဘဲ ငယ်ငယ်ကသောက်ခဲ့ တဲ့ လက်ဖက်ရည်ကိုပဲ တန်းတန်းစွဲနေတာတဲ့။ ငါတို့အရွယ်တွေရဲ့ ဦးနှောက်တွေဟာ နုနယ်သေး တယ် လရောင်။ ဒီအချိန်မှာ မှားယွင်းတဲ့ အယူအဆတွေ သွပ်သွင်းခံရရင် ငါတို့ဘ၀တစ် လျှောက်လုံးဟာ ရင်လေးစရာပဲကွာ”
ဝိုင့်စကားအဆုံးမှာ နှစ်ယောက်လုံး ငြိမ် သက်သွားကြသည်။ အပြင်က အုံးမောင်း ခေါက် သံတွေတောင် ကြားနေရပြီ။ ၀ိုင့်အခန်းလေးက နေ အပြင်ဘက်ကို လှမ်းမြင်နေရသည်။ တိတ် ဆိတ်သည့် ညမြင်ကွင်းလေးမှာ ငွေစန်္ဒာ လမင်း က ရောင်စဉ်တွေကို ၀ိုးတ၀ါး ဖြန့်ကြက်လို့ လရောင်က ခုတင်ပေါ်မှာ လှဲပြီး မျက်နှာကြက်ကို ငေး စိုက်လို့။ ၀ိုင်ကတော့ လရောင်ဆမ်းနေသည့် ကောင်းကင်ပြင်ကို ငေးစိုက်ကြည့်လို့။
ဝိုင့်ပါးစပ်မှ တီးတိုးရွတ်သံလေး ထွက် လာသည်။ ကမ်းစပ်ကို မင် လမုပင် အခြေကြီးနဲ့၊ အသီးတွေ ဖြိုး။ ကမ်းခြေကို ဒီရေတိုး၊ ပြိုလဲမှာစိုး။ ကမ်းစပ်ကို မင် ဓနိပင် ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။ ဓနိခိုင် အလက်ထဲက၊ ခွဲရမှာစိုး။ ကမ်းစပ်ကို မင် လတာပြင် ငါးပျံလူးလို့၊ ပျော်မြူးကြရိုး။ ဒီတက်လျှင် လတာနုန်း၊ ဒီဖုံးမှာစိုး။ စိုးပါဘု သူ့မူရာ။ ချောင်းတစ်ခွင် ပင်လယ်ဝက၊ ပန်းလှဗေဒါ။ ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။ စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။ သူ့လမ်းစဉ် သူမြင်ရဲ၊ သူစွဲတတ်ဘိ။
ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာထဲက “သူ့ လမ်းစဉ်” ဆိုသော ကဗျာလေးပါ။ ၀ိုင့်မျက်နှာကို လရောင်ငေးကြည့်လိုက်မိသည်။ ၀ိုင်ဘာလို့ ဒီ ကဗျာကို ရွတ်နေသလဲဆိုသည်ကို သဘောပေါက် မိသည်။ ၀ိုင်ရော လရောင်ပါ ဗေဒါပင်လို ဖြစ်ချင် သည်။ ဒီရေတက်တက်၊ ဒီရေကျကျ စုန်နိုင်ဆန် နိုင်တဲ့ ခွန်အားတွေရချင်မိသည်။ ဒီရေတိုးတာနှင့် ပြိုလဲမှာစိုးနေရသည့် လမုပင်၊ လတာပြင်လို ဘ၀ တော့ မရောက်ချင်။ တကယ်တော့ ၀ိုင်တို့တွေ သည်ပုံမပေါ်သေးသော ရွှံ့နွံဘ၀မှာသာ ရှိပါ သေးသည်။ ဘယ်သူတွေက ဘယ်လိုပုံစံဖြစ် အောင် ဒီရွှံ့တွေကို ထုဆစ်ပေးမှာလဲ။ ဘယ်သူတွေက အလှပဆုံး၊ အသေ သပ်ဆုံး အရုပ်လေးဖြစ်အောင် ထုလုပ်ပေးမည်လဲ။ ဘယ်သူတွေက အရုပ် မဖြစ်ခင်မှာ ကျိုးပဲ့ပျက်စီးသွားပြီး၊ ဘယ်သူတွေက အလှပဆုံးသော အရုပ် လေးများ ဖြစ်သွားမည်လဲ။
တိတ်ဆိတ် အေးချမ်းနေသည့် ညခင်းလေး ဖြစ်သော်ငြား ၀ိုင်နဲ့ လရောင်တို့ နှစ်ယောက်၏ အတွေးများထဲမှာတော့ မအေးမြနိုင်ပါ။ ၀ိုင်တို့ မည်သို့ ပုံစံ အသွင်း ခံရဦးမည်သည်ကို၊ ၀ိုင်တို့ မည်သို့သော ရွှံ့ရုပ်ကလေးများ ဖြစ်သွားကြ မည်ဆိုတာကို အတွေး ဆန့်နေမိတော့သည်။
နေ၀သန် http://www.syn-pages.net
