ဘ၀ပင်လယ် PDF Print E-mail
Written by နီလာအောင်(ALBA)   
Friday, 11 May 2012 16:59
Share |

အချိန် ကာလများ ပြောင်းလဲ လာသည်နှင့် အမျှ လူတို့၏ အသိဉဏ်၊ စိတ်ကူး စိတ်သန်းများသည် မှတ်သားစရာ၊ လေ့လာ စရာများ တိုးပွားလာ တတ်ပါသည်။

order cialisbuy cialis overnight delivery where to buy viagra online cialis 10mg
argaiv1963

ကျွန်မ၏ စိတ်ထဲတွင် အချိန် ကာလအလိုက် ပြောင်းလဲမှု အရ ခံစား မိလိုက်သော စာအုပ် တစ်အုပ်ကို တွေးရင်း ကိုယ့်ဘ၀၏ ကျင်လည်ရာ ပတ်ဝန်းကျင်ကို ဘ၀ ပင်လယ်ပြင်ဟုသာ တွေးထင် မိပါသည်။

မြင်မြင်သမျှ ရွှင်လန်းစရာ၊ တက်ကြွစရာဟု ထင်သော နုပျိုမှု အပေါင်းနှင့် ပြည့်စုံသော ဆယ်ကျော်သက် အရွယ် ကျောင်းသူ ဘ၀က စာအုပ်ပေါင်း များစွာ ဖတ်မိသည့်ကြားမှ ထိုစာအုပ် တစ်အုပ်သာ အချိန်ကာလ ကြာကြာ လွှမ်းမိုး ခဲ့ပါသည်။ အခြေခံပညာ အထက်တန်း အောင်မြင်ပြီး ကျောင်းများ ပိတ်ထားသော အချိန်တွင် အားလပ်ရက်များကို အသုံးချသည့် အနေဖြင့် ကျွန်မတို့ သူငယ်ချင်းများ အင်္ဂလိပ် စကားပြောသင်တန်း (Speaking Class)  ကို  ဗဟန်းမှ အလုံ အထိ တပျော်တပါး သွားတက်ကြပါတယ်။ သင်တန်းတွင် အသင်အပြကောင်း သဘောကောင်းသော Teacher Alice  က ဂရုတစိုက်သင် ကြားပေးသဖြင့် အတော်အတန် တတ်မြောက်ခဲ့ရပါသည်။ တစ်နေ့တွင် ကျွန်မတို့ကို ဘာသာပြန်နည်း သင်ကြားရာ လက်တစ်ဝါးသာ ရှိသည့် စာအုပ်ကလေးမှ စာကြောင်းလေးကို ကူးခိုင်းပြီး ဘာသာ ပြန်ခိုင်းပါသည်။ ကျွန်မ ရသော Sentences  မှာ-
"Most gulls don't brother to learn more than the simplest facts of flight, how to get from shore to food and back again. For most gulls, it isn't flying that matters, but eating that mattered, but flight. More than anything else, Jonathan living stone seagulls love to fly." 

စင်ရော်ငှက်ကလေး တစ်ကောင်၏ အပျံသင်ခြင်း အပေါ် နှစ်ခြိုက်မှုက  အခြား စင်ရော်ငှက်များ၏ အတွေးအမြင် ဆန့်ကျင်ဘက် ဖြစ်မှုကို ရိုးရိုးရှင်းရှင်းပင် ဘာသာပြန် ဖြစ်ခဲ့လေသည်။ ယခု အချိန်တွင် ထို  Sentences   ကို ဘာသာပြန် ခိုင်းလျှင် ထိုအချိန်က ရခဲ့သော အတွေးမျိုးရတော့မည် မဟုတ်ဟု ထင်မိပါ သည်။ ကျွန်မ၏ အတွေးထဲမှ စင်ရော်ငှက်ကလေးသည် ထိုအချိန်က သာမန် မျှသာ ဖြစ်သည်။ ကျောင်းတွေ ပြန်ဖွင့်သည့် အခါ ပျော်ရွှင်စရာ ကောင်းလှသော တက္ကသိုလ် ကျောင်းသူဘ၀ကို သူငယ်ချင်းများနှင့် အတူတူ ဖြတ်သန်း ခဲ့ပါသည်။ ကျွန်မတို့ ကျောင်းတက်သည့် ကာလများတွင် စာသင်ခန်းထဲတွင် သင်ယူစရာ ဘာသာရပ်များဖြင့် ပျော်ရွှင် ခဲ့ရသလို အင်လျားကန်ပေါင် သွားကာ ဘူးသီးကြော် စားရင်း၊ ဗိုလ်ချုပ်ဈေးတွင် ဈေးလည်ရင်းဖြင့် ထိုစင်ရော်ကို မေ့မေ့ပျောက်ပျောက်ပင် ဖြစ်နေပါသည်။

English major  ယူသော ကျောင်းသူကျောင်းသားများမှာ တခြား ဘာသာရပ် ယူသူများနှင့် သာသော အချက်မှာ နယ်ပေါင်းစုံမှ လာသော သူများနှင့် ဆုံတွေ့ရခြင်းပင် ဖြစ်သည်။ ယခု အချိန်ကဲ့သို့ တက္ကသိုလ်တိုင်းမှာ English major   မရှိဘဲ အထက် မြန်မာပြည် အတွက် မန္တလေး တက္ကသိုလ်၊ အောက်မြန်မာ ပြည်အတွက် ရန်ကုန် တက္ကသိုလ်ဟူ၍ ထားရာ ရခိုင်ပြည်နယ်မှ လာသော လှရွှေ၊ ဧရာဝတီသား သိန်းဇော်မိုး၊ ကိုဝင်းနီ၊ ပေါင်းတည်သား စိုးမိုး၊ ပြည်သား ကျော်မင်းလွင်ထွန်း၊ ငပုတောသား ကိုတင့်လွင်၊ မြောက်ဥက္ကလာ သား ကိုဝင်းကျော်နှင့် ရန်ကုန်သူ ကျွန်မ၊ကြူမာ၊ သူဇာနှင့်မေအေးဝင်းစသော သူငယ်ချင်း တစ်သိုက်မှာ ပထမနှစ်မှ တတိယနှစ်အထိ အပြောင်းအလဲမရှိဘဲ စားလိုက် သွားလိုက်ဖြင့် ပျော်ရွှင် ခဲ့ရပါသည်။

အမည်ရင်း သိန်းဇော်မိုး ပျောက်ပြီး နေရာတကာတွင် ဆရာကြီး လုပ်တတ် သောကြောင့် အာကြီးဟု အမည် တွင်နေသူ တစ်ယောက် သယ်လာသော စာအုပ် ကြောင့် ကျွန်မ၏ အာရုံတွင် မေ့ပျောက်နေသော စင်ရော်ငှက်သည် အမှတ်မထင် ထပ်မံ ဆုံတွေ့ရပြန်လေသည်။

ဘ၀၏ အတွေ့အကြုံနှင့် အသက်အရွယ် အရ စာအုပ်ကို သေချာကြည့် သောအခါ စာရေးဆရာ ဘသန်း(ဓမိ္မက)၏ “ယောနသံစင်ရော်”ဘာသာပြန် စာအုပ်ဖြစ်ပြီး အာကြီး၏အပြောအရ ဖတ်ကြည့်ရန် အလွန်ကောင်းသည့် စာအုပ် ဟု ညွှန်းသည့်အတွက် စာဖတ်ဝါသနာပါသည့် ကျွန်မ အိမ်ငှားပြီး ဖတ်ကြည့် ပါသည်။ ထိုစဉ်က စာအုပ်အရွယ်သည် ခပ်သေးသေးသာ ဖြစ်ပြီး အဖုံးမှာ အပြာရောင် ကောင်းကင်နှင့် စင်ရော်ငှက်ကလေး ပျံသန်းနေပုံကို ယခုတိုင် အမှတ် ရနေပါသည်။ မူရင်း ရေးသူကား Richard Bach   ဟု သူငယ်ချင်းပြော စကားအရ သိခဲ့ရပါသည်။ ထိုစာအုပ်ကို စတင် ဖတ်ကြည့်ရာ အဓိကဇာတ် ကောင်မှာ စင်ရော်ငှက်ကလေး ယောနသံ ဖြစ်ပြီး ထိုငှက်ကလေး၏ ထူးခြားချက်မှာ ပျံသန်းခြင်းကို အရူးအမူး တပ်မက်ခြင်းပင် ဖြစ်သည်။

အခြားငှက်များ လုပ်နေကြ ဖြစ်သော အစာရှာခြင်းကို စိတ်မ၀င်စားနိုင်ဘဲ ပျံသန်းခြင်း ပုံစံမျိုးစုံကို လေ့ကျင့်ရန် အတွက်သာ အစာ ရှာစားသော ယောနသံ ကို ထူးခြားသော ငှက်ကလေး အဖြစ် သဘောကျ နှစ်ခြိုက်မိသည်။ ပျံသန်းခြင်းကို ရူးသွပ်မှုကြောင့် အခြားငှက်များ၏ ပစ်ပယ်ခြင်းကို ခံရသော်လည်း အားမလျော့ဘဲ မိမိ၏ အရှိန်အဟုန်ကို ဆက်ကာ ဆက် ကာတိုးမြှင့်ပျံသန်း ကြိုးစားရင်း နောက်ဆုံးတစ်နေ့ တွင် ယောနသံသည် သူမျှော်မှန်းရာကောင်းကင် ထိပ်ဖျား သုခရိပ်မြုံသို့ ရောက်ရှိသွားရပုံကို ဖတ်ရ သောအခါ ထိုစင်ရော်ငှက် ကလေးကို ပမာထား ပြီး မိမိလိုချင်သော အရာ တစ်ခုကို မဆုတ်မနစ် သော ဇွဲလုံ့လ၊ ၀ီရိယဖြင့် ကြိုးစား အားထုတ်လျှင် အဆုံးတွင် ကိုယ်လိုရာပန်းတိုင်သို့ မလွဲမသွေ ရောက်ရမည်ဟု သင်ခန်းစာ ရခဲ့ပါသည်။

ငှက်ကလေး ပျံသန်းသည့် အလျင်အရှိန်၊ လေတိုက်နှုန်းများနှင့် ပျံသန်းခြင်းဆိုင်ရာ နည်း စနစ်မျိုးစုံ ဥပမာ-အထက်သို့ ဒေါင်လိုက် ပျံသန်း ခြင်း၊ စက်ဝိုင်းပုံ ပျံသန်းခြင်း၊ အရစ်ကျဲသော ၀က်အူပုံ ပျံသန်းခြင်း၊ လက်ဝဲသို့ ဂျင်လည်ပုံ ပျံသန်းနည်း၊ အတောင်ရွက်ဖွင့် ပျံသန်းနည်း၊ စကြာပြတင်းငယ် ပျံသန်းနည်းနှင့်၊ မြေကြီးပေါ်ကို အသာလှိမ့်ပြီး ခြေချခြင်းအဆုံး ရေပေါ်လျှပ် ပျံပြေးလွှားခြင်းစသော ပျံသန်းနည်းများကို ခေါင်းမူးမတတ် ဖတ်ခဲ့ရပြီး လေ၏ အလျဉ်အဟုန်ကို တွက်၍ ကြာသော အချိန်နှင့် ရောက်မည့်ခရီး မိုင်များကို ရေးသားထားသော အချို့နေရာများကို ကျော်လွှား ဖတ်ခဲ့ရပါသည်။ ထိုအရာများမှာ ကျွန်မနှင့် လားလားမှ မဆိုင်သောအရာများဟု စိတ်ထဲတွင် မှတ်ယူပြီး ရေးသားထားသော စာကို အရသာ ခံဖတ်သော စာဖတ်သူသက်သက်သာ ဖြစ်ခဲ့ပါသည်။

နောက်ဆုံးတစ်နှစ် ဖြစ်သော Final year  ကို ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားပြီး လေးနှစ်တာ ကာလ တစ်စုတဝေးတည်း နေခဲ့ရာမှ ဘယ်အချိန် ဘယ်ကာလတွင် ပြန်ဆုံကြမည်ကို မည်သူမှ တပ်အပ် မပြောနိုင်သော အချိန်သည် ကျွန်မတို့ မျှော်လင့်ထားသည်ထက် ပိုစောစွာ ရောက်ရှိခဲ့ပြန်ပါသည်။ ထိုအချိန်မှစ၍ သိပ်မပျော် ကြတော့ချေ။ နှစ်ချင်းပေါက် အောင်မြင်ရေး၊ မဟာတန်းဝင်ရေးကို အစွမ်းကုန်ကြိုးစားရင်း နွေအပူကို အန်တု ဖြတ်ကျော်ခဲ့ရပုံမှာ ယခုပြန်တွေး ချိန်ထိ ၀မ်းနည်းစရာပင် ဖြစ်သည်။ နောက်ဆုံး ကျောင်းပိတ်ချိန်တွင် ကမန်းကတန်း ချစ်သူ ဖြစ်သွားသော အုပ်စုထဲမှ သူငယ်ချင်း နှစ်ယောက်ကို
ဝေဖန်ခြင်း၊ မုန့်ကျွေးခိုင်းခြင်းများဖြင့် ကောင်းချီး ပေးခဲ့သည်ကိုလည်း ယနေ့တိုင် တွေးမိတိုင်း ပျော်ခဲ့ရပါသည်။ ကျွန်မတို့၏ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု များကြားတွင် ယောနသံသည် မေ့မေ့ပျောက် ပျောက် ဖြစ်ခဲ့ရပြန်လေသည်။

ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီး ကွန်ပျူတာ တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ကျူတာဘ၀ ဖြင့် သင်တန်းများ တစ်ခုပြီးတစ်ခု တက်ကာ ဘ၀ အချိန်များကို အများနည်းတူ ဖြတ်သန်းရင်း လှည်းတန်း ပတ်ဝန်းကျင်တွင် ကျင်လည် ခဲ့ရပြန် လေသည်။ ငယ်ရွယ်နုပျိုသော၊ တက်ကြွချစ်စရာ ကောင်းသူလေးများကို ကြည့်ကာ သူငယ်ချင်းများကို လွမ်းမိသော်လည်း တစ်ယောက်မှမဆုံ မိကြခြင်းမှာလည်း ခေတ်၏ စီးမျောမှုတစ်ခုဟု ခံယူရင်း အချိန် တော်တော်များများကို ကျူတာ ဘ၀ဖြင့် ဖြတ်သန်းခဲ့ပြန်သည်။ ရန်ကုန်တစ်မြို့တည်း နေသူချင်းပင် အချိန်ပေး မတွေ့နိုင်သော ဘ၀၀ယ် ယောနသံသည် ကျွန်မ၏ အာရုံဝယ် ရေးရေးလေးသာ ရှိတော့သည်။

ယောနသံနှင့် ပြန်ပတ်သက်မိသည်မှာ ကျွန်မ တူလေးကြောင့်သာ ဖြစ်သည်။ အထက် တန်း အောင်မြင်ပြီးချိန်မှ စ၍ မိဘများရှိရာ ထိုင် ၀မ်နိုင်ငံသို့ လိုက်သွားသော တူလေးသည် ကျွန်မကဲ့သို့ စာဖတ် ၀ါသနာပါခြင်း၊ အင်္ဂလိပ်စာ လေ့လာရာတွင်လည်း ကျွန်မနှင့် တူလေရာ   လူကြုံရှိသည့်အချိန်တိုင်း စားစရာ၊ စာအုပ်ပို့ ပေးရသည်။ ယခုလည်း လူကြုံရှိသဖြင့် စာအုပ်ပို့ပေး ရန် ကျွန်မ မွေ့လျော်သော လှည်းတန်းရှိ စာပေ လောက စာအုပ်တိုက်သို့ ရောက်ခဲ့ရလေသည်။ ရှိတ်စပီးယား (Shakespear),  ရှားလော့ဟုမ်း (Sherlock Holmes)  စသော စာအုပ်များမှာ အရေးအသား ကောင်းသော်လည်း အချိန် မပေးနိုင် သော ကျွန်မ တူလေးအတွက် ပေါ့ပေါ့ပါးပါး ဖတ်စရာလေးများသာ ရွေးပို့တတ်သော ကျွန်မမှာ ကောင်တာမှ ညီမလေး ညွှန်ပြသော ချောင်ကျကျ တစ်နေရာတွင် ရှိသော စာအုပ်အပြာလေး တစ် အုပ်ကို လှမ်းမြင်မိပါသည်။

ထိုစာအုပ်အပြာလေးကို မြင်သောအခါ မိတ် ဆွေဟောင်းနှင့် တွေ့ရသလို တရင်းတနှီးဖြစ်ပြီး သားဟု စိတ်ကထင်မိ၍ ချောင်ကလေးမှ ဆွဲ ထုတ်ရာ ကောင်းကင်ပြာကို နောက်ခံထားပြီး စင်ရော်ငှက်ကလေး ပျံသန်းနေပုံမှာ ကျွန်မ၏ နှလုံးသားကို လှုပ်နိုးသလို မေ့ပျောက်နေသော ယောနသံပင် ဖြစ်နေပါသည်။ စတင် ဖတ်မိချိန် က မနူးမနပ်အရွယ် ၁၇ နှစ်၊ ဒုတိယ အကြိမ် ဘာသာပြန်ကို ဖတ်မိချိန်မှာ အတန်ကြာသော ကာလ ၂၂ နှစ် ၂၃ နှစ် ပတ်ဝန်းကျင်ဖြစ်ပြီး ယခုအရွယ်သည် ဘ၀၏အတွေ့အကြုံအရ  အတန်ငယ် ရင့်ကျက်နေသော ကာလတစ်ခုပင် ဖြတ်ကျော်နေချိန်ဖြစ်သော် လည်း ယောနသံကား တည်တည်ငြိမ်ငြိမ်ပင် လေဟုန်စီးဆဲပင် ဖြစ်သည်။

ဘ၀အတွေ့အကြုံသည် အသက်အရွယ်ကို လိုက်၍ တည်ငြိမ်လာရသည် ဆိုသော အဆိုကို ကျွန်မ ယခုမှပင် လက်ခံမိပါသည်။ အဘယ် ကြောင့်ဆိုသော် ပထမအကြိမ် ဖတ်မိချိန်က မည် သူမည်ဝါ ရေးသားထားမှန်း မသိသော English  မူရင်း စာအုပ်ဖြစ်သလို ဒုတိယအကြိမ်တွင်လည်း မူရင်းစာရေးဆရာမှာ မည်သူမှန်း မသိဖြစ်ခဲ့ရ သည်။ ဘာသာပြန်သူ၏ အမည်မှာ ရိုးရှင်းသော မြန်မာအမည် ဖြစ်၍သာ မှတ်မိလိုက်ခြင်း ဖြစ်သည်။ ထိုစာအုပ်ကို တတိယတစ်ကြိမ်တိုက် တိုက်ဆိုင်ဆိုင် ထပ်မံတွေ့ရပြန်လေပြီ။ ဤတစ် ကြိမ်တွေ့မှုသည် ဘ၀ထဲအထိ ထိုစာအုပ်ရောက် မည်ကို ကျွန်မ၏ နှလုံးသားစေ့ဆော်မှုအရ ခံစားမိလိုက်ပါသည်။

မြင့်မားသော မိုးကောင်းကင်ပြာကို နောက် ခံထားပြီး ဖြူလွင်သော စင်ရော်ငှက်ကလေး မိုး ထက်သို့ ပျံသန်းနေပုံကို ကြည့်ပြီး ဘ၀ပင်လယ် ပြင်ကျယ်ကြီးဝယ် ကြိုးစားအားထုတ်မှု ပုံစံမျိုး စုံဖြင့် အမြင့်ရောက်အောင် ထိုးဖောက်ပျံသန်းနေ ရသော ကိုယ့်ဘ၀ကို ကိုယ်ချက်ချင်းပင် စဉ်းစား မိပါသည်။ ပတ်ဝန်းကျင်မျိုးစုံမှ ပြင်းထန်သော လေအဟုန်တို့ကို အန်တုရင်းပျံသန်းရသော ယောနသံသည် နောက်ဆုံးတစ်နေ့ သူမျှော်မှန်းရာ သုခ ရိပ်မြုံသိုက်နန်းဘုံသို့ ရောက်ရှိခဲ့သလို ကျွန်မ ကိုယ်တိုင်လည်း ပျံသန်းမှုမျိုးစုံဖြင့် လောကကို အန်တုရင်း မျှော်မှန်းရာ ပန်းတိုင်သို့ ရောက်ရမည်ဟု ခံယူချက်မှန်မှန်ဖြင့် ဘ၀ကိုခရီး ဆက်သွားပါ မိတ်ဆွေဟု ယောနသံ လမ်းပြခေါ်ရာ သုခရိပ်မြုံကို မှန်းဆအားတက်မိပါသည်။

နီလာအောင်(ALBA)
(Teen မဂ္ဂဇင်း၊မေလ ၂၀၁၂)