ဖူးငုံတို့နဲ့ Plan များစွာ PDF Print E-mail
Written by ခင်သန္တာ   
Wednesday, 16 May 2012 11:13
Share |

လူ့ဘ၀ရဲ့ အဖြစ်ကို ရလာခဲ့ပြီ ဆိုရင် လူတစ်ယောက် အနေနဲ့ သူ့မှာဖြစ်နိုင်တာ မှန်သမျှ ဖွံ့ဖြိုး တိုးတက်မှုမှာ အကောင်းဆုံး ဖြစ်အောင် လုပ်ချင်ကြတာ ချည်းပါပဲ။

free cialis samplestadalafil dosage viagra 20mg cialis online cheap
argaiv1528

ဒါပေမဲ့ လူတွေက ကိုယ်ဘာလုပ်ချင်လဲ၊ ကိုယ်ဘာလိုချင် သလဲ ဆိုတာကို တိတိကျကျ မသိကြပါဘူး။ သူများ ဘာလုပ်နေလဲ ဆိုတာ ကြည့်ပြီး သူများ လုပ်တာ လုပ်ရရင် ကောင်းမှာပဲလို့ တွေးတတ်ကြပါတယ်။ ဒါကြောင့်လည်း ဒီခေတ် လူငယ်တွေ ကိုယ့်အလုပ်မှာ မပျော်မွေ့တာ၊ ကိုယ့်အလုပ် ကိုယ် ကျေနပ်မှု မရှိကြတာတွေဟာ ကိုယ်တကယ် လိုချင်တာ ဘာလဲ ဆိုတာကို မသိကြလို့ပါ။ ကိုယ်ဘာလုပ် ချင်သလဲ၊ ကိုယ်ဘယ်လို ပညာမျိုး သင်ချင်တာလဲ ဆိုတာ ခိုင်ခိုင်မာမာ မသိတော့ သူများ အယူအဆနောက် အသာလေး မျှောပြီးတော့ လိုက်နေကြတယ်။ ခိုင်မာတဲ့ ယုံကြည်ချက် မရှိတော့ ဒီကွေ့မှာ ဒီတက်နဲ့ လှော်မယ်၊ ဟိုတစ်ကွေ့ ရောက်တော့ ဟိုတက်နဲ့ လှော်တာပေါ့ဆို သလိုမျိုးပဲ သူတို့ လက်ထဲမှာ တက်တွေ အများကြီး ဖြစ်လာတော့တယ်။

ဒီနေရာမှာ “တက်”ဆိုတာကို ဖူးငုံတို့ရဲ့ Plan လို့ တွေးကြည့်ရအောင်။ ကြီးကြီးကျယ်ကျယ် သုံးနှုန်းရရင် ဖူးငုံတို့ရဲ့ မဟာ စီမံကိန်းလို့ ဆိုကြပါစို့။ လူငယ်တွေကြားမှာ အငြင်း ပွားနေကြတာက အဲဒီ Plan ဆိုတာကို တစ်ခုတည်း ထားရမှာလား။ Plan တွေ အများကြီး ထားရမှာလား ဆိုတာပါပဲ။ ဘုရင့်နောင်ထုံး နှလုံးမူ ရရင်တော့ ဖောင်ဖျက်တိုက်တဲ့ နည်းဗျူဟာက အောင်မြင်တယ်လို့ ဆိုရမယ်။ အဲဒါက စစ်မြေပြင် တိုက်ပွဲ ဖြစ်နေတာကိုး။ ဘ၀ တိုက်ပွဲကျတော့ စဉ်းစားစရာ ဖြစ်လာပြီ။ Plan တစ်ခု တည်းကိုပဲ ထားပြီး ဘ၀တိုက်ပွဲ ၀င်ကြတဲ့ အခါ အောင်အောင်မြင်မြင် ဆုံးခန်း တိုင်သွားတဲ့သူတွေလည်း ရှိသလို၊ ကျဆုံး သွားကြတဲ့သူတွေ အဖို့လည်း အပို ဆောင်းထားတဲ့ Plan မရှိလေတော့ ဘာဆက်လုပ်ရမှန်း မသိကြဘဲ လမ်းခုလတ်မှာ ခါးဆက်ပြတ်သွားသလို ဖြစ်နေတော့တယ်။

ဒါဆိုPlan တွေ အများကြီးထားရမှာလားလို့ မေးစရာ ရှိလာတယ်။ အဲဒီလို ဆိုတော့လည်းအထက် က ဖော်ပြခဲ့သလိုပဲ လက်ထဲမှာ ကိုင်ထားရမယ့်“တက်”အရေအတွက်တွေ များနေလို့လည်း မဖြစ်ပြန်ပါဘူး။ အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်ကတော့ Plan တွေကို A, B, C ထားလေ့ ရှိတယ်လို့  ဖတ်ဖူးခဲ့တယ်။ ကမ္ဘာမှာ အကြီးကျယ်ဆုံး အော်ပရေးရှင်း တစ်ခုဖြစ်တဲ့ အိုစမာဘင်လာဒင်ကို ဖမ်းဆီးတဲ့ ကိစ္စမှာ Plan A နဲ့ မအောင်မြင်လို့ Plan B ကို သုံးခဲ့ရတယ်လို့ တာဝန်ရှိပုဂိ္ဂုလ်တွေဖြေတာ နားထောင်ခဲ့ရ ပါတယ်။ Plan B နဲ့ မအောင်မြင်ခဲ့ရင် သူတို့မှာ Plan C  ရှိနေသေးတဲ့အတွက် အောင်ကိုအောင်မြင်ရ မှာပါလို့ ဆက်လက် ဖြေကြားထားပါသေးတယ်။ ဒါပေမဲ့လည်း အောင်မြင်ပြီးတဲ့ အချိန်မှ ပြောတာဆိုတော့ ဒါဟာ အမှန်ပါလို့ တထစ်ချ မှတ်ယူလို့တော့ မဖြစ်သေးဘူးနော်။

အဲဒီတော့ Plan တွေ ဘယ်လောက်ထားရမယ် ဆိုတာ မတွေးခင် ဘယ်လိုထားရမလဲဆိုတာအရင် စဉ်းစား ကြည့်ရအောင်။ တချို့ကလည်း ဆိုကြတယ်။ ဘယ်နှနှစ်နေရင် စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ် ရမယ်။ နောင်ငါးနှစ် ကြာရင် အောင်မြင်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ရမယ်။ အသက်ဘယ်အရွယ် ရောက်ရင် အထူးကု ဆရာဝန်ကြီး ဖြစ်နေရမယ် စသဖြင့် ရည်မှန်းထားတယ်ပေါ့။ စီးပွားရေးလုပ် ငန်းရှင်ကြီး တစ်ယောက်ဖြစ်ချင်တဲ့ သူက ကိုယ့်မိဘ အသိုင်းအ၀ိုင်း နောက်ခံ အင်အားနဲ့ ကိုယ့်မှာစီးပွား ရေးအမြင်၊ အတွေ့အကြုံ ဘယ်လောက် ရှိနေလဲဆိုတာ အရင် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။  နောက်ငါးနှစ်နေရင် စာရေးဆရာ ဖြစ်ရမယ်ဆိုတဲ့သူကတော့ အစကတည်းကကို သူ့စီမံကိန်းမှားနေပြီလို့ ဆိုရလိမ့်မယ်။ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်လို့ တွေးနေရင် ပိုပြီးမဖြစ်နိုင်ပါဘူး။ စာရေးဆရာ ဆိုတာ အဲဒီလို စီမံကိန်းနဲ့ ဖြစ်လို့ရတဲ့ အမျိုးအစားထဲမှာ ပါမနေလို့ပါပဲ။

စာရေးဆရာ ဆိုတာ စာတွေ အများကြီးဖတ်ဖို့ လိုတာ မှန်ပေမဲ့ စာတွေအများကြီး ဖတ်နိုင်တဲ့သူတိုင်း စာရေးဆရာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်ပဲ မြန်မာနိုင်ငံရဲ့ လူဦးရေသန်းငါးဆယ်ကျော်မှာ လူသိများ အောင်မြင်နေတဲ့ စာရေးဆရာ အရေအတွက်က ငါးသန်း၊ ငါးသိန်း၊ ငါးသောင်း၊ ငါးထောင် မဟုတ်ဘူး။

ငါးရာတောင် ရှိမနေနိုင်ပါဘူး။ နောက်တစ်ခုက အသက်ငါးဆယ်အရွယ် ရောက်ရင် အထူးကု ဆရာဝန်ကြီး ဖြစ်ရမယ်လို့ စီမံကိန်း ချထားတဲ့ သူဆိုပါတော့။ ဒီနေ့ချိန်ခါ မြန်မာနိုင်ငံမှာ အထူး ကုဆရာဝန်တွေ ပေါများလာပြီလို့ ဆိုနိုင်ပေမဲ့ လူဦးရေ သန်းငါးဆယ်နဲ့ ယှဉ်လိုက်ရင် အထူးကု အရေအတွက်က လက်တစ်ဆုပ်လောက်ပဲ ရှိတယ်လို့ ပြောရမယ်။ သင်္ချာစကားနဲ့ပြောရရင်တော့လူ တစ်ယောက်နဲ့ တစ်ယောက်က ပေးထားချက်တွေ မတူနိုင်ကြဘူး။ ဒါကြောင့်ရလဒ်တွေကလည်း ကွဲလွဲကြမှာပဲလေ။

ဒီနေရာမှာ အလျဉ်းသင့်လို့ စာရေးသူဖတ် ဖူးတဲ့ ဟာသလေးတစ်ခုအကြောင်း ပြောပြချင် တယ်။ ဗဟို ကျန်းမာရေး အဖွဲ့တစ်ဖွဲ့က ကျန်းမာ ပြီး အသက်ရှည်တဲ့  ယောက်ျားတွေက သေရည် သေရက် မသောက်သုံးကြဘူး ဆိုတာ အတည်ပြု ဖို့ ကျေးလက် ဒေသတွေထိ ကွင်းဆင်းပြီး စာရင်း ကောက်ကြတယ်တဲ့။ ရွာတစ်ရွာကို ရောက်တော့ ဦးကြီးတစ်ယောက် ထင်းခွဲနေတာကို တွေ့လို့ ၀င်ပြီးစုံစမ်းကြတယ်။ အဲဒီအခါမှာ ထင်းခွဲနေတဲ့ သူဟာ ဦးကြီးအရွယ်မဟုတ်ဘဲ အသက် ၈၇ နှစ်ရှိတဲ့ အဘိုးတစ်ယောက် ဖြစ်နေတယ်တဲ့။ အဘိုးက သူ့ဘ၀မှာ သေရည်သေရက်နဲ့ပတ်သက် လို့ တစ်ကြိမ်တစ်ခါမှ မသောက်သုံးဖူးခဲ့ဘူးလို့ ဆိုပါတယ်။ ဗဟိုကျန်းမာရေးအဖွဲ့လည်း သူတို့ လိုချင်တဲ့အချက်ရပြီမို့ ၀မ်းသာအားရနဲ့အဘိုးကို မှတ်တမ်း တင်ကြတယ်။

အဲဒီအချိန်မှာပဲ အိမ်ပေါ်က ပန်းကန်ခွက် ယောက်ကွဲသံတွေနဲ့အတူ လူတစ်ယောက် အော် ဟစ်သောင်းကျန်းနေသံကို ကြားလိုက်ရတယ်။ ဗဟိုကျန်းမာရေးအဖွဲ့လည်း အထိတ်တလန့်ဖြစ် သွားကြပြီး ဘာဖြစ်တာလဲလို့ အဘိုးက မေးကြ တယ်။ အဲဒီအခါမှာ အဘိုးက “မလန့်ကြပါနဲ့ ကျွန်တော့်အဖေ အရက်မူးပြီး သောင်းကျန်းနေတာပါ။ သူ အရက်သောက်တိုင်း ဒီလိုပဲ သောင်း ကျန်းလာတာ ကျွန်တော့်တစ်သက် ရှိပြီ”လို့ ပြန် ဖြေလိုက်သတဲ့။ ဒီဟာသလေးမှာ အသက်အရှည် ဆုံးအမျိုးသားက တစ်သက်လုံး အရက်သောက် လာတဲ့သူ ဖြစ်နေတယ်။ ဆိုလိုချင်တာ လူတစ် ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် ဖွဲ့စည်းပုံ၊ ခံနိုင် ရည်ရှိပုံ၊ ကျန်းမာ သန်စွမ်းပုံချင်းတောင် မတူနိုင် ကြပါဘူး။ ကိုယ့်ခံနိုင်ရည်နဲ့ ကျန်းမာရေး အတွက် ဘ၀နေထိုင်မှု ပုံစံတွေလည်းလိုက်တူလို့ မဖြစ်ဘူးလေ။

ဒါဆို ဘာ  မှ မထားရတော့ဘူးလား လို့ ဖူးငုံတို့ မေးချင်ကြလိမ့်မယ်။Plan ဆိုတာ ထားကို ထားရမယ်။ ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ Plan ဖြစ်နေဖို့တော့ လိုတယ်။ ကိုယ်ဖြစ်ချင်နေ တာတွေက သူများတွေအတွက် အသေး အဖွဲလေး ဖြစ်ချင်ဖြစ်နေမယ်။ လူအများ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ တိုက်ပြီး အထင်ကြီးမှုလည်း ရချင်မှ ရမယ်။ ဒါပေမဲ့ ကိုယ်ရွေးချယ် ထားတဲ့အရာကို တော့ ခပ်လျော့လျော့ လုပ်လို့ မဖြစ်ဘူး။ ကိုယ်နဲ့ ကိုက်တဲ့ အလုပ်ကို စိတ်ပါလက်ပါ ရေရှည်လုပ် လာတဲ့အခါကျမှ အဲဒီဘာသာရပ်၊ အဲဒီ အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဉဏ်နဲ့ သိလာတဲ့အချက် လေးတွေ ရှိလာတယ်။ သူများမမြင်၊ မသိတဲ့ ရှုထောင့် ဆက်စပ်မှုလေးတွေ တဖြည်းဖြည်းမြင် လာတော့တယ်။

အဲဒီတော့ Plan ထားပြီးရင် အဲဒီ Plan  နဲ့ ပတ်သက်တဲ့ အရည်အချင်းဆိုတာကို ရှိအောင် အရင်လုပ်ထားရမယ်။ အရည်အချင်းရှိမှ အခွင့် အလမ်းဆိုတာ ပေါ်လာရင် အသာလေးဝင်လိုက် သွားရုံပဲ။ အခွင့်အလမ်းပေါ်လာမှ အရည်အချင်း ရှိအောင် ထလုပ်လို့ မရဘူး။ အခွင့်အလမ်းဆိုတာ တံတားအောက်က ဖြတ်စီးသွားတဲ့မြစ်ရေလိုပဲ နောက်တစ်ကြိမ် ပြန်မလာနိုင်တော့ပါဘူး။ တံတားအောက်မှာ အခွင့်အလမ်းဆိုတဲ့ မြစ်ရေ တွေကတော့ စီးမြဲစီးနေမှာပဲလေ၊ ကိုယ်နဲ့ကိုက်ညီ တဲ့ အခွင့်အလမ်းဖြစ်ဖို့ဆိုတာပဲ မလွယ်တာ။

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး လုပ်ခဲ့တာ တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင် လုပ်ဖို့၊ ဘယ် နှနှစ်ကြာရင် ပြည်သူတွေ ကြည်ညိုလာဖို့ ဆိုတဲ့ ရည်ရွယ်ချက်မှ မရှိခဲ့တာ။ ဒါပေမဲ့ လုပ်သင့်လုပ် ထိုက်တဲ့ အလုပ်တွေ လုပ်နေရင်းကပဲ တိုင်းပြည် ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့သလို၊ ဗိုလ်ချုပ်ကို မသိမမီလိုက်တဲ့ ပြည်သူတွေပါ ကြည်ညိုနေကြတာ ဒီနေ့ဒီချိန်ထိ တိုင်အောင်ပါပဲ။

မြန်မာစကားပုံမှာ “ကျွဲကူး ရေပါ” ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ ချောင်းထဲကို ကျွဲ ဖြတ်ကူးတုန်းက သူ့နောက်ကနေ ရေအလျဉ် လိုက်ပါကောင်းစေဆိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမဲ့ ရေကူးသွားတဲ့ ကျွဲရဲ့နောက်ကို ရေအလျဉ် က သူ့အလိုလိုလိုက်ပါလာတာပဲလေ။ ကိုယ်ချ ထားတဲ့ Plan အတိုင်း အကောင်အထည် ဖော်ပြီး လုပ်ဆောင်ချက်ဆိုတဲ့ ချောင်းကို ဖြတ်ကူးနေဖို့ပဲ လိုပါတယ်။ အခွင့်အလမ်း ဆိုတဲ့ ရေအလျဉ်က အလိုလို ပါလာပါလိမ့်မယ်။

ခင်သန္တာ