“လက်ရှိ ကိုယ်တိုင် ရင်ဆိုင်နေရတဲ့ နိုင်ငံရပ်ခြား ပညာရေးနဲ့ ကိုယ်တိုင် ဖြတ်သန်းခဲ့ရဘူးတဲ့ ငယ်စဉ်က ကျောင်းသား ဘ၀ကို အမြဲ နှိုင်းယှဉ်မိတယ်။ ဒီပို့စ်ထဲက အဖြစ်အပျက်တွေဟာ တကယ့် အဖြစ်အပျက်တွေကို အခြေခံ ထားသလို ဇာတ်ကွက် အရ ကွန့်ထားရတာလည်း ပါပါတယ်။ ဒါပေမဲ့ အပြင်မှာ ကြားရသလောက် ဒီလို အဖြစ်မျိုးကို ကြုံတွေ့ ခံစားခဲ့ရဖူးသူတွေ မနည်းမနော လို့ သိရပါတယ်။ ကျွန်တော်တို့ နိုင်ငံကို တိုးတက်စေဖို့ ဆိုတာ ပထမဆုံး ခြေလှမ်းအနေနဲ့ ပညာရေးက စလုပ်ရမှာမို့ အဲ့ဒီ ခံစားချက် အပေါ် အခြေခံပြီး ရေးဖြစ်ခဲ့တာပါ။ လက်ရှိပညာရေးဝန်ထမ်းတွေကို အပြစ်တင်လို စိတ်နဲ့ ရေးတာ မဟုတ်ပါဘူး။ ဖြစ်လေ့ ရှိနေတာလေးကိုပဲ ဖွဖွလေး ပြလိုက်တာပါ” လို့ ဒီဝတ္ထုလေး ရေးဖြစ်ခဲ့ပုံကို နေ၀သန်က ပြောပြခဲ့ပါတယ်။ “ဘ၀မှာ အောင် အောင်မြင်မြင် ရပ်တည်နိုင်ဖို့ အရေးကြီးတာကတော့ စိတ်လို့ပဲ ထင်ပါတယ်၊ စိတ်ကအရာရာကို ဦးဆောင်နေတာမို့ ဘ၀ကို တိုးတက်အောင် နှိုးဆော်တာ လည်း စိတ်၊ မေတ္တာကရုဏာတရား ပွားများစေတာလည်း စိတ်ဖြစ်တာမို့ ဘ၀မှာ စိတ်ထားတတ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်” လို့ နေ၀သန်က ဘ၀မှာ ရှင်သန်ရပ်တည်ဖို့ အရေးကြီးဆုံးအရာကို အဓိပ္ပာယ် ဖွင့်ပြခဲ့ပါတယ်။
ဘလော့ဂါနေ၀သန်က လူမှုရေး ဆောင်ရွက်မှုအနေနဲ့ ငွေကြေးချို့တဲ့တဲ့ ကလေး များကို ကျောင်းစရိတ် ထောက်ပံ့ပေးခဲ့သူ တစ်ဦးဖြစ်ပြီး၊ လက်ရှိနေထိုင် နေရာ နိုင်ငံကို ကိုယ်စားပြုပြီး အလှူငွေ ပါဝင် ကောက်ခံပေးခြင်းဖြင့် ပရဟိတ လုပ်ငန်းများကိုလည်း အလျဉ်းသင့်သလို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။
အရာရာမှာ တစ်ယောက်နဲ့ တစ်ယောက် ထပ်တူထပ်မျှ ကျဖို့ရာဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းစီမှာ မတူညီခြားနားတဲ့ အရည်အသွေးတွေ ကိုယ်စီကိုယ်ငှ ရှိနေတတ်ပါတယ်။ ဒီတစ်လမှာ ဘလော့ဂါများရဲ့ ကွဲပြားတဲ့ လက်ရာမွန်များသာမက “ဘ၀မှာ ရှင်သန်ရပ်တည်ဖို့ အလိုအပ်ဆုံး အရာက ဘာလဲ” ဆိုတဲ့ မေးခွန်းအပေါ် ဖြေထားကြတဲ့ မတူညီတဲ့အမြင်များကို စိတ်ဝင်စားဖွယ်ရာအဖြစ် ဖူးငုံချစ်သူများ ဖတ်မိကြရမှာပါ။ ဘလော့ဂ်ပို့စ် များကို အသုံးပြုခွင့်ပေးပြီး၊ မေးခွန်းများကို စိတ်ရှည်စွာ ဖြေပေးခဲ့ကြတဲ့ ဘလော့ဂါများကို ကျေးဇူး အထူး တင်ရှိပါတယ်။ ဒါ့အပြင် ဖူးငုံ မဂ္ဂဇင်းမှာ စာတွေ ရေးပို့ချင်လို့ ဆက်သွယ် မေးမြန်းလာကြသူများနဲ့ Blog Digest ကဏ္ဍကို အရှိန်မပျက် ဆက်ရေးဖို့ အားပေးကြသူ ဘလော့ဂ်ဂါများ၊ ကောင်းနိုးရာရာ ဘလော့ဂ် ပို့စ်လင့်ခ်များ ပေးလာကြသူ မြသွေးနီရဲ့ အွန်လိုင်းမိတ်ဆွေများကို ကျေးဇူးတင် စကား ဒီနေရာကနေ ဆိုလိုက်ပါရစေ။ နောက်တစ်လမှာ ထပ်မံ ဆုံတွေ့ကြပါစို့။
မြသွေးနီ www.myathwayni.com
|
|
Current Shwe Magazine

Current Teen Magazine

Academy Special Edition

This Week's Ray of Lights

